Switch Mode

Chapter – 63

ထျန်းပင်းစံအိမ် (ကောင်းကင်လက်နက်စံအိမ်)၊ ပိုက်ဆံ ရှာဖွေနေသည်

Chapter – 63 ထျန်းပင်းစံအိမ် (ကောင်းကင်လက်နက်စံအိမ်)၊ ပိုက်ဆံ ရှာဖွေနေသည်

လမ်းမထက်ရှိ ဆိုင်းဘုတ်ထက်မှ “ထျန်းပင်းစံအိမ်” ဟူသည့် ရွှေရောင် စာလုံး သုံးလုံးသည် နေရောင်အောက်၌ တလက်လက် တောက်ပနေ၏။ အလင်းပြန်မှုကြောင့် လမ်းတစ်ဝက်ခန့်ပင် ရွှေရောင်လင်းနေလေသည်။

ဘယ်ဘက်နှင့်ညာဘက်ရှိ နှစ်ကြောင်းကဗျာကိုလည်း ငွေဖြင့် ပြုလုပ်ထားကာ ရွှေဖြင့် ဆေးခြယ်ထား၏။ ဆိုင်ရှေ့မျက်နှာစာတစ်ခုလုံးသည် ယခုမှ ကြွယ်ဝချမ်းသာလာသည့် သူကြွယ်လက်သစ်တစ်ဦး၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေလေသည်။ လူများသည် ဤနေရာသို့ ဖြတ်လျှောက်မိသည်နှင့် ချက်ချင်းပင် ကြေးနံ့များ ရလိုက်ကြ၏။

ဘယ်ဘက်မှ နှစ်ကြောင်းကဗျာမှာ : သံတုံးအား ရွှံ့တုံးကဲ့သို့ ပိုင်းဖြတ်နိုင်ရန်သည် အိပ်မက်တစ်ခုမဟုတ်ချေ၊ သင့်ကိုယ်သင် အမြင်ပွင့်အောင် ပြုလုပ်လိုက်ပါ။

ညာဘက်မှ နှစ်ကြောင်းသည် : အကျွန်ုပ်ထံ၌ မှော်လက်နက်တစ်ခုရှိသည်၊ လိုချင်လျှင် အမြန်သာကြွလှမ်းလာခဲ့လိုက်ပါ။

အလယ်တွင်လည်း တစ်ကြောင်းရှိနေ၏ : စောင့်ရတာ စိတ်မရှည်ဘူး ..

ထို့နောက် တံခါးထက်တွင် သတိပေးစာရွက်တစ်ခု ကပ်ထား၏။

: ထျန်းပင်းစံအိမ်၊ ပိုက်ဆံရှာဖွေနေသည်။ လုံလောက်သည့် ရွှေတုံး၊ ငွေတုံးများမရှိလျှင် မလာပါနှင့်။ ငွေတုံးတစ်သောင်းမှာ ကြည့်၍ ရရုံသာရှိကာ ရွှေတုံးတစ်သန်းသည် လောက်ရုံသာ ရှိ၏။ ကောင်းကင်နှင့် မြေပြင်ကြားရှိ ရတနာများ သယ်ဆောင်လာခဲ့ပါ။ အတွင်းသို့ ဝင်သည်နှင့် စိတ်ကျေနပ်စေရမည်ဟု အာမခံပါသည်။

ဤလူသည် သူကြွယ်လက်သစ်ဖြစ်ရုံသာမက စာပေပညာများကိုလည်း ကောင်းမွန်စွာ တတ်ကျွမ်းဟန် မပေါ်ပေ။ အိမ်နံပါတ်မှ စ၍ နှစ်ကြောင်းကဗျာအထိ အလွန်ညံ့ဖျင်းလှသည်။ စာလုံးများမှာ ရွဲ့တိရွဲ့စောင်းနှင့် ကြည့်ရဆိုးလွန်းလှ၏။

