Switch Mode

Chapter – 275

အပ်ကိုသုံးတာဘယ်သူလဲ

Chapter – 275
“အပ်ကိုသုံးတာဘယ်သူလဲ”

သေဆုံးသူ နှစ်ဦးအနက် တစ်ဦးမှာ နေရောင်ဂိုဏ်းမှ ချန်ယွင်းဖန် ဖြစ်သည်။ ချန်ယွင်းဖန်၏​သေဆုံးမှုမှာ ထူးဆန်းသည့်​ကိစ္စ​တော့ မဟုတ်​သေးချေ။ အဆင့်နိမ့် သာမန်ပညာရှင်တစ်ဦးသာ ဖြစ်သဖြင့် သူ၏ သေဆုံးမှုမှာ မပြောပလောက်ချေ။ သို့သော် ကြယ်ရောင်ဂိုဏ်းမှ နန်ရှန်ဆင်း၏​သေဆုံးမှုမှာမူ ထူးဆန်းလှသည်။
ထိုမြင်​ကွင်းအား မြင်ရသူအ​ပေါင်း​အဖို့ ထိတ်လန့်သွားကြမည်မှာ အသေအချာပင် ဖြစ်​သည်​။
ချန်ရှင်းမြို့ထဲမှ မည်သို့သောလူသည် နန်ရှန်ဆင်းအား သတ်နိုင်ပေမည်နည်း။
ပညာရှင်​များအားလုံးသည် နန်ရှန်ဆင်း၏ အစွမ်းအစအား​ကောင်း​ကောင်းကြီး သိထားကြသည်​။
နန်ရှန်ဆင်းအား လွယ်လွယ်ကူကူဖြင့်​အနိုင်ယူနိုင်မည်​ဆိုလျှင် ချန်နိုင်ငံတော်မှ ဖမ်းဆီး သတ်ဖြတ် ပြီးသည်မှာ​ကြာလောက်ပြီ ဖြစ်သည်​။
နန်ရှန်ဆင်းသည် အစွမ်းထက်ရုံသာမက အတွေ့အကြုံကြွယ်ဝကာ လိမ္မာ ပါးနပ်သူ တစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် သူ့အား မည်သူမျှ မဖမ်းနိုင်ခဲ့ခြင်း ဖြစ်သည်​။
ထိုကဲ့သို့သော လူတစ်ဦးသည် ချန်နိုင်ငံတော်၏ မြို့တော်ထဲတွင် လာရောက်အသေခံမည်တော့ မဟုတ်ချေ။
သို့သော် ယခုအခါတွင်မူ​ထို အဆင့်မြင့် ပညာရှင် သည် တိတ်တဆိတ် သတ်ဖြတ်ခြင်း ခံခဲ့ရပြီ ဖြစ်​သည်​။ ထို့​ကြောင့်​စုရုံး​ရောက်​ရှိ​နေကြသည့်​လူ အားလုံးသည်​ထိတ်လန့် အံ့သြနေကြခြင်း ဖြစ်​သည်​။
ပို၍ အရေးကြီးသည့် အချက်မှာ ထိပ်သီးအဆင့် ပညာရှင်ပေါင်းများစွာ ချန်နိုင်ငံတော်အတွင်း စုရုံးနေမိသည့်တိုင် နန်ရှန်ဆင်းအား သတ်နိုင်သောလူမှာ ၁၀ ဦးထက် မပိုချေ။
လူအုပ်စုသည် ၂ ပိုင်းကွဲသွားသည်​။ တစ်ပိုင်းမှာ ချန်ယွင်းဖန်၏ ခန္ဓာကိုယ်အား စစ်ဆေး ကြည့်ရှု နေကြပြီး ကျန်တစ်ပိုင်း​မှာမူ နန်ရှန်ဆင်းအား စစ်ဆေးနေကြသည်​။ စစ်​ဆေးရင်း ကြည့်​ရှုရင်းဖြင့်​ကိုယ်​စီ ကိုယ်​စီ ထင်မြင်ယူဆချက်များ​ပေးကာ ဆူညံလျက်​ရှိသည်​။
“ယွင်းဖန်ရဲ့ မျက်နှာက တစ်ခုခုကို အံ့သြနေတဲ့ပုံပဲ။ သတိထားနေသလို ပုံစံလည်း ပေါက်နေတယ်။ အဲဒီလို သတိထားနေတဲ့ ကြားကကို အဖမ်းခံလိုက်ရတဲ့အတွက် အံ့သြနေတဲ့ပုံ ဖြစ်မယ်။ သူ့လည်ပင်းက ဒဏ်ရာက တကယ့် သေးသေးလေးပဲ။ ဓားကလည်း ဘေးမှာ ကျနေတယ်။ ကြည့်ရတာ မသေခင် အချိန်ထိ ဓားကို တင်းတင်း ဆုပ်ကိုင်ခဲ့ပုံ ရတယ်။ ဒဏ်ရာရသွားတော့မှသာ ဓားလွတ်ကျသွားတာ ဖြစ်လိမ့်မယ်။ အမြင်အရတော့ သူသတိထားပြီး နေနေတုန်းမှာ အတိုက်ခံလိုက်ရတာ၊ တိုက်ခံရတာကလည်း တစ်ချက်တည်းပဲ။ အဲဒီတစ်ချက်တည်းနဲ့ကို သေသွားခဲ့တာ​ကြောင့်​အံ့သြတဲ့ မျက်နှာအမူအယာမျိုး ဖြစ်နေတာ။ သတ်သွားတဲ့လူက အနည်းဆုံးတော့ ကောင်းကင်အဆင့်ပဲ ဖြစ်မှာ သေချာတယ် . . .”
“လျှပ်တပြတ် တိုက်ကွက်မျိုးပဲ . . .”
နေရောင်ဂိုဏ်းမှ အဘိုးကြီးတစ်ဦးမှ –
“ဒီလို အဆင့်မြင့် ပညာရှင် တစ်ယောက်က မြေကြီးအဆင့်ပဲ ရှိသေးတဲ့ ယွင်းဖန်ကို သတ်ဖို့ အဆိပ်ကို သုံးဖို့ လိုခဲ့လို့လား . . . အဆိပ်ကလည်း တော်တော် ပြင်းမဲ့ပုံပဲ။ ဒဏ်ရာကို ကြည့်ရသလောက် တော့ ချွန်ထက်တဲ့ အရာတစ်ခုခု ဖြစ်မယ်။ ဥပမာ အပ်ပေါ့ . . .”
ထို့နောက် ထိုင်နေရာမှ မတ်တတ်ပြန်ရပ်လိုက်ရင်း –
“သိုင်းလောကမှာ ဘယ်သူကများ အဆိပ်အပ်ကို လက်နက်အဖြစ် သုံးကြလဲ . . .”
ထိုအချိန်မှာပင်​ကြယ်ေ​ရာင်​ဂိုဏ်းမှ လူများ၏ အသံ ထွက်ပေါ်လာကြပြန်သည်။
“နန်ရှန်ဆင်းရဲ့ တစ်ကိုယ်လုံး ဓားဒဏ်ရာတွေ အပြည့်ပဲ။ အရိုးထိအောင်တော့ မထိသွားဘူး။ ဒါဆိုရင် ဒီဒဏ်ရာတွေကြောင့် သေတာ မဟုတ်ဘူးလို့တော့ သတ်မှတ်လို့ရတယ်။ ဒဏ်ရာတွေသာ များနေတာ သေလောက်တဲ့ ဒဏ်ရာ မပါဘူး။ သူသေသွားတာအပ်ပေါက်ရာလေးတွေကနေ ခန္ဓာကိုယ်ထဲ အေးစက်တဲ့ အဆိပ်တွေ ပြန့်ပြီး သေတာပဲ . . .”
“လူသတ်သမားကလည်း နန်ရှန်ဆင်းကြောင့် ဒဏ်ရာ အပြင်းအထန် ရသွားတဲ့ပုံပဲ။ နန်ရှန်ဆင်းကို သတ်ပြီးတဲ့အချိန်မှာ သူလည်း အားအင်ကုန်ခမ်းေ​နပြီ ထင်​တယ်​။ အဲဒီလို အခြေအနေကို ချန်ယွင်းဖန်က အခွင့်ကောင်း ယူပြီးတော့ ရောက်လာတာ ဖြစ်ရမယ် . . .”
“သိုင်းလောကမှာ အအေးဓာတ် အဆိပ်အပ်တွေကို လက်နက်အဖြစ်သုံးတာ ဘယ်သူများ ရှိမလဲ”
အုပ်စု နှစ်​စုစလုံးမှ အဆိုပါ မေးခွန်းအား အပြန်ပြန် အလှန်လှန် စဉ်းစားနေကြသည်။
ထို့နောက် ရုတ်တရက် တိတ်ဆိတ်သွားကြပြန်သည်။ ထိုမေးခွန်းကိုပင် စဉ်းစားနေကြဟန် ရှိပြီး အချို့မှာလည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည်။ အချို့မှာ ကောင်းကင်အား မော့ကြည့်​၍ စဉ်းစားခန်း ဖွင့်​နေကြသကဲ့သို့ အချို့မှာလည်း အလောင်းများကိုသာ ငေးကြည့်နေကြသည်။
