Chapter – 277
“မင်းသိလား”
အကယ်၍ ရဲရှောင်အနေဖြင့်ခရမ်းရောင်ချီဓာတ်များ၊ ထူးခြားဆေးလုံးများနှင့် ရေစက်များကိုသာ အသုံးမပြုလိုက်ပါက ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ပြန်လည် သက်သာလာမည် မဟုတ်ချေ။ သို့သော်တိုက်ပွဲတွင်ရရှိခဲ့သည့်ဒဏ်ရာသည်ပြင်းထန်လွန်းလှသည့်အတွက်သူ၏ စွမ်းအင်များစွာ ကုန်ခမ်းခဲ့ရသည်။ ထို့ကြောင့်အပြည့်အဝ ပြန်လည် အားပြည့်ရန်အတွက်မူ အချိန်အနည်းငယ် လိုအပ်နေသေးသည်။
သို့သော် ရဲရှောင်သည်အဆင့်သစ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သောကြောင့်ယခင်ကထက်စွမ်းအင်များ ပိုမို ပြည့်ဝလာကာ မြန်မြန်ဆန်ဆန်ပင်အားပြန်ပြည့်လာခဲ့သည်။
ယခုအခါတွင် အပြာရောင်ဖျော့ဖျော့ အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်ထွက်ပေါ်လျက်ရှိပြီး ခရမ်းရောင် ချီဓာတ်များသည်လည်း ခန္ဓာကိုယ်တဝိုက် ရစ်သိုင်းလျက် ရှိသည်။ ထိုကဲ့သို့ စွမ်းအင်များ လှည့်လည်စီးဆင်းနေသောကြောင့်ဒဏ်ရာများ အလျင်အမြန် သက်သာလာကာ မူလက ဖြူရော်ရော် ရှိနေသော မျက်နှာသည်လည်းသွေးရောင်ပြန်လွှမ်းသွားခဲ့သည်။
အပြင်ဘက်တွင်နေပင်အတော် မြင့်နေချေပြီ။
အချိန်များကုန်ဆုံးသွားခဲ့သည်မှာ မြန်ဆန်လွန်း လှပေသည်။ လင်းပါအို ခန်းမ၏ အရှေ့တွင် လူပေါင်းများစွာ စောင့်ဆိုင်းနေကြသည်။ရောက်ရှိနေကြသည့်လူများသည်များပြားလွန်းလှ၍ ရေပင် ရေတွက်နိုင်မည် မဟုတ်ချေ။
သို့သော် ထိုကဲ့သို့ လူပေါင်းများစွာ ရှိနေကြသည့်တိုင် တိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ ရှိနေကြသည်။ မည်သူမျှ အသံမထွက်ရဲကြချေ။
ထိုလူအုပ်ကြီး၏ အရှေ့တွင် လူ ၆ ယောက်သည် အုပ်စု ၂ စုခွဲ၍ ရပ်နေကြသည်။
ထို လူ ၆ယောက်သည်တည်ငြိမ်စွာဖြင့်ပင်ရှိနေကြပြီး မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေကြသည့်ပုံပေါ်လွင်လှသည်။ ကျန်သော လူများအားလုံးထက်ပင်ထိုလူများသည်ထူးခြားနေလေသည်။
အဆိုပါ ၆ယောက်သည်ဂိုဏ်းကြီး ၂ ဂိုဏ်းမှ လူများပင် ဖြစ်သည်။ ထို့ပြင်အခြားသော ဂိုဏ်းကြီးများမှ လူများလည်းရောက်ရှိနေကြပြီး တိတ်တဆိတ်ဖြင့်သာ ရပ်နေကြသည်။ ထိုဂိုဏ်းများသည်ဂိုဏ်းကြီးနှစ်ခုဖြစ်သော နေရောင်ဂိုဏ်းနှင့် ကြယ်ရောင်ဂိုဏ်းတို့၏ နောက်တွင်သာ ရှိနေကြသော်လည်း ထိပ်သီးဂိုဏ်းများပင်ဖြစ်သဖြင့် အခြားလူများထက် ပို၍ ယုံကြည်မှု ရှိနေကြသည့်ပုံပင်။
ထိုလူများသည် ဘေးတိုက် ရပ်နေကြပြီးလေလံပွဲ စတင်မည့်အချိန်အားစောင့်ဆိုင်းနေကြသည်။
တတိယတန်းတွင်မူ မျိုးနွယ်စုကြီး ၈ စု ရှိနေကြသည်။ ထိုလူများမှာမူ ထူးခြားမှု သိပ်မရှိလှချေ။လေလံပွဲအတွက်စိတ်လှုပ်ရှားနေကြသည့် ပုံစံမျိုးသာ ရှိနေကြလေသည်။
အမှန်တကယ်တမ်းတွင်မူ ထိုလူများသည်လေလံပွဲတွင်ပွဲကြည့်ပရိတ်သတ် သဘောသာ ဖြစ်မည်ဆိုသည်ကိုလည်း သူတို့ကိုယ်တိုင်ပင်ရိပ်စားမိကြသည်။ ဂိုဏ်းကြီးများအကြား ဝင်ရှု့ပ်ရဲလောက်သည့် သတ္တိလည်း မရှိကြချေ။
သို့သော် လေလံပွဲမှ ပစ္စည်းများ အားလုံးသည် အဆိုပါ မျိုးနွယ်စုများ အားလုံးအတွက် အလွန်ပင် အရေးကြီးလှသည်။ မျိုးနွယ်စုများ၏ အနာဂတ်ဟုပင် ဆိုနိုင်ပေသည်။ ထို့ကြောင့်မျိုးနွယ်စုများအနေဖြင့်ကျားပါးစပ်ထဲတွင်ရှိနေသော အစာအား ထုတ်ယူရမည်ဟု သိကြသည့်တိုင် ထုတ်ယူနိုင်ရန်မူ ကြိုးစားကြရဦးမည် ဖြစ်သည်။
ထိပ်သီးဂိုဏ်းကြီးများနှင့်ယှဉ်၍လေလံဝင်ဆွဲရမည်ဖြစ်သည့်အတွက်သူတို့အားလုံး၏ စိတ်ထဲတွင် စိုးရိပ်ပူပန်မှု၊ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြ သည်။
ရောက်ရှိနေကြသော လူများအားလုံးသည်ခန်းမအတွင်း ဝင်ခွင့်ရရှိမည့် အချိန်အား စောင့်ဆိုင်းလျက် ရှိသည်။
ထိုလူများနှင့် ခပ်လှမ်းလှမ်းရှိ သစ်ပင်ထက်တွင်လူတစ်ဦးသည် ငြိမ်သက်စွာ မတ်တတ်ရပ်လျက် ရှိသည်။ သူ၏ မျက်လုံးများသည် အေးစက်လျက်ရှိပြီး လင်းပါအို ခန်းမဘက်သို့ ကြည့်လျက်ရှိသည်။
လင်းပါအို ခန်းမအတွင်း၌ ဝမ်ဇန်းဟိုသည်အရှေ့အနောက်လျှောက်နေရင်းဖြင့်ဂနာမငြိမ်ပင်ဖြစ်နေမိသည်။
“ဧကရာဇ်က ဘာလို့ အခုထိ မလာသေးတာလဲ မသိဘူး၊ ငါဒီလို ပွဲကြီးကို သူမရှိဘဲ ဘယ်လိုများ လုပ်ရပါ့မလဲ . . .”
ဝမ်ဇန်းဟို၏ နဖူးထက်မှ ချွေးများသည်လည်း ကြမ်းပြင်ပေါ်သို့ တစ်စက်ပြီးတစ်စက် ကျဆင်းလျက် ရှိသည်။
(လေလံပွဲစမယ့်အချိန်ထိ ဖန်ဧကရာဇ်ရောက်မလာခဲ့ရင် ငါ ဘယ်လိုလုပ်ရပါ့မလဲ။ ဟိုဂိုဏ်းကြီး ၂ ဂိုဏ်း တောင်းတာကိုသာ ငါ မပေးနိုင်ဘူးဆိုရင် သူတို့ ငါ့ကို ဘာလုပ်ကြမလဲ မသိဘူး။ ငါဘယ်လို ရင်ဆိုင်ရပါတော့မလဲ . . .)
(ငါ့ဘက်ကကြောက်တဲ့ အရိပ်အယောင် ပြလိုက်ရင်လည်း သူတို့ကရောင့်တက်လာကြဦးမယ်။ အဲဒီအခါကျ ငါတို့ဘက်က အများကြီး နစ်နာဆုံးရှုံးသွားနိုင်တယ်။ ဒါပေမယ့်ခေါင်းမာနေလိုက်မယ် ဆိုရင်လည်း သူတို့ကို ဆန့်ကျင်တယ်ဆိုပြီး ငါတင်မက ဘူး ငါ့တစ်မျိုးနွယ်လုံးပါ အသတ်ခံရနိုင်တယ် . . .)
(တော်တော်ကို ကျဉ်းထဲကျပ်ထဲ ရောက်နေတာပဲ။ ဘယ်အရာကိုမှ ကြိုတင် ခန့်မှန်းလို့ မရတော့ ငါဘယ်လို ဆုံးဖြတ်ချက် ချရမလဲ။ သူတို့ကို ဆန့်ကျင်လိုက်ရင် လင်းပါအိုအတွက် ရှေ့ဆက်ပြီး အလုပ်တွေကို ချောချောမွေ့မွေ့ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးကို ဆုံးဖြတ်ချက် ချနိုင်မယ့်အရည်အချင်းမျိုး င့ါဆီမှာ မရှိဘူး။ ငါ ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူး . . .)
အတွေးများဖြင့်ဗျာများကာ စိတ်ဖိစီးနေသည့်အတွက်ဝမ်ဇန်းဟိုသည်၁၀ ပေါင်ခန့်ပင် အလေးချိန် ကျသွားသည့်အလား ထင်မှတ်ရလေသည်။
လျူချန်းဂျန်မှာမူ တည်တည်ငြိမ်ငြိမ်ဖြင့်ပင်ရှိနေပြီး အေးစက်မာကျောသည့် မျက်နှာထားဖြင့် ရှိနေလေသည်။
ဝမ်ဇန်းဟိုနှင့် အပြင်ဘက်မှ လူအုပ်ကြီးသည် သူနှင့် မဆိုင်သည့်အလား အေးတိအေးစက်ပင် နေလျက်ရှိသည်။
လက်ရှိအခြေအနေ တစ်ခုလုံးအား ဂရုလုံးဝ မစိုက် သည့် ဟန်မျိုးပင်။
အမှန်တကယ်တမ်းတွင်မူ လျုချန်းဂျန်၏ စိတ်ထဲတွင်သူ၏ အဖွဲ့နှင့်ပက်သက်၍တွေးတောနေခြင်းပင်ဖြစ်သည်။
(ငါ့ရဲ့ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့ကို ဘယ်လိုလုပ်ရင် ကောင်းမလဲ၊ ဒီထက် အဆင့်မြင့်တဲ့ ပညာရှင်တွေကို ဘယ်ကနေ စုဆောင်းနိုင်မလဲ။ အခုအခြေအနေက ဖန်ဧကရာဇ်လိုချင်နေတဲ့ အခြေအနေကို ရောက်ဖို့ အဝေးကြီး လိုနေသေးတာပဲ . . .)
ဝမ်ဇန်းဟိုသည် သူ၏ နဖူးမှ ချွေးများအား သုတ်လိုက်ရင်း –
“ဘယ်လိုလုပ်ရမလဲကွာ . . . ဖန်ဧကရာဇ်ကလည်း အခုထိကို မလာနိုင်သေးဘူး။ ငါတော့ တော်တော်ကို ကံဆိုးနေပြီ။ အစောကြီးကတည်းက သူရောက်နေသင့်တာကို အခုတော့ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး . . .”
လျူချန်းဂျန်သည် ဝမ်ဇန်းဟိုအား အထင်သေးသည့်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ရင်း ကျောခိုင်းလိုက်ကာ –
(တော်တော်ကို စိတ်ညစ်စရာကောင်းတဲ့ ဖက်တီးပဲ။ ခိုတစ်ကောင်လို အမြဲ ညည်းညူနေတယ်။ ဒီစကားလုံးတွေကိုပဲ အခေါက်ခေါက်အခါခါ ညည်းညူနေတာ ဘယ်တော့များမှ ရပ်မလဲ မသိဘူး . . .)
ဝမ်ဇန်းဟိုသည် ရှေ့နောက်လျှောက်ရင်း အကြံထုတ်လျက် ရှိသည်။ ထို့နောက် လျူချန်းဂျန်ဘက်သို့ လှည့်လိုက်ရင်း –
“လျူ . . . ငါတို့ ဘာဆက်လုပ်ကြမလဲ . . . ဖန်ဧကရာဇ်သာ ရောက်မလာခဲ့ရင် ဘယ်လို လုပ်ကြမလဲ။ တော်တော်ကို စိတ်ညစ်စရာ ကောင်းနေပြီ။ ငါ့မှာ အခုထိ တိကျတဲ့ အဖြေ မထုတ်နိုင်သေးဘူး”
လျူချန်းဂျန်သည် ဝမ်ဇန်းကိုအား လှည့်၍ပင် မကြည့်ဘဲ –
“အဲဒါ ကျုပ်ကိစ္စမှ မဟုတ်တာ . . .”
လျုချန်းဂျန်၏ စကားကြောင့်ဝမ်ဇန်းဟိုသည် ပါးစပ်အဟောင်းသား ဖြစ်သွားကာ စိတ်ထဲတွင်လည်း ဒေါသ အလွန်အမင်းထွက်သွားသည်။
(မင်း ဘာလို့ ဒီလို ပြောနိုင်ရတာလဲ။ မင်းကတော်ရုံတန်ရုံလည်းစကား ပြောလေ့ မရှိဘူး၊ ပြောလိုက်ရင်လည်း တုတ်ထိုးအိုးပေါက်ချည်းပဲ။ မင်းက ကြပ်မပြည့်တဲ့ကောင်ပဲ။ ငါတို့က အခု အတူတူ အလုပ်တွဲလုပ်နေကြတဲ့ လူတွေလေ။ တစ်ခုခုသာဖြစ်ရင် ငါလည်း ပြေးမလွတ်သလို မင်းရော လွတ်နိုင်မယ် ထင်နေတာလား။ အဲ့ဒါတောင်မင်းက ဘာလို့ ဒီလောက်ထိ အေးအေးဆေးဆေးနေနိုင်နေတယ်ဆိုတာကို ငါဖြင့် နားတောင်မလည်နိုင်တော့ဘူး . . .)
ဝမ်ဇန်းဟိုသည်ထိုစကားများအား စိတ်ထဲတွင်သာ စဉ်းစားနေမိခြင်းဖြစ်ပြီး နှုတ်မှ ထုတ်ဖော်၍တော့ မပြောရဲချေ။ ထို့ကြောင့်မည်သည့်စကားမှ မဆိုဘဲ လျူချန်းဂျန်ကိုသာ ငေးစိုက်ကြည့်နေမိသည်။ လေလံပွဲနှင့် ပက်သက်၍ လျုချန်းဂျန်၏ စိတ်ထဲတွင်ဘာဆိုဘာမျှ မရှိသည်ကို သိရှိသွားပါတော့သည်။
(တော်တော်ကို စိတ်ပျက်စရာကောင်းတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားပဲ။ သူ့လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့ကိုပဲ ခေါင်းထဲရှိနေတယ်။ ကျန်တာ သူ့ကိစ္စ မဟုတ်ဘူး။ တော်တော် အသုံးမကျတဲ့ကောင်၊ ငါသာ အခုနေ ထဆဲပစ်လိုက်ရင် ငါ့ကို ချက်ချင်းများ သတ်ပစ်မလား မသိဘူး . . .)
မခံချင်စိတ်ဖြင့်ဝမ်ဇန်းဟိုသည် မိမိကိုယ်ကို ပြန်ငုံ့ကြည့်လိုက်သည်။ ထိုအခါ သူ၏ခြေထောက်များကိုပင် သူမမြင်ရပေ။ သူ့အနေဖြင့် လျုချန်းဂျန်အား မည်သို့မျှ ရင်ဆိုင်နိုင်စွမ်း မရှိသည်မှာ သေချာသလောက်ပင်။ ထို့ပြင်သူ၏ ခန္ဓာကိုယ်ကြီးဖြင့်လွတ်အောင်လည်း ပြေးနိုင်လိမ့်မည် မဟုတ်ချေ။ လျူချန်းဂျန်သည် အမြဲ အသင့်အနေအထား ရှိနေသူ ဖြစ်ပြီး မိမိမှာမူ ကိုယ့်ခြေထောက်ပင် ကိုယ်ပြန်၍ မမြင်နိုင်လောက်အောင် ဝလွန်းသူ တစ်ေယာက်ပင်မဟုတ်ပါလော။
ထို့ကြောင့် လျူချန်းဂျန်အား အတိုက်အခံ မလုပ်ဝံ့ဘဲ သက်ပြင်းသာ ချလိုက်ကာ –
“လျူ . . . ငါတို့ ခန်းမအတွက် မင်းတစ်ခုခု လုပ်မှ ဖြစ်လိမ့်မယ်နော်။ မင်းကိုယ်မင်းလည်း ပြန်ကြည့်ပါဦး။ ဘယ်အရာကမှ မင်းအတွက် အရေးမကြီးဘူး၊ ငါ့ကိုလည်း အမြဲတမ်း ကန့်လန့်တိုက်နေတယ်။ အဲ့ဒါ မင်းကိုယ် မင်းရော သိရဲ့လား . . .”
လျူချန်းဂျန်သည် ဝမ်ဇန်းဟိုအား တစ်ချက်သာစောင်းကြည့်လိုက်ရင်း လှုပ်ပင် မလှုပ်ချေ။
နဂိုကတည်းမှဒေါသထွက်နေသော ဝမ်ဇန်းဟိုသည်လည်း လျုချန်းဂျန်၏အေးစက်စက်အမူအယာများကြောင့်သည်းမခံနိုင်တော့ဘဲ –
“ဒီတစ်ခါ တစ်ခုခု လွဲချော်သွားခဲ့ရင် လင်းပါအိုလည်း အဆုံးသတ်ပြီ။ လင်းပါအို အဆုံးသတ်သွားရင်ဘာဖြစ်မလဲ သိလား၊ မင်းရဲ့ အဖွဲ့လည်း အဆုံးသတ်ပြီကွ။ အဲဒါကိုရော မင်းသိလား၊ မင်းရဲ့ ကြံရည်ဖန်ရည် ရှိအောင် လေ့ကျင့်ပေးနေတဲ့ အဖွဲ့လည်း ဖျက်သိမ်းရမှာပဲ နားလည်လား . . .”
ဝမ်ဇန်းဟိုသည်ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်ပါတော့သည်။