Chapter – 274
“ဝှက်ဖဲ”
ချန်ယွင်းဖန်သည် ရဲရှောင်၏ အနားသို့ တရွေ့ရွေ့ တိုးကပ်သွားသည်။ ရဲရှောင်ဘက်မှ တစ်စုံတစ်ခု လှုပ်ရှားမှု ပြုလိုက်သည်နှင့်သူ၏ လက်ထဲတွင်ကိုင်ဆောင်ထားသော ဓားဖြင့် ခုတ်ပိုင်းချပစ်မည်ဟု ဆုံးဖြတ်ထားသည်။ ထို့ကြောင့် သတိနှင့် သွားနေခြင်းပင် ဖြစ်သည်။
ရဲရှောင်သည်ချောင်းများ ထပ်မံဆိုးသွားပြီး ပါးစပ်မှ သွေးများ အန်ထွက်သွားသည်။ ထပ်ခါထပ်ခါပင်ဆိုး၍ အန်ထွက်နေခြင်း ဖြစ်သည်။
ဓားကိုင်ဆောင်ထားသော ချန်ယွင်းဖန်၏ လက်များသည် တုန်ယင်လျက်ရှိပြီး သက်ပြင်းတစ်ချက် ချမိလိုက်သည်။
“ဟူး . . .”
ချန်ယွင်းဖန်သည် ရဲရှောင်၏ အခြေအနေအား မြင်လိုက်ရသောအခါ စိတ်ချလက်ချပင်ဖြစ်သွားပြီး အနားသို့ ပို၍ တိုးကပ်သွားသည်။ လက်ရှိအချိန်တွင် သူသည် ရဲရှောင်၏ လက်တစ်ကမ်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် သတိမပြတ် ရှိနေသူပီပီ ရဲရှောင်၏ ခြေထောက်အား သွေးတိုးစမ်းသည့်သဘောဖြင့်လှမ်းကန်လိုက်သည်။ ရဲရှောင်လည်း အော်ဟစ် ညည်းညူလိုက်ရင်း ဒေါသတကြီးဖြင့် –
“ခွေးကောင် . . . မင်းငါ့ကို သတ်ရင်လည်း သတ်လိုက်တော့၊ ဒီလိုမျိုး ပညာရှင်တစ်ဦးကို စော်ကားချင်တိုင်း စော်ကားလို့ ရမယ်လို့ မင်းက ထင်နေတာလား . . .”
ချန်ယွင်းဖန်သည်သူ၏ စိတ်အား ဒုံးဒုံးချလိုက်သည်။ ထိပ်တန်းပညာရှင်တစ်ဦးဖြစ်သူ ဖန်ဧကရာဇ်သည် ယခုအခါတွင်လှုပ်ပင် မလှုပ်နိုင်တော့ချေ။
ပို၍ စိတ်ချနိုင်စေရန်အတွက်သူ၏ ခြေထောက်ဖြင့် ဓားများနှင့် အပ်များအား အဝေးသို့ ကန်ထုတ်ပစ်လိုက်သည်။ ထို့နောက်ပြုံးလိုက်ရင်း –
“ဖန်ဧကရာဇ် . . . မင်းက ဘာတွေ ပြောနေတာလဲ။ ငါက မင်းခြေထောက်ကို ကန်ရုံပဲ ကန်လိုက်တာပါ။ မင်းရဲ့ အတွင်းခံတွေ ချွတ်ပစ်နေတာမှ မဟုတ်တာ။ မင်းက သိပ်ပြီး စိတ်တိုတတ်တာပဲ။ ငါမင်းကို အခု ဘယ်လိုများ သတ်ရမှာလဲကွ . . .”
ရဲရှောင်လေသံ ခပ်ယဲ့ယဲ့ဖြင့်-
“ငါ့ကို အခုနေ သတ်လိုက်တာ မင်းအတွက် ပိုကောင်းလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ မင်းဘဝ မင်းတွေးပေါ့ . . .”
ချန်ယွင်းဖန်သည် ရဲရှောင်၏ စကားကြောင့်ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်ပြီးနောက် စိတ်ထဲတွင်လည်း မခံချင်ပင် ဖြစ်သွားမိသည်။ထို့ကြောင့်ပမာမခန့်သော မျက်နှာပေးဖြင့်ရဲရှောင်၏ အနားသို့ လျှောက်သွားလိုက်သည်။ ထို့နောက်ရဲရှောင်၏ မျက်လုံးများအား တည့်တည့် စိုက်ကြည့်လိုက်ရင်း –
“ငါမင်းကို . . .”
ထိုအချိန်မှာပင် ရဲရှောင်၏ မျက်လုံးများသည်ရုတ်တရက် ဖျတ်ခနဲ ပွင့်သွားပြီး ပါးစပ်မှလည်း အလင်းတန်းတစ်ခု ထွက်ပေါ်သွားသည်။
ထိုအလင်းတန်းသည်လျှပ်စီးထက်ပင် ပို၍ မြန်ဆန်နေပါသေးသည်။
ရဲရှောင်သည်သူ၏ နောက်ဆုံးဝှက်ဖဲအား ထုတ်သုံးလိုက်ခြင်းပင် ဖြစ်သည်။
ထိုဝှက်ဖဲသည်သွားများအကြားတွင် ဝှက်ထားသော အပ်တစ်စင်းပင် ဖြစ်ပေသည်။
ရဲရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံး ကိုင်ရိုက်ထားသည့်အလား မလှုပ်နိုင်မရှားနိုင်ပင်ဖြစ်နေမိသော်လည်း အသက်ရှင်နေသ၍ ထိုအပ်ဖြင့် ရန်သူအား သတ်နိုင်ဦးမည် ဖြစ်သည်။
ချန်ယွင်းဖန်သည်စကားပင် ဆုံးအောင် မပြောလိုက်ရဘဲ ရဲရှောင်၏ရှေ့တွင်ဒူးထောက်ကျသွားသည်။ ရဲရှောင်ပစ်လွှတ်လိုက်သည့်အပ်သည် ချန်ယွင်းဖန်၏ လည်မျို တည့်တည့်အား ထိမှန်သွားခြင်းပင် ဖြစ်သည်။
အပ်စိုက်ရာ နေရာတွင် အနီစက်လေးတစ်စက်ဖြစ်ပေါ်သွားပြီး ထိုနေရာမှတစ်ဆင့်စွမ်းအင်များသည်အခြားနေရာများသို့ ပြန့်နှံ့သွားသည်။
“ချလွင် . . .”
ချန်ယွင်းဖန်၏ လက်ထဲတွင်ကိုင်ဆောင်ထားသည့်ဓားသည်လည်း မြေပြင်ပေါ်သို့ လွတ်ကျသွားသည်။ ဒူးထောက်လျက်သား အနေအထားဖြင့်ပင်မျက်လုံးများ ပြူး၍ ရဲရှောင်အား အံ့ဩသင့်နေသော အကြည့်များဖြင့်စိုက်ကြည့်လျက်ရှိသည်။ သူ၏ မျက်နှာတစ်ခုလုံးသည်လည်းအေးစက်တောင့်တင်းလာခဲ့ပြီ ဖြစ်သည်။
မည်သို့မည်ပုံ ဖြစ်ပျက်သွားသည်ကို နားမလည်နိုင် ဖြစ်နေခြင်း ဖြစ်သည်။
ချန်ယွင်းဖန်သည်သူ၏ လည်ပင်းအား ကိုင်လျက် မပီမသ အသံများ ထွက်ရင်း ရဲရှောင်အား မယုံနိုင်သည့်ဟန်ဖြင့် ကြည့်နေလေသည်။ သူ၏ မျက်နှာတွင် အံ့သြမှု၊ ထိတ်လန့် ကြောက်ရွံ့မှုများ ရောထွေးလျက် ရှိနေသည်။ ထို့နောက် တဖြည်းဖြည်းဖြင့် မြေပြင်ပေါ် လဲကျသွားပါတော့သည်။
ရဲရှောင်၏ ပါးစပ်ထဲတွင်အပ်ရှိနေလိမ့်မည်ဟု ချန်ယွင်းဖန်၏ စိတ်ထဲတွင်ထင်မထားမိခဲ့ချေ။ နန်ရှန်ဆင်းအား တိုက်ခိုက်ခဲ့သည့် ပွဲသိမ်းတိုက်ကွက်တွင်လည်း ထိုအပ်အား ထုတ်မသုံးခဲ့ပေ။ ယခုအခါမှသာ အသုံးပြုခြင်း ဖြစ်သည်။
ယခုကဲ့သို့ အလှည့်အပြောင်း ဖြစ်သွားမည်ဟုလည်း မည်သည့်အခါကမျှတွေးမထားမိခဲ့ချေ။
ပထမဘဝတွင်ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများ နှင့်ယခု ဒုတိယဘဝတွင်ကြုံတွေ့နေရသော အတွေ့အကြုံများအရ ရဲရှောင်ထံတွင် အရန် အစီအစဉ်တစ်ခု အမြဲရှိနေတတ်သည်။ တစ်စုံတစ်ခု ချွတ်ချော်ခဲ့သော်ထိုအစီအစဉ်သည် သူ့အား များစွာ အထောက်အကူ ပြုစေလိမ့်မည် ဖြစ်သည်။ ထိုအရန်အစီအစဉ်သည်ပင် နောက်ဆုံး မျှော်လင့်ချက်ဟု ဆိုနိုင်ပေသည်။
ရဲရှောင်သည် ပါးစပ်ထဲတွင်ဝှက်ထားသော အပ်ဖြင့် နောက်ဆုံးတိုက်ကွက်အား ပြုလုပ်ပြီးနောက် အပြင်းအထန်ပင်ချောင်းဆိုးသွားကာ မြေပြင်ပေါ်တွင် လူးလှိမ့်သွားသည်။ ထိုအပ်အား ရှိသမျှ အင်အား အကုန်သုံး၍ ပစ်လွှတ်လိုက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သူ၏ အင်အားများ ပြန်လည် ကုန်ခမ်း သွားခဲ့ရသည်။
ယခုကဲ့သို့ အားအင်ကုန်ခမ်ြးခင်းမျိုး ယခင်က တစ်ကြိမ် တစ်ခါမျှ မဖြစ်ခဲ့ဖူးချေ။
မည်သို့ပင်ဆိုစေကာမူ သူ၏ အပ်များ နှင့်ဓားများအား ပြန်လည်၍ ကောက်ယူရန် ကြိုးစားရပေဦးမည်။ ယခုအခေါက်တွင်မူ ပစ္စည်းများအား သူ့နေရာနှင့်သူ ပြန်သိမ်းနိုင်မည့် အင်အား မရှိတော့ချေ။ ထို့ကြောင့်ပြန်လည်သိမ်းဆည်းခြင်း မပြုတော့ဘဲ အားလုံးကိုသာ စု၍ ကိုင်ထားလိုက်သည်။
ရဲရှောင်သည်ချန်ယွင်းဖန်၏ လည်မျိုတွင် စိုက်လျက်ရှိသော ခရမ်းပုတ်ရောင် အပ်အား ဆွဲနှုတ်လိုက်ရင်း –
“မင်းက ငယ်ပါသေးတယ်ကွာ၊ ငါက ဝှက်ဖဲတစ်ချပ် အမြဲထားလေ့ ရှိတယ်။ မင်းမှာက ဝှက်ဖဲ မရှိတော့ မင်းသေရတာပေါ့ . . .”
ယခုအခါတွင်မူ ရဲရှောင်သည်အန္တရာယ်တွင်းမှ လွတ်မြောက်သွားခဲ့ချေပြီ။ ထို့နောက်အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းရင်း ချီဓာတ်များအား စုပ်ယူလိုက်သည်။ ရဲရှောင်သည်မတ်တပ်ရပ်နေရင်းဖြင့်လဲမကျသွားစေရန်မနည်းထိန်းလိုက်ရသည်။ သူ၏ အင်အားများ လုံးဝ ကုန်ခမ်းနေသည့်တိုင် ယခုနေရာမှ အမြန်ဆုံး သွားရန် လိုအပ်နေပြီ ဖြစ်သည်။ ထို့ကြောင့် အားတင်း၍ လျှောက်သွားလိုက်သည်။
ယခုနေရာသည်ကြာကြာနေလို့ ကောင်းသည့် နေရာမဟုတ်တော့ချေ။
ထိုနေရာမှနေ၍ ဝေးသထက်ဝေးအောင် မြန်မြန်ထွက်ခွာမှ ဖြစ်ချေလိမ့်မည်။
မကြာခင် လူများ ရောက်ရှိလာပြီး သူ့အားတွေ့သွားကြမည် ဆိုလျှင် ပို၍ ဒုက္ခများနိုင်ပေသည်။
ထင်ထားသည့်အတိုင်းပင် ရဲရှောင်ထွက်သွားပြီး မကြာခင်အချိန်တွင်အရိပ်နှစ်ခု ပျံသန်း ရောက်ရှိလာလေသည်။
“ရွှစ် . . . ရွှစ် . . .”
“ခုနက အသံတွေက ဒီနေရာက ဖြစ်မယ် ထင်တယ်။ အသံတွေက သိပ်တော့ မသဲကွဲပေမယ့်ဒီနေရာဆိုတာတော့ သေချာတယ် . . .”
“လျှို့ဝှက်နေရာတစ်ခုလို ဖြစ်နေတာပါလား . . .”
“ဒီနေရာမှာ တစ်ယောက်ယောက်ကို သတ်ဖြတ်ရင် အကောင်းဆုံးပဲ . . .”
“အမှန်ပဲ . . . တစ်ချက် ကြည့်ကြည့်ကြတာပေါ့ . . .”
“ငါတို့အတွက် အကျိုးရှိမယ့်အရာတစ်ခုခု ရှိရင်လည်း ရှိနိုင်မယ် ထင်တယ် . . .”
“ဒီမှာ သွေးတွေပါလား၊ တကယ်ပဲ တိုက်ခိုက်ခဲ့ကြတာပဲကွ၊ တော်တော်ကို ကြမ်းတဲ့ တိုက်ပွဲ ဖြစ်မယ်ထင်တယ် . . .”
“ဟင် . . . ဒါ . . . ဒါ . . . နန်ရှန်ဆင်း မဟုတ်လား . . .”
“ဘုရားရေ . . . သူပဲ၊ ဘယ်လို ဖြစ်ရတာလဲ . . .”
ရောက်ရှိလာသော လူနှစ်ဦးသည် နေရောင်ဂိုဏ်းမှ ဂိုဏ်းသားနှစ်ဦး ဖြစ်လေသည်။ နန်ရှန်ဆင်း၏ အလောင်းအား ကြည့်ရင်း နှစ်ယောက်သား တုန်လှုပ် ခြောက်ခြား နေကြသည်။
နန်ရှန်ဆင်းသည် တစ်ကမ္ဘာလုံးတွင် အစွမ်းထက်ဆုံး လူတစ်ဦး မဟုတ်သည့်တိုင် အကွက်ချ ကြံစည်တတ်သည့် နေရာတွင်မူ အတော်ဆုံး လူတစ်ဦးပင် ဖြစ်သည်။
ထို့ပြင်ကြယ်ရောင်ဂိုဏ်း၏ အရေးပါအရာရောက်သော လူတစ်ဦးလည်းဖြစ်ပြီး ယခုလို နေရာတွင် သေဆုံးနေရခြင်းမှာ ထူးဆန်းလှပေသည်။
အလွန် အံ့သြစရာ ကောင်းသော ကိစ္စတစ်ခုပင် ဖြစ်သည်။
နှစ်ယောက်သား ထိတ်လန့် တုန်လှုပ်နေကြသဖြင့် စကားပင် မပြောနိုင်အောင် ဆွံ့အလျက် ရှိနေကြသည်။ ထို့ကြောင့်ထိုနေရာ၌ နောက်ထပ် အလောင်းတစ်လောင်း ရှိနေသေးသည်ကိုပင် သတိမထားမိခဲ့ကြချေ။
ခဏအကြာတွင် နှစ်ဦးစလုံး စိတ်ကို တည်ငြိမ်အောင် လျော့ချလိုက်ကြသည်။ ထိုအခါကြမှသာ နောက်ထပ်အလောင်း တစ်လောင်းအား တွေ့လိုက်ကြရလေသည်။
“ဒီမှာ နောက်တစ်ယောက်ပါလား . . .”
“ဟင် . . . ဒါက ချန်ယွင်းဖန် မဟုတ်လား . . .”
“ဟုတ်တယ်၊ သူပဲ . . . သူကရော ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ သေနေရတာလဲ။ ငါတို့ရဲ့ ဒုတိယ ခေါင်းဆောင်က သူ့ကို စာပို့ဖို့ ခိုင်းလိုက်တာ မဟုတ်လား။ ဒီမှာ လာသေနေရတယ်လို့ကွာ . . .”
“ကြည့်ရတာ ဒီနေရာကို ဒီကောင် မတော်တဆနဲ့ ရောက်လာရင်း အသတ်ခံလိုက်ရတာ ထင်တယ်”
“ဖြစ်နိုင်တယ် . . .”
ချန်ယွင်းဖန်၏ အလောင်းအား ကြည့်ရင်း နှစ်ဦးသား မှတ်ချက်ပြုလိုက်ကြသည်။
ထိုအချိန်မှာပင် –
“ရွှစ် . . . ရွှစ် . . . ရွှစ် . . .”
လူတစ်ဒါဇင်ကျော်ခန့်သည်ထိုနေရာသို့ ရောက်ရှိလာကြပြန်သည်။
အားလုံးသည် မတူညီသော ဝတ်စုံများအား ဝတ်ဆင်ထားကြပြီး ဂိုဏ်းအသီးသီးမှ လူများပင် ဖြစ်ကြသည်။
ကြယ်ရောင်ဂိုဏ်း၊ နေရောင်ဂိုဏ်းနှင့် အခြားဂိုဏ်းကြီးများ အပါအဝင် မျိုးနွယ်စုကြီး ၈ စုမှ လူများလည်း ပါဝင်ကြသည်။
ထိုလူများသည် ခပ်သွက်သွက်ပင် လျှောက်လာကြသည်။ သူတို့အားလုံးသည် အရည်အချင်း ရှိကြသူများ ဖြစ်ကြပြီး ထိပ်တန်းအဆင့် ပညာရှင်များလည်း ဖြစ်ကြသည်။
ထိုလူများအားလုံး အနားသို့ ရောက်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်စိမျက်နှာပျက်ပင်ဖြစ်သွားကြပါတော့သည်။