Chapter – 249
“ဝေဒနာအား ကုသပေးခြင်း”
(မင်းက ငါ့ကိုလည်း ကုစေချင်သေးတယ်။ အဝတ်ကြတော့လည်း မချွတ်ပေးရဲဘူး။ မင်းက ငါ့ကို သက်သက်မဲ့ အချိန်လာဖြုန်းနေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကုမယ်ဆိုမှတော့ ချွတ်ကို ချွတ်ရမှာပေါ့ . . .)
(မင်းပြောတော့ ဘာကိုမှ မကြောက်ပါဘူးဆို၊ အခုကြ တကယ်တမ်းလည်း ချွတ်ဆိုရော တွန့်ဆုတ် နေပြီလား၊ အချိန်ဖြုန်းတာ ပျော်ဖို့ကောင်းတယ်များ ထင်နေတာလားကွာ . . .)
ချီတုံချတုံ ဖြစ်နေသော ပိုင်ရှင်းယွဲ့အား ကြည့်ရင်း ရဲရှောင်၏ စိတ်ထဲတွင်တနုံ့နုံ့ပင်ဖြစ်နေမိသည်။
ပိုင်ရှင်းယွဲ့သည် ရှက်ရွံ့မှုနှင့်အတူဒေါသများလည်း ထွက်နေသောကြောင့်ရဲရှောင်အား မည်သည့်စကားမှ ပြန်မပြောဘဲရေငုံနှုတ်ပိတ်သာနေနေမိသည်။ စိတ်မရှည်လက်မရှည်ဖြစ်နေသော ရဲရှောင်အား ကြည့်ရင်း စိတ်ထဲတွင်လည်း အံ့ဩနေမိသည်။
(ဒီလူက ငါ့လောက်တောင် ဖိုမဆက်ဆံရေးအကြောင်း မသိတာပါလား . . .)
ထိုကဲ့သို့ စဉ်းစားမိလိုက်သဖြင့် ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင် စိတ်သက်သာရာ ရသွားခဲ့သည်။ ရဲရှောင်အား ကြည့်ရင်း အသံထွက်၍ပင် ရယ်ချင်မိသွားသည်။
စိတ်လောနေသော ရဲရှောင်ကြောင့်ပိုင်ရှင်းယွဲ့လည်း တုံ့ဆိုင်းမနေဝံ့တော့ပေ။
“ကောင်းပါပြီ၊ ရှင်ဟိုဖက်လှည့် . . .”
ရဲရှောင် သက်ပြင်းချရင်း တစ်ဖက်သို့ လှည့်ပေးလိုက်သည်။
အဝတ်အစားများ၏ ချိုးချိုးချွတ်ချွတ်အသံအား ကြားလိုက်ရပြီး အခန်းတစ်ခုလုံး မွှေးရနံ့တစ်ခု လွှမ်းခြုံသွားသည်ကို ရဲရှောင်ခံစားလိုက်ရသည်။
ထိုအနံ့သည် သာမန်မိန်းကလေးများတွင် ရလေ့ရထရှိသော အနံ့မျိုး မဟုတ်ချေ။ စိတ်ကိုပင် ကြည်လင် လန်းဆန်းစေ၍ ကျေနပ်သွားစေမိသော အနံ့မျိုးပင် ဖြစ်သည်။
ထို့နောက် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ခဏအကြာမှ ပိုင်ရှင်းယွဲ့သည်တုန်ယင်သော အသံဖြင့် –
“ရ . . . ရပါပြီ . . .”
ပိုင်ရှင်းယွဲ့၏ အသံကြောင့်ရဲရှောင်လည်း လှည့်ကြည့်လိုက်သည်။ ထိုအခါ မျက်နှာသာမက လည်ပင်းအထိပါနီရဲလျက် ရှိနေသည့် မိန်းမလှလေးမှာ လက်ပိုက်လျက် ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။သူမ၏ ဝမ်းဗိုက်နေရာတွင် အပေါက်တစ်ခု ရှိနေပြီး အပေါ်ထပ် အဝတ်အစားများမှာမူ ဝတ်ဆင်ထားမြဲပင် ဖြစ်သည်။ ဝမ်းဗိုက်နေရာတွင်သာ အပေါက်ဖောက်ထားခြင်း ဖြစ်ပြီး သူမ၏ ဖြူဖွေးဝင်းမွတ်လှသည့် အသားအရေသည်လည်း အထင်းသား ပေါ်လွင်လျက်ရှိသည်။
ပိုင်ရှင်းယွဲ့သည်ဗိုက်နှင့်ကျောနေရာအတွက်သာ ခပ်သေးသေး အပေါက်ဖောက်ထားခြင်း ဖြစ်ပြီး ကျန်နေရာများ မပေါ်စေရန်အတွက် အတင်းအကြပ်ဖုံးအုပ်ထားလေသည်။ ထိုကဲ့သို့ ဖုံးဖိထားသဖြင့် အဝတ်အစားများအောက်မှ တင်းရင်းသော ခန္ဓာကိုယ် ကောက်ကြောင်းအလှသည်ပို၍ပေါ်လွင်လျက်ရှိပြီး ဆွဲမက်ဖွယ်အတိပင်ဖြစ်နေခဲ့သည်။
ရဲရှောင်မှ မျက်တောင်မခတ်တမ်းစူးစိုက်၍ ကြည့်နေသည့်အတွက်ပိုင်ရှင်းယွဲ့တစ်ယောက်ခေါင်း ပင်မဖော်ဝံ့ဘဲ ရှက်နေမိသည်။
“ဒါ . . . ဒါဆို အဆင်ပြေပြီလား . . .”
ပိုင်ရှင်းယွဲ့လေသံတီးတိုးဖြင့်မရဲတရဲမေးလိုက်သည်။
ရဲရှောင်လည်း ချောင်းတစ်ချက်နှစ်ချက်ခန့် ဟန့်လိုက်၍ သူ၏ စွမ်းအင်သိုလှောင်ရာအတွင်းရှိ စွမ်းအင်များအား တည်ငြိမ်စေရန်ပြုလုပ်လိုက်သည်။ ထို့နောက်ခေါင်းညိတ်ပြလိုက်ရင်း –
“အဆင်တော့ ပြေပါတယ်။ ဒါပေမယ့်ခင်ဗျားရဲ့ ကျောနေရာမှာ အပေါက်ဖောက်ထားတာ ကျုပ်လိုချင်တဲ့ နေရာမဟုတ်ရင် ကျုပ်လက်ကတော့ လိုအပ်တဲ့ နေရာကို ရွေ့ပြီး ထိရမှာပဲ။ ခင်ဗျား ဒါကိုတော့ နားလည်ထားဖို့လိုမယ် . . .”
ပိုင်ရှင်းယွဲ့သည်ရှက်ရွံ့သည့်ဟန်ဖြင့်-
“ကျွန်မ နားလည်ပါတယ် . . .”
ရဲရှောင်လည်း တက်တက်ကြွကြွဖြင့်ပင်-
“ကဲ ဒါဆိုလည်း စလိုက်ကြတာပေါ့။ ကျုပ် လေလံပွဲကိုလည်း သွားရဦးမှာ။ အချိန်မရှိဘူး၊ မြန်မြန်လုပ်ကြတာပေါ့ . . .”
ထိုစကားအား ကြားလိုက်ရေသာအခါ ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင်အလွန်အမင်း အံ့သြသွားမိသည်။ ရဲရှောင်အား ယောကျာ်းတစ်ယောက်ပင် ဟုတ်ပါလေစွဟု တွေးမိလိုက်သည်။
(ရှင့်ရှေ့မှာ မိန်းမလှလေးတစ်ယောက် ဒီလိုပုံစံနဲ့ ရှိနေတာတောင်မှ လေလံပွဲအကြောင်း စဉ်းစားနေသေးတယ်။ မြန်မြန်လုပ်ကြမယ်တဲ့၊ တော်တော်ကို ထူးဆန်းတဲ့ လူပဲ . . .)
