Chapter – 265
“အကောင်းဆုံးကြိုးစားခြင်း”
“တော်တော်ကောင်းတဲ့ ဆင်ခြေပဲ . . . မင်းမိသားစုကို ကာကွယ်တာပေါ့ ဟုတ်လား၊ မင်းပြောပုံအရဆိုရင်မင်းအဖေနဲ့ စစ်သူကြီးက ရန်ညိုးရန်စ ရှိခဲ့ဖူးတယ်။ အဲ့ဒီတော့ မင်းအဖေက မင်းကို လွှတ်ပြီး စစ်သူကြီးကို သတ်ခိုင်းခဲ့တယ်။ ဒါပေမယ့်မင်းက စစ်သူကြီးကို သတ်ရုံတင်မကဘူး အပြစ်မဲ့တဲ့ စစ်သည်တစ်သောင်းကျော်ကိုပါ သတ်ပစ်ခဲ့တယ်။ မင်းလုပ်ခဲ့တဲ့ လုပ်ရပ်က မင်းအဖေကို နှစ်သိမ့်ပေးတာပေါ့လေ ဟုတ်လား . . .”
ရဲရှောင် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ . . .”
နန်ရှန်ဆင်းသည်မထူးခြားသည့်ကိစ္စတစ်ခုအလားပေါ့ပေါ့တန်တန်ပင်ပြန်ဖြေလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး . . .”
ရဲရှောင် မခိုးမခန့် ပုံစံမျိုးဖြင့်ပြောလိုက်သည်။
“ဒေါသဖြစ်တဲ့ အခိုက်အတန့်လေးကြောင့် မင်းရဲ့ လုပ်ရပ်က ချန်နိုင်ငံတော်အတွက် အများကြီး ဆုံးရှုံးနစ်နာစေခဲ့တယ်။ မိုင်ပေါင်းရာချီတဲ့ ပိုင်နက်ကို ဆုံးရှုံးခဲ့ရရုံတင် မကဘူး အပြစ်မဲ့တဲ့ ပြည်သူတွေ သိန်းနဲ့ချီပြီးကို လူရိုင်းမျိုးနွယ်အောက် ရောက်ခဲ့ရတယ်။ အသတ်ခံခဲ့ကြရတဲ့ လူတွေလည်းရှိသလို၊ သေတာထက်ပိုဆိုးတဲ့ ခံစားမှုမျိုး ခံစားသွားခဲ့ကြရသူတွေလည်း ရှိခဲ့တယ်။ ငါပြောတာ ဟုတ်တယ်မလား . . .”
ရဲရှောင်သည်နန်ရှန်ဆင်း၏ မျက်လုံးများအား တည့်တည့်စိုက်ကြည့်၍ပြောလိုက်သည်။
နန်ရှန်ဆင်းသည်ရဲရှောင်၏ အကြည့်များအား ဂရုမစိုက်ဘဲ ခပ်တည်တည်ဖြင့်ပင် –
“အဲဒီတော့ ဘာဖြစ်လဲ . . .”
ရဲရှောင်၏ မျက်လုံးများသည်အေးစက်မာကြောသွားကာ –
“ဘာမှ မဖြစ်ပါဘူး။ အနှစ်ချုပ်ရရင် မင်းနဲ့မင်းအဖေက ခွေးလောက်တောင် အသိဉာဏ်မရှိတဲ့ ကောင်တွေပဲ။ မျိုးမစစ်တွေ။ မျိုးမစစ် သားအဖ နှစ်ယောက် . . .”
“နန်ရှန်ဆင်း . . . မင်းက တကယ့်ကို မျိုးမစစ်ကောင်။ စစ်သူကြီး နဲ့ မင်းအဖေ ရန်ညိုးရန်စ ရှိခဲ့ဖူးတာနဲ့ပဲ မင်းက မိစ္ဆာလို ယုတ်မာခဲ့တယ်။ စစ်သူကြီးကတော့ မင်းအဖေကို နာကျည်းရုံလောက်ပဲ လုပ်ခဲ့မိတာကို အတော်နောင်တရခဲ့လောက်တယ်။ အမှန်က မျိုးမစစ်အဘိုးကြီးကို သတ်တောင် သတ်ပစ်ခဲ့သင့်တာ။ သတ်ခဲ့ရင်တောင် ပိုကောင်းသွားနိုင်သေးတယ်။ ဒီလိုမျိုးမစစ် အဘိုးကြီးက မိစ္ဆာလို သားတစ်ယောက် မွေးထားတာလည်း မဆန်းပါဘူးလေ။ ဒီလိုလူမျိုးတွေက သေဖို့ပဲ ထိုက်တန်တယ်။ ငါသာ စစ်သူကြီးနေရာမှာဆို သတ်ပစ်ခဲ့တယ်။ တစ်ပင်လုံးကို ခုတ်ချင်ရင်တောင်နတ်နေကိုင်းဆိုတာ ချန်ပေးရတယ်ဆိုပေမယ့်ငါကတော့ ဘာကိုင်းမှ ထားမနေဘူး အကုန်ရှင်းပစ်မှာပဲ။အေး . . . အဲ့ဒီလိုပဲ အဘိုးကြီးကို သတ်ပြီးရင် မင်းကိုပါ သတ်။ တကယ်လို့ မင်းမှာပါ သားတစ်ယောက် ရှိနေသေးရင်လည်း သူ့ကိုပါ ထပ်သတ်။ ရှင်းရှင်းပြောမယ်ကွာ ဒီလိုကောက်ကျစ်ယုတ်မာတဲ့ လုပ်ရပ်မျိုး ထပ်မလုပ်နိုင်အောင်မင်းတို့ မျိုးနွယ်ရဲ့ ရှိရှိသမျှ လူတွေကို အကုန်သတ်ပစ်မယ်ကွာ . . .”
နန်ရှန်ဆင်းသည်ဒေါသထွက်နေသောကြောင့်အသားများပင်ဆတ်ဆတ်တုန်လျက်ရှိသည်။ သို့သော်ဟန်ဆောင်ပြုံးလိုက်ရင်း –
“တယ်လည်း စကားကြွယ်တဲ့ ဖန်ဧကရာဇ်ပါလား။ လူရှုပ်လူပွေ သခင်လေး သုံးယောက်ထဲမှာ သခင်လေးရဲက နံပါတ် ၁ ဖြစ်မယ်ထင်တယ်။ မင်းပါးစပ်က ထွက်လာတဲ့ စကားလုံးတွေကို နားထောင်ရတာ တော်တော်ကို မခံချင်စရာကောင်းတာပဲ . . .”
ရဲရှောင်လည်း မဲ့ပြုံး ပြုံးလိုက်ကာ –
“ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်က ငါဘာပြောပြော ခံနိုင်ရည်ရှိမှာပဲ။ ဘာလဲ နန်ရှန်ဆင်း . . . မင်းက အခု မခံမရပ်နိုင် ဖြစ်နေတာလား။ အဲဒီတော့ မင်းက . . .”
နန်ရှန်ဆင်းလည်းဒေါသတကြီးဖြင့်-
“ဖန်ဧကရာဇ် . . . မင်းက ငါ့ကို သိက္ခာမရှိတဲ့လူလို့ ပြောနေတာလား . . .”
ရဲရှောင်မှ လေသံခပ်အေးအေးဖြင့်ပင် –
“ငါ ဒီလို မပြောမိပါဘူး . . .”
ထိုအခါ နန်ရှန်ဆင်းသည်စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
“ငါပြောချင်တဲ့ အဓိပ္ပါယ်က မင်းက လူတစ်ယောက်လို့ သတ်မှတ်ရလောက်အောင် မထိုက်တန်ဘူး။ ဘာလို့လဲဆိုတော့ မင်းအဖေရဲ့ ရန်ညိုးရန်စကြောင့်မင်းနဲ့ တစ်မြေတည်းနေ တစ်ရေတည်း သောက်ခဲ့တဲ့ လူသန်းပေါင်းများစွာကို စတေးခဲ့တယ်။နောက်ပြီး အမိမြေကို သစ္စာဖောက်တယ်။ ဒီတော့ မင်းက လူမှ မဟုတ်တော့တာ။ အဲဒီလို လူမဟုတ်တော့တဲ့သူကို ငါက သိက္ခာရှိမယ်လို့ ထင်စရာလား . . .”
ရဲရှောင်သည်နန်ရှန်ဆင်းအား မှင်သေသေ မျက်နှာထားဖြင့်ပြောလိုက်ခြင်း ဖြစ်သည်။
နန်ရှန်ဆင်း၏ဒေါသများသည်ပေါက်ကွဲတော့မည့်မီးတောင်တစ်ခုအလား အထွတ်အထိပ်သို့ပင်ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ပြင်သူ၏ မျက်လုံးများသည်လည်းဒေါသကြောင့်နီရဲလျက်ရှိသည်။
ဂိုဏ်း၏ တာဝန်ပေးချက်အရ နန်ရှန်ဆင်းသည်မြို့ထဲတွင် လှည့်ပတ် စစ်ဆေးပြီးနောက် သံသယ ဖြစ်စရာတစ်စုံတစ်ရာ မတွေ့၍ အနားယူရန် ပြန်လာရင်း လူသူရှင်းသောနေရာတွင်ခေတ္တခဏ ဝင်နားနေလိုက်ခြင်း ဖြစ်သည်။ ထိုအချိန်မှာပင် လျှို့ဝှက်ချက်ကြီး တစ်ခုအား မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။
ထိုလျှို့ဝှက်ချက်ကြီးသည်သူ့အတွက်မူရွှေထုတ်ကြီးတစ်ထုတ်ကောက်ရသလိုပင်ဖြစ်သည်။
ရဲရှောင်နှင့် စကားပြောနေခဲ့သည်မှာ တခဏမျှသာ ရှိနေသေးသော်လည်း ရဲရှောင်၏ စကားလုံးများ ကြောင့် နန်ရှန်ဆင်းတစ်ယောက်မခံမရပ်နိုင်ပင်ဖြစ်ခဲ့ရသည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ် . . .”
နန်ရှန်ဆင်းသည်လေသံမာမာထန်ထန်ဖြင့်ပြောလိုက်သည်။ သူ၏ အသံတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပါဝင်နေပြီးဒေါသအလွန်အမင်း ထွက်နေသည်မှာလည်း သိသာလှသည်။
ထိုအချိန်တွင်ဆောင်ဦးရာသီ ဝင်သွားသည့်အလား အေးစက်သော လေပြင်းများသည်ရုတ်တရက် တိုက်ခတ်သွားခဲ့သည်။
“မင်းက ငါ့ကို ချီးမွမ်းနေတာလား၊ လူမဟုတ်တဲ့ သူက ချီးမွမ်းခန်းဖွင့်နေတော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိတယ်လုိ့တောင် မခံစားရပါဘူးကွာ။ စိတ်ထဲမှာ ရှက်သလိုတောင်ဖြစ်နေမိသေး . . .”
ရဲရှောင် အေးစက်စက်ပင် ပြန်ပြောလိုက်သည်။
“ငါခန့်မှန်းကြည့်ရသလောက် ဒီလိုစကားလုံးမျိုးတွေ မင်းမကြားရတာ ကြာလို့များလား၊ ဒါမှမဟုတ် မင်းအဖေကို မျိုးမစစ် အဘိုးကြီးလို့ ခေါ်ပြီး မင်းကိုပါ မျိုးမစစ်ကောင်ဆိုပြီး ခေါ်လို့ ချီးမွမ်းတာလား။ ဒါမှမဟုတ် မင်းရဲ့သားကိုပါ သတ်ပစ်မယ်လို့ ပြောခဲ့လို့လား။ မင်းအခုလို ကျေနပ်နေမယ်လို့ ငါထင်ကို မထင်ထားခဲ့မိဘူး . . .”
ထိုသို့ စကားပြောဆိုနေသည့်အချိန်တွင် ရဲရှောင်သည် သူ၏ ကိုယ်တွင်းမှ ဝိညာဉ်တော် ချီဓာတ်များအား စုစည်းနေလျက်ရှိသည်။
ရဲရှောင်သည်ကောင်းကင်အဆင့်ရှိသေး၍သာ ထိုကဲ့သို့ စုစည်းနေရခြင်း ဖြစ်သည်။ အကယ်၍ မူလအိပ်မက် အဆင့်သာဆိုပါက ယခုကဲ့သို့ စုစည်းနေစရာ မလိုတော့ချေ။ တန်း၍ သုံးရုံပင် ဖြစ်သည်။ထိုကဲ့သို့ စုစည်းချိန် ရရန်အတွက် ရဲရှောင်မှ စကားများ အဆက်မပြတ်ပြောဆိုနေခြင်း ဖြစ်သည်။ လုံလောက်စွာ စုစည်းနိုင်ပြီးမှသာ တိုက်ခိုက်မည် ဖြစ်သည်။
ရဲရှောင်သည် ရှိရှိသမျှ စွမ်းအင်များအား စုစည်းနေခြင်း ဖြစ်သည်။
မော်တယ်ကမ္ဘာရှိ ပညာရှင်များ စွမ်းအင်များအား အကောင်းဆုံး ကြိုးစား စုစည်းသည့် အခါတိုင်းတွင်ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများကိုသာမက စိတ်ပိုင်းဆိုင်ရာ စွမ်းအားများကိုပါ စုစည်းရလေသည်။ ထိုကဲ့သို့ စုစည်းမှသာ လုံလောက်သည့် စွမ်းအင်ပမာဏများ ထုတ်လွှတ်နိုင်မည် ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများအပြင်ဝိညာဉ်တော်စွမ်းအား၊ ချီဓာတ်စွမ်းအားများသာမက နေစွမ်းအား၊ ကြယ်စွမ်းအား နှင့်သဘာဝစွမ်းအား စသည့် စွမ်းအားများစွာကိုပါ တတ်နိုင်သလောက် စုစည်းရသည်။
ထိုကဲ့သို့ ရှိရှိသမျှ စွမ်းအားများအား စုစည်းထားမှသာ အကောင်းဆုံး ကြိုးစားခြင်းဟု ဆိုနိုင်မည် ဖြစ်သည်။
ယခုရဲရှောင် ပြုလုပ်နေသည်မှာလည်း ထိုအတိုင်းပင် ဖြစ်လေသည်။
ရဲရှောင် ယခုကဲ့သို့ ပြုလုပ်နေရခြင်းမှာ သူ၏ အရှေ့တွင်ရှိသော နန်ရှန်ဆင်းသည် မော်တယ်ကမ္ဘာတွင် သူ့ထက်စာလျှင် ပို၍ အတွေ့အကြုံ များပြားသောကြောင့်ပင်ဖြစ်သည်။ ထို့ပြင် နန်ရှန်ဆင်းသည် ကြယ်ရောင်ဂိုဏ်းမှ ဖြစ်သည်။ ထိုဂိုဏ်းမှ ကျင့်စဉ်များသည်လည်း ချင်းယန်နယ်ပယ်၏ ဂိုဏ်းကြီးမှ ဆင်းသက်လာသော အစွမ်းထက် ကျင့်စဉ်များသာ ဖြစ်ပေသည်။
နန်ရှန်ဆင်း၏ ကျောထောက်နောက်ခံသည်လည်း ရဲရှောင်ထက် သာလွန်လှသည်။ ရဲရှောင်သည် ကျင့်ကြံမှုတွင် အဆင့်မြင့်သည့် ပညာရှင်တစ်ဦး ဖြစ်ခဲ့ပြီး မူလတာအိုအဆင့်၏ ထိပ်ဆုံးသို့ပင် ရောက်ရှိနိုင်ခဲ့သည်။ သို့ရာတွင်နန်ရှန်ဆင်းကဲ့သို့ ထိပ်တန်းဂိုဏ်းကြီးများမှ အထောက်အပံ့ပေးခြင်းမျိုး ရဲရှောင်မရရှိခဲ့ချေ။ ရဲရှောင် ကောင်းကင်အဆင့်သို့ မရောက်မီက ကောင်းကင်အဆင့်၏ အလယ်အလတ်အဆင့်ရှိသော လျူချန်းဂျန်အား အနိုင်ရရှိခဲ့သည်။ သို့သော်ယခုအခါတွင်မူ ရဲရှောင်သည်ကောင်းကင်အဆင့်သို့ ရောက်ရှိနေသည့်တိုင် နန်ရှန်ဆင်းအား အနိုင်ရလိမ့်မည်ဟု ရာနှုန်းပြည့် ယုံကြည်ချက် မရှိဘဲ ဖြစ်နေမိခဲ့သည်။မတူညီသော အခြေခံကြားမှ ကွာခြားချက်ပင် ဖြစ်လေသည်။
လက်ရှိအချိန်တွင် ရဲရှောင်သည်နန်ရှန်ဆင်းအား အနိုင်တိုက်မှသာ ဖြစ်နိုင်ပေလိမ့်မည်။ နန်ရှန်ဆင်းသည်သူ၏ လျှို့ဝှက်ချက်အား သိသွားခဲ့ပြီ မဟုတ်ပါလော။ သို့သော်အဆင့်ကွာဟမှု ကြီးမားနေသည့်အတွက်ရဲရှောင်ဘက်မှ အသေအကြေ တိုက်ခိုက်လျှင်ပင် နန်ရှန်ဆင်းအား အသေသတ်နိုင်ရန်ခက်ခဲသော အခြေအနေပင်ဖြစ်သည်။
အခြေနေအရပ်ရပ်အား ထိုကဲ့သို့ သုံးသပ်မိလိုက်သည့်အတွက်ရဲရှောင်မှ ယခုကဲ့သို့ စွမ်းအင်များ စုစည်းနေခဲ့ခြင်းပင်ဖြစ်သည်။
ထိုကဲ့သို့ စွမ်းအင်စုဆောင်းနိုင်ရန်အတွက်လိုအပ်သည်မှာ အချိန်ပင် ဖြစ်သည်။
သို့သော် ရဲရှောင်သည်သူ၏ အားနည်းသော အနေအထားအား ရန်သူရှေ့တွင် မပြသချင်ပေ။ ထို့ကြောင့် စကားများ လှည့်ပတ်ပြောဆိုနေခြင်း ဖြစ်သည်။
တကယ့်လက်တွေ့တွင်မူ နန်ရှန်ဆင်းသည်သူ့အားအသေသတ်ရန် ရည်ရွယ်ချက်မရှိမှန်း ရဲရှောင် သိထားလေသည်။
အသေသတ်ရန်ထက် ရဲရှောင်၏ လျှို့ဝှက်ချက်အား အပီကိုင်၍ ခြိမ်းခြောက်ကာ အကျပ်ကိုင်လိုခြင်းပင်ဖြစ်သည်။
ရဲရှောင်သည် နန်ရှန်ဆင်းအား စကားပြောရာ၌ အထက်ဆီးမှ ပြောချင်သည့်အတွက် နန်ရှန်ဆင်း၏ အားနည်းချက်များအား အကဲခတ်နေခဲ့မိသည်။
ထိုအခါ နန်ရှန်ဆင်း၏ အားနည်းချက်မှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုပင် ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူ၏ မာနအား ထိပါးလာသည်နှင့် သည်းမခံတတ်သည့် လူစားမျိုးဆိုသည်ကိုလည်း သိလိုက်ရသည်။
လူသားတိုင်းသည်ဒေါသထွက်လာလျှင်အကျိုးအကြောင်းဝေဖန်ပိုင်ခြားနိုင်ခြင်း မရှိတော့ဘဲ အမှားများ ပြုလုပ်တတ်သည်မှာ ဓမ္မတာပင်ဖြစ်သည်။
နန်ရှန်ဆင်းသည် သူ၏ နာမည်အား အလွန်အလေးထားသူတစ်ဦး ဖြစ်သည်။
ထိုအချက်အား ချနင်းနိုင်လိုက်မည်ဆိုပါက ဒေါသထွက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ အတွေ့အကြုံ ပရိယာယ်ကြွယ်ဝလှသော ရှောင်ဧကရာဇ်အဖို့ လူတစ်ယောက်၏ စိတ်အခြေအနေမည်သို့ မည်ပုံရှိသည်ကို အချိန်ခဏလေးအတွင်းမှာပင်အကဲဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတော့သည်။