ကြွက်တစ်ကောင်၏ ပါးစပ်အတွင်း သေရည်လောင်းထည့်ကာ အမြှီးကို မှင်ရည်အတွင်းနစ်၍ အနှီမူးနေသည့် ကြွက်အား စာရွက်ပေါ် လျှောက်သွားခိုင်းထားသကဲ့ပင်။

အဆောက်အဦးအတွင်းတွင် သူဌေး ချူသည် မတ်မတ်ထိုင်ကာ ဝဖြိုးသည့် သိုးတစ်ကောင်ရောက်လာမည်ကို စောင့်နေ၏။ ဤအခြင်းအရာအား ကျန်းထိုက်ကုန်း ငါးမျှားနည်းဟု ခေါ်သည်။

: ဆန္ဒရှိသည့်လူသည် ငါးစာအား လာဟပ်ပေလိမ့်မည်။ (ဟုတ်ပါသည်၊ ဤစကား၏ ရည်ညွှန်းချက်ကို ချူယန် မသိပါ၊ သို့သော် လှပကာ အရည်အချင်းရှိသည့် သင်ယူလိုစိတ်ရှိကာ စိတ်ကူးယဉ်ဆန်သည့် ဖုန်းလျိုဟူသည့် မိန်းမပျိုမှ သိခြင်းဖြစ်သည်)

နေ့ပေါင်းများစွာ၊ ရက်ပေါင်းများစွာ ကြာပြီးနောက်တွင် ချူယန်သည် အလွန်ပင်ပန်းနေပြီဟု ပြော၍ ရ၏။ သို့သော် အလွန်လည်း စိတ်လှုပ်ရှားနေခဲ့သည်။

ဤကဲ့သို့ ဘာမှ မလုပ်လိုက်ရဘဲ ကြွယ်ဝချမ်းသာလာခြင်းသည် အမှန်ပင် အံ့အားသင့်ဖွယ်ကောင်းလှ၏။ လူ အတော်များများ သူခိုးဖြစ်ချင်ကြသည်မှာ မထူးဆန်းတော့ပေ။ လက်တဖက် ဆန့်ထုတ်လိုက်ရုံဖြင့် ရွှေတုံးငွေတုံးများ ရရှိနိုင်ခြင်းသည် အမှန်ပင် သက်တောင့်သက်သာ ရှိလှပေသည်။

သူကြွယ်များထံမှ ခိုးယူကာ သူဆင်းရဲများကို ကူညီပေးသည်။ ဤသည်မှာ အဓိပ္ပာယ်ရှိပေသည်။ ယခင်အချိန်တွင် ထိုလူများမှာ ချမ်းသာကာ မိမိသည် ဆင်းရဲနေခဲ့၏။ အနည်းငယ် ခိုးယူလိုက်ခြင်းသည် သူဆင်းရဲများကို ကူညီပေးသည်ဟု ယူဆ၍ ရသည်မဟုတ်ပါလော။

ဤ”ထျန်းပင်းစံအိမ်” ဖွင့်လှစ်လိုက်သည်နှင့် ဆိုင်ရှေ့ဖြတ်လျှောက်သည့် လူများအားလုံး အံ့ဩမှင်သက်ခဲ့ရသည်။ အလွန် တည့်တိုးဆန်လှသည်၊ အလွန် ရဲတင်းလှသည်။ တိုင်းပြည်အားလုံးမှ မည်သည့် စီးပွါးရေးလုပ်ငန်းရှင်မှ တစ်ကြိမ်မျှ ဤကဲ့သို့မပြုလုပ်ဖူးပေ။

ဤသည်မှာ စီးပွါးရေးလုပ်နေခြင်း မဟုတ်ချေ၊ လူများကို စော်ကားနေခြင်းပင်။ မိမိကိုယ်ကိုယ် ဖျက်ဆီးခံကာ အခြားသူများကို စော်ကားနေခြင်းပင်။

ရုတ်ချည်းပင် ဤ”ထျန်းပင်းစံအိမ်” သည် အလျင်အမြန်ပင် ထျယ်ယွမ်မြို့၌ စတင်တည်ထောင်သည့်အချိန်မှ စ၍ အရယ်ရဆုံးဟာသပြက်လုံးဖြစ်လာခဲ့၏။

ကြည့်လိုက်ကြဦး၊ စိတ်ရောဂါသည်တစ်ယောက်က လမ်းပေါ်မှာ ဆိုင်တစ်ဆိုင်ဖွင့်နေတယ်။

ချက်ချင်းဆိုသလိုပင် ပျော်ပွဲရွှင်ပွဲကြည့်ရန်အတွက် စံအိမ်အပြင်၌ လူများ အများအပြား စုဝေးလာခဲ့သည်။ မိုးအုံ့နေကာ အားလည်းအားနေသည့်အတွက်ကြောင့် ဤအရူးအား လာကြည့်ခြင်းသည် အပျင်းပြေပေသည်။

သို့သော် လူတိုင်း အနည်းငယ် ထူးဆန်းနေ၏။ ဤအရူးသည် အခြားနေရာများ၌ ဆိုင်သွားဖွင့်၍ ရပေသည်။ မည်သည့်အတွက်​ကြောင့် ထျယ်ယွမ်မြို့၏ အစည်ကားဆုံးလမ်းသို့ လာကာ သူ့ကိုယ်သူ အရှက်ခွဲနေရသနည်း။ ဦးနှောက်ချောင်နေသည်လော။

သို့သော် အမှန်ပင် ဦးနှောက်ချောင်နေသည့် အရူးဆိုလျှင် ဤနေရာ၌ ဆိုင်ဖွင့်ရန်အတွက် များပြားလှသည့်ပိုက်ဆံများကို မည်သည့်နေရမှ ရခဲ့ပါသနည်း။

သူဌေးချူသည် ခြေချိတ်ထိုင်နေကာ သူ့ရှေ့တွင် မည်သည့် မှော်လက်နက်မှ မရှိပေ။ လက်ဖက်ရည်ခွက်တစ်ခွက်သာ ရှိ၏။ ခွက်မှ သင်းပျံ့စွာ ထွက်ပေါ်နေသည့် လက်ရည်နံ့များကြားတွင် သူဌေးချူသည် တစ်ချက်တစ်ချက် ခေါင်းငိုက်စိုက်ကျကျလာ၏။

: ငါ တကယ်အိပ်ချင်နေပြီ။

အတွင်းပိုင်း ဘယ်ဘက်နံရံထက်တွင် ဓားရှည်၊ ဓားတို၊ ဓားမြှောင်ရှည်နှင့် ဓားမြှောင်တိုများ ပြသထား၏။ ဤလေးမျိုးသည် သူ၏ဆိုင်ဖွင့်ပွဲအတွက် အခြေခံများ ဖြစ်ဟန်တူသည်။ သူ အသုံးပြုမည့် “မှော်လက်နက်များ”လည်း ဟုတ်၏။

တံခါးအပြင်တွင် တီးတိုး ပြောဆိုသံများ၊ ဝေဖန်သံများ၊ လှောင်ရယ်သံများ ဆူညံပွက်လောရိုက်နေခဲ့သည်။ ထိုအသံများကို ချူယန် နားထဲမထည့်ပေ။ သူ စီးပွါးရေးတွဲလုပ်ချင်သည့်လူများမှာ ဤလူများမဟုတ်ချေ။

ထိုမျှသာမက ချူယန်၏ ယခင်ဘဝမှ မှတ်ဉာဏ်များသည် သူ့အား အချက်တစ်ချက် ရှင်းရှင်းလင်းလင်း ပြောပြနေ၏။ ထျယ်ယွမ်တိုင်းပြည်သည် အခြားအရာများကို ဂရုမစိုက်ဘဲနေချင်နေမည်။ သို့သော် “ ထျန်းပင်း (ကောင်းကင်လက်နက်)” ဟူသည့်စာလုံးနှစ်လုံးသည် ထျယ်ယွမ်တိုင်းပြည်၏ ထိပ်ပိုင်း ခေါင်းဆောင်များကို သေချာပေါက် စိတ်လှုပ်ရှားစေပေလိမ့်မည်။

“လမ်းဖယ်စမ်း၊ ဖယ်ကြစမ်း။ လိမ္မာတဲ့ ခွေးတွေက လမ်းမပိတ်ဘူး။ မင်းပြောတာကို ငါ သဘောမတူဘူးဆိုရင်ရော..”

ထိုအချိန်တွင် အဝေးမှနေ၍ နားမခံသာသည့် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် ရင်ဘတ်ဟပြဲနှင့် လူများ ဂဏန်းများကဲ့သို့ ကို့ရို့ကားယား လျှောက်လာကြ၏။ သူ သွားသည့်နေရာတိုင်းတွင် လူများသည် ကပ်ဆိုးနတ်ဘုရားနှင့် တွေ့သကဲ့သို့ ဝေးဝေးရှောင်ကြတော့သည်။

“ဘာကို ကောင်းကင်လက်နက်စံအိမ်လဲ၊ လခွမ်း မင်းက ချဲ့ကားလွန်းနေတာပဲ..”

မျက်နှာတွင် ကြီးမားသည့် မှည့်တစ်လုံးရှိကာ ထိုမှည့်ပေါ်၌ အနက်ရောင်အမွေးများ ထူထဲစွာပေါက်နေသည့်လူသည် ထျန်းပင်းစံအိမ်၏ ဆိုင်းဘုတ်အားကြည့်ကာ မျက်လုံးများ မှေးကျဉ်းလိုက်၏။ ထို့နောက်တွင် မျက်နှာပင့်ချီကာ ဒေါသတကြီး အော်ငေါက်လိုက်သည်။

“ ပိုက်ဆံ အလုံအလောက် မရှိရင်၊ ဆင်းရဲလွန်းရင် ဝင်မလာနဲ့ ဟုတ်လား.. ငါ့မှာ ငွေအများကြီး မရှိဘူး၊ ဒါပေမဲ့​ ဝင်မယ်ကွာ။ ဘာဖြစ်လဲ..”

“အစ်.. အစ်ကိုကြီး..” ဘေးပတ်ပတ်လည်အား စစ်ဆေးကြည့်နေသည့် ကောင်ငယ်လေးမှ အံ့ဩတကြီး ထအော်လိုက်၏။

“ဒါ.. ဒါတွေအကုန်လုံးက ငွေတွေပဲ။ သန့်စင်တဲ့ ငွေတွေပဲ..”
ထိုကောင်ငယ်လေးသည် ဆိုင်းဘုတ်အားလက်ညှိုးထိုးကာ ထခုန်လိုက်၏။

“ဟမ်..” စိတ်ရှုပ်ထွေးစွာဖြင့် ထိုလူသန်ကြီး ဆိုင်းဘုတ်အား ထိကြည့်လိုက်သည်။
ထို့နောက်တွင် ရုတ်တရက် လေသံပြောင်းသွား၏။

“ိီး.. တကယ်ကြီး ငွေတွေဟ..”
အတည်ပြုပြီးသည်နှင့် ဆိုင်းဘုတ်အား ကြည့်နေသည့် ထိုလူ၏ အကြည့်များ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ ရက်စက်သည့် လောဘအ​ငွေ့အသက်များ ထွက်ပေါ်လာ၏။

“အထဲက သူဌေးက ဘယ်သူလဲ၊ ထွက်လာစမ်း..”

လူသန်ကြီး တံတွေးမြိုချကာ အော်ဟစ်လိုက်သည်။
ချီး .. သူ့ကို ကြောက်အောင် ခြောက်ပြီး ဒီဆိုင်းဘုတ်ကြီး ယူသွားမယ်၊ ဒီတစ်ခုတည်းနဲ့တင်လောက်ပြီ။

“တစ်ခုခု ဝယ်ဖို့ ရောက်လာတာလား..”

ချူယန် လက်ပိုက်ကာ ဖြေးညှင်းစွာ လျှောက်ထွက်လာခဲ့သည်။ အခြား ရွေးချယ်စရာ မရှိလေ။ စံအိမ်တစ်ခုလုံးတွင် သူတစ်ဦးတည်းသာ ရှိ၏။ သူဌေးနှင့် အလုပ်သမားနှစ်ခုလုံး လုပ်ရပေသည်။

သို့သော် အပြင်ရောက်သည့်အချိန်၊ ဤမြင်ကွင်း မြင်လိုက်ရသည့်အချိန်တွင် သူဌေးချူ ချက်ချင်းဒေါသထွက်သွား၏။

သူသည် ငါးကြီးကြီးဖမ်းတော့မည် ဖြစ်သည်။သို့သော် ငါးကြီးကြီးအစား လူရမ်းကားတစ်စုကိုသာ ဖမ်းမိလိုက်၏။ ကံဆိုးလွန်းလှပေသည်။

“ဒီဆိုင်ကာ မင်းဟာလား” လူသန်ကြီး မော့ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ..” စိတ်အခြေအနေ မကောင်းနေသည့်အတွက်ကြောင့် ချူယန်သည် လေသံမှာလည်း ကောင်းမနေပေ။

“ဘာဖြစ်လို့လဲ ဟုတ်လား.. ချီး .. မင်း ဦးနှောက်မကောင်းဘူးလားကွ။ ကြည့်ရတာ မင်းရှေ့မှာ ရပ်နေတဲ့လူက ဘယ်သူလဲဆိုတာကို မသိတဲ့ပုံပဲ..”

လူသန်ကြီး လက်တစ်ဖက်ဆန့်ထုတ်ကာ သူ့ရှေ့ရှိ အမြင်ကပ်စရာကောင်းသော ကောင်လေး၏ အင်္ကျီလည်ပင်းစကို ဆုပ်ကိုင်၍ ရိုက်နှက်ရန် ပြင်လိုက်သည်။

“ထွက်သွားစမ်း..” ချူယန် အသံ ခပ်အုပ်အုပ်ဖြင့်အော်လိုက်သည်။ မျက်လုံးများ အရောင်လက်သွားကာ လက်လွှဲရမ်းလိုက်၏။

ဝုန်း.. သာမန် မျက်လုံးဖြင့် မြင်ရသည့် အနက်ရောင်လေတစ်ခု သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ စိတ်လှုပ်ရှားကာ သတ်ဖြတ်လိုစိတ်ပြင်းပြသည့် အေးစက်သော အော်ရာတစ်ခု အရှေ့သို့ ပြန့်နှံ့ပြေးတက်သွားခဲ့၏။

ဤလူသန်ကြီးသည် လမ်း လူမိုက်တစ်ယောက်သာဖြစ်၏၊ သိုင်းတပည့်အဆင့်ပင် မရှိပေ။ သန်မာထွားကြိုင်းသောခန္ဓာကိုယ်အား အသုံးချကာ အနိုင်ကျင့်နေခြင်း ဖြစ်သည်။ ဘယ်လိုလုပ် သိုင်းစစ်သည်အဆင့်၏ ဝိညာဉ်လှုပ်ခါမှုအား ခုခံနိုင်ပါမည်နည်း။

