Chapter – 269
“ရယ်မောခြင်းလေပြည်”
နန်ရှန်ဆင်းသည် ရဲရှောင်၏ အပြုအမူများအား အစမှ အဆုံးတိုင်အောင်အသေအချာ အကဲခတ်နေမိသည်။ ထို့နောက် အထင်သေးသည့်ဟန်ဖြင့် –
“တော်တော်ကောင်းတဲ့ အကွက်ပဲ။ လေထဲကနေ ဓားတစ်ချောင်း ဖြစ်အောင် လုပ်လိုက်တာပါလား၊ မဆိုးပါဘူး။ ဒါပေမယ့်မင်းရဲ့ ဓားက ကြည့်လို့ ကောင်းရုံပဲ ဖြစ်နေတာကတော့ စိတ်ပျက်စရာပဲ။ တချို့ အတွေ့အကြုံမရှိတဲ့ လူတွေကိုတော့ မင်းလှည့်စားလို့ ရရင် ရမှာပေါ့။ ဒါပေမယ့်ငါ့အတွက်ကတော့ ကလေးကစားသလောက်ပဲ . . .”
ရဲရှောင်လည်း နန်ရှန်ဆင်းအား စိုက်၍ ကြည့်လိုက်ရင်း –
“အသုံးဝင်လား မဝင်လားဆိုတာ သိပ်မကြာခင် သိရတော့မှာပါ . . .”
(ဒီကောင်က သူ့ကိုယ်သူ ငါ့ထက် အများကြီး အစွမ်းထက်မယ်လို့ ထင်နေတယ်။ အဲဒါကြောင့်မို့သာ ငါအခုလို ဓားလုပ်ပြီးတဲ့အထိ စိတ်ရှည်လက်ရှည် ထိုင်စောင့်နေတာပေါ့။ ဒီဓားက သူ့အတွက် ဘယ်လောက် အန္တရာယ်များမလဲ ဆိုတာကို သိပုံလည်း မရဘူး။ ပြီးမှ နောင်တရနေမှာ မြင်ယောင်သေးတယ်. . .)
မိမိကိုယ်ကို အထင်ကြီးလွန်းနေသော နန်ရှန်းဆင်းအား ကြည့်ရင်း ရဲရှောင်၏ စိတ်ထဲတွင်တွေးမိလိုက်သည်။
ရဲရှောင်၏ ခန္ဓာကိုယ်အတွင်းတွင်ဝိညာဉ်တော် ချီဓာတ်များ အဆက်မပြတ် စီးဆင်းနေသည့်အတွက်အပြာရောင် အလင်းအချို့သာမက ရွှေရောင် အလင်းအချို့သည်လည်း သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေလျက် ရှိသည်။
“ဖန်ဧကရာဇ် . . . တွေ့ကြသေးတာပေါ့ကွာ . . .”
နန်ရှန်ဆင်းသည်အခြေအနေများအား အနည်းငယ် ရိပ်စားသွားမိသည့်အတွက်တွေဝေတုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ ရဲရှောင်၏ အနားသို့ သွားကာ ဓားအား ဖမ်းဆွဲရန် ကြိုးစားလိုက်သည်။
သို့သော်ရဲရှောင်သည် ဘေးသို့ အနည်းငယ်မျှ ရွေ့လျား၍ အသာအယာပင်ရှောင်တိမ်း လိုက်သည်။
ရဲရှောင်အဖို့ ထိုရွေ့လျားမှုအား ဖြည်းညှင်းစွာဖြင့်ပင်ပြုလုပ်လိုက်သော်လည်း အလွန်ပင်ပညာသားပါလှသည်။
ထိုတိုက်ကွက်သည် သူ၏ နာမည်ကျော် တိုက်ကွက်ဖြစ်သော ရယ်မောခြင်းလေပြည် တိုက်ကွက်ပင်ဖြစ်သည်။
ရဲရှောင်သည် ဘေးသို့ အနည်းငယ်ရွေ့လျားရှောင်တိမ်းလိုက်ပြီးနောက် အရှေ့တည့်တည့်သို့ ယုံကြည်ချက် အပြည့်ဖြင့်လျှောက်လှမ်းလိုက်ပြန်သည်။ ထိုကဲ့သို့ လှမ်းသွားသည့်ပုံမှာ တောင်ကြားထဲတွင်တသွင်သွင်စီးဆင်းနေသည့်စမ်းကြောင်းလေးကဲ့သို့၊ ပင်လယ်တွင်းမှ လှိုင်းကြပ်ခွပ်လေးကဲ့သို့၊ ဝါးရုံတောအတွင်း ဖြတ်သန်းတိုက်ခတ် သွားသော လေပြည်များကဲ့သို့ အလွန်သိမ်မွှေ့ ညင်သာမှု ရှိလှသည်။
ထိုတိုက်ကွက် သုံးနေသည့် အခိုက်အတန့်တွင်တစ်စုံတစ်ခုအား သတိရမိသွားသကဲ့သို့ ရဲရှောင်ခံစားလိုက်ရသည်။
ကျွင့်ယင်းလျန်မှ ထိုတိုက်ကွက်နှင့် ပက်သက်၍ မှတ်ချက်ပေးဖူးခဲ့သည်ကို ရဲရှောင်၏ စိတ်ထဲတွင်ပြန်လည်တွေးမိသွားသည်။
“ဒီတိုက်ကွက်က တော်တော်ကို အထင်ကြီးစရာပဲ။ မြင်လိုက်ရတဲ့ လူအဖို့ ရင်သပ်ရှုမော ဖြစ်သွားကြမှာ သေချာတယ်။ ရဲရှောင် . . . ဒီတိုက်ကွက်နဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ကဗျာစပ်ရင် ကောင်းမလဲ . . .”
ရဲရှောင်ပြုံး၍ ကြည့်လိုက်ကာ –
“အင်း . . . မင်းပြောကြည့်လေ . . .”
ကျွင့်ယင်းလျန်၏ လှပသော မျက်နှာလေးသည် လေးလေးနက်နက် စဉ်းစားသွားဟန်ဖြင့် –
“တောင်ကြီး ဖဝါးအောက်၊ လှိုင်းကြီးလှေအောက်။ ရယ်မောခြင်းလေပြည်နဲ့အတူ ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်စေသော်. . .”
ရဲရှောင်သည် ထိုစကားလုံးများအား ပြန်လည် ကြားယောင်မိသွားသောအခါ ကျွင့်ယင်းလျန်အား လွမ်းဆွတ်မိသွားလေသည်။ ထို့ကြောင့်သူ၏ ဓားအား မြောက်လိုက်ရင်း လေသံတီးတိုးဖြင့် –
“တောင်ကြီး ဖဝါးအောက်၊ လှိုင်းကြီးလှေအောက်။ ရယ်မောခြင်းလေပြည်နဲ့အတူ ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်စေသော်. . .”
ရဲရှောင်၏လက်ထဲတွင်ရှိသော ဓားသည် အေးစက်သထက် အေးစက်လာခဲ့သည်။ အစိမ်းပုတ်ရောင်ပင် ပြောင်းလဲလာလေသည်။
နောက်ဆုံးတွင်မူ ရေခဲဝိညာဉ်တော်ဓားသည် ပုံစံအပြည့်အဝ ဖြစ်ပေါ်သွားခဲ့ပြီ ဖြစ်သည်။
ဓားသည် အေးစက်ရုံသာမက အသွားထက်လှသည်။ ကြည့်ရုံဖြင့်ပင်ဓားသည်အလွန်အစွမ်းထက်မှန်း သိသာလှပေသည်။
ထိုဓားသည်ရှောင်ဧကရာဇ် ပြုလုပ်ထားသည့် ဓားပင် မဟုတ်ပါလော။
နန်ရှန်ဆင်းသည် ထူးဆန်းသော ခံစားမှုအား ရုတ်တရက်ခံစားလိုက်ရသည်။ သူ၏ရှေ့တွင်ရပ်နေသော လူထံတွင်စကြဝဠာကြီး တစ်ခုလုံးအား အုပ်စိုးနိုင်သည့် ဘုရင်တစ်ပါးကဲ့သို့ အရှိန်အဝါမျိုး ရှိနေသည်ကို ခံစားလိုက်ရသည်။ ထိုလူမှ သူ့အား အထင်သေးသည့်မျက်လုံးများဖြင့်စိုက်ကြည့်လျက်ရှိပြီး လက်ထဲရှိ ဓားမှာလည်း သူ၏ အသက်အား အချိန်မရွေး နှုတ်ယူသွားတော့မည့်အလား ခံစားနေရသည်။
