Chapter – 273
“မလူးသာမလွန့်သာ”
ထိုလူသည် မမျှော်လင့်ထားသော မြင်ကွင်းအား မြင်တွေ့လိုက်ရသည့်အတွက်အံ့သြမှုနှင့်အတူ ပျော်ရွှင်မှုကိုပါ အတိုင်းမသိ ခံစားလိုက်ရသည်။ နန်ရှန်ဆင်း၏ အသက်မဲ့နေသော ခန္ဓာကိုယ်နှင့် မလှုပ်နိုင်တော့သော ရဲရှောင်အား ကြည့်ရင်း ကျေနပ်နေမိသည်။
ရဲရှောင်၏ရှေ့တွင်ရှိနေသော လူသည် အသက်အရွယ်အားဖြင့်ကြီးသေးပုံ မပေါ်ချေ။ ခန့်မှန်းခြေအားဖြင့်အသက် ၄၀ ခန့်သာ ရှိနိုင်သေးသည်။
ထိုလူ၏ ကျင့်ကြံမှုအဆင့်သည်လည်း နိမ့်လှပြီး မြေကြီးအဆင့် ၆ ထက် မပိုနိုင်ချေ။ ရဲရှောင် အဆင့်မတက်ခဲ့လျှင်ပင်ထိုကဲ့သို့သော လူမျိုးအား မျက်စိမှိတ်၍ တိုက်ခိုက်နိုင်သော်လည်းယခုကဲ့သို့ မလှုပ်နိုင် မရှားနိုင်ဖြစ်နေသည့် အချိန်တွင်မူ သေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။
ရဲရှောင်သည်အားတင်းလိုက်၍ –
“မင်းဘယ်သူလဲ . . .”
ထိုလူသည် ရဲရှောင်၏ အသံအား ကြားလိုက်ရေသာအခါ ချက်ချင်းပင် သတိအနေအထား ဖြစ်သွားကာ ရဲရှောင်အား လှမ်းကြည့်လိုက်သည်။ ထို့နောက် ရယ်မောလိုက်ရင်း –
“မင်းက နန်ရှန်ဆင်းလို ငါ့ကို အာရုံလွှဲပြီး မင်းထောင်ချောက်ထဲ ထည့်တော့မလို့လား၊ ဟဲဟဲ . . . ငါသာ မင်းရဲ့ လှုပ်ရှားမှုတွေကို မတွေ့ခဲ့ရရင် သေချာပေါက် သေရမှာပဲ။ ဒါပေမယ့်မင်းရဲ့အကြံတွေကို ငါ အကုန် သိထားပြီးသားပါ . . .”
ထို့နောက်ကောက်ကျစ်ယုတ်မာသည့်ဟန်ဖြင့်ရယ်မောလိုက်ပြန်ရင်း –
“အမှန်တိုင်း ပြောရရင် မင်းမှာရှိတဲ့ လက်နက်ပုန်း အရေအတွက်ရယ်၊ ဘယ်နားမှာ ဖွက်ထားသလဲ ဆိုတာကိုပါ ငါသိထားတယ် ဖန်ဧကရာဇ်ရဲ့ . . .”
ပြောနေရင်းဖြင့်ထိုလူသည်ရဲရှောင်၏ ခန္ဓာကိုယ်အား လက်ညှိုးထိုးပြလိုက်ကာ –
“ဖန်ဧကရာဇ် . . . မင်းရဲ့ လက်တွေထဲမှာရယ်၊ လက်မောင်းတွေမှာရယ်၊ ခြေချင်းဝတ်တွေမှာရယ်နောက်ပြီး လည်ပင်းမှာတောင် ဖွက်ထားတယ် မဟုတ်လား။ မင်းက တော်တော်တော့ ဉာဏ်များသားပဲ။ ဖြူကောင်လိုပဲ ခန္ဓာကိုယ်အနှံ့မှာ လက်နက်တွေ ရှိနေတယ်။ တော်တော် လေးစားစရာပဲ။ ဒါနဲ့ မင်းရဲ့ ငယ်ပါမှာရော ဖွက်ထားသေးလား။ ငါတော့ အဲဒီနေရာက လျှို့ဝှက်တဲ့ နေရာဆိုတော့ ဖွက်ထားလို့ အကောင်းဆုံးလို့ ထင်တာပဲ . . .”
ထိုလူ၏ အသံသည် ခြောက်ကပ်ကပ် နိုင်လှသည်။ အရာအားလုံးအား သူ၏ လက်ခုပ်ထဲမှရေကဲ့သို့ပင်မှတ်ယူထားဟန် ရှိသည်။
ရဲရှောင် ချောင်းဆိုးလိုက်ကာ သွေးအချို့ အန်ထွက်သွားပြီးနောက် –
“ငါကတောင် မင်းကို လေးစားရမှာပါ။ မင်းသေချာကို မှတ်ထားနိုင်တာပဲ။ လင်းပါအိုခန်းမရဲ့ ဧကရာဇ်တစ်ယောက် အနေနဲ့ ကိုယ့်အသက်ကိုယ် ကာကွယ်ဖို့ အစီအမံလေးတွေ လုပ်ထားရုံပါ . . .”
ထိုလူသည် ရယ်မောလိုက်ရင်း –
“ဖန်ဧကရာဇ် . . . မင်းက အခု ငါ့လက်ထဲမှာနော်။ အဲဒါတောင် မင်းက ငါ့ကို ပမာမခန့်လေသံနဲ့ ရွဲ့သလိုလိုစောင်းသလိုလို ပြောနေနိုင်သေးတယ်ပေါ့။ တောင်းပန်ရုံလောက်နဲ့ရော လွတ်မြောက်နိုင်မယ် ထင်နေလား။ ငါ့လက်ထဲ ရောက်နေတာတောင် ငါ့ကို ဆန့်ကျင်နေချင်သေးတယ်။ တကယ့်အရူးပဲ . . .”
ထို့နောက်သူ၏ ဓားအား ဆွဲထုတ်လိုက်ကာ –
“ဖန်ဧကရာဇ် . . . အခု မင်းရဲ့ အပ်သေးသေးလေးတွေ အကုန်လုံးကို ထုတ်လိုက်စမ်း။ ဒီလိုမှ မဟုတ်ရင် ဒီဓားနဲ့ မင်းကို ခုတ်ပစ်လိုက်မယ်။ ငါလည်း မလိုလားအပ်တဲ့ အရာတွေ မလုပ်ချင်ပါဘူး။ မင်းက အသက်ရှိနေမှသာ တန်ဖိုးရှိတာကွ။ မင်းသာ သေသွားရင် ငါ့အတွက် ဘာမှ တန်ဖိုးရှိမှာ မဟုတ်တော့ဘူး။ မင်းကို မျက်နှာသာပေးတဲ့ အနေနဲ့ မင်းရဲ့ အောက်ခံတွေကိုတော့ ဝတ်ထားခွင့် ပေးလိုက်မယ်။ ဒီလို ချွန်ထက်တဲ့ အပ်တွေ ဓားမြောင်တွေကိုတော့ ပေါင်ကြားထဲ ထည့်မထားဘူး ထင်တာပဲ . . .”
“ဒါမှမဟုတ် ဘာမှမကျန်အောင် အကုန်ချွတ်ခိုင်းမှထင်တယ်။ ကြယ်ရောင်ဂိုဏ်းက နန်ရှန်ဆင်းကို တောင် မင်းက သတ်လိုက်နိုင်တယ်ဆိုတော့ ငါ့ကိုဆို အလွယ်တကူ သတ်နိုင်မှာပဲ။ မင်းကို ဘာအခွင့်အရေးမှ ပေးလို့ မဖြစ်ဘူး။ အခုကစပြီး ငါ တစ်ကနေသုံးအထိ ရေမယ်။ မင်းအကုန်မချွတ်ဘူးဆိုရင် မင်းကို ငါချက်ချင်း သတ်ပစ်မှာနော် . . .”
“ကဲ အခုကစပြီး ရေပြီနော်၊ သေချာ နားထောင်ထား ဖန်ဧကရာဇ်၊ တစ် . . .”
ရဲရှောင် ပြုံးလိုက်ရင်း –
“မင်းက တကယ်ကို သတိကောင်းတဲ့ လူပါပဲလား။ မင်းတို့ နေရောင်ဂိုဏ်းက လူတိုင်း မင်းလိုပဲလား . . .”
ရဲရှောင်၏ စိတ်ထဲတွင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
အကြောင်းမှာ ထိုလူသည် အနည်းငယ် နောက်ကျမှသာ ရောက်လာသဖြင့် ရဲရှောင်၏ သရုပ်အမှန်အား သိမသွားခဲ့ချေ။ အကြောင်းအရာ အနည်းငယ်ကိုသာ သိသွားခြင်း ဖြစ်သည်။ နန်ရှန်ဆင်း နှင့်ပွဲသိမ်းတိုက်ကွက်တိုက်ခိုက်နေသည့် အချိန်တွင်ထိုလူရောက်ရှိလာခြင်း ဖြစ်နိုင်ပြီး အစောပိုင်းတွင်ရဲရှောင်တို့ နှစ်ဦး ပြောဆိုခဲ့ကြသည့် ကိစ္စများကိုမူ သိဟန်မတူချေ။
တိုက်ပွဲအစတွင် နန်ရှန်ဆင်းသည် အပြင်းအထန် ဒဏ်ရာ ရရှိထားခြင်း မရှိသေးချေ။ နန်ရှန်ဆင်း၏ အာရုံခံနိုင်စွမ်းဖြင့်သာဆိုလျှင် ထိုလူ ရောက်ရှိလာခြင်းအား ကောင်းစွာ အာရုံခံမိမည်မှာ အသေအချာပင်ဖြစ်သည်။ ထိုအခါ ရဲရှောင်ထက် ထိုလူကိုသာ အရင်သွားသတ်နိုင်ပေသည်။
အကြောင်းမှာရောက်ရှိလာသည့်လူသည်နန်ရှန်ဆင်းအတွက် ဝေစုခွဲပေးရမည့် လူပင် ဖြစ်လာနိုင်သည် မဟုတ်ပါလော။
နန်ရှန်ဆင်း အနေဖြင့်ရဲရှောင်ထံမှ ရရှိမည့် အကျိုးအမြတ်များအား မည်သူ့ကိုမျှ ခွဲဝေမပေးချင်ပေ။ နန်ရှန်ဆင်းအတွက်မူအနားသို့ရောက်ရှိလာသည့်လူအား သတ်ပစ်ရန်မှာ အသက်ရှူရသည်ထက်ပင် ပို၍ လွယ်ကူနေပါသေးသည်။
ရဲရှောင်သည်သူ၏ လက်နက်ပုန်းများအား အချိန်ကုန်ခံ၍ ပြန်လည်ကောက်ယူသိမ်းဆည်းခဲ့ရသည်။ သို့သော်ယခုအခါတွင် ပြန်၍ ထုတ်ရပြန်ပြီ ဖြစ်သည့်အတွက်စိတ်မသက်သာရာပင်ဖြစ်နေမိသည်။ အတွင်းခံကိုမူ ချန်ထားခိုင်းမည်ဟု ပြောသဖြင့် ရဲရှောင်လည်း ချန်ထားရန် ဆုံးဖြတ်လိုက်သည်။
“ဖန်ဧကရာဇ် . . . ငါနံပါတ်စဉ် ရေနေတာနော်၊ နှစ် . . .”
ရဲရှောင် သက်ပြင်းသာ ချလိုက်မိသည်။ ထို့နောက်တုံ့ဆိုင်းခြင်း အလျင်းမရှိတော့ဘဲ ဆံပင်ထဲတွင်ဝှက်ထားသော အပ်များအား လျင်မြန်စွာ ဖြုတ်လိုက်သည်။
ထိုလူသည် ရဲရှောင်ပြန်၍ သက်သာလာပြီး သူ့အား တိုက်ခိုက်လာမည်ကို အချိန်နှင့်အမျှ သတိကြီးစွာထား၍ ထိတ်လန့်နေသည့်ဟန်ရှိသည်။ ထိုကဲ့သို့သာ ဖြစ်လာမည် ဆိုပါက သူ သေဆုံးရမည်မှာသေချာပေါက်ပင်ဖြစ်သည်။ ရဲရှောင် ထိတ်လန့်နေမိသည်မှာ ယခုအရှုပ်ထုပ်အတွင်းသို့ နောက်ထပ်လူတစ်ယောက် ထပ်မံဝင်ရောက် လာမည်ကိုပင် ဖြစ်သည်။
(လုံခြုံစိတ်ချရတဲ့ နေရာဆိုတာ ဘယ်မှာမှ မရှိပါလား . . .)
(ဒီနေရာက ချောင်ကျပြီး လျှို့ဝှက်နေရာ တစ်ခုလို ဖြစ်နေတာ၊ ဒီနေ့ကျမှ လူစုံ ရောက်လာရတယ်လို့ကွာ . . .)
ရဲရှောင် မကျေမနပ်ပင်ဖြစ်နေမိသည်။
ထိုလူသည် စူးရှသော မျက်လုံးများဖြင့် ရဲရှောင်အား ကြည့်နေရင်း ရဲရှောင် လက်နက်တစ်ခု ထုတ်ပြီးတိုင်း နံပါတ်စဉ်မှတ်၍ ရေတွက်နေလေသည်။ ရဲရှောင်သည် သူ၏ နောက်ဆုံးလက်နက် ဖြစ်သော ခြေချင်းဝတ်မှ အပ်အား ထုတ်လိုက်ပြီးသည့်အချိန်တွင်အားအင်ကုန်ခန်း နွမ်းနယ်နေပြီ ဖြစ်သည်။ လက်နက်ပုန်းများ ကုန်သွားပြီ ဖြစ်သည့်အတွက်ရန်သူသည်စိတ်သာရာ ရသွားသည့်ဟန်ဖြင့် –
“ဖန်ဧကရာဇ်က လိမ္မာပါးနပ်တဲ့ လူတစ်ယောက်ပါ။ ကိုယ့်အခြေအနေကိုယ် သိပုံပဲ . . .”
ရဲရှောင် အားတင်း၍ ပြုံးလိုက်ကာ –
(ဒီကောင်က ရှေ့တောင် နည်းနည်းလေးမှ တိုးမလာရဲဘူး။ ငါနဲ့ နည်းနည်း အလှမ်းဝေးနေတယ်။ ငါသူ့ကို တစ်ချက်တည်းနဲ့ သတ်နိုင်ပါ့မလား ဆိုတာလည်း မသေချာဘူး။ အခု ငါက ဒဏ်ရာ အပြင်းအထန် ရထားတယ်။ ငါ့အကြံအစည်သာ မအောင်မြင်ခဲ့ရင် ဒီကောင်က ငါ့ကို ချက်ချင်း သတ်ပစ်လိုက်နိုင်တယ်။ တော်တော်လည်း သတိကြီးတဲ့ကောင်ပဲ။ ချမ်းသာမှုကို ရွေးမလား၊ အသက်ကို ရွေးမလားဆိုရင် သေချာပေါက် သူ့အသက်သူရွေးမယ့်ေကာင် . . .)
ရဲရှောင် ဆက်လက်၍ ထိန်းချုပ်နိုင်စွမ်း မရှိတော့သဖြင့်မြေပြင်ပေါ်သို့ လှဲချလိုက်ကာ အလွန်ပင်ပန်း နွမ်းနယ်နေသည့်ဟန်ဖြင့် –
“မင်းဘယ်သူလဲ၊ နေရောင်ဂိုဏ်းထဲက ဘယ်သူများလဲ။ မင်းလိုလူမျိုး နေရောင်ဂိုဏ်းထဲ ရှိနေမယ် ထင်မထားခဲ့မိဘူး . . .”
ထိုလူသည် ရယ်မောလိုက်ရင်း ဂုဏ်ယူဝံ့ကြွားသည့် ဟန်ပန်မျိုးဖြင့် –
“ဖန်ဧကရာဇ် . . . ငါ့နာမည်က ချန်ယွင်းဖန်လို့ ခေါ်တယ်။ ငါက ဘာမှ မပြောပလောက်တဲ့ လူတစ်ယောက်ပါ . . .”
ရဲရှောင်သည်သူ၏ မျက်လုံးများ မှိတ်လိုက်ကာခေါင်းညိတ်လိုက်ရင်း –
“ဒါပေါ့၊ မင်းက ဘာကောင်မှ မဟုတ်ဘူး။ ဖန်ဇီလင်ဆိုတဲ့ ငါက တစ်ကမ္ဘာလုံးအနှံ့ သွားလာခဲ့ဖူးတယ်။ အဲ့ဒါတောင်ဒီလို ဘာမဟုတ်တဲ့ လူတစ်ယောက်ရဲ့ လက်ထဲကို ရောက်လာခဲ့ရတာကတော့ တော်တော်ဆိုးတဲ့ ကံတရားပဲ . . .”
ချန်ယွင်းဖန်၏ မျက်နှာသည်အေးစက်မာကြောသွားကာမကျေမချမ်း ဖြစ်သွားသည့်အသံဖြင့်-
“ဒါပေါ့၊ မင်းဟာမင်း ဘယ်လောက်ပဲ စွမ်းစွမ်း အခုတော့ ရေနစ်နေတဲ့ ခွေးတစ်ကောင်လို ဖြစ်နေပြီ မဟုတ်လား။ ငါ မင်းကို အကြံတစ်ခုပေးမယ် ဖန်ဧကရာဇ် မင်းဘာမှ မလုပ်နိုင် မတတ်နိုင်တော့တဲ့ အခါမျိုးကြရင် မင်းပါးစပ်ကို ပိတ်ရင် ပိတ်ထားလိုက်ဒါမှမဟုတ် စကားကောင်းကောင်း ပြောရင်ပြော။ အဲ့ဒါ မင်းအတွက်အဆင်ပြေဆုံးပဲ . . .”
ရဲရှောင် မျက်လုံးများ မှိတ်ထားလျက်ပင် –
“ဒါတော့ဒါပေါ့၊ ဒါပေမယ့်မင်းလိုကောင်ရဲ့ လက်ထဲ ရောက်ရမှာ ခံပြင်းလို့ပါကွာ၊ ငါမလှုပ်နိုင်တာလည်း ကံဆိုးတာပေါ့ . . .
ချန်ယွင်းဖန်သည် သည်းမခံနိုင်တော့သည့်ဟန်ဖြင့် –
“မင်းကငါ့ကို လှောင်ရဲတယ်ပေါ့။ ဒီလို အခြေအနေမျိုးမှာတောင် ငါ့ကို လှောင်နိုင်သေးတယ်ပေါ့ လေ . . .”
ပြောနေရင်းဖြင့် ထိုလူသည် ရှေ့သို့ လျှောက်လာလေသည်။
ချန်ယွင်းဖန်သည်ဒေါသ အလွန်အမင်းထွက်နေသော်လည်း သတိလက်လွတ် မနေချေ။ သူ၏ လက်ထဲမှ ဓားအား တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ဖန်ဇီလင် အသက်ရှူနေသေးသ၍ ကာလပတ်လုံး သူ့အတွက် အန္တရာယ် ရှိနိုင်သည်ဟု မှတ်ယူထားသည့်ပုံပင်။
ဖန်ဇီလင် ဆိုသည်မှာလည်း နန်ရှန်ဆင်းကဲ့သို့ ပညာရှင်တစ်ဦးကိုပင် သတ်နိုင်ခဲ့သည့် လူတစ်ဦးပင်မဟုတ်ပါလော။ ထို့ကြောင့် သူလို လူတစ်ယောက်အား အနည်းငယ်မျှ လှုပ်ရှားနိုင်လျှင်ပင် လွယ်လွယ်ကူကူဖြင့်သတ်ပစ်နိုင်သည်ကို သိနေ၍ပင် ဖြစ်ပါတော့သည်။