Chapter – 263
“လျှို့ဝှက်ချက်ပေါ်သွားခြင်း”
ရဲရှောင်သည် လူသူကင်းရှင်းသည့် နေရာသို့ ရောက်သွားသောအခါ ဖန်ဇီလင် ပုံစံသို့ ပြောင်းလိုက်သည်။
ရုပ်ပြောင်းရုပ်လွှဲ ပြုလုပ်ချင်သည့််အခါတိုင်း ရဲရှောင်သည်ယခုနေရာသို့ မကြာခဏ လာရောက်လေ့ရှိသည်။
သူ၏ သရုပ်အမှန်အား အခြားလူများ ရိပ်မိသွားမည်စိုးသည့်အတွက်ယခုကဲ့သို့ လူခြေတိတ်သည့်နေရာကောင်းအား ရှာထားခဲ့ခြင်းဖြစ်သည်။ထိုနေရာသည် ရဲရှောင်အတွက်အသင့်တော်ဆုံးပင် ဖြစ်သည်။
သို့သော် လောကတွင် မည်သည့်အရာကိုမျှ ပုံသေမှတ်၍ မရပေ။
ရဲရှောင် ပုံစံပြောင်းပြီးနောက် ထွက်ခွာရန် ဟန်ပြင်နေစဉ်မှာပင်လေပြင်းတစ်ချက် ရုတ်တရက်တိုက်ခတ်သွားခဲ့သည်။ ထို့နောက်လူတစ်ယောက်မှ ခနဲ့တဲ့တဲ့ဖြင့်ပြောလိုက်သည့်အသံကိုလည်း ကြားလိုက်ရသည်။
“ထင်တောင် မထင်ခဲ့မိဘူး။ မြို့ရဲ့ လူရှု့ပ်လူပွေ ၃ ယောက်လို့ တင်စားပြီး ခေါ်ရလောက်အောင် ဆိုးသွမ်းတဲ့ လူငယ်လေးတွေထဲက တစ်ယောက်က လင်းပါအိုခန်းမရဲ့ အကြီးအကဲတဲ့လား။ ဟဲဟဲ . . . မင်းကိုငါ သခင်လေးရဲလို့ ခေါ်ရမလား ဖန်ဧကရာဇ်လို့ ခေါ်ရမလားတောင် မသိတော့ဘူး . . .”
ထိုလူ၏ အသံထဲတွင်ရဲရှောင်အား လှောင်ပြောင်ချင်နေသည့်အရိပ်အယောင်များ ပါဝင်လျက်ရှိသည်။
ထို့ပြင်အားအင်ချိနဲ့နေသည့် လူတစ်ယောက်၏ လက်ထဲတွင်အဖိုးမဖြတ်နိုင်သည့်ရတနာ တစ်ခုအား တွေ့ရှိလိုက်ရသည့်အလားအံ့သြမှုနှင့်အတူ အနိုင်ကျင့်၍ လုယူချင်နေသည့် အသံမျိုးလည်း ပေါက်လျက်ရှိသည်။
ရဲရှောင်၏ စိတ်ထဲတွင်ထိတ်လန့်သွားမိသည်။
(ငါ ဒီလောက်ထိ ဂရုတစိုက် သွားလာနေတာတောင် သူ့ကို သတိမပြုမိခဲ့ဘူးလား . . .)
ထို့နောက် ရဲရှောင်သည် အသံကြားရာဘက်သို့ ဖြည်းဖြည်းချင်း လှည့်၍ ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင်သူ၏ စိတ်စွမ်းအင်ဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးအား ဖြန့်ကျက်၍ ကြည့်လိုက်လေသည်။
အနက်ရောင်ဝတ် လူတစ်ယောက်သည် လက်နောက်ပစ်လျက် အေးအေးလူလူဖြင့်ပင်ရဲရှောင်ထံသို့ လျှောက်လာလျက်ရှိသည်။ ရဲရှောင်အား ပြုံး၍ ကြည့်နေသည့် ထိုလူ့၏ အပြုံးသည် မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝ ရှိနေသည့်ပုံပင်။
သူ၏ အမြင်တွင်ရဲရှောင်အား အချိန်မရွေး ရိုက်သတ်စား၍ ရသည့်ကြက်တစ်ကောင်အလား မထီမဲ့မြင်ပြုလျက်ရှိသည်။
လက်တစ်ဖက်ဖြင့်ပင် ရဲရှောင်အား အလွယ်တကူ ဖမ်းဆီးနိုင်လိမ့်မည်ဟုလည်း တွေးထားသည့်ပုံပင်။
ထိုလူ၏ ဟန်ပန်အမူအယာသည်ကောက်ကျစ်သော အသွင်အပြင်မျိုးရှိပြီး အလွန်ပင်မြင်ပြင်းကတ်စရာ ကောင်းလှသည်။
ရဲရှောင်သည်ခပ်တည်တည် မျက်နှာထားဖြင့်-
“မင်းဘယ်သူ့ကို ပြောနေတာလဲ . . .”
အနက်ရောင်ဝတ်လူသည် ဟက်ဟက်ပက်ပက်ပင်ရယ်မောလိုက်သည်။ထို့နောက် ရဲရှောင်အား စိုက်ကြည့်လိုက်ရင်း –
“တကယ်ကို အံ့သြစရာပဲ။ သခင်လေးရဲ တစ်ြဖစ်လဲ ဖန်ဧကရာဇ်က ဒီလိုအခြေအနေမျိုးမှာတောင် တည်ငြိမ်နေပါရောလား။ ငါတောင် တော်တော် အထင်ကြီးသွားမိပြီ ဟားဟား . . .”
ရဲရှောင်လည်းလေသံခပ်မာမာဖြင့်-
“ငါမင်းကို ရိုးရိုးလေး မေးနေတာပါ . . .”
ရဲရှောင်၏ အသံသည် အေးဆေးတည်ငြိမ်လွန်းလှသည်။ အနက်ရောင်ဝတ်ဖြင့်လူ၏ အမြင်တွင်ရဲရှောင်သည်အရေးစိုက်စရာ လူတစ်ယောက်မဟုတ်သည့်တိုင်သူ၏ ဟန်ပန်အမူအယာသည်အလွန်တည်ငြိမ် ရင့်ကျက်သည့် ပုံစံမျိုး ဖြစ်နေလေသည်။
ဘုရင်တစ်ပါးမှ လက်အောက်ငယ်သားများအား ပြောဆိုနေသကဲ့သို့ပင် မည်သည့်အရာကိုမျှ အလေးမထားသည့်အသွင်အပြင်မျိုးဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ရဲရှောင် စိတ်သက်သာရာ ရသွားသည့်အချက်မှာ အနက်ရောင်ဝတ်လူသည် တစ်ဦးတည်း လာသောကြောင့်ပင် ဖြစ်သည်။
ထိုလူ၏ မျက်နှာသည်ပင်ပန်းနွမ်းနယ်နေသည့်ပုံပေါ်နေလေသည်။ ပင်ပန်းနွမ်းနယ်နေသဖြင့်အိပ်စက်အနားယူနေသည့်အချိန်တွင်ရဲရှောင်၏ လျှို့ဝှက်ချက်အား မတော်တဆ တွေ့မိသွားခြင်းပင်ဖြစ်ပေလိမ့်မည်။
ရဲရှောင်မှလေသံ ခပ်မာမာဖြင့်မေးလိုက်သော အမေးကြောင့်အနက်ရောင်ဝတ်လူ၏ စိတ်ထဲတွင်မကျေမချမ်းပင်ဖြစ်သွားသည်။
(မင်းကငါ့လက်ခုပ်ထဲကရေ ဖြစ်နေတာတောင် ဒီလိုပြန်ပြောနိုင်သေးတယ်ပေါ့။ သေခြင်းတရားရဲ့ အဓိပ္ပါယ်ကို မသိသေးတာလား . . .)
ထိုကဲ့သို့ စဉ်းစားနေမိသဖြင့် ရဲရှောင်အား စကားပြန်ပြောရန်ပင် မေ့လျော့နေမိသည်။ သူ၏ ပါးစပ်မှ တစ်စုံတစ်ခု ပြန်ပြောရန် သတိဝင်သွားသည့် အချိန်တွင်ရဲရှောင်၏ အသံအား ထပ်မံ၍ ကြားလိုက်ရသည်။
“လိပ်အသက်ရှူနည်းကျင့်စဉ်ပါလား၊ဒါဆို မင်းက ကြယ်ရောင်ဂိုဏ်းကပေါ့ . . .”
ရဲရှောင်သည်သူ၏ ထင်မြင်ချက်ပေါ်တွင်အခြေပြု၍ တစ်ဖက်ရန်သူအား စကားနှိုက်လိုက်သည်။
အနက်ရောင်ဝတ်ဖြင့်လူသည်တအံ့တသြဖြစ်သွားကာ –
“ဟုတ်တယ်၊ မှန်တာပေါ့။ ငါ့ရဲ့ အသက်ရှူစနစ်ကို ကြည့်ရုံနဲ့ ငါ့နောက်ကြောင်းကို မင်းက ပြောနိုင်နေပါ့လား။ အထင်ကြီးစရာပဲ။ ဒါပေမယ့်စိတ်ပျက်စရာကောင်းတာက ဒီလို ငါ့အကြောင်း သိနေတောင် မင်းငါ့လက်က မလွတ်နိုင်တော့ဘူးလေ။ အနည်းဆုံးတော့ မင်းလွတ်သွားတယ်ပဲထားဦး၊ မင်းအိမ်ကတော့ တစစီ ဖြစ်သွားမှာပဲ။ ရဲအိမ်တော်ရော လင်းပါအို ခန်းမရော လွတ်နိုင်မယ် ထင်လို့လား . . .”
ရဲရှောင်လည်း ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်ရင်း –
“မှန်တာပေါ့၊ ငါက လွတ်စရာမှ မလိုတာ . . .”
ရဲရှောင်၏ စိတ်ထဲတွင်ထိုလူ့အား သတ်ဖြတ်လိုသော ဆန္ဒများ ဖြစ်ပေါ်လာခဲ့သည်။
(ဒီလူက ငါ့ကို တွေ့သွားပြီ၊ ကြည့်ရသလောက် ညှာတာမဲ့ပုံလည်း မရှိဘူး။ နောက်ပြီး ကြယ်ရောင်ဂိုဏ်းကလည်း ဖြစ်နေတယ်။ သူ့ဟာသူ ဘယ်သူပဲဖြစ်နေနေ ငါ့ကို မြင်သွားတဲ့အတွက် သေမှကို ဖြစ်မယ်။ ငါကတော့ ဒီလူ့ကို သတ်ရဦးမှာပေါ့ကွာ . . .)
တစ်ချိန်တည်းမှာပင် သူ၏ စိတ်အာရုံမှ ထိုလူ့အား အဘယ့်အတွက်ကြောင့်အာရုံခံ၍ မရနိုင်ခဲ့သည်ကိုပါ သိသွားခဲ့သည်။
(သူက ကြယ်ရောင်ဂိုဏ်းရဲ့ လိပ်အသက်ရှူနည်းကျင့်စဉ်ကို ဒီနေရာမှာလာပြီး နားရင်းလုပ်နေတာ ဖြစ်မယ်။ ငါ့ရဲ့ ဝိညာဉ်တော် စိတ်စွမ်းအားက သက်ရှိအရာအားလုံးကို အာရုံခံနိုင်တယ်။ ဒါပေမယ့်လိပ်အသက်ရှူနည်း ကျင့်စဉ်ကြောင့် သူက အလောင်းတစ်လောင်းလို ဖြစ်နေတော့ သူရှိနေတာကို ငါ မသိခဲ့တာပဲ . . .)
ရဲရှောင်သည် အဖြစ်အပျက်များအား ဆင်ခြင်သုံးသပ်ရင်းတွေးနေမိသည်။ အနက်ရောင်ဝတ်လူသည်မိမိကိုယ်ကို ယုံကြည်မှုရှိနေသည်မှာ လွန်ကဲနေ၍ ရဲရှောင်၏ အမေးအား လွယ်လွယ်ကူကူဖြင့်ပင်ဝန်ခံခဲ့ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ရဲရှောင်ဘက်မှ မြန်မြန်ဆန်ဆန်ဖြင့်အဖြေထုတ်လိုက်နိုင်ခြင်း ဖြစ်သည်။
(ငါ ဒီလောက်ထိ သတိထားနေတာတောင်ဒီလူကဘာလို့ တွေ့သွားပါလိမ့်ပေါ့၊ လက်စသတ်တော့ လိပ်အသက်ရှူနည်းကျင့်စဉ်ကြောင့် ဖြစ်နေတာကိုး။ ငါ့ကျင့်ကြံမှုကလည်း နိမ့်နေသေးတော့ သတိမထားမိတာ မဆန်းပါဘူးလေ . . .)
ရဲရှောင်သည်တစ်ချိန်တည်းမှာပင် သတိအနေအထား ဖြစ်သွားသည်။ ကြယ်ရောင်ဂိုဏ်းအား ပို၍ သတိထားရတော့မည်ဟုလည်း တွေးလိုက်မိသည်။
“ဟားဟား . . . ငါနားကြားများ လွဲသလား။ မင်းက ငါ့လက်က လွတ်မြောက်ဖို့ မလိုဘူးလို့ ပြောလိုက်တယ်ပေါ့ ဟုတ်လား . . .”
ထိုလူသည် ဟက်ဟက်ပက်ပက်ပင်ရယ်မောလိုက်ရင်း ပြောလိုက်သည်။
“သခင်လေးရဲရဲ့ စိတ်ကူးကို နားမလည်နိုင်တော့ လောက်အောင်ပါပဲ။ ဖန်ဧကရာဇ် . . . လွတ်မြောက်စရာ မလိုဘူးဆိုတော့ မင်းကများ ငါ့ကို သတ်မယ်လို့ ဆိုလိုချင်နေတာလား။ ဒါကတော့ လူတိုင်းလိုလို ပြောနေကျ စကားပဲ။ ဒါပေမယ့်နောက်ဆုံးကြတော့လည်းအိပ်မက်တစ်ခုလို ဖြစ်သွားကြတာပဲကွာ . . .”
ရဲရှောင်အား ထိုလူသည် “သခင်လေးရဲ” ဟူ၍လည်းကောင်း၊ “ဖန်ဧကရာဇ်” ဟူ၍လည်းကောင်း အမည်နှစ်မျိုးစလုံး ခေါ်ဝေါ်လိုက်ခြင်းသည်အကြီးမားဆုံး လျှို့ဝှက်ချက်ကြီးအား သိထားသည်ဟု သတိပေးနေသယောင်ပင်။
ရဲရှောင်ဘက်မှ မည်သည့်စကားမျှ ပြန်မပြောတော့ဘဲ အေးစက်စက်ပင်ပြုံးလိုက်မိသည်။
သို့သော်သူ၏ မျက်လုံးများမှာမူ စူးရှတောက်ပလျက် ရှိသည်။
ရဲရှောင်သည် စွမ်းအင်များအား အလျင်မြန်ဆုံးနှုန်းဖြင့် လည်ပတ်စီးဆင်းနေစေလိုက်သည်။
အနက်ရောင်ဝတ်လူသည်မည်သူပင် ဖြစ်နေစေကာမူ ယခုနေရာမှ အသက်ရှင်လျက်ဖြင့်ထွက်သွားစရာ အကြောင်းမရှိချေ။ ဖန်ဇီလင်၏ အကြောင်းနှင့် ပတ်သက်၍ လူအများသည် စိတ်ဝင်တစားဖြင့်ပင်ရှိနေကြသည်။ အကယ်၍ ထိုလူသည်သာ အသက်ရှင်လျက် ထွက်သွားနိုင်မည် ဆိုပါက ရဲရှောင်၏ လျှို့ဝှက်ချက်သည် ပေါက်ကြားသွားမည်မှာ အသေအချာပင်ဖြစ်သည်။ ထိုအခါ သူကိုယ်တိုင်သာမက သူ၏မိသားစု၊ မိတ်ဆွေများကိုပါ ထိခိုက်သွားစေပေလိမ့်မည်။
တစ်ဖက်ရန်သူသည်ရဲရှောင်အား လွယ်လွယ်ကူကူဖြင့်ပင်ဖမ်းဆီးနိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့်အဝ ရှိနေသည့်ပုံပင်။ ထို့အပြင် ထိုရန်သူသည်ထူးခြားသည့်တိုက်ကွက်များစွာကိုလည်း တတ်မြောက်နိုင်သေးပေသည်။
ထိုလူ၏ မျက်လုံးမှ အပြာရောင်လဲ့လဲ့ ထွက်နေသည်ကို ကြည့်ခြင်းအားဖြင့် ကောင်းကင်အဆင့်၏ ထိပ်ဆုံးအဆင့်လောက်ပင် ရှိနေနိုင်သည်။ ရဲရှောင်မှာမူ အဆင့်နိမ့်နေသေးကြောင်း ရန်သူ့ဘက်မှကောင်းစွာ ရိပ်စားမိနေသည်။ ရဲရှောင်အား ကြိမ်းသေ အနိုင်ရမည်ဟုသာ အပိုင်တွက်ထားသည့်ပုံပင်။ ထို့ကြောင့်အေးအေးလူလူဖြင့်ပင်ရှိနေသည်မှာလည်း ထူးဆန်းသည့်အရာမဟုတ်ချေ။
“ဒီနေ့တော့ တစ်ယောက်မဟုတ်တစ်ယောက်သေရမှာပဲ။ မင်းရဲ့ လူတွေ ထွက်လာခိုင်းလိုက်တာ ပိုကောင်းမယ် ထင်တယ်။ ဒီလိုမှမဟုတ်ရင် မင်းလူတွေ ရောက်မလာလို့ မင်းသေရတယ်ဆိုပြီး သူများကို အပြစ်တင်နေဦးမယ်”
ရဲရှောင် ခနဲ့တဲ့တဲ့ပင်ပြောလိုက်သည်။
ထိုကဲ့သို့ ပြောလိုက်ရခြင်းမှာ ထိုလူနှင့်အတူ အခြားလူများ ပါမပါ သိလို၍ အကဲစမ်းသည့် သဘောဖြင့်မေးလိုက်ခြင်း ဖြစ်သည်။
“ဖန်ဧကရာဇ်က ငါ့ကို တော်တော်သတ်ချင်နေတယ် ထင်တယ် . . .”
“တကယ်တော့ စကားအရာနဲ့ကို ဖြေရှင်းလို့ရပါတယ်။ အသေအကြေ တိုက်စရာလည်း မလိုပါဘူး။ ငါတို့တွေ မိတ်ဆွေဖွဲ့လိုက်ပြီး အကျိုးအမြတ်တွေကို အခုကစ တစ်ဝက်စီ ခံစားကြရင် မကောင်းဘူးလား”
အနက်ရောင်ဝတ်ဖြင့်လူသည်ရဲရှောင်အား သက်ညှာပေးချင်ယောင်ဟန်ဆောင်ရင်းပြောလိုက်ပါတော့သည်။