Switch Mode

Chapter – 276

အနန္တသူတော်စင်

Chapter – 276
“အနန္တသူတော်စင်”

တစ်​ယောက်​တစ်​ခွန်းဖြင့်​ဝေဖန်​ပြော​ဆို​နေသည့်​အချိန်​တွင်​လူတစ်ဦးမှ အလန့်တကြားဖြင့်​ရုတ်​တရက်​ထခုန်လိုက်သည်​။ သူ၏ မျက်​နှာတွင်​လည်း​ကြောက်​ရွံ့ထိတ်​လန့်​နေသည့်​အမူအယာများ ထင်​ဟပ်​လျက်​ရှိသည်​။
“ဘာဖြစ်တာလဲ . . .”
လူအုပ်ကြီးထဲမှ လူ​တစ်ယောက်သည်​မဆိုင်းမတွပင်​မေးလိုက်သည်။
“အလောင်း . . . အလောင်းကြီးက လှုပ်နေတယ်။​နောက်​. . .​နောက်​ပြီး . . . တဖြည်းဖြည်းနဲ့ အရည်ပျော်ကျနေတယ် . . .”
ထိုလူ၏ မျက်နှာတွင် သွေးဟူ၍ မရှိတော့ဘဲ ဖြူဖတ်​ဖြူ​ရော်​ပင်​ဖြစ်လျက်ရှိသည်​။
ကျန်​သောလူများ အားလုံးသည်​လည်း ထိုလူ့၏ စကား​ကြောင့်​အလန့်တကြားပင်​ဖြစ်သွားကာ အ​လောင်းများအား ချက်ချင်းပင် သွားကြည့်လိုက်​ကြသည်​။ ထိုအခါ အ​လောင်း​ကောင်​များ လှုပ်​လျက်​ရှိသည်​ကို မြင်​တွေ့လိုက်​ကြပြီး ကြည့်​နေရင်းဖြင့်​ပင်​အသားများ တဖြည်းဖြည်း ပဲ့ကျ၍ အရည်​ပျော်​ကျ သွားကြသည်​ကိုလည်း​တွေ့မြင်​လိုက်​ရသည်​။ ပတ်​ဝန်းကျင်​တစ်​ခုလုံးတွင်​လည်း အော်ဂလီဆန်ဖွယ်ေ​ကာင်းသည့်​အပုပ်နံ့များဖြင့်​လှိုင်လှိုင်ထ​နေလျက်​ရှိသည်​။
အရည်​ပျော်​ကျသွားပြီး​နောက်​မကြာခင်မှာပင် အလောင်းများသည် တဖြည်းဖြည်း သေး၍ သွားကြ သည်။ ကျုံ့သွားကြသည့်​သ​ဘောပင်​။
မြင်​တွေ့လိုက်​ရသည့်​မြင်​ကွင်း​ကြောင့်​လူအုပ်ကြီးသည်​တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြရင်း မျက်စိပျက် မျက်နှာပျက်ပင်​ဖြစ်နေကြသည်​။ ထို့ပြင်​ကြောက်​ရွံ့ထိတ်​လန့်​နေသည့်​စိတ်​ကြောင့်​ဇောချွေးများလည်း ပြန်လျက်​ရှိသည်​။
ထိုအချိန်မှာပင် အော်သံတစ်ခုအား ထပ်​မံ၍ ကြားလိုက်​ရသည်​။ လူအုပ်​ကြီးထဲမှ လူတစ်ဦးသည်​ကြောက်​လန့်​တကြားဖြင့်​ပင်​အော်ဟစ်၍ ထွက်​ပြေးသွားခြင်း ဖြစ်​သည်​။ ကျန်​လူများသည်​နောက်မှ လိုက်၍ ကြည့်ကြ​သောအခါ ထိုလူ့၏ မျက်နှာတွင်​သွေးမရှိတော့သည့်​အလား ဖြူဖတ်​ဖြူ​ရော်​ပင်​ဖြစ်နေသည်ကို မြင်တွေ့လိုက်ကြရသည်​။
(ဒီလိုအဆိပ်က ကမ္ဘာမှာ ဘယ်လိုဖြစ်ပြီး ရှိနေရတာလဲ။ လူသတ်သမားက ဘယ်သူများ ဖြစ်နိုင်မလဲ၊ တော်တော် ကြောက်စရာ ကောင်းတာပဲ . . .)
လူအားလုံးသည်​အံ့သြစွာဖြင့် ဝိုင်းကြည့်နေကြသည့် အချိန်မှာပင် ထူးဆန်းသော မြင်ကွင်းတစ်​ခုအား ထပ်မံ၍​မြင်တွေ့လိုက်ကြရ ပြန်သည်။
ပြေးထွက်သွားသောသူမှာ အနန္တသူတော်စင်သာ တရားခံ ဖြစ်နိုင်သည်ဟု ပြောခဲ့သော နှုတ်ခမ်းမွှေးစစနှင့် လူပင် ဖြစ်သည်​။ ထိုလူသည် ပြေးနေရင်းဖြင့် လဲကျသွားပြီး သူ၏ လည်ပင်းတွင်လည်း တောက်ပသော ငွေရောင်အပ်တစ်စင်း စိုက်ဝင်နေလျက်​ရှိသည်​။
ထိုအချိန်​တွင်​အက်ကွဲကွဲ အသံတစ်​သံ ထွက်​ပေါ်လာကာ –
“ခွေးကောင် . . . ငါ့ကိုတောင် မဆီမဆိုင် စွပ်စွဲနေသေးတယ်။ အခုတော့ ငါ့အပ်ရဲ့ အရသာကို မြည်းစမ်းခွင့် ရသွားပြီ မဟုတ်လား။ နောက်ဘဝမှာများ မင်း လူပြန်ဖြစ်လာခဲ့ရင် မှတ်ထားလိုက်၊ ငါ့အပ်က အဆိပ်မရှိတဲ့ ငွေရောင်အပ်ပဲ . . .”
သို့သော် နှုတ်ခမ်းမွှေးစစဖြင့်လူသည်​ထိုအသံအား ကြားနိုင်တော့မည် မဟုတ်ချေ။ လည်​မျိုတွင်​စိုက်​ဝင်​သွား​သော အပ်​ကြောင့်​အသက်​နှင့်​ခန္ဓာကိုယ်​အိုးစားကွဲသွားခဲ့ပြီ ဖြစ်​သည်​။
ငွေရောင်အပ်သည် မည်သည့်နေရာမှ ရောက်ရှိလာမှန်း မသိလိုက်ရဘဲ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင်​မြေကြီးအဆင့် ပညာရှင်တစ်ဦး၏ အသက်အား နှုတ်ယူသွားခဲ့သည်​။
မြင်​တွေ့လိုက်​ရသည့်​မြင်​ကွင်း​ကြောင့်​လူအားလုံးသည်​ထိတ်ထိတ်ပျာပျာပင်​ဖြစ်သွားကြသည်​။
မုတ်ဆိတ်ဖြူ အဘိုးကြီး တစ်ဦးမှ –
“အနန္တသူတော်စင် . . . မင်းရှိနေတယ် ဆိုရင်လည်း ထွက်ခဲ့လေ။ ဘာလို့ လူလုံး မပြဘဲ နေနေလဲ”
ထိုအခါ အက်ကွဲကွဲ အသံပိုင်ရှင်မှ –
“မင်းတို့ဂိုဏ်းတွေကြားထဲက ရန်ပွဲကို ငါ ဝင်မပါချင်ဘူး။ မင်းတို့အဖွဲ့ကသာ ငါ့နာမည်တပ်ပြီး မစွပ်စွဲလာခဲ့ရင် ငါအခုလို လုပ်​စရာ အကြောင်းကို မရှိဘူး။ ငါ့နာမည်ကို ထည့်ပြောတာ မင်းတို့အတွက် အကျိုးမရှိဘူးနော်။ အေးအေးဆေးဆေး နေကြ . . .”
ထို့နောက် လေပြင်းများ တိုက်ခတ်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးသည်​လည်း ငြိမ်ကျသွားပါတော့သည်။
လူအုပ်ကြီးသည် မည်​သည့်​စကားမျှ မ​ပြောနိုင်​ကြ​တော့ဘဲ​တစ်ယောက်မျက်နှာသာ တစ်ယောက်​ကြည့်နေမိကြသည်​။
နှုတ်ခမ်းမွေးစစဖြင့်လူသည် ယခုရှိနေကြသည့် လူအုပ်ထဲတွင် အင်​အားအနည်းဆုံးဟု ဆိုနိုင်ပေသည်။ သို့သော် ထိုလူသည်​မျိုးနွယ်စုကြီး ၈ ခုအနက် လောင်မျိုးနွယ်မှပင် ဖြစ်သည်​။ ထို့ကြောင့် လောင်မျိုးနွယ်ဝင်တို့သည် မကျေမချမ်းဖြင့် ဒေါသထွက်ေ​နကြသည်။​သို့သော်​ဒေါသထွက်​နေသည့်​အ​ကြောင်းအား နှုတ်​မှ ထုတ်ဖော်၍​တော့ မပြောရဲကြချေ။ မည်​သည့်​စကားမျှ မဆိုနိုင်​ဘဲ ငေးငိုင်၍သာ ရှိနေကြသည်​။
​လောင်​မျိုးနွယ်​သည်​အနန္တသူတော်စင်ကိုသာမက ဂိုဏ်းကြီးများကိုလည်း မထိပါးရဲ​ချေ။
အနန္တသူတော်စင်မှ တစ်ယောက်တည်းကိုသာမက လူပေါင်းများစွာ သတ်ဖြတ်သွားမည် ဆိုလျှင်လည်း လက်​ပိုက်​၍သာ ကြည့်​နေရမည်​ဖြစ်​သည်​။​ကောင်းသည်​ဆိုးသည်​၊ မှားသည်​မှန်​သည်​မည်သို့မျှ ပြောရဲကြလိမ့်မည် မဟုတ်ချေ။ အကယ်၍​တစ်စုံတစ်​ရာ မှားယွင်း​ပြောဆိုမိပါက တစ်မျိုးနွယ်လုံးပင် အသတ်​ခံရနိုင်​ပေသည်​။
ထိုကဲ့သို့ ငြိမ်သက်စွာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြရင်း အားလုံး၏ စိတ်​ထဲတွင်​-
(အနန္တသူတော်စင်တောင် ချန်ရှင်းမြို့ကို ရောက်နေတာပါလား . . . သူသိုင်းလောကထဲ ခြေမချတာ ကြာလှပြီ။ အခုတော့ လေလံပွဲကြောင့် ရောက်လာခဲ့တာ ဖြစ်မယ်။ ဒါဆိုရင်တော့ လေလံပွဲက တစ်စထက်တစ်စ ပိုစိတ်ဝင်စားစရာ ကောင်းနေပြီ . . .)
(ဒါပေမယ့်​ငါတို့​တွေ ပိုပြီး ဂရုစိုက် သတိထားမှ ဖြစ်လိမ့်မယ်။ အနန္တသူတော်စင်ကိုသာ ငါတို့ သွားရှုပ်မိရင် အနန္တရေကန် တစ်ဖွဲ့လုံးနဲ့ ရင်ဆိုင်နိုင်ရနိုင်တယ်။ မလွယ်ပါလား)
ကြယ်ရောင်ဂိုဏ်းနှင့် နေရောင်ဂိုဏ်းအပါအဝင် ရှိရှိသမျှ လူများအားလုံးသည် သက်ပြင်းကိုယ်စီသာ ချမိလိုက်ကြပါတော့သည်။
. . .
ရဲရှောင်သည် ပုန်းအောင်းနေလျက်​ရှိသည်​။ လူများ ထွက်ခွာသွားသည်ကို တွေ့ရသည့် အခါမှသာ စိတ်သက်သာရာ ရသွားခဲ့သည်။
ဒဏ်ရာ အပြင်းအထန် ရရှိထားသည့်​အတွက်​ရဲ​ရှောင်​သည်​တိုက်​ပွဲဖြစ်​ရာ​နေရာမှ အစွမ်းကုန်ကြိုးစား၍ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်​အခင်းဖြစ်​သည့်​နေရာနှင့်​ပေ ၃၀၀၀ ခန့် ကွာ​ဝေးသည့်​သာမန်ပြည်သူတစ်ဦး၏ အိမ်အတွင်း၌ ပုန်းအောင်းနေခြင်းပင် ဖြစ်သည်။
အရေးပေါ် အခြေအနေ ဖြစ်နေသဖြင့် ရဲရှောင်သည် အိမ်ပိုင်ရှင်များအား အကူအညီ တောင်းခံခဲ့ရသည်​။​ခေတ္တခဏ​ရှောင်​တိမ်းပုန်းခိုချင်​၍ မိမိအား သနားစေရန်​ပြောဆိုခဲ့သည်​။ ထို့အတွက်​ကြောင့်​အိမ်​ပိုင်​ရှင်​များ ကြည်​ဖြူ​စေရန်​လည်း ငွေစ အနည်းငယ်​ပေးကမ်းခဲ့သည်​။
အိမ်​ရှင်​များသည်​ရဲ​ရှောင်​အား အလွန်​အမင်း ကျေးဇူးတင်​နေ​လေသည်​။ သက်​ကြီးဝါကြီးတစ်ယောက်ကဲ့သို့ပင် လေးလေးစားစားဖြင့်​ဆက်ဆံ၍ ဧည့်​ဝတ်​ကျေပွန်​လျက်​ရှိသည်​။
ယခုကဲ့သို့​သော ငွေစများအား သူတို့၏ ဘဝတွင်​တစ်ကြိမ်​တစ်​ခါမျှ မပိုင်ဆိုင်ဖူးခဲ့​ချေ။ ထို့ပြင် ရဲ​ရှောင်​အား ကူညီ​ပေးရသည့်​ကိစ္စသည်​သူတို့်​အတွက်​မူ အပန်းမကြီးသည့်​ကိစ္စတစ်​ခုပင်​မဟုတ်ပါ​လော။
အမှန်​တကယ်​တွင်​မူ ရဲရှောင်သည် သူ့ထံတွင်​ပါလာသည့်​ငွေစ အနည်းငယ်ကိုသာ ပေးလိုက်ခြင်း ဖြစ်သည်​။ အတိအကျ ဆိုရလျှင်​ငွေစ ၂ သောင်းခန့်သာ ရှိလေသည်။
ငွေစ ၂ သောင်းဆိုသော ပမာဏသည် ရဲရှောင်အဖို့ အ​သေးအမွှားပင်​ဖြစ်​သည်​။ သို့သော် ထိုပမာဏသည်​သာမန်မိသားစုဝင်များအဖို့ မက်မော​လောက်​စရာ အ​နေအထားပင်​ဖြစ်​လေသည်​။
သာမန်ပြည်သူများ၏ ဘဝတွင် ထိုကဲ့သို့ များပြား​သော ငွေစများစွာ ပိုင်​ဆိုင်​ရန်​မလွယ်​ကူ​ချေ။​ငွေစ ၅၀၀၀၀ဆိုလျှင်​မိသားစုတစ်​စု လအနည်းငယ်​ပင်​ဖူဖူလုံလုံ စား​သောက်​၍ ရ​ပေသည်​။
အိမ်​ရှင်​မိသားစုနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ရဲရှောင်သည်​ထူးခြားအစွမ်းထက် ဆေးလုံး ၅ လုံးအား မျိုချလိုက်သည်။ ထို့နောက် သူ၏​ဝေဒနာများ အနည်းငယ်​သက်​သာသွား​စေရန်​အတွက်​ရေဟင်းလင်းပြင်ကြီးထဲမှ ရေစက် ၁၀ စက်အား ထပ်မံ၍​အသုံးပြုလိုက်ပြန်သည်။
အဝတ်အစားများ လဲလှယ် ဝတ်ဆင်လိုက်ပြီး​နောက်​ရဲ​ရှောင်​သည်​အားအင်များ ပြန်​လည်​ပြည့်ဝလာ​စေရန်​အတွက်​ပြုလုပ်​လိုက်​သည်​။ သိပ်​မကြာမီ အချိန်​အတွင်း ယခု​နေရာမှ အမြန်​ဆုံး ထွက်​ခွာနိုင်​ရန်​လိုအပ်​ပေသည်​။ ရဲ​ရှောင်​အ​နေဖြင့်​လက်​ရှိ​ရောက်​ရှိ​နေသည့်​နေရာတွင်​လည်း စိတ်​ချလက်​ချ မ​နေရဲ​တော့​ပေ။ အကယ်​၍ တစ်စုံတစ်ေ​ယာက် ဝင်ရှာလာမည် ဆိုပါက ခက်ချေမည် မဟုတ်ပါ​လော။
တိုက်ခိုက်မှုများ ပြီးသွားသည့် အချိန်​မှစ၍ လောက၌ မည်သည့်အရာမှ ရာနှုန်းပြည့်​ယုံကြည်​စိတ်​ချ၍ မရနိုင်​တော့သည်​ကို ရဲ​ရှောင်​သိလိုက်​ရသည်​။
​လောကကြီးတွင်​မဖြစ်နိုင်သော အရာဟူ၍ မရှိချေ။ အရာအားလုံးသည်​ဖြစ်နိုင်​ပေသည်​။
အင်​အား အနည်းငယ် ပြည့်ဝလာသောအခါ ရဲရှောင်သည် ရုပ်​ဖျက်​လိုက်​သည်​။ ထိုကဲ့သို့ ရုပ်ဖျက်နိုင်​ရန်အတွက် ဝိညာဉ်တော်ချီဓာတ်အချို့အား အသုံးပြုရသည်​။
အသေအချာပြင်ဆင်​၍ ရုပ်​ဖျက်​လိုက်​သည့်​အတွက်​သူ့အား မည်သူမှ မမှတ်မိနိုင်လောက်တော့ဟု ရဲ​ရှောင်​ယူဆမိလိုက်​သည်​။
ရဲ​ရှောင်​သည်​သူ၏ ချီဓာတ်စွမ်းအင်များဖြင့် ဒဏ်ရာရထားသော နေရာများအား ဆင်ခြင်ကြည့်လိုက်သည်။ ထိုအခါ အချို့သော ခန္ဓာကိုယ် အစိတ်အပိုင်းများ နေရာလွဲနေသည်ကို တွေ့လိုက်ရပြီး အရိုးအချို့လည်း ကျိုးနေသည်ကို​သိလိုက်​ရသည်​။ သူ၏ ခန္ဓာကိုယ်​တစ်​ခုလုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်​နှက်​လျက်​ရှိပြီး မည်သည့်နေရာမှ အကောင်းပတိအတိုင်း မကျန်ရှိ​တော့​ပေ။
အကောင်းပတိ​အတိုင်း ကျန်နေသေးသည့် တစ်ခုတည်းသော အရာမှာ စွမ်းအင်သိုလှောင်ရာပင် ဖြစ်သည်။ သူ၏ စွမ်းအင်​သို​လှောင်​ရာသည်​ခမ်းခြောက်သည်အထိ ဖြစ်ခဲ့ရ​သော်​လည်း ယခုအခါတွင်မူ ခရမ်းရောင် ချီဓာတ်အနည်းငယ် ပြန်လည် ပြည့်ဝလာ​နေခဲ့ပြီ ဖြစ်​သည်​။
ထိုချီဓာတ်များသည် ရဲရှောင်၏ ဒဏ်ရာများအား ပို၍ လျင်မြန်စွာ သက်သာလာစေမည် ဖြစ်သည်။
ရဲရှောင်သည်​ခရမ်းရောင် ချီဓာတ်များအား လည်ပတ်စီးဆင်းစေလိုက်သည်​။ ထို့ပြင်​သူသောက်ထားသည့် ဆေးလုံးမှ စွမ်းအင်များသည်လည်း ပေါက်ကွဲထွက်လာလေသည်။​ထို့နောက် ရေစက်များ၏ အစွမ်းနှင့် ပေါင်းစပ်၍ ဒဏ်ရာရထားသော နေရာများသို့ သွေးကြောများမှတဆင့် ပြန့်နှံ့ စီးဆင်းစေလိုက်ပါတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset