Switch Mode

Chapter – 283

မုန်တိုင်းကဖရိုဖရဲဖြစ်စေသလို သိုင်းလောကကမ္ဘာကြီးတစ်ခုကလည်း ကမ္ဘာတစ်ခုမဟုတ်ဘူး

Chapter – 283
“မုန်တိုင်းက ဖရိုဖရဲ မဖြစ်စေသလို သိုင်းလောက ကမ္ဘာကြီးကလည်း ကမ္ဘာတစ်ခု မဟုတ်ဘူး”

တော်​ဝင်​မိသားစုများထံတွင်​အမှုထမ်းကြသည့်​အထဲတွင်​လူသားအဆင့်၊ မြေကြီးအဆင့်နှင့် ကောင်းကင်အဆင့် ပညာရှင်များ ပါဝင်ကြပြီး ကောင်းကင်အဆင့်မှာမူ အနည်းငယ်မျှသာ ဖြစ်သည်။ အိမ်ရှေ့မင်းသား၏ အိမ်တော်မှ ကွမ်ဇန်းဝမ်နှင့် တော်ဝင် သမားတော်ကြီး ဆရာကြီးစွန်းကဲ့သို့ လူများပါဝင်ကြပြီး ထိုလူများသည်​မော်တယ်ကမ္ဘာ၏ ထိပ်သီးများ စာရင်းတွင် ပါဝင်ကြသည့်​သူများ ဖြစ်ကြသည်။ သို့သော် တော်ဝင်မျိုးနွယ်စုကိုမူ ဦးညွှတ်ရသူများ ပင် ဖြစ်သည်​။
လက်ရှိအခြေအနေအရ မင်းသား သုံးပါးသည် သူတို့ တွေးထင်ထားသည့်​အတိုင်း ဖြစ်​မ​နေသည်​ကို တွေ့လိုက်ကြရသည်။
​လေလံပွဲသို့ လာရောက်ကြသည့် လူများမှာ ထိပ်တန်းဂိုဏ်းကြီးများ၊ လျှို့ဝှက်ဂိုဏ်းများ၊ မျိုးနွယ်စုကြီးများနှင့် နယ်ပယ်အသီးသီးမှ လူများ ဖြစ်ကြပြီး အားလုံးမှာလည်း အဆင့်မြင့် ပညာရှင်ကြီးများသာ ဖြစ်ကြသည်။
မော်တယ်ကမ္ဘာတွင်ပင် မရှိသင့်တော့သည့် အဆင့်မျိုးများပင်​ပါဝင်နေပါသေးသည်။ ထိုလူများသည်​သာမန်လူများအား အ​ရေးမစိုက်​ဘဲ ပုရွတ်ဆိတ်လေး များကဲ့သို့သာ သဘောထားကြမည်ဖြစ်​သည်​။
ထိုကဲ့သို့သော ပညာရှင်​များအား ပညာမတတ် အသိဉာဏ်မရှိသည့်​သူများဟု ဆိုနိုင်မည် မဟုတ်ချေ။
ပညာရှင်ကြီးများ မဆိုထားနှင့် ဂိုဏ်းများမှ သာမန်ဂိုဏ်းသားများပင်လျှင် ပညာတတ်၍ ပါးရပ်နပ်ရည်ရှိသော လူများ ဖြစ်ကြသည်​။ အင်အားစုများအားလုံးသည် မျိုးဆက်သစ်များအား ဘက်စုံတော်စေရန်​လေ့ကျင့်ပေးထားကြခြင်းပင်​ဖြစ်သည်။
