Switch Mode

Chapter – 270

တန်ပြန်တိုက်ခိုက်မှု

Chapter – 270
“တန်ပြန်တိုက်ခိုက်မှု”

​နန်ရှန်ဆင်းသည် ရဲရှောင်၏ တိုက်ခိုက်မှုအား အကောင်းဆုံး ကာကွယ်နိုင်ရန် ကြိုးစားသည့်​အ​နေဖြင့်​နောက်သို့ ခြေတစ်လှမ်းဆုတ်၍ ရှောင်တိမ်းလိုက်သည်။
ရန်​သူ့ဘက်​မှ​နေ၍ ယခုကဲ့သို့ ပြင်းပြင်းထန်​ထန်​တုန့်​ပြန်​တိုက်​ခိုက်​လာခြင်းမျိုးအား သူ၏ ဘဝတွင်​တစ်​ခါမျှ မကြုံဖူးခဲ့​ချေ။ ယခုတိုက်​ပွဲတွင် အနိုင်ရရှိရန်​ထက်​အသက်မဆုံးရှုံးရန်သာ ပို၍ အရေးကြီးကြောင်း နန်​ရှန်​ဆင်း ဆင်ခြင်သုံးသပ်​လိုက်​မိသည်​။
“ဘုန်း . . .”
ကောင်းကင်​ထက်​မှ တောင်ကြီးများ ကျဆင်းလာသည့်အလား ဓားသည်​အရှိန်​အဟုန်​အပြည့်​ဖြင့်​နန်​ရှန်​ဆင်း​ပေါ်သို့ ကျ​ရောက်​လျက်​ရှိသည်​။
နန်ရှန်ဆင်းသည် ထိပ်တန်းအဆင့် ပညာရှင်တစ်ဦး ဖြစ်ပြီး မော်တယ်ကမ္ဘာ၏ အတော်ဆုံး ပညာရှင်များထဲမှ တစ်ယောက်ဖြစ်ကာ ကောင်းကင်အဆင့်ပင်​ဖြစ်သော်လည်း ယခုအခါတွင်မူ ပြန်လည်၍ ထိုးစစ်​ဆင်​နိုင်​ခြင်း မရှိ​တော့​ပေ။ သူ့ထံသို့ ကျဆင်းလာသည့်​ဓားချက်များကိုသာ အသည်းအသည်​ရှောင်တိမ်းနေရသည်။
ထိုတိုက်ကွက်သည် ချင်းယန်နယ်ပယ် တစ်ခုလုံးကိုပင် ဖိန့်ဖိန့်တုန်စေသည့် တိုက်ကွက် ဖြစ်လေသည်။
နန်ရှန်ဆင်းသည်​နံရံကို ကပ်မိသည်အထိ နောက်ဆုတ်ပြီးသောအခါ ဓားမှ အလင်းတန်းများ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။​သူ၏ ခန္ဓာကိုယ်တွင်​လည်း ဒဏ်ရာဒဏ်ချက်​ပေါင်းများစွာ ရရှိနေပြီ ဖြစ်သည်​။ နက်ရှိုင်းစွာ ခုတ်ပိုင်းခံထားရခြင်း မဟုတ်သည့်တိုင် သွေးစက်​များမှာမူ တစက်စက် ကျဆင်း​လျက်​ရှိသည်​။
ရဲရှောင်၏ ဓားချက်ကြောင့် နန်ရှန်ဆင်း၏ ခန္ဓာကိုယ်တွင်​အနည်းဆုံး ဒဏ်ရာပေါင်း ၇၀ ကျော်မျှ ရရှိသွားခဲ့ပြီ ဖြစ်​သည်​။
ရဲရှောင်လည်း နောက်ဆုံး ဓားချက်အား အံကြိတ်၍ ပြုလုပ်လိုက်သည်။
ဓားချက်​များအား ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည့်​အတွက်​လက်ရှိအချိန်တွင်​ရဲ​ရှောင်​သည်​အားအင်ကုန်ခန်းနေပြီ ဖြစ်သည်​။ သူ၏ ဝိညာဉ်တော်ချီဓာတ်များသည်​ကုန်ဆင်းနေပြီဖြစ်​သော်​လည်း နန်ရှန်ဆင်းမှာမူ အတတ်နိုင်ဆုံး ခုခံလျက် ရှိနေတုန်းပင် ဖြစ်သည်။ နန်ရှန်ဆင်းဘက်​မှ တန်​ပြန်​တိုက်​ခိုက်​လိုက်​သည့်​လက်ဝါးရိုက်ချက်မှာလည်း အလွန်အားပါ ပြင်းထန်​လှသည့်​အတွက်​အရိုက်ခံထိသွား​သောအခါ ရဲ​ရှောင်​လွင့်ထွက်သွားမတတ်ပင် ဖြစ်သွားခဲ့သည်​။
ရဲရှောင်သည် နန်ရှန်ဆင်းနှင့် အဆင့်များစွာ ကွာခြားလှသည်။ ရှောင်ဧကရာဇ်၏ ဓားရေးသည် ပြိုင်ဘက်ကင်း၍ အတုမရှိအောင် အစွမ်းထက်လှသည့်အတွက်​ယခုတိုက်ပွဲတွင် အပေါ်စီးမှသာ တိုက်ခိုက်နိုင်ခဲ့သည်​။ သို့​သော်​နန်​ရှန်​ဆင်းအား​ကြီးကြီးမားမား ဒဏ်ရာရရှိအောင် မလုပ်နိုင်ခဲ့ချေ။ ထို့ပြင်
ရဲ​ရှောင်​၏ စွမ်းအင်များ ကုန်ဆုံးလာပြီ ဖြစ်သည့်​အတွက်​ဓားချက်​များသည်​အား​ပျော့လာခဲ့သည်​။ ရဲရှောင်အနေဖြင့် ဆက်လက်၍ ထိန်းထားရန် မစွမ်းသာတော့ချေ။ ထို့​ကြောင့်​နန်​ရှန်​ဆင်း၏ လက်ဝါးရိုက်ချက်များကိုသာ အလူးအလဲ ခံစား​နေရသည်​။
အရိုက်​ခံလိုက်​ရသည့်​တစ်စက္ကန့်အတွင်းမှာပင် ရဲရှောင်၏ တစ်ကိုယ်လုံး တုန်ခါ၍ ကလီစာများ ဗြောင်းဆန်သွားသလိုပင်​ဖြစ်သွားခဲ့သည်​။ ထို့ပြင်​စွမ်းအင်များ အကုန်အစင် ထုတ်သုံးခဲ့သောကြောင့်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်မတတ်ပင် ခံစား​နေရသည်​။
ရဲရှောင်၏ စွမ်းအင်သိုလှောင်ရာသည် ဝိညာဉ်တော်ချီဓာတ်များအား အလွန်လျင်မြန်သော နှုန်းဖြင့် စုပ်ယူနေသော်လည်း နောက်ထပ်တစ်ချက် ခုတ်ပိုင်းရန်အတွက်မူ စွမ်းအင်လုံလောက်မှု မရှိ​တော့သည်​ကို ရဲရှောင် သိနေလေသည်​။ ထို့ကြောင့် သက်ပြင်းများသာ အကြိမ်​ကြိမ်​ချ​နေမိ​တော့သည်​။
ရှောင်ဧကရာဇ်၏ ဓားသိုင်းကွက်တွင် ဓားရေး ၉ မျိုး ပါရှိသည်​။ ယခုတိုက်​ပွဲတွင် ရဲရှောင်အ​နေဖြင့်​သူ၏ ရှိရှိသမျှ​သော စွမ်းအင်များအားလုံး ထုတ်သုံးခဲ့သည့်တိုင် ဓားရေး ၃ မျိုးကိုသာ ထုတ်သုံးနိုင်ခဲ့သည်​။ ထို သုံးမျိုး သုံးပြီးသည်​နှင့်​သူလည်း စွမ်းအင်အကုန်ပင် ဖြစ်သည်။
ရဲ​ရှောင်​သည် အစွမ်းကုန် ဆက်လက်၍ ခုတ်ပိုင်းနေချင်သော်လည်း ထိုကဲ့သို့ ဓားရေး ၉ မျိုးလုံး အသုံးပြုနိုင်ရန်မှာ မူလတာအိုအဆင့်သို့ ရောက်ရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။
လက်​ရှိအချိန်​တွင်​ရဲရှောင်သည်​ဆက်လက် ထိန်းထားနိုင်​စွမ်း မရှိ​တော့​ချေ။ နန်ရှန်ဆင်းသည်လည်း ရဲရှောင်၏ ဓားချက် အားလျော့နည်းသွားသည်နှင့် အဆက်မပြတ် ပြန်လည်၍ တိုက်ခိုက်လိုက်​သည်​။ သူ့ကိုယ်သူပင် သက်သာအောင် မလုပ်တော့ချေ။
နန်ရှန်ဆင်း၏ လှုပ်ရှားမှုများသည်​လေကဲ့သို့ပင်​မြန်ဆန် လွန်းလှသည့်​အတွက်​ရဲ​ရှောင်​ပင်​မျက်​ခြေမပြတ်​မကြည့်​နိုင်​တော့​ပေ။ ထိုအချိန်​တွင်​ရဲရှောင်၏​ရှေ့၌ သွေးချင်းချင်း နီနေသော နန်ရှန်ဆင်းသည်​ရုတ်​တရက်​ပေါ်လာလေသည်​။ ရဲရှောင် ပြင်ဆင်ချိန် မရလိုက်ခင်မှာပင်​နန်ရှန်ဆင်း၏ လက်ဝါးရိုက်ချက်သည် သူ၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ထိမှန် သွားခဲ့သည်။
ထိုအချိန်တွင်​နန်​ရှန်​ဆင်းသည်​ရဲရှောင်အား တန်ဖိုးရှိသည်ဟု မမှတ်ယူတော့ချေ။ သူ့အား ဒုက္ခပြန်​ပေးနိုင်သည့် အရာတစ်ခုဟုသာ မှတ်ယူသွား​မိသည်​။ ရဲ​ရှောင်​အား သက်​ညှာ​မိလျှင်​မြွေ​ပွေးအား ခါးပိုက်​ပိုက်​ထားသည်​နှင့်​ပင်​တူ​နေ​ပေလိမ့်​မည်​။ ကနဦးတွင်​ရဲ​ရှောင်​၏ တိုက်ခိုက်မှုများကြောင့် အသက်​နှင့်​ခန္ဓာကိုယ်​အိုးစားမကွဲခဲ့သည်​မှာ နန်ရှန်ဆင်းအဖို့ ကံကောင်းသွားခြင်း ဖြစ်သည်။ အချိန်​ကြာလာသည်​နှင့်​အမျှ ရဲရှောင်၏ အစွမ်းအစအား မြင်တွေ့လိုက်ပြီ ဖြစ်သောကြောင့် စိတ်အေးလက်အေး မနေရဲတော့ချေ။ သို့သော် သူ၏ စိတ်ထဲတွင် ရဲရှောင်အား အရှင်ဖမ်း၍ ရနိုင်လိမ့်မည်ဟုလည်း တွေးနေမိပြန်သည်။ အကယ်၍ ရဲရှောင် သေဆုံးသွားခဲ့လျှင်​ဖြစ်​စေ သို့မဟုတ်​ဒဏ်ရာအပြင်းအထန် ရသွားခဲ့လျှင်​ဖြစ်​စေ သူ့အဖို့ အကျိုးမရှိနိုင်တော့မည်​မဟုတ်​ပေ။
လက်​ဝါးဖြင့်​အရိုက်​ခံလိုက်​ရပြီး​နောက်​ရဲရှောင်သည်​နောက်​သို့ လွင့်​ထွက်​သွားခဲ့ပြီး ပါးစပ်​မှပင်​သွေးများ အန်ထွက်လာခဲ့သည်​။ သူ၏ ခန္ဓာကိုယ်​မြေပြင်​နှင့် မထိခင်မှာပင် နန်ရှန်ဆင်းသည်​အနားသို့ ချက်​ချင်း ရောက်လာကာ ရင်ဘတ်အား ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်​။ ထို့နောက် နန်​ရှန်​ဆင်းသည်​မ​ကျေမချမ်း ဖြစ်​နေ​သော အသံဖြင့်​-
“ခွေးကောင် . . . ငါမင်းကို သတ်ပစ်မယ်၊ မင်းလိုကောင်ကများ ရာရာစစ ငါ့ကို ဒဏ်ရာတွေ ရစေရတယ်လို့ကွာ . . .”
ရဲရှောင်သည် မြေပြင်ပေါ်တွင် လဲကျနေလျက်ရှိပြီး အနည်းငယ်မျှသာ လှုပ်နိုင်တော့သည်။ နန်ရှန်ဆင်းသည် ရဲ​ရှောင်​၏ ကိုယ်​ပေါ်သို့ ခြေဖြင့် နင်းထားသည်​။ သို့သော် ရဲရှောင်သည် နန်ရှန်ဆင်းအား အထင်သေးသည့် အကြည့်များဖြင့်​ကြည့်နေတုန်းပင် ရှိပြီး လေသံ ခပ်မာမာဖြင့် –
“လုပ်လေ . . . ဘာလို့ ရပ်နေတာလဲ။ သတ်လိုက်​ပါလား၊ မင်းငါ့ကို တိုက်ခိုက်တာ ၃၀ ရာခိုင်နှုန်းပဲလား . . .”
နန်ရှန်ဆင်းသည် အလွန်အမင်း ဒေါသထွက်နေသည့်တိုင် ရဲရှောင်အား မသတ်ချင်သေးပေ။
ဖန်ဇီလင် အသက်ရှင်လျက် ရှိနေသည်က သူ့အတွက် ပို၍ အကျိုးရှိနိုင်မည် ဖြစ်သည်။
သူ့အတွက်​မူ ဖန်ဇီလင်သည် ငွေတွင်းတစ်တွင်း​ပင် ဖြစ်သည်။ အကယ်၍ ရဲ​ရှောင်​သာ​သေဆုံးသွားမည် ဆိုပါက သူကြိုးစားတိုက်ခိုက်ခဲ့ရသမျှ သဲထဲရေသွန်ပင်​ဖြစ်သွားပေလိမ့်မည်။
ဖန်ဇီလင်၏ သေဆုံးသွားသည့် ခန္ဓာကိုယ်ကြီးသည် သူ့အတွက် အသုံးဝင်မည် မဟုတ်ချေ။
နန်ရှန်ဆင်းသည် ရဲ​ရှောင်​အား ဒေါသထွက်သည့်အပြင် အ​သွေးထဲအသားထဲမှပင် မုန်းတီးနေမိသည်​။ သို့သော် မသတ်နိုင် ဖြစ်နေပြန်သည်။
ဖန်ဇီလင်အား သတ်လိုက်မည် ဆိုပါက ခဏတာ စိတ်ကျေနပ်မှု ရသွားနိုင်မည် ဖြစ်သော်လည်း ထူးခြားအစွမ်းထက် ဆေးလုံးများကိုမူ ဘယ်သောအခါမျှ ထပ်ရနိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် နန်​ရှန်​ဆင်းအ​နေဖြင့်​ရှေ့တိုးရခက်​နောက်ဆုတ်ရခက်ပင်​ဖြစ်နေမိသည်​။
သို့သော် ဒေါသအလွန်အမင်း ထွက်​နေသည့်​အတွက်​ထိုဒေါသများအား ဖြေဖျောက်ရန် နည်းလမ်း ရှာမတွေ့နိုင်ေ​အာင်ပင်​ဖြစ်နေမိသည်​။ ထို့​ကြောင့်​ထွက်​ပေါက်​ပေးသည့်​အ​နေဖြင့်​ရဲရှောင်၏ ပါးအား ဖြန်းခနဲ မြည်​အောင်​ပင်​ရိုက်ချလိုက်သည်။ ထို့နောက် အေးစက်​သော အပြုံးများဖြင့်​ပြုံးလိုက်ရင်း –
“မင်းကို အခု ငါ မသတ်ချင်သေးဘူး။ ဒါပေမယ့်​ငရဲကျတာထက် ဆိုးအောင်ကို နှိပ်စက်ပြမယ်။ သေတာထက် ပိုပြီးဆိုးတဲ့ ဘဝရှိတယ် ဆိုတာကို မင်းသိအောင် ပြရသေးတာပေါ့ . . .”
ရဲရှောင်လည်း မတုန်​မလှုပ်​အမူအယာဖြင့်​-
“မင်းမပြောလည်း ပိုဆိုးမယ်ဆိုတာ ငါသိပြီးသားပါ . . .”
နန်ရှန်ဆင်းသည်​ရဲရှောင်၏ မျက်နှာအား ထပ်မံ၍ ရိုက်လိုက်ပြန်ရင်း ခနဲ့သော အသံဖြင့် –
“မင်းက အခု ငါ့လက်ခုပ်ထဲကရေ ဖြစ်နေပြီ။ အဲဒါတောင် စောင့်ကြွားကြွားနဲ့ ပြန်ပြောနိုင်​သေးတယ်ပေါ့။ ဟဲဟဲ . . . မင်းတစ်ခွန်းပြောတာနဲ့ ငါလည်း တစ်ချက် ရိုက်ရမှာပဲ။ ဘယ်လောက်ထိ ပြောနိုင်မလဲ ပြောစမ်း . . .”
ထိုအချိန်တွင်​ရဲရှောင်၏ ပါးစပ်​မှ သွေးများ ရုတ်​တရက်​အန်ထွက်လာခဲ့သည်​။ သွေးများသည် ရဲရဲနီလျက် ရှိပြီး ပမာဏအားဖြင့်​အလွန်​များပြားလှသည်​။
နန်ရှန်ဆင်းသည်​ထိုမြင်​ကွင်းအား ကြည့်​ရင်း ထိတ်ထိတ်ပြာပြာပင်​ဖြစ်သွားသည်။ ရဲရှောင်အား မတော်တဆ သတ်မိသွားမည်ကိုလည်း စိုးရိမ်မိသွားသည်​။ ထို့​ကြောင့်​ရဲ​ရှောင်​၏ ကိုယ်​ပေါ်သို့ နင်းထားသည့်​သူ၏ ခြေထောက်အား အနည်းငယ် ကြွ​ပေးလိုက်​သည်​။​ထိုအချိန်မှာပင် ရဲရှောင်၏ ဟင်းလင်းပြင်ကြီး အတွင်းရှိ ဥသည် ရုတ်တရက် လေထဲသို့ မြောက်တက်သွားသည်။ ရဲရှောင် အန္တရာယ် ကျရောက်နေသည်ကို ဥမှ အာရုံခံမိသွားသည့်အလား​လေထဲသို့​မြောက်တက်ရင်း တုန်ခါလျက် ရှိသည်​။
ထိုကဲ့သို့ ဥ သည်​တုန်ခါနေသောအခါ လေထဲရှိ ခရမ်းရောင် ချီဓာတ်များသည် စုဆုံ၍​ရောက်​ရှိလာကြသည်​။
ခဏအကြာတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်​အတူ ရဲရှောင်၏ စွမ်းအင်သိုလှောင်ရာသို့ များပြားသိပ်သည်းလှသည့် ခရမ်းရောင် ချီဓာတ်များသည် ဒီရေအလား တဟုန်​ထိုး စီးဆင်းဝင်​ရောက်​သွားကြသည်​။
ရဲရှောင်သည် နန်​ရှန်​ဆင်း ပြုသမျှ နု​နေရပြီး အားအင်​ချိနဲ့လျက်​ရှိသည်​။ ထို့ပြင်​သူ၏ စွမ်းအင် သိုလှောင်ရာတစ်ခုလုံးတွင်​လည်း ဟာလာဟင်းလင်း ဖြစ်နေသည့်​အလား ခံစားနေရသည်​။ သို့သော် ချက်ချင်းဆိုသလိုပင်​စွမ်းအင်သိုလှောင်ရာ အတွင်း၌ စွမ်းအင်များ ရုတ်တရက် ပြည့်ဝလာသကဲ့သို့ ခံစားလိုက်ရသည်။ စွမ်းအင်များသည်​ပြည့်​လျှံလွန်းသွားသည့်​အတွက် ပေါက်ကွဲထွက်မတတ်ပင် ဖြစ်သွားလေသည်။ ထိုစွမ်းအင်များကိုသာ ထုတ်မသုံးလျှင် ရဲ​ရှောင်​၏ ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲထွက်သွားနိုင်ပေသည်။
လက်​ရှိတိုက်​ပွဲ အ​ခြေအ​နေအရ နန်​ရှန်​ဆင်းဘက်​မှ အသာစီး ရလျက်​ရှိသည်​။ အရုပ်​ကြိုးပျက်​ပင်​လဲကျ​နေသည့်​ရဲ​ရှောင်​သည်​သူ၏​ခြေ​ထောက်​အောက်​တွင်​ပင်​ရောက်​ရှိ​နေပြီ ဖြစ်​သဖြင့်​ရဲ​ရှောင်​ဘက်​မှ မည်​သည့်​နည်းနှင့်​မျှ သူ့အား ပြန်​လည်​တိုက်​ခိုက်​နိုင်​တော့မည်​မဟုတ်​ကြောင်း နန်​ရှန်​ဆင်း ယုံကြည်​ထားခဲ့မိသည်​။ သို့​သော်​ရဲ​ရှောင်​၏ စွမ်းအင်​သို​လှောင်​ရာအတွင်းတွင်​စွမ်းအင်​များသည်​ထင်​မှ​တ်​မထား​လောက်​အောင်​ပင်​ပြည့်​လျှံသွားခဲ့သည်​။ ထိုအချိန်တွင်​ရဲရှောင်လည်း တွေဝေတုံ့ဆိုင်းခြင်း အလျင်း မရှိတော့ဘဲ ကျယ်လောင်စွာ အော်ဟစ်၍ ဝုန်းခနဲပင်​မတ်တတ်ထရပ်လိုက်ကာ နန်ရှန်ဆင်း၏ ရင်ဘတ်အား သူ၏ လက်များဖြင့် ရိုက်ထုတ်ပစ်လိုက်ပါတော့သည်။
နန်ရှန်ဆင်းသည် ရဲရှောင်ဘက်​မှ ယခုကဲ့သို့ တန်ပြန်တိုက်ခိုက်မှုမျိုး ပြုလုပ်လာသည်ကို တွေ့လိုက်​ရသောအခါ အလွန်အံ့သြသွား​လေသည်​။
သူ၏ ရင်ဘတ်အား မိမိရရပင်​ထိမှန်သွားခြင်း ဖြစ်သည်။
အရိုက်​ခံပြီးသည့်​နောက်​တွင်​အရိုးကျိုးသံကဲ့သို့ အသံတစ်သံ ထွက်ပေါ်သွားခဲ့သည်​။ ရဲရှောင်၏ ရိုက်ချက်ကြောင့် နန်ရှန်ဆင်း၏ နံရိုး ၂ ချောင်းကျိုးသွားခဲ့​လေပြီ။ သို့သော် ထိုကဲ့သို့ အရိုက်ခံလိုက်ရသည့်တိုင် နန်​ရှန်​ဆင်းဘက်​မှ ပြန်လည် တိုက်ခိုက်နိုင်သည့် စွမ်းအင်မျိုး ရှိနေသေးသဖြင့် ရဲရှောင်အား အားကုန်သုံးကာ ရိုက်ချလိုက်သည်။
သို့သော် ရဲရှောင်သည် နန်ရှန်ဆင်းအား ရိုက်ပြီးသည်နှင့် ခုန်လိုက်ပြီးသားပင်​ဖြစ်သည်​။ ရဲရှောင်၏ စွမ်းအင် သိုလှောင်ရာ အတွင်းရှိ ဝိညာဉ်တော် ချီဓာတ်များသည် ရေနွေးအိုးထဲမှ ရေများ ဆူပွက်​နေသကဲ့သို့ ပေါက်ကွဲထွက်​တော့မလိုပင်​ရှိ​နေခဲ့သည်​။ ထိုပမာဏသည် သူ့အဆင့်နှင့် ပိုင်ဆိုင်နိုင်သော ပမာဏမျိုး မဟုတ်ချေ။
ရဲရှောင် ခုန်လိုက်ပြီးနောက် သူ့ထံသို့ ထပ်မံ သက်ရောက်လာသည့် နောက်ထပ် ရိုက်ချက်တစ်ချက်​အား ရှောင်တိမ်းခြင်း မပြုတော့ဘဲ ရှေ့သို့ပင် တစ်လှမ်းတိုးကာ ယုံကြည်မှုရှိရှိဖြင့် ရင်ဘတ်အား ထိုးခံ၍​ပေးလိုက်ပါတော့သည်​။

Comment

Leave a Reply

Options

not work with dark mode
Reset