Chapter – 264
“နန်ရှန်ဆင်း”
“ငါ့အတွက် မင်းလိုကောင်မျိုးကို မိတ်ဆွေဖွဲ့စရာ မလိုပါဘူး . . . ဘာလဲ မင်းက အထီးကျန်နေ ရလို့လား . . .”
ရဲရှောင် ခနဲ့တဲ့တဲ့ပင်ပြောလိုက်သည်။
အနက်ရောင်ဝတ်လူမှ ရယ်မောလိုက်ရင်း –
“ဖန်ဧကရာဇ် . . . မင်းက အမြင်လည်း စူးရှတယ်၊ အတွေ့အကြုံလည်း ရင့်ကျက်တဲ့ပုံပဲ။ ငါ့ရဲ့ ကျင့်ကြံမှုက ဘာဆိုတာကိုတောင် ချက်ချင်း ပြောနိုင်တယ်။ ဒါပေမယ့်ငါဘယ်သူလဲဆိုတာ မင်းမသိသေးပါဘူး။ တကယ်လို့ ငါ့ကို သိရင်တောင်မှ ငါက ဘယ်လို လုပ်တတ်တဲ့ လူမျိုးလဲ ဆိုတာ သိနိုင်မှာ မဟုတ်ဘူး။ ငါက အမြဲတမ်း တစ်ယောက်တည်းပဲ လှုပ်ရှားတတ်တဲ့ကောင်၊ မင်းဘက်က င့ါကို သတ်နိုင်တယ်လို့ ယုံကြည်ချက်ရှိရင် လုပ်လိုက်လေ။ ငါ့ကို သတ်လိုက်တာနဲ့ ဖန်ဧကရာဇ်ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကို ဘယ်သူမှ မသိနိုင်တော့ဘူးပေါ့။ ဟုတ်တယ်မလား သခင်လေးရဲ . . .”
ရဲရှောင် အံ့သြသွားသည့်ပုံဟန်ဆောင်လိုက်ရင်း –
“ဟုတ်လား . . . မင်းနာမည်က ဘယ်သူလဲ။ ငါ သိခွင့်ရှိမလား . . .”
အနက်ရောင်ဝတ်လူသည်ဂုဏ်ယူဝံ့ကြွားသော ဟန်မျိုးဖြင့် –
“တောင်အရပ်က မိုင်တစ်သောင်းရှိတဲ့ ကြယ်အလင်းတန်းကြီးအောက်မှာ နှစ်တစ်ရာလုံးလုံး ဘုန်းတန်ခိုးနဲ့ ပြည့်စုံပြီး တစ်ကိုယ်တော် စွန့်စားခန်း ဖွင့်ခဲ့တဲ့ နန်ရှန်ဆင်းဆိုတာ ငါပဲ။ မင်းလည်း ငါ့ရဲ့ ကျင့်ကြံမှုကို ကြည့်ပြီး ငါဘယ်သူလဲဆိုတာ ရိပ်စားမိမယ် ထင်ပါတယ် . . .”
ရဲရှောင်မှ သူ၏ နာမည်အား သေချာပေါက်ပင်ကြားဖူးလိမ့်မည်ဟု အနက်ရောင်ဝတ်ဖြင့်လူသည်ယုံကြည်နေသည့်ပုံပင်။ အကယ်၍ မကြားဖူးသည့်တိုင် သူ၏ ဂုဏ်ပုဒ်အရည်အချင်းများအား ရွတ်ပြလိုက်ရုံဖြင့်ရဲရှောင်ဘက်မှ တုန်လှုပ်သွားလိမ့်မည်ဟုပင်ထင်မြင်နေမိသည်။
သို့သော် ရဲရှောင်သည်မှင်သေသေ မျက်နှာထားဖြင့်-
“နန်ရှန်ဆင်း ဟုတ်လား။ တစ်ခါမှ မကြားဖူးဘူး။ မင်းက နာမည်ကြီးလို့လား။ မင်းနာမည်ကို မင်းပြောတဲ့အချိန် သိပ်ပြီး ဂုဏ်ယူဝင့်ကြွားနေသလိုပဲ။ ဒါပေမယ့်ငါကတော့ တကယ်ကို မကြားဖူးဘူး။ အဲ့ဒီအတွက်လည်း စိတ်မကောင်းပါဘူးကွာ . . .”
ရဲရှောင်၏ စကားကြောင့်နန်ရှန်ဆင်းသည်ရှူးရှူးရှားရှားပင်ဖြစ်သွားကာ –
“စော်ကားလိုက်တာ . . . မင်းက ငါ့ကို နည်းနည်းလေးမှတောင် မသိဘူးတဲ့လား . . .
ရဲရှောင် ခေါင်းခါယမ်းပြလိုက်ရင်း –
“ဟင့်အင်း . . . တကယ်မသိဘူး၊ နန်ရှန်ဆင်းဆိုတဲ့ နာမည်မျိုး တစ်ခါမှကို မကြားဖူးဘူး။ မင်းပြောတဲ့ ဂုဏ်ပုဒ်တွေ အရည်အချင်းတွေကနားထောင်လို့တော့ ကောင်းပါရဲ့။ ဒါပေမယ့်ငါ့အတွက်တော့ စောက်ပိုတွေပဲ။ အထူးသဖြင့် ဘာတဲ့ ဘုန်းတန်ခိုးနဲ့ ပြည့်စုံပြီး တစ်ကိုယ်တော် စွန့်စားခန်း ဖွင့်ခဲ့တာတဲ့။ မင်းကိုယ်မင်း ဘုရင်များ မှတ်နေတာလား။ ဘုန်းတန်ခိုးနဲ့ ပြည့်စုံတယ်တဲ့ ဟားဟား။ ဘုရင်တော့ မဖြစ်နိုင်ဘူး ဖြစ်ချင်းဖြစ် ကုန်းကုန်းပဲ ဖြစ်လိမ့်မယ်။ နောက်ပြီး နှစ်တစ်ရာလောက် တစ်ကိုယ်တော် စွန့်စားခန်း ဖွင့်ခဲ့တယ် ဟုတ်လား။ ဒါကလည်း နားထောင်လို့ကောင်းအောင် လျှောက်ပြောနေတာပဲ။ မင်းကြည့်ရတာ စာတတ်တဲ့ပုံလည်း မရပါဘူး . . .”
ပြောနေရင်းဖြင့် ရဲရှောင်သည် ခေါင်းတယမ်းယမ်းနှင့်သက်ပြင်းများသာ အကြိမ်ကြိမ်ချပြနေလေသည်။
စာမတတ်ပေမတတ်ငတုံးငအတစ်ဦးနှင့် တွေ့နေရသောကြောင့်စိတ်ပျက်လက်ပျက်ပင်ဖြစ်နေသည့်အမူအယာမျိုး ရဲရှောင်ပြုလုပ်ပြလိုက်သည်။
“လောကမှာ စာမတတ်ရင်မျက်နှာငယ်ရတယ်ကွ။ စာမတတ်တော့ပြောသင့်တဲ့ စကားမှန်းမသိ မပြောသင့်တဲ့ စကားမှန်းမသိ အကျိုးအကြောင်းလည်း မခွဲခြားတတ်နဲ့။ အဲ့ဒီတော့ကား . . . မင်းအနေနဲ့ စာပြန်သင်သင့်တယ်နော် . . .”
ရဲရှောင်သည်နန်ရှန်ဆင်းအား အလွန်သနားစဖွယ်ကောင်းသော လူတစ်ဦးကဲ့သို့ပင်ကြည့်ရင်းပြောလိုက်သည်။
နန်ရှန်ဆင်း၏ မျက်လုံးများသည်အေးစက်မာကြော သွားပြီး –
“မင်းကို ငါ နောက်ဆုံးအကြိမ်မေးမယ်။ ငါ့ကို သိလား . . . မသိဘူးလား . . .”
ရဲရှောင်လည်း သူ၏ နှုတ်ခမ်းအား တစ်ချက်မဲ့လိုက်ရင်း –
“မင်းက နာမည်ကြီးမို့လို့လား၊ ငါတကယ်ကို မသိတာ၊ လုံးဝကို မသိဘူး။ ကြားလည်း မကြားဖူးဘူး”
ရဲရှောင်၏ စကားကြောင့်နန်ရှန်ဆင်းသည် မျက်စိမျက်နှာ ပျက်ယွင်းသွားကာ –
“မင်းကို ချီးမွမ်းခန်း ဖွင့်ခဲ့မိတာတွေကို ငါ့ဘက်က ပြန်ရုပ်သိမ်းရလိမ့်မယ်နဲ့ တူတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းတုိ့ ချန်နိုင်ငံတော်က စစ်သည် ၁ သောင်း တောထဲမှာ အသတ်ခံခဲ့ရတာကိုတော့ သိတယ်မဟုတ်လား။နောက်ပြီး မျိုးနွယ်စုကြီး ၈ ခုထဲက ရှီအိမ်တော်နဲ့ မင်အိမ်တော်တို့ တစ်ညတည်းနဲ့ အသတ်ခံခဲ့ရတာကိုရော ကြားဖူးလား။ အဲ့ဒါတွေကိုမှ မသိဘူး ဆိုရင်တော့ မင်းက တကယ့်ငတုံးပဲ။ ပြောရရင်တော့ အဲဒီကိစ္စတွေ အားလုံးကို ငါလုပ်ခဲ့တာပဲ . . .”
နန်ရှန်ဆင်းသည် မော်တယ်ကမ္ဘာတွင် နာမည်ကြီး တစ်ဦးဟု ဆိုရပေမည်။
သူ၏ နာမည်အား ကြားရုံမျှဖြင့်ကြောက်ဒူးတုန်သွားကြသည့်လူများမှာလည်း ဒုနဲ့ဒေးပင် ဖြစ်သည်။
သို့သော်မော်တက်ကမ္ဘာကဲ့သို့ အဆင့်နိမ့်နေရာမျိုးတွင်သာ နာမည်ကြီးခြင်း ဖြစ်သည်။
နန်ရှန်ဆင်းသည် အထက်ပါ ကိစ္စရပ်များအပြင် အခြားသော ကိစ္စရပ်များကိုလည်း ပြုလုပ်ခဲ့ပါသေးသည်။ သူနှင့် မည်သူမျှ ရင်ဆိုင်နိုင်စွမ်း မရှိဘဲ ရှုံးနိမ့်ခဲ့ကြရသည်။
နန်ရှန်ဆင်းတွင် အကျင့်တစ်ခု ရှိလေသည်။ တစ်ယောက်ယောက်အား သတ်တော့မည်ဆိုလျှင် မသတ်မီအချိန်၌ သူ့အကြောင်းအား သိရှိအောင်ပြောပြတတ်လေသည်။ အသတ်ခံရသည့်လူသည် နန်ရှန်ဆင်း၏ အကြောင်း ကြားလိုက်ရသည့်အခါ တုန်လှုပ်သွားသည့် အမူအယာမျိုး သူ အနှစ်ခြိုက်ဆုံးပင် ဖြစ်သည်။
နန်ရှန်ဆင်းသည်ငယ်ရွယ်စဉ်ဘဝတွင်သာမန်လူတစ်ဦးသာ ဖြစ်သော်လည်း အသက် ၆၀ နောက်ပိုင်းတွင်မူ နာမည်ကြီးလာခဲ့သည်။
သူ့အတွက်မူ သူ၏ လုပ်ရပ်များသည် ဂုဏ်သိက္ခာမြင့်တက်သည်ဟု ယူဆနေသည့်တိုင် အခြားလူများအတွက်မူ စက်စုပ်ရွံရှာဖွယ်အတိပင် ဖြစ်သည်။
သို့သော်ရဲရှောင်သည် နန်ရှန်ဆင်းနှင့် ပက်သက်၍ ဘာဆိုဘာမျှ မသိချေ။
နန်ရှန်ဆင်းသည်မည်မျှပင် နာမည်ကြီးစေကာမူ မော်တယ်ကမ္ဘာတွင်သာ ရပေလိမ့်မည်။ ထို့ပြင်ကောင်းကင်အဆင့်ရှိသည့်ပညာရှင်တစ်ဦးသာ ဖြစ်သေးသည်။ ရှောင်ဧကရာဇ်၏ အမြင်တွင်မူ နန်ရှန်ဆင်းသည်အမှိုက်တစ်စသာ ဖြစ်နေပေလိမ့်မည်။ ရှောင်ဧကရာဇ် သတိထားမိလောက်သည်အထိ နာမည်ကျော်နေခြင်းလည်း မဟုတ်ချေ။
အကယ်၍ ရဲရှောင်သည် နန်ရှန်ဆင်းအား သိနေမည် ဆိုပါကလည်း သိနေသည်ဟု ထုတ်ဖော်ပြောလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ နန်ရှန်ဆင်းသည် သူ၏ နာမည်အား လူသိခြင်း မသိခြင်းနှင့် ပက်သက်၍ အထူးအလေးထားမှန်း ရိပ်စားမိနေသောကြောင့်ပင် ဖြစ်သည်။
ရဲရှောင်အနေဖြင့်မိမိ၏ ရန်သူအား မည်သည့်နည်းနဲ့မျှ ပျော်ရွှင်စေလိမ့်မည်မဟုတ်ပေ။
သို့သော်နန်ရှန်ဆင်းပြောသည့် ကိစ္စနှစ်ခုအား ရဲရှောင် သိနေလေသည်။
ထိုကိစ္စများသည်လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မော်တယ်ကမ္ဘာကြီးတစ်ခုလုံး အုန်းအုန်းကြွကြွ ဖြစ်ခဲ့ရသည့် ကိစ္စပင်ဖြစ်သည်။ ချန်နိုင်ငံတော်အတွက်မူ ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ခုပင် ဖြစ်ခဲ့သည်။
ထိုကာလများတွင်ချန်နိုင်ငံတော်သည် ထင်းရှူးနက်တောအုပ်အတွင်း လူရိုင်းမျိုးနွယ်များနှင့် တိုက်ခိုက်နေခဲ့ရသည်။
ထိုအချိန်တွင်မည်သူမှမမျှော်လင့်ထားသည့်ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့သည်။ ညတစ်ညတွင် ချန်နိုင်ငံတော်၏ စစ်သည် ၁ သောင်း ရုတ်တရက် သေဆုံးသွားခဲ့ ကြရပြီး တိုက်ပွဲအခြေအနေသည်လည်း လုံးလုံး ပြောင်းလဲသွားခဲ့သည်။ ချန်နိုင်ငံတော်ကျရှုံးခဲ့သည်။ ထို့ပြင်ပြည်သူပေါင်းလည်းသိန်းနှင့်ချီ၍ သေဆုံးခဲ့ကြရသည်။
တိုက်ပွဲပြီးသည့်နောက်မှသာ လူများသည်အကြောင်းရင်းမှန်အား သိသွားခဲ့ကြသည်။သေဆုံးသွားကြသည့်စစ်သည် တစ်သောင်းအား ဦးဆောင်ခဲ့သည့်စစ်သူကြီးသည် ပညာရှင်တစ်ဦး၏ ဖခင်ြဖစ်သူနှင့်ရန်ညိုးရန်စ ရှိခဲ့ဖူးသည်။ ထိုအခါ ပညာရှင်၏ ဖခင်ဖြစ်သည် သားဖြစ်သူကိုစေလွှတ်၍ စစ်သူကြီးအား သတ်စေခဲ့သည်။ သို့သော်သားဖြစ်သူသည်စစ်သူကြီးသာမက စစ်သည်များကိုပါ တိုက်ပွဲအတွင်း မသမာသော နည်းလမ်းဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ ထိုအကြောင်းအရာများသည် တစ်ဆင့်စကား တစ်ဆင့်နားဖြင့်အတိအကျမဟုတ်သည့် ကောလဟလများ ဖြစ်သည့်တိုင် အချို့သော အချက်အလက်များမှာမူ မှန်ကန်နေလေသည်။
ရဲရှောင်သည် ရဲနန်ရှန် ပြောပြသဖြင့် ထိုအကြောင်းအရာအား သိရှိထားပြီး ဖြစ်သည်။ ရဲနန်ရှန်သည် စစ်သူကြီး နှင့်စစ်သည်တစ်သောင်းအား သတ်ဖြတ်သွားသည့်လူအား အလွန်ပင် ဒေါသထွက်ခဲ့သည်။ သို့သော်ကောက်ရိုးပုံထဲတွင်ကျသွားသည့်အပ်တစ်ချောင်းအား ရှာရသည့်အလား တရားခံလက်သည်အား ရှာမတွေ့ခဲ့ပေ။
ယခုအခါတွင်မူ ထိုတရားခံသည် ရဲရှောင်၏ရှေ့တွင်ရှိနေခဲ့ပြီ ဖြစ်သည်။
ရဲရှောင်သည်နန်ရှန်ဆင်း၏ မျက်လုံးများအား တည့်တည့်စိုက်ကြည့်လိုက်ရင်း –
“မင်းက ဘယ်နိုင်ငံကလဲ . . .”
နန်ရှန်ဆင်း၏ မျက်နှာသည် အေးစက်မာကြောသွားသည်။
ရဲရှောင်သည်နန်ရှန်ဆင်း၏ မျက်နှာအမူအယာအား တစ်ချက်အကဲခတ်ကာ ခနဲ့တဲ့တဲ့ လေသံမျိုးဖြင့် –
“မထင်မှတ်ထားစရာပဲ။ ချန်နိုင်ငံတော်ကလူဖြစ်ပြီး ချန်နိုင်ငံတော်က စစ်သည်တွေကို သတ်ခဲ့တယ်ပေါ့။ နန်ရှန်ဆင်း . . . မင်းက ဒီကိစ္စကိုတောင် ဂုဏ်ယူစရာ ကိစ္စတစ်ခုအနေနဲ့ ပြောရဲသေးတယ်ပေါ့လေ။ မင်းက တကယ့်ချီးထုပ်ပဲ။ သစ္စာဖောက်ကောင်၊ မင်းကိုယ်မင်းရော မရွံ့ဘူးလား . . .”
နန်ရှန်ဆင်းသည်သူ၏ ပုခုံးများအား တွန့်လိုက်ရင်း –
“ငါက ပညာရှင်တစ်ယောက်လေ။ ဒီလို ပညာရှင်တစ်ယောက် အနေနဲ့ နိုင်ငံတွေဘာတွေ ထည့်တွက် မနေနိုင်ဘူး။ ဂရုလည်း မစိုက်ဘူး . . .”
ရဲရှောင်လည်း မျက်နှာတစ်ချက်မဲ့လိုက်ကာ –
“အရှက်မရှိ ပြောနေလိုက်တာကွာ . . .”
“မင်းပြောသလိုသာဆို ပညာရှင်ဖြစ်ရင် နိုင်ငံကို ထည့်မတွက်ရဘူးပေါ့။ အဲ့ဒါဆို မင်းမိသားစု၊ မင်းမျိုးနွယ်ကို စွန့်လွှတ်နိုင်လား။နောက်ပြီး မိဘတွေ၊ မိန်းမနဲ့ ကလေးတွေ အားလုံးကိုရော လျစ်လျူရှုပြီး ထည့်မတွက်ဘူးပေါ့။ လူတစ်ယောက်က မင်းအဖေကို သတ်သွားရင်တောင် မင်းက သွေးအေးအေးနဲ့ ထိုင်ကြည့်နေမယ်ပေါ့ အဲဒီလိုလား . . .”
နန်ရှန်ဆင်းသည်ဒေါသထွက်သွားပြီး –
“မင်းက ဘာသိလို့လဲကွ။ အဲဒီစစ်သူကြီးက င့ါအဖေ နဲ့ ရန်ညိုးရန်စ ရှိခဲ့ဖူးတယ်။ အဲဒါကြောင့်ပဲ သူနဲ့ သူ့စစ်သည်တွေကို ငါသတ်လိုက်တာ။ ငါလုပ်တာ မှားလား၊ ကျင့်ကြံမှုလုပ်တဲ့ ပညာရှင်တစ်ယောက်က ကိုယ့်မိသားစုကိုတောင် မကာကွယ်နိုင်ရင် ပညာရှင်လို့ ဘယ်သတ်မှတ်နိုင်တော့မလဲ . . .”
နန်ရှန်ဆင်း၏ စကားအရ သူ၏ လုပ်ရပ်သည် မှန်ကန်သည်ဟု ထင်မြင်ယူဆေနသည့် ပုံပင်။ထို့ကြောင့် တလွဲဆံပင်ကောင်း ဖြစ်ကာ ဂုဏ်ယူနေခြင်းပင်ဖြစ်ပါတော့သည်။