Chapter – 256
“ထူးဆန်းသောစွမ်းအင်”
အဆင့်တက်ပြီးသည့်ေနာက်တွင်စွမ်းအင်များသည် သူ၏ သွေးကြောများအတွင်း အရှိန်အဟုန်အပြည့်ဖြင့်စီးဆင်းနေသည်ကို ရဲရှောင်ခံစားမိလိုက်သည်။
အလွန်အံ့သြဖွယ်ကောင်းသော ပြောင်းလဲမှုပင်ဖြစ်သည်။ ထို့ပြင်သူ၏ စွမ်းအင်သိုလှောင်ရာသည်လည်း ယခင်ကထက်၁၀ခန့်ပင်ပို၍ ကျယ်ပြန့်လာခဲ့သည်။ ထိုသို့ ကျယ်ပြန့်လာသည့်အခါ နဂိုမူလက ရှိနေသည့် စွမ်းအင်များဖြင့် လုံလောက်မှု မရှိတော့ချေ။ နှိုင်းယှဉ်ပြရမည်ဆိုလျှင်ပုံးကြီးတစ်ပုံးအတွင်း ရေခွက်တစ်ခွက်စာ ခပ်ထည့်ထားသလိုပင် ဖြစ်နေလေသည်။ ခွက်ထဲတွင်မူ ရေအပြည့်ဖြစ်နေသော်လည်း ပုံးကြီးထဲတွင်မူ ဖင်ကပ်သာ ရှိနေပေလိမ့်မည်။ ထို့ကြောင့် စွမ်းအင်သိုလှောင်ရာအတွင်း စွမ်းအင်များ ပြည့်ဝနေစေရန်အတွက်ဖြည့်တင်းရန်လိုအပ်နေပါသေးသည်။
ထို့ပြင်ရဲရှောင်၏ သွေးကြောများသည်လည်း ယခင်ထက်ပင်များစွာ ကျယ်ပြန့်လာခဲ့သည်။ဥပမာဆိုရလျှင် ရထားလုံးတစ်စီးစာ လမ်းလေးမှ ရထားလုံး လေးငါးစီး သွားနိုင်သော လမ်းမကြီးတစ်ခုကဲ့သို့ပင် ဖြစ်သွားခြင်း ဖြစ်သည်။ အလွန်ကြီးမားလှသော ကွာခြားမှုပင်ဖြစ်သည်။
ရဲရှောင်၏ အခြေအနေသည်အဆင့်သစ်သို့ တက်နိုင်သွားခဲ့သော်လည်း ကို့ရို့ကားယားပင်နိုင်လျက်ရှိသည်။ သူ၏ စွမ်းအင်သိုလှောင်ရာသည် ဗလာနတ္ထိနီးပါး ဖြစ်နေပြီး လက်ရှိ ရှိနေသည့် ဝိညာဉ်တော် စွမ်းအင်များသည်စွမ်းအင်သိုလှောင်ရာ၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိနေလေသည်။ ထို့ပြင် သွေးကြောများ ကျယ်ပြန့်သွားမှုကြောင့် စွမ်းအင်စီးဆင်းရာတွင် သွေးကြောများအတွင်း အပြည့်အဝ စီးဆင်းနိုင်ခြင်း မရှိတော့ချေ။
ထိုပြဿနာအား ဖြေရှင်းနိုင်မည့်နည်းလမ်းသည်ခက်ခက်ခဲခဲတော့ မဟုတ်ပေ။ ဝိညာဉ်တော်စွမ်းအင် များစွာ စုပ်ယူရန်သာ လိုအပ်လေသည်။ ထိုကဲ့သို့ ချီဓာတ်များ ဖြည့်တင်းပြီးမှသာ ကျင့်ကြံမှုများ ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ လက်ရှိအချိန်တွင်မူ ရဲရှောင်အနေဖြင့်ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ထိန်းကွပ်နိုင်ရန် လိုအပ်ေနပါသေးသည်။
(ဝိညာဉ်တော် ချီဓာတ်တွေ အများကြီး စုပ်ယူရဦးမှာပေါ့ . . .)
ရဲရှောင်သည်မျက်မှောင်ကြုတ်ရင်း စဉ်းစားလိုက်သည်။
အမှန်တကယ်တွင်မူ ဝိညာဉ်တော်ချီဓာတ်များအားစုပ်ယူ၍ တစ်ချိန်တည်းတွင်သန့်စင်သော ချီဓာတ်များအဖြစ် ပြောင်းလဲရမည့် အလုပ်သည် အချိန်တိုအတွင်း မဖြစ်နိုင်သေးချေ။ ရှေးဦးခရမ်းရောင်ချီဓာတ်များဖြင့် ဆိုလျှင်ပင် အနည်းဆုံး ၇ လခန့် ကြာမြင့်နိုင်ပေသည်။ ထိုပမာဏသည် အလွန်မြန်နေသည့်တိုင် ရဲရှောင်မှာမူ ထိုမျှလောက်ထိ မစောင့်ချင်တော့ပေ။
ကံကောင်းသည့် အချက်မှာ အဆင့်တက်ပြီးနောက်တွင်ပိုင်ရှင်းယွဲ့အား ကုသရန် အကြောင်းပါခဲ့ခြင်း ဖြစ်သည်။ ပိုင်ရှင်းယွဲ့ထံမှ စုပ်ယူလိုက်သည့် ယင်ဓာတ်ဖြစ်သော ရေခဲချီဓာတ်များသည် အလွန်သိပ်သည်း၍ သန့်စင်လှသည်။ထိုချီဓာတ်များသည် ရဲရှောင်အတွက်မူ အဖိုးထိုက်တန်သော ချီဓာတ်များ ဖြစ်သည်။
ပို၍ အံ့သြစရာ ကောင်းသည့်အချက်မှာ ပိုင်ရှင်းယွဲ့ထံမှ ရရှိခဲ့သည့်စွမ်းအင်များအား ရှေးဦးခရမ်းရောင် ချီဓာတ်များဖြင့် သန့်စင်လိုက်သောအခါ အလွန်သန့်စင်သော စွမ်းအင်များ အဖြစ်ပြောင်းလဲသွားခဲ့သည်။ ထိုစွမ်းအင်များသည်သူ၏ စွမ်းအင်သိုလှောင်ရာ အတွင်းသို့ စီးဆင်းသွားကာ ချီဓာတ်များ ဖြည့်တင်းပေးနေလျက် ရှိသည်။
ထို့ကြောင့် ရဲရှောင်သည် အလွန်ကျေနပ်နေမိသည်။ အတွေ့အကြုံ ရင့်ကျက်သည့် ပညာရှင်တစ်ဦး ဖြစ်ခဲ့ဖူးသူပီပီကျင့်ကြံမှု ပြုလုပ်နေစဉ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအား ကြိုတင်၍ တွက်ဆထားမိသည်။ အလွန်ေသးငယ်သော အမှားလေးတစ်ခုကပင် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်လေသည်။ ရှေးဦးခရမ်းရောင်ချီဓာတ်များဖြင့် အသွင်ေပြာင်း၍ သန့်စင်ထားသည့်ယင်ရေခဲချီဓာတ်များသည် သူ့အတွက်မူ အလွန်အကျိုးရှိလှသည်။ သို့သော်ထိုချီဓာတ်များသည်အခြားလူများအတွက် အကျိုးရှိမရှိဆိုသည်ကိုမူ ရဲရှောင်အတပ်မပြောနိုင်ချေ။
အခန့်မသင့်လျှင် အဆိပ်သင့်စေနိုင်လေသည်။ ရဲရှောင်သည် စွမ်းအင်များအား သန့်စင်နေရင်းဖြင့်အသေအချာလေ့လာ၍ စမ်းစစ်နေမိသည်။ ထိုအခါ ထူးဆန်းသည့် အရာတစ်ခုအားတွေ့မြင်သွားလေသည်။
ရှေးဦးခရမ်းရောင်ချီဓာတ်များဖြင့် အသွင်ပြောင်းထားသည့် ရေခဲစွမ်းအင်များသည် သန့်စင်သော ဝိညာဉ်တော်ချီဓာတ်များ အဖြစ်ပြောင်းလဲသွားခဲ့သည်။ ထိုချီဓာတ်စွမ်းအင်များသည် ရဲရှောင်၏ ခန္ဓာကိုယ်အတွက် အမှန်တကယ်ပင် အကျိုးရှိလေသည်။ သို့သော် နောက်ထပ် စွမ်းအင်တစ်မျိုးအား ဝိညာဉ်တော်ချီဓာတ်များ အတွင်း တွေ့လိုက်ရသည်။
ထိုပုန်းအောင်းနေသော စွမ်းအင်သည် ထူးခြား၍ အစွမ်းထက်လှသည်။ အနည်းငယ်မျှသော ပမာဏသာ ဖြစ်သော်လည်း စွမ်းအင်သက်ရောက်မှုမှာမူ ထူးခြားလွန်းလှသည်။ ထို့ပြင် ထိုစွမ်းအင်များသည် ရှေးဦးခရမ်းရောင်ချီဓာတ်များနှင့် ကောင်းစွာ ပေါင်းစပ်နိုင်စွမ်း ရှိလေသည်။
ထိုအချက်သည် ရဲရှောင်အား အလွန်အံ့အားသင့်စေခဲ့သည်။
ရဲရှောင်သည် ချင်းယန်နယ်ပယ်တွင်အဆင့်မြင့် ပညာရှင်တစ်ဦး ဖြစ်ခဲ့သည့်အလျောက် အတွေ့အကြုံ ရင့်သန်ပြီး ဗဟုသုတနှင့် ပြည့်စုံသူလည်း ဖြစ်ခဲ့သည်။
ရှေးဦးခရမ်းရောင် ချီဓာတ်အား စတင်ကျင့်ကြံခဲ့သည့် အချိန်မှစ၍ ထိုကျင့်စဉ်သည် သာမန်ကျင့်စဉ်မဟုတ်မှန်း ရဲရှောင်ကောင်းစွာ သဘောပေါက်ခဲ့သည်။ သူ့အနေဖြင့်လက်ရှိအချိန်တွင်အခြားသော အဆင့်မြင့် ပညာရှင်များနှင့်မယှဉ်နိုင်သေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သေချာပေါက် သာလွန်သွားပေလိမ့်မည်။ ထို့ကြောင့် ထိုကျင့်စဉ်အား အကောင်းဆုံးကျင့်စဉ်ဟူ၍ပင် မှတ်ယူထားခဲ့မိသည်။ ရှေးဦးခရမ်းရောင် ချီဓာတ်ကျင့်စဉ်ထက် ပို၍ အစွမ်းထက်သော ကျင့်စဉ်မျိုး မရှိနိုင်တော့ပြီဟုလည်း သတ်မှတ်ထားခဲ့သည်။
ရဲရှောင်သည်ရှေးဦးခရမ်းရောင်ချီဓာတ်ကျင့်စဉ်ကျင့်ရာတွင်ကနဦးအဆင့်သာ ရှိသေးသော်လည်း အစွမ်းအရာတွင်မူ ထင်ထားသည်ထက်ပင်ပို၍ ရှိနေခဲ့ပြီ ဖြစ်သည်။
ယင်ရေခဲချီဓာတ်များအတွင်း ပုန်းအောင်းနေသော စွမ်းအင်သည် ရှေးဦးခရမ်းရောင် ချီဓာတ်နီးပါး အစွမ်းထက်နေလေသည်။ထိုစွမ်းအင်နှစ်ခုသည်အဆင့်တူလောက်ပင်ရှိနေပေလိမ့်မည်။
ထိုစွမ်းအားသည် ပိုင်ရှင်းယွဲ့၏ အမွေအနှစ် သွေးကြောမှ စွမ်းအားပင် ဖြစ်သည်။
ရဲရှောင်သည် အံ့သြမှုနှင့်အတူကျေနပ်နေမိသည့်စိတ်များသည်လည်း တဖွားဖွားပေါ်ပေါက်လျက်ရှိသည်။
ပိုင်ရှင်းယွဲ့၏ ဝေဒနာအား ကုသပေးရင်းဖြင့် သူ၏ ကျင့်ကြံမှုများကိုပင်အဆင့်မြင့်အောင် လုပ်နိုင်ခဲ့သည့်အတွက်နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် ကိစ္စဟုပင်ဆိုရပေမည်။
ရဲရှောင်သည် ၂ နာရီခန့် ကြာမြင့်သည်အထိ စွမ်းအင်များအား သန့်စင်ပေးလျက်ရှိသည်။
ထို့နောက်ကောင်းကင်ဟင်းလင်းပြင်အား ပြန်ဖွင့်လိုက်ပြီးနောက် စိတ်သက်သာရာ ရသွားသည့်ဟန်ဖြင့် –
“နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ။ ကျင့်ကြံမှုမှာ ငါတော်တော်တိုးတက်လာခဲ့တာပါလား။ ဒါပေမယ့်အများကြီး တိုးတက်လာပေမယ့်လည်း ငါက ကောင်းကင်အဆင့်ကို ရောက်နေပြီဆိုတော့ ရှေ့လျှောက် အဆင့်တက်နိုင်ဖို့က ပိုပြီး ကြိုးစားရတော့မယ်။ အချိန်လည်း တဖြည်းဖြည်း ကြာသွားမှာပဲ . . .”
“မော်တယ်ကမ္ဘာက ချင်းယန်နယ်ပယ်ထက် အဆင့်နိမ့်တဲ့ ကမ္ဘာတစ်ခု ဖြစ်နေလို့သာပေါ့။ မဟုတ်ရင်ငါသာ ချင်းယန်နယ်ပယ်မှာဆို သိပ်သည်းတဲ့ ဝိညာဉ်တော်ချီဓာတ်တွေ စုပ်ယူနိုင်ပြီး ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ကိုအဆင့်တက်နိုင်မှာ သေချာတယ်။ ငါ့မှာ ဟင်းလင်းပြင်ကြီး ရှိပြီး အစွမ်းထက်တဲ့ ကျင့်စဉ်ကို ပိုင်ဆိုင်ထားတာတောင် ချင်းယန်နယ်ပယ်လောက် ဝိညာဉ်တော်ချီဓာတ်တွေ ပေါပေါများများ မစုပ်ယူနိုင်သေးဘူး။ အဲ့ဒီအချက်ကတော့ ငါ ဘာမှမလုပ်နိုင်ဘူး။ သူ့အတိုင်းအဆနဲ့ သူပေါ့လေ . . .”
“ငါ့အခြေအနေက တခြားကျင့်ကြံသူတွေထက် အဆ ရာထောင်ချီပြီး သာလွန်နေပေမယ့်သန့်စင်တဲ့ ဝိညာဉ်တော်ချီဓာတ်တွေကို မစုပ်ယူနိုင်သေးဘူး . . .”
ရဲရှောင် အလိုမကျပင်ဖြစ်သွားခဲ့မိသည်။
အခြေအနေအရပ်ရပ်အား သိနေသည့်တိုင် မည်သို့မျှ မတတ်နိုင်ခဲ့ပေ။
ရဲရှောင်သည် အခြားလူများထက် အဆပေါင်းများစွာ လျင်မြန်စွာ ကျင့်ကြံနိုင်ခဲ့သည်။ ထိုသို့ ကျင့်ကြံခဲ့သည်တိုင်သူမျှော်မှန်းထားသည့် ပန်းတိုင်နှင့်အလှမ်းကွာနေပါသေးသည်။
ယခုနှုန်းအတိုင်း ဆက်သွားနေမည် ဆိုပါက ယခင်ရှောင်ဧကရာဇ်ဘဝတွင်ရရှိခဲ့သည့်အဆင့်မျိုးအား မည်သည့်အချိန်မျှ ရောက်နိုင်မည်ဆိုသည်ကိုလည်း ရဲရှောင်သိချင်နေမိသည်။
ယခင်ဘဝနှင့် ယခုအခြေအနေသည် မိုးနှင့်မြေကဲ့သို့ ကွာခြားနေသေးသည်ဟု ဆိုရပေမည်။ လွယ်ကူသည့် အလုပ်မဟုတ်မှန်း သိသည့်တိုင် စိတ်မချမ်းမသာ ဖြစ်နေမိသည်။
အထူးသဖြင့် ယခင်က သူ၏ လက်တစ်ချောင်းတည်းဖြင့် အလွယ်တကူ သတ်နိုင်ခဲ့သည့်လူများအား ယခုအချိန်တွင်မူ မည်သို့မျှ လုပ်နိုင်ခြင်း မရှိသည့်အတွက် မချင့်မရဲပင်ဖြစ်နေမိလေသည်။
ရဲရှောင် ပန်းတိုင်သို့ရောက်ရန်ခရီးရှည်ကြီးတစ်ခု နှင်ရပေဦးမည်။
ထို့ကြောင့်စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ရင်း ဟင်းလင်းပြင်ကြီးထဲမှ ပြန်လည်ထွက်ခွာလာခဲ့သည်။
“ဒုန်း . . .”
ရဲရှောင်၏ခေါင်းနှင့် တစ်စုံတစ်ခု တိုက်မိသွားခြင်း ဖြစ်သည်။ တိုက်မိသည့်အရှိန်သည်လွန်စွာ ပြင်းထန်လှသည့်အတွက်သူ၏ခေါင်းပင်မူးနောက်သွားခဲ့သည်။ ရဲရှောင်တစ်ယောက်ကြယ်တွေ လတွေပင် မြင်ယောင်သွား၍ မေ့မျောလုမတတ်ပင် ဖြစ်သွားပါတော့သည်။