Chapter – 248
“ကျုပ်မှာအချိန်မရှိဘူး”
ရဲရှောင်တစ်ယောက်စိတ်သက်သာရာ ရသွားသည့်ဟန်ဖြင့် သက်ပြင်းချလိုက်မိရင်း –
(နောက်ဆုံးတော့ ခင်ဗျား နားလည်သွားပြီပေါ့။ ကျုပ်ကုသမှုကို လက်မခံဘဲ ခေါင်းမာနေမယ်ဆိုရင် ခင်ဗျားကတော့ သေမှာပဲ။ တကယ်လို့ ခင်ဗျားသာသေသွားခဲ့ရင် လျန်လျန်နဲ့ ပြန်တွေ့တဲ့အခါကြ ကျုပ်အပြစ်မဟုတ်တောင် စိတ်မသန့်သလို ခံစားနေရမှာတော့ အမှန်ပဲ . . .)
ပိုင်ရှင်းယွဲ့သည်ခေါင်းငုံ့လျက် –
“ကျေးဇူးတင်ပါတယ် ဆရာဖန် . . .”
သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက် ရောင်ခြည်များ ယှက်သန်းလျက်ရှိသည်။
ဝမ်ရမ်ချူးချူးသည်လည်း ဘေးမှရပ်နေရင်း အလွန်အမင်းေပျာ်ရွှင်နေမိသည်။ သို့သော် ရဲရှောင်အား ကြည့်ရင်း စိုးရိမ်စိတ်များလည်း ဖြစ်ပေါ်သွားခဲ့မိသည်။
ဝမ်ရမ်ချုးချုးသည်လူမှုဆက်ဆံရေးနယ်ပယ်တွင် ပိုင်ရှင်းယွဲ့ထက်ပို၍ နားလည်သူတစ်ဦး ဖြစ်ရုံသာမက တော်ဝင်မျိုးနွယ်အတွင်း ကြီးပြင်းလာခဲ့သူ ဖြစ်သောကြောင့် လူ့စိတ်သဘောထားအား ကောင်းစွာသိနေလေသည်။
ပိုင်ရှင်းယွဲ့သည်ယောကျာ်းတိုင်းအား ဆွဲမက်ယစ်မူးစေလောက်သည့်အလှမျိုး သူ့ထံတွင်ရှိနေကြောင်း သူ့ကိုယ်သူ မသိချေ။ ဝမ်ရမ်ချူးချူးမှာမူ ထိုအချက်အား ကောင်းစွာ သိလေသည်။ ပိုင်ရှင်းယွဲ့သည် ယင်ဖိုပင်တစ်ခါမျှ မသန်းဖူးသေးသော ပြစ်မျိုးမှည့်မထင်လှပသည့်အပျိုစင်တစ်ဦး ဖြစ်သည်။ ထိုအချက်တစ်ချက်တည်းဖြင့်ပင်ယောကျာ်းတိုင်းအား ဆွဲဆောင်နိုင်ပေလိမ့်မည်။ ထို့အပြင် ကမ္ဘာပေါ်ရှိ အလှဆုံးသော မိန်းကလေးများထဲမှ တစ်ဦးအပါအဝင်ဟု ဆိုရပေမည်။
ပိုင်ရှင်းယွဲ့၏ အလှအောက်တွင် မည်သည့်ယောကျာ်းသားမျှ ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ချေ။
(ဖန်ဇီလင်များ ဆရာ့အလှမှာ ယစ်မူးသွားမလား မသိဘူး . . .)
ဝမ်ရမ်ချုးချုး၏ စိတ်ထဲတွင်စိုးရိမ်စိတ်များဖြင့်ရင်ပူလျက်ရှိသည်။
ထိုအချိန်တွင်ဖန်ဇီလင်မှ တက်ကြွသော အသံဖြင့်-
“ဒီလိုဆိုမှတော့ ကုသတဲ့နေရာမှာ အမြန်ဆုံး ကုသနိုင်ရင် ပိုကောင်းလိမ့်မယ်။ ဖြစ်နိုင်ရင် မြန်မြန်ပဲ အလုပ်စကြတာပေါ့။ ကျုပ်ရဲ့ လေလံပွဲကလည်း မနက်ဖြန် စတော့မယ်ဆိုတာ ခင်ဗျားလည်း သိမှာပါ။ အဲဒါကြောင့် ကျုပ် အချိန်မဖြုန်းချင်တော့ဘူး . . .”
ပိုင်ရှင်းယွဲ့ ခေါင်းညိတ်ပြလိုက်ရင်း –
“ကောင်းပါပြီ ဆရာဖန် . . .”
ဝမ်ရမ်ချူးချူးလည်း အလွန်အမင်း စိတ်လှုပ်ရှားသွားသည့်အတွက်စကားများပင်အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားကာ –
“ကျွန် . . . ကျွန်မ အခန်းတစ်ခန်း အခုပဲ စီစဉ်လိုက်ပါ့မယ် . . .”
ရဲရှောင်သည်ဝမ်ရမ်ချုးချုးအား ကြည့်လိုက်ရင်း –
“ငါတို့ကို ဘယ်သူမှ အနှောင့်အယှက်ပေးလို့ မရဘူးနော် . . .”
ဝမ်ရမ်ချူးချူး ခေါင်းတစ်ချက်ညိတ် ပြန်လည်ညိတ်ပြလိုက်ရင်း –
“ကျွန်မသိပါတယ် . . .”
ယခင် ရဲရှောင်နှင့် ဝမ်ရမ်ချူးချူးတုိ့ ကုသမှု ပြုလုပ်ခဲ့သည့် အခန်းကိုပင် ပြင်ဆင်ထားပြီး ရဲရှောင်သည် အရှေ့မှ ဝင်သွားလေသည်။ ပိုင်ရှင်းယွဲ့မှာမူ ရဲရှောင်၏နောက်မှ ခေါင်းငုံ့လျက်သာ လိုက်ပါသွားခဲ့သည်။
ထို့နောက် အခန်းတံခါးအား ပိတ်လိုက်သည်။ အခန်းထဲရှိ ပိုင်ရှင်းယွဲ့သာမက အခန်းပြင်ဘက်ရှိ ဝမ်ရမ်ချူးချူးသည်လည်း စိတ်လှုပ်ရှားမှုကြောင့်ကတုန်ကယင်ပင်ဖြစ်နေကြသည်။
ရဲရှောင်မှာမူ ကုသမှုအား မြန်မြန်ဆန်ဆန်ပြီးမြောက်ချင်နေသည့်အတွက်တင်ပျဉ်ခွေ အနေအထားဖြင့် ခပ်သွက်သွက်ထိုင်ချလိုက်သည်။ ထို့နောက် သူ၏ ဝိညာဉ်တော်ချီဓာတ်များအား တစ်စုတစ်ဝေးတည်း ဖြစ်စေရန်စုစည်းလိုက်သည်။ ထိုအခါ သူ၏ စွမ်းအင်များ ပြည့်ဝလာသကဲ့သို့ ခံစားလိုက်ရသည်။
ရဲရှောင်သည်ကုသမှု ပြုပေးရန်အတွက်ယုံကြည်မှု အပြည့်အဝ ရှိနေရုံသာမက မိမိကိုယ်ကို တန်ခိုးရှင်တစ်ဦးကဲ့သို့ပင်ခံစားနေရသည်။
အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရင်း သူ၏ ကျင့်ကြံမှုများ တိုးတက်လာခဲ့သည့်အတွက်အလွန်အမင်း ကျေနပ်နေမိသည်။သူ၏ ရည်မှန်းချက် ပန်းတိုင်သို့ ခြေတစ်လှမ်း တိုးနိုင်ခဲ့ပြီ မဟုတ်ပါလော။
တန်ခိုးရှင်အစစ်မဟုတ်သည့်တိုင်ထိုခံစားချက်အား နှစ်ခြိုက်မိသဖြင့် ရဲရှောင်တစ်ယောက်သူ၏ ယုံကြည်မှုများ ပျောက်ဆုံးမသွားစေရန် ကြိုးစားနေမိသည်။
မည်သည့်အရာမဆို ယုံကြည်ချက်ရှိရှိဖြင့် လျှောက်လှမ်းနိုင်မှသာ ပန်းတိုင်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ ယခင်ရှောင်ဧကရာဇ်ဘဝတွင်ရရှိဖူးခဲ့သည့်စွမ်းအင်မျိုး ရဲရှောင်အလျင်အမြန်ပင် ပြန်လည်ရချင်နေမိသည်။ ထိုကဲ့သို့ ပြန်ရသည့်အချိန်တွင်စကြဝဠာတစ်ခုလုံး၌ သူ၏ နာမည်ပဲ့တင်ထပ်နေစေရမည်ဟုလည်း သံဓိဋ္ဌာန် ချထားမိသည်။
အင်အားကြီး၍ အစွမ်းအစရှိသော လူတစ်ဦးနှင့် သာမန်လူတစ်ဦး တွေ့ဆုံသည့်အခါ သာမန်လူအဖို့ အလိုလိုပင် သိမ်ငယ်သွားရစမြဲပင်ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အင်အားကြီးသောလူသည် သူ၏ အစွမ်းအစများအား ထုတ်ဖော်နေခြင်းကြောင့် မဟုတ်ဘဲ ထိုလူထံမှ ထွက်ပေါ်နေသော အရှိန်အဝါကြောင့်သာ ဖြစ်ပေသည်။
အောင်မြင်သော လူများသည် အတွေ့အကြုံပေါင်း များစွာ တွေ့ကြုံခဲ့ကြပြီး အများထက် နှာတစ်ဖျား သာနိုင်သောကြောင့်သာ အောင်မြင်ခဲ့ကြရခြင်း ဖြစ်သည်။
ပိုင်ရှင်းယွဲ့သည် မည်သည့်စကားမျှ မပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ပင် ရပ်လျက်ရှိသည်။ သူ၏ မျက်နှာတစ်ခုလုံး နီရဲလျက် ရဲရှောင်အား ကြည့်နေမိသည်။ ခေါင်းထဲတွင်လည်းအကြောင်းအရာ တစ်ခုအား ဖန်တလဲလဲ တွေးနေမိလျက်ရှိသည်။ အသားချင်း ထိရမည်ဟူသော ကိစ္စပင် ဖြစ်သည်။
ရဲရှောင်သည်ပိုင်ရှင်းယွဲ့အား ကြည့်လိုက်ရင်း –
“မြန်မြန်ပြီးတော့ မြန်မြန်အေးတာပေါ့။ ကျုပ်တို့ အခုပဲ စကြမယ် . . .”
ရဲရှောင်သည်မထူးဆန်းသည့်ကိစ္စတစ်ခုကဲ့သို့ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။ အမှန်တကယ်တွင်မူ ရဲရှောင်သည်လည်း စိတ်လှုပ်ရှားလျက် ရှိသည်။ ဝမ်ရမ်ချူးချူးအားနောက်ဆုံးအခေါက်ကုသပေးခဲ့သည့်အချိန်တွင်ရဲရှောင်ဘက်မှလည်း အကျိုးအမြတ်များ ရရှိခဲ့သည်။ သို့သော် ဝမ်ရမ်ချူးချူးသည် ကျင့်ကြံမှုအဆင့် မမြင့်သေးသဖြင့်များများစားစား မရခဲ့ချေ။
ပိုင်ရှင်းယွဲ့မှာမူ ဝမ်ရမ်ချူးချူးနှင့် မတူချေ။ သူမ၏ စွမ်းအင်များသည် သန့်စင်လှပြီး ပို၍ အဆင့်မြင့်သည့် ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့်ပိုင်ရှင်းယွဲ့အား ကုသပေးရန်အတွက် ရဲရှောင် အချိန်ယူရနိုင်ပေသည်။ သို့သော် ထိုကဲ့သို့ အချိန်ကြာလေလေ သူ့အတွက်အကျိုးရှိလေလေပင် ဖြစ်သည်။
ရဲရှောင်သည် ပိုင်ရှင်းယွဲ့၏ အရှေ့တွင် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ရှိနေပြီး စိတ်လှုပ်ရှားနေသည့် အမူအယာမျိုး မဖြစ်ပေါ်စေရန် ထိန်းထားလိုက်သည်။
ကမ္ဘာပေါ်ရှိ ယောကျာ်းသားများ အားလုံး၏ ၉၉ ရာခိုင်နှုန်းခန့်သည်ရဲရှောင်၏ အတွေးအား သိကြမည် ဆိုပါက သူ့အား အရူးဟုပင်သတ်မှတ်ကောင်း သတ်မှတ်ကြပေလိမ့်မည်။ ရဲရှောင်အစား မခံချိမခံသာ ဖြစ်နေကြမည်မှာသေချာပေါက်ပင်ဖြစ်သည်။
ရဲရှောင်တွေးနေသည့်အတွေးကြောင့် ပါးစပ်အဟောင်းသားဖြင့် ဆွံအကောင်း ဆွံ့အနေကြပေလိမ့်မည်။
အလွန်တရာ လှပ၍ ဆွဲဆောင်မှု အားကောင်းလှသော မိန်းကလေးတစ်ဦးနှင့်အသားချင်းထိတွေ့ရမည့်ခံစားချက်ထက် သူ့ကိုယ်သူ တိုးတက်မှု ရှိရန်အတွက်သာ ရဲရှောင်တစ်ယောက်ပို၍ အာရုံစိုက်နေမိနေသည်မဟုတ်ပါလော။
အားလုံးသော ယောကျာ်းများ၏ အမြင်တွင် ရဲရှောင်အား ယောကျာ်းတစ်ယောက်ပင် ဟုတ်ပါလေစွ ဟုပင်သံသယ ဝင်ကြမည်မှာ အသေအချာပင်။
ပိုင်ရှင်းယွဲ့သည် ရဲရှောင်၏ စကားကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားပြီး တိုးညင်းသော အသံဖြင့် –
“အခုလားဟင် . . .”
ရဲရှောင် အံ့ဩတကြီးဖြင့်-
“အခုမဟုတ်ရင် ခင်ဗျားက ဘယ်တော့ လုပ်မလို့လဲ။ အချိန်တွေ သိပ်ပိုနေတယ်လို့များ ထင်နေလို့လား။ ကျုပ်က အားတာ မဟုတ်ဘူး။ ခင်ဗျားကိစ္စကို မြန်မြန်ပဲ ရှင်းလိုက်ကြရအောင် . . .”
ပိုင်ရှင်းယွဲ့သည်ရှက်ရွံ့နေသည့်ဟန်ဖြင့် –
“ကျွန် . . . ကျွန်မ နည်းနည်း ရှက်နေလို့ပါ . . .”
ရဲရှောင် ပါးစပ်အဟောင်းသားပင်ဖြစ်သွားကာ –
“ခင်ဗျားကို ကျုပ်က ပွင့်ပွင့်လင်းလင်းရှိတဲ့ မိန်းမတစ်ယောက်လို့ ထင်ခဲ့တာ။ ခင်ဗျားလည်း အဲ့ဒီလိုပဲ ပြောခဲ့တာ မဟုတ်လား။ အခုကြမှ ဘယ်လိုဖြစ်ပြီး ရှက်နေရပြန်တာလဲ။ အခု ခင်ဗျားလုပ်ရမှာက ခင်ဗျားရဲ့ အဝတ်ကိုချွတ် ခင်ဗျားကျောကုန်းနဲ့ စွမ်းအင်သိုလှောင်ရာ နေရာကို ပြရုံပဲဟာ။ ကျုပ်က ခင်ဗျား စွမ်းအင်သိုလှောင်ရာကို ကိုင်ထားပြီး ကုပေးရမှာလေ။ ဒီလောက်ရှင်းနေတဲ့ ကိစ္စကို ခင်ဗျားက ဘာကို ရှက်နေရတာလဲ . . .”
ပိုင်ရှင်းယွဲ့ အကြီးအကျယ်ပင်စိတ်လေသွားမိပြီး စိတ်ထဲတွင်လည်း –
(ဪ . . . ရှင့်ပါးစပ်က ပြောတာတော့ လွယ်လိုက်တာနော်။ ကျွန်မရဲ့ စွမ်းအင်သိုလှောင်ရာကို ပြရမယ် ဟုတ်လား။ ပြီးတော့ ကျောကုန်းကိုပါပေါ့။ ဒါက ရှက်စရာ မကောင်းဘူးလို့များ ရှင်ထင်နေတာ လား။ ဘာများ ထပ်ပြစရာ ကျန်နေသေးလို့လဲ။ ဒါလေးပြရုံပဲလို့ သူမို့ ပြောထွက်တယ်။ ပြီးတော့ ဘာကို ရှက်နေရသေးတာလဲတဲ့ . . . ဟမ့် . . .)
ပိုင်ရှင်းယွဲ့သည်ချီတုံချတုံပင်ဖြစ်လျက်ရှိသည်။သူ၏ ခေါင်းအား ငုံ့ထားရင်း မည်သည့်စကားမျှ မပြောတော့ချေ။ စိတ်ထဲတွင်လည်း ထိတ်လန့်နေမိသည့်အတွက်အင်္ကျီအနားစအား အကြောင်းမဲ့ လက်ဖြင့် လုံးချေနေမိသည်။ သူ၏ ရှေ့တွင်ရှိသော လူသည် သူ့ထက် ကျင့်ကြံမှုအဆင့်များစွာ နိမ့်ကျသည့်လူတစ်ဦး ဖြစ်သည်။ ထိုလူအား လက်တစ်ချောင်းတည်းဖြင့် သတ်မည်ဆိုလျှင် သတ်ပစ်နိုင်စွမ်း ရှိသည်။ သို့သော် စိတ်ထဲတွင်ထိတ်လန့် ကြောက်ရွံ့နေမိသည်။
“လာစမ်းပါ၊ ကဲကဲ . . . မြန်မြန်ချွတ်တော့။ ဘာကို စောင့်နေတာလဲ။ ကျုပ်မှာ အချိန်မရှိဘူးလို့ ပြောထားတယ်လေ . . .”
ရဲရှောင် စိတ်မရှည်သည့်ဟန်ဖြင့် ပြောလိုက်ပါတော့သည်။