Switch Mode

Chapter – 266

ပထမတိုက်ကွက်

Chapter – 266
“ပထမတိုက်ကွက်”

“မင်းကို ချီးမွမ်းတယ် ဟုတ်လား . . . မင်းကတော့ သေချင်နေပြီထင်တယ် ဖန်ဇီလင်။ အမှန်​တကယ်​မင်းလုပ်ရမှာက ငါ့ကို သေမတတ် တောင်းပန်နေရမှာကွ . . .”
နန်ရှန်ဆင်းသည်​ဒေါသတကြီးဖြင့်​ပင်​ပြောလိုက်သည်။
ရဲရှောင်လည်း ခနဲ့​သော အသံဖြင့်​-
“ဪ . . . ဟုတ်လား၊ ငါလည်းမသိဘူးလေ။ ဒီလောက်ထိ အရှက်မရှိ၊ ယုတ်မာကောက်ကျစ်တဲ့ မျိုးမစစ်တစ်ကောင်ကို ငါက တောင်းပန်ရမှာတဲ့လား။ မင်းပြောတာက အဓိပ္ပါယ် မရှိလိုက်တာ . . .”
“ငါပြောတာတွေက မမှားလောက်ပါဘူး။ အနည်းဆုံးတော့ ငါ့နှလုံးသားထဲမှာ ငါ့နိုင်ငံ၊ ငါ့အမိမြေကို ချစ်မြတ်နိုးတဲ့စိတ် ရှိသေးတယ်။ မင်းလိုမျိုး ခွေးတောင်မလုပ်တဲ့ ဒီလို အလုပ်မျိုးတွေကို လုပ်မှာမဟုတ်ဘူး . . .”
ရဲ​ရှောင်​၏ စကားသံအဆုံးတွင်​နန်ရှန်ဆင်းသည်​ဒေါသတကြီးဖြင့်​ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ၏ အော်သံကြောင့် မြေပြင်ပင် တစ်ချက် တုန်ခါသွားခဲ့သည်​။
ရဲရှောင်မှာမူ​ဒေါသ​ကြောင့်​ကမ္ဘာပျက်​နေ​သော နန်​ရှန်​ဆင်းအား မခိုးမခန့်ပင်​ကြည့်​ရင်း စိတ်ထဲတွင်​တွေး​နေမိသည်​။
(ဒီမျိုးမစစ်ကောင်က ငါ့ကို မသတ်လောက်ပါဘူး။ ငါက သူ့အတွက် ရွှေတွင်းပဲလေ။ ဒါပေမယ့်​အခုတော့ သည်းမခံနိုင်တော့ဘူး ထင်တယ် . . .)
နန်ရှန်ဆင်းသည်​ခက်ထန်သော မျက်နှာပေးဖြင့် ရဲရှောင်အားကြည့်လျက်​-
“ဖန်ဧကရာဇ် . . . မင်းကို ငါက ဝိုင်ခွက်နှစ်ခွက်ပေးပြီး​ရွေးချယ်​ခိုင်း​နေတာ။ တစ်​ခွက်​က မိတ်ဆွေဖြစ်စေမယ့်​ခွက်​နောက်​တစ်​ခွက်​က အပြစ်ပေးခံရမယ့်​ခွက်။ ဒီ​လောက်​လွယ်​တာ ရွေးခိုင်းနေတာတောင် မင်းက ခက်အောင် လုပ်နေတာပဲ . . .”
ရဲ​ရှောင်​လည်း ခပ်​တည်​တည်​မျက်​နှာထားဖြင့်​မဆိုင်းမတွပင်​-
“ဘယ်ခွက်ပဲဖြစ်ဖြစ် ဝိုင်ကတော့ ဝိုင်ပဲ မဟုတ်လား . . .”
“ဘယ်ဝိုင်ပဲဖြစ်ဖြစ် ငါ့ကို မူးယစ်ရီဝေစေမှာပဲလေ။ မင်းအဖေကရော ဘယ်လိုဝိုင်မျိုးကို ကြိုက်တတ်လဲ . . .”
“ငါ့အဖေအကြောင်း ထည့်မပြောစမ်းနဲ့ . . .”
နန်ရှန်ဆင်းသည်​သည်းမခံနိုင်တော့ဘဲ​ဒေါသတကြီးဖြင့်​ပြောလိုက်သည်။
ရဲ​ရှောင်​သည်​ဟက်​ဟက်​ပက်​ပက်​ပင်​ရယ်​မောလိုက်​ရင်း –
“ဟားဟား ဟားဟား . . .”
“ဘာလဲ၊ ဝမ်းနည်းသွားတာလား။ ထားပါတော့ မင်းအဖေအကြောင်း ထည့်မပြောတော့ပါဘူး။ ဒါနဲ့ မင်းသားကရော ဝိုင်သောက်တတ်လား၊ ဟုတ်သားပဲ မေးဖို့ မေ့နေတာ၊ မင်းမှာ သားတစ်ယောက်လောက် မရှိဘူးလား။ မင်းလို မျိုးမစစ်ကောင်မှာ သားရှိတယ် ဆိုရင်တော့ နတ်ဘုရားတွေက မင်းတို့မျိုးနွယ်ကို တော်တော်မျက်နှာသာပေးနေတာပဲ ဖြစ်ရမယ် . . .”
နန်​ရှန်​ဆင်းသည်​ရှေ့သို့ တစ်​လှမ်းတိုးလိုက်သည်​။ သူ၏ မျက်​လုံးများသည်​လည်း နီရဲလျက်​-
“လျှာရိုးမရှိတိုင်း လျှောက်ပြောမနေနဲ့ . . .”
“ဖန်ဇီလင် . . . မင်းကတော့ ငါ့ကို သည်းမခံနိုင်အောင် လုပ်နေတာပဲ . . .”
“မင်းကို အခု ငါ ပြောပြမယ်။ မင်းမှာ ရွေးချယ်စရာ ၂ ခုရှိတယ်။ တစ်ခုက မင်းသေရမယ်။ တစ်ခုကတော့ အခုကစပြီး ငါ့ကျွန်အဖြစ်နဲ့ ထူးခြားအစွမ်းထက်ဆေးလုံးတွေကို လုပ်ပေးရမယ်။ အဲဒီဆေးလုံးတွေ အကုန်လုံးကိုလည်း ငါပဲ ပိုင်ရမယ် . . .”
ထို့နောက် ကောက်ကျစ်သည့်​အပြုံးမျိုးဖြင့်​ပြုံးလိုက်ပြန်ရင်း –
“ငါကတော့ မင်းနဲ့ ပူးပေါင်းလို့ ရမလားဆိုပြီး ညှိကြည့်နေတာ။ မင်းကိုလည်း လွတ်လွတ်လပ်လပ် နေခိုင်းပြီး အကျိုးအမြတ်အချို့ပဲ ခွဲယူကြမယ်လို့ တွေးနေမိတာ။ ဒါပေမယ့်​မင်းက ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ်တိုင်​ရိုက်ချိုးပစ်တာပဲကွ . . .”
ရဲရှောင် အေးစက်စက်ပြုံးရင်းဖြင့်​-
“ဪ . . . ဟုတ်လား၊ ငါက မင်းအဖေ မျိုးမစစ်ကြီးနဲ့ မင်းရဲ့သား မျိုးမစစ်လေးအကြောင်း ပြောမိတာနဲ့ပဲ ဒီလိုဖြစ်သွားရတယ်ပေါ့။ အံ့သြစရာပဲ။ မျိုးမစစ်တွေထဲမှာ မင်းအပါအဝင် မင်းတို့သုံးယောက်က အဆိုးဆုံးပဲ ထင်တယ် . . .”
ရဲရှောင်၏ အပြုံးနှင့် အပြောကြောင့် နန်ရှန်ဆင်း၏ ဒေါသများသည်​ထွက်သည်​ထက် ထွက်လာခဲ့သည်။ ထို့​ကြောင့်​အံကို တင်းတင်းကြိတ်​လိုက်​ကာ –
“မင်းက သေချင်နေမှတော့လည်း ကိုယ့်အပြစ်နဲ့ ကိုယ်ပဲပေါ့ . . .”
ရဲ​ရှောင်​လည်း အ​လျှော့မ​ပေးဘဲ ခနဲ့​သော အမူအယာဖြင့်​-
“မင်းအဖေက ဘာဖြစ်နေလို့ သူ့အကြောင်းကို မင်းက အပြောမခံနိုင်​ဖြစ်ေ​နရတာလဲ။ နောက်ပြီး မင်းရဲ့သားကတော့ မင်းလိုအဖေမျိုး ရှိနေရတာ သူ့အတွက် ကံဆိုးမှုပဲ . . .”
“အမှန်တိုင်း ပြောရရင် မင်းနဲ့မင်းအဖေလို လူမျိုးတွေအကြောင်း ပြောရတာ ငါ့ပါးစပ်တောင် သနတယ်။ အဲဒါကိုတောင် မင်းကပဲ ဒေါသထွက်ရတယ် ရှိသေး။ ဘာလို့များ ဒီလောက်ထိ ဒေါသထွက်နေ ရတာလဲကွ။ မင်းတို့ နှစ်​ယောက်ကို ငါ့ပါးစပ်က ထုတ်ပြောနေတာကိုတောင် ကျေးဇူးတင်ရမှာ။ အမှန်​ဆို ပျော်နေသင့်တာ မဟုတ်ဘူးလား . . .”
နန်ရှန်ဆင်းသည်​ဒေါသတကြီးဖြင့်​ပင်​အော်ဟစ်လိုက်​ရင်း စတင်၍ လှုပ်ရှားမှု ပြုလိုက်သည်။
ရဲ​ရှောင်​၏ အနားသို့ ရုတ်တရက် ခုန်လိုက်​ခြင်းပင်​ဖြစ်​သည်​။
ရဲရှောင်သည် နန်​ရှန်​ဆင်းနှင့်​စကားအ​ချေအတင်​စ​ပြောသည့်​အချိန်​မှစ၍ အသင့်အနေအထားဖြင့် ရှိနေခဲ့သည်​။
ရဲ​ရှောင်​၏ လက်တစ်ဖက်တွင် ရွှေရောင်သမ်းလျက်​ရှိပြီး ကျန်​တစ်ဖက်မှာမူ ရေခဲချီဓာတ်များကြောင့် အဖြူရောင်သမ်းလျက်​ရှိသည်​။
နန်ရှန်ဆင်းသည် ရဲ​ရှောင်၏ စကားများအား ဆက်၍ သည်းမခံနိုင်တော့သောကြောင့် တိုက်ခိုက်လာခြင်း ဖြစ်​သည်​။
ရဲရှောင်ဘက်​မှလည်း ရင်ဆိုင်ရသည်​မှာ မလွယ်ကူလှချေ။
နန်​ရှန်​ဆင်းသည်​ဒေါသထွက်​နေသည့်​အတွက်​ကမူးကရှူးထိုးပင်​တိုက်​ခိုက်​လျက်​ရှိသည်​။ ရဲရှောင်အား တကယ် သတ်တော့မည့်ပုံပင်။
(စစ်သူကြီး နဲ့ မင်းအဖေက ရန်​ညိုးရန်​စ ရှိခဲ့တယ်​ဆိုရင်တောင် ကိုယ့်နိုင်ငံကို ငဲ့ပြီး ဒီလို ယုတ်မာတဲ့ လုပ်ရပ်မျိုး မလုပ်ခဲ့သင့်ဘူး။ နိုင်​ငံသားတစ်​ယောက်​ရဲ့ တာဝန်​က တိုင်းပြည်ကို ကာကွယ်ဖို့ပဲ မဟုတ်ဘူးလား။ အဲဒါတောင် အပြစ်မဲ့တဲ့ စစ်သည် တစ်သောင်းကျော်ကို သတ်ရတယ်လို့ကွာ။ သူတို့အားလုံးက အမိမြေကို ကာကွယ်နေကြတဲ့ သူရဲကောင်းတွေကွ။ နန်ရှန်ဆင်း . . . မင်းက လူမဟုတ်ဘူး၊ မင်းနဲ့ မင်းအဖေက အင်မတန်ကို ယုတ်မာကောက်ကျစ်ပြီး ခွေးလောက်တောင် အသိဉာဏ်မရှိတဲ့ လူတွေပဲ . . .)
ရဲရှောင်​သည်​သူ့အား တရကြမ်း တိုက်​ခိုက်​နေ​သော နန်​ရှန်​ဆင်းအား ကြည့်​ရင်း စိတ်ထဲတွင်​တွေးရင်း ရွံရှာ​နေမိသည်​။
ထို့​နောက်​သူ၏ လက်များအား ဝေ့ယမ်းလိုက်​ရင်း အပ်တစ်ချောင်း ထုတ်လိုက်သည်။
နန်ရှန်ဆင်းသည် တိုက်ခိုက်​နေစဉ်​အ​တောအတွင်းမှာပင်​အံ့သြဖွယ်ကောင်း​လောက်​သည့် အေးစက်သော ချီဓာတ်များ၏ အ​ငွေ့အသက်​များအား ခံစားလိုက်​ရသည်​။
တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူတစ်ဦးပီပီ ယခုတိုက်ခိုက်မှုသည် အလစ်အငိုက် ဖမ်း၍ တိုက်ခိုက်ခြင်းမျိုးဖြစ်​သည်​ဟု နန်​ရှန်​ဆင်း သိလိုက်​သည်​။ ထို့ကြောင့်​တွေ​ဝေ တုန့်​ဆိုင်း​နေခြင်း မရှိဘဲ သူ၏ ခန္ဓာကိုယ်အား တစ်ဖက်သို့လှည့်လိုက်ရင်း လက်ကိုမြောက်ကာ ပြန်​လည်​ခုခံလိုက်သည်​။ နန်​ရှန်​ဆင်း၏ စိတ်ထဲတွင် ရဲရှောင်သည် ကောင်းကင်အဆင့်ရှိသည့်​ပါရမီထူးသည့် လူတစ်ဦး ဖြစ်သည့်တိုင် အသက်အရွယ်အားဖြင့် ငယ်ရွယ်​သေးသဖြင့်​အတွေ့အကြုံ နုနယ်​လောက်​သေးသည်​ဟု​တွေးထင်​ခဲ့မိသည်​။ ယခုကဲ့သို့ ကျင့်​ကြံမှုအဆင့်​မြင့်​တက်​ခဲ့ရသည်​မှာလည်း လင်းပါအို၏ အကူအညီများ ပါဝင်​နေလိမ့်​မည်​ဟုလည်း​တွေးလိုက်​မိသည်​။ အ​တွေ့အကြုံ နုနယ်​သေးသည့်​ရဲရှောင်အား အနိုင်ပင်​တိုက်နိုင်လိမ့်​မည်ဟု နန်​ရှန်​ဆင်းသည်​မိမိကိုယ်​ကို ရာနှုန်းပြည့် ယုံကြည်နေမိသည်​။
“ဖတ် . . .”
တိုက်ခိုက်မှုနှစ်ခု ဆုံတွေ့သွား​သော်​လည်း အသံမှာမူ ခပ်တိုးတိုးသာ ထွက်သွားခဲ့သည်​။ သို့​သော်​နန်​ရှန်​ဆင်းသည်​သူ၏ လက် နာကျင်သွားသည်ကို ခံစားလိုက်ရပြီး အလွန်လည်း ထိတ်လန့်သွားခဲ့သည်​။ ထို့​ကြောင့်​နောက်သို့ ချက်ချင်းပြန်ဆုတ်လိုက်​ကာ သူ၏ လက်အား သံမဏိကဲ့သို့ မာကျောသွားစေရန်အတွက်​စွမ်းအင်များ လည်ပတ်စေလိုက်သည်​။ ရဲရှောင်၏ တိုက်ခိုက်မှုသည်​ပြင်းထန်နေသည့်တိုင် နာကျင်မှုအား လျော့ချနိုင်ရန်​အတွက်​ထိုကဲ့သို့ ပြုလုပ်​လိုက်​ခြင်းပင်​ဖြစ်​သည်​။
နန်ရှန်ဆင်းသည် တိုက်ခိုက်နေရာမှ တခဏမျှ ရပ်လိုက်သည်။ ထို့​နောက်​နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်​ရင်း သူ၏ လက်အား ပြန်ကြည့်မိလိုက်​သည်​။ ထိုအခါ သေးငယ်သော အပ်တစ်ချောင်း စိုက်ဝင်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုအပ်၏ အ​ရောင်​သည်​အနက်ရောင်ဖြစ်ပြီး အရေပြားထဲသို့ စိုက်ဝင်လျက်​ရှိသည်​။
အေးစက်​သော ချီဓာတ်​များသည်​အဆိုပါ အပ်​မှ ထွက်ပေါ်နေခြင်းဖြစ်ပြီး အလင်းရောင်အောက်တွင် အပ်သည် မဟူရာရောင် တောက်ပလျက် ရှိသည်။
“တောက် . . .”
နန်ရှန်ဆင်းသည်​ရဲ​ရှောင်​၏ တိုက်​ခိုက်​မှုအား ခံလိုက်​ရသည့်​အတွက်​မ​ကျေမချမ်းပင်​ဖြစ်​သွားသည်​။ စိုက်​ဝင်​နေ​သော အပ်​အား ကြည့်​ရင်း ကျောချမ်းသလိုလည်း​ဖြစ်သွားခဲ့သည်။
ထိုအပ်တွင် အဆိပ်ပါနိုင်သည်ဟုလည်း ထင်မြင်မိလိုက်သည်​။ နန်​ရှန်​ဆင်းသည်​အန္တရာယ်အငွေ့အသက်များအား ခံစားလိုက်ရသည်​။
အကယ်၍ ယခုထက်ပို၍ နက်ရှိုင်းစွာ စိုက်ဝင်၍ သွေးများသာ ထွက်သွားမည် ဆိုပါက သူ၏ လက်အား ဆုံးရှုံးကောင်း ဆုံးရှုံးနိုင်ပေလိမ့်မည်။ ထို့ပြင်​အသက်ပင် ဆုံးရှုံးနိုင်ပါသေးသည်။
နန်ရှန်ဆင်းလည်း ကျယ်လောင်စွာ အော်ဟစ်၍ စွမ်းအင်များအား လက်သို့ ပို့လွှတ်ကာ အပ်အား ချိုးဖျက်ရန် ကြိုးစားလိုက်သည်။ ထိုကဲ့သို့ စွမ်းအင်များ စုစည်းနေစဉ်အချိန်​တွင်​သူ၏ လက်တစ်ခုလုံး ယားကျိကျိ ဖြစ်လာသည်ကိုလည်း ခံစားလိုက်ရသည်​။
ထို့​နောက်​အပ်ကို ဆွဲနှုတ်လိုက်ပြီးနောက် အဝေးသို့ လွှင့်ပစ်လိုက်ကာ လက်အား ကြည့်မိလိုက်​သည်​။ ထိုအခါ အပ်စိုက်ရာနေရာ တဝိုက်တွင် မည်းနေသည်ကို မြင်တွေ့လိုက်ရပြီး ထိုအမည်းကွက်သည် လက်ပေါ်သို့ တဖြည်းဖြည်း ပြန့်နှံ့လာသည်ကိုလည်း တွေ့လိုက်ရသည်​။
အံ့သြမှုနှင့်အတူ ကြောက်ရွံ့မှုများကိုပါ ခံစားလိုက်ရ​သော်လည်း အတွေ့အကြုံ ရင့်ကျက်သော ပညာရှင်တစ်ဦးပီပီ တစ်စက္ကန့်အတွင်းမှာပင် ခိုင်မာသော ဆုံးဖြတ်ချက် တစ်ခုအား ချလိုက်သည်​။ သူ၏ ဓားအား ချက်ချင်း ဆွဲထုတ်လိုက်​သည်​။ ထို့​နောက်​အမည်းကွက် ဖုံးလွှမ်းလျက်ရှိသည့် အရေပြားအား လှီးထုတ်ပစ်လိုက်လေသည်။
သွေးများသည်​ရေပန်းတစ်​ခုသဖွယ်​ပန်းထွက်သွားကြသည်​။ အစပိုင်းတွင် မည်းပုပ်ပုပ်အ​ရောင်​ရှိသည့်​သွေးများသာ ထွက်​လာ​သော်လည်း ခဏအကြာတွင် သာမန်အနီရောင် သွေးများ ထွက်လာခဲ့သည်​။
(ဘာအပ်များလဲ . . . တော်တော်ကို ပြင်းပါလား၊ ဒါတောင် သွေးမထွက်ပေလို့ပဲ။ ငါသာ နောက်ကျသွားရင် အသက်ပါ ပါသွားနိုင်တယ် . . .)
နန်​ရှန်​ဆင်းသည်​အံ့ဩ တုန်​လှုပ်​နေမိသည်​။
ထိုအချိန်တွင်​ရဲရှောင်သည်​နန်ရှန်ဆင်းအား ဝင်ရောက်တိုက်ခိုက်နေသည့်​အတွက်​နန်ရှန်ဆင်းသည် အံကြိတ်၍ ရဲရှောင်၏ တိုက်ခိုက်မှုများအား ရှောင်တိမ်းလျက် ရှိသည်။ ထိုကဲ့သို့ ရှောင်တိမ်းနေရင်းဖြင့် သူ၏ အင်္ကျီလက်မှ အစအား စုတ်ဖြဲလိုက်​သည်​။ ထို့​နောက်​ထိုအစဖြင့်​ဒဏ်ရာရထားသော လက်အား ပတ်ထားလိုက်သည်​။ လက်​တစ်​ဖက်​ဒဏ်​ရာရသွားသည့်​အတွက်​ကျန်လက်တစ်ဖက်ဖြင့်သာ ရဲရှောင်အား ပြန်လည် ခုခံ​နေရသည်​။
“ဒါဘာအဆိပ်လဲ . . .”
တိုက်ခိုက်နေရင်းဖြင့် နန်ရှန်ဆင်းလည်း ရဲရှောင်အား မေးလိုက်ပါတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset