Chapter – 279
“မုန်တိုင်းအိမ်တော်၏ အရှိန်အဝါ”
အဖြူရောင် ဝတ်ဆင်ထားသော လူများတွင်အနက်ရောင်ဟူ၍ သူတို့၏ ဆံပင်များနှင့် မျက်လုံး သူငယ် အိမ်များသာ ရှိလေသည်။ ကျန်သည့်အရာအားလုံးမှာ အဖြူရောင်များ ဖြစ်သည်။
ညာဖက်ခြမ်းရှိ လူများမှာမူ ဝတ်ရုံ၊ ဖိနပ်၊ ဦးထုပ်၊ ခါးပတ်နှင့် ဓားစသည်တို့အား အနက်ရောင်များသာ ဆင်ယင်အသုံးပြုထားကြသည်။
အဖြူရောင်ဟူ၍ မျက်လုံးသာ ရှိပြီး ကျန်သည့်အရာ အားလုံးမှာ အနက်ရောင်များ ဖြစ်သည်။
ထိုလူနှစ်စုသည် ထူးခြားသော အဆင်အယင်များ ဖြင့် ရှိနေကြပြီးလေလံခန်းမရှိရာသို့ တဖြည်းဖြည်း လျှောက်လှမ်းလာကြသည်။ ထို့ပြင်မျက်နှာအသွင်အပြင်များသည်လည်း တည်ငြိမ်စွာဖြင့်ပင်ရှိနေကြပြီး ခြေလှမ်းလှမ်းသည်ကအစ သတိဖြင့် လှမ်းနေကြသည်။
ထိုလူများ၏ အမြင်တွင် လင်းပါအိုရှေ့၌ ရှိနေကြသော ပညာရှင်များအား ပမွှားဟုသာ သတ်မှတ် ထားကြသည့်ပုံပင်။
ထိုလူအုပ်၏ အလယ်တွင် ဝေါယာဉ်တစ်ခု ရှိနေလေသည်။
အဆိုပါဝေါယာဉ်အား လူ ၈ ယောက်မှ ထမ်းပိုးထားပြီး ထိုလူ ၈ ယောက်အနက် ဘယ်ဖက်ခြမ်းမှ လေးယောက်သည် အဖြူရောင်များဖြစ်ပြီး ညာဘက်ခြမ်းမှ လူလေးယောက်မှာမူ အနက်ရောင်များ ဖြစ်ကြသည်။
ဂိုဏ်းကြီး ၂ ဂိုဏ်းမှ လူများသည်လည်း မျက်မှောင်ကြုတ်၍ ကြည့်နေကြသည်။ ထို့နောက်ရှေ့ဆုံးတွင် ရှိသော လူတစ်ဦးမှ ရယ်မောလိုက်ရင်း –
“ဘယ်သူများလဲ . . . ငါတို့ကို ခဏနေဦးလို့ ဘယ် သူကများ ပြောရဲရတာလဲ။ ငါတို့ နေရောင်ဂိုဏ်းက မင်းတို့ပြောတာကို လက်မခံဘူးဆိုရင်ရော မင်းတို့က ဘာလုပ်မှာလဲ . . .”
ဝေါယာဉ်အဖွဲ့သည် နေရောင်ဂိုဏ်းမှလူ ပြောလိုက်သည့်စကားအား ကြားလိုက်သည့်ပုံပင်မပေါ်ချေ။
ကြယ်ရောင်ဂိုဏ်းမှ အဘိုးကြီးတစ်ဦးသည်နေရောင်ဂိုဏ်းမှ လူအား အထင်သေးသည့်ဟန်ဖြင့် ကြည့် လိုက်ရင်း စိတ်ထဲတွင်လှောင်ရယ်ချင်မိသွားသည်။
(ကြည့်စမ်းပါဦး . . . သူ့ဘက်ကသာဟိတ်ကြီးဟန်ကြီးနဲ့ပြောနေတာ ဟိုက အဖတ်တောင် မလုပ်ဘူး၊ ဘာမှ သြဇာအာဏာ မရှိဘဲ မာန်ထချင် နေသေးတယ်။ ငါပြောပြမယ် ကြည့်ထား . . .)
ထို့နောက် အဘိုးကြီးသည် ကျယ်လောင်သော အသံဖြင့် –
“ဟေ့ . . . ငါက ကြယ်ရောင်ဂိုဏ်းက လိဝမ်ချွန်ပဲ . . .”
သူပြောသည်ကိုလည်း တစ်ဖက်မှ အရေးလုံးဝ မစိုက်ပေ။
ဝေါယာဉ်အဖွဲ့သည်လေလံခန်းမနှင့်တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည်။
ထိုလူများအားလုံးသည် တစ်ဖက်မှ ပြောလိုက်သည့်စကားများအား ကြားသည့်တိုင် အဖတ်မလုပ်ကြခြင်း ဖြစ်သည်။
လိဝမ်ချွန် ဒေါသထွက်သွားလေသည်။ ထပ်မံ၍ အော်ဟစ် ပြောဆိုရန် ပြင်နေစဉ်မှာပင် ဝေါယာဉ်ထဲမှ နေ၍ အပြင်ဘက်သို့ ကတ်ပြားတစ်ချပ် ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုကတ်ပြားနှင့် အတူ အေးစက်မာကြောသော အသံသည်လည်း ထွက်ပေါ်လာခဲ့သည်။
“ထွက်သွားကြစမ်း . . .”
ကတ်ပြားသည်မမြင်နိုင်သော လက်တစ်စုံမှ သယ်ဆောင်သွားသည့်အလား လေထဲသို့ မျောလွင့်သွားသည်။
ထိုအချိန်တွင်နေရောင်ခြည်သည် ကတ်ပြားအပေါ်သို့ ကျရောက်သွားသည်။
နေရောင်ခြည်နှင့်ထိတွေ့သွားသောအခါ ကတ်ပြားမှထောင်ချီများပြားသော အလင်းတန်း များသည်ဖြာထွက်သွားပြီး လေလံခန်းမ၏ တံခါးဝ၌ စာလုံးများ ထင်ဟပ်သွားေလသည်။
မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့်လူတိုင်း သည် အံ့သြတကြီးပင်ဖြစ်သွားကြသည်။
လူအုပ်ကြီးသည်လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီးနောက် တံခါးပေါ်မှ စာလုံးများအား မြင်လိုက်ရေသာအခါ တိတ်ဆိတ်သွားကြသည်။ စာလုံးများ၏ အရှိန်အဝါသည်လွန်စွာ ကြီးမားလှပေသည်။
တံခါးပေါ်၌ ထင်ဟပ်သွားသော စကားလုံးမှာ “မုန်တိုင်းအိမ်တော်” ဟူသော စကားလုံးပင်ဖြစ်သည်။ အဆိုပါ စာလုံး ၄ လုံး၏ ကြားထဲတွင် သေးငယ်သော အဆောက်အဦး ပုံစံငယ်ေလး တစ်ခုကိုပါ မြင်တွေ့လိုက်ကြရသည်။
သေးငယ်သော အိမ်ပုံစံလေးပင်ဖြစ်သော်လည်း မြင်လိုက်ရသူ အပေါင်းအဖို့ ကတုန်ကယင် ဖြစ် သွားကြသည်။
ထိုအမှတ်အသားသည်မုန်တိုင်းအိမ်တော်၏ အမှတ်အသားပင် ဖြစ်ချေတော့သည်။
မုန်တိုင်းအိမ်တော်ဆိုသည်မှာ ကမ္ဘာ့စွမ်းအားအကြီးဆုံး အင်အားစု တစ်ခုပင် ဖြစ်သည်။
ထိုစာလုံးများအား မြင်လိုက်ပြီးနောက် မည်သူမျှ ပါးစပ် မဟရဲတော့ပေ။ ဂိုဏ်းကြီး ၂ ဂိုဏ်းပင် နှုတ်ဆိတ် သွားလေသည်။
စာလုံး ၄ လုံးအား ကြည့်ရင်း လူအားလုံးသည်ထိတ်လန့် တုန်လှုပ်နေကြသကဲ့သို့ ဝေါယာဉ် သယ်ဆောင်လာသော လူများသည်လည်း လေးစားမှု၊ ကြောက်ရွံ့မှုများဖြင့် ထိုကတ်ပြားအား ငေးကြည့်နေကြသည်။
ကတ်ပြားသည် လေထဲတွင် တခဏမျှသာ ရှိနေခြင်းဖြစ်ပြီးနောက်သို့ ပြန်၍ လွင့်သွားခဲ့သည်။
သို့သော် စာလုံးများမှာမူ ပြန်လည် ပျောက်ကွယ်သွားခြင်း မရှိဘဲ ပို၍ပင်ကြီးကြီးလာကာ လင်းပါအို၏ အရှေ့ဘက် မျက်နှာစာ တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။
ထိုကတ်ပြား ဝေါယာဉ်အတွင်း ပြန်လည် ရောက်ရှိသွားသည့် အခါမှသာ စာလုံးများသည်ပြန်လည်ပျောက်ကွယ် သွားပါတော့သည်။
ထိုအချိန်တွင်အပ်ကျသံပင် မကြားရလောက်အောင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဝေါယာဉ်အတွင်းမှ ချောင်းဟန့်သံတစ်သံ ထွက်ပေါ်လာပြီးသည့်နောက်-
“ဟာသပဲ . . . ကျွန်မတို့ကို ဘယ်သူကများ စိန်ေခ်ါတာလဲ မသိဘူးနော် . . .”
ထွက်ပေါ်လာသည့်အသံသည်ရှင်းလင်းပြတ်သားလှပြီး မိန်းကလေးတစ်ဦး၏ အသံပင် ဖြစ်သည်။
ထိုအခါ လူများအားလုံးသည်လိဝမ်ချွန်အား ပြိုင်တူပင်လှမ်းကြည့်လိုက်ကြသည်။
မူလက ဒေါသထွက်၍ ရဲရဲနီနေသော လိဝမ်ချွန်၏ မျက်နှာသည် ချက်ချင်းပင် အမူအယာပြောင်း သွားကာ –
“ဟားဟား . . . အထင်မှားနေကြတာပါ၊ အထင်မှားနေကြတာပါ။ ကျုပ် လိဝမ်ချွန် ခင်ဗျားတို့ လာနေတာကို မသိလို့ပါ။ ဝေါယာဉ်ထဲက မိန်းကလေးက ဘယ်တစ်ယောက်လဲ သိခွင့်ရှိမလားဗျ . . .”
ဝေါယာဉ်အတွင်းမှ မည်သည့်အသံမျှ ထွက်မလာချေ။
“သွားစို့ . . .”
အေးစက်စက်အသံတစ်ခု ထွက်လာသည်နှင့် ဝေါယာဉ်သည်လည်း လေလံခန်းမ အတွင်းသို့ ဝင်ရောက်သွားပါတော့သည်။
ဝေါယာဉ်ထဲမှ မိန်းကလေးသည် လိဝမ်ချွန်အား အဖတ်ပင်မလုပ်တော့ချေ။ လိဝမ်ချွန်၏ အမေးအား ပြန်လည်ဖြေကြားခြင်း မရှိခဲ့သည်မှာ သူမအနေဖြင့်ဖြေချင်စိတ် မရှိခြင်းကြောင့်ဖြစ်စေ အထင်သေးသဖြင့် အဆက်အဆံ မလုပ်ချင်သောကြောင့်ဖြစ်ေစ အကြောင်းတစ်ခုခုကြောင့်ဖြစ်ပေလိမ့်မည်။
လူများ၏ အမြင်တွင်မူ လိဝမ်ချွန်၏ အဖြစ်သည်လူပုံအလယ်၌ ပါးရိုက်၍ အရှက်ခွဲ ခံလိုက်ရသည့်အဖြစ်နှင့်ပင်တူနေပါသေးသည်။ ရှက်ဖွယ်လိလိ အနေအထားတစ်ခုပင်။
သို့သော် လိဝမ်ချွန်သည်ဘာဆို ဘာမျှ မလုပ်ရဲချေ။ သူ့ထံတွင်လုပ်နိုင်သည့် အစွမ်းလည်း မရှိပေ။ ထို့ကြောင့်ဝေါယာဉ် အတွင်းသို့ ဝင်သွားသည်ကိုသာ ပြုံး၍ ကြည့်နေပြီး အနည်းငယ်ပင် ဦးညွှတ်၍ အရိုအသေပြုလိုက်ပါသေးသည်။
လိဝမ်ချွန်သည်ဦးညွတ်ပြီးသည့်တိုင်မြေပြင်ကိုသာ ငေးကြည့်နေမိသည်။
အကြောင်းမှာ သူ့အား ကြည့်နေကြမည့်လူများ၏ မျက်လုံးများကို ရင်ဆိုင်နိုင်စွမ်း မရှိသောကြောင့်ပင်ဖြစ်သည်။
မျက်လုံးများ ပိတ်ထားရန်လည်း မသင့်သဖြင့် အောက်သို့သာငုံ့၍ မြေပြင်အား စိုက်ကြည့်နေရခြင်းပင်ဖြစ်သည်။ လက်ရှိအခြေအနေတွင်မည်သူနှင့်မျှ မျက်နှာချင်း မဆိုင်ဝံ့တော့ချေ။
နေရောင်ဂိုဏ်းမှ လူများသည်လိဝမ်ချွန်အား ကြည့်ရင်း –
(မျက်နှာလေးဘာလေးလည်း မော့စမ်းပါဦး။ ခုနကတော့ ဆရာကြီးလိုလို ဘာလိုလိုနဲ့၊ အခုကျတော့ ကုပ်နေတာပါပဲလား။ သူ့မျက်နှာကြီး ကြည့်ရတာ ကျေနပ်အားရလိုက်တာ။ ဟားဟား . . . ငါတို့လည်း အရှက်ကွဲခဲ့ရတာပါပဲ။ ဒါပေမယ့်မင်းအဖြစ်က ပိုဆိုးနေတယ်။ အနည်းဆုံးတော့ ငါတို့က မင်းလောက် အရှက်မကွဲခဲ့ဘူး။ အခုတော့ ဘာမှ မဖြစ်ချင်ယောင် ဆောင်နေရတာ သနားစရာပါလား . . .)
သို့သော် လိဝမ်ချွန်သည် အဆိုးဆုံးတော့ မဟုတ်ချေ။
မျိုးနွယ်စုကြီး ၈ စုမှ အချို့သော လူများသည်လည်း လိဝမ်ချွန်ကဲ့သို့ပင် ဦးညွှတ်နေကြသည်။ ထိုလူများ၏ လည်ပင်းများတွင်လည်း ချွေးများ ရွှဲစိုလျက် ရှိပြီးအလွန်အမင်းပင်ထိတ်လန့်နေကြသည်။
အခြားသူများထက်ပို၍ ထိတ်လန့်နေကြသည့်လူများမှာ မူမျိုးနွယ်မှ လူများပင် ဖြစ်ကြသည်။
နောက်ဆုံးကျင်းပခဲ့သည့်လေလံပွဲတွင်မူမျိုးနွယ်မှ လူများသည် မုန်တိုင်းအိမ်တော်မှချူးအာနှင့် အတိုက်အခံ ဖြစ်ခဲ့ကြဖူးသည်။ ထိုနောက်ပိုင်းတွင် မူမျိုးနွယ်မှ လူ ၁၀၀ ကျော် အကြောင်းအရင်းမရှိ အသတ်ခံခဲ့ရလေသည်။
မူမျိုးနွယ်သည် တောင်းပန်ချင်ခဲ့သည်တိုင် မတောင်းပန်နိုင်ခဲ့ချေ။ မုန်တိုင်းအိမ်တော် ရှိရာသို့ပင် မသွားနိုင်ခဲ့ကြပေ။
ယခုအခါတွင်ဒုတိယအကြိမ် ကျင်းပမည့်လေလံပွဲ အတွက်မုန်တိုင်းအိမ်တော်သည်လည်း ရောက်ရှိလာခဲ့သည်။
မူမျိုးနွယ် ကိုယ်စားပြု တက်ရောက်ရန် စေလွှတ်လိုက်သော လူ ၃ ဦးသည်လည်း အားမရှိတော့သည့်အလားခံစားနေကြရသည်။
မုန်တိုင်းအိမ်တော်နှင့်ပြန်လည်ဆုံစည်းရခြင်းသည်သူတို့အဖို့ ကံဆိုးမိုးမှောင်ကျခြင်းပင်ဖြစ်သည်။
အခြား မျိုးနွယ်တစ်ခုမှ လူငယ်တစ်ဦးသည်လေသံတီးတိုးဖြင့် –
“မုန်တိုင်းအိမ်တော်ဆိုတာ ဘာလဲ . . .”
ထိုလူငယ်၏ စကားဆုံးသည်နှင့် ဘေးနားတွင်ရပ်နေသော အဘိုးကြီး တစ်ဦးသည် ထိုလူငယ်၏ ပါးစပ်အား မြန်မြန်ဆန်ဆန်ပင်လှမ်းပိတ်လိုက်သည်။ အဘိုးကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး ကတုန်ကယင်ပင်ဖြစ်လျက်ရှိပြီး ချွေးစေးများပင် ပြန်လျက်ရှိသည်။
(တော်တော်ကို ရဲတင်းတဲ့ သခင်လေး . . . ပါးစပ်က အငြိမ်ကိုမနေဘူး . . .)
အဘိုးကြီးမှ ဆိုင်းမဆင့်ဗုံမဆင့်ပင်လျင်မြန်စွာဖြင့်လူငယ်လေး၏ ပါးစပ်အား လက်ဖြင့် ပိတ်လိုက်သဖြင့် ထိုလူငယ်သည်လည်း သီးသွားမတတ်ပင်ဖြစ်သွားပါတော့သည်။