Switch Mode

Chapter – 258

ပျော်ရွှင်သွားသောဥ

Chapter – 258
“ပျော်ရွှင်သွားသောဥ”

အလွန်ကို့ရို့ကားယားနိုင်သော အခြေအနေပင်ဖြစ်ပြီး ဝိညာဉ်တော်ချီဓာတ်များသည် ရဲရှောင်ထံသို့ တိုးဝင်လာနေလေသည်​။ သို့သော် ထိုအချက်သည် ကောင်းသောအချက်ပင်ဖြစ်ကြောင်း ရဲရှောင် သ​ဘော​ပေါက်​လိုက်​သည်​။
ဝိညာဉ်တော်ချီဓာတ်များသည် တကူးတက စုပ်​ယူ​နေစရာမလိုဘဲ မုန်တိုင်းထန်​နေသကဲ့သို့ပင်​အရှိန်​အဟုန်​အပြည့်​ဖြင့်​တိုးဝင်လာနေကြသည်​။ ရဲ​ရှောင်​အ​နေဖြင့်​ထွေ​ထွေထူးထူး လုပ်​နေစရာမလိုဘဲ ထိုင်နေရုံပင်​ဖြစ်သည်။
ရဲ​ရှောင်​ဘက်​မှ စုစည်း၊ ချေဖျက်၍ သန့်စင်ရုံပင် ဖြစ်​သည်​။
ဝိညာဉ်တော်ချီဓာတ်များ ဝင်ရောက်နေမှုသည် မြန်ဆန်လွန်းလှသဖြင့် ရဲရှောင်ပင် လိုက်မမီနိုင်အောင် ဖြစ်နေခဲ့သည်​။ အကယ်​၍ သန့်​စင်​ခြင်းလုပ်​ငန်းစဉ်​သည်​အနည်းငယ် နောက်ကျခဲ့ပါက ရဲ​ရှောင်​၏ ခန္ဓာကိုယ်​တစ်​ခုလုံးပင် ပေါက်ကွဲသွားနိုင်ပေသည်။ ဝိညာဉ်​တော်​ချီဓာတ်​များသည်​သွေးကြောများထဲထိပင်​စီးဆင်းလျက်ရှိသည်​။ ရဲရှောင်လည်း ရှည်​ရှည်​ဝေး​ဝေး စဉ်းစားချိန်​ပင်​မရ​တော့ဘဲ သန့်စင်ချေဖျက်၍သာ နေရတော့သည်​။ အဆိုပါချီဓာတ်​များသည်​မည်သည့်အခါမျှ အဆုံးမသတ်​တော့မည့်​အလား စီးဆင်းနေကြသည်​။
“ဒီနေရာက ကောင်းလှချည်လား . . .”
ရဲရှောင်၏ စိတ်​ထဲတွင်​အလွန်​အံ့ဩ တုန်လှုပ်​နေမိသည်​။ လက်​ရှိ သူထိုင်​ထားသည့်​နေရာသည်​ဥ၏ နေရာဖြစ်သည့်အတွက် သာမန်နေရာတစ်​ခု မဟုတ်မှန်း အစကတည်းပင်​သိရှိထားခဲ့သည်။ သို့​သော်​ယခုကဲ့သို့​မျှော်​လင့်​ထားသည်​ထက်​ပင်​ပို၍ အံ့သြစရာ ကောင်း​နေမည်မှန်း ထင်မှတ်​မထားခဲ့မိချေ။
(တော်တော်အရေးမပါတဲ့ဥပဲ၊ ဒီလိုနေရာမှာ အကြာကြီး ရှိနေခဲ့တော့ ဒီကောင် ဘယ်လောက်ထိတောင် ဝိညာဉ်တော်ချီဓာတ်တွေကို စုပ်ယူပြီးပြီလဲ မသိဘူး။ ပမာဏတော်တော်ကို များနေလောက်ပြီ။ စကြဝဠာကြီးတစ်ခုလုံးမှာ ရှိတဲ့ ချီဓာတ်တွေထက်တောင် များနိုင်ဦးမယ် . . .)
ယခင်ရှောင်ဧကရာဇ် ဘဝတွင်​ပင် ဥကဲ့သို့ ဝိညာဉ်တော် စွမ်းအင်များအား မစုပ်ယူနိုင်ခဲ့ချေ။
ထို့ပြင် ရှောင်ဧကရာဇ်ဘဝတွင် စုပ်ယူခဲ့သည့် ဝိညာဉ်တော် ချီဓာတ်များမှာလည်း စုပ်​ယူပြီးပြီးချင်း အသုံးပြု၍ မရပေ။ အသုံးမပြုခင်​သန့်စင်ရသေး​ပေသည်​။
ဥမှာမူ သန့်စင်ခြင်း လုပ်​ငန်းစဉ်​အား ပြုလုပ်​နေစရာမလိုဘဲ အဆုံးမရှိ​အောင်​များပြားလှသည့် ဝိညာဉ်တော်ချီဓာတ်​များအား စုပ်ယူနိုင်သည့် သဘောပင်။ မည်သည့်အခါမျှ ပြည့်ဝသည်ဟူ၍လည်း မရှိချေ။
ထိုကဲ့သို့ နေ့ပေါင်းများစွာ ညပေါင်းများစွာ ဝိညာဉ်တော်ချီဓာတ်များအား စုပ်ယူခဲ့သည့်တိုင် ယခုထိပင် အကောင်မပေါက်သေးချေ။
မကြာမီကာလအတွင်း အကောင်ပေါက်လာမည့် ပုံလည်း မပေါ်ချေ။
“တော်တော် ထူးဆန်းတဲ့ ဥပဲ . . .”
ရဲရှောင် သက်ပြင်းချရင်း ရေရွတ်လိုက်မိသည်​။ တဟုန်ထိုး စီးဆင်း​နေသည့် ဝိညာဉ်တော် ချီဓာတ်များသည်​တဖြည်းဖြည်းဖြင့်​ထိန်းချုပ်ရ ခက်လာခဲ့သည်​။ ထို့​ကြောင့်​ရဲ​ရှောင်​အဖို့ စီးဆင်းနေသည့် ချီဓာတ်များအား သန့်စင်ရန်ပင် အချိန်မလောက်ငှတော့ချေ။ အလွန်များပြားသော ချီဓာတ်များပင် ဖြစ်သည်​။
ထို့ပြင် ရဲ​ရှောင်​အ​နေဖြင့်​အနည်းငယ်ပင်​ရှက်ရွံ့​နေမိသည်​။
အ​ကြောင်းမှာ ဥ၏ နေရာတွင်ထိုင်ရင်း ဥကဲ့သို့ ဟန်ဆောင်နေရသည်​မဟုတ်ပါ​လော။
ရဲ​ရှောင်​အဖို့ တင်ပါးအောက်မှ တိုးဝင်လာသော ဝိညာဉ်တော်ချီဓာတ်များသည် စအိုဝမှ တဆင့် စီးဆင်းနေ​သော​ကြောင့်​နေရထိုင်ရပင်​ခက်နေလေသည်​။
ထို့ပြင်​ဥသည် သူ၏​ပေါင်​ကြားတွင် ရှိနေခြင်းကြောင့် စုစုပေါင်း ဥ သုံးလုံးပင်​ရှိနေသည်ဟု ရဲရှောင် အူကြောင်ကြောင်နိုင်​စွာ တွေးမိလိုက်သည်။
စဉ်းစားနေရင်းဖြင့်​ရဲရှောင် အထိတ်​တလန့်​ဖြစ်​သွားကာ ချက်ချင်းပင် မတ်​တပ်​ထရပ်လိုက်သည်​။
မထ၍လည်း မဖြစ်တော့​ချေ။ အကယ်​၍ ဆက်​ထိုင်​နေမည်​ဆိုပါက သိပ်​သည်းများပြားလှသည့်​ချီဓာတ်​များ အဆက်​မပြတ်​တိုးဝင်​နေခြင်း​ကြောင့်​သူ၏ သွေးကြောများ ပေါက်ကွဲထွက်​သွားနိုင်ပေသည်။ ခန္ဓာကိုယ်တွင်း လက်​ရှိစုပ်​ယူထားသည့်​ချီဓာတ်များကိုပင် အလျင်အမြန် ချေဖျက် သန့်စင်ရဦးမည် ဖြစ်သည်​။
ကို့ရို့ကားယားနိုင်လှသော အခြေအနေနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ရဲရှောင်သည် အံ့သြ၍ နေမိတုန်းပင်ဖြစ်သည်။
စိတ်ထဲတွင်လည်း အကြမ်းဖျင်းတွက်ချက်နေမိသည်​။ သူ့ထံသို့ စီးဆင်းဝင်ေ​ရာက်​ခဲ့သည့် ဝိညာဉ်တော်ချီဓာတ်များ၏ ပမာဏအရ မည်​မျှအထိ အဆင့်မြင့်တက်ခဲ့သည်ဆိုသည်ကို​တွက်ချက်​ကြည့်နေခြင်းပင် ဖြစ်သည်။ ရံဖန်ရံခါ ယခုကဲ့သို့ လေ့ကျင့်မည် ဆိုပါက သူ၏ အဆင့်တက်နှုန်းမှာ အံ့သြဖွယ် ကောင်းလောက်​အောင်ပင်​မြန်ဆန်သွားမည် ဖြစ်သည်။
အကယ်​၍ ယခုလက်​ရှိတွင်​ရဲ​ရှောင်​အ​နေဖြင့်​ကောင်းကင်အဆင့်၏ ထိပ်တန်းပညာရှင်တစ်​ဦး ဖြစ်နေမည်ဆို​လျှင်ပင် ဥ၏​နေရာတွင် ကြာမြင့်စွာ ထိုင်နိုင်မည် မဟုတ်ချေ။
များပြားလှသည့်​ဝိညာဉ်​တော်​ချီဓာတ်​များ​ကြောင့်​ရဲ​ရှောင်​၏ ခန္ဓာကိုယ်​တစ်ခုလုံး ပေါက်ကွဲထွက်၍ အသက်ဆုံးရှုံး သွားပေလိမ့်မည်။
ယခု​နေရာတွင်​၂ နာရီတိုင်​တိုင်​မထစတမ်း ထိုင်ခွင့်ရမည် ဆိုပါက ရဲ​ရှောင်​သည် မူလ ဝိညာဉ်တော် အဆင့်သို့ပင် ရောက်ရှိသွားပေလိမ့်မည်။
ရဲရှောင် ကမန်းကတန်းပင်​ထလိုက်သောကြောင့် ဥ သည်​အံ့သြသွားသည့်​ပုံ​ပေါ်သွား​လေသည်​။ ထို့​ကြောင့်​ရဲရှောင်၏​ရှေ့သို့ ပျံဝဲလာ၍ နားမလည်နိုင်​သည့်​ဟန်​ဖြင့်​ရပ်​နေ​ခဲ့သည်​။
အကယ်​၍ ဥသည်​သာ ရဲ​ရှောင်​အား စကားပြောတတ်မည် ဆိုပါက –
(ကျုပ်ကတော့ ခင်ဗျားကို အကောင်းဆုံးနေရာ ပေးထားတာ။ ခင်ဗျားက ချက်ချင်းကို ထရပ်တာပဲလား။ ခင်​ဗျား ရူးများ ရူးနေလား။ ကျုပ်​ကို အခုထိ စိတ်ကောက်နေတုန်းပဲလား။ ဒီလိုသာ ဆိုရင်တော့ ခင်​ဗျားက သ​ဘောထားမကြီးတဲ့ လူပဲ ဖြစ်​ရမယ်​. . .)
ရဲရှောင်သည် ဥ၏ ခံစားချက်အား သတိပြုမိသွားသည်။ သူ့အ​နေဖြင့်​လည်း ဥ၏​နေရာအား လုယူထားသည့်​သ​ဘော ဖြစ်​နေ၍ မိမိကိုယ်​ကို ရှက်​ရွံ့​နေမိသည်​။ ထို့ကြောင့် အရှက်​ပြေ ချောင်းတစ်ချက်နှစ်ချက်ခန့်​ဟန့်လိုက်​ရင်း –
“ဒါမင်းနေရာလေ၊ အဲဒီတော့ မင်းပဲ နေသင့်ပါတယ်။ ငါမင်းဆီက မလိုချင်ပါဘူး . . .”
ရဲ​ရှောင်​၏ စကား​ကြောင့်​ဥသည် အနောက်သို့ အနည်းငယ် ခုန်သွားခဲ့သည်။ ရဲရှောင်အ​ပေါ်တွင်​လည်း နားမလည်နိုင် ဖြစ်နေသည့်​ပုံပင်​။
ရဲရှောင်လည်း ဥအားကိုင်၍ အချပ်ပြားအလယ်ရှိ ချိုင့်လေးထဲသို့ နေရာချပေးလိုက်သည်။
ရဲ​ရှောင်​ကိုယ်တိုင်မှာမူ အစွန်းတွင် ထိုင်ရင်းဖြင့်​-
“ဒီမှာထိုင်ရုံနဲ့တင် ငါ့အတွက်က အဆင်ပြေပါတယ် . . .”
ဥသည် ကျေနပ်သွားသည့် အမူအယာဖြင့်​ခုန်​စွ ခုန်​စွ ပြုလုပ်​လိုက်​သည်​။
(တော်တော် စိတ်သ​ဘောထားပြည့်တဲ့လူပါလား။ ငါ့ကို အကောင်းဆုံးနေရာ ပေးတယ်။ ငါ့အတွက် အများကြီး စဉ်းစားပေးတာပါလား။ ငါကတော့ သူ့ကို လွင့်ထွက်သွားအောင်တောင် တစ်ခါလုပ်ခဲ့ဖူးတယ်။ ငါမှားခဲ့တာပဲ။ အဲ့ဒီအတွက်​သူ ငါ့ကို​စိတ်ဆိုးခဲ့တာလည်း မဆန်းပါဘူးလေ . . .)
အကယ်​၍ ဥသည်​သာ သက်ရှိဆိုပါက ထိုကဲ့သို့ပင်​တွေးနေမိမည်မှာ အ​သေအချာပင်​ဖြစ်​သည်​။
ဥသည် ရဲ​ရှောင်​၏ ဂရုစိုက်​မှု​ကြောင့်​အလွန်အမင်း​ခံစားသွားရသည့်ပုံပင်။​ရဲရှောင်၏ လက်ဘေးသို့ ပျံဝဲလာရင်း လက်အား ပွတ်သီးပွတ်​သပ်​ပြုလုပ်​နေလေသည်​။
ကြောင်လေးတစ်ကောင်မှ သခင်ဖြစ်​သူအား ကပ်၍ ချွဲနေသည်နှင့်ပင် တူနေပါသေးသည်။
ဥ၏ အပြုအမူ​ကြောင့်​ရဲရှောင် ကြောင်ငေးသွားမိသည်။ ဥသည် သူ့အ​ပေါ်တွင်​မှီခိုအားထားပြု​နေရမှန်း သဘောပေါက်လိုက်မိသည်​။
(ဘာဖြစ်နေတာလဲဟ၊ ငါလည်း​ဘာမှမလုပ်ပါဘူး။ ငါက မင်းပိုင်တဲ့နေရာ မင်းကို ပြန်ပေးတာလေ။ နောက်ပြီး ငါကိုယ်တိုင်ကလည်း ကြာကြာမထိန်းချုပ်နိုင်လို့ပါ။ အဲဒါကို မင်းက ဒီလောက်ထိ ခံစားသွားရတယ်ပေါ့။ ဥကဥပါပဲ၊ ခံစားချက်မှ မရှိတာ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ . . .)
ရဲရှောင် သက်ပြင်းချရင်း တွေးနေမိသည်​။
သို့သော် ဥသည် သူ့အပေါ်တွင် ကြည်​ကြည်​ဖြူဖြူ ရှိနေသဖြင့် ရဲရှောင်လည်း ဥ​ပေက္ခာ မပြုချင်​တော့ပေ။ ထို့​ကြောင့်​စိတ်​သ​ဘောထား ကြီးကြီးထားလိုက်​တော့မည်​ဟုပင်​ရဲ​ရှောင်​၏ စိတ်​ထဲတွင်​တွေးလိုက်​မိသည်​။
(ငါက လူတစ်ယောက်ပဲဟာ ဒီလို ဥ​လေးတစ်လုံးကို ဘာများ ဖြစ်စရာ လိုမှာလဲ . . .)
ရဲရှောင်လည်း ချက်ချင်းပင် စိတ်ကောင်းဝင်သွားမိသည်​။ ဥအ​ပေါ်တွင်​လည်း ကောင်းကောင်းမွန်​မွန်​ဆက်ဆံတော့မည်ဟု ဆုံးဖြတ်​လိုက်​သည်​။
ရဲ​ရှောင်​ဟင်းလင်းပြင်ထဲမှ ထွက်ခွာရန် ပြင်သောအခါ ဥသည် မသွားစေချင်​သည့်​ပုံပင်​။
ရဲရှောင်၏ ရင်ခွင်ထဲသို့ အတင်းအကြပ်​ပင်​တိုးဝင်လာ၍ သူနှင့်​အတူ အပြင်သို့ လိုက်​ချင်​သည့်​အမူအယာအမျိုး ပြုလုပ်​ပြ​နေ​လေသည်​။ ရဲရှောင်လည်း ဥအားကြည့်​၍ သနားသွားမိသော​ကြောင့်​ဆက်​လက်​၍ မနှိပ်​စက်​ချင်​တော့​ပေ။
ထို့ကြောင့် အပြင်သို့ အမြန်ထွက်လာပြီးနောက် ဟင်းလင်းပြင်ကြီး အတွင်းသို့ ပစ္စည်းများ ပြန်လည် ထည့်သွင်းလိုက်သည်​။ လွန်ခဲ့သော ရက်များအတွင်း လင်းပါအိုမှ စုဆောင်းမိခဲ့သည့်​ပစ္စည်းများမှာ မနည်းမ​နောပင်​ဖြစ်​သည်​။
ရဲအိမ်တော်၏ အခန်းလွတ်တစ်ခုအတွင်း အပြည့်ပင် ဖြစ်သည်​။
ရဲရှောင်သည် ထိုပစ္စည်းများ အားလုံးအား တစ်ခါတည်း ထည့်သွင်းလိုက်ခြင်းပင်​ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် သစ်သားဟင်းလင်းပြင်သည် ယခင်ကထက် ၂ ဆခန့် ဖြစ်သွားပြီး ရွှေဟင်းလင်းပြင်သည်​လည်း ပြည့်သွားခဲ့သည်​။ ပစ္စည်းများထည့်​သွင်းပြီး တခဏအကြာတွင် အမျိုးမျိုးသော စွမ်းအင်များ စုစည်းမိသွားလေသည်​။
အခြားသော ဟင်းလင်းပြင်များ အတွင်းတွင်လည်း ဝိညာဉ်တော်ချီဓာတ်များ လျင်မြန်စွာ တိုးတက်​သွားခဲ့​လေသည်​။
အဆိုပါဝိညာဉ်တော်စွမ်းအင်များသည်​ဟင်းလင်းပြင်များ အားလုံးသို့ ပြန့်နှံ့သွားလေသည်။
ဥသည် အလွန်​ကျေနပ်​ပျော်ရွှင်သွားခဲ့သည့်အတွက်​လေထဲတွင် ပတ်လည်လှည့်၍ မြူးထူးလျက် ရှိသည်​။ အကယ်​၍ လူတစ်​ယောက်​ကဲ့သို့သာ အသံထွက်နိုင်မည် ဆိုပါက “ဟေး” ဟုပင် ထ၍ အော်မိမည် ဖြစ်ပေတော့သည်။
Top of Form

Comment

Leave a Reply

Options

not work with dark mode
Reset