Switch Mode

Chapter – 65

ချူယန်အား စုံစမ်းခြင်း

Chapter – 65 ချူယန်အား စုံစမ်းခြင်း

ကမ္ဘာပေါ်တွင် ကျွမ်းကျင်သည့် တရားဝင်အပေါင်ဆိုင်များ များစွာ ရှိ၏။ သူသည် ငါးမျှားနေသည့်လူတစ်ဦးသာ ဖြစ်သည်။ ဤဆိုင်အား သူ့ရည်ရွယ်ချက်နှင့် သူ ဖွင့်ထားခြင်းဖြစ်၏။ အာရုံဆွဲဆောင်ကာ အဆင့်အတန်း မြင့်မားအောင် ပြုလုပ်ရန်ဖြစ်သည်။ ရည်ရွယ်ချက်အောင်မြင်သည်နှင့် ပိတ်ပစ်ပေမည်။

စဖွင့်သည့်အချိန်မှ စ၍ မည်သည့် စီးပွါးရေးမှ မလုပ်ရသေးပေ။ သို့သော် လူတစ်ယောက်သည် ညအချိန်မတော်တွင် ပစ္စည်းပေါင်ရန် ရောက်လာခဲ့၏..

ဤကိစ္စသည် ထူးဆန်း၏။ အလွန်ကို ပုံမှန်မဟုတ်ပေ။ ကိစ္စတစ်စုံတစ်ရာ ရှိနေသည်လော။

ထိုညသန်းခေါင်ယံအချိန်၊ မင်းသားစံအိမ်တွင် ဖြစ်သည်။

သန်မာထွားကြိုင်းသည့် ဝူခွမ်းယွမ်သည် တစ်ကိုယ်လုံး ညစ်ပတ်ပေကျံနေသည့် ပုံစံဖြင့် ထွက်လာ၏။

မင်းသားထျန်းပူထျန်းထံ ရောက်လာပြီးနောက် သူ့အနေနှင့် စကားတစ်ခွန်းမှ မပြောလိုက်ရပေ၊ မင်းသားမှ ကြိုပိတ်၍ ပြောခဲ့၏။

“ ဘာမှ ရှင်းပြစရာမလိုဘူး၊ မင်းဖြစ်မယ်ဆိုတာ ငါ သိတယ်..”

ထို့နောက်တွင် မည်သည့်စကားမှ ဆက်မပြောခဲ့ပေ။ နေ့တစ်ဝက် တစ်နေ့လည်ခင်းလုံး ဖြစ်သည်။ ထျယ်ယွမ်တိုင်းပြည်တွင် ကြီးမားသည့် စွမ်းဆောင်ရည်ရှိသည့် ဤဗိုလ်ချုပ်သည် စစ်တပ်နှစ်ခုရှေ့တွင် ပြိုင်ဘက်ကင်း၏။ သူ၏ လက်အောက်ငယ်သားများ၏ စိတ်ထဲတွင် မည်သူမှ အနိုင်မယူနိုင်သည့်လူ ဖြစ်သည်။ သို့သော် ဤလူသည် ယခုတွင် တစ်နေ့ခင်းလုံး ချွေးစေးများ သုတ်နေရလေသည်။

ထျယ်ပူထျန်းသည် အစီရင်ခံ စာများ ဖတ်ကာ ကိစ္စများကိုသာ ကိုင်တွယ်နေခဲ့သည်။ လူများသည်လည်း အဖွဲ့လိုက် ခပ်သုတ်သုတ် ဝင်လိုက်ထွက်လိုက် ပြုလုပ်နေကြ၏။ ခန်းမအလယ်တွင် ဝူခွမ်းယွမ် တစ်ဦးတည်းသာ သစ်သားရုပ်တုကဲ့သို့ လှုပ်ရှားမှု ကင်းမဲ့၍ ငြိမ်သက်စွာ ရပ်နေခဲ့သည်။
ဤအခြေအနေမှာ အမှန်ပင် ရှက်စရာကောင်းလှ၏။ သူ့အား ကြည့်လာသည့် စပ်စုသည့်အကြည့်၊ အံ့အားသင့်သည့် အကြည့်၊ လှောင်ရယ်သည့်အကြည့်များကြောင့် ဝူခွမ်းယွမ် တွင်းတစ်တွင်းရှာ၍ပင် ဝင်ပုန်းလိုက်ချင်သွားသည်။ အထူးသဖြင့် သူ့အား သိကာ သူနှင့် အလွန်ရင်းနှီးသည့်လူများမှာ သူ့အား မျောက်တစ်ကောင်ကဲ့သို့ ကြည့်ခဲ့ကြလေသည်။

ဝူခွမ်းယွမ်သည် ထျယ်ပူထျန်းအား တောင်းပန်သည့်အကြည့်ဖြင့် အကြိမ် မရေမတွက်နိုင်အောင် ကြည့်ခဲ့၏။

“ဘိုးဘေးလေးရေ၊ ကျွန်တော့် ခေါင်းဖြတ်မယ်ဆိုလည်း ဒီနေရာမှာပဲ ရပ်ခိုင်းမနေနဲ့လေ..”

သို့သော် ထျယ်ပူထျန်းသည် သူ့အား တစ်ချက်ပင်ကြည့်မလာခဲ့ပေ။ အကြည့်ချင်းလည်း မဆုံကာ စကားလည်း မပြောခဲ့ချေ။

ထျယ်ပူထျန်းဘက်မှ မတုန့်ပြန်လာသည့်အတွက်ကြောင့် သူသည်လည်း အလိုလို ပါးစပ်ပိတ်လိုက်ရတော့သည်။ ဤအိမ်ရှေ့မင်းသားငယ်၏ အင်အားသည် ဒုတိယသာ ရှိ၏။ အဓိကအချက်မှာ ဤနှစ်များအတွင်း၌ သူ စုစည်းခဲ့သည့် အောင်မြင်မှု ဂုဏ်သတင်းများသည် ဝူခွမ်းယွမ်အနေနှင့် သူ့အားအလွန် လေးစားရသည့်အချက် ဖြစ်သည်။ ထိုလေးစားမှုကြောင့်သာလည်း ကြောက်ရွံ့နေခြင်းဖြစ်၏။

အခြားတစ်ဦးသာဆိုလျှင် စိတ်ဆတ်ခြင်းကြောင့် နာမည်ကျော်ကြားသည့် ဤဗိုလ်ချုပ်သည် စားပွဲအား ရိုက်ချကာ ဆဲဆိုနေလောက်ပေပြီ။ သို့သော် ထျယ်ပူထျန်းရှေ့တွင်မူ အသက် ကျယ်ကျယ်ရှူဖို့ကိုပင် နှစ်ကြိမ် စဉ်းစားနေရ၏။

နောက်ဆုံးတွင် ထျယ်ပူထျန်း စကားပြောလာကာ သူ့အား အကျပ်အတည်းအတွင်းမှ ကယ်တင်ပေးခဲ့သည်။ စားပွဲထက်ရှိ အစီရင်ခံစာများ ကြည့်ကာ ခေါင်းမမော့ဘဲ ပြောလာ၏။

“ စစ်ရေးရုံးတော်ကိုသွားပြီး ရိုက်ချက်တစ်ရာ သွား ခံယူ.. လစာ တစ်နှစ် လျှော့ခံရပြီး ဒီကိစ္စထဲမှာ ပါတဲ့ တခြားလူတွေလည်း ဒီလို အပြစ်ဒဏ်ခံရမယ်.. မင်း ပြဿနာမရှာဘူးလို့ ယုံလိုက်မယ်။ သွားလို့ ရပြီ..”

ထျယ်ပူထျန်း ဒေါသမထွက်ပေ။ အသံမှာ အလွန်တည်ငြိမ်နေ၏။ သို့်သော် ဤတည်ငြိမ်နေသည့်အသံသည်ပင် ဝူခွမ်းယွမ်၏ စိတ်နှလုံးအား ပို၍ တုန်လှုပ်စေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ထျယ်ပူထျန်း အမှန်တကယ် ဒေါသထွက်နေသည့်သဘောပင်။ ယခုတွင် ထျယ်ယွမ်တိုင်းပြည်၏ အကျပ်အတည်းကြောင့်သာ မဟုတ်လျှင် သူ၏ ဦးခေါင်းမှာ အလံထိပ်၌ ရှိနေလောက်ပေပြီ။

ဟေး၊ အကျပ်အတည်းကြောင့် မဟုတ်ရင် ငါလည်း ဒီလိုမျိုးဦးနှောက်မရှိတဲ့ လုပ်ရပ်မျိုး မလုပ်ပါဘူးနော်။

ထျယ်ပူထျန်း အပြစ်ပေးလာသည့် ပြစ်ဒဏ်များအားကြားသော် ဝူခွမ်းယွမ်သည် သူ ခွင့်လွှတ်ခံရသည်ဟု ခံစားလိုက်ရ၏။ ထပ်ကာတလဲလဲ ကျေးဇူးတင်စကားဆိုကာ တဖက်လှည့်၍ ခွေးလိုက်ကိုက်ခံရသည့် ယုန်တစ်ကောင်ကဲ့သို့ မင်းသား၏ စံအိမ်အတွင်းမှ ပြေးထွက်သွားတော့သည်။

ဘုတ်.. အပြင်ရောက်သည်နှင့် သက်ပြင်းရှည်ချကာ မြေပြင်ထက် ထိုင်ချလိုက်၏။

“အမေရေ နောက်ဆုံးတော့ ထွက်လာနိုင်ပြီ.. ဒီခံစားချက်ကြီးက ရိုက်နှက်ခံရတာထက်တောင် ဆိုးတယ်..”

ပြဿနာ ရှာဖို့ရန်အတွက်မူ ဝူခွမ်းယွမ် တစ်ကြိမ်မျှ မတွေးဖူးပေ။ စစ်တပ်ရိုက်ချက် အချက်တစ်ရာသည် များသော်လည်း နောက်တစ်ကြိမ် ထပ်ဖြစ်လျှင် ဤရိုက်ချက်တစ်ရာနှင့် ပြီးတော့မည် မဟုတ်ချေ။

အရှေ့တွင်လည်း သာဓကများစွာရှိခဲ့၏။ ဝူခွမ်းယွမ်သည် မင်းသားအား နာခံချင်ယောင်ဆောင်၍ လှည့်ဖျားခြင်းမျိုး ဘယ်သောအခါမှ ပြုလုပ်ရဲမည်မဟုတ်ပေ။

“မင်းသားကို တင်ပြပါတယ်၊ ကျွန်တော် အဲလူကိုရှာတွေ့ပါပြီ..”

“ဟိုး၊ သူ ဘယ်မှာလဲ..” ထျယ်ပူထျန်းသည် ဝံပုလွေအမွေးစုတ်တံကိုင်ကာ အစီရင်ခံစာများကို တစ်ခုပြီးတစ်ခု ပြန်လည်ဖြေကြားပေးနေခဲ့၏။

မြန်သော်လည်း တစ်ခုချင်းစီအား ရှင်းရှင်းလင်းလင်း မြင်ရကာ စိတ်ထဲတွင်လည်း သေချာ စဉ်းစားပြီးမှ ပြန်ဖြေခြင်း ဖြစ်သည်။ ဖြေကြားချက်တစ်ခုချင်းစီသည် ထက်ရှကာ တိုတိုနှင့် လိုရင်းရောက်၏။ ဤ အမြင်စူးရှမှုမျိုးမှာ အံ့အားသင့်ဖွယ်ကောင်းပေသည်။

“ဒီနေ့မနက် ထျယ်ယွမ်မြို့တော်ရဲ့ လမ်းမပေါ်မှာ လူတစ်ယောက် အကြောက်လွန်ပြီး စိတ်လွတ်သွားတယ်ဆိုတဲ့ သတင်းတစ်ခု ထွက်လာပါတယ်.. သတင်းကြားလို့ သွားကြည့်တော့ မင်းသားရှာနေတဲ့လူက ဆိုင်တစ်ခုရဲ့ဆိုင်ရှင် ဖြစ်နေတာကို မထင်မှတ်ဘဲ တွေ့သွားတာပါ..” ထိုလူသည် အနည်းငယ်ထူးဆန်းနေ၏။ ရယ်ချင်နေဟန် ရှိပေသည်။

“ဆိုင်နဲ့ ဆိုင်ရှင် ဟုတ်လား..” ထျယ်ပူထျန်း ခေါင်းခါရမ်းမိသွားသည်။ အရှေ့ရှိ အစီရင်ခံစာထက်၌ စုတ်တံရာ ပေသွား၏။

အမှန်ပင် မထင်မှတ်ထားသည့် အရာဖြစ်သည်။ ဝံပုလွေတစ်ကောင်နှင့်တူသည့် လူသည် ဘယ်လိုလုပ် ထျယ်ယွမ်မြို့၌ ဆိုင်ပိုင်ရှင်တစ်ယောက် ဖြစ်နေရသနည်း။

“ဒါပေမဲ့ သူ ဖွင့်တာက.. ကောင်းကင်လက်နက်ပစ္စည်း အရောင်းဆိုင်ပါ..” အနက်ရောင်ဝတ်စုံနှင့်အစောင့်သည် ထျန်းပင်းစံအိမ်အကြောင်း ထုတ်ဖော်ပြောလာ၏။

“ကြည့်ရတာ အဆင့်မြင့်လက်နက်တွေ ရောင်းတဲ့ပုံပဲ.. ဒါပေမဲ့ ရောင်းချတဲ့ ပုံစံကတော့ အရင်က တစ်ခေါက်မှ မမြင်ဖူးတဲ့ အထက်စီးကနေ ရောင်းတဲ့ပုံစံမျိုးပါ..”

“မှော်လက်နက်တွေ၊ အထက်စီးဆန်တယ်..” ထျယ်ပူထျန်း လက်ထဲကိုင်ထားသည့် စုတ်တံအား ညင်သာစွာချကာ မသိမသာ မျက်မှောင်ကြုတ်မိသွား၏။

အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် “မနက်ဖြန် ငါ တစ်ချက် သွားကြည့်ကြည့်မယ်..”

“ပြီးတော့ ကောလဟာလတွေအရ စိတ်လွတ်သွားတဲ့လူက မှော်လက်နက်တစ်ခုနဲ့ ထိတိုက်သွားပြီး ကောင်းကင်က အပြစ်ပေးတာကို ခံရတာလို့ ပြောကြပါတယ်.. ဒါပေမဲ့ ကျွန်တော် စုံစမ်းရသလောက်ဆိုရင် အဲလူက ချူယန်ရဲ့အော်ရာကြောင့် ကြောက်သွားတာ ဖြစ်နိုင်ပါတယ်၊ အဲဒါကြောင့် ဝိညာဉ်လွင့်သွားပြီး စိတ်လွတ်သွားတာပဲ..”

“ဟိုးး..” ထျယ်ပူထျန်း မျက်လုံးများအရောင်လက်သွားသည်။

“ အော်ရာကြောင့် လူကို စိတ်လွတ်သွားအောင် လုပ်နိုင်ဖို့.. ဘယ်လိုကျင့်စဉ်မျိုး လိုအပ်လဲ..”

“ဒါက.. ပြောဖို့ ခက်ပါတယ်..” အနက်ရောင်ဝတ်စုံနှင့်လူမှ မဝံ့မရဲ ပြန်ဖြေလာခဲ့သည်။

“ယေဘုယျအားဖြင့်ပြောမယ်ဆိုရင် သိုင်းကြီးမြတ်သူအဆင့်အောက်ဆိုရင် သာမန်လူတွေတောင် သတိလွတ်ရတဲ့အထိ ကြောက်ကြမှာ မဟုတ်ပါဘူး.. ဘာလို့လဲဆိုတော့ အဲအဆင့်အထိ အော်ရာက သိပ်မပြင်းသေးလို့ပါ.. ပြီးတော့ သိုင်းသမားတစ်ယောက်ရဲ့အော်ရာကို အဆင့်တူတဲ့ အင်အားကြီးလူကပဲ ဖမ်းဆုပ်နိုင်တာပါ.. ဒါပေမဲ့ နေရာတိုင်းမှာ မတော်တဆဆိုတာ ရှိတတ်ပါတယ်..”

“ဘယ်လို မတော်တဆမျိုးလဲ..”

“လက်သွေးစွန်းပြီး လူပေါင်း မရေမတွက်နိုင်အောင် သတ်ခဲ့တဲ့ လူ၊ ဒါမှမဟုတ် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး လူတွေ မရေမတွက်နိုင်အောင် သတ်ခဲ့တဲ့ ဗိုလ်ချုပ်တစ်ယောက်.. အဲလိုလူမျိုးတွေဆီကနေ ထွက်လာတဲ့ ကြမ်းတမ်းတဲ့ အော်ရာက အံ့ဩစရာ မရှိဘဲ လူကို နေရာမှာတင် အသက်ထွက်သွားတဲ့အထိ ကြောက်လန့်အောင် လုပ်နိုင်ပါတယ်.. ဒါပေမဲ့ ကျွန်တော် မြင်သလောက်ဆိုရင် အဲ ချူယန်က တော်တော်ငယ်သေးတယ်.. အဲဒါကြောင့် ဒီစကားက သူ့အတွက် နည်းနည်း ရယ်ချင်စရာကောင်းနေသလိုပဲ..”

ဝတ်စုံနှင့်လူ စိတ်ပင်ပန်းစွာ မျက်မှောင်ကြုတ်လိုက်သည်။ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အပေါ် ဤစကားမျိုး သုံးရခြင်းက အလွန် မယုံကြည်နိုင်စရာကောင်းသည်ကို သူလည်း သိ၏။ ဤအသက်အရွယ်တွင် ဘယ်လိုလုပ် လူပေါင်း မရေမတွက်နိုင်အောင် သတ်နိုင်ပါမည်နည်း။

“ဟိုးး…” ထျယ်ပူထျန်း ထိုတစ်ခွန်းသာ ပြန်တုန့်ပြန်ခဲ့သည်။

“ကျွန်တော်တို့ ဝင်သွားစစ်ဆေးချင်ပေမဲ့ စစ်တပ်က လူတွေတားတာ ခံလိုက်ရတယ်.. သူတို့က ထျန်းပင်းစံအိမ်ကို အစောင့်တွေ တင်းတင်းကြပ်ကြပ်ချထားပြီး ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးပါဘူး..”