ဂိုဏ်းကြီးများမှာမူ ပို၍ပင် အ​မျှော်​အမြင်​ရှိကြပါ​သေးသည်​။ အကယ်၍ ထိုဂိုဏ်းများအ​နေဖြင့်​ပညာရပ်​ပိုင်းဆိုင်​ရာတွင်​အ​သေအချာ မဆည်းပူးခဲ့ပါက ကျင့်စဉ်များအား မည်ကဲ့သို့ ဖတ်ရှုနိုင်​ပါမည်နည်း။ ကျင့်ကြံမှု၌ အနည်းငယ်မျှသော အဓိပ္ပါယ်လွဲမှားမှုလေးသည်ပင်လျှင် အသက်ဆုံးရှုံးနိုင်သည်ထိ ဖြစ်စေနိုင်သောကြောင့် မလေ့လာ၍ မရချေ။
ယုံတမ်းပုံပြင်များ၌ ပညာမတတ်သော လူတစ်ယောက်သည် အလွန်ထူးခြားသော သိုင်းကျမ်းအား တွေ့ရှိသွား၍ ထိပ်သီးပညာရှင်ကြီး ဖြစ်သွားသည် ဆိုသည်မှာ လက်တွေ့တွင် မရှိနိုင်ပေ။ လူကြားကောင်းရုံသာ ဇာတ်လမ်းဆင်ထားခြင်း ဖြစ်​သည်​။
ယခုအခါ မင်းသားသုံးပါးသည် သူတို့၏ အထင်နှင့်အမြင်များ တက်​တက်​စင်​အောင်​ပင်​လွဲမှားနေသည်ကို တွေ့လိုက်ရသည်​။ သိုင်းလောကအစစ်အမှန် ကမ္ဘာတွင် သူတို့၏ တော်ဝင်သွေး ဆိုသည်မှာ အရေးမပါသော အရာသာ ဖြစ်သည် ဆိုသည်​ကိုလည်း သဘောပေါက်သွားကြသည်။
ပညာရှင်များသည် တော်ဝင်မျိုးနွယ်မှ လူများကဲ့သို့ သြဇာအာဏာ သက်ရောက်ခြင်း မရှိ​သော်​လည်း မည်သူ့ကိုမဆို သတ်ပစ်နိုင်သည့်​အစွမ်း ရှိကြသည်​။ တော်ဝင်မျိုးနွယ်မှ လူများကိုပင် သတ်ပစ်နိုင်ပါသေးသည်။
လေလံပွဲသို့ တက်ရောက်လာသူများထဲ တွင် တော် ဝင်မျိုးနွယ်ဆိုသည့် ဂုဏ်ပုဒ်မှာ အရေးပါ အရာ​ရောက်​မ​နေ​ချေ။
ထို့​ကြောင့်​မင်းသားများအားလုံးသည်​စိတ်ဓာတ် ကျနေမိကြသည်​။
​လေလံပွဲသို့ မ​ရောက်​ရှိခင်​က ပညာရှင် အချို့အား စည်းရုံးသိမ်းသွင်းနိုင်​မည်ဟု တွေးခဲ့ကြသော်လည်း ယခုအခါတွင်​တော်ဝင်မျိုးနွယ်ဆိုသည်မှာ လူရာပင် အသွင်းမခံရသည်ကို တွေ့လိုက်ကြရသည်​။ ထို့အတွက်​ကြောင့်​လေလံပွဲသို့ လာမိသည်ကိုပင် နောင် တရနေမိကြသည်။
တော်ဝင်မျိုးနွယ်ဆိုသည်မှာ အားလုံးထက် သာလွန်သည်ဟု မင်းသားသုံးပါး၏ စိတ်​ထဲတွင်​ထင်မှတ်​ထားခဲ့ကြသည်​။ သို့​သော်​ယခုအခါတွင်​မူ အိပ်မက် မက်နေခဲ့ကြခြင်းသာ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့ကြသည်​။
မင်းသားအားလုံး စိတ်ဓာတ်ကျနေခြင်းတော့ မဟုတ်ချေ။ ပွဲကြည့်စင် ထောင့်တစ်နေရာရှိ ဆယ်ကျော်သက်အရွယ်​မင်းသား​လေးတစ်​ပါးမှာမူ ကျန်မင်းသားများနှင့် မတူချေ။​လေလံပွဲတွင်​ဖြစ်​ပျက်​နေ​သော အဖြစ်အပျက်များအား စိတ်ဝင်တစား ကြည့်နေလျက် ရှိသည်​။
ထိုမင်းသား​လေးသည်​ဘုရင်ကြီး၏ သားအငယ်ဆုံးပင် ဖြစ်သည်​။ လျစ်လျှူရှု အခံရဆုံး မင်းသား တစ်ပါးဟု ဆိုလျှင်​လည်း မမှားနိုင်​ပေ။
ထီးနန်းအား လုယူနိုင်စွမ်း မရှိသည့် မင်းသားဟုလည်း အများက သတ်မှတ်ထားခြင်း ခံရသူတစ်ဦး ဖြစ်သည်​။
မင်းသား​လေး၏ အမည်မှာ ချန်ဇီ ဖြစ်လေသည်။
ထိုနာမည်သည် ဘုရင်၏ ဆန္ဒအရ မှည့်ခေါ်ထားခြင်းပင် ဖြစ်သည်။ နာမည်​ပေးသည့်​အချိန်​တုန်း က ဘုရင်ကြီးမှ –
“မင်းမှာ​နောင်​တော်​သုံးယောက်ရှိတယ်။ မင်းအနေနဲ့ ရည်မှန်းချက်ကြီးကြီး ထားမယ်ဆိုရင် သိုသိုသိပ်သိပ်နဲ့​ရေထဲမှာ​ကျောက်​ခဲတစ်​တုံး နစ်မြုပ်နေသလို နစ်​မြုပ်​နေမှ ဖြစ်မယ်။ ငါ့သားတွေ ထီးနန်း အတွက်​အချင်းချင်း တိုက်ခိုက်​နေကြမှာကို ငါမမြင်ချင် ဘူး”
(မှတ်ချက် – ချန်ဟူသော အဓိပ္ပါယ်မှာ ရည်မှန်းချက်ဟု အဓိပ္ပါယ်ရပြီး ဇီ ၏ အဓိပ္ပါယ်မှာ နစ်မြုပ်သည်ဟု အဓိပ္ပါယ် ရလေသည်​)
မင်းသားလေးသည် လေလံပွဲအ​ပေါ်တွင်​အလွန် စိတ်ဝင်စားလျက်​ရှိသည်​။ လင်းပါအို ခန်းမမှ သူ့အားအရာမသွင်း​သော်​လည်း စိတ်ထဲတွင်​မည်သို့မျှ မခံစားရချေ။ ထို့ပြင် ချန်ဇီ​သည် ၁၀ နှစ်ကျော်သာ ရှိသေးသည့်​လူငယ်​လေး တစ်​ဦး ဖြစ်​သော​ကြောင့်​ယခုကဲ့သို့ ခမ်းနားကြီး​ကျယ်​သော​လေလံပွဲကြီးသည်​သူ့အတွက် မျက်စိပွင့် နားပွင့်ပင်​ဖြစ်​စေလျက်​ရှိသည်။
. . .
လေလံပွဲ စတင်ချေပြီ။
ကွမ်ဝမ်ရှန်သည် ပထမဆုံး​သော ပစ္စည်းအား ထုတ်ယူလိုက်သည်​။ ထိုပစ္စည်းမှာ​ပြီးခဲ့သည့် လေလံပွဲတွင်​အားလုံး၏ ရင်အား လှုပ်ခတ်​စေခဲ့​သော ထူးခြား အစွမ်းထက်သည့် ဖေးယွမ်ဆေးလုံးပင် ဖြစ်သည်။
​ဆေးလုံးအား ထုတ်​ပြလိုက်​သောအခါ ခန်းမတစ်ခုလုံးလည်း ယခင်ကကဲ့သို့ တိတ်ဆိတ်မနေတော့ဘဲ လှုပ်​လှုပ်​ရှားရှားပင်​ဖြစ်​သွားကြသည်​။
“ငွေစ သန်း ၂၀ . . .”
“သန်း ၃၀ . . .”
တစ်ယောက်တစ်ခွန်း ဈေးပြိုင်ပေးကြရင်း ဈေးနှုန်းသည်လည်း မြင့်သထက် မြင့်လာခဲ့သည်​။ ယခု​ပေး​နေကြသည့်​ဈေးနှုန်းသည်​သာမန်​လေလံပွဲများ အတွက်​မူ အလွန် မြင့်မားသော​ဈေးနှုန်းတစ်​ခုပင်​ဖြစ်နေ​သော်လည်း လင်းပါအို၏ေ​လလံပွဲတွင်မူ ပွဲအစမှာပင် အလွယ်တကူ ပေးနေကြခြင်း ဖြစ်သည်​။ ထို့ပြင်​ကွမ်ဝမ်ရှန်၏ အာဝဇ္ဇန်း ရွှင်ရွှင် ပြောဆိုမှုများကြောင့် ပရိတ်သတ်များ၏​စိတ်ဝင်စားမှုသည်​လည်း ပို၍ပင်​မြင့်​တက်​လာခဲ့သည်​။
ပထမဆုံး ထုတ်​ပြသည့်​ပစ္စည်းဖြစ်သည့်တိုင် လေလံပွဲသည် လွန်စွာ သက်ဝင် စည်ကားနေပြီ ဖြစ်​သည်​။ သာမန်လေလံပွဲ၏ တန်ဖိုးအကြီးဆုံး ပစ္စည်းပင် ယခုဆေးလုံးလေးလောက် တန်ကြေးရှိမည် မဟုတ်ပေ။
ဝမ်ဇန်းဟိုသည်လည်း စိတ်လှုပ်ရှားလျက် ရှိနေ သည်​။
ထိုကဲ့သို့ ပထမဆုံး ဆေးလုံးအား လေလံဆွဲလျက် ရှိနေသည့် အချိန်မှာပင် ကံအားလျော်စွာဖြင့်​ရဲရှောင် ရောက်လာခဲ့သည်။
ယနေ့တွင်​ဖန်ဧကရာဇ်သည် စွတ်​စွတ်​ဖြူ​နေ​သော ဝတ်ရုံဖြူအား ဝတ်ဆင်ထားပြီး ပြုံးလျက်ပင်​လှေကားပေါ်သို့ တက်လာခဲ့သည်​။
ထို့​နောက်​သူ၏ မျက်လုံးများသည်​ရုတ်​တရက်​အရောင်ဝင်းလက်သွားသည်။
ဝမ်ရမ်ချူးချူးနှင့် ပိုင်ရှင်းယွဲ့တို့အား တွေ့လိုက် ရ၍ပင် ဖြစ်သည်​။
သူမတို့ နှစ်ဦး​သည်လည်း အဖြူရောင် ဝတ်ရုံများကိုသာ ဝတ်ဆင်ထားကြပြီး​လှေကား​ပေါ်မှ တက် လာသော ဖန်ဇီလင်အား နားလည်ရခက်သော အကြည့်များဖြင့် ကြည့်နေကြသည်​။
ဝမ်ရမ်ချူးချူးသည် ဖန်ဇီလင်အား မကြည့်မိ​စေရန်​စိတ်ထိန်းထားသည့်​တိုင်​မကြည့်ဘဲ မနေနိုင်တော့​ချေ။ ပိုင်ရှင်းယွဲ့မှာမူ ဖန်​ဇီလင်​အား​တွေ့သည်​နှင့်​ချက်ချင်းပင် မျက်နှာလွှဲလိုက်သည်​။
သူမ၏ အကြည့်​များအား ကွမ်ဝမ်ရှန်နှင့် ဆေးလုံးထံသို့သာ အာရုံစိုက်​ထားလိုက်​သည်​။
လေလံပွဲသည် အကြိတ်အနယ် ရှိနေပြီ ဖြစ်သဖြင့် ဖန်ဇီလင် ရောက်ရှိလာခြင်းအား သတိထားမိသည့်သူ မရှိသလောက်ပင်။
ထူးခြားအစွမ်းထက် ဆေးလုံးများသည်​လူအားလုံး၏ စိတ်အာရုံအား ဖမ်းစားထားကြသည်​။
ရဲရှောင်သည် နံပါတ် ၁ အခန်းရှိရာသို့ တန်းတန်းမတ်မတ်ပင် လျှောက်သွားသည်။ ထိုအခါ အပေါက်ဝတွင် ရှိနေသည့် ဝတ်ရုံနက်ဝတ်ဖြင့်​လူ ၂ ယောက် သည်​ချက်ချင်းပင် –
“ရပ်စမ်း . . .”
အော်သံသည် သိပ်ပြီး မကျယ်လောင်သည့်တိုင် လူအချို့သည် နံပါတ် ၁ အခန်းရှိရာသို့ လှမ်းကြည့်လိုက်ကြသည်​။
ရဲရှောင်လည်း ပြုံးလျက်ပင်​-
“ကျုပ်က လင်းပါအိုရဲ့ ဧကရာဇ်ပါ။ ကျုပ်နာမည်က ဖန် . . . အခု ခင်ဗျားတို့ရဲ့ ဆရာနဲ့ စကားပြောစရာ ကိစ္စလေး ရှိနေလို့ . . .”
စက္ကန့်အနည်းငယ်မျှ အကြာတွင် အခန်း အတွင်းမှ အသံတစ်သံ ထွက်လာလေသည်။
“ဘာကိစ္စလဲ . . .”
ရဲရှောင် တခဏမျှ စဉ်းစားလိုက်ပြီးနောက် –
“မုန်တိုင်းက ဖရိုဖရဲ မဖြစ်စေသလို သိုင်းလောက ကမ္ဘာကြီးကလည်း ကမ္ဘာတစ်ခု မဟုတ်ဘူး . . .”
သခင်ကြီးဘိုင်သည် ထိုစကားအား ကြားလိုက်​ရသောအခါ မျက်ခုံးများ မြင့်တက်သွားသည်။ ထို့​နောက်​အံ့သြသည့်​ဟန်ဖြင့် တံခါးဝထံသို့ ကြည့်လိုက်​ကာ –
“ဘယ်သူများလဲ . . .”
ဝမ်အာသည် ဆရာဖြစ်​သူ၏ ဆန္ဒအား သိလိုက်သဖြင့်​လေသံ ခပ်​တိုးတိုးဖြင့်​-
“ဝင်လာခဲ့ပါ ဖန်ဧကရာဇ် . . .”
. . .
အများ၏ အမြင်တွင် ဖန်ဧကရာဇ်မှ အခန်းထဲသို့ မဝင်ခင် စကားအနည်းငယ် ပြောသည်ကို တွေ့လိုက်ကြရပြီး မည်သည့်စကား ပြောလိုက်သည်ကိုမူ မသိကြချေ။
(ဖန်ဧကရာဇ်ဆိုတာ ဘယ်လိုလူများလဲ . . . ဘာလို့ ဒီလောက်ထိ အရေးပေး ဆက်ဆံခံရတာပါ လိမ့်။ ဖန်ဧကရာဇ်မှာ လျှို့ဝှက်ချက်တွေများ ရှိနေမလား . . .)
​လေလံခန်းမရှိ လူများအားလုံး၏ စိတ်​ထဲတွင်​တအံ့တဩပင်​တွေး​နေမိကြသည်​။
နေရောင်ဂိုဏ်းနှင့် ကြယ်ရောင်ဂိုဏ်းမှ လူများသည်​လည်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အလွန်တရာ အံ့သြတုန်လှုပ်သွားကြပါတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset