Chapter – 262
“ထင်ယောင်ထင်မှားဖြစ်ခြင်း”
ဟင်းလင်းပြင်ကြီး အတွင်းရှိ ဟင်းလင်းပြင် ကိုးခုသည် စွမ်းအင်များအား စုပ်ယူနေသောကြောင့်သာ ပေါက်ကွဲထွက်မသွားခြင်း ဖြစ်သည်။ ခဏအကြာတွင် ကျင့်ကြံမှုအား ရူးသွပ်စွာ ပြုလုပ်နေသည့်ရဲရှောင်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်မတတ်ပင်ဖောင်းကားလာခဲ့သည်။ ထို့ကြောင့်ရဲရှောင်သည်ချက်ချင်းပင်ထထိုင်လိုက်ပြီး ကျင့်ကြံမှု ပြုနေခြင်းအား ရပ်တန့်လိုက်သည်။ ထိုအခါ စီးဆင်းဝင်ရောက်နေသည့်ခရမ်းရောင် ချီဓာတ်များသည်လည်း ချက်ချင်းပင်ရပ်တန့် သွားလေသည်။
ရဲရှောင်၏ စွမ်းအင်သိုလှောင်ရာသည်ယခင်ကကဲ့သို့ ဟာလာဟင်းလင်း ဖြစ်မနေဘဲ ဝိညာဉ်တော်ချီဓာတ်များဖြင့် ပေါက်ကွဲလုမတတ် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
ရဲရှောင် အလွန်အံ့သြသွားလေသည်။
တစ်ညအတွင်း ထိုမျှလောက်ထိ ကြီးမားသည့်ပြောင်းလဲမှုမျိုး မည်သို့ ဖြစ်ပေါ်သွားသည်ကို သိချင်သွားမိသည်။
ရဲရှောင်သည်ကျင့်စဉ် ဆက်လက် ကျင့်ကြံခြင်း မပြုတော့သဖြင့် သူ့ထံသို့ စီးဆင်းလာသည့် ကမ္ဘာအနှံ့အပြားမှ ချီဓာတ်များသည် ရပ်တန့်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲထွက်ရန် အနည်းငယ်သာ လိုပါတော့သည်။
ထိုအချိန်တွင်ပိုင်အာ၏ ညည်းညူသံ သဲ့သဲ့အား ရဲရှောင်ကြားလိုက်ရသည်။ သူမ၏ မျက်နှာသည်နာကျင်မှုကြောင့်ရှုံ့မဲ့လျက်ရှိသည်။ အလွန်အမင်း နာကျင်ခံစားနေရသည့်ပုံပင်။
သို့သော်ခဏအကြာတွင် ပိုင်အာ၏ အသက်ရှူသံများသည်ပုံမှန် ပြန်ဖြစ်သွား၍သက်သာသွားလေသည်။
ရဲရှောင်သည်စိုးရိမ်ပူပန်စွာဖြင့်-
“ပိုင်အာ . . . ဘာဖြစ်နေတာလဲ . . .”
ပိုင်အာလည်း စိတ်ရှုပ်ထွေးနေသည့်အမူအယာမျိုးဖြင့်-
“ကျွန်မတစ်ကိုယ်လုံး ရုတ်တရက် ပေါက်ကွဲသွားတော့မလို ခံစားလိုက်ရတယ်။ ဒါပေမယ့်အခုတော့ ကောင်းသွားပြီ။ ဘာမှ မဖြစ်တော့သလိုပဲ။ ပိုပြီးတော့တောင်သက်တောင့်သက်သာ ဖြစ်လာသေးတယ်။ တော်တော်ထူးဆန်းတာပဲ . . .”
ရဲရှောင်သည် သူ၏ ကျင့်ကြံမှုကြောင့် ပိုင်အာ ထိုကဲ့သို့ ခံစားလိုက်ရမှန်း သဘောပေါက်လိုက်သည်။ ယခုအခါ ပြန်လည် သက်သာသွားပြီ ဖြစ်သဖြင့် ရဲရှောင်လည်း စိတ်သက်သာရာ ရသွားလေသည်။
သို့သော် ရဲရှောင်မသိလိုက်သည့် အချက်တစ်ချက် ရှိနေပါသေးသည်။ ထိုအချက်မှာ ခရမ်းရောင် ချီဓာတ်များ ပိုင်အာ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားခြင်းပင် ဖြစ်သည်။ ရဲရှောင်၏ ကျင့်ကြံမှုကြောင့်စွမ်းအင်သိုလှောင်ရာနှင့် ဟင်းလင်းပြင်အတွင်း ခရမ်းရောင် ချီဓာတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။ ရဲရှောင်မှ ကျင့်ကြံမှု ရုတ်တရက် ရပ်တန့်လိုက်သောအခါ ချီဓာတ်များသည်လည်း သူ့ထံသို့ ဆက်လက် စီးဝင်ခြင်း မရှိတော့ချေ။ သို့သော် နောက်ဆုံး သက်ရောက်လာသည့် ခရမ်းရောင် ချီဓာတ် များမှာမူ ပိုင်အာ၏ သွေးကြောများအတွင်း ဝင်ရောက်သွားခဲ့သည်။
ထို့ကြောင့်ပင် ပိုင်အာသည်တစ်ကိုယ်လုံး ပေါက်ကွဲထွက်မတတ် နာကျင်မှု ခံစားလိုက်ရခြင်း ဖြစ်သည်။
သို့သော် ထိုခရမ်းရောင်ချီဓာတ်များသည်ပိုင်အာ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားပြီး အချိန်ခဏလေးအတွင်းမှာပင်ချက်ချင်း ပျောက်ပြယ်သွားကာ သာမန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ ထိုကဲသို့ ဖြစ်ပျက်သွားသည့်အခြေအနေများအား ပိုင်အာသည်ဘာဆို ဘာမှ မသိလိုက်ချေ။
ရဲရှောင်ကိုယ်တိုင်ပင် မသိလိုက်ခြင်း ဖြစ်သည်။
ပိုင်အာထံသို့ ချီဓာတ်များ မည်ကဲ့သို့ သက်ရောက်သွားသည် ဆိုသည်ကို ရဲရှောင်မသိချေ။ ရဲရှောင်လက်ခံထားသည့်အတိုင်း ပိုင်အာသည်သာမန်မိန်းကလေးတစ်ဦး ဖြစ်မည်ဆိုပါက အဆိုပါ ချီဓာတ်များတဟုန်ထိုး ဝင်ရောက်သွားမှုကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားမည် ဆိုသည့် အချက်ကိုလည်း ရဲရှောင် မစဉ်းစားလိုက်မိချေ။
ယခင်ကထက်ပင်ပို၍ သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်ဆိုသည့်ပိုင်အာ၏ စကားသည်စိတ်ထင်နေခြင်း မဟုတ်ချေ။ခမ်းခြောက်နေသည်မှာ ကြာမြှင့်လှပြီ ဖြစ်သည့်သူမ၏သွေးကြောများအား
များပြား သိပ်သည်းလှသည့် ခရမ်းရောင်ချီဓာတ်များသည်စိုစွတ်ပေးစေလိုက်သည့်အတွက်အမှန်တကယ်ပင်နေလို့ ကောင်းသွားခြင်း ဖြစ်သည်။
ရဲရှောင်သည်ချီဓာတ်များဖြင့် ပိုင်အာ၏ သွေးကြောများအား မကြာခဏ သန့်စင်ပေးခဲ့သည်။ သူ၏ အမြင်တွင် ပိုင်အာသည် ကျင့်ကြံမှု မရှိသည့်သာမန်မိန်းကလေး တစ်ဦးပင်ဖြစ်သည်။ ထို့ကြောင့် သူ၏ ချီဓာတ်များဖြင့် လေးငါးကြိမ်မျှ သန့်စင်ပေးခဲ့ခြင်း ဖြစ်သည်။ရှေးဦးခရမ်းရောင် ချီဓာတ်များသည် အလွန်ထူးခြား ဆန်းကြယ်လှသော်လည်း ရဲရှောင်သည် အဆင့်မြင့် ပညာရှင်တစ်ဦး မဟုတ်သေးသည့်အတွက်သူ၏ ချီဓာတ်ပမာဏမှာ ပိုင်အာအား အပြည့်အဝ အထောက်အကူ မဖြစ်ခဲ့ချေ။
ရဲရှောင်၏ ကုသပေးမှုကြောင့်ပိုင်အာ၏ဝေဒနာများ အနည်းငယ်ပြန်လည်သက်သာလာခဲ့သော်လည်း အရှင်းပျောက်စေရန်အတွက်မူ အချိန်အနည်းငယ်ယူရဦးပေမည်။ သို့သော်ယခုအခါတွင်မူ ခရမ်းရောင်ချီဓာတ်များသည်ပိုင်အာ၏ သွေးကြောများအတွင်း စီးဆင်းဝင်ရောက်သွားကြသည့်အတွက်ထိုသွေးကြောများသည်ခြောက်သွေ့ညှိုးနွမ်းနေသော အပင်အား ရေဖြင့် လောင်းချလိုက်သည့်အလားပင်ဖြစ်သွားလေသည်။ အလွန်ကြီးမားသော အကျိုးသက်ရောက်မှုပင် ဖြစ်သည်။
ပိုင်အာ သက်သာသွားပြီ ဖြစ်သဖြင့် ရဲရှောင်လည်း သူ၏ ဟင်းလင်းပြင်အား စတင်၍ စစ်ဆေးလိုက်သည်။ ထိုအခါ မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့်ရဲရှောင်အဖို့ ပါးစပ်အဟောင်းသားပင်ဖြစ်သွားလေသည်။
ဟင်းလင်းပြင်ကြီးအတွင်း အလွန်သိပ်သည်းလှသော ခရမ်းရောင်ချီဓာတ်များဖြင့် ပြည့်နှက်လျက် ရှိသည်။ဟင်းလင်းပြင် ကိုးခုသည်လည်း အဆိုပါချီဓာတ်များအား စုပ်ယူ၍ မနိုင်အောင်ပင်ဖြစ်နေလေသည်။
(ဘယ်လိုဖြစ်တာလဲ . . . သဘာဝကိုတောင် ဆန့်ကျင်နေသလို ဖြစ်နေပါရောလား . . .)
ရဲရှောင်၏ စိတ်ထဲတွင်တွေးရင်း အံ့ဩနေမိသည်။
အတွေ့အကြုံရင့်ကျက်၍ ဗဟုသုတ ပြည့်စုံကြွယ်ဝသူ တစ်ဦး ဖြစ်သည့်တိုင်အဖြစ်အပျက်များအား နားမလည်နိုင်အောင်ပင်ဖြစ်နေမိလေသည်။
တစ်ညတည်းဖြင့် ယခုကဲ့သို့ ပြောင်းလဲသွားခြင်းသည်မယုံနိုင်ဖွယ်ရာပင်ဖြစ်၏။
ရဲရှောင်သည် ကောင်းကင်အဆင့် ၁ သို့ ရောက်ခါစပင် ရှိသေးသော်လည်း ယခုအခါတွင်မူ အဆင့် ၂ ကိုပင် ကျော်ဖြတ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဟင်းလင်းပြင်ကြီး အတွင်းရှိ ချီဓာတ်များသည်လည်း သိပ်သည်းလွန်းသောကြောင့် အချိန်မရွေး ပေါက်ကွဲထွက်တော့မည့် အလားဖြစ်နေလေသည်။
“ဒီလိုသာ နေ့တိုင်း ကြုံရမယ်ဆို နေ့တိုင်း အဆင့်တွေ တက်နေတော့မှာပဲ . . .”
“ဒါဆို ၁၀ ရက်နဲ့တောင် ချင်းယန်နယ်ပယ်ကို ရောက်နိုင်မှာပေါ့ . . .”
ရဲရှောင်သည်သူ၏မေးစေ့အား ပွတ်လိုက်ရင်းကျေနပ်သည့်အပြုံးများဖြင့်ပြုံးလိုက်သည်။
သို့သော် ထိုအတွေးသည် အိပ်မက်တစ်ခုသာ ဖြစ်သည် ဆိုသည်ကိုမူ ရဲရှောင်မသိခဲ့ချေ။ ရဲရှောင်သည်ကျင့်ကြံမှုများ ပြုလုပ်ရင်း ပိုင်အာ၏ သွေးကြောများအား ကုသပေးနေစဉ်တွင်ထူးခြားဆန်းကြယ်သည့်အခြေအနေနှင့် ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။ ထိုသည်မှာ ရဲရှောင်၏ စိတ်သည်သဘာဝတရားနှင့် တစ်သားတည်း ဖြစ်သွားခဲ့ခြင်းပင်ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်အနေဖြင့်စိတ်အား သဘာဝဖြင့် တစ်သားတည်းဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းသည် အံ့သြဖွယ်ရာကောင်းသော အခြေအနေတစ်ခုပင် ဖြစ်သည်။ ရဲရှောင်သည်ထိုကဲ့သို့သော အခြေအနေမျိုးဖြင့်ကြုံကြိုက်လိုက်ရသည့်အတွက်ကျင့်ကြံမှုအပေါ်တွင်ပို၍ အာရုံစိုက်နိုင်ခဲ့ပြီး သာမန်အခြေအနေတွင် ရက် ၁၀၀ မျှ ကျင့်ကြံရမည့် အခြေအနေအား တစ်ညတည်းဖြင့် ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအခြေအနေမျိုးအား အမြဲတမ်း လုပ်ယူနိုင်မည် မဟုတ်ချေ။ အခြေအနေ အကြောင်းတရားများ တိုက်ဆိုင်မှသာ ရရှိနိုင်ပေလိမ့်မည်။ သို့သော် ထိုနည်းလမ်းသည်သူ၏ ကျင့်ကြံမှုများတိုးတက်စေရန်အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုပင်ဖြစ်ပေသည်။
အပေါ်ယံအားဖြင့်ပိုင်အာ၏ သွေးကြောများသည် သာမန်လူတစ်ဦးကဲ့သို့ပင်ဖြစ်နေခဲ့သော်လည်း အမှန်စစ်စစ်တွင်မူ သူမ၏ သွေးကြောများသည် ပင်လယ်ပြင်ကဲ့သို့ပင်နက်ရှိုင်းလှသည်။
ရဲရှောင်သည်သဘာဝနှင့် တစ်သားတည်းဖြစ်၍ ကျင့်ကြံမှု ပြုလုပ်နေစဉ် ပိုင်အာ၏ ခန္ဓာကိုယ်အတွင်းရှိ ပုန်းအောင်းနေသော စွမ်းအားတစ်ခုအား နှိုးဆွပေး လိုက်သလိုပင်ဖြစ်သွားခဲ့သည်။ ထို့ကြောင့်ပင် ကောင်းကင်နှင့် မြေကြီးအား ဆက်သွယ်ထားသော တံတားတစ်စင်းသဖွယ်သက်တန့်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင်ရှေးဦးခရမ်းရောင်ချီဓာတ်၏ အကူအညီဖြင့် တစ်စက္ကန့်အတွင်းမှာပဲ ကမ္ဘာပေါ်ရှိ ခရမ်းရောင် ချီဓာတ်များ အားလုံးသည် အဆက်မပြတ် စီးဆင်းလာခဲ့ပြန်သည်။
ထိုကဲ့သို့ ဖြစ်ပျက်သွားသော အခြင်းအရာများအား မည်သူမျှ သတိပြုမိခဲ့ခြင်း မရှိချေ။ ရဲရှောင်တို့ နှစ်ဦးစလုံးအတွက်အကျိုးဖြစ်ထွန်းခဲ့သော်လည်း အန္တရာယ်နှင့်မူ အလွန်နီးကပ်ခဲ့ကြသည်။ အကယ်၍ ရဲရှောင်ထံတွင်ကမ္ဘာတစ်ဝန်းလုံးရှိ ခရမ်းရောင် ချီဓာတ်များအား ထိန်းသိမ်းထားနိုင်သည့် ဟင်းလင်းပြင်ကြီးတစ်ခု ရှိမနေခဲ့လျှင်ဖြစ်စေ ပိုင်အာ၏ ခန္ဓာကိုယ်မှ နောက်ဆုံးသက်ရောက်လာသည့် ခရမ်းရောင် ချီဓာတ်များအား လက်ခံနိုင်စွမ်း မရှိခဲ့လျှင်ဖြစ်စေ နှစ်ဦးစလုံး၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ချီဓာတ်များ၏ ပမာဏသည်အလွန်များပြားနေသောကြောင့်ပင်ဖြစ်သည်။
အကယ်၍ ယခုကဲ့သို့ အခြေအနေမျိုး ထပ်မံ ရရှိခဲ့လျှင်ပင်အချိန်ကိုက် ထိန်းညှိနိုင်ရန် လွယ်ကူမည်မဟုတ်တော့ချေ။ အခွင့်အရေး၊ ကံ၊ နေရာ၊ အချိန်နှင့် အခြားသော အချက်အလက်အားလုံး ကွက်တိကျမှသာ ဖြစ်နိုင်ပေလိမ့်မည်။ ထို့ကြောင့်ရဲရှောင်၏ အတွေးသည် အိပ်မက်ဆန်နေသည်ဟု ဆိုရခြင်း ဖြစ်သည်။
တိုက်ဆိုင်မှုသည် အန္တရာယ်နှင့် အလွန်နီးကပ်ခဲ့သော်လည်း ရဲရှောင်မှာ အကျိုးအမြတ်များစွာ ဖြစ်ထွန်းသွားခဲ့သည်။ ပိုင်အာသည်လည်း ထို့အတူပင် ဖြစ်သည်။ နောက်ရက်အနည်းငယ်အတွင်း သူမ ပြန်န်လည် သက်လာလာတော့မည် ဖြစ်သည်။
ရဲရှောင်သည် သူ၏ ဝိညာဉ်တော်ချီဓာတ်များကြောင့်ယုံကြည်မှုများ ပြည့်ဝလျက်ရှိသည်။
“လေလံပွဲပြီးတဲ့နေ့ကျရင်ဒုတိယ အဆင့်ကနေ တက်အောင် လုပ်ရမယ် . . .”
ထို့နောက် ရဲရှောင်သည်ရေမိုးချိုးလိုက်ပြီး ပိုင်အာအား နှုတ်ဆက်၍ အပြင်ထွက်ရန် ပြင်လိုက်သည်။ ပိုင်အာလည်း ရဲရှောင် ထွက်သွားတော့မည်မှန်း သိသောအခါ သူမ၏ မျက်လုံးရွဲကြီးများအား ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ငိုချင်နေလေသည်။ သူမ၏ နှုတ်မှ ရဲရှောင်အား တစ်စုံတစ်ခု ပြောချင်နေသည့်တိုင် ပြောမထွက်ပေ။
ထိုအချိန်တွင်ရဲရှောင်သည်ပိုင်အာ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပါတော့သည်။
“ငါ အစ်ကိုကြီးရှောင်ကို ဘာလို့ ထူးခြားတဲ့ ခံစားမှုမျိုး ခံစားနေရတာပါလိမ့်။ သူ့ ခန္ဓာကိုယ်ထဲမှာ သွေးတွေနဲ့အတူ တခြား ကြောက်စရာ အရာတစ်ခုခုများ ရှိနေတာလား။ ငါ့အထင်ပဲ မှားနေတာလား။ ငါစိတ်ထင်ယောင်ထင်မှား ဖြစ်တာပဲ နေမှာပါလေ . . .”
ပိုင်အာသည်မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်ပါတော့သတည်း။