“စစ်တပ်က လူတွေ ဟုတ်လား..” ထျယ်ပူထျန်း ရုတ်တရက် ရယ်မိသွားသည်။

“နဂါးမြို့မှာ ရှိတဲ့ ဦးရီးတော်ရဲ့လူတွေလား..”

“ဟုတ်ပါတယ်..”

“ဦးရီးတော်က လှုပ်ရှားတော့မှာလား..” ထျယ်ပူထျန်း ပေါ့ပါးစွာ ပြုံးလိုက်သည်။

“ထျန်းပင်းစံအိမ်က ဒီနှစ်တွေမှာ ငါတောင် တွေ့ဖို့မလွယ်တဲ့ သီးခြားနေနေတဲ့ နဂါးမြို့က ဦးရီးတော်ကိုတောင် ထွက်လာအောင် လုပ်နိုင်လိမ့်မယ်လို့ မထင်ထားမိဘူး.. ဒီချူယန်က တကယ်ပဲ ငါ့ရဲ့ ကံကောင်းခြင်း ကြယ်ပွင့်ပဲ..”

“ပြီးတော့ ကျောက် အင်ပါယာမှာ ထည့်ထားတဲ့ ကျွန်တော်တို့လူ ဆယ်ယောက်ထဲက သုံးယောက်နဲ့ ရုတ်တရက် အဆက်အသွယ်ပြတ်သွားပါတယ်.. တိဝူချင်းရုန်ဘက်က စပြီး လှုပ်ရှားတော့မှာကို စိုးရိမ်ရပါတယ်..”

ထျယ်ပူထျန်း မျက်မှောင်ကြုတ်မိသွားသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် ဖြည်းညှင်းစွာပြောလာခဲ့၏။

“တိဝူချင်းရုန် မဖြစ်နိုင်ဘူး.. သူက စိတ်မရှည်တဲ့ လူ မဟုတ်ဘူး..”

ငြင်းဆန်၍ မရနိုင်သည့် သုံးသပ်ချက်တစ်ခု ချမှတ်ထားသကဲ့သို့ မည်သည့်အတွက်ကြောင့် တိဝူချင်းရုန် မဖြစ်နိုင်သည်ကို မရှင်းပြခဲ့ပေ။

“ဘာသတင်းရှိသေးလဲ..”

“ကျောက်အင်ပါယာရဲ့ အရှေ့တောင်ဘက်မှာ စစ်သည်တွေ စပြီး စုစည်းနေပါပြီ။ တပ်သုံးခုက မိစ္ဆာ ငိုကြွေးခြင်းတောင်ကြားဆီကို စပြီး ချီတက်လာနေပါပြီ.. ဒါပေမဲ့ အခြေအနေအရ သုံးသပ်ကြည့်မယ်ဆိုရင် သူတို့က ဝူကျီတိုင်းပြည်ကို ပစ်မှတ်ထားနေတာဖြစ်ပြီး ကျွန်တော်တို့ ထျယ်ယွမ်နဲ့ ဘာမှ မဆိုင်ပါဘူး..”

ထျယ်ယွမ်သည် ကျောက် အင်ပါယာ၏ မြောက်ဘက်၌ တည်ရှိနေခြင်း ဖြစ်သည်။ ကျောက် အင်ပါယာကမူ အရှေ့တောင်ဘက်၌ စစ်သည် စုစည်းနေခြင်းဖြစ်ကာ မိုင်ပေါင်းထောင်နှင့်ချီ ကွာဝေးပေသည်။

သို့သော် ထိုလူ ဤကဲ့သို့ ပြောလာသည့်အချိန်တွင် ထျယ်ပူထျန်း၏ မျက်နှာအမူအရာ ရုတ်ချည်းလေးလံလာခဲ့သည်။

“အရှေ့တောင် ဟုတ်လား..” တီးတိုးရေရွတ်လိုက်၏။ မျက်လုံးအကြည့်များ ရုတ်ချည်း စူးရှသွားကာ ထိုစကားအား နောက်တဖန် ရေရွတ်လာခဲ့သည်။

“ အရှေ့တောင်ဘက်နဲ့ တပ် သုံးတပ်..”

အပိုင်း ၆၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset