Chapter – 271
“အသေသတ်တိုက်ကွက်”
ရဲရှောင်သည် နန်ရှန်ဆင်း၏ ရိုက်ချက်အားရှောင်တိမ်းခြင်း မပြုတော့ရုံသာမက သူ့ကိုယ်သူ ကာကွယ်ထားသည့် ချီအကာအကွယ်ကိုပါ ပြန်လည် ရုပ်သိမ်းလိုက်သည်။ ထို့နောက်တိုက်ခိုက်မှုအား တိုက်ရိုက်ခံယူရန် အသင့်ပြင်ထားလိုက်သည်။
ထိုကဲ့သို့ ပြုလုပ်ရခြင်းမှာ အဆင့်တက်ရန်ကြိုးစားချင်သောကြောင့်ပင်ဖြစ်သည်။ ဝမ်ရမ်ချူးချူးနှင့်နောက်ဆုံးအကြိမ်တိုက်ခိုက်ခဲ့စဉ်ကလည်း ယခုကဲ့သို့ပင်ပြတ်သားစွာ ပြုလုပ်ခဲ့လေသည်။
ရဲရှောင်သည် လက်ရှိအချိန်တွင်စွမ်းအင်မှန်သမျှအား လက်ခံစုပ်ယူနိုင်သော ဝဲကတော့ကြီးအသွင် ဖြစ်လျက်ရှိသည်။
ယခုကဲ့သို့ သေဘေးနှင့် နီးကပ်နေသည့် အချိန်မျိုးတွင်ပင် ရဲရှောင်သည်တွေဝေတုန့်ဆိုင်းခြင်း အလျင်းမရှိဘဲ မိမိကိုယ်ကို တိုးတက်အောင် ပြုလုပ်လိုက် သည်။အကယ်၍ ရဲရှောင်၏ လုပ်ရပ်သည်မအောင်မြင်ခဲ့လျှင် အသက်ရှင်ရန် လမ်းမရှိတော့ချေ။
ထိုသို့ မအောင်မြင်ခဲ့ဘဲ အနည်းငယ် တောင့်ခံနိုင်ဦးမည်ဆိုလျှင်ပင် သေချာပေါက် သေဆုံးရမည်သာ ဖြစ်သည်။
နန်ရှန်ဆင်းဘက်မှ အားကုန်ထုတ်သုံးလိုက်သည့် စွမ်းအင်များသည် ရဲရှောင်၏ စွမ်းအင်သိုလှောင်ရာသို့ တိုးဝင်လာတော့မည် ဖြစ်သည်။
“ဘုန်း . . .”
ရဲရှောင်ထံမှ ညည်းသံတစ်ချက်ထွက်ပေါ်သွားပြီး တိုက်ခိုက်မှုဒဏ်အား ရင်စီး၍ ခံလိုက်သည်။ နန်ရှန်ဆင်း၏ ရိုက်ချက်ကြောင့်သစ်ပင်ပေါ်မှကြွေကျသွားသည့်ရော်ဝါရွက်လေးတစ်ရွက်အလားလေနှင့်အတူ ရဲရှောင်သည်အနောက်သို့ လွင့်ထွက်သွားလေသည်။ အရိုက်ခံလိုက်ရသည့်အရှိန်ကြောင့်ရဲရှောင်၏ ခန္ဓာကိုယ်အတွင်း၌ မည်သို့ ဖြစ်ပျက်သွားသည်ဆိုသည်ကို မည်သူမျှ သိနိုင်မည် မဟုတ်ချေ။ ထိုအချိန်တွင် ကောင်းကင်အဆင့်၏ ပထမအဆင့်နှင့် ဒုတိယအဆင့်ကြားရှိ နံရံသည် ကျိုးပျက်သွားခဲ့သည်။
ရဲရှောင်၏ လုပ်ရပ်သည်ရဲတင်းလွန်းသည်ဟုဆိုရပေမည်။ ယခုကဲ့သို့ အသက်ဘေးနှင့် နီးနီးလေးသာ လိုတော့သည့် အခြေအနေမျိုးမှာပင် မိုက်ရူးရဲဆန်သော လုပ်ရပ်မျိုးအား ပြုလုပ်ခဲ့သည်။ ရန်သူထံမှ သက်ရောက်လာသော စွမ်းအင်များနှင့် သူ၏ ဝိညာဉ်တော်ချီဓာတ်များအား အသုံးပြုကာ အဆင့်တက်နိုင် အောင် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ကြောက်လျှင်လွဲ ရဲလျှင်မင်းဖြစ်ဆိုသည့်စကားအတိုင်း ပြတ်ပြတ်သားသားဖြင့်လုပ်လိုက်သည့်ရဲရှောင်၏ လုပ်ရပ်သည်အောင်မြင်သွားခဲ့လေပြီ။
တစ်ဖက်ရန်သူ၏ ရိုက်ချက်အား တိုက်ရိုက်ခံယူခဲ့ခြင်းသည်ကိုယ့်သေတွင်း ကိုယ်တူးသည့်လုပ်ရပ်ပင်ဖြစ်ပြီး အခန့်မသင့်ပါက တစ်ခါတည်းပင်အသက်ပျောက်သွားနိုင်ပေသည်။
အဆင့် ၂ ဆင့်ကြားရှိ နံရံ ကျိုးပျက်သွားပြီးနောက် အဆုံးမရှိသော ဝိညာဉ်တော် ချီဓာတ်များသည် ရဲရှောင်၏ သွေးကြောများအတွင်းသို့ ဒီရေအလား တဟုန်ထိုး စီးဆင်းပြန့်နှံ့လာကြသည်။
ရဲရှောင်သည်ယခုအခါတွင်ဒုတိယအဆင့်သို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ ရောက်ရှိရန် ပေးဆပ်လိုက်ရသည့်တန်ဖိုးသည်လည်း မနည်းလှချေ။ သူ၏ အသက်နှင့် လောင်းကြေးထပ်ထားခြင်းပင် ဖြစ်သည်။
အဆင့်တက်သွားသောအခါ ရဲရှောင်၏ ပါးစပ်မှ သွေးများ သုံးကြိမ်တိတိပင်အန်ထွက်သွားလေသည်။ ထို့ပြင်သွေးကြောများအားလုံး ထိခိုက်သွားရုံသာမက သူ၏ အင်္ဂါအစိတ်အပိုင်းများလည်း ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသည်။ နန်ရှန်ဆင်းဘက်မှ အားကုန် တိုက်ခိုက်လိုက်သောကြောင့် ပါးစပ်မှ သွေးများ အန်ထွက်သွားသည်သာမက နှာခေါင်း၊ နားနှင့် မျက်လုံးများမှလည်း သွေးများ စီးကျလာလေသည်။
ရဲရှောင်၏ အပြုအမူကြောင့်နန်ရှန်ဆင်းသည်အံ့အားသင့်သွားသည့်အတွက်ရုတ်တရက် ကြောင်ငေးသွားကာ ပို၍ပင်ဒေါသထွက်သွားခဲ့သည်။
ထို့ကြောင့်ဒဏ်ရာဗရပွနှင့်ပင်ဖြစ်နေသော နန်ရှန်ဆင်းသည် ရဲရှောင်အား အဆက်မပြတ် တိုက်ခိုက်လိုက်ရင်း –
“ဘယ်လိုတောင် လုပ်ရဲရတာလဲ။ မင်းက ငါ့လက်ခုပ်ထဲက ရေဖြစ်နေပြီ။ အဲဒါတောင် မင်းကိုယ်မင်း ဟုတ်လှပြီ ထင်နေတာလား။ မင်းကို သတ်ပစ်မယ် ခွေးကောင် . . .”
ရဲရှောင်သည်နန်ရှန်ဆင်း၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများအား သေချာကြည့်နေရင်း ရင်ဘတ်ရှိ ဒဏ်ရာမှာ အတော်ကြီးသည်ကို မြင်တွေ့လိုက်ရသည့်အတွက်စိတ်ထဲတွင် ကျေနပ်မိသွားသည်။
သူ့ဘက်မှ ယခုထက်ပို၍ အစွမ်းကုန် ကြိုးစားလိုက်မည် ဆိုပါက အခွင့်အရေး ရလာနိုင်ပေသည်။
ရဲရှောင်သည် သူ၏ အပ်ဖြင့် တိုက်ခိုက်သည့် တိုက်ကွက် ပြုလုပ်ပြီးနောက် နန်ရှန်ဆင်းသည် ကျင့်ကြံမှု နယ်ပယ်တွင် အတော်အတန် ခရီးရောက်နေပြီဟု ခန့်မှန်းမိလိုက်သည်။ ထိုမျှသာမက မော်တယ်ကမ္ဘာရှိ အဆင့်တူများထက်ပင်သာလွန်နေမည်ဟုပါ သိလိုက်ရသည်။ ရဲရှောင်၏ အပ်တိုက်ကွက်သည် အလွန်အစွမ်းထက်လှသည့်တိုင် နန်ရှန်ဆင်းအား နာကျင်ရုံမျှသာ ပြုလုပ်နိုင်ခဲ့သည်။
ထို့ကြောင့်တိုက်ပွဲအခြေအနေကို ပြောင်းလဲရန် ရဲရှောင် ကြံစည်ခဲ့ခြင်း ဖြစ်သည်။
ပထမတွင် ရဲရှောင်သည် အေးစက်သော စွမ်းအင်များအား အဓိက အသားပေး အသုံးပြု၍ တိုက်ခိုက်ခဲ့သည်။ ထို့နောက် နန်ရှန်ဆင်းဘက်မှ ပြန်လည်၍ ထိုးစစ်မဆင်နိုင်စေရန်တရစပ် တိုက်ခိုက်ခဲ့ပြန်သည်။ ထိုကဲ့သို့ တိုက်ခိုက်နိုင်ရန်အတွက်ရဲရှောင်သည်စွမ်းအင်များစွာ အသုံးပြုခဲ့ရသည်။
ထို့နောက်တွင် ရှောင်ဧကရာဇ်၏ ဓားရေးအစွမ်းအား အသုံးပြု၍ တိုက်ခိုက်ခဲ့ပြန်သည်။ ထိုဓားရေးဖြင့်နန်ရှန်ဆင်းအား ပွဲသိမ်းရန် ပြင်ဆင်ခဲ့သော်လည်း မလုပ်နိုင်ခဲ့ချေ။ နန်ရှန်ဆင်း ဒဏ်ရာများစွာ ရနိုင်ေအာင်သာ ပြုလုပ်နိုင်ခဲ့သည်။ ထိုသို့ ဒဏ်ရာရသွားပြီး အားကုန်လာသည့်အခါ သူ့ဘက်မှ ထပ်မံ၍ အခွင့်အရေး ရလာမည်ဟုသာ တွက်ဆခဲ့မိသည်။
သို့သော် ရဲရှောင်၏ အစီစဉ်ထဲတွင်နန်ရှန်ဆင်း၏ နံရိုးများ ချိုးပစ်ရန်မပါဝင်ခဲ့ချေ။
နန်ရှန်ဆင်းသည် အင်အားအရာတွင်သူ့ထက် အဆပေါင်းများစွာ သာလွန်နေသဖြင့် ရဲရှောင်ဘက်မှမျှော်လင့်ချက်ကြီးကြီးမားမား မထားခဲ့ပေ။
တကယ့်လက်တွေ့တွင်လည်း နန်ရှန်ဆင်းသည် အမှန်တကယ်ပင်အစွမ်းထက်လှသည်။ ဧကရာဇ်ဓားချက်ဖြင့် တိုက်ခိုက်သည့်အခိုက်တွင်ရဲရှောင်ဘက်မှ ထိုးစစ်ဆင်ရန် အခွင့်အရေးရလိမ့်မည်ဟု မျှော်လင့်ထားခဲ့မိသည်။ သို့သော် နန်ရှန်ဆင်းသည် သူ၏ ဓားအား ကောင်းစွာ ခုခံကာကွယ်နိုင်ခဲ့သည်။ ရဲရှောင်သည် ဓားရေး သုံးမျိုးဖြင့် တိုက်ခိုက်ခဲ့သည့်တိုင် နန်ရှန်ဆင်းအား သေစေနိုင်ေလာက်သည့် ဒဏ်ရာမျိုး ရရှိအောင် မလုပ်နိုင်ခဲ့ချေ။
ရဲရှောင် အမှားကြီး မှားခဲ့သည့် အချက်မှာ ရန်သူအား ပြန်လည်၍ ထိုးစစ်ဆင်နိုင်လိမ့်မည်ဟု မိမိကိုယ်ကို အထင်ကြီးခဲ့မိခြင်းပင်ဖြစ်သည်။ ရဲရှောင်သည်ကောင်းကင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည့်တိုင် ဓားရေး သုံးမျိုးကိုသာ ထုတ်သုံးနိုင်ခဲ့သည်။ ထိုကဲ့သို့ သုံးပြီးနောက် သူ၏ စွမ်းအင်များသည်လည်း မီးစာကုန်ရေခမ်းပင်ဖြစ်ခဲ့ရသည်။ ထို့ကြောင့်နန်ရှန်ဆင်း၏ ရိုက်ချက်အား ပြင်းပြင်းထန်ထန်ပင်ခံစားခဲ့ရခြင်း ဖြစ်သည်။
သို့သော်ထိုအချိန်တွင်ဟင်းလင်းပြင်ကြီးမှ ရဲရှောင်အား အကူအညီပေးလာခဲ့သည်။
အံ့သြစရာကောင်းသော အလှည့်အပြောင်း တစ်ခုပင် ဖြစ်သွားခဲ့သည်။
ထိုကဲ့သို့ အကူအညီ မရလာခဲ့လျှင်လည်း နန်ရှန်ဆင်းမှ မိမိအား သတ်ဦးမည်မဟုတ်ကြောင်း ရဲရှောင် သိနေလေသည်။ သို့သော် ဟင်းလင်းပြင်ကြီး၏ အကူအညီ ရသွားသောအခါ ပို၍ ကောင်းမွန်သော အခြေအနေတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
နန်ရှန်ဆင်းသည်ဒေါသတကြီးဖြင့်လေထဲသို့ ခုန်တက်လိုက်သည်။ ထိုအခြေအနေကိုပင် ရဲရှောင် လိုချင်နေခြင်း ဖြစ်သည်။ ရဲရှောင်သည် ဒုတိယအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် မိမိကိုယ်ကို ယုံကြည်မှုများ ပို၍ ရှိသွားခဲ့သည်။
ကံကြမ္မာသည်သူ့အား မျက်နှာသာ ပေးခဲ့သည့် မဟုတ်ပါလော။
နန်ရှန်ဆင်းသည်ဖန်ဧကရာဇ်အား မီးစာကုန်ခမ်းသွားသည့်မီးအိမ်တစ်ခုကဲ့သိုပင်သဘောထားနေခြင်း ဖြစ်သည်။ သူ၏ လက်ခုပ်ထဲမှရေပင်ဖြစ်နေသည့်အတွက်ရဲရှောင်ဘက်မှနေ၍ တိုက်ခိုက်မှုများအား ကာကွယ်နိုင်စွမ်း ရှိလိမ့်မည်ဟုလည်း ထင်မထားခဲ့ချေ။
ထို့ပြင် ရဲရှောင်သည်သူ၏ အသက်ကိုပင်စတေး၍ အဆင့်တက်အောင် ကြိုးစားခဲ့မည်ဟုလည်း နန်ရှန်ဆင်း ထင်ထားမည် မဟုတ်ပေ။ ရဲရှောင် အဆင့်တက်သွားကြောင်း သိမည်ဆိုပါက မတိုက်ခိုက်ခင်တွင်ရဲရှောင်အား အသေအချာ အကဲခတ်နေဦးမည် ဖြစ်သည်။
နန်ရှန်ဆင်းပင် မဟုတ်ချေ။ မည်သူမျှ ယခုကဲ့သို့ အခြေအနေမျိုးတွင် အဆင့်တက်ရန် ကြိုးစားလိမ့်မည်ဟုထင်မိကြမည် မဟုတ်ပေ။
