Chapter – 257
“ဥ၏နေရာ”
ရဲရှောင်သည် ယခင် ရှောင်ဧကရာဇ်ဘဝအား မယှဉ်နိုင်သေးသည့်တိုင် ယခုအချိန်တွင်မူ မော်တယ်ကမ္ဘာ၏ အဆင့်မြင့် ပညာရှင်တစ်ဦးဟုပင် မှတ်ယူနိုင်သည့် အနေအထား ဖြစ်နေပြီ ဖြစ်သည်။ ထို့ပြင် မော်တယ်ကမ္ဘာရှိ အဆင့်တူများထက် များစွာ သာလွန်နေပါသေးသည်။
ရဲရှောင်၏ ခေါင်းသည် တစ်စုံတစ်ခုနှင့် တိုက်မိသွားသည့်အတွက် အလွန်အမင်းပင် နာကျင်သွားခဲ့ရသည်။ သို့သော် သူ၏ စိတ်အား တတ်နိုင်သမျှ လျှော့ချလိုက်ရင်း တိုက်မိသည့်အရာအား လှမ်းကြည့်လိုက်သည်။ ရဲရှောင် မြင်တွေ့လိုက်ရသည်မှာ ဥပင် ဖြစ်သည်။
ဥသည်လည်း ရဲရှောင် ဒေါသထွက်နေ၍ ထိတ်လန့်နေသည့် ပုံပင်။ ရဲရှောင် နှင့် ပေ ၃၀ ခန့် ကွာဝေးသည့် နေရာသို့ ရောက်ရှိသွားကာ လေထဲတွင် တုန်ခါ၍ လည်နေလေသည်။
ရဲရှောင်လည်း ယခုကဲ့သို့ လျှပ်တပြတ် အတိုက်ခိုက်ခံလိုက်ရသည့်အတွက် အံ့သြသွားမိရုံသာမက လန့်လည်း လန့်သွားမိခဲ့သည်။
ရှောင်ဧကရာဇ်အား အထိတ်တလန့်ဖြစ်အောင် ပြုလုပ်နိုင်သော အရာသည် များများစားစား မရှိချေ။ သို့သော် ဥဖြင့် တိုက်မိခြင်းကိုမူ ရဲရှောင် အမှန်တကယ်ပင် လန့်မိခဲ့လေသည်။
ထိုဥသည် မူလတာအိုအဆင့် ပညာရှင်ဖြစ်သည့် ဂုဂျင်လုံအား သတ်နိုင်ခဲ့သော ဥဖြစ်သည်။ သာမန်ဥတော့ မဟုတ်ချေ။
ဂုဂျင်လုံ၏ ခေါင်းအား ဥ ဖြင့် ထုရိုက်ခဲ့ပြီး တစစီလုပ်ပစ်ခဲ့သည့် မြင်ကွင်းအား ရဲရှောင်၏ မျက်လုံးထဲတွင် ယခုတိုင် မထွက်သေးပေ။
ယခုအခါတွင်မူ ရဲရှောင်၏ ခေါင်းအား ထို ဥ ဖြင့် ရိုက်မိသွားခဲ့လေသည်။
ရဲရှောင် သူ၏ ခေါင်းအား စမ်းကြည့်လိုက်သောအခါ ရောင်နေသည်ကို တွေ့လိုက်ရသည်။
ထိုမျှလောက်သာ ဖြစ်သွားသည်မှာ ကံကောင်းသည်ဟု ဆိုရပေမည်။
“တောက် . . .”
ရဲရှောင်၏ စိတ်ထဲတွင် ဒေါသအလွန်အမင်း ထွက်သွားခဲ့သည်။ ဆိုးဆိုးဝါးဝါး ဖြစ်မသွားဘဲ ယောင်ရုံသာ ယောင်သွားသည့်အတွက် ကံကောင်းသည်ဟု မိမိကိုယ်ကို မှတ်ယူလိုက်မိသည်။ သူ့အား အနာတရ ဖြစ်အောင် ပြုလုပ်ခဲ့သည့် ဥအား မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်ရင်း –
“ဒီကနေ ထွက်သွားစမ်း . . .”
သို့သော် ဥသည် ထွက်မသွားခဲ့ပေ။ ရဲရှောင်၏ ခေါင်းနားတွင် ရစ်သီရစ်သီ လုပ်နေပြီး အထက်မှအောက်သို့သာ ရွေ့လျားလျက် ရှိနေသည်။ ရဲရှောင်အား တောင်းပန်နေသည့် ပုံပင်။
ရဲရှောင်လည်း စိတ်ဆိုးလွန်းသဖြင့် စကားပင် မပြောချင်တော့ပေ။ ဥအား ထွက်ခွာသွားစေရန် သူ၏လက်များဖြင့် ဝေ့ယမ်း၍ မောင်းထုတ်လိုက်သည်။ ထို့နောက် မျက်နှာသုန်မှုန်လျက် ပြန်လည်ထွက်ခွာ
ရန် ပြင်လိုက်သည်။
“ရွှစ် . . .”
ဥသည် ရဲရှောင်၏ မျက်နှာအရှေ့သို့ လျင်မြန်စွာ ရွေ့လျားလာပြန်သည်။
“မင်းက ဘာဖြစ်ချင်နေတာလဲ . . .”
ရဲရှောင် မျက်မှောင်ကြုတ်၍ အော်လိုက်သည်။
“မင်းနဲ့ ကစားဖို့ ငါ့မှာ အချိန်မရှိဘူး။ ငါ့မှာ လုပ်စရာ ကိစ္စတွေ အများကြီး ရှိသေးတယ်။ အေး . . . အချိန်ရှိတယ် ဆိုရင်တောင် မင်းနဲ့ စကားမပြောချင်ဘူး။ မင်းက ငါ့ပိုင်နက်ထဲမှာလည်း နေသေးတယ်။ ငါ့ကိုလည်း မောင်းထုတ်သေးတယ်။ မင်းက သိပ်စွမ်းတဲ့ ဥ မဟုတ်လား။ အဲဒီတော့ မင်းဟာမင်းနေ၊ ငါလည်း ငါ့ဟာငါ နေမယ်။ မင်းနဲ့ငါ မပက်သတ်ဘူး . . .”
ထို့နောက် ဥအား လှည့်ပင် မကြည့်ဘဲ ထွက်လာခဲ့သည်။
သို့သော် ဥဘက်မှ အလျော့ပေးမည့် အရိပ်အယောင် မရှိချေ။ ဥသည် ရဲရှောင်၏ခေါင်း ညာဖက်သို့ ရောက်လာပြီး ခေါင်းအား တွန်းထားလေသည်။ ရဲရှောင်အား ထွက်မသွားစေချင်သည့် ပုံပင်။
ရဲရှောင်လည်း ပို၍ ဒေါသထွက်လာသည့်အတွက် ဥအား တွန်းထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် အနည်းငယ်မျှပင် ရွေ့အောင် မတွန်းနိုင်ခဲ့ချေ။ သူ၏ ခေါင်းသာ နာကျင်သွားခဲ့ပြီး ဥမှာမူ ဘာမှမဖြစ်သည့်အလား မလှုပ်မယှက်ဖြင့်ပင် ရှိနေလေသည်။
“မင်းက ဘာဖြစ်ချင်နေတာလဲ . . .”
ရဲရှောင်သည် ဥအား စိတ်မရှည်ပင် ဖြစ်နေမိသည်။
ဥဘက်မှ ရဲရှောင်အား တောင်းပန်ချင်နေသည့် ပုံပင်။ မူလတာအိုအဆင့် ပညာရှင်ကိုပင် သတ်ဖြတ်နိုင်ခဲ့သည့် သဘာဝလွန်ဥတစ်လုံးအား ရဲရှောင်အနေဖြင့် မည်သို့မျှ ရွေ့အောင် မတွန်းနိုင်ချေ။ ယခုထက်ပင် ပို၍ အားစိုက်လိုက်ပါက ခေါင်းကွဲသွားရုံသာ ရှိပေလိမ့်မည်။ တစ်ခါတိုက်မိဖူးရုံနှင့်ပင် မည်မျှအထိ နာကျင်ရမှန်း သိနေပြီး ဖြစ်သဖြင့် ရဲရှောင်ဘက်မှ ဆက်၍ မတွန်းရဲတော့ချေ။
ရဲရှောင် ဒေါသတကြီး အော်ဟစ်လိုက်မှုကြောင့် ဥသည် နောက်သို့ ခုန်၍ ဆုတ်သွားခဲ့သည်။ ထို့နောက် ရဲရှောင်၏ အရှေ့တည့်တည့်သို့ ရွေ့လာပြန်သည်။ ရဲရှောင် သွားရာလမ်းတွင် ထိုကဲ့သို့ ကြိမ်ဖန်များစွာ ပြုလုပ်ရင်း ရှေ့မှ ပိတ်ထားလေသည်။
ရဲရှောင်ဆီမှ တစ်စုံတစ်ခုအား မျှော်လင့်နေသည့်အလား ရဲရှောင် ထွက်သွား၍ မရစေရန် ပိတ်ဆို့ထားခြင်း ဖြစ်သည်။
ရဲရှောင်လည်း သဘောပေါက်သွားသဖြင့် –
“မင်းက ငါ့ကို တောင်းပန်ချင်နေတယ်ပေါ့လေ ဟုတ်လား . . .”
ဥသည် ရဲရှောင်အား ခေါင်းညိတ်ပြသကဲ့သို့ ခုန်ဆွခုန်ဆွအမူအယာမျိုး လုပ်ပြနေလေသည်။
“စိတ်မဝင်စားဘူး . . .”
ရဲရှောင် ချာခနဲပင် လှည့်၍ ပြန်လည်ထွက်ခွာရန် ပြင်လိုက်သည်။
ထိုအခါ ဥသည် ရဲရှောင် ထွက်သွားမည်ကို စိုးရိမ်နေသည့်အလား ရဲရှောင်၏ ခေါင်းအား ထပ်မံ၍ တွန်းလိုက်ပြန်သည်။
ရဲရှောင် ဥအား လက်ဖြင့် ရိုက်ချလိုက်သည်။ သို့သော်လည်း ဥမှာ မည်သို့မျှပင် ဖြစ်မသွားဘဲ သူ၏ လက်သာ နာကျင်သွားရသည်။
အသားနာသွားသောကြောင့် ရဲရှောင် ပို၍ပင် ဒေါသထွက်သွားကာ စိတ်ဆိုးမာန်ဆိုး အသံမျိုးဖြင့် –
“ထွက်သွားစမ်း . . . မင်းက ဥတစ်လုံးလေ ခွေးတော့ မဟုတ်ဘူးမလား၊ ခွေးတောင် လူသွားလမ်းကို မပိတ်ဘူးကွ . . .”
ရဲရှောင် မည်သို့ပင် ပြောနေစေကာမူ ဥသည် ဂရုမစိုက်ပေ။ ရဲရှောင် ထွက်မသွားလျှင် ကျေနပ်ပြီ ဆိုသည့် သဘောမျိုးပင် ဖြစ်နေလေသည်။
ယခုအချိန်တွင် ရဲရှောင်ဘက်မှ မည်မျှပင် အပြစ်တင် စိတ်ဆိုးနေစေကာမူ ဥသည် ငြိမ်ခံနေမည်သာ ဖြစ်လေသည်။ ရဲရှောင်အား လုံးဝ ဆန့်ကျင်ရဲမည် မဟုတ်ပေ။
အတင်းအကြပ်ပင် ဖြစ်နေသည့် ဥအား ကြည့်ရင်း ရဲရှောင် အလွန်အမင်းပင် စိတ်ရှုပ်ထွေးလာမိသည်။ ထို့ကြောင့် သူ၏ခေါင်း ဘယ်ညာအား လက်ဖြင့် အုပ်ကိုင်လိုက်ရင်း –
“မင်းက အသိဉာဏ်မရှိတဲ့ဥပဲ။ ခံစားချက်ဆိုတာ ဘာမှန်းတောင် သိမှာ မဟုတ်ဘူး။ အဲဒါတောင် ငါ့လမ်းကို လာပိတ်နေသေးတယ်။ မင်းက ဘာလိုချင်တာလဲ။ စကားတောင် မပြောနိုင်ဘဲ ငါက မင်းနဲ့ ဘယ်လို ဆက်သွယ်နိုင်မှာလဲ . . .”
ရဲရှောင်၏ စကားကြောင့် ဥသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ ရဲရှောင်အား လှည့်ပတ်၍ ပျံသန်းနေလေသည်။
ရဲရှောင် သက်ပြင်းချလိုက်မိသည်။
(သေစမ်းကွာ . . . မင်းက သောက်ရူး အမူအယာ လာလုပ်ပြနေတော့ ငါက ဘယ်လို နားလည်နိုင်မှာလဲ . . .)
ဥသည် လေထဲတွင် လှည့်ပတ်နေရင်းဖြင့် ခဏအကြာတွင် အကြံရသွားသည့်ဟန်ဖြင့် ရဲရှောင်၏ နောက်ကျောဘက်သို့ ရောက်လာပြီး ရှေ့သို့ တွန်းလိုက်သည်။
ရဲရှောင်လည်း ရှေ့သို့ မသွားဘဲ ပေတေ၍ ရပ်နေမိသည်။ ထိုအခါ ဥသည် ရဲရှောင်၏ ရှေ့သို့ ရောက်လာ၍ ခုန်စွ ခုန်စွဖြင့် အရှေ့သို့ ခုန်သွားပြသည်။ ထိုမှတဖန် ရဲရှောင်၏ နောက်ကျောသို့ ရောက်လာ၍ တွန်းပြန်သည်။ အရှေ့သို့ သွားစေချင်ကြောင်း ပြနေသည့်သဘောပင်။ ရဲရှောင်လည်း နောက်ဆုံးတွင် နားလည်သွားခဲ့ပြီး ဥသွားစေချင်သည့် နေရာသို့ လိုက်ပါလာခဲ့သည်။
ထိုနေရာသည် ဝိညာဉ်တော် ချီဓာတ်များ အသိပ်သည်းဆုံးပင် ဖြစ်သည်။
ဥ၏ တွန်းထုတ်မှုဖြင့် ရဲရှောင်လည်း တစ်လှမ်းခြင်း ရောက်ရှိလာခဲ့သည်။ အတွင်းသို့ ရောက်သောအခါ အချပ်ပြားကြီးတစ်ချပ်အား မြင်တွေ့လိုက်ရပြန်သည်။ ဥသည် အရှိန်ဖြင့် အဆိုပါ အချပ်ပြား ရှိရာသို့ ပျံသန်းသွားသည်။ ထို့နောက် ရဲရှောင်အား အထက်မှအောက်သို့ ရွေ့လျားပြပြန်သည်။ ထိုမှတဖန် နောက်ကျောမှ တွန်းပြန်သည်။ အချပ်ပြားကြီး၏ အနီးအနားသို့ ရဲရှောင် ရောက်လာသည့်တိုင် တွန်းနေတုန်းပင် ဖြစ်သည်။
“ဒီတော့ မင်းက ငါ့ကို ဒီပေါ် တက်ထိုင်စေချင်တာလား . . .”
ရဲရှောင် အချပ်ပြားအား ကြည့်ရင်း နားလည်သွားဟန်ဖြင့် မေးလိုက်သည်။ စိတ်ထဲတွင်လည်း အံ့သြသွားမိသည်။
ထိုအချပ်ပြားသည် ဟင်းလင်းပြင်ကြီး တစ်ခုလုံးတွင် အဖိုးတန်ဆုံး နေရာဟုပင် ဆိုနိုင်ပေသည်။ ဥ စပေါ်လာသည့်အချိန်မှစ၍ ထိုအချပ်ပြားပေါ်တွင်သာ ရှိနေခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရဲရှောင်အား ထိုင်စေချင်နေခဲ့သည်။
(ငါ့ကို လာချော့နေတာ။ ဒါပေမယ့် ငါကတော့ မင်း ဘယ်လိုချော့ချော့ လက်မခံချင်ပါဘူး . . .)
ရဲရှောင် ဥအား ကြည့်ရင်း တွေးနေမိသည်။
သို့သော် ဥသည် တွန်းနေတုန်းပင် ဖြစ်၍ ရဲရှောင်လည်း မငြင်းဆန်နိုင်တော့ပေ။
ထို့ကြောင့် အချပ်ပြားပေါ်သို့ တက်လိုက်ပြီး ထိုင်ချလိုက်သည်။ စိတ်ထဲတွင်လည်း တစ်စုံတစ်ခု ထူးခြားမည်ဟုလည်း ကြိုတင် ရိပ်စားနေမိသည်။
ထိုကဲ့သို့ ထိုင်ချလိုက်သည့် အခါမှသာ ဥသည် ရဲရှောင်အား မတွန်းတော့ချေ။ လေထဲတွင် ပျော်ရွှင်မြူးတူးနေသည့်ဟန်ဖြင့် လှည့်ပတ်နေရင်း ရဲရှောင်၏ အရှေ့သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ရဲရှောင်၏ ပေါင်ကြားတွင် ငြိမ်သက်စွာ ရပ်သွားလေသည်။
အရာအားလုံးသည် ခဏတာမျှ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အချိန်ခဏမျှ ကုန်လွန်သွားပြီးနောက် ရဲရှောင်၏ စိတ်ထဲတွင် ရုတ်တရက် မူးဝေလာသကဲ့သို့ ခံစားလိုက်ရသည်။
(ဘယ် . . . ဘယ်လိုဖြစ်တာလဲ . . . အံ့သြစရာပါလား။ ငါကျင့်ကြံမှုလုပ်မယ် ဆိုပြီး နေရာရှာတုန်းက ဥက ငါ့ကို သူ့ အနားတောင် အကပ်မခံခဲ့ဘူး။ အခုကြ ငါ့ကို သူ့နေရာမှာတောင် ထိုင်ခိုင်းထားတယ်။ ဒီအချပ်ပြားက ဥအတွက် ထားပေးထားသလိုတောင် ဖြစ်နေတာပဲ။ အချပ်ပြားရဲ့ ထောင့်တွေက ကွေးနေပြီး အလယ်မှာ အချိုင့်လေး ဖြစ်နေတယ်။ အဲဒီအချိုင့်က ဥတင်ထားဖို့ ကွက်တိပဲ။ လူတစ်ယောက် ထိုင်ဖို့ကြ သိပ်အဆင်မပြေဘူး။ ဒါပေမဲ့ လူမှာလည်း ဖင်ပါတော့ ဖင်နဲ့ အံဝင်ခွင်ကျပါပဲ . . .)
ထိုအချိန်တွင် အဆိုပါချိုင့်ခွက်နေရာမှ ဝိညာဉ်တော်ချီဓာတ်များသည် တဟုန်ထိုး တိုးထွက်လာခဲ့၍ ရဲရှောင်၏ တင်ပါးတစ်ခုလုံး အေးခဲသွားမတတ်ပင် ခံစားလိုက်ရသည်။ လေပြင်းများ စအိုအတွင်း ဝင်နေသဖြင့် ရဲရှောင် ခံရခက်နေလေသည်။
(ဘာများ ဆက်ဖြစ်မလဲ . . .)
မထူးတော့သည့်အဆုံးတွင် ရဲရှောင် ဆက်၍သာ ထိုင်နေလိုက်သည်။ စိတ်ထဲတွင်လည်း ငိုရခက်ရယ်ရခက်ပင် ဖြစ်နေလေသည်။
သူ့ဘဝတစ်လျှောက်လုံးစာ လေလည်လိုက်မည် ဆိုလျှင်ပင် ယခုကဲ့သို့ ပြင်းထန်နေမည်မဟုတ်ဟု ရဲရှောင်၏ စိတ်ထဲတွင် အူကြောင်ကြောင်နိုင်သည့် အတွေးများ တွေးနေမိပါတော့သည်။