Chapter – 251
“ပဟေဠိဆန်သော ပုစ္ဆာ”
ပိုင်ရှင်းယွဲ့သည် လိမ္မာပါးနပ်သည့် လူတစ်ယောက် ပီပီ ဖန်ဇီလင်၏ စိတ်ထဲတွင်မည်ကဲ့သို့တွေးနေသည်ကို ရိပ်စားမိလိုက်သည်။ သူကိုယ်တိုင်သည်လည်း မည်သည့်စွမ်းအင်ဖြစ်မှန်း မသိချေ။ ထုိ့ကြောင့် တုန်ယင်နေသော အသံဖြင့် –
“ကျွန် . . . ကျွန်မလည်း မသိဘူး . . .”
ပိုင်ရှင်းယွဲ့၏ ခန္ဓာကိုယ်သည် အနည်းငယ် ယောင်ကိုင်းနေသကဲ့သို့ ဖြစ်နေသည်။ မတ်တပ်ရပ်နေရင်းဖြင့်ကြိုးပျက်သွားသည့်လေတံခွန်အလား ရဲရှောင်၏ ရင်ခွင်ထဲသို့ ပုံရက်သား လဲကျသွားပြန်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများသည်နေရာအပြည့်ယူထားလေသည်။
ပိုင်ရှင်းယွဲ့ကိုယ်တိုင်ပင်သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော ထူးဆန်းသည့်စွမ်းအင်တစ်မျိုးအား ထိတ်လန့်နေမိသည်။
“ခင်ဗျား ဘယ်လိုခံစားနေရလဲဆိုတာ အတိအကျ ပြောစမ်းပါ . . .”
ရဲရှောင်သည်ပိုင်ရှင်းယွဲ့အား ဖေးမထားရင်း မေးလိုက်သည်။
ပိုင်ရှင်းယွဲ့သည် အကြောသေနေသူ တစ်ဦးကဲ့သို့ပင်ရဲရှောင်အား မှီထားရသည်။ ရဲရှောင်သည်လည်း သူမအား ဖက်ထားရသဖြင့် ချစ်သူနှစ်ဦး အပြန်အလှန်ပွေ့ဖက်နေကြသည်နှင့်ပင် တူနေပါသေးသည်။
ပဟေဠိသဖွယ်ထူးဆန်းသော စွမ်းအင်ဆီသို့သာ စိတ်ရောက်နေကြသည့်အတွက်နှစ်ဦးစလုံး၏ အမူအယာများ မည်သို့မည်ပုံ ဖြစ်ပျက်နေကြသည်ကို သတိမထားမိကြချေ။
“ထူးဆန်းတဲ့ စွမ်းအင်တစ်မျိုး ဘယ်ကနေ ဘယ်လို ထွက်လာမှန်း မသိဘူး။ ရှင်နှိုးဆွပေးလိုက်တဲ့ အချိန်မှာပဲ ကျွန်မ အဲဒီစွမ်းအင်ကို ခံစားမိလိုက်တာ . . .”
ပိုင်ရှင်းယွဲ့၏ မျက်လုံးများထဲတွင်ကြောက်ရွံ့ထိတ်လန့်နေသည့်အရိပ်အယောင်များ အထင်းသား မြင်တွေ့နေရသည်။
“ကျွန်မကို တစ်စုံတစ်ခုက လှုံ့ဆော်လိုက်သလိုပဲ။ ရှင်နားလည်အောင်ကျွန်မ ရှင်းပြဖို့က ခက်နေတယ်။ ရှင်ရပ်လိုက်တာနဲ့ အဲဒီစွမ်းအင်လည်း ပျောက်သွားတာပဲ . . .”
ရဲရှောင်သည်ပိုင်ရှင်းယွဲ့အား ခဏတာမျှ စိုက်ကြည့်လိုက်ကာ –
“ဒါဆို ကျုပ်က အဲဒီစွမ်းအင်ပေါ်အောင် လုပ်လိုက်မိတာပေါ့ . . .”
ပိုင်ရှင်းယွဲ့၏ ခန္ဓာကိုယ်ထဲမှ ထူးဆန်းသော စွမ်းအင်တစ်မျိုး နိုးကြွလာသောကြောင့်ရဲရှောင်ကိုယ်တိုင်ပင်အထိတ်တလန့်ဖြစ်သွားခဲ့ရသည်။
သူ့အတွက်မူ ထူးခြားသော အဖြစ်အပျက် တစ်ခုပင် ဖြစ်သည်။
ပိုင်ရှင်းယွဲ့သည်ရဲရှောင်အား ကြည့်လိုက်ရင်း –
“ဒါ ကျွန်မကိုယ်ထဲက စွမ်းအင်ဆိုတာ တကယ်ပဲလား . . .”
“ဟုတ်တယ် . . . ခင်ဗျားရဲ့ သွေးကြောထဲကပဲ . . .”
ရဲရှောင် ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
ထို့နောက် သက်ပြင်းချလိုက်ရင်း လေးနက်သော လေသံဖြင့် –
“ဒါ . . . အမွေအနှစ်သွေးကြောတစ်ခု ဖြစ်မယ် . . .”
ပိုင်ရှင်းယွဲ့သည်ပါးစပ်အဟောင်းသား ဖြစ်သွားလောက်အောင်အထိ အံ့ဩသွားကာ –
“ဒါ . . . ဒါဆို ကျွန်မက . . . လူသားစစ်စစ် မဟုတ်ဘူးပေါ့ . . .”
ထူးခြားသည့်အမွေအနှစ် သွေးကြောများ ပိုင်ဆိုင်ထားကြသော ထိပ်တန်းအဆင့် ပညာရှင်များသည် များသောအားဖြင့် အလွန်အစွမ်းထက်လှသည့် ဝိညာဉ်တော် သားရဲများသာ ဖြစ်ကြသည်။ အဆိုပါ သားရဲများသည် ၎င်းတို့ မွေးဖွားလာသည့် ရင်သွေးများ ကျင့်ကြံမှု ခရီးလမ်းတွင် ပေါက်မြောက်မှု ရှိစေရန်အတွက် ယခုကဲ့သို့ သူတို့၏ အမွေအနှစ်သွေးကြောများအား ထည့်သွင်းပေးတတ်ကြသည်။
ထိုသွေးကြောသည် မွေးဖွားပြီးပြီးချင်း နိုးထလာကြခြင်း မဟုတ်ဘဲ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရ၍ဖြစ်စေ အခြားမတော်တဆမှုကြောင့်ဖြစ်စေ ကြုံတွေ့ရသည့်အခါမှသာ နိုးထလာတတ်ကြသည်။ ထိုအခါ သွေးကြောပိုင်ရှင်သည် စွမ်းအားများ တိုးပွားလာ၍ သေဘေးမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။
တစ်နည်းအားဖြင့် မမျှော်လင့်သော အန္တရာယ်နှင့် ရင်ဆိုင်ရပါက လွတ်မြောက်စေရန်အတွက် ထည့်သွင်းပေးထားခြင်းပင်ဖြစ်သည်။
ထိုအစွမ်းထက်လှသည့် သားရဲအများစုသည် တစ်ကိုယ်တည်းသာ နေတတ်ကြပြီး အစုအဖွဲ့နှင့် တွေ့ရသည်မှာ ရှားလှသည်။ အချို့ဆိုလျှင် မွေးဖွားစဉ်မှစ၍ နှစ်ပေါင်းေထာင်ချီကြာသည်အထိ တစ်ကောင်တည်းသာ ဖြတ်သန်းတတ်ကြသည်။
အမွေအနှစ် သွေးကြောပိုင်ဆိုင်ထားသူများသည်သေဘေးမှ လွတ်မြောက်ရန် အခွင့်အရေး ပိုသာကြသည်။
ရဲရှောင် မျက်မှောင်ကြုတ်လျက်-
“လောကကြီးမှာ မဖြစ်နိုင်ဘူး ဆိုတာတော့ ဘာမှမရှိဘူး။ ခင်ဗျားထင်သလိုလည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ တကယ်တော့ လူသားတွေမှာလည်း ဒီလိုအမွေအနှစ်သွေးကြောကို ပေးလို့ရတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုသွေးကြောကို ပိုင်ဆိုင်ထားတဲ့လူက ကမ္ဘာလောကကြီး တစ်ခုလုံးကိုတောင် ကိုင်လှုပ်နိုင်စွမ်း ရှိမှာတော့ အသေအချာပဲ . . .”
