Chapter – 64 ထူးဆန်းသော လူငယ်
ထိုနေ့ညတွင် ချူယန် အနည်းငယ် နားမလည်နိုင်ဖြစ်နေဆဲပင်။ ဆိုင်ဖွင့်သည့် ပထမဆုံးနေ့တွင် ခမ်းနားသော ထျန်းပင်းစံအိမ်သည် လူ အတော်များများ ဆွဲဆောင်နိုင်ခဲ့ကာ ထိုထဲတွင် စစ်သည်များလည်း ပါဝင်၏။ မြို့တွင်းရှိ မိသားစုကြီးများမှ ဖြစ်ဟန်ရှိသည့် သားသားနားနား ဝတ်ဆင်ထားကာ အထက်တန်းဆန်သည့် လူ အတော်များများလည်းပါဝင်သည်။
ဤလူများသည် မည်သည့်အတွက်ကြောင့် သူတို့သိချင်စိတ်ကို ထိန်းချုပ်ကာ အထဲသို့ ဝင်လာမကြည့်ကြသနည်း။
လက်ထဲ၌ မှော်လက်နက်တစ်ခုရှိလျှင် တိုက်ခိုက်နိုင်စွမ်းအား တဆင့်မြင့်တင်ပေးနိုင်၏။ မြစ်ချောင်းအင်းအိုင်များအတွင်း လမ်းလျှောက်ရာ၌ဖြစ်စေ၊ တိုက်ပွဲများ၌ တိုက်ခိုက်ရာ၌ဖြစ်စေ အသက်ကယ်တင်နိုင်ပေသည်။
အရည်အသွေးအလွန်မြင့်မားသည့် မှော်လက်နက်တစ်ခုဆိုလျှင် အသက်ကယ်မျှင်တစ်ခုနှင့် ညီမျှ၏။
ဤဆွဲဆောင်မှုက မလုံလောက်သေးသည်လော။
မိသားစုအတွက်ဖြစ်စေ၊ စစ်တပ်အတွက်ဖြစ်စေ ဤဆွဲဆောင်မှုမှာ လုံလောက်သည်မဟုတ်ပါလော။
ချူယန်အနေနှင့် ဤအချက်အား နားမလည်နေခြင်းဖြစ်သည်။
ဘာတွေ ဖြစ်ကုန်သနည်း။ သူ သိသလောက်ဆိုလျှင် ထျယ်ယွမ်တိုင်းပြည်၏ အခြေအနေအရ မည်မျှပင် ရိုးရှင်းပါစေ သတင်းကြားသည်နှင့် လူအစုလိုက်အပြုံလောက် ရောက်လာသင့်ပေသည်။ သို့သော် အလွန် ထူးဆန်း၏၊ မည်သည့်အတွက်ကြောင့် တစ်ယောက်မှ မရောက်လာခဲ့သနည်း။ သူပဲအမှတ်မှားနေသည်လော။
ဒုတိယမြောက်နေ့တွင် ကြည့်သည့်လူများ ရောက်လာနေဆဲပင်။ သို့သော် ပထမနေ့ထက် ပို၍ပင် အားလျော့စရာကောင်းကာ အထဲ ဝင်လာသည့်လူ တစ်ယောက်ပင် မရှိခဲ့ချေ။ ပထမနေ့တွင် အနည်းဆုံးမူ လူဆိုးတစ်ယောက် ပြဿနာရှာခဲ့သေးပေသည်။
တတိယမြောက်နေ့တွင် လာကြည့်သည့်လူများပင် နည်းလာ၏။ ချူယန်သည်လည်း စိတ်ဓာတ်ကျလာတော့သည်။ ဝယ် မဝယ်မှာ တစ်ကဏ္ဍဖြစ်၏။
သို့သော် အနည်းဆုံးမူ အထဲဝင်ကြည့်သည့်လူ နည်းနည်းပါးပါးတော့ ရှိသင့်သည် မဟုတ်ပါလော။ မြို့တစ်ခုလုံးတွင် လူပေါင်းသန်းနှင့်ချီရှိကာ မည်သူမှ သိချင်စိတ်မရှိကြသည်လော။ ကမ္ဘာပေါ်တွင် ဘာတွေဖြစ်ကုန်သနည်း။
တတိယမြောက်ညတွင် နောက်ဆုံး၌ လှုပ်ရှားမှုတစ်ခု ရှိလာ၏။
ချူယန်သည် တုရှိချင်ပေးခဲ့သည့် ‘မသေမျိုးဆေးပညာရပ်များ’ စာအုပ်အား ဖတ်နေခြင်း ဖြစ်သည်။ ပထမဆုံး စာမျက်နှာ လှန်လိုက်သည့်အချိန်တွင် နိဒါန်းအမှာစကားတစ်ခု တွေ့လိုက်ရ၏။
: ကမ္ဘာပေါ်တွင် မည်သူသည် ထာဝရအသက်ရှင်သန်နိုင်ပါသနည်း။ မည်သူမှ မရှင်သန်နိုင်ပါ။ ထို့ကြောင့် သမားတော်များသည် မသေမျိုး ရောဂါများကိုသာ ကုသပေးနိုင်၏။ သို့သော် မသေမျိုးရောဂါဆိုသည်မှာ အဘယ်နည်း။ ပြင်ပအားများ သို့မဟုတ် ခန္ဓာကိုယ် ပြင်ပရှိ အရာများကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာများ၊ ရောဂါများအားလုံးကို မသေမျိုးရောဂါများကို ကျွန်ုပ် တိတ်တဆိတ် သတ်မှတ်ထား၏။
သေမျိုးရောဂါမှာ ကံတရားဖြစ်သည်။
ဤစာပိုဒ် ဖတ်လိုက်ရသည့်အချိန်တွင် ချူယန် လန်းဆန်းသွား၏။ အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းပေသည်။
: အသက်ကြီးကာ မီးစာမကုန်သ၍ မည်သည့်ဒဏ်ရာ၊ မည်သည့်ရောဂါကိုမဆို ကုသ၍ ရ၏။ ဟုတ်ပါသည်၊ ဤသည်မှာ အယူအဆသက်သက်သာ ဖြစ်၏။ သို့သော် ထိုကဲ့သို့ဆိုလျှင်ပင် လေသံမှာ အလွန်ခိုင်မာနေလေသည်။
ဒေါက် ဒေါက်..
တံခါးခေါက်သံ ထွက်ပေါ်လာ၏။
ချူယန်သည် အလွန် စိတ်ပါဝင်စားစွာ ဖတ်နေခြင်းဖြစ်သည်။ အသံကြားသည့်အချိန်တွင် စိတ်မရှည်စွာမေးလိုက်၏။
“ဘယ်သူလဲ..”
“ဒီနေရာမှာ မှော်လက်နက်တွေ ရောင်းတယ်လို့ ကြားလို့ လာတာပါ..” အပြင်ဘက်မှနေ၍ ပင်ပန်းနွမ်းလျသည့်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ချူယန် စိတ်လှုပ်ရှားလာ၏။ အသံမှာ နွမ်းလျနေသော်လည်း မည်သူ့ကိုမှ မျက်လုံးထဲ မထည့်သကဲ့သို့ မာနကြီးသည့် အသံပေါက်သည်။ အမြင့်ပိုင်းနေရာ၌ အချိန်အတော်ကြာ နေခဲ့သည့်လူများသာ ဤလေသံမျိုး ရှိပေမည်။
ထိုမျှသာမက အသံသည် အလွန် လူငယ်ဆန်လှသည်။ ချူယန် စာအုပ်သိမ်းကာ တံခါးထဖွင့်ပေးလိုက်၏။ ချိတ်ပိုးထည်နှင့် လူငယ်တစ်ဦး သူ့ရှေ့ရပ်နေသည်ကို တွေ့လိုက်ရသည်။ မျက်နှာသည် တည်ငြိမ်ကာ နွမ်းလျနေ၏။ သို့သော် မျက်ခုံးနှစ်ခုကြားတွင် ဝမ်းနည်းရိပ် အငွေ့အသက်အချို့ရှိနေသည်။ ချူယန် တံခါးဖွင့်ပေးလာသည်ကို ကြည့်ကာ အံ့ဩဟန် မပြပေ။
ဤလူငယ်သည် သားနားစွာ ဝတ်ဆင်ထားသော်လည်း အင်္ကျီအနားကွပ်တွင် ဖုန်များပေနေ၏။ ခရီးရှည်ကြီး ဖြတ်သန်းလာရကာ အနားမယူရသေးသည့်ပုံစံပင်။ အထက်စီးဆန်သည့်လေသံနှင့် လူသည် မည်သည့်အတွက်ကြောင့် အလွန်ရှုပ်ပွနေရသနည်း။
ဂလွီ.. ချူယန် တံခါးဖွင့်လိုက်သည်နှင့် လူငယ်လေး၏ ဗိုက်မှ ရုတ်တရက် အသံထွက်လာခဲ့သည်။ ဗိုက် အလွန်ဆာနေဟန်ပင်။ သို့သော် မျက်နှာထက်တွင် ရှက်ရွံ့သည့်အမူအရာ တစိုးတစိမျှ မဖြစ်ပေါ်ခဲ့ပေ။
အခန်းထဲတွင် မီးအိမ်မှ အလင်းရောင် ခပ်ဖျော့ဖျော့ ထွက်ပေါ်နေ၏။
“အထဲကြွပါ..” ဧည့်သည်၏ အော်ရာနှင့် အပြုအမူတို့မှတဆင့် ဤကောင်လေးသည် သာမန်မိသားစုမှမဟုတ်သည်ကို ချူယန် ပြောနိုင်၏။ သူကြွယ်မိသားစုတစ်ခုမှ သား ဖြစ်ရပေမည်။
အဘယ်ကြောင့်ဆိုသော် အထက်တန်းကျသည့် ဤအော်ရာမျိုးသည် သာမန် အရာရှိ မိသားစုများတွင် မရှိလေ။
သူကြွယ်မိသားစုများသည် ပေါ်ကြော့ လူချမ်းသာများ မွေးထုတ်၏၊ သို့သော် ပါရမီရှင်များလည်း မွေးထုတ်ပေးပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ စမှတ်သည် ထိုကျောထောက်နောက်ခံ မရှိသည့် သူရဲကောင်းများထက် များစွာ ပိုမြင့်၏။
သို့သော် ချူယန် အနည်းငယ် ရှုပ်ထွေးနေဆဲပင်။ အင်အားကြီးမိသားစုမှ ရတနာတစ်ပါးသည် မည်သည့်အတွက်ကြောင့် ညအချိန်တွင် ကိုယ်ရံတော်တစ်ယောက်မှ မပါဘဲ ရောက်လာခဲ့သနည်း။ ထိုမျှသာမက ပုံစံမှာလည်း အလွန်ရှုပ်ပွနေသည်။
လူငယ်လေး မှိန်ဖျော့စွာပြုံးကာ ဆိုင်အတွင်းကြည့်လိုက်၏။ ထို့နောက်တွင် လျှောက်ဝင်သွားကာ ချူယန်နှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
“ညီအစ်ကို၊ နာမည် ဘယ်လိုခေါ်လဲ..”
“လက်နက်ဝယ်ဖို့လာတာလား၊ မိတ်ဆွေဖွဲ့ဖို့ လာတာလား..” ချူယန်သည်လည်း အပြုံးခပ်ရေးရေးဖြင့် ပြန်မေးလိုက်သည်။
“ကောင်းတယ်..” လူငယ်လေးမှ ချူယန်အား စိုက်ကြည့်ကာ ညင်သာစွာ ချီးကျူးလိုက်၏။ ထို့နောက်တွင် ခါးကြားမှ ဓား ထုတ်ယူကာ စားပွဲပေါ်တင်လိုက်သည်။ နှမြောတသဖြစ်စွာ အဝေးသို့ တစ်ခဏ အကြည့်လွဲပြီးနောက် ဓားအား ချူယန်ရှေ့ တွန်းပေးလိုက်၏။
“ညီအစ်ကို၊ မှော်လက်နက်တွေရောင်းတာ ကျွမ်းကျင်တယ်ဆိုတော့ ကျုပ်ဓားဆိုရင်ရော..”
ချူယန် အနည်းငယ် ဆွံ့အမိသွားသည်။ သူသည် ဤနေရာတွင် လက်နက်များ ရောင်းချနေခြင်းဖြစ်၏။ ဆိုင်ဖွင့်သည်မှာ သုံးရက်ပင် မရှိသေးကာ စျေးဝယ်လည်း တစ်ယောက်မှ မရသေးပေ။ ယခုတွင် ညအချိန်၌ လူတစ်ယောက် ရောက်လာခဲ့၏။ သို့သော် လေသံအရဆိုလျှင် ဤလူသည် လက်နက်လာရောင်းမည့်ပုံပင်။ သူ အမှန်တကယ်ကို ကံမကောင်းနေလေ။
သို့သော် စဉ်းစားကြည့်ပြီးနောက်တွင် စိတ်ဆင်းရဲစရာကောင်းသော ဓားအား ကောက်ကိုင်ကြည့်လိုက်သေး၏။ မည်သို့ပင်ဆိုစေကာမူ သူသည်လည်း အားနေသည့်အတွက်ကြောင့် အဆင်ပြေပါသည်။
ဓား လက်ထဲ ရောက်လာသည့်အချိန်တွင် ဓားအလေးချိန်မှာ လေးနေကြောင်းတွေ့လိုက်ရ၏။ ချူယန် မျက်ခုံးများ ပင့်တက်သွားတော့သည်။
“ဓားကောင်းပဲ..”
“ညီအစ်ကို၊ ဒီဓားကို မဆွဲထုတ်ဘဲနဲ့ ဓားကောင်းမှန်း ဘယ်လိုသိလဲ..” ပိုးထည်ဝတ်ဆင်ထားသည့် လူငယ်လေးမှ ပြုံး၍ မေးလာခဲ့သည်။ အဝတ်အစားများ ပေပွနေသော်လည်း စကားလုံးနှင့် အပြုအမူသည် တည်ငြိမ်ကာ အလျင်စလို မရှိပေ။ သူ၏ မိသားစုမှာ ကောင်းစွာသင်ကြားပေးထားကြောင်း မြင်သာပေသည်။
“အကြမ်းအားဖြင့်ပြောရမယ်ဆိုရင် ဓားရှည်တစ်ချောင်းက သုံးပေရှည်ပြီး ဓားအိမ်က သုံးပေနဲ့ သုံးလက်မရှည်တယ်.. ဒါပေမဲ့ မင်းဓားက ဓားအိမ်အပါအဝင် သုံးပေနဲ့ ငါးလက်မရှိတယ်..” ချူယန် ဓားအား ကြည့်ကာ ပြောလိုက်သည်။
“ဓားဆိုတာက လက်နက်တွေရဲ့ဘုရင်ပဲ.. ဓားတစ်လက်မ ပိုရှည်တာက တစ်လက်မ ပိုပြီး ထက်ရှတယ်လို့ ပြောကြတယ်.. လူတွေက ဒီစကားက လက်နက်တိုင်းအပေါ် အကျိုးသက်ရောက်မှုရှိတယ်လို့ ထင်ကြတယ်၊ ဒါက နားလည်မှု လွဲနေတာပဲ.. ဘာလို့လဲဆိုတော့ ဓားက ပျော့ပျောင်းတဲ့ လူသတ်လက်နက်ပဲ၊ ရှည်ရင် အားမပြင်းဘူး၊ အားမပြင်းရင် ကြွပ်ဆပ်လွယ်တယ်၊ ကြွပ်ဆပ်လွယ်ရင် ကျိုးပဲ့လွယ်တယ်.. အဲဒါကြောင့် ဓားတိုလုပ်ဖို့ လွယ်ပြီး ဓားရှည်လုပ်ဖို့ ခက်တာပဲ.. မင်း ဓားက အဲလိုပဲ၊ ဒီလိုဓားမျိုးက သွန်းလုပ်ဖို့ ခက်တယ်.. ဒါပေမဲ့ ဓားအိမ်နဲ့ ဓားရိုးကို ကြည့်မယ်ဆိုရင် ဒါက ရိုးရှင်းပြီး ကိုင်တွယ်ပြောင်းလဲရလွယ်တယ်.. ဓားပေါ်မှာ သွေးတစ်စ နှစ်စ ပေနေတာကိုကြည့်ရင် ဓားကသက်တမ်းကြာပြီး သတ်ဖြတ်တဲ့ အတွေ့အကြုံတွေ အများကြီးရှိတယ်ဆိုတဲ့သဘောပဲ.. ဓားကောင်းဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုဘူး..”
“ဟား ဟား .. ပြောတာ မဆိုးဘူး..” လူငယ်လေး ချီးကျူးမှုအပြည့်ဖြင့်ရယ်လိုက်သည်။
“ညီအစ်ကို၊ မင်းက ဓားတွေအကြောင်း တကယ်နားလည်တာပဲ..”
“ပြီးတော့.. သာမန်ဓားရှည်တစ်လက်ရဲ့ အလေးချိန်က ခြောက်ပေါင်ကနေ ကိုးပေါင်ထိ ရှိတယ်.. အကောင်းဆုံး အလေးချိန်က ခုနစ်ပေါင်နဲ့ ခုနစ်အောင်စ..” ချူယန် ပေါ့ပါးစွာ ဆက်ပြောလာခဲ့သည်။
“တခြားအထူးသတ္တုတွေနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ ပြောဖို့ ခက်သွားပြီ..”
“အခု မင်း ဓားက ဓားအိမ်အပါ အလေးချိန်က ပေါင် ၃၀ ကျော်တောင်ရှိတယ်.. ဓားက လေးပေမဲ့ သူ့ရဲ့ထက်ရှမှုကတော့ မပြောင်းသွားဘူး.. ဓားကောင်းတစ်လက်ပဲ ဖြစ်မှာပဲ..”
လူငယ်လေး၏ မျက်လုံးထဲတွင် သဘောကျမှုများ ပြည့်နှက်သွား၏။
ချူယန် ဓားအား ဆွဲထုတ်လိုက်သည်။
ရွှီးး… နဂါးတစ်ကောင် သို့မဟုတ် ကျားတစ်ကောင်၏ ဟိန်းသံကဲ့သို့ ဓားရှည်တစ်ချောင်း ဓားအိမ်အတွင်းမှ ထွက်လာခဲ့၏။ ရုတ်တရက် ဓားထက်တွင် အေးစက်သည့်အလင်းတန်းတစ်ခု ရောင်ပြန်ဟပ်သွားကာ စံအိမ်တစ်ခုလုံးနီးပါး တောက်ပသွားစေခဲ့သည်။
“ဓားကောင်းပဲ..” ချူယန် အံ့ဩတကြီး ရေရွတ်ကာ အသေအချာ စစ်ဆေးကြည့်လိုက်၏။ ပိုစစ်ဆေးလေ ပို၍ ချီးကျူးမိလေပင်။
ဓားကိုယ်ထည်သည် တသွင်သွင် စီးဆင်းနေသည့် ဆောင်းဦး ရေနှင့် တူ၏။
“မီးအိမ်အောက်မှာ မိန်းမလှလေးတစ်ယောက်ကို ကြည့်ရတာက ဘဝရဲ့ ကြီးမားတဲ့ ပျော်ရွှင်မှုပဲ.. ဒါပေမဲ့ မီးအိမ်အောက်မှာ နာမည်ကျော် ဓားတစ်လက်ကို ကြည့်ရတာက ဘဝရဲ့ အကြီးမားဆုံးကောင်းချီးပဲဆိုတာကို ဓား ချစ်တဲ့လူတွေပဲ သိတယ်..” လူငယ်လေး သက်ပြင်းချကာ ပြောလာခဲ့သည်။
“ဓားမှာ ဝိညာဉ်နဲ့ စိတ်နှလုံးရှိတယ်၊ ဓားကို ကြည့်နေတာက သိုင်းလောကရဲ့ သတ်ကွင်းနဲ့ ကမ္ဘာကြီးကိုကြည့်နေတာပဲ.. မျက်လုံးထဲမှာ နဂါးဟိန်းသံ၊ ကျားဟောက်သံနဲ့ နာမည်ကျော် ဓားတစ်လက်ရှိပြီး စိတ်ထဲမှာ နှစ်ပေါင်းထောင်နဲ့ချီတဲ့ ရေခဲမြစ်နဲ့ သိုင်းလောက ကမ္ဘာကြီးတစ်ခု ရှိတယ်..”
“မှန်တယ်..” ချူယန်သည်လည်း သက်ပြင်းချလိုက်သည်။
“ ဓားကို ကြည့်နေတာက သိုင်းလောက ကမ္ဘာကြီးကို ကြည့်နေတာပဲ..”
ထို့နောက်တွင် ခေါင်းထောင်လာကာ အရှေ့ရှိ လူငယ်လေးအား ကြည့်လိုက်သည်။
“ဒါပေမဲ့ မင်းနဲ့ ငါက အရင်တုန်းက တစ်ခေါက်မှ မတွေ့ဖူးဘူးလေ.. မင်း ဒီရောက်လာတာက ငါ့ကို ဒီဓားကို ကြည့်ပြီး သိုင်းလောကကြီးကို ခံစားခိုင်းဖို့ပဲ မဟုတ်ဘူးမလား..”
ထိုသို့ ပြောပြီးနောက်တွင် ဓားသည် ဖျတ်ခနဲ လှုပ်ရှားသွား၏။ ချူယန် မကြည့်သော်လည်း ဓား ဓားအိမ်အတွင်းပြန်ဝင်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ ဓား၌ ကိုယ်ပိုင်မျက်လုံးများ ရှိနေသကဲ့ပင်။
“မင်းက တကယ်ပဲ ဓားနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့လူပဲ..” လူငယ်လေးမှ အပြုံးမပျက်ဘဲ ဆက်ပြောလာခဲ့သည်။
“ဒါပေမဲ့ ငါက ဓားပြနေတာ မဟုတ်ဘူး.. ဓားကို ချစ်မြတ်နိုးတဲ့လူကို လိုက်ရှာနေတာ..”
ထိုသို့ပြောပြီးနောက်တွင် သူ၏မျက်လုံးများထဲ၌ နာကျင်မှုအရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
“ စထွက်လာကတည်းက ငါ့ဆီမှာ ပိုက်ဆံ မရှိတော့ဘူး.. ဒီကိုရောက်ဖို့ မိုင်ပေါင်းရှစ်ထောင် ခရီးနှင်လာခဲ့ရတာ.. ရှိသမျှ အကုန်လုံးလည်း ရောင်းပြီးသွားပြီ။ ဒီဓားတစ်လက်ပဲ ကျန်တော့တယ်..”
တောက်ပသော မျက်လုံးများဖြင့် ချူယန်အား ကြည့်လိုက်သည်။
“ ညီအစ်ကို၊ မင်း ရွှေတုံးတစ်ရာပဲ ပေးရမှာပါ.. အရင်ဆုံး ဒီဓားကို မင်းဆီ ပေါင်ထားမယ်.. နောက်နည်းနည်းလောက်ကြာရင် ပြန်လာယူမှာပါ၊ အဲချိန်ကျ မင်းကို ရွှေတုံးတစ်သောင်း ပြန်ပေးပြီး ဒီဓားပြန်ယူမယ်..”
ချူယန် ငြိမ်ကျသွားကာ အနည်းငယ် ရှုပ်ထွေးသွားသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤဓားမှာ ရွှေတုံးတစ်ထောင်တန်ကြောင်း မြင်နိုင်ပေသည်။ ရွှေတုံးတစ်ရာဖြင့် ပေါင်ခြင်းသည် လိုသည်ထက်ကို ပိုကောင်းနေပြီဖြစ်နေ၏။ သို့သော် သူ နားမလည်ပေ၊ ဤကဲ့သို့ ကောင်းမွန်သည့်ပစ္စည်းကို မည်သည့်အတွက်ကြောင့် သူ့ဆီ လာခဲ့သနည်း။
အပိုင်း ၆၄ ပြီး၏။