စကားဆုံးသည်နှင့် လူသန်ကြီး ရုတ်တရက် တစ်ကိုယ်လုံး အေးစိမ့်လာခဲ့သည်။ ထို့နောက်တွင် သူ့ထံဦးတည်လာနေသည့် နတ်ဆိုးဝိညာဉ်ကြောင့် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နှစ်ခုလုံး ထိတ်လန့်သွားခဲ့၏။ မျက်လုံးများလှန်သွားကာ အဆုံးမရှိသည့် အိပ်မက်ဆိုးအတွင်း ပိတ်မိနေသည်ဟု ခံစားလိုက်ရသည်။

မရေမတွက်နိုင်သည့် နတ်ဆိုးဝိညာဉ်များသည် အော်ဟစ်ငိုကြွေးကာ နေရာအနှံ့မှ သူ့ထံဦးတည်လာနေခဲ့၏။

“အားး….” လူသန်ကြီး မူးဝေလာကာ လူသံပင် မပေါ်တော့သည့် အော်ဟစ်သံဖြင့် အနောက်သို့ ယိုင်ကျသွားခဲ့သည်။ ခေါင်းအား လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ မြေပြင်ထက် လူးလိမ့်လိုက်၏။ အော်ဟစ်နေသည်မှာလည်း အရူးတစ်ယောက်ကဲ့ပင်။

“အသက်ချမ်းသာပေးပါ.. မင်းကို မသတ်ပါဘူး၊ ငါ့အသက်ကို ချမ်းသာပေးပါ.. ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ..”

ထို့နောက်တွင် ရုတ်တရက် ထခုန်ကာ တဖက်လှည့်၍ ထွက်ပြေးရန် ပြင်လိုက်၏။ သို့သော် ခြေတစ်လှမ်းလှမ်းပြီးသည်နှင့် မြေပြင်ထက် ပြန်လဲကျသွားခဲ့သည်။ လမ်းပင် မလျှောက်နိုင်တော့ချေ။ သို့သော် စိတ်ပျက်အားငယ်စွာဖြင့် အရှေ့သို့ တရွတ်တိုက်တွားသွားနေဆဲပင်။

တရွတ်တိုက်သွားနေစဉ်တွင် ဘောင်းဘီမှာ တဖြည်းဖြည်းချင်း စိုလာ၏။

လေထဲတွင် နှလုံးအား ဖျစ်ညှစ်၍ သနားညှာတာပေးရန် တောင်းပန်သံသာ အချိန်အတော်ကြာ ပဲ့တင်ထပ် ထွက်ပေါ်နေခဲ့သည်။

သူ့၏နောက်လိုက် ကောင်လေးနှစ်ဦးသည် ဘာတွေဖြစ်သွားသည်ကို မသိလိုက်ပါ။ သို့သော် အစ်ကိုကြီးသည် ပုံမှန်ဖြစ်နေရာမှာ ရုတ်တရက် ကြောက်စရာကောင်းသွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူတို့လည်း တစ်ကိုယ်လုံး အေးစိမ့်လာခဲ့၏။

အားးး အားးး… နှစ်ယောက်လုံး အော်ဟစ်ကာ တိရိစ္ဆာန်များကဲ့သို့ ဦးတည်ရာမဲ့ ထွက်ပြေးကြတော့သည်။

ထွက်ပြေးသွားသည့် လူသုံးဦးကို ချူယန် နားမလည်နိုင်သည့် မျက်နှာအမူအရာဖြင့် ကြည့်လိုက်၏။ ခေါင်းကုတ်ကာ သူသည်လည်း ဖြစ်ပျက်သွားသည်များကို မသိသည့်ပုံစံပင်။ အချိန်အတော်ကြာ စဉ်းစားဟန်ပြုပြီးနောက်တွင် ပြောလာ၏။

“ဟိုး.. ဟုတ်သားပဲ။ မှော်လက်နက်တွေမှာ သူတို့ရဲ့ကိုယ်ပိုင် ရက်စက်တဲ့ဝိညာဉ်တွေ ရှိတယ်.. ကြည့်ရတာ ဒီလူတွေရဲ့မကောင်းတဲ့ ရည်ရွယ်ချက်တွေကို မှော်လက်နက်တွေက ခံစားမိသွားတဲ့ပုံပဲ.. အဲဒါကြောင့် သူတို့ကို အပြစ်ပေးလိုက်တာပဲ..”

သူ ပြောလာသည်ကို ကြားပြီးနောက်တွင် ဘေးမှရပ်ကြည့်နေသည့်လူများသည် အခြေအနေအား ချက်ချင်း နားလည်သွားခဲ့ကြသည်။ မျက်နှာထက်တွင် ပြင်းထန်သည့်ကြောက်ရွံ့စိတ်များ ဖုံးလွှမ်းလာ၏။ ကျောချမ်းသွားကာ အလိုအလျောက် အနောက်သို့ ခြေတစ်လှမ်းဆုတ်မိသွားကြသည်။

ချူယန်သည် ပြုံးကာ “အားလုံးပဲ အထဲ ဝင်မကြည့်ချင်ကြဘူးလား.. လာကြပါ၊ လာကြပါ၊ ကျွန်တော် ကြိုဆိုပါတယ်နော်..”

ဝုန်းး… ချက်ချင်းပင် လူအုပ်ကြီး လူစုခွဲသွားကြတော့သည်။

ချူယန် ပြုံးကာ တဖက် ပြန်လှည့်သွားလိုက်၏။

ထိုပုံစံဖြင့် ‘ထျန်းပင်းစံအိမ်က တကယ် အံ့ဩစရာကောင်းတယ်.. အဲမှာရှိတဲ့ မှော်လက်နက်တွေမှာ တကယ်ကြီး စိတ်ဝိညာဉ်တွေ ရှိနေတာပဲ.. မကောင်းတဲ့ ရည်ရွယ်ချက်နဲ့လူတွေ ရောက်သွားရင် ကောင်းကင်က အပြစ်ပေးတာ ခံရလိမ့်မယ်..’ ဤကောလဟာလမှာ အလျင်အမြန်ပင် ပြန့်နှံ့သွားခဲ့လေသည်။

မည်သို့ပင်ဆိုစေကာမူ လူ အတော်များများ မျက်လုံးဖြင့် တပ်အပ်မြင်ခဲ့ကြသည့်အတွက်ကြောင့် ဤကောလဟာလမှာ မှန်ကန်ကြောင်းလည်း ပြန့်နှံ့သွားခဲ့၏။ ဤအကြောင်းပြောသည့်အချိန်တွင် လူများသည် သတိထားနေရဟန်ဖြင့် ခပ်တိုးတိုးသာပြောခဲ့ကြသည်။ နားထောင်ရသည့်လူများအား ကျောအေးစိမ့်ကာ အသက်ရှူပင် အောင့်ထားမိစေတော့၏။

မည်သူကများ မယုံရဲဘဲနေပါမည်နည်း။ အရှေ့လမ်းဘက်မှ လူမိုက် သေးထွက်မတတ် ကြောက်နေသည်ကို သူတို့ မြင်နေရသည် မဟုတ်ပါလော။ သူ့အကြောင်းမသိသည့် လူ မရှိပေ။ ဤလူမှာ ကာကွယ်စောင့်ရှောက်ခဟု ဆိုကာ ပိုက်ဆံလိုက်ကောက်နေသည့် လူဆိုးပင်ဖြစ်၏။

ထို့အတွက်ကြောင့် သတင်းမှာ ပိုပို၍ ချဲ့ကားလာ၏။ နောက်ပိုင်းတွင် ဇာတ်လမ်းအမျိုးမျိုးထွက်လာခဲ့ကာ အသစ်ဖွင့်သည့် “ထျန်းပင်းစံအိမ်” မှာ ထူးခြား ဆန်းကြယ်သော နေရာတစ်ခုဟု ပြောစမှတ်တွင်လာတော့သည်။

အပိုင်း ၆၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset