Chapter – 272
“စားရကံ ကြုံလို့ မုတ်ဆိတ်ပျားစွဲ”
နန်ရှန်ဆင်းသည် ခံနိုင်ရည်စွမ်း မရှိတော့ချေ။ မြေပြင်ပေါ်သို့ ကြိုးပြတ်သွားသည့် စွန်ပမာ အရုပ်ကြိုးပြတ်ပင်လဲကျသွားလေသည်။
ထို့ပြင်သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလာပြီး လှုပ်ရှားရန် ကြိုးစားသည့်တိုင် မရတော့ပေ။
“ဘုန်း . . .”
ရဲရှောင်သည်လည်းမြေပြင်ေပ်ါသို့ လဲကျသွားလေသည်။ သူ၏ အရိုးများနှင့် ကြွက်သားများအားလုံး အပြင်းအထန် ဒဏ်ရာ ရရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် လဲကျနေရာမှ ထနိုင်ရန် အချိန်ယူရပေလိမ့်မည်။
နန်ရှန်ဆင်းသည် ရဲရှောင်၏အရှေ့ လက်တစ်ကမ်းအကွာတွင် လူသေတစ်ကောင်ကဲ့သို့ မလှုပ်မယှက် ဖြင့် လဲကျနေခြင်း ဖြစ်သည်။
နန်ရှန်ဆင်း၏ ကိုယ်တွင်းရှိ အေးစက်သော ချီဓာတ်များသည် ပေါက်ကွဲထွက်နေလေပြီ။
ရဲရှောင်ပစ်လွှတ်လိုက်သည့်နတ်မိစ္ဆာအသွား လက်နက်များ၏ အစွမ်းကြောင့်ပင် ဖြစ်သည်။
နန်ရှန်ဆင်း၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများ သွေးထွက်နေရာမှ ရပ်တန့်သွားသည်။ ထို့နောက် ထိုဒဏ်ရာများသည်ခရမ်းေရာင်အဖြစ်အရောင်ပြောင်းသွားကာ သွေးကြောများသည်လည်းတဖြည်းဖြည်း အေးခဲသွားသည်။ အချိန်ခဏလေး အတွင်းမှာပင်နန်ရှန်ဆင်း၏ သွေးကြော ၆၀ ရာခိုင်နှုန်းခန့် ပျက်ဆီးသွားခဲ့ပြီ ဖြစ်သည်။
နန်ရှန်ဆင်းသည်ရဲရှောင်အား ပြူးကျယ်သော မျက်လုံးများဖြင့် ငေးစိုက်ကြည့်လျက်ရှိသည်။ သူ၏ မျက်လုံးများထဲတွင် အံ့သြခြင်း၊ ထိတ်လန့်ခြင်း နှင့်မယုံနိုင်ဖွယ်ဖြစ်နေခြင်းတို့ကို မြင်တွေ့နိုင်ပေသည်။
သူ့ထက် အဆပေါင်းများစွာ အင်အားနည်းသည့် လူတစ်ဦးမှ သူ့အား ယခုကဲ့သို့ အရုပ်ကြိုးပြတ် ဖြစ်သွားအောင်ပင်လုပ်လိုက်နိုင်သည်ကို မယုံကြည်ဖွယ်ဖြစ်နေမိသည်။
လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က နန်ရှန်ဆင်းသည်အသာစီးရနေခဲ့သည်။ အရာအားလုံးသည် သူ၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိနေခဲ့သည်။ သို့သော်ယခုအခါတွင်မူ အဖြစ်အပျက်များသည်ပြောင်းပြန်လှန်ပစ်လိုက်သလိုပင်။
နန်ရှန်ဆင်းသည်ရဲရှောင်အား အားယူ၍ ကြည့်လိုက်ကာ –
“ဒါ . . . ဒါ ဘာတိုက်ကွက်လဲ . . .”
ရဲရှောင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရင်း နန်ရှန်ဆင်း၏ အနားတွင်ထိုင်ချလိုက်သည်။ ထို့နောက် အထင်သေးသည့်အကြည့်များဖြင့်ကြည့်လိုက်ကာ ခနဲ့သော အပြုံးမျိုးဖြင့်ပြုံးလိုက်ရင်း နန်ရှန်ဆင်း၏ ရင်ဘတ်တွင် စိုက်ဝင်နေသော အပ်တစ်ချောင်းအားအေးအေးလူလူဖြင့်ပင်ဆွဲနှုတ်လိုက်သည်။
အလွန်သေးငယ် ချွန်ထက်လှသည့် အပ်တစ်စင်းပင် ဖြစ်သည်။
ထိုအပ်အား သူ၏ ဆံပင်များထဲတွင် ပြန်ထည့်၍ သိမ်းလိုက်သည်။
ထို့နောက် တစ်ချောင်းပြီးတစ်ချောင်း ဆွဲနှုတ်ရင်း ပြန်သိမ်းနေလေသည်။
ခုနစ်စင်းမြောက် အပ်အား ဆွဲထုတ်လိုက်ပြီးသည့် အချိန်တွင် ရဲရှောင်သည် သူ၏ အင်္ကျီလက် အစအား မလိုက်သည်။ ထို့နောက် လက်ကောက်ဝတ်ရှိ အရေပြား အတုထဲသို့ အပ်အား ထည့်သိမ်းလိုက်ပြီး အရေပြား အတုအား သေချာစွာ ပြန်၍ တပ်ဆင်လိုက်သည်။ ရဲရှောင်ပြုလုပ်နေသည့်အရာများအား နန်ရှန်ဆင်းသည်အစမှ အဆုံးတိုင်အောင်ကောင်းစွာ မြင်တွေ့လိုက်ရသည်။
ရဲရှောင်သည် ထိုအခြင်းအရာများအား ပေါ်ပေါ်ထင်ထင်ပင် ပြုလုပ်နေခြင်း ဖြစ်သည်။
အားလုံး ပြီးစီးသွားသောအခါ နန်ရှန်ဆင်းအား ကြည့်လိုက်ရင်း –
“မင်းအခု နားလည်ပြီလား . . .”
နန်ရှန်ဆင်း အံ့သြသွားသည်။ မယုံကြည်နိုင်သေးသော်လည်း ခေါင်းညိတ်လိုက်ရင်း –
“ငါမြင်တယ် . . .”
ထို့နောက် ဘေးသို့ ခေါင်းငိုက်ခနဲ ကျသွားကာ သေဆုံးသွားလေတော့သည်။
ကမ္ဘာတစ်ခုလုံးအား ရာစုနှစ်တစ်ခုမျှ ကြာအောင် စိုးမိုးခြယ်လှယ်ခဲ့သည့် ပညာရှင်တစ်ဦးသည် ရဲရှောင်၏ လက်ချက်ကြောင့်ကျဆုံးခဲ့ရချေပြီ။
ထိုအချိန်တွင်နန်ရှန်ဆင်း၏ မျက်နှာသည် ခရမ်းပုတ်ရောင်ပင်သမ်းနေလေသည်။
မသေခင် အချိန်တွင် သူသေဆုံးခဲ့ရသည့် အကြောင်းရင်းအား နားလည်သွားသည်။ စိတ်ရှင်းရှင်းဖြင့် သေသွားရသည်ဟုပင်ဆိုရပေမည်။
ထို့ပြင်ဖန်ဧကရာဇ်မှ တိုက်ပွဲအစတွင် ကမှူးကရှူးထိုး တိုက်ခိုက်ကာ အားအင် ကုန်ခမ်းချင်ယောင် ဆောင်ခဲ့သည် ဆိုသည်ကိုလည်း သဘောပေါက်သွားခဲ့သည်။ အမှန်တကယ်တွင်ရဲရှောင်သည် ဆင်ကြံ ကြံနေခြင်းပင်ဖြစ်သည်။ရှေ့တစ်လှမ်းတိုးရန်အတွက်နောက်နှစ်လမ်း ဆုတ်ခွာသည့်သဘောပင်။ မိမိကိုယ်ကို အထင်ကြီး ဘဝင်မြင့်နေသော နန်ရှန်ဆင်း၏ အမြင်တွင် သူ့အား ပေါ့ပေါ့ပါးပါး အနိုင်ယူနိုင်မည်ဟု ထင်မြင်အောင်လည်း လှည့်စားခဲ့သည်။ နောက်ဆုံးအချိန်ကျမှသာ သူ၏ ပွဲသိမ်းတိုက်ကွက်အား ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
ထိုတိုက်ကွက် ပြီးသည်နှင့် နန်ရှန်ဆင်းလည်း သေဆုံးသွားရသည်။
နန်ရှန်ဆင်းသည်ရဲရှောင်မှ အပ်များ ပြန်လည် သိမ်းဆည်းနေသည့်မြင်ကွင်းအား အစမှအဆုံးအထိသေသေချာချာ မြင်တွေ့လိုက်ရသဖြင့် ရဲရှောင်၏ ထူးဆန်းသော တိုက်ကွက်အကြောင်း ကောင်းစွာ သိရှိသွားသည်။
နန်ရှန်ဆင်းသည်ရဲရှောင်အား အနိုင်ရတော့မည်ဟု အပိုင်တွက်ထားသည့် အချိန်တွင် ရဲရှောင်ဘက်မှ ပွဲသိမ်း တိုက်ကွက် ထုတ်လိုက်ခြင်း ဖြစ်သည်။
ထိုတိုက်ကွက်သည်ရဲရှောင်၏နောက်ဆုံးတိုက်ကွက်ဟုလည်း ဆိုနိုင်ပေသည်။
နန်ရှန်ဆင်း၏ တရစပ် တိုက်ခိုက်မှု ခံနေရသည့် အချိန်မှာပင် ရဲရှောင်သည် ထိုတိုက်ကွက်အား ပြုလုပ်နိုင်ခဲ့သည်။
တိုက်ကွက်တစ်ကွက်တည်းဖြင့် တိုက်ပွဲအား အဆုံးသတ်ကာ အလှည့်အပြောင်း ဖြစ်စေလိုက်ခြင်းပင်ဖြစ်သည်။
အကယ်၍ ရဲရှောင်ဘက်မှ ထိုတိုက်ကွက်အား တိုက်ပွဲအစမှာပင်ထုတ်သုံးခဲ့လျှင် အကျိုးရှိနိုင်မည် မဟုတ်ချေ။ အကြောင်းမှာ နန်ရှန်ဆင်းအနေဖြင့်တိုက်ပွဲအစတွင် အားပြည့်အင်ပြည့်ပင်ဖြစ်နေသဖြင့်သေချာပေါက်ပင်ခုခံနိုင်ပေလိမ့်မည်။ ထို့ကြောင့်နန်ရှန်ဆင်း အားနည်းသွားသည့် အချိန်မှသာ ထုတ်သုံးလိုက်သောအခါ ပို၍ ထိရောက်မှု ရှိသွားခြင်း ဖြစ်သည်။
နန်ရှန်ဆင်းအဖို့ ရဲရှောင်၏ လက်တွင် အသေခံခဲ့ရခြင်းမှာ မထိုက်တန်ဟု တွေးကောင်းတွေးမိနေပေလိမ့်မည်။ သို့သော် ရဲရှောင်သည် အကြံကြီးကြီး ကြံထားသူပင်မဟုတ်ပါလော။
“မင်းက နုပါသေးတယ်ကွာ . . .”
ရဲရှောင် ခနဲ့တဲ့တဲ့ဖြင့်ရေရွတ်လိုက်ရင်း နန်ရှန်ဆင်း၏ ကိုယ်တွင် စိုက်ဝင်နေသည့် ဓားမြောင်များကိုပါ ဆွဲနှုတ်၍ ဆံပင်များကြား ညှပ်လိုက်ပြန်သည်။
ပတ်ဝန်းကျင်အား တစ်ချက် အကဲခတ်ကြည့်လိုက်သောအခါ မည်သူမျှ ရှိမနေသည်ကို ရဲရှောင်တွေ့လိုက်ရသည်။ ထို့နောက်နန်ရှန်ဆင်းအား ထိမှန်ခြင်း မရှိသွားသော အပ်များ လိုက်လံကောက်လိုက်သည်။
နောက်ဆုံးတွင်မူ ရဲရှောင်သည်အပ်များအား တစ်ချောင်းပြီးတစ်ချောင်း သူ့နေရာနှင့်သူ ပြန်သိမ်းထားနိုင်လိုက်ပြီ ဖြစ်သည်။
တိုက်ပွဲပြီးဆုံးသွားသည့် အချိန်မှသာ ရဲရှောင်လည်း စိတ်သက်သာရာ ရသွားသည့်ဟန်ဖြင့်သက်ပြင်းချမိလိုက်သည်။ သူ၏ စိတ်ထဲတွင်ရုတ်တရက် ပေါ့ပါး လန်းဆန်းသွားသကဲ့သို့လည်းခံစားလိုက်ရသည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်မတတ် နာကျင်သွားသည့်နာကျင်မှုအား ခံစားလိုက်ရသည်။ အရိုးများအားလုံးသည်လည်း ကျိုးကြေလုနီးပါးပင်ဖြစ်နေသည့်အတွက်လှုပ်ပင် မလှုပ်နိုင်တော့ချေ။
တိုက်ပွဲပြီးသွားပြီးနောက်စိတ်ဒုံးဒုံးချလိုက်သောအခါ ရဲရှောင်၏ ခန္ဓာကိုယ်တွင်းရှိ ဒဏ်ရာများမှ ဒုက္ခပေးလာခြင်းပင် ဖြစ်သည်။ အစပိုင်းတွင်သွေးပူနေ၍သာ သတိမထားမိခဲ့ခြင်း ဖြစ်သည်။ လမ်းလျှောက်ရန်အင်အားပင် လုံးဝမရှိတော့သည့်အလား ခံစားနေရသည်။
ထို့ပြင်ရဲရှောင်သည်အလွန်အမင်းအိပ်ချင်လာသလိုလည်း ခံစားလိုက်ရသည်။လျှောက်နေရင်း ဖြင့်လဲကျတော့မတတ်ပင် ဖြစ်နေခဲ့သည်။ တိုက်ပွဲအတွင်း ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့်တိုင် သူ၏ သွေးကြောများသည်ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသည့်အတွက်မသက်မသာပင်ခံစားနေရခြင်း ဖြစ်သည်။
ထိုအချိန်က အဆင့်တက်နိုင်၍သာ ကံကောင်းသွားသည်ဟု ဆိုရပေမည်။ ထိုကဲ့သို့ အဆင့်တက်သွားသဖြင့် သူ၏ စွမ်းအင်များ တဟုန်ထိုး တိုးလာခဲ့သည်။ ထို့ကြောင့်နောက်ဆုံးတိုက်ကွက်အား အပြည့်အဝ ပြုလုပ်နိုင်လိုက်ခြင်းပင်ဖြစ်သည်။
ထိုကဲ့သို့ မဟုတ်ပါက ဒဏ်ရာအပြည့် ရရှိထားသော ရဲရှောင်သည် နောက်ဆုံးပွဲသိမ်း တိုက်ကွက်အား ကောင်းစွာ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ အလွန် အန္တရာယ်များသော အခြေအနေတစ်ခုပင်ဖြစ်သည်။
“တော်သေးတာပေါ့ . . .”
ရဲရှောင် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ တိုက်ပွဲပြီးဆုံးသွားသော်လည်း ရဲရှောင်သည်သတိလက်လွတ် မနေရဲချေ။ နိုးနိုးကြားကြား ဖြစ်စေရန်အတွက် သူ၏ ဟင်းလင်းပြင်အတွင်းရှိ ဝိညာဉ်တော်ချီဓာတ်များအား လည်ပတ်စီးဆင်း နေစေလိုက်သည်။
လေလံပွဲတွင် သူရှိနေမှသာ ဖြစ်ပေလိမ့်မည်။ နောက်ကျသွားမည် ဆိုပါက မလိုလားအပ်သော ပြသာနာများ ဖြစ်ပေါ်သွားနိုင်ပေသည်။ ထို့ကြောင့် အနားယူချင်နေသည့်တိုင်ယခုအချိန်တွင်အိပ်စက် အနားယူရန်မဖြစ်နိုင်သေးချေ။
အိပ်စက်အနားယူခြင်းဖြင့်သူ၏ ဒဏ်ရာများ ပိုမို လျင်မြန်စွာ သက်သာပျောက်ကင်း လာနိုင်သည်ကို သိသော်လည်း မအိပ်ရဲသေးချေ။
ဥသည် ကမ္ဘာပေါ်ရှိ ဝိညာဉ်တော် ချီဓာတ်များအား စုပ်ယူ၍ ရဲရှောင်အား အထောက်အပံ့ ပေးခဲ့သည်။ ထိုချီဓာတ်များသည်နန်ရှန်ဆင်းအား ပြန်လည် တိုက်ခိုက်နိုင်ရန်အတွက် များစွာ အထောက်အကူပြုခဲ့သည်။
ထိုအချိန်မှာပင် ပုံရိပ်တစ်ခုသည်ရဲရှောင်၏ အရှေ့သို့ ရုတ်တရက်ရောက်ရှိလာလေသည်။
“နာမည်ကျော် ဖန်ဧကရာဇ်က တကယ့်ကို ဆရာကြီးပါလား။ ကြယ်ရောင်ဂိုဏ်းက အဆင့်မြင့် ပညာရှင်တစ်ယောက်ကိုတောင် သတ်နိုင်လိုက်တယ်ပေါ့။ သိပ်ကောင်းတယ်၊ ဒီတိုက်ပွဲက ငါ့အတွက်တော့ တော်တော် အကျိုးရှိသွားတယ်။ ဟဲဟဲ . . . စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲတာပဲဟေ့ . . .”
ထိုလူသည် မခံချင်စဖွယ် ရယ်မော၍ ပြောဆိုလိုက်သည်။
ရဲရှောင် မျက်လုံးမှိတ်ထားလျက်ပင် သက်ပြင်းချလိုက်မိရင်း –
(ငါတို့ တိုက်ခိုက်ခဲ့တာ အပြင်ကိုပါ သက်ရောက်မှု ရှိသွားတယ်ထင်တယ်။ ဒါပေမယ့်အခုတော့ ငါ လှုပ်တောင် မလှုပ်နိုင်တော့ဘူး၊ ဒီလူက ဘယ်သူပဲဖြစ်ဖြစ် ဒီလူလက်က လွတ်အောင် အကောင်းဆုံး ကြိုးစားရမှာပဲ။ ငါကလည်း တိုက်ပွဲကိုပဲ အာရုံစိုက်နေတော့ ဒီလူ ရောက်လာတာတောင် သတိမထားမိလိုက်ဘူးပဲ . . .)
ရဲရှောင် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ လူတစ်ယောက်အား မြင်တွေ့လိုက်ရသည်။ ထိုလူသည် စိမ်းပြာရောင် ဝတ်ရုံအား ဝတ်ဆင်ထားပြီး ဦးထုပ်တစ်လုံး ဆောင်းထားလေသည်။ ထိုအဝတ်အစားများအရ နေရောင်ဂိုဏ်းမှ လူဖြစ်သည်ဆိုသည်ကို ရဲရှောင် ရိပ်စားမိလိုက်ပါတော့သည်။