Chapter – 253
“ဝမ်ဇန်းဟို၏အခက်အခဲ”
ကိစ္စများအားလုံး ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ရဲရှောင်လည်း ပြန်လာခဲ့လိုက်သည်။ လင်းပါအိုတွင် ကျင်းပမည့် လေလံပွဲအတွက် စီစဉ်ရမည့် ကိစ္စများလည်း ရှိနေသေးသည် မဟုတ်ပါလား။ လင်းပါအို ခန်းမသို့ သွားရာ လမ်းတလျှောက်တွင် ရဲရှောင်၏ စိတ်ထဲ၌ အတွေးပေါင်းများစွာ ဖြစ်ပေါ်နေမိသည်။
ပိုင်ရှင်းယွဲ့၏ အမွေအနှစ်သွေးကြောသည် အမှန်တကယ်ပင်စွမ်းအားကြီးမားလှပြီးထူးဆန်းသော ချီဓာတ်တစ်မျိုးလည်း ရှိနေသည်။ ရဲရှောင်ကိုယ်တိုင်ပင်ထိုစွမ်းအင်နှင့်နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ရသည်။ သူ့အနေဖြင့်အမွေအနှစ်သွေးကြောထဲရှိ ချီဓာတ်အား စုပ်ယူ၍ အသုံးပြုကောင်း ပြုနိုင်လိမ့်မည်ဟု ထင်မိသည့်တိုင် အတပ်တော့ မပြောနိုင်သေးချေ။ ရဲရှောင်စဉ်းစားရင်းဖြင့်ခေါင်းရှုပ်လာမိသည်။
ကုသနေရင်းဖြင့်ထိုကဲ့သို့အဆင့်မြင့်သည့်စွမ်းအင်တစ်ခုနှင့် ရင်ဆိုင်ရမည်မှန်း ရဲရှောင်မထင်ထားခဲ့မိချေ။
ထိုအမွေအနှစ်သွေးကြောသည် အစွမ်းထက်လွန်းလှသည့်အတွက်ချင်းယန်နယ်ပယ်မှ မဟုတ်နိုင်ပေ။
ရဲရှောင်သည်ရှောင်ဧကရာဇ်ဘဝတွင်ချင်းယန်နယ်ပယ် တစ်ခုလုံး၌ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည့် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ခဲ့သည်။သို့သော် အစွမ်းအထက်ဆုံး မဟုတ်ခဲ့ချေ။ ချင်းယန်နယ်ပယ်၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိရန် အနည်းငယ် အလှမ်းကွာနေပါသေးသည်။ ထို့ကြောင့် ချင်းယန်ထက် ပို၍ အဆင့်မြင့်သည့်နယ်ပယ်များကိုမူ ပို၍ပင် အလှမ်းကွာဝေးနေသေးသည်ဟု ဆိုရပေမည်။
သို့သော်ရဲရှောင်အနေဖြင့်ပိုင်ရှင်းယွဲ့ထံတွင်ရှိနေသော ထူးခြားဆန်းကြယ်သည့်စွမ်းအင်အား အဘယ့်အတွက်ကြောင့် ရင်းနှီးနေသည်ဟု ခံစားနေရမှန်း မစဉ်းစားတတ်အောင်ပင်ဖြစ်နေခဲ့သည်။
လင်းပါအိုသို့ သွားရာ လမ်းတလျှောက်တွင်ထိုကိစ္စနှင့် ပက်သက်၍ အဖြေထုတ်နေမိခဲ့သော်လည်း အချည်းနှီးပင်ဖြစ်သည်။
လေလံခန်းမသို့ ရောက်သည့်အခါ ဆက်လက် စဉ်းစားနိုင်ခြင်း မရှိတော့ပေ။ အဆိုပါ သွေးကြောသည်မည်မျှအထိ စွမ်းအားကြီးနေစေကာမူ လက်ရှိတွင်လေလံပွဲထက်အရေးမကြီးသေးသဖြင့် နောက်မှသာ စဉ်းစားမည်ဟုတွေးလိုက်မိသည်။
လင်းပါအိုခန်းမတွင် လေလံပွဲကျင်းပတော့မည် ဖြစ်သဖြင့် အင်အားစုများအားလုံး မြို့ထဲသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ခန်းမသို့လာရာ လမ်းတလျှောက်တွင် သူ၏အစွမ်းအစ မည်မျှရှိကြောင်း ဝိညာဉ်တော်စွမ်းအားများဖြင့် အကဲခတ်ခြင်းများကိုလည်း အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်။ထိုကဲ့သို့ အကဲခတ်နိုင်သူများ အားလုံးသည်လည်း ကောင်းကင်အဆင့် ပညာရှင်များသာ ဖြစ်ကြသည်။
လင်းပါအိုတွင်လေလံတင်ရောင်းချမည့် ဆေးလုံးများအား အင်အားစုများမှ စိတ်ဝင်စားမှု အပြည့်ရှိ
နေကြသည်မှာ အမှန်ပင်ဖြစ်သည်။
ထို့ကြောင့် ထိုအင်အားစုများသည်လင်းပါအိုအား မျက်ခြေမပြတ် အကဲခတ်နေကြခြင်းဖြစ်သည်။ခန်းမအတွင်းသို့ ဝင်သည်ဖြစ်စေ၊ ထွက်သည်ဖြစ်စေ အာရုံစိုက်၍ အကဲခတ်နေကြလေသည်။ သူတို့အားကျော်၍ အခွင့်ကောင်းယူမည့် မည်သူ့ကိုမဆို လက်မခံချင်ကြချေ။ ထို့ကြောင့်ပင် လူအဝင်အထွက်အထိ ဂရုစိုက်၍ စစ်ဆေးနေကြခြင်း ဖြစ်သည်။
ထိုလူများသည် ဆာလောင်နေသော ဝံပုလွေများကဲ့သို့ပင်မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။
ရဲရှောင် သက်ပြင်းချလိုက်ရင်း စိတ်မကောင်းဖြစ်မိသွားသည်။ ထိုလူအများစုသည် ချန်နိုင်ငံတော်တွင်နေထိုင်ပေါက်ဖွားလာကြသည့်လူများဖြစ်ကြပြီး လူပေါင်းေထာင်သောင်းချီအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်ကြသည့် အဆင့်မြင့် ပညာရှင်များ ဖြစ်ကြသည်။ သို့သော်ယခုကဲ့သို့ ချန်နိုင်ငံတော် အန္တရာယ်များဖြင့် ဝိုင်းနေသည့် အချိန်မျိုးတွင် အကူအညီပေးရန် ထွက်လာခြင်း မရှိခဲ့ကြချေ။ ထိုလူများအား မျိုးချစ်စိတ် မရှိသည့် လူများဟု ရဲရှောင် သတ်မှတ်လိုက်မိသည်။
ထိုလူများသည် မိမိနိုင်ငံအတွက် ကောင်းကျိုးမပြုဘဲ သာမန်လူများလိုပင် နေထိုင်ခဲ့ကြသည်။သို့သော် လောဘကြီးသည့် နေရာတွင်မူ သာမန်လူများထက်ပင်ပို၍ လောဘကြီးကြလေသည်။
နိုင်ငံပတ်လည်တွင်စစ်ပွဲများ ဖြစ်ပွားနေခဲ့ပြီး ပြည်သူများ အဖိနှိပ်ခံနေရသည့် အချိန်မျိုးတွင်ပင်အိမ်ထဲမှ အိမ်ပြင် မထွက်ခဲ့ကြချေ။ နိုင်ငံ့အရေးသည်၎င်းတို့၏ အရေးမဟုတ်သည့်အလား မဆိုင်သလိုပင် နေခဲ့ကြသည်။
လင်းပါအိုမှ တန်ဖိုးကြီးမားလှသည့်ပစ္စည်းများ ထုတ်ရောင်းမည်ဆိုမှသာ သားကောင်း၏ အနံ့ရသော ဝံပုလွေများကဲ့သို့ အလျှိုလျှိုပင်ထွက်လာကြခြင်း ဖြစ်သည်။ အလိုရှိသည့် ပစ္စည်းဟူသမျှ ရအောင်ယူမည်ဟုလည်း စိတ်ပိုင်းဖြတ်ထားကြသည့် ပုံပင်။
လေလံပွဲပြီးဆုံးသွားသည့်အခါ ထိုလူများသည် လေနှင့်အတူ ပျောက်ကွယ်သွားဦးမည် ဖြစ်သည်။ အလိုရှိသည့်အရာ ထပ်မံမပေါ်လာမချင်းပုန်းအောင်းနေကြဦးမည်ဖြစ်သည်။
“ကိုယ့်အကျိုးအမြတ်အတွက်ကလွဲရင် ကျန်တာ ဘာမှ စိတ်မဝင်စားတဲ့ လူတွေပါလား . . .”
ရဲရှောင် စိတ်ပျက်လက်ပျက်ဖြင့်ခေါင်းခါယမ်းရင်း တွေးမိလိုက်သည်။
(အင်အားကြီးလေ ပိုပြီး တာဝန်ကျေလေ ဖြစ်ရမှာပေါ့။ ဒါပေမယ့်သူတို့ကတော့ အဲ့ဒါတွေကို နားလည်ပုံလည်း မရပါဘူး။ ဒီလိုဆိုမှတော့ သူတို့အိတ်ထဲက ငွေစတွေကို တတ်နိုင်သမျှ ကုန်အောင် လုပ်ပေးရမယ်။ လေလံပွဲမှာ မွဲဖို့သာ ပြင်ထားကြ . . .)
ရဲရှောင်လည်း တစ်ကိုယ်တည်းတွေးရင်း လင်းပါအို ခန်းမအတွင်း ဝင်သွားလေသည်။
သူ့အား မြင်သောအခါ တံခါးတစ်ဖက်တစ်ချက်ဆီမှ အစောင့်များမှ “ဧကရာဇ်” ဟုခေါ်ရင်း ခါးညွှတ်၍ အရိုအသေ ပြုလိုက်ကြသည်။
ရဲရှောင်လည်း ခေါင်းညိတ်ပြလိုက်ရင်း အထဲသို့ ဝင်သွားလိုက်သည်။
အစောင့်များမှ “ဧကရာဇ်” ဟု ခေါ်လိုက်သည့် အသံအား စောင့်ကြည့်နေကြသည့် လူများအားလုံး ကြားလိုက်ကြသည်။ ရဲရှောင်အား ကြည့်ရင်း ထိုလူများ၏ စိတ်ထဲတွင် –
(ဒါက လင်းပါအိုခန်းမရဲ့ ပိုင်ရှင်အစစ်အမှန် ဖြစ်မယ်ထင်တယ်။ ဝမ်ဇန်းဟိုပြောတဲ့ သူ့ထက်ပိုပြီး အရေးပါအရာရောက်တဲ့ ဖန်ဇီလင်ဆိုတဲ့ လူကြီးပဲ ဖြစ်ရမယ် . . .)
ရဲရှောင် ခန်းမအတွင်းသို့ ရောက်သည့်တိုင် မည်သူမျှ သူ့အား ခရီးဦးကြို မပြုသည်ကို အံ့သြဖွယ် မြင်တွေ့လိုက်ရသည်။ သို့သော်ရဲရှောင် အပြစ်မမြင်မိချေ။ လင်းပါအိုခန်းမအတွင်းရှိ လူများအားလုံးလေလံပွဲအတွက်ပျားပန်းခတ် အလုပ်များနေကြမည်မှာ အသေအချာပင်ဖြစ်သည်။ လျူချန်းဂျန်၏ လူများပင် ကူညီပေးနေကြရသည်။
လူတိုင်း အလုပ်များနေကြသဖြင့် ရဲရှောင်အား ဦးကြိုဆိုနှုတ်ဆက်မည့် လူဟူ၍ မရှိချေ။ ရဲရှောင်လည်း စိတ်အေးလက်အေးဖြင့်ပင်ဆက်လျှောက်သွားလိုက်သည်။
ထိုအချိန်တွင်အသားချင်းထိသံအချို့ ကြားလိုက်ရပြီး ခပ်ပြင်းပြင်းလျှောက်လာသည့်ခြေသံကိုပါ ကြားလိုက်ရသည်။
လာနေသူသည် ဝမ်ဇန်းဟိုပင်သေချာပေါက်ဖြစ်လိမ့်မည်ဟု ရဲရှောင် တွက်ဆမိလိုက်သည်။
ခြေလှမ်းများသည် တောင်များ ရွေ့လျားနေသည့်အလား ပတ်ဝန်းကျင် တစ်ခုလုံးအား တုန်ခါစေလျက်ရှိသည်။ ဝမ်ဇန်းဟိုမှလွဲ၍ ထိုကဲ့သို့သောခြေသံမျိုး မည်သူမျှလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ရဲရှောင်သည် ဝမ်ဇန်းဟို၏ အဝလွန်နေသော ခန္ဓာကိုယ်အကြောင်းအား စဉ်းစားနေမိပြီး ယခင်ရှောင်ဧကရာဇ်ဘဝမှာပင်ထိုခြေသံမျိုး တုပ၍ မလုပ်နိုင်လောက်ဟုပါ တွေးမိလိုက်သည်။
ရဲရှောင်ခန့်မှန်းထားသည့်အတိုင်း လူဝကြီး ဝမ်ဇန်းဟိုသည်ရောက်ရှိလာချေပြီ။ လင်းပါအိုခန်းမအတွင်းရှိ လျှောက်လမ်းသည် လူ ၆ ယောက်စာခန့် ယှဉ်တွဲ၍ လျှောက်နိုင်သည့်တိုင် ဝမ်ဇန်းဟိုမှာမူ နံရံနှင့် လက်မောင်းများ ထိကပ်ရင်း ကြပ်ကြပ်တည်းတည်းဖြင့်လျှောက်လာနေရသည်။
ထို့ကြောင့် နံရံနှင့်အသားများ ပွတ်တိုက်၍ ထွက်လာသည့်အသံများလည်း ထွက်ပေါ်လျက်ရှိသည်။
ဝမ်ဇန်းဟို၏ ခန္ဓာကိုယ်ပေါ်ရှိ အသားစိုင်များသည် လမ်းလျှောက်လိုက်သည့်အခါတိုင်း လှိုင်းများသဖွယ်တုန်ခါနေလေသည်။ မြင်ရသူအပေါင်းအဖို့ ထူးဆန်းအံ့ဩဖွယ်မြင်ကွင်းတစ်ခုပင်ဖြစ်သည်။
စကြဝဠာအတွင်း မည်သူမျှ ဝမ်ဇန်းဟိုကဲ့သို့ မဝနိုင်ဟု ရဲရှောင်မှတ်ချက်ပြုမိလိုက်သည်။
ရဲရှောင်သည်ဝမ်ဇန်းဟိုအား မကြာခဏ မြင်တွေ့ဖူးသည့်တိုင် ယခုကဲ့သို့ အသားများ လှိုင်းထ၍ လျှောက်လာသည်ကို မြင်လိုက်ရသောအခါ မျက်တောင်မခတ်တမ်းပင်ငေးကြည့်နေမိသည်။ လက်ဖျားခါလောက်အောင်ပင်ဝလွန်းသော ဝမ်ဇန်းဟိုအား ကြည့်ရင်း စိတ်ထဲတွင် အံ့သြနေမိလျက်ရှိသည်။
“ဆရာဖန် . . . ဆရာဖန် . . . ခင်ဗျား ရောက်လာပြီပေါ့ . . .”
ဝမ်ဇန်းဟိုသည်စည်ပိုင်းကြီးသဖွယ်တစ်လိမ့်ချင်း လိမ့်လာရင်း ပြောလိုက်သည်။ သူ၏ မျက်နှာမှ အရေပြားများသည်လည်း တုန်ခါလျက်ရှိပြီး ရဲရှောင်အား မျက်လုံးပြူး၍ပင်ကြည့်နေပါသေးသည်။
“ဘာများဖြစ်လို့လဲ ဝမ် . . .”
ရဲရှောင် မေးလိုက်သည်။
“ကျုပ်တို့ ဒုက္ခတွေ့နေတယ်ဗျ . . .”
ဝမ်ဇန်းဟို စိတ်ကျဉ်းကြပ်ေနသည့် အမူအယာဖြင့် ပြောလိုက်သည်။
“ကျုပ်တို့တွေကို ဆရာဖန်ခင်ဗျားမြင်တဲ့အတိုင်းပဲ အလုပ်များနေကြတာ။ ဟိုလူတွေကလည်း ကျုပ်တို့ကို သေမင်းတွေလိုပဲ စောင့်ကြည့်နေကြတယ်။နောက်ပြီး ထိပ်သီးဂိုဏ်းကြီး ၂ခု ကျုပ်ဆီရောက်လာကြတယ်။ သူတို့အတွက် ထူးခြားအစွမ်းထက် ဆေးလုံးတွေ ချန်ထားခိုင်းတယ်ဗျ။ နောက်ပြီး မျိုးနွယ်စုကြီး ၈ ခုကလည်း ရောက်လာကြသေးတယ်။ သူတို့ကတော့ နှုတ်က ထုတ်မပြောကြပါဘူး။ ဒါပေမယ့်သူတို့လည်း အဲဒီလို တောင်းဆိုမှုမျိုးပဲ လုပ်ချင်နေကြတာ ဖြစ်မယ် . . .”
“ထိပ်သီးဂိုဏ်း ၂ ဂိုဏ်း ဟုတ်လား . . . ဘယ်ဂိုဏ်းတွေများလဲ . . .”
ရဲရှောင် မျက်မှောင်ကြုတ်လျက် တည်ငြိမ်စွာဖြင့်ပင်မေးလိုက်ပါတော့သည်။