Chapter – 252
“နူးညံ့မှု”
“ခင်ဗျားရဲ့ လက်ရှိမိဘတွေကလည်း အမှန်တရားကို သိနေခဲ့ကြမယ်လို့ ကျုပ်ထင်တယ်။ ခင်ဗျားက သူတို့သမီးအရင်း မဟုတ်ဘူး ဆိုတာကိုပေါ့။ နောက်ပြီး အခုဆို သူတို့က သေသွားကြပြီ မဟုတ်လား။ အဲ့ဒါကို ခင်ဗျားက ဘာတွေစိုးရိမ်နေတာလဲ၊ အမြင်ကျယ်စမ်းပါဗျာ . . .”
ရဲရှောင် အားမလို အားမရပင်ပြောလိုက်သည်။
“သူတို့ ကျွန်မကို အပြစ်မတင်ဘူး ဆိုတာလည်း ကျွန်မသိပါတယ်။ ဒါပေမယ့်ကျွန်မကတော့ ကိုယ့်ဝတ္တရားအတိုင်း ကိုယ်ပြုမူနေထိုင်ရမှာပဲ . . .”
“သူတို့ မရှိကြတော့ပေမယ့်တမလွန်ကနေ ကျွန်မကိုကြည့်ပြီး နာကျင် ခံစားနေရမယ့်အဖြစ်မျိုး ကျွန်မ မလိုလားဘူး . . .”
“ကျွန်မ . . . ဘာလုပ်ရမှန်းကို မသိတော့ပါဘူး . . .”
ပိုင်ရှင်းယွဲ့ သက်ပြင်းချရင်း ပြောလိုက်သည်။
“ကျုပ်နားလည်ပါတယ် . . .”
ရဲရှောင် နှစ်သိမ့်ပေးလိုက်သည်။
“ကျွန်မတို့ ပြန်စကြတော့မလား . . .”
ပိုင်ရှင်းယွဲ့သည်ရဲရှောင်အား ကြည့်ရင်း မေးလိုက်သည်။ ထိုအချိန်တွင်ပိုင်ရှင်းယွဲ့၏ မျက်နှာတစ်ခုလုံးသည်နီရဲသွားသည်။
အဘယ့်ကြောင့်ဆိုသော်ရဲရှောင်၏ လက်တစ်ဖက်သည် သူ၏ ဗိုက်အား ထိထား၍ ကျန်လက်တစ်ဖက်မှာမူ တင်ပါးအား ကိုင်ထားသောကြောင့်ပင်ဖြစ်သည်။ ထို့ထက်ပို၍ အရေးကြီးသည့် အချက်မှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်ရဲရှောင်၏ ရင်ခွင်ထဲသို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။
သူ့ဘက်မှစ၍ ရဲရှောင်ထံ လဲကျသွားခဲ့ခြင်း ဖြစ်ကြောင်းလည်း ပိုင်ရှင်းယွဲ့ ပြန်လည်အမှတ်ရသွားသည်။
ထို့ကြောင့်ကပျာကယာပင်ရုန်းထလိုက်ရင်း တင်ပျဉ်ခွေအနေအထားဖြင့်ထိုင်လိုက်သည်။ သူ၏ ရင်ခုန်သံများသည်လည်း အတိုင်းမသိ မြန်ဆန်လာခဲ့သည်။ သို့သော်ယခုအကြိမ်တွင်မူ ရဲရှောင်အပေါ်ဒေါသထွက်သည့်ခံစားချက်မျိုး မခံစားရတော့ပေ။
. . .
နောက်ထပ် ၆ နာရီမျှ ကြာသည်အထိ ရဲရှောင်သည် ပိုင်ရှင်းယွဲ့၏ ကိုယ်တွင်းမှ အအေးစွမ်းအင်များ အား စုပ်ယူပေးနေခဲ့သည်။ ညအချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည့်တိုင် ပိုင်ရှင်းယွဲ့ထံမှ စွမ်းအင် ၁၀ ရာခိုင်နှုန်းခန့်သာ စုပ်ယူ၍ ပြီးစီးသေးသည်။
အမှန်တကယ်တွင်မူ ၁၀ ရာခိုင်နှုန်းပင် ရှိချင်မှ ရှိပေလိမ့်မည်။
ပိုင်ရှင်းယွဲ့အား ကုသပေးရခြင်းသည်ဝမ်ရမ်ချူးချူးထက်ပင်များစွာ ခက်ခဲနေလေသည်။
အကယ်၍ ရဲရှောင်သည်သာ ကောင်းကင်အဆင့်သို့ရောက်ရှိခြင်း မရှိသေးပါက ပိုင်ရှင်းယွဲ့၏ ရေခဲချီဓာတ်များမှ တုံ့ပြန်မှုအား ကောင်းစွာ ထိန်းချုပ်နိုင်မည် မဟုတ်ချေ။
“နောက်နေ့မှ ပြန်စကြတာပေါ့ . . .”
“တစ်နေကုန်ကြီးဆိုတော့ ရှင်လည်း ပင်ပန်းနေရော့မယ်။ မနက်ဖြန်လည်း လေလံပွဲက ရှိသေးတယ် မဟုတ်လား။ အဲ့ဒါကြောင့်ရှင်အနားယူလိုက်ပါတော့ . . .”
ပိုင်ရှင်းယွဲ့၏ အသံသည် ယခင်ကကဲ့သို့ အေးစက်စက် အသံမျိုး မဟုတ်တော့ဘဲ နူးညံ့ချိုသာလျက်ရှိသည်။
အကယ်၍ အဆိုပါ မြင်ကွင်းအား ဝမ်ရမ်ချုးချုးသာ မြင်သွားခဲ့မည် ဆိုပါက အံ့သြလွန်းသဖြင့် ငုတ်တုပ်ပင် မေ့သွားနိုင်လေသည်။ အဘယ့်ကြောင့်ဆိုသော်ဆရာဖြစ်သူသည်ရဲရှောင်နှင့်တွေ့မှ အလွန်မိန်းမဆန်နေခဲ့ပြီ မဟုတ်ပါလော။
သို့သော် မိန်းမကျမ်းမကြေသည့်ရဲရှောင်မှာမူ ပိုင်ရှင်းယွဲ့၏ပြောင်းလဲမှုအား သတိမပြုမိချေ။
“ဟုတ်တယ် . . . နောက်နေ့မှ ဆက်လုပ်ကြတာပေါ့ . . .”
ရဲရှောင်သွက်သွက်လက်လက်ပင်ပြောလိုက်သည်။
ထို့နောက် ရဲရှောင်သည်မတ်တတ်ထ၍ အခန်းအပြင်သို့ ထွက်ရန်ဟန်ပြင်လိုက်သည်။ သူ၏ ပုံစံသည်လောင်အိမ်ထဲမှ ပျံသန်းသွားသည့်ဌက်တစ်ကောင်အလား ယခုမှပင် လွတ်လပ်ပေါ့ပါးသွားသည့်ပုံစံမျိုးပင်ဖြစ်နေလေသည်။
ပိုင်ရှင်းယွဲ့လည်း ရဲရှောင်အား ငေးကြည့်နေရာမှ သူ၏ အဝတ်အစားများအား သပ်သပ်ရပ်ရပ်ဖြစ်စေရန်ပြင်ဆင်လိုက်သည်။
ထို့နောက် ရဲရှောင်၏ အရှေ့မှ အခန်းအပြင်ဘက်သို့ အရင်ဦးစွာ ထွက်သွားလေသည်။
သူ့ထက်ဦးအောင်ပင်ထွက်သွားသော ပိုင်ရှင်းယွဲ့အား ကြည့်ရင်း ရဲရှောင်၏ စိတ်ထဲတွင်-
(ဘာလဲဟ . . . ငါ့မှာတော့ သူ့ရဲ့ ရောဂါကို အားသွန်ခွန်စိုက် ကုပေးနေလိုက်ရတာ။ အနည်းဆုံးတော့ ငါ့ကို ကျေးဇူးတင်စကား ပြောသင့်တယ် မဟုတ်ဘူးလား။ အခုကျတော့ ဘာမှ မဖြစ်ခဲ့သလိုပဲ အေးအေးဆေးဆေးနဲ့ ငါ့ထက်ဦးအောင်ကို ထွက်သွားတယ်။ ဘယ်လိုမိန်းမလဲဟ။ လူတွေနဲ့ ဘယ်လိုပေါင်းသင်း ဆက်ဆံရမယ်ဆိုတာကို မသိဘူးထင်တယ် . . .)
ဝမ်ရမ်ချူးချူးသည် အပြင်ဘက်တွင် လက်ပိုက်လျက် ရှေ့မှနောက်သို့ လျှောက်နေသည်။ ရဲရှောင်တို့ ကုသနေသည့် အခန်းအား အချိန်ပြည့် ကြည့်နေရင်း ရင်ထဲတွင်လည်း စိုးရိမ်စိတ်များ ဖြစ်ပေါ်လျက်ရှိသည်။
ထိုအချိန်တွင်အခန်းအပြင်ဘက်သို့ ရဲရှောင်တို့ ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ဝမ်ရမ်ချုးချုးလည်း အပြေးတပိုင်း သွားလိုက်ရင်း –
“ဘယ်လိုလဲ . . . အလုပ်ဖြစ်ရဲ့လား၊ အဆင်ပြေတယ် မဟုတ်လားဟင် . . .”
ထိုကဲ့သို့ မေးနေရင်းဖြင့် ရဲရှောင်တို့၏ မျက်နှာများအား စိုးရိမ်ပူပန်နေသော အကြည့်များဖြင့်ကြည့်လျက်ရှိသည်။
“အင်း . . .”
ရဲရှောင် သက်ပြင်းချလိုက်ရင်း –
“ငါ အကောင်းဆုံးတော့ ကြိုးစားပေးခဲ့တာပဲ။ ဒါပေမယ့်. . .”
“ဒါပေမယ့်. . . ဘာ ဒါပေမယ့်လည်းဆက်ပြောလေ။ ဘာလဲ . . . ရှင်ကုပေးတာ အလုပ်မဖြစ်ဘူးလား၊ ဘယ်လိုဖြစ်လို့လဲ၊ ကျွန်မကိုတောင် အလုပ်ဖြစ်ခဲ့တယ် မဟုတ်လား။ ကျွန်မဆရာကိုကြတော့ ဘာမှလုပ်လို့ မရခဲ့ဘူးလား။ ရှင်ကြိုးစားခဲ့တယ်ဆိုတာကရော တကယ်ရော ဟုတ်ရဲ့လား . . .”
ဝမ်ရမ်ချူးချူးတစ်ယောက်ရေပက်မဝင်အောင်ပင်တရစပ်မေးနေမိသည်။ ထိုကဲ့သို့ မေးနေရင်းဖြင့် ငိုသံပင် အနည်းငယ် ပေါက်သွားေလသည်။
“ဟင် . . . ဘာလဲ၊ ငါဘာပြောရသေးလို့လဲ။ ငါ့ဟာငါ သက်ပြင်းချရုံပဲ ရှိတာပါဟ။ အလုပ်မဖြစ်ဘူး လို့ မပြောမိပါဘူး။ မင်းကလေ ဘာမှတောင်မပြောရသေးဘူး အဆိုးဆုံးကို ကြိုတွေးနေတော့တာပဲ”
ငိုတော့မည့်ဟန်ပြင်နေသည့်ဝမ်ရမ်ချူးချုးအား ကြည့်ရင်း ရဲရှောင်ထပ်မစဝံ့တော့ပေ။ ထို့ကြောင့် ခပ်မြန်မြန် ရှင်းပြလိုက်ခြင်း ဖြစ်သည်။ ဝမ်ရမ်ချူးချူးသည် စိတ်မြန်လက်မြန် ရှိသော လူတစ်ဦးပီပီ မထင်လျှင်မထင်သလို တိုက်ခိုက်လာနိုင်ပေသည်။ ရဲရှောင်မှာမူ လက်ရှိအချိန်တွင် အားအင်ကုန်ခမ်းနေသဖြင့်ဝမ်ရမ်ချုးချုးအားကောင်းစွာ ရင်ဆိုင်နိုင်ဦးမည် မဟုတ်ချေ။ ထို့ကြောင့် အလျင်အမြန်ပင်ရှင်းပြလိုက်ခြင်း ဖြစ်သည်။
“အာ . . . ဒါဆို အလုပ်ဖြစ်တယ်ပေါ့ . . . ကောင်းလိုက်တာ၊ တကယ်ကောင်းတယ်။ ကျွန်မ သိနေသားပဲ။ အလုပ်ဖြစ်မှာပါဆို . . .”
ဝမ်ရမ်ချူးချူးသည်ရယ်မောလိုက်ရင်း ပျော်ရွှင်ကျေနပ်သွားသည့်အသံဖြင့်ပြောလိုက်သည်။
ရဲရှောင်သည်ချုးချုးအား ကြည့်ရင်း အံ့သြသွားမိသည်။ အပြောင်းအလဲ မြန်လွန်းလှသော မိန်းမ များ၏ စိတ်အား နားမလည်နိုင်အောင်ပင်ဖြစ်နေခဲ့သည်။
(မင်းက တော်တော်ကို အပြောင်းအလဲ မြန်တာပဲ။ ပထမတုန်းကကြ ငိုတော့မယ့်ပုံနဲ့ စကားတွေ တရစပ်ပြောနေလိုက်တာ။ အခုကြ ချက်ချင်းပဲ သူမဟုတ်တဲ့အတိုင်း ရယ်သွားပြန်ပြီ။ မိန်းမတွေများ ဘယ်လိုတောင်လဲကွာ . . .)
“အလုပ်ဖြစ်တယ်ဆိုတော့ သိပ်မကြာခင် ပြန်ကောင်းတော့မှာပေါ့နော်။ ဒါနဲ့ အလုပ်ဖြစ်တယ်ဆိုရင် ရှင်က ဘာလို့ သက်ပြင်းတွေ ချနေရတာလဲ။ ဘာလဲကျွန်မကို စမလို့ မဟုတ်လား။ ဒီလိုလုပ်တာ ရယ်စရာ မကောင်းဘူးနော် . . .”
ဝမ်ရမ်ချူးချူးသည် ဆရာဖြစ်သူ၏ရောဂါဝေဒနာများ လုံးဝဥသုံ ပျောက်ကင်းသွားပြီဟု ထင်မြင်နေမိခြင်း ဖြစ်သည်။ ထို့ကြောင့် အတိုင်းမသိ ပျော်ရွှင်သွားခဲ့မိသည်။ သို့သော် ရဲရှောင်မှ စနောက်နေသည့်အမူအယာဖြင့်ပြောခဲ့သည့် အကြောင်းအား စဉ်းစားမိသွားသောအခါ ရုတ်တရက် ဒေါသထွက်သွားခဲ့သည်။ ရဲရှောင်မှ အလျင်အမြန် ရှင်းပြလိုက်၍သာ အရိုက်မခံလိုက်ရခြင်း ဖြစ်သည်။
“မင်းက ဘယ်လိုဖြစ်လို့ စိတ်မြန်လက်မြန် ဖြစ်နေရတာလဲ။ ငါ့ဟာငါ တွေးမိတာကို သက်ပြင်း ချလိုက်တာလေ။ အလုပ်ဖြစ်တာတော့ မှန်တယ်။ ဒါပေမယ့်ထင်သလောက် မဖြစ်ခဲ့ဘူး။ မင်းကို ငါကုသ ပေးခဲ့ရတာထက် အဆပေါင်းများစွာ ပိုခက်တယ်ကွ . . .”
ရဲရှောင် စိတ်မရှည်သည့်ဟန်ဖြင့်ပြောလိုက်သည်။
“ဟင် . . . ဘယ်လိုလဲ။ ကျွန်မကိုတော့ ကုနိုင်ပြီး ကျွန်မ ဆရာကြမှ ဘာလို့ အလုပ်သိပ်မဖြစ် ရတာလဲ . . .”
ဝမ်ရမ်ချုးချုးသည်နားမလည်နိုင်သည့်မျက်ဝန်းများဖြင့်ရဲရှောင်အား ကြည့်ရင်းမေးလိုက်သည်။
“မင်းနဲ့ မင်းဆရာရဲ့ ရောဂါက အခြေအနေချင် မတူဘူးကွ။ မင်းရဲ့ ဆရာက ကျင့်ကြံမှု အရမ်းအဆင့်မြင့်တယ်လေ။ အဲဒါကြောင့် ငါအချိန်တိုအတွင်း ကုပေးနိုင်မှာ မဟုတ်ဘူး။ လေးငါးခြောက်ခါလောက်ေတာ့ ကုရဦးမှာ သေချာတယ်။ ရက်နည်းနည်းတော့ ကြာဦးမှာပေါ့ကွာ . . .”
ပိုင်ရှင်းယွဲ့လည်း ခေါင်းညိတ်ပြလိုက်ရင်း –
“ဟုတ်တယ် . . . ဆရာဖန်ရဲ့ ကုသနိုင်စွမ်းကတော့ အံ့သြစရာပါပဲ။ လုံးဝ ပျောက်ကင်းနိုင်ဖို့ထိ ဆိုရင်တော့ အချိန်တိုအတွင်း မရနိုင်လောက်ဘူး . . .”
ပြောနေရင်း သူ၏ စိတ်ထဲတွင်တစ်စုံတစ်ခုအားတွေးလိုက်မိသည့်အတွက်ငေးငိုင်သွားမိသည်။ စိတ်နှင့်ကိုယ်မကပ်တော့သလိုပင်ဖြစ်သွားပြီး မျက်ဝန်းများတွင်မျက်ရည်များပင်စို့သွားခဲ့သည်။
ဆရာဖြစ်သူ၏ အမူအယာအား ကြည့်ရင်း ဝမ်ရမ်ချူးချူး၏ စိတ်ထဲတွင်နားမလည်နိုင်အောင်ပင်ဖြစ်သွားခဲ့သည်။
(ဆရာ ဒီလိုပုံစံဖြစ်တာ ဒါ ပထမဆုံး မြင်ဖူးတာပဲ။ ကြည့်ရတာ သူ့စိတ်ထဲ အများကြီး စဉ်းစားနေတာထင်တယ်။ ဟိုဟိုဒီဒီ ကိစ္စမျိုးတော့ မဟုတ်လောက်ဘူး။ ဖန်ဇီလင် တစ်ခုခု လုပ်လိုက် တာလည်း မဖြစ်နိုင်ပါဘူး၊ ဒါဆို ဘာများ ဖြစ်မလဲ။ ငါ့ဆရာကို ဒီလို စိတ်နဲ့ကိုယ် မကပ်တော့လောက်အောင်အထိ ခံစားစေတာ ဘာများလဲ။ အခုမှ ကုသမှုကို ခံယူပြီးကာစဆိုတော့ ကုသမှု ခံနေတဲ့ အချိန်တုန်းက ဘာများ ဖြစ်ခဲ့လို့လဲ . . .)
ပိုင်ရှင်းယွဲ့သည်မည်သည့်စကားမျှ ဆက်မပြောတော့သဖြင့် ဝမ်ရမ်ချူးချူးဘက်မှဖွင့်ဟ၍ မေးမြန်းရန် မစွမ်းသာ ဖြစ်နေပါတော့သည်။