Chapter – 21.4 ” သိုင်းပညာ ၀ိညာဥ် သုံးခုကို အတွင်းပိုင်းပေါင်းစပ်ခြင်း ”
°°°
ကျိုးယိရဲ့စကားကို ကြားပြီချိန်မှာတော့ ဟို့ယွိဟောင်တို့လဲ တအံ့တဩနဲ့ ခေါင်းထောင်လာခဲ့ကြပါတော့တယ်။ သူတို့အတန်းမှာရှိတဲ့ နှစ်ဆယ့်နှစ်ဖွဲ့က စာမေးပွဲအောင်မယ်ဆိုတာ ပြောစရာမလိုပါဘူး။ ဒါပေမယ့် ဆယ်လေးဖွဲ့က ထိပ်တန်းခြောက်ဆယ့်လေးဖွဲ့ထဲကို ၀င်နိုင်တယ်လား။ နောက်တစ်နည်းပြောရမယ်ဆိုရင် သူတို့အတန်းက နှစ်ဆယ့်ရာခိုင်းနှုန်းကို ရရှိထားခဲ့တာပါ။ ဒါ့အပြင် အတန်းနံပါတ်တစ်ရဲ့ ကျောင်းသားတွေက ရှုံးထွက်ပွဲစဥ်တွေကို ယှဥ်ပြိုင်ဖို့အတွက် တခြားအတန်းတွေထက် နှစ်ဆနည်းပါး ပိုပြီး သာလွန်နေခဲ့ပါတယ်။ ဒီရလဒ်တစ်ခုထဲနဲ့တင် သူတို့တွေ ခေါင်းမော့ရင်ကော့နေဖို့ လုံလောက်နေခဲ့ပါပြီ။
ကျိုးယိက ဆက်ပြောပါတယ်။
” ပတ်ချာလည်လှည့်ပြီ တိုက်ခိုက်တဲ့ ပြိုင်ပွဲမှာ စုစုပေါင်းအဖွဲ့ခြောက်ဖွဲ့က ပြိုင်ပွဲအားလုံးကို အနိုင်ရဖို့လိုအပ်တယ်…ငါတို့အတန်းမှာ အဲဒီလိုအဖွဲ့မျိုး တစ်ဖွဲ့ပဲ ရှိတယ်…အစတုန်းကတော့ သူတို့ကို ငါဆုချီးမြှင့်ဖို့စဥ်းစားထားပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ သူတို့က အတန်းနောက်ကျခဲ့တယ်လေ…ဒါကြောင့် သူတို့ရဲ့ ဒီဂုဏ်ထူးဆောင်မှုကို နောက်ထပ်ဆုမပေးတော့ပဲနဲ့ အပြစ်မပေးဖို့ကိုပဲ ဆုံးဖြတ်လိုက်တယ် ”
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ ချက်ချင်းဆိုသလို လူတိုင်းရဲ့အာရုံစိုက်မှုကို ခံရပါတော့တယ်။ နှစ်ယောက်စလုံးက တကယ်ကို စိတ်ဖိစီးနေကြပါပြီ။ တကယ်တော့ သူတို့တွေ မျက်လုံးအပြူးသားလဲ ဖြစ်နေခဲ့ကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် ကြည့်နေရင်းနဲ့ ခန္ဓာကိုယ်ထဲက စိတ်၀ိညာဥ်စွမ်းအားတွေ စတင် လှည့်ပတ်ပြီ ပေါင်းစည်းတော့မလိုဖြစ်နေတာကို ခံစားလိုက်မိပါတော့တယ်။ ဒီလိုနီးကပ်မှုက စကားနဲ့ဖော်ပြဖို့တောင် ခက်ခဲနေခဲ့တယ်။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်နေသလိုပါပဲ။
သူတို့နှစ်ယောက်လဲ ချက်ချင်းဆိုသလို အိပ်ယာထဲမှာ ဖက်အိပ်မိတဲ့အဖြစ်ကို တွေးတောပြီအဆုံးသတ်မိပါတော့တယ်။
၀မ်သုန့်က ပြောလိုက်မိတယ်။
” ငါတို့တွေ အောင်မြင်သွားတာလား ”
ဟို့ယွိဟောင်ကတော့ အဖြေကို ၀မ်သုန့်ထက်ပိုပြီး နားလည်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ စကားပြောပြီသား ဖြစ်နေလို့ပါ အစတုန်းက မသေချာပေမဲ့ တကယ်တော့ သေချာသွားခဲ့ပါပြီ။
” ဟုတ်လိမ့်မယ် ငါတို့တွေ အတန်းပြီတဲ့အချိန် စမ်းကြည့်ကြမလား ”
နှစ်ယောက်သား တစ်ပြိုင်နက်ထဲ ခေါင်းညိတ်လိုက်မိပါတယ်။ ဒီလိုမျိုး နားလည်သဘောပေါက်မှုက စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမျှဝေမှုထက်တောင် အများကြီးပိုပြီးသာလွန်လို့နေခဲ့တယ်။ သူတို့နှစ်ယောက်က တစ်ဖက်သူတွေရဲ့ နောက်ထပ် လှုပ်ရှားမှုကို အေးအေးဆေးဆေး ခန့်မှန်းနိုင်နေပါပြီ။ ဒီလိုခံစားချက်က သဘာ၀တွေအတိုင်း ခံစားမိပါတယ်။ အရမ်းကို ထူးခြားတဲ့ခံစားချက်ပါပဲ။
ဒီလိုခံစားချက်ကနေ ထူးခြားတဲ့အသံကြီးတစ်သံ ဖြစ်ပေါ်လာပါတော့တယ်။ သူတို့နှစ်ယောက်လဲ ခေါင်းမော့ကြည့်လိုက်ချိန်မှာ ကျိုးယိရဲ့ ဒေါသထွက်နေတဲ့ မျက်နှာကြီးကို မြင်လိုက်ရပါပြီ။ ဒီလိုစိတ်လွှတ်နေတဲ့အခြေအနေကို ဆရာကတော့ မိသွားခဲ့ပြီ။
” မင်းတို့နှစ်ယောက် အပြင်သွားပြီ သံကြိုးထမ်းပြီပြေးတော့ ကျောင်းခေါင်းလောင်းမတီးခင်အထိ မရပ်ကြနဲ့ မင်းတို့နှစ်ယောက်က ဒီလောက်အောင်မြင်ပြီးတာနဲ့ ကိုယ့်ကိုကိုယ် ကျေနပ်နေကြပြီလား ”
ဒါက လုံး၀မဖြစ်သင့်တဲ့ကိစ္စပဲ နှစ်ယောက်စလုံးက တစ်ပြိုင်နက်ထဲ အော်မိပါတယ်။ ဒါပေမယ့် ဆရာကျိုးဆုံးဖြတ်ပြီတဲ့ကိစ္စကို ပြန်ပြောင်းမှာမဟုတ်မှန်း သူတို့သိနေခဲ့တယ်။ ဒါကြောင့် သူတို့လဲ မျက်နှာမသာမယာနဲ့သာ သံကြိုးတွေကို အခန်းထဲမှာ ပြန်ယူလိုက်ရပါပြီ။
သူတို့ထွက်ခွာသွားတာကို မြင်ချိန်မှာ ကျိုးယိက ပြောလာခဲ့ပါတယ်။
” မင်းတို့အားလုံး မှတ်ထားကြစမ်း ဘယ်လောက်ပဲ အောင်မြင်ပါစေ အမြဲတမ်းနှိမ့်ချပြီ သတိထားနေရမယ်….မောက်မာထောင်လွှားလို့မရဘူး…ဒါကိုတစ်ဘ၀တာလုံးမှတ်ထားကြ မနက်ဖြန်ကနေ ရှုံးထွက်ပွဲစဥ်တွေစလိုက်မယ်…ဒါကြောင့် အဓိက ကိစ္စတွေကို ငါအတိုချုပ်ပြီ ရှင်းပြပေးမယ် ”
ကျိုးယိရဲ့ ရှင်းပြချက်တွေကို သူတို့နားမထောင်လိုက်ရပေမဲ့ ရှောင်းရှောင်းက အဲ့ဒီမှာရှိနေတာ ကံကောင်းတာပါပဲ။ ကျိုးယိက တကယ်တော့ ရှောင်းရှောင်းကနေတစ်ဆင့် သူတို့ကို သတင်းအချက်အလက် ပေးခိုင်းလိုက်ပါတယ်။
” မင်းကိုပဲ ဒီကိစ္စအတွက် အပြစ်တင်ရတော့မယ် ”
သူတို့တွေ ထွက်ခွာလာတာနဲ့ ၀မ်သုန့်က ဒေါသတကြီးပြောပါတော့တယ်။ ဟို့ယွိဟောင်ကတော့ မှားယွင်းစွပ်စွဲခံနေရတဲ့ပုံစံနဲ့သာ ရှိနေခဲ့တယ်။
” ငါ့ကို ဘာလို့အပြစ်တင်နေရတာလဲ မနေ့တုန်းက ငါ့ကို ဖက်မယ်လို့ မင်းပဲပြောခဲ့တာလေ ”
” ဘာပြောလိုက်တယ် ”
၀မ်သုန့်က ပိုပြီး ဒေါသထွက်နေခဲ့ပါပြီ။
” ငါတို့က တစ်ဖွဲ့ထဲသားတွေပဲလေ ဒီတော့ သေချာပေါက် စည်းလုံးသင့်တာပေါ့ ”
ဟို့ယွိဟောင်က မျက်နှာသေနဲ့သာ ပြန်ပြောနေခဲ့ပါတယ်။
” မင်းအဖေကြီးကိုပဲ သွားပြီစည်းလုံးလိုက် ငါအပြစ်ပေးခံရ တာ မင်းကြောင့်အဓိကပဲ ဘာတွေလုပ်ရမလဲဆိုတာ ပြောနေရဦးမှာလား ”
၀မ်သုန့်က ဒေါသတကြီးနဲ့ ပြောလာခဲ့ပါတယ်။
” ဒါ့အပြင် မင်းငါ့အိပ်ယာပေါ်မှာ မနေ့ညကအိပ်ခဲ့တယ်လေ အဲ့ဒီအတွက် ဘာလုပ်ပေးမလဲ ”
ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့ပုခုံးပေါ်ကို လက်တင်လိုက်ရင်း ပြောလာခဲ့ပါတယ်။
” ကောင်းပြီလေ ငါတို့အားလုံးက ညီနောင်တွေပဲ ဒီလိုကိစ္စလေးတွေအတွက် ဒေါသမထွက်သင့်ဘူးမဟုတ်လား ငါတို့ဆရာကျိုးရဲ့ လုပ်ခိုင်းတဲ့ကိစ္စကို အရင်ဆုံးမြန်မြန်ပြီးအောင် လုပ်ရအောင် မဟုတ်ရင် ငါတို့ပြဿနာ ပိုတက်သွားနိုင်တယ် ”
၀မ်သုန့်ရဲ့လည်ပင်းကို ဟို့ယွိဟောင် ဖက်လိုက်ချိန်မှာပဲ ၀မ်သုန့်က မျက်လုံးပြူးသွားခဲ့ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့အသံက ချက်ချင်းဆိုသလို နူးညံ့သွားခဲ့ပါပြီ။ ဒီလိုစကားပြောပြီတဲ့နောက် သူတို့နှစ်ယောက်လှုပ်ရှားနေတာ ရက်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်ကလဲ သူ့လက်သူပြန်ကြည့်မိသလို ၀မ်သုန့်ကလဲ ကြည့်နေခဲ့မိပါတယ်။
” ဘာဖြစ်လာတာလဲ ”
သူတို့နှစ်ယောက် တညီတညွတ်ထဲ ပြောလိုက်မိပါတော့တယ်။
အမှန်ပါပဲ ထူးခြားတဲ့ ကိစ္စတစ်ခုက ဖြစ်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့လက်က ၀မ်သုန့်လည်ပင်းကို ထိလိုက်ချိန်မှာ သူတို့နှစ်ယောက်က ချိတ်ဆက်သွားသလိုပါပဲ။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားတွေက ၀မ်သုန့်ခန္ဓာကိုယ်ထဲ သဘာ၀ကျကျ စီးဆင်းလို့နေခဲ့ပါတယ်။ ၀မ်သုန့်ရဲ့ ၀ိညာဥ်စွမ်းအားတွေကလဲ တန်ပြန်စီးဆင်းလို့လာခဲ့တယ်။ သူတို့နှစ်ယောက်က လုံး၀ကို ပေါင်းစည်းလို့သွားခဲ့သလိုပါပဲ။ ဒီလိုပေါင်းစည်းမှုက ထိတွေ့မိချိန်မှာ ပိုလို့ရှင်းလင်းပြတ်သားလာခဲ့တာပါ။
” မဟုတ်သေးဘူး နောက်တစ်ခေါက် စမ်းကြည့်ရအောင် ”
၀မ်သုန့်ရဲ့လည်ပင်းကို မထိတော့ပဲ ဟို့ယွိဟောင်က လက်နှစ်ဖက်ကို တွဲလိုက်ပြီ ပြောလိုက်ပါတယ်။
၀မ်သုန့်ရဲ့လက်တွေက အရမ်းကို နူးညံ့နေခဲ့ပြီ ချောမွေ့လွန်လှပါတယ်။ ဒါ့အပြင် ကိုင်ရတာကလဲ သက်သောက်သက်သာရှိနေခဲ့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်လဲ အပြည့်အ၀နားလည်ပေးဖို့ အချိန်မရှိလိုက်ပါဘူး။
သူတို့နှစ်ယောက် လက်ချင်ထိလိုက်ချိန်မှာပဲ ဟို့ယွိဟောင်ရဲ့ ထူးဆန်းကောင်