Chapter – 280
“ဖိနှိပ်ခံရခြင်း”
မုန်တိုင်းအိမ်တော်သည်ကျန်သောလူများအား အ ဖတ်ပင်လုပ်ခြင်း မရှိဘဲ ခန်းမအတွင်းသို့သာ ဝင်သွားကြသည်။ နောက်ပင် လှည့်မကြည့်ကြချေ။
ထိုအခါမှသာ အဘိုးကြီးလည်း လူငယ်လေး၏ ပါးစပ်အား ပိတ်ထားရာမှ လွှတ်ပေးလိုက်သည်။ လူငယ်လည်း ယခုမှသာ အသက်ဝဝ ရှူရသည့်အတွက်အသည်းအသန်ပင်အသက်ရှူလိုက်သည်။
“စကားပြောတာ ဆင်ခြင်စမ်း . . .”
အဘိုးကြီး၏ အသံသည် တုန်ယင်လျက် ရှိသည်။
ဘေးမှ လူများသည် အဘိုးကြီးနှင့် လူငယ်အား အရူးများပမာပင်ကြည့်နေကြသည်။
(သူတို့ မျိုးနွယ်မှာ ဒီလို အရူးတွေ ရှိနေတာပဲ။ ဘယ်သူကများ သူတို့ကို လွှတ်လိုက်တာလဲ မသိဘူး . . .)
လင်းပါအို ခန်းမ၏ နှုတ်ခွန်းဆက်သမည့် အဖွဲ့ပင် မရောက်သေးသော်လည်း မုန်တိုင်းအိမ်တော် အဖွဲ့မှာမူ အထဲသို့ ဝင်သွားကြလေပြီ။
ထိုလူများအား လင်းပါအိုခန်းမ အနေဖြင့် အကောင်းမွန်ဆုံး ဆက်ဆံကြမည်သာ ဖြစ်သည်။
ဝမ်ဇန်းဟိုသည် တံခါးဝသို့ ကပျာကယာပင်ရောက် လာရင်း ဦးညွှတ်လိုက်ကာ –
“ကြွပါ . . . ကြွပါ . . . အခုလို ကြွရောက် ချီးမြင့်ပေးတာ လင်းပါအိုအတွက်ဂုဏ်ယူမိပါတယ် . . .”
ဝမ်ဇန်းဟိုအနေဖြင့် ရွေးချယ်စရာလမ်း မရှိတော့ချေ။
အစောပိုင်းတွင်နှုတ်ခွန်းဆက်သမည့် အဖွဲ့အား စေလွှတ်၍ ရဲရှောင်လာသည်အထိ အချိန်ဆွဲထားရန် စီစဉ်ထားသော်လည်း ယခုအခါတွင်မူ မတတ်နိုင်တော့ချေ။
မုန်တိုင်းအိမ်တော်အဖွဲ့ ရောက်လာသည်ကို မည်သူက တားဆီးဝံ့ပါမည်နည်း။
တားဆီးဝံ့သောသူပေါ်လာလျှင်လည်း အသက်ကို ဖက်နှင့်ထုပ်ထားရမည်သာ ဖြစ်သည်။
လေလံပွဲအား အချိန်ဆွဲထားနိုင်ရန်အလို့ဌာ နှုတ်ခွန်းဆက်သမည့်အဖွဲ့အားစေလွှတ်လိုက်လျှင်လည်း မုန်တိုင်းအိမ်တော်ဘက်မှ လက်ခံမည်မဟုတ်ပေ။လေလံပွဲ အမြန်စရန်သာ အလိုရှိသည့်အတွက်မုန်တိုင်းအိမ်တော်အနေဖြင့်အခြားအရာများအား အပိုအလုပ်ဟုပင်သတ်မှတ်ထားပေလိမ့်မည်။
ထို့ကြောင့်ဝမ်ဇန်းဟိုသည် အဖွဲ့အား စီစဉ်ထားပြီး ဖြစ်သည့်တိုင် မတတ်သာတော့ချေ။
လူများအားလုံး ခန်းမအတွင်းသို့ ဝင်လာကြပြီ ဖြစ်သည်။
သို့သော်မည်သူမျှ အသံမထွက်ရဲကြဘဲ သတ်မှတ်ထားသောနေရာများတွင်သာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့်နေရာယူသွားကြသည်။ ထိုလူများ၏ ပုံစံသည်အတန်းထဲတွင်ဆရာရှိနေ၍ ငြိမ်ကုပ်နေကြသောကျောင်းသားများနှင့်ပင်တူနေပါသေးသည်။
အသက်ကိုပင် ကျယ်ကျယ်မရှူရဲကြပေ။
လူတိုင်း၏ စိတ်ထဲတွင်အလွန်တရာပင်စိတ်ကျဉ်းကြပ်နေကြသည်။
(သေလိုက်ပါတော့ကွာ . . . မုန်တိုင်းအိမ်တော်သာ လာမယ်မှန်းသိရင် ငါမလာပါဘူး။ အခုတော့ အနေကျုံ့ရပြီ . . .)
မုန်တိုင်းအိမ်တော်အဖွဲ့ ရောက်ရှိလာခြင်းကြောင့် ကျန်ေသာ လူများအားလုံးသည်စိတ်ဖိစီးနေကြ သည်။
သာမန်အခြေအနေမျိုးသာ ဆိုပါက ရင်းနှီးကျွမ်းဝင်နေကြသည့် လူအချင်းချင်း ခေါ်ပြော နှုတ်ဆက်မိကြမှာ အသေအချာပင်ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ မည်သူမျှ ပါးစပ်မဟရဲကြချေ။ ကိုယ့်နေရာကိုယ်ယူပြီးသည်နှင့် လေလံပွဲပင် စတင်ကျင်းပရတော့မည့်ပုံပင်။
ခဏအကြာတွင် လူများအားလုံး ခန်းမအတွင်းတွင်နေရာယူပြီး ကြပြီ ဖြစ်သည်။
ထိုအချိန်တွင်ကွမ်ဝမ်ရှန်သည်စင်ပေါ်သို့ တက် လာရင်း လေလံပွဲအကြောင်း စတင်၍ နိဒါန်းချီပါတော့သည်။ ကွမ်ဝမ်ရှန်အား မည်သူမျှ မေးခွန်းမထုတ်ကြသကဲ့သို့ ထောက်ခံသည့် အသံများလည်း မကြားရချေ။ ကွမ်ဝမ်ရှန်၏ အဖြစ်သည်ပွဲကြည့်ပရိတ်သတ်တစ်ယောက်မျှ မရှိဘဲ စင်ပေါ်တွင်တစ်ယောက်တည်း ကပြဖျော်ဖြေနေရသည့်လူတစ်ယောက်ပမာလိုပင်ဖြစ်နေရရှာသည်။
အပေါ်ထပ် ပွဲကြည့်စင်၌ရှိသော နံပါတ် ၁ အခန်း၏ အပြင်ဘက် ဘယ်နှင့်ညာ တစ်ဖက်တစ်ချက်စီတွင်လူရှစ်ယောက်စီ မတ်တတ်ရပ်နေကြသည်။ ထိုလူများ၏ မျက်နှာသည် ခံစားချက်ကင်းမဲ့သည့် ပုံစံမျိုးဖြင့် ရှိနေကြသည်။
နံပါတ် ၁ အခန်း၏ ဝင်ပေါက်တွင် ပိုးလိုက်ကာတစ် ခု ကာရံထားပြီး ထိုလိုက်ကာသည်လေထဲတွင် လွင့်မျောလျက်ရှိသည်။
အဆိုပါ ပိုးလိုက်ကာလေးသည် လေလံပွဲနှင့်အခန်းအား ကန့်ထားသော အရာတစ်ခုပင် ဖြစ်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် လေလံပွဲကြီးသည်စတင်ခဲ့ချေပြီ။
ဝမ်ဇန်းဟိုသည်မျောက်မီးခဲ ကိုင်ထားသည့်အလား ဘာဆက်လုပ်ရမှန်း မသိအောင်ပင်ဖြစ်နေမိသည်။ ဖန်ဧကရာဇ်သည်ယခုအချိန်အထိရောက်ရှိလာခြင်း မရှိသေးသဖြင့်ဝမ်ဇန်းဟိုတစ်ယောက်တည်း ကူရာမဲ့ ကယ်ရာမဲ့ပင်ဖြစ်လျက်ရှိသည်။
လေလံပွဲအား မဖြစ်မနေ စတင်ရတော့မည် ဖြစ်သည့်အတွက်ဝမ်ဇန်းဟိုအနေဖြင့်ပို၍ စိုးရိမ်ပူပန်နေမိသည်။
လေလံပွဲသို့ မုန်တိုင်းအိမ်တော်ရောက်ရှိလာခြင်းကြောင့် ခန်းမအတွင်း တိတ်ဆိတ်ငြိမ်သက်လျက်ရှိ သည်။ မည်သူမည်ဝါမျှ ပြဿနာ ရှာရဲမည် မဟုတ်ချေ။
အမှားအယွင်း တစ်စုံတစ်ရာသာ မရှိပါက ယခုအကြိမ်ကျင်းပသည့်လေလံပွဲသည်အောင်အောင်မြင်မြင်နှင့် မြန်မြန်ဆန်ဆန် ပြီးဆုံးသွားမည့် လေလံပွဲတစ်ခုပင် ဖြစ်ပေလိမ့်မည်။
သြဇာအာဏာ ကြီးမားလှသည်ဆိုသည့်ဂိုဏ်းကြီး ၂ ခုပင် မုန်တိုင်းအိမ်တော် စိတ်ညိုညင်ရမည့်အလုပ်မျိုး လုပ်ရဲလိမ့်မည် မဟုတ်ပေ။