နန်ရှန်ဆင်းသည်ရဲရှောင်ထက် အစစအရာရာ သာလွန်သော်လည်း ယခုအချိန်တွင်မူ သူ၏ စိတ်သည် တဖက်လူ၏ လွှမ်းမိုးခြင်းအား ခံနေရပြီ ဖြစ်သည်။
ထိုကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်လာသည်မှာ မကောင်လှချေ။ နန်ရှန်ဆင်း၏ စိတ်ထဲတွင်ဓားအား ခုခံရန် အတွေးလည်း မတွေးမိတော့ပေ။
မိမိကိုယ်ကို သေသင့်သည်ဟုသာ တွေးနေမိပြီး တစ်ဖက်လူ၏ရှေ့တွင်လည်စင်းပေးချင်နေသည့်စိတ်များ တဖွားဖွားပေါ်ပေါက်လျက်ရှိသည်။ စပါးကြီးမြွေတစ်ကောင်မှ ညို့ယူထားသည့်အလား နန်ရှန်ဆင်းသည်အသိ နှင့်သတိ မကပ်တော့ပေ။
ထိုကဲ့သို့ ဖောက်လွှဲဖောက်ပြန် ခံစားချက်များ ဖြစ်ပေါ်နေသည်ကိုလည်း မိမိကိုယ်ကို သိေနခဲ့သည်။သို့သော် ထိန်းချုပ်၍ မရနိုင်အောင်ပင်ဖြစ်နေမိသည်။ ထို့ကြောင့်ချက်ချင်းပင် သူ၏ လျှာအား ကိုက်လိုက်သည်။ ထိုအခါ ပါးစပ်တစ်ခုလုံးမှသွေးများ အန်ထွက်လာခဲ့ပြီး သူ၏ လွတ်နေသော အသိစိတ်များ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် နောက်သို့ ဆုတ်ခွာလိုက်သည်။
အကြောင်းမှာ အေးစက်တောက်ပသော ဓားတစ်လက်အား သူ၏ရှေ့တွင် မြင်တွေ့လိုက်ရသောကြောင့်ပင်ဖြစ်သည်။ ဓားနှင့် သူ၏ မျက်လုံးသည် လက်မဝက်ခန့်သာ လိုတော့သည်။ အကယ်၍ ထိမိသွားပါက တိခနဲပင်ပြတ်တောက်သွားမည့် အနေအထားပင်။
နန်ရှန်ဆင်းသည်အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည့်အတွက်ဇောချွေးများပင် ပြန်လာခဲ့သည်။
အကယ်၍ အနည်းငယ်သာ နောက်ကျသွားမည် ဆိုပါက သူ၏ မျက်လုံးများ သေချာပေါက် ဆုံးရှုံးသွားနိုင်ပေသည်။
ထိုကဲ့သို့ မျက်လုံးများ ထိမှန်သွားရုံဖြင့် ဓားမှာ ရပ်မသွားေလာက်ေချ။ မျက်လုံးများကိုသာမက သူ၏ ဦးနှောက်ကိုပင်ထုတ်ချင်းပေါက်ခွဲသွားမည်ဖြစ်ပြီး အသက်ပင် ဆုံးရှုံးသွားနိုင်သည့် အနေအထားပင် ဖြစ်သည်။
(ကံကောင်းလို့သာပေါ့ . . . ကပ်သီးလေးပဲ လိုတော့တယ်။ ဒီဓားသိုင်းက ဘာပါလိမ့် . . .)
နန်ရှန်ဆင်း၏ စိတ်ထဲတွင်တုန်လှုပ်အံ့ဩနေမိသည်။
ထို့ကြောင့်ထိတ်လန့်ကြောက်ရွံ့နေသော အကြည့်များဖြင့်ရဲရှောင်အား ကြည့်လိုက်ရင်း –
“ဒါဘာဓားသိုင်းလဲ . . .”
ရဲရှောင်မှ ပြန်မဖြေချေ။
ရဲရှောင်သည်ရယ်မောခြင်းလေပြည်တိုက်ကွက်နှင့်အတူ သူ၏ ခြေထောက်အား ထပ်မံ၍ လှုပ်ရှားလိုက်ကာ ရှေ့သို့ တိုးလိုက်သည်။ ထိုခြေလှမ်းများသည်ပုံရိပ်ယောင်များကဲ့သို့ အရှေ့နောက်တောင်မြောက်သို့ နေရာအနှံ့ ရွှေ့နေလေသည်။
နန်ရှန်ဆင်းကဲ့သုိ့ အတွေ့အကြုံ ရင့်ကျက်သူတစ်ဦးပင် ရဲရှောင် မည်သည့်ဘက်သို့ လှမ်းနေသည်ကိုဝေခွဲမရတော့ချေ။
ထို့ပြင်ရဲရှောင် မည်သည့်နေရာမှ ရောက်လာမည်ဆိုသည်ကိုလည်း မမှန်းဆနိုင်ဘဲ ဖြစ်လျက်ရှိသည်။
ထို့ကြောင့် ရပ်နေရင်းဖြင့်သာ ရဲရှောင်အား အာရုံစိုက်၍ ကြည့်နေမိသည်။
ထိုအချိန်တွင်ဓားချက်တစ်ချက်သည် သူထံသို့ ထပ်မံ၍ ကျရောက်လာပြန်သည်။ ရေခဲဓားမှ အေးစက်သော ချီဓာတ်များ ထွက်ပေါ်နေသဖြင့် ပတ်ဝန်းကျင် တစ်ခုလုံး အေးခဲနေသည်။ ရဲရှောင်၏ ဓားသည်နတ်ဘုရားတစ်ဦး၏ ဓားတစ်လက်ကဲ့သို့ပင်အလွန်အံ့ဩဖွယ်ကောင်းလျက်ရှိသည်။
နန်ရှန်ဆင်းအနေဖြင့်အဆိုပါရေခဲဓားအား ခုခံနိုင်စွမ်း ရှိကြောင်း မိမိကိုယ်ကို သိလိုက်သည်။ ရဲရှောင်၏ ဓားအား ကြည့်ရင်းဖြင့်တစ်စုံတစ်ခု သိသွားသည့်ဟန်ဖြင့်-
“ဒါ . . . ဒဏ္ဍာရီထဲက ဓားဝိညာဉ်တော် တိုက်ကွက်လား . . . ဝိညာဉ်တော်က ဓားကို ထိန်းချုပ်တယ်၊ အဲဒီဓားက ကမ္ဘာကြီးကို အုပ်စိုးနိုင်တယ် ဆိုတာ မဟုတ်လား . . .”
ရဲရှောင်သည်မည်သည့်စကားမျှ ပြန်မပြောချေ။ သူ၏ မျက်လုံးများမူအေးစက်မာကြော လျက်ရှိသည်။ ဓားသည် တောက်ပစွာ လင်းလက်နေပြီး ဓားမှ အမှုန်အမွှားလေးများပင် ထွက်ပေါ်နေပါသေးသည်။
နန်ရှန်ဆင်းသည် တစ်စုံတစ်ခုမှားယွင်းနေပြီ ဖြစ်ကြောင်း သိလိုက်သည်။ ယခုတိုက်ခိုက်မှုမှ လွတ်မြောက်ရန်အတွက် ကြိုးစားနိုင်သမျှ ကြိုးစားလိုက်သည်။ သို့သော် ဓားရေး နှစ်ကွက်လောက်မှာပင်သူ၏ ခန္ဓာကိုယ်၌ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်သွားကာ သွေးများ တစက်စက် ကျဆင်းလျက်ရှိသည်။ ထို့ပြင်ရဲရှောင်၏ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် သူ၏ ချီအကာအကွယ်သည်လည်း ပြိုကွဲခဲ့ရပြီ ဖြစ်သည်။
ထိုသို့ အကာအကွယ် မရှိတော့သဖြင့် နောက်ဆုံးတွင် ဓားချက်များသည် နန်ရှန်ဆင်း၏ ခန္ဓာကိုယ်သို့ တိုက်ရိုက် ထိမှန်သွားခဲ့သည်။
နန်ရှန်ဆင်းတစ်ယောက် ဒဏ်ရာဒဏ်ချက်များဖြင့်အထိနာနေကို သိသဖြင့်ရဲရှောင်ဘက်မှ ပို၍ဖိပြီး တိုက်ခိုက်လိုက်သည်။ ဓားသည် နန်ရှန်ဆင်းထံသို့ အဆက်မပြတ် တိုးဝင်လာလျက်ရှိသည်။
သန်းနှင့်ချီသော တောင်ကြီးများ မိုးပေါ်မှ ပြုတ်ကျလာသကဲ့သို့ ရှောင်ဧကရာဇ်၏ ဓားချက်များသည် နန်ရှန်ဆင်းထံသို့ ပြင်းထန်စွာ ကျရောက်နေလေသည်။
ခရမ်းရောင် ချီဓာတ်များသည်လည်း လေထဲတွင် ပြန့်လွင့်လျက်ရှိသည်။
(ငါ့ရဲ့ ဝိညာဉ်တော် အစွမ်းနဲ့ ဒီဓားကို ရေခဲချီဓာတ်တွေ ပေးထားတာ၊ ရေခဲမှာက ဝိညာဉ်တော် ရှိတယ်။ ငါ့ရဲ့ အသွေးအသားတွေနဲ့ တသားတည်းဖြစ်နေတဲ့ စွမ်းအင်တွေကြောင့် ဒီဓားကို ငါ့ရဲ့ ကိုယ်ပိုင် ခြေလက်တစ်ခုလို ထိန်းချုပ်လို့ ရနိုင်သွားပြီ . . .)
ရဲရှောင်သည် တိုက်ခိုက်ရင်းတွေးတောရင်းဖြင့်ရယ်မောခြင်း လေပြည် တိုက်ကွက်ကိုပါ ထုတ်သုံးလျက် ရှိသည်။ ရှေးဦးခရမ်းရောင် ချီဓာတ်များအား အဆက်မပြတ် လည်ပတ် စီးဆင်းနေစေပြီး ဓားအား သူနှင့် တသားတည်းဖြစ်စေရန်ရဲရှောင်ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထို့ကြောင့် တိုက်ခိုက်မှု ပြုရာတွင်ကောင်းစွာ ထိန်းချုပ် တိုက်ခိုက်နိုင်နေခြင်း ဖြစ်သည်။
ရဲရှောင်၏ တိုက်ကွက်များသည် ထင်ထားသည်ထက်ပင်ဆယ်ဆမက ပို၍ ပြင်းထန်မြန်ဆန်နေသည်ကို နန်ရှန်ဆင်း တွေ့လိုက်ရသည်။
ရေခဲဝိညာဉ်တော်ဓားအား အသုံးပြုသည့် အချိန်တွင် ဝိညာဉ်တော်ချီဓာတ်များစွာ ကုန်ဆုံးသွားပေသည်။ ထို့ကြောင့် ရဲရှောင်သည်ထိုဓားအား အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မည် မဟုတ်ချေ။
အကယ်၍ အဆက်မပြတ်သာ အသုံးပြုမည်ဆိုပါက မကြာခင် အချိန်အတွင်း စွမ်းအင်များ ကုန်ဆုံးသွားပေလိမ့်မည်။
ထို့ကြောင့်ပွဲသိမ်းတိုက်ခိုက်မှု ပြုလုပ်ရတော့မည် ဖြစ်သည်။
နန်ရှန်ဆင်းသည်ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သို့သော်ရဲရှောင်၏ ဓားချက်အား မကာကွယ်ရဲဘဲ အဝေးသို့သာ ရှောင်ဖယ်လိုက်သည်။ ကောင်းကင်အဆင့်၏ အဆင့်မြင့် ပညာရှင်တစ်ဦးသည် ကောင်းကင်အဆင့် ရောက်ခါစ လူတစ်ဦးအား မယှဉ်နိုင်လောက်အောင်ပင် ဖြစ်နေပါတော့သည်။
Top of Form