“ကျင့်ကြံမှု နည်းစနစ်တွေ၊ အတွေ့အကြုံတွေကို မွေးလာမယ့်ကလေးတွေရဲ့ သွေးထဲ အမွေအနှစ် အဖြစ် ပေးလိုက်နိုင်တဲ့ လူက တကယ့်ကို အစွမ်းထက်ဆုံး လူပဲ ဖြစ်လိမ့်မယ် . . .”
ရဲရှောင်သည်ပြုံးလိုက်ပြန်ရင်း –
“ကျုပ်ပြောတဲ့ အစွမ်းထက်ဆုံးဆိုတာ ချင်းယန်နယ်ပယ်လာက်ကို ပြောတာ မဟုတ်ဘူးနော်။ အဲ့ဒီထက်ပိုတဲ့ အဆင့်မြင့် နယ်ပယ်ကြီးတွေကို ပြောတာ . . .”
ပိုင်ရှင်းယွဲ့၏ မျက်နှာတစ်ခုလုံးတစ်ခုလုံးသည်သွေးမရှိတော့သည့်အလား ဖြူဖတ်ဖြူရော်ပင်ဖြစ်နေလေသည်။ နားမလည်နိုင်သော မျက်ဝန်းများဖြင့်ရဲရှောင်အား ကြည့်လိုက်ရင်း တုန်ယင်သော အသံဖြင့်-
“အဲဒီလူက အရမ်းကို အစွမ်းထက်ပြီး သူ့ကလေးတွေကို ဂရုစိုက်ချင်တယ်ဆိုရင်ဘာလို့ စွန့်ပစ်ခဲ့တာလဲ . . .”
ရဲရှောင် သက်ပြင်းချလိုက်ရင်း –
“လောကကြီးမှာ မယုံနိုင်စရာကောင်းတဲ့ အဖြစ်အပျက်တွေ အများကြီးရှိတယ်။ တချို့ အဖြစ်အပျက်တွေက စိတ်ကူးနိုင်တာထက်ကို ပိုပြီး ဆန်းကြယ်တယ်။ ဘယ်သူမှ အရာရာကို သိနိုင်စွမ်း မရှိဘူး။ ကမ္ဘာကြီးမှာ ကျုပ်တို့ဥာဏ်နဲ့ လိုက်မမီနိုင်တဲ့ ထူးဆန်းမှုတွေဆိုတာ အပြည့်ပဲ။ အဲဒါကြောင့် ကျုပ်တို့အနေနဲ့ ဘယ်အရာကိုမှ တရားသေ မှတ်လို့ မရဘူး . . .”
ပိုင်ရှင်းယွဲ့၏ မျက်နှာတွင်တွေဝေသွားသည့်အရိပ်အယောင်များ ယှက်သန်းသွားကာ ပါးပြင်ထက်မှ မျက်ရည်များ စီးကျလာခဲ့သည်။
ရဲရှောင်လည်း သက်ပြင်းချလိုက်ရင်း –
“ခင်ဗျားမှာ မိဘတွေ ရှိလား . . .”
ပိုင်ရှင်းယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ ရဲရှောင်မေးလိုက်သည့်စကားကြောင့်ငိုချင်ရက်လက်တို့ပင်ဖြစ်သွားကာ မျက်ရည်များ ပိုမို စီးကျလာပြန်သည်။
ပိုင်ရှင်းယွဲ့အား ကြည့်ရင်း ရဲရှောင် နှုတ်ဆိတ်သွားမိသည်။ သူ့အနေဖြင့်ထိုခံစားချက်အားကောင်းကောင်းကြီး သိနေသဖြင့်ကိုယ်ချင်းစာမိသွားသည်။
ပိုင်ရှင်းယွဲ့တွင်အမွေအနှစ်သွေးကြော ရှိနေသည့်အတွက်လက်ရှိမိဘများသည် သူမ၏ မိဘအရင်းများ မဖြစ်နိုင်တော့ချေ။ ထိုသို့ဆိုလျှင် သူမ၏ မိဘအစစ်သည် မည်သူများ ဖြစ်နိုင်မည်နည်း။
ပိုင်ရှင်းယွဲ့သည်မည်သည့်နေရာမှ လာ၍ မည်သို့ ဆက်လုပ်သင့်သနည်း။
“အဲ့ဒါဆို ခင်ဗျားမိဘတွေ အခု ရှိကြသေးလား . . .”
ရဲရှောင် ပိုင်ရှင်းယွဲ့အား ကြည့်ရင်း မေးလိုက်သည်။
အကယ်၍ သက်ရှိထင်ရှား ရှိနေဦးမည်ဆိုပါက ၎င်းတို့ထံမှတဆင့် သဲလွန်စ တစ်ခုခု ရရှိနိုင်ပေလိမ့် မည်။
“သူတို့တွေ တိမ်းပါးသွားခဲ့ကြတာ ကြာပါပြီ . . .”
ပိုင်ရှင်းယွဲ့သည်ညိုးငယ်သော မျက်နှာဖြင့်ပြောလိုက်သည်။
ရဲရှောင် သက်ပြင်းချလိုက်ရင်း –
“ဒါဆိုရင်တော့ အမှန်တရားကို ကိုယ့်အားကိုယ်ကိုးပြီးပဲ ရှာကြရတော့မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အမှားထက် အမှန်ကို သိရတာ ကောင်းပါတယ်လေ . . .”
ပိုင်ရှင်းယွဲ့သည်ဖျော့တော့သော အသံဖြင့်-
“ဒါပေမယ့်. . . ကျွန်မ ကြောက်နေမိတယ် . . .”
အမှန်တရားအား ရှာဖွေနိုင်ရန်အတွက် သူမ၏ အမွေအနှစ်သွေးကြောအား အပြည့်အဝ နိုးထစေရန်အတွက်လှုံ့ဆော်ပေးရန်လိုအပ်ပေသည်။ ထိုအခါ သူမ၏ သွေးကြောမှ အမွေအနှစ် မှတ်ဉာဏ်များ နိုးထလာပြီး ထိုမှတ်ဉာဏ်များမှတစ်ဆင့်အမှန်တရားအား သိရှိသွားပေလိမ့်မည်။ သို့သော် ပိုင်ရှင်းယွဲ့သည်ထိုကဲ့သို့ ပြုလုပ်ရန်အတွက်မဝံ့မရဲ ဖြစ်နေမိသည်။
အမွေအနှစ်မှတ်ဉာဏ်များအား လက်ခံလိုက်မည်ဆိုပါက သူ၏ သရုပ်မှန်များပေါ်လာမည်ဖြစ်ပြီး ယခင်ပိုင်ရှင်းယွဲ့ မဖြစ်နိုင်တော့ချေ။
ယခုအချိန်ထိ သူ ဖြတ်သန်းလာခဲ့ရသမျှသည် အိပ်မက်တစ်ခုပမာ ဖြစ်သွားပေလိမ့်မည်။
သူ့အတွက်မူ အမှန်တရားအား လက်ခံရန်အဆင်သင့်မဖြစ်သေးပေ။
ရဲရှောင်သည်ပိုင်ရှင်းယွဲ့အား ကြည့်ရင်း စိတ်မကောင်းသည့်ဟန်ဖြင့်-
“ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။ ခင်ဗျားအကြောင်းကိုတော့ ကျုပ်လျှို့ဝှက်ပေးထားပါ့မယ်။ တခြား ဘယ်သူမှ မသိစေရဘူးလို့ ကတိပေးပါတယ် . . .”
ပိုင်ရှင်းယွဲ့သည်အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ကာ –
“အခုလောလောဆယ်တော့ ကျွန်မ ဆုံးဖြတ်ချက် မချနိုင်သေးဘူး။ ကျွန်မ . . . အချိန်တစ်ခုထိတော့ စောင့်ချင်သေးတယ် . . .”
“အဖြစ်အပျက်တွေက ပြောင်းလဲတာ သိပ်မြန်ဆန်လွန်းတယ်။ ဒါပေမယ့်လောလောဆယ်တော့ ကျွန်မရဲ့ အမွေအနှစ် သွေးကြောကို ယာယီ ထိန်းထားလိုက်ပါဦးမယ်။ ရှင့်တာဝန်အတိုင်း ကျွန်မကို ဒုက္ခပေးနေတဲ့ စွမ်းအင်တွေကိုသာ ဆက်ပြီး စုပ်ယူပေးပါ။ ရှင့်ကို ကျွန်မရဲ့ အမွေအနှစ် သွေးကြောက စွမ်းအင်တွေ တန်ပြန်သက်ရောက်မှု မရှိအောင် ကျွန်မ ထိန်းထားပေးမယ်။ ဒါပေမယ့်အကြာကြီးတော့ မရနိုင်ဘူး။ အထက်အောက် စီးဆင်းမှု အကြိမ် ၃၀၀ လောက်ပဲ ထိန်းထားနိုင်လိမ့်မယ်။ အဲဒါကြောင့် အကြိမ် ၃၀၀ ပြီးရင် ကျွန်မကို ခဏနားပြီး ပြန်အားပြည့်အောင် လုပ်ခွင့်ပေး။ အဲ့ဒီလိုမဟုတ်ဘဲ အတင်းလုပ်မိရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်လိမ့်မယ် . . .”
ရဲရှောင်မှ တည်ငြိမ်စွာဖြင့် –
“ခင်ဗျားပြောတာ လက်တွေ့ကျပါတယ်။ ဒါပေမယ့်ကျုပ် တစ်ခုပြောဦးမယ်။ ခင်ဗျားရဲ့ အမွေအနှစ် သွေးကြောရဲ့ စွမ်းအားကို ကျုပ် ခံစားမိလိုက်တယ်။ တော်တော်ကို သန့်စင်ပြီး ပြင်းလွန်းတဲ့ စွမ်းအင်ပဲ။ ကြည့်ရသလောက်တော့ အမွေအနှစ်ပေးခဲ့သူက တော်တော်ကို အစွမ်းထက်လိမ့်မယ် ထင်တယ်။ အဲ့ဒီသွေးကြောသာ နိုးထသွားရင်း ခင်ဗျား ချင်းယန်နယ်ပယ်မှာ အစွမ်းထက်ဆုံး လူတစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်။ ဒီလိုပိုင်ဆိုင်ဖို့ဆိုတာ လူတိုင်း အိပ်မက်တောင် မမက်နိုင်ကြဘူးဗျ . . .”
“ကျွန်မသိပါတယ်။ ဒါပေမယ့်ဒီအမွေအနှစ်ကို နိုးထစေလိုက်ရင် လက်ရှိဘဝက ကျွန်မမိဘတွေ အပေါ်မှာ ကျေးဇူးမသိတတ်ရာများ ဖြစ်သွားမလား စိုးရိမ်နေမိတယ်။ သူတို့က ကျွန်မကို ကောင်းကောင်း ပြုစုပျိုးထောင်ပေးခဲ့တယ်။ ဒါတောင်မှ ကျွန်မက သူတို့ရဲ့ သမီးအရင်း မဟုတ်ဘူးနော်။ ကျွန်မသာ သရုပ်အမှန်ကို လက်ခံလိုက်မယ်ဆိုရင် သူတို့အတွက် ရက်စက်သလို ဖြစ်သွားလိမ့်မယ် . . .”
ပိုင်ရှင်းယွဲ့သည်ပြုံးရင်း ပြောလိုက်ပါတော့သည်။