သို့သော် ထိုဂိုဏ်းကြီး ၂ ခုသည် လင်းပါအိုခန်းမ ကိုမူ စိတ်ရှိတိုင်း ထင်တိုင်းကြဲနိုင်လိမ့်မည်ဟု ယူဆထားကြသည်။
ဂိုဏ်းကြီး ၂ ဂိုဏ်းမှ မုန်တိုင်းအိမ်တော်အပေါ်တွင်မကျေနပ်သမျှ လင်းပါအိုပေါ်သို့ ပုံကျလာမည် ဆိုပါက ဝမ်ဇန်းဟိုအနေဖြင့်မည်သို့ လုပ်ရမှန်း မသိအောင်ပင်ဖြစ်နေမိသည်။ ထိုအခါတွင်လင်းပါအိုခန်း မ၏ အဖြစ်သည်ကုလားမနိုင်ရခိုင်မဲခံရမည့်အဖြစ်နှင့်ပင်တူနေပေတော့မည်။
မုန်တိုင်းအိမ်တော်မှလည်း လင်းပါအိုအား မည်သည့် ကိစ္စမျှ မရှိဘဲ ကာကွယ်ပေးလိမ့်မည် မဟုတ်ချေ။
အမှန်တကယ်တွင်မူ မုန်တိုင်းအိမ်တော်အဖွဲ့ လာရောက်ခြင်းကိုပင်လင်းပါအိုဘက်မှ ကျေးဇူးတင် ဂုဏ်ယူရမည် ဖြစ်သည်။
ဝမ်ဇန်းဟိုသည် ထိုင်နေရင်းဖြင့်မြင်နေရသည့် အ ခန်း ၂ ခန်းအားကြည့်ရင်းကြောက်ရွံ့စိတ်သည်ကျောရိုးထဲမှပင်စိမ့်တက်လာကာ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ကတုန်ကယင် ဖြစ်နေမိသည်။ ဖိအားများကြောင့်ထိုင်နေသည့်နေရာမှ ချက်ချင်းပင်အခိုးအငွေ့အဖြစ်ကွယ်ပျောက်သွားချင်သလိုလည်း ခံစားနေရသည်။
အခန်း ၂ ခန်းအတွင်းမှ ဂိုဏ်းကြီး ၂ ခုသည် ယခုကဲ့သို့ ဝမ်ဇန်းဟို ကြောက်ရွံ့ တုန်လှုပ်နေစေရန် ရည်ရွယ်၍ တမင် ကြည့်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဝမ်ဇန်းဟိုသည်နေရထိုင်ရပင်ခက်နေမိသည်။
ထိုဂိုဏ်းကြီး ၂ ခုသည် မုန်တိုင်းအိမ်တော်မှလွဲ၍ မော်တယ်ကမ္ဘာရှိ မည်သူ့ကိုမျှ ကြောက်ရွံ့ ကြလိမ့်မည် မဟုတ်ချေ။
ဝမ်ဇန်းဟိုလိုလူပင် ထိုဂိုဏ်းကြီးများအား တွန်းလှန်နိုင်ခြင်း မရှိပေ။
ဝမ်ဇန်းဟိုသည် ချမ်းသာခြင်း နတ်ဘုရားဟု တင်စားရလောက်အောင် ချမ်းသာသည့်တိုင် ပညာရှင်များကိုမူ ရင်ဆိုင်နိုင်စွမ်း မရှိချေ။ ထို့ကြောင့်ပင် ယခုကဲ့သို့ ကြောက်ရွံ့ထိတ်လန့် နေရခြင်း ဖြစ်ပေသည်။
ဂိုဏ်းကြီး ၂ ခု မျှော်လင့်ထားသည့်အတိုင်း ဝမ်ဇန်းဟိုသည်ထိုင်ရခက်ထရခက်ပင်ခံစားရနေရသည်။
ခန်းမ၏ ထောင့်တစ်နေရာတွင်မူ လျုချန်းဂျန်သည်အေးစက်မာကြောသော မျက်နှာထားနှင့်ရှိနေသည်။
ဝမ်ဇန်းဟို၏ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေ သည် ကို လျုချန်းဂျန်မြင်တွေ့လိုက်ရသည်။
ထိုမြင်ကွင်းအား ကြည့်ရင်း လျူချန်းဂျန်၏ မျက်လုံးများသည် ခက်ထန်လျက်ရှိသည်။ ထို့နောက်သူ၏ ဓားအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။ ထိုအခါ လက်မှ အကြောများသည်ပေါက်ကွဲထွက်တော့မည့်အလား ထောင်သွားကြသည်။
ထိုကဲ့သို့ ပြုလုပ်လိုက်ခြင်းမှာ လျုချန်းဂျန်သည် သူ၏ လက်အောက်ရှိ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့ဝင်များအားလက်ဟန်ဖြင့်အချက်ပြလိုက်ခြင်းပင်ဖြစ်သည်။ခေါင်းဆောင်ဖြစ်သူ အချက်ပြလိုက်သည်နှင့်အဖွဲ့ဝင်များ အားလုံးသည် လျူချန်းဂျန်ကဲ့သို့ပင် ဓားများအား ကိုင်လိုက်ကြသည်။လေလံခန်းမ တစ်ခုလုံးတွင်သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် ရုတ်တရက်ဖုံးလွှမ်းသွားပါတော့သည်။
နေရာအနှံ့တွင်ရှိနေကြသည့် လုပ်ကြံသတ်ဖြတ်ရေးသမား အယောက်၂၀၀ ခန့်သည် သူတို့၏ သတ်ဖြတ်လိုစိတ်များအား ဖြစ်ပေါ်စေလိုက်သဖြင့် ထိုကဲ့သို့ အငွေ့အသက်များ ဖြစ်ပေါ်သွားရခြင်း ဖြစ်သည်။
ထိုလူများသည်သွေးဆာနေသော ကျားသစ်များနှင့်ပင်တူနေပါသေးသည်။
သူတို့အားလုံး လိုအပ်နေသည်မှာခေါင်းဆောင်၏ အမိန့်တစ်ချက်ပင် ဖြစ်သည်။
ထိုအမိန့်မှလွဲ၍ရှေ့တွင်တားဆီးပိတ်ပင်နေမည့်အတားအဆီးများအား ဂရုမစိုက်ဘဲ အပြတ်ရှင်း ပစ်မည်သာ ဖြစ်သည်။
အကယ်၍ ထိုလုပ်ကြံသတ်ဖြတ်ရေး သမားများအနေဖြင့်တိုက်ပွဲတွင်မုဆိုးဖြစ်ပါက သားကောင်အား သတ်ရမည်ဖြစ်ပြီး သားကောင်သာ ဖြစ်သွားခဲ့ပါက ရန်သူတစ်ဖြစ်လဲ မုဆိုးများ၏ သတ်ဖြတ်ခြင်းအား ခံရမည်မှာ မလွဲဧကန်ပင်။
လျူချန်းဂျန်၏ မျက်လုံးများသည်ပို၍ အေးစက်လာခဲ့သည်။ ထို့နောက်ဝမ်ဇန်းဟိုထံမှ အကြည့်လွှဲလိုက်ရင်း ဂိုဏ်းကြီး ၂ ဂိုဏ်း ရှိရာ အခန်း ၂ ခန်းသို့ တစ် ချက် လှမ်းကြည့်လိုက်သည်။
ထိုအခါ သူ၏ သတ်ဖြတ်လိုသောစိတ်များသည် ဖုံးမနိုင် ဖိမရပင်ဖြစ်လာခဲ့သည်။
ထိုစိတ်များသည်မီးတောင်တစ်ခုအလား အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်လေသည်။
လျူချန်းဂျန်သည် ဝမ်ဇန်းဟိုခံစားနေရသည့် ဖိအားများအား ကောင်းစွာ နားလည်နေသည်။ မည်မျှအထိ ဒုက္ခများသည်ဆိုသည်ကိုလည်း သိနေခဲ့ သည်။
တစ်ခါတစ်ရံတွင်လျူချန်းဂျန် ကိုယ်တိုင်ပင်ဝမ်ဇန်းဟိုအား ပြောဆိုရိုက်နှက်ချင်မိသော်လည်း တစ်စုံတစ်ယောက်မှ ဝမ်ဇန်းဟိုအား ကျဉ်းထဲကျပ်ထဲရောက်အောင် ပြုလုပ်မည်ဆိုလျှင်လည်း နည်းနည်းလေးမျှ သည်းခံနေမည် မဟုတ်ပေ။
အတူနေရသည့်အချိန်ရှည်ကြာလာပြီ ဖြစ်သည့်အတွက်သူတို့ နှစ်ဦးသည် ညီအစ်ကိုများလိုပင် ဖြစ်နေပြီ မဟုတ်ပါလော။
အခန်း ၂ ခန်းအတွင်းမှ လူများသည်လည်း သတ်ဖြတ်လိုသော အငွေ့အသက်များအား ခံစားနေမိကြသည်။
(သူတို့ နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘူးပေါ့လေ . . .)
ထိုလူများသည်မခိုးမခန့်ပြုံးလျက်သာ ရှိနေကြပါတော့သည်။