ထိုအချိန်တွင်​လူတစ်ယောက်မှ တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်သည်​။
“ဒီ ၂ ယောက်လုံးက မတူညီတဲ့ ဂိုဏ်း ၂ ခုကပဲ။ တစ်နေရာတည်းမှာ သေသွားတာ ဘယ်လို ဖြစ်နိုင်မှာလဲ . . .”
ထိုမေးခွန်းကြောင့် အားလုံးသည် စဉ်းစားခန်း ဝင်သွားကြပြန်သည်။
ထိုလူ၏ အ​တွေးသည်​ကျိုး​ကြောင်းဆီ​လျော်​မှု ရှိလှ​ပေသည်​။ တစ်ဦးသည် ကောင်းကင်အဆင့် ၈ ပညာရှင်​ဖြစ်ပြီး ကျန်တစ်ဦးမှာမူ မြေကြီးအဆင့် ၆ သာ ရှိ​သေးသည့်​အတွက်​သူတို့နှစ်ဦး၏ အဆင့်သည်​ကွာခြားချက် ကြီးမားလှသည်ဟု ဆိုရ​ပေမည်​။ ထို့​ကြောင့်​နန်ရှန်ဆင်းသည် ချန်ယွင်းဖန်ကဲ့သို့ လူမျိုးအား နောက်လိုက်အဖြစ် ခေါ်လာမည် မဟုတ်​ဘဲ သူ တစ်ကိုယ်တည်းသာ လှုပ်ရှားမည် ဖြစ်သည်​။ ချန်ယွင်းဖန်မှာလည်း နန်ရှန်ဆင်းနှင့်အတူ နေဝံ့မည် မဟုတ်ပေ။
သို့​သော်​ယခုအခါတွင်​မူ ထိုလူ နှစ်​ယောက်သည် ရန်သူတစ်ယောက်တည်း၏ လက်ချက်​ဖြင့်​သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင်​သေဆုံး​နေသည့်​ချန်ယွင်းဖန်၏ မျက်နှာအမူအယာသည်လည်း ထူးဆန်းလျက်​ရှိသည်​။
မေးခွန်းများစွာ ရှိနေသော်လည်း အဖြေကိုမူ မထုတ်နိုင်ကြချေ။
“သိုင်းလောကမှာ အပ်ကို လက်နက်အဖြစ်သုံးတာ တစ်ယောက်ပဲရှိတယ် . . .”
လူတစ်ယောက်​မှ လေသံတီးတိုးဖြင့် ပြောလိုက်သည်။
“ဘယ်သူလဲ . . .”
လူတိုင်း ချက်ချင်းပင် ထိုလူအား လှည့်ကြည့်ရင်း မေးလိုက်သည်။
​ပြောလိုက်​သည့်​လူ၏ ပုံပန်းသဏ္ဍာန်​သည် ပိန်ပိန်ပါးပါး အရပ်ပုပု နှုတ်ခမ်းမွှေးစစဖြင့် ဖြစ်သည်။ သူ၏ အ​ပြော​ကြောင့်​ပညာရှင်ကြီးများစွာမှ လှည့်ကြည့်လာကြသဖြင့်​ကြောက်​ရွံ့သွားကာ ဒူးပင်တုန်သွားပြီး စကားဆက်​မပြောနိုင်တော့ချေ။
ထိုလူသည် အလွန်ကြောက်ရွံ့ ထိတ်လန့်နေသည့်​ပုံ ရှိပြီး အဆင့်​လည်း နိမ့်​မည်​ပုံပင်​။ ထို့ကြောင့် ထိပ်သီး ပညာရှင်များသည်​သူတို့၏ စွမ်းအင် အငွေ့အသက်များအား ချက်​ချင်းပင်​ပြန်လျှော့ချလိုက် ကြသည်။ ထို့နောက် ပညာရှင်တစ်ဦးမှ လေသံအေးအေးဖြင့် –
“မင်းပြောတာ ဘယ်သူများလဲ။ ဘယ်သူကများ အပ်ကို လက်နက်အဖြစ် သုံးတာလဲ . . .”
ထိုလူသည်​တုန်​ယင်​သော အသံဖြင့်​-
“ဟို . . . ဟို . . . အနန္တရေကန်က အနန္တသူတော်စင် ဖြစ်နိုင်တယ်။ သူ့လက်နက်က အပ်တွေပဲ . . .”
“နောက်ပြီး သူ့အပ်တွေက အရမ်းကို ပါးလွှာလွန်းတော့ ရှိတယ်လို့တောင် မထင်ရဘူး . . .”
