Chapter – 254
“အချောင်သမားများ”
“ဒီကမ္ဘာက အင်အားအကြီးဆုံး ဂိုဏ်းကြီး ၂ ဂိုဏ်းပေါ့ဗျာ။ နေရောင်ဂိုဏ်းနဲ့ ကြယ်ရောင်ဂိုဏ်းတို့ပဲ”
“သူတို့အမြင်မှာတော့ ကျုပ်တို့က ပမွှားပဲဗျ။ သူတို့နဲ့ယှဉ်ရင် လင်းပါအိုဆိုတာ ဘာမှကို မဟုတ်တော့ဘူး။ သူ . . . သူတို့က သိပ်ကို အင်အားကြီးလွန်းတယ် . . .”
ဝမ်ဇန်းဟိုသည်မျက်စိပျက်မျက်နှာပျက်ဖြင့် ပြောလိုက်သည်။
ရဲရှောင်လှောင်ရယ်သော အပြုံးမျိုးဖြင့်ပြုံးလိုက်ရင်း –
“အင်အားကြီးလွန်းတယ် ဟုတ်လား။ နေရောင်ဂိုဏ်းနဲ့ ကြယ်ရောင်ဂိုဏ်းက ဘာတွေများ ပြောသွားလို့လဲ ပြောစမ်းပါဦး . . .”
ရဲရှောင်၏ မျက်နှာသည်အေးစက်မာကြောလျက် ရှိပြီး စိတ်ထဲတွင်လည်း မခံချင်ပင်ဖြစ်နေမိသည်။
(နေရောင်ဂိုဏ်းတဲ့လား . . . ဟမ့် . . . ဒါ ချင်းယန်နယ်ပယ်က သူရိယဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခု ဖြစ်မယ်ထင်တယ်။ ကြယ်ရောင်ဂိုဏ်းကလည်း ကြယ်အလင်းဂိုဏ်းရဲ့ ဂိုဏ်းခွဲဖြစ်မှာပေါ့။ သူတို့က မော်တယ်ကမ္ဘာမှာတောင် လာပြီး နယ်ချဲ့နေကြတာပါလား . . .)
“နေရောင်ဂိုဏ်းက ထူးခြားအစွမ်းထက်ဆေးလုံးတွေ တစ်မျိုးကို ၆ လုံးစီ လိုချင်တယ်တဲ့။ ကြယ်ရောင်ဂိုဏ်းကလည်း ဒီလိုပဲ။ သူတို့ကတော့ ၈ လုံးစီ လိုချင်တယ် ပြောတယ် . . .”
ဝမ်ဇန်းဟိုသည်ထိုကိစ္စနှင့် ပတ်သက်၍ ကြံရာမရ ဖြစ်နေသည့်ပုံပင်။
ရဲရှောင်လည်း အေးစက်စက်မျက်နှာပေးဖြင့် ခြောက်ကပ်ကပ် ရယ်မောလိုက်ရင်း –
“ဟဲဟဲ . . . သူတို့က လိုချင်တာတော့ အများကြီးပဲ။ ဘာများ ပြန်ပေးမယ် ပြောလဲ . . .”
ဝမ်ဇန်းဟို မခံချိမခံသာ ဖြစ်နေသည့်ဟန်ဖြင့် –
“သူတို့ဘက်က ဘာပေးမယ် ဆိုတာကိုတော့ မပြောသွားဘူး . . .”
“ဟားဟား ဟားဟား . . .”
ရဲရှောင် ဟက်ဟက်ပက်ပက်ပင်ရယ်မောပစ်လိုက်မိသည်။ သဘောကျလွန်းသည့်အတွက်မဟုတ်ဘဲ ဒေါသထွက်လွန်း၍သာ ရယ်မောလိုက်ခြင်း ဖြစ်သည်။ ထို့နောက် တည်ကြည်လေးနက်သော အသံဖြင့် –
“ဒါဆို သူတို့က ကျုပ်တို့ဆီကနေ လုယူချင်နေတာပေါ့။ သူတို့ဆီကတော့ ဘာမှ ပေးမှာ မဟုတ်လောက်ဘူးမလား။ ရောင်းတာကို မဝယ်ဘဲ အတင်းအကြပ်လိုချင်နေမှတော့ လုတာပဲပေါ့ . . .”
“သူတို့ဘက်က တစ်ခုခု ပေးမယ်ဆိုရင်တောင် အများကြီးတော့ ဟုတ်မှာ မဟုတ်ဘူး။ အများဆုံးပေးမှ တစ်လုံးစာတောင် ရှိမှာ မဟုတ်လောက်ဘူး . . .”
ဝမ်ဇန်းဟိုသည်သက်ပြင်းချလိုက်ရင်း –
“ကျုပ်လည်း ဒီတစ်ခါတော့ ခေါင်းကြိမ်းနေပြီ။ ဒီလို ထိပ်တန်းဂိုဏ်းကြီးတွေက အခုလို အရှက်မရှိတဲ့ လုပ်ရပ်မျိုး လုပ်ကြလိမ့်မယ်လို့ ကျုပ်ဖြင့် ထင်တောင်မထင်ထားခဲ့မိဘူး”
ရဲရှောင်လည်း မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း –
“ခင်ဗျားပြောနေတာတွေက မှားနေပြီ ဝမ်ဇန်းဟို။ ထိပ်သီးဂိုဏ်းတွေအကြောင်း ခင်ဗျားသိတာ နည်းနည်းလေးပဲ ရှိသေးတယ်။ ခင်ဗျားသိတဲ့ ကိစ္စကလည်း သေးသေးလေးပါ။ ဒါကြောင့် ခင်ဗျားအခု ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေတာပေါ့။ တကယ်တော့ ခင်ဗျား ဘာမှလုပ်စရာ မလိုဘူး . . .”
“ဘာလို့လဲဆိုတော့ အင်အားကြီးတဲ့ ဂိုဏ်းဖြစ်လေလေ အရှက်မရှိလေလေပဲ။ သူတို့ကတော့ အားလုံးကို ချုပ်ကိုင်နိုင်တယ် အစွမ်းရှိတယ်လို့ သူတို့ကိုယ်သူတို့ ထင်ထားကြမှာပဲလေ။ ကျုပ်တို့ဘက်က သူတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးပေါ့။ အဲဒါကြောင့်မို့လဲ အခုလို ရဲရဲတင်းတင်းပဲ တောင်းဆိုရဲနေတာ . . .”
“ကျုပ်တို့ လေလံပွဲကို အခုလို ကြီးကြီးကျယ်ကျယ် ကျင်းပဖို့ စီစဉ်ခဲ့တာပဲ ကံကောင်းတယ် ပြောရမယ်။ ဒီလိုမှ မဟုတ်ရင် သူတို့ဂိုဏ်းတွေက လျှို့ဝှက်လုပ်ကြံလာနိုင်တယ်။ ကျုပ်တို့ကလည်း ကျုပ်တို့ဆီမှာ တန်ဖိုးကြီး ဆေးလုံးတွေ အများကြီးရှိတယ်လို့ ကြေညာခဲ့တယ် မဟုတ်လား။ လောဘကြီးတဲ့ လူတွေအမြင်မှာတော့ ကျုပ်တို့က ကလေးလေးတစ်ယောက် ရွှေချောင်းတွေကိုင်ပြီး ဈေးထဲ လျှောက်သွားနေသလို ဖြစ်နေမှာပဲ . . .”
ရဲရှောင် ပြုံးလိုက်ပြန်ရင်း –
“ကျုပ် ဒီလိုကိစ္စတွေကို အရင်ကလည်း ကြုံခဲ့ဖူးပါတယ်။ သူတို့ဘက်က တစ်ခုခု ပေးမယ်ဆိုရင်တောင် ကျုပ်က အံ့သြနေမိဦးမှာ။ သူတို့တွေက ဘာမှမပေးဘဲ ဆေးလုံးတွေကို လုယူချင်နေတယ် ဆိုတာ မထူးဆန်းဘူး။ အဲ့ဒါ ပုံမှန်အခြေအနေပဲ။ သူတို့ရဲ့ မရှိတဲ့ ဂုဏ်သိက္ခာကိုလည်း သူတို့က ရှာကြံပြီး အထင်ကြီးတတ်ကြသေးတာ။ တကယ်လို့ သူတို့လိုချင်တာ သာပေးလိုက်မယ်ဆိုရင် ကျုပ်တို့ကပေးလည်းပေးရသေးတယ်သူတို့အထက်စီးကနေ ဆက်ဆံတာလည်း ခံရဦးမယ်. . .”
ဝမ်ဇန်းဟိုသည်နဖူးမှ ချွေးများအား သုတ်လိုက်ရင်း –
“ဆရာဖန်ဘက်က အခုလို ပေါ့ပေါ့လေး ပြောနိုင်ပုံထောက်ရင်တော့ ဆရာဖန်ဆီမှာ အကြံအစည် ရှိပြီးသား ထင်တယ်။ ဒါပေမယ့်အခုကျုပ်တို့ ဘာဆက်လုပ်ရမလဲဆိုတာ မြန်မြန်ပြောမှဖြစ်မယ်။ သူတို့က သိတဲ့အတိုင်း အရှက်မရှိတဲ့လူတွေ။ ကျုပ်တို့က သူတို့ကို မယှဉ်နိုင်တော့ သူတို့ခိုင်းတာ လုပ်ရမလို ဖြစ်နေပြီ . . .”
ဝမ်ဇန်းဟိုသည် ထိုသို့ ပြောလိုက်ပြီးနောက် စိတ်ထဲတွင်လည်း ဖန်ဇီလင်၏ အကြောင်းအားတွေးနေမိသည်။
(ဧကရာဇ်က ဒီလိုဂိုဏ်းကြီးတွေ အကြောင်းကို ဘာလို့ အများကြီး သိနေရတာလဲ။ သူ့ပုံစံက စိတ်ဆိုးနေပေမယ့်အံ့သြတဲ့ အရိပ်အယောင်လည်း မပြဘူး။ သိထားပြီးသလိုတောင် ဖြစ်နေသေးတယ်။ ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာကိုလည်း အစီအစဉ်ချထားပုံပဲ။ ငါကတော့ ဒီလုပ်ငန်းလုပ်လာတာ နှစ်ပေါင်းများစွာ ရှိနေပြီ တစ်ခါမှ ဒီလိုဂိုဏ်းကြီးတွေနဲ့ မဆက်ဆံခဲ့ဖူးဘူး။ ဧကရာဇ်က အသက်အားဖြင့်လည်း တော်တော်ငယ်ဦးမှာပါ။ ဒါဆို ဘာကြောင့်များ အတော်များများ သိနေရတာလဲ မသိဘူး။ ဘယ်လောက်ပဲဉာဏ်ကောင်းပြီး ပါရမီရှိရှိ အတွေ့အကြုံက ငါ့လောက်တောင် ရှိမှာ မဟုတ်သေးဘူး။ ဒါပေမယ့်အခုကြ . . . အံ့သြစရာပါပဲလား . . .)
ထိုကဲ့သို့ တွေးရုံသာ တွေးနေမိသော်လည်း ဝမ်ဇန်းဟို၏ နှုတ်မှ ထုတ်ဖော်၍တော့ မပြောဝံ့ချေ။
ဖန်ဇီလင်သည် လျှို့ဝှက်ဆန်းကြယ်၍ ခန့်မှန်းရခက်သော လူတစ်ဦးဖြစ်မှန်း ဝမ်ဇန်းဟိုသည်ကောင်းစွာ သိထားလေသည်။
“ဝမ် . . . ခင်ဗျား သိပ်လည်း စိုးရိမ်မနေပါနဲ့။ ဒီလိုကိစ္စကို ကျုပ်သိလိုက်ရပြီဆိုတော့ ရင်ဆိုင်ဖို့ နည်းလမ်းကို ရှာရမှာပေါ့။ ကျုပ်တို့ဆီက အခွင့်အရေးယူဖို့ ထင်သလောက် မလွယ်ဘူးဆိုတာကို ပြရမယ်”
ရဲရှောင် ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်သည်။
ဝမ်ဇန်းဟိုလည်း ထိုအခါကြမှသာ စိတ်သက်သာရာ ရသွားလေသည်။
ဝမ်ဇန်းဟိုသည် မည်သို့ကြောင့်ရယ်မှန်းမသိ ဖန်ဇီလင်အား အကြွင်းမဲ့ ယုံကြည်နေမိသည်။ ထိပ်သီးဂိုဏ်းကြီး ၂ ခုစလုံးသည် မော်တယ်ကမ္ဘာတွင် အင်အားအကောင်းဆုံး ဖြစ်ကြသည်။ ဂိုဏ်းနှစ်ခုအနက်တစ်ခုတည်းကိုပင်ချန်နိုင်ငံတော်၏ အင်အားစုများ အားလုံးပေါင်း၍ ရင်ဆိုင်လျှင်ပင်ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ချေ။ ထို့ပြင် ထိုဂိုဏ်းအသီးသီးသည် အထက်ပိုင်း နယ်ပယ်များမှ အထောက်အပံ့ကောင်းများကိုလည်း ရရှိထားကြပါသေးသည်။
အမှန်တကယ်ပင် အင်အားကြီး၍ အစွမ်းထက်လှသော ဂိုဏ်းများ ဖြစ်ကြသည်။ ဝမ်ဇန်းဟိုသည်ဖန်ဇီလင်ထံတွင် ထူးခြားအစွမ်းထက်သည့်ဆေးလုံးများစွာ ရှိနေသည်ကို ရိပ်စားမိသည်။ ဖန်ဇီလင်သည်အဆင့်မြင့် ဆေးပညာရှင် တစ်ဦးဖြစ်သော်လည်း ကျင့်ကြံမှုပိုင်းတွင်မူ အဆင့်နိမ့်နေသေးသည်ဟု ဆိုရပေမည်။ လင်းပါအိုသည်လည်း လျူချန်းဂျန် ပါဝင်လာသည့် အချိန်မှစ၍သာ အင်အားတောင့်တင်းလာခြင်း ဖြစ်သည်။
သို့သော် လျူချန်းဂျန်သည်အစွမ်းထက်ဆုံး ပညာရှင် မဟုတ်သေးပေ။ လျုချန်းဂျန်အနေဖြင့်သာမန်ဂိုဏ်းများအား မမှုသည့်တိုင် နေရောင်ဂိုဏ်းနှင့် ကြယ်ရောင်ဂိုဏ်းတို့ကဲ့သို့ ဂိုဏ်းကြီးများနှင့် ယှဉ်လျှင် အသေးအမွှားသာ ဖြစ်သွားလေသည်။ ထို့ကြောင့် ထိုဂိုဏ်းကြီး ၂ ဂိုဏ်းအား ဆန့်ကျင်မည်ဆိုပါက တောင်နံရံအား ဥနှင့် ပစ်ပေါက်နေသကဲ့သို့ပင်ဖြစ်နေပေလိမ့်မည်။
ထိုသို့ ဖြစ်သည့်တိုင် ဖန်ဇီလင်မှ စိတ်မပူရန် ပြောသောအခါ ဝမ်ဇန်းဟိုသည်လည်း စိတ်ဒုန်းဒုန်းချ၍ နေနိုင်သွားမိသည်။
ရဲရှောင်သည်ဝမ်ဇန်းဟိုအား ကြည့်လိုက်ရင်း –
“ကျုပ်တို့ရဲ့ အထူးခန်းတွေ အကုန်လုံး ပြည့်သွားပြီလား . . .”
“အားလုံး ပြည့်ပြီ။ ၃ ခန်းကိုတော့ အထူးဦးစားပေးတဲ့ လူတွေထားဖို့ စီစဉ်ထားတယ်။ ကောင်းကင်၊ မြေကြီးနဲ့ လူသား အခန်းတွေလေ။ အခန်းမှာ နေရာမရတဲ့ လူတွေကတော့ ရိုးရိုးပွဲကြည့်စဉ်ကပဲ ကြည့်ကြရမှာပေါ့။ မြေကြီးအခန်းနဲ့ လူသားအခန်းကို နေရောင်အခန်းနဲ့ ကြယ်ရောင်အခန်းက စာရင်းသွင်းသွားတာပဲ . . .”
ဝမ်ဇန်းဟိုသည်သွက်သွက်လက်လက်ပင်ဖြေလိုက်သည်။
ရဲရှောင် ခေါင်းညိတ်လိုက်ရင်း –
“ကောင်းကင်အခန်းကရော . . .”
ဝမ်ဇန်းဟိုသည် တအံ့တသြဖြင့် ရဲရှောင်အား ကြည့်လိုက်သည်။ ကောင်းကင်အခန်းနှင့် ပက်သက်၍ ရဲရှောင်သိနေမည်ဟုသာ ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင်ရဲရှောင်မှ ဘာမှ မသိသေးသည့်ဟန်ဖြင့်ပြောနေသည် မဟုတ်ပါလော။
ဝမ်ဇန်းဟိုသည်မျက်မှောင်ကြုတ်လျက်-
“ဆရာဖန်မသိသေးဘူးလား . . .”
“ကျုပ်အထင်အရမော်တယ်ကမ္ဘာတစ်ခုလုံးမှာ ဒီကောင်းကင်အခန်းကို စာရင်းပေးမယ့်လူဆိုလို့ တစ်ယောက်ပဲရှိတယ် . . .”
ရဲရှောင်၏ မျက်လုံးများ အရောင်ဝင်းလက်သွားပြီး –
“ကျုပ်သူ့ကို တွေ့ချင်တယ် . . .”
ဝမ်ဇန်းဟိုသည်တုန်လှုပ်သွားသည့် အမူအယာဖြင့် –
“ကျုပ် . . . ကျုပ်ကတော့ လန့်နေမိတယ်။ ဒါက သိပ်ကို အန္တရာယ်များလွန်းတယ်နော် . . .”
ရဲရှောင်လည်း တည်ငြိမ်သော မျက်နှာထားဖြင့်-
“အခုလက်ရှိ အခြေအနေကိုပဲ ကြည့်စမ်းပါဗျာ။ ကျုပ်တို့တွေ လက်ရှိအကြပ်အတည်းကနေ လွတ်ချင်ရင် အဲဒီလူရဲ့ အရှိန်အဝါကို သုံးရမယ်။ ကျုပ်တို့ဘက်က အချိန်တစ်ခုရောက်လို့ အင်အားကြီးလာတဲ့ အချိန်ကျရင် ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုတော့ပါဘူး။ အခုကတော့ ဒီလိုပဲ လုပ်မှဖြစ်မယ် . . .”
“တွေ့ကြသေးတာပေါ့ ထိပ်သီးဂိုဏ်းကြီး ၂ခု ရာ။လောကကြီးမှာ ဘယ်အရာမှ အလကား မရဘူးဆိုတာကို ပြကြရသေးတာပေါ့ . . .”
ရဲရှောင်၏ မျက်လုံးများထဲတွင်သတ်ဖြတ်လိုသည့်အရိပ်အယောင်များ ဖြစ်ပေါ်လျက်ရှိနေပါတော့သည်။