ပိုင်ရှင်းယွဲ့လည်းစောဒက မတက်တော့ဘဲ ခပ်သွက်သွက်ပင်ထိုင်ချလိုက်သည်။
သူ၏ အနားသို့ ရဲရှောင် ကပ်လာသည်ကို ခံစားလိုက်ရပြီးနောက်နွေးထွေးသော လက်တစ်စုံ၏ အထိအတွေ့အား ထပ်မံ ခံစားလိုက်ရသည်။
အဆိုပါ အထိအတွေ့ကြောင့်သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဓာတ်လိုက်သွားသည့်အလား တုန်ခါသွားခဲ့သည်။ စိတ်လှုပ်ရှားမှုကြောင့်ထိုင်ပင်မထိုင်နိုင်တော့ချေ။
ထိုအချိန် ရဲရှောင်၏ နောက်လက်တစ်ဖက်သည် သူ၏ စွမ်းအင်သိုလှောင်ရာရှိသည့် ဝမ်းဗိုက်နေရာသို့ လာထိပြန်သည်။
ပိုင်ရှင်းယွဲ့၏ ဘဝတွင်ယောက်ျားသားတစ်ဦးနှင့်အသားချင်း ထိတွေ့ရသည့်အထိအတွေ့မျိုး တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသည့်အတွက်ကတုန်ကယင်ပင်ဖြစ်နေလေသည်။ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟုလည်း အိမ်မက်ပင်မမက်ဘူးခဲ့ချေ။ ထို့ကြောင့်ရဲရှောင်၏ အထိအတွေ့များအောက်တွင်သူ၏ စိတ်များ ထိန်းချုပ်၍ မရနိုင်တော့သကဲ့သို့ ဖြစ်နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ကြိုးပျက်သွားသည့်ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ပင်ဖြစ်နေလေသည်။
ရဲရှောင်ကိုယ်တိုင်ပင်စိတ်တည်ငြိမ်မှု ရရှိစေရန်မနည်းကြိုးစားနေရသည်။ သူ၏ စွမ်းအင်များ စီးဆင်းစေရန် ပြင်နေစဉ်မှာပင်ပိုင်ရှင်းယွဲ့သည်သူ၏ ရင်ခွင်ထဲသို့ ရုတ်တရက်လဲကျလာခဲ့သည်။
ရဲရှောင် ဘာလုပ်ရမှန်း မသိအောင်ပင်အံ့သြသွားမိသည်။ ပိုင်ရှင်းယွဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး ပူခြစ်နေသည်ကိုလည်း ခံစားလိုက်ရသည်။ ရုတ်တရက်လဲကျလာသည့်အတွက်ပိုင်ရှင်းယွဲ့၏ ဗိုက်အား ကိုင်ထားသော သူ၏ လက်သည်အပေါ်သို့ တိုးသွားလေသည်။
ထိုအခါ နူးညံ့သော အသားစိုင် တစ်ခုအား ရဲရှောင်စမ်းမိလိုက်သည်။ ပိုင်ရှင်းယွဲ့၏ တင်းရင်းကျစ်လစ်သော ရင်သားအား ဆုပ်ကိုင်လိုက်မိခြင်း ဖြစ်သည်။ ဆုပ်ကိုင်ရုံပင်အားမရသေးဘဲ ရဲရှောင်သည်ဖိညှစ်မိလိုက်ပြန်ပါသေးသည်။
(ဒါကဘာပါလိမ့် . . . တော်တော်ကို ကိုင်လို့ ကောင်းတာပါလား . . .)
ဆုပ်ကိုင်မိထားသော အရာသည်မည်သည့်အရာမှန်း အတပ်မသိ၍ ရဲရှောင်စဉ်းစားနေမိသည်။
ရဲရှောင်၏ ရင်ခွင်ထဲသို့ လဲကျသွားခဲ့သည့်ပိုင်ရှင်းယွဲ့တစ်ယောက်သတိပြန်ကပ်လာသောအခါ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ ရုန်းကန်ရင်း ထရန်ကြိုးစားလိုက်သောကြောင့်သူ၏ ရင်သားများအား ဆုပ်ကိုင်ခံရသည်သာမက ဆုပ်နယ်ခြင်းပင်ခံလိုက်ရလေသည်။ အပျိုစင်စစ်စစ်လေးအဖို့ ရှက်ရွံ့မှုနှင့်အတူကြောက်ရွံ့မှုများပါ ခံစားလိုက်ရသည့်အတွက်ခေါင်းပင်မိုက်ခနဲ ဖြစ်သွားခဲ့သည်။ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သဖြင့်ယခုအကြိမ်တွင်လည်း ရဲရှောင်၏ ရင်ခွင်ထဲသို့သာ ထပ်မံလဲကျသွားပြန်သည်။
စက္ကန့်အနည်းငယ် ကြာသောအခါ အသိစိတ်ပြန်ဝင်လာသည့်အတွက်အလန့်တကြားပင်ထခုန်လိုက်သည်။ ထို့နောက် ရဲရှောင်အား ဒေါသတကြီးဖြင့် –
“ရှင် . . . ရှင်. . .”
ရဲရှောင် ချောင်းတစ်ချက် ဟန့်လိုက်ရင်း –
“မြန်မြန် စကြမယ်လေ။ ကျုပ်မှာ အချိန်မရှိဘူး၊ ကျုပ်တို့ ဒီမှာ ရှိနေကြတာ ကုသဖို့အတွက်ပဲဟာ။ ခင်ဗျားက ဘာတွေ ရှက်နေရတာလဲ။ အင်း . . . ဒါနဲ့ ခင်ဗျားက ဘာလို့ ကျုပ်ရင်ခွင်ထဲကို လဲကျလာရတာလဲ။ ကျုပ် . . . ကျုပ်လည်း မထင်ထားမိတော့ သတိလက်လွတ် ဖြစ်သွားတာပေါ့။ ကဲပါ ပြန်စကြတာပေါ့ . . .”
ရဲရှောင်၏ စကားကြောင့်ပိုင်ရှင်းယွဲ့ လူသတ်ချင်စိတ်ပင် ပေါက်သွားလေသည်။
(ရှင်က ကျွန်မကိုလည်း အခွင်အရေး ယူသေးတယ်။ အပြစ်တောင် လာတင်နေသေးတယ်ပေါ့။ ပြန်စမယ် ဟုတ်လား . . . ရှင်က ဘာကို ပြန်စချင်နေတာလဲ . . .)
သို့သော် ရဲရှောင်၏ ရင်ခွင်ထဲသို့ သူကိုယ်တိုင်လဲကျသွားသည့်အဖြစ်အား ပြန်လည်၍ အမှတ်ရသွားမိသည်။ ထို့ကြောင့် မည်သည့်အပြစ်တင်စကားမျှ မပြောသာတော့ဘဲ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နေမိတော့သည်။
“အခုလည်း ဘာလို့ အရူးတစ်ယောက်လို ရပ်နေပြန်ရတာလဲ၊ လာလေ၊ ပြန်စကြမယ်။ လာထိုင် . . .”
ရဲရှောင် ခပ်တည်တည်ပင် ပြောလိုက်သည်။
“အချိန်မရှိပါဘူးဆိုမှ၊ မြန်မြန်လုပ်စမ်းပါ . . .”
ပိုင်ရှင်းယွဲ့ မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ သူ၏ မျက်နှာ တစ်ပြင်လုံးလည်း နီရဲလျက်ရှိပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ထိုင်ချလိုက်သည်။ ထိုအချိန်တွင်နွေးထွေးသော လက်တစ်စုံဖြင့်လာထိသည်ကို ထပ်မံခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်ယင်သွားပြန်သည်။
ရဲရှောင်၏ လက်သည် တစ်စုံတစ်ခု လိုက်ရှာနေသည့်အလား တရွေ့ရွေ့ဖြင့်လှုပ်ရှားလျက်ရှိသည်။
“စွမ်းအင်သိုလှောင်ရာက ဘယ်နားမှာလဲ၊ ဘယ်မှာပါလိမ့် . . .”
ပိုင်ရှင်းယွဲ့လည်း သူ၏ ဗိုက်ပေါ်တွင်တင်ထားသော ရဲရှောင်၏ လက်အား ဆွဲယူလိုက်ပြီး စွမ်းအင်သိုလှောင်ရာ ရှိသည့် နေရာအား တင်ပေးလိုက်သည်။ ရဲရှောင်၏ အပြုအမူကြောင့်ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင်ဒေါသများ အလိပ်လိုက် ထွက်လျက်ရှိသည်။
“ရှင်က ကောင်းကင်အဆင့် ပညာရှင်တစ်ယောက်တောင် ဖြစ်နေပြီး စွမ်းအင်သိုလှောင်ရာက ဘယ်နားရှိလဲ ဆိုတာကိုတောင်မသိဘူးလား၊ ဒီမှာ ဒီမှာ . . .”
ရဲရှောင်လည်း မှင်သေသေ မျက်နှာထားဖြင့်-
“ဪ . . . ဒီမှာကိုး၊ မှတ်ထားပါ့မယ် . . .”
ပိုင်ရှင်းယွဲ့သည် ငရဲရောက်နေသည့်အလား တစ်ကိုယ်လုံး ခြစ်ခြစ်တောက်၍ ပူလျက်ရှိသည်။ စိတ်ထဲတွင်လည်း ရင်တမမဖြင့်ဖြစ်နေမိသည်။
(ဘယ်လိုလူမှန်းကို မသိဘူး၊ ငါသာ သူ့လက်ကို မြန်မြန်မဆွဲမိရင် အဲဒီလက်က ဘယ်ကို ရောက်လာဦးမလဲ မသိဘူး၊ လက်ရဲဇက်ရဲနဲ့ ဟွန်း . . .)
ပိုင်ရှင်းယွဲ့သည်ဒေါသများအား ရဲရှောင်အပေါ် စုပုံ၍ ပေါက်ကွဲပစ်ချင်နေမိသည်။ သို့သော် ထိုအချိန်တွင် သူ၏ စွမ်းအင်သိုလှောင်ရာသို့ နွေးထွေးသော ဝိညာဉ်တော်ချီဓာတ်တစ်ခု စီးဆင်းလာသည်ကို ခံစားလိုက်မိသည်။ ထို့ပြင်သူ၏ နောက်ကျောဘက်မှလည်း အေးစက်သော ချီဓာတ်များ စီးဆင်းလာသည်ကိုလည်း ထပ်မံ ခံစားလိုက်ရပြန်သည်။
သူ၏ အရှေ့ဘက်ခြမ်းသည် အရည်ပျော်ကျမတတ် ပူပြင်းသည့်ဒဏ်အား ခံစားနေရပြီး ကျောဘက်တွင်မူ အေးခဲသွားမတတ်ပင် ဖြစ်နေခဲ့သည်။
ထူးခြားသော ခံစားမှုကြောင့် ပိုင်ရှင်းယွဲ့တစ်ယောက်အံ့သြသွားမိသည်။ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရင်း စိတ်ထဲတွင်လည်း –
(ဒါ . . . ရေခဲစွမ်းအင်နဲ့ မီးစွမ်းအင်လား . . .)
တခဏအကြာတွင် စကြဝဠာ အတွင်းမှ ရောက်ရှိလာသကဲ့သို့ များပြားလှသော စွမ်းအင်များသည်သူ၏ ခန္ဓာကိုယ်အတွင်းသို့ လက်နှစ်ဖက်မှတစ်ဆင့်စီးဝင်လာနေသည်ကို ခံစားလိုက်ရပါတော့သည်။