ရဲရှောင်တစ်ယောက်ပြောင်းလဲမှု အနည်းငယ် ဖြစ်နေသည်ဟုသာ သတိထားမိသော်လည်း နန်ရှန်ဆင်းသည်လေးလေးနက်နက်အာရုံမစိုက်ခဲ့မိချေ၊
အကြောင်းမှာ သူ၏ စိတ်ထဲတွင် ရဲရှောင်အား ဖမ်းမိပါက မည်သို့မည်ပုံ နှိပ်စက်ရမည်ဆိုသည်ကိုပင်တွေးနေမိခြင်း ဖြစ်သည်။ ရဲရှောင်မှ သူ့အား အသနားခံ၍ တောင်းပန်နေပုံ၊ နောင်ရနေပုံနှင့် ကျွန်တစ်ယောက်ကဲ့သို့ ပြုမူ ဆက်ဆံနေပုံတို့ကိုသာ မျက်လုံးထဲတွင်မြင်ယောင်နေမိခြင်း ဖြစ်သည်။
ရဲရှောင်အား နှိပ်စက်ရမည့်အရေး တွေး၍သာ စိတ်လှုပ်ရှား နေမိသည်။
(မင်းကို ဖမ်းပြီးရင် မင်းလက်တွေ၊ ခြေထောက်တွေကို ချိုးပစ်မယ်။ ပြီးရင် တစစီကို စိစိညက်ညက်ကြေအောင် ခြေပစ်မယ်။ ငါ့ကျွန်ဖြစ်လာရင် ငါတို့ ပထမဆုံး အဲဒီကစားနည်းနဲ့ စကြတာပေါ့ကွာ။ ငါ့ရဲ့ နှိပ်စက်မှုအောက်မှာ မင်းဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့ . . .)
နန်ရှန်ဆင်းဘက်မှ ထိုကဲ့သို့ စဉ်းစားနေမိသည့် အချိန်တွင် ရဲရှောင်သည်လေထဲတွင် သူ၏ ခန္ဓာကိုယ်အား ထူးဆန်းသော နည်းတစ်မျိုးဖြင့် လှည့်လိုက်သည်။
ထိုအခြင်းအရာအား နန်ရှန်ဆင်းသည်အာရုံမစိုက်မိလိုက်ချေ။
လေထဲတွင် တစ်ပတ်လှည့်လိုက်ခြင်းမှာ ထူးခြားသော လှုပ်ရှားမှု မဟုတ်၍လည်း သတိမထားမိလိုက်ခြင်း ဖြစ်သည်။
ရဲရှောင်လှည့်လိုက်ပြီးနောက်လေထဲတွင် အနက်ရောင်ချီဓာတ်အချို့ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထို့နောက်ရုတ်ချည်းပင် ပြန်ပျောက်ကွယ်သွားခဲ့သည်။
ရဲရှောင်၏ အသေသတ်တိုက်ကွက် လာပါချေပြီ။
ခဏအကြာတွင် စူးစူးဝါးဝါး အော်ဟစ်လိုက်သည့်နန်ရှန်ဆင်း၏ အသံကြီးသည်ထွက်ပေါ်လာသည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ မခံမရပ်နိုင်အောင် နာကျင်သွားခဲ့ပြီးအေးစက်မှုကိုပါ ရော၍ ခံစားလိုက်ရသည်။
မမြင်နိုင်သော လက်နက်များဖြင့် ခန္ဓာကိုယ်အား တပြိုင်နက်တည်း ထိုးစိုက်ချလိုက်သလိုပင်နန်ရှန်ဆင်း ခံစားလိုက်ရခြင်း ဖြစ်သည်။
အနက်ရောင်အငွေ့အသက်အချို့ ထွက်ပေါ်လာချိန်၌ သူ၏ ရင်ဘတ်သို့ ဓားမြောင်သုံးချောင်း စိုက်ဝင်သွားသည်။ ထို့ပြင် အပ် ၁၂ ချောင်းသည်လည်း တစ်ကိုယ်လုံးသို့ စိုက်ဝင်သွားလေသည်။
နက်ရှိုင်းစွာ စိုက်ဝင်သွားခြင်းပင် ဖြစ်ပါတော့သည်။