ပညာရှင်​ကြီးများသည်​ခေါင်းတယမ်းယမ်းပင်​ဖြစ်​သွားကာ –
“မဖြစ်နိုင်တာပဲ၊ သူဘယ်လိုမှ မဖြစ်နိုင်ဘူး . . .”
အဘိုးကြီးတစ်​ဦးသည်​တည်​ကြည်​လေးနက်​သော အသံဖြင့်​-
“အားလုံးပဲ ဒီကို ကြည့်​ကြစမ်း။ ဒီမှာ သွေးကွက်တွေ့လား။ ဒါ နန်ရှန်ဆင်းရဲ့ သွေးကွက် မဟုတ်သလို ချန်ယွင်းဖန်ရဲ့ သွေးကွက်လည်း မဟုတ်ဘူး။ လူသတ်သမားရဲ့ သွေးကွက်ပဲ ဖြစ်မယ် . . .”
“အနန္တသူတော်စင်သာ ဆိုရင် ဘယ်သွေးထွက်လိမ့်မတုန်း။ သူ့အစွမ်းနဲ့သာ ဆိုရင်​နန်ရှန်ဆင်းလောက်ကို အလွယ်တကူ သတ်နိုင်မှာပဲလေ။ ချန်ယွင်းဖန်ကိုတော့ ထည့်ပြောမနေနဲ့တော့။ အဲ့ဒီ​တော့ ဒဏ်ရာရစရာလည်း အကြောင်းမရှိဘူး . . .”
အဘိုးကြီး၏ စကားအား လူအများသည်​ခေါင်းညိတ်၍ ထောက်ခံလိုက်ကြသည်​။
လျှို့ဝှက်ဆန်းကြယ်လှသည့် အနန္တသူတော်စင်သည် အလွန်အစွမ်းထက်လှပြီး နန်ရှန်ဆင်းထက် များစွာ အဆင့်သာလွန်လှသည်​။ ထိုကဲ့သို့သော ပညာရှင်သည်​နန်ရှန်ဆင်းအား သတ်ရလောက်အောင်အထိ အရေးစိုက်​နေမည် မဟုတ်ချေ။ ချန်ယွင်းဖန် ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။
ထို့​ကြောင့်​သတ်​သွားသည့်​လူသည်​အနန္တသူတော်စင်သာ မဟုတ်​ပါက မည်သူ ဖြစ်နိုင်မည်နည်း။
“ဒီမှာလာကြည့်ကြစမ်း . . .”
လူတစ်ဦး အော်ပြောလိုက်သည်။ ထို့​နောက်​နန်ရှန်ဆင်းအား လက်ညှိုးထိုးပြလိုက်ရင်း –
“နန်ရှန်ဆင်းရဲ့ ခန္ဓာကိုယ်မှာ နောက်ထပ် ဒဏ်ရာတွေ ရှိနေသေးတယ် . . .”
ထိုလူ၏ စကား​ကြောင့်​လူအများသည်​သေ​သေချာချာ အနားကပ်၍ ကြည့်မိလိုက်ကြသည်။​ထိုအခါ တအံ့တသြပင် ဖြစ်​သွားကြသည်​။
ကနဦးပိုင်းတွင်​အ​သေအချာ ကြည့်ရှုခဲ့ကြ​သော်​လည်း အဆိုပါ ဒဏ်ရာများအား မမြင်တွေ့ခဲ့ကြချေ။ ထိုဒဏ်​ရာများသည်​သေးငယ်သော အပေါက်လေးများပင်​ဖြစ်သော်လည်း အပ်ပေါက်ရာ​တော့ မဟုတ်ချေ။
“ဒီဒဏ်ရာတွေက ဓားမြောင်ဒဏ်ရာတွေပဲ ဖြစ်မယ် . . .”
အဘိုးကြီးတစ်ဦးမှ ပြောလိုက်ခြင်း ဖြစ်​သည်​။
“လက်တစ်ချောင်းစာလောက်ပဲ အရှည်ရှိတဲ့ ဓားမြောင် ဖြစ်မယ် ထင်တာပဲ . . .”
အဘိုးအို၏ သုံးသပ်ချက်အား ကြားလိုက်ရေ​သာအခါ လူအားလုံးသည်​အတွေးနယ်ချဲ့သွားမိကြပြန်သည်။
မည်ကဲ့သို့​သော လူမှ ဓားနှင့် အပ်များအား တပြိုင်တည်းပင်​အသုံးပြုသွားနိုင်ပါမည်နည်း။

Comment

Leave a Reply

Options

not work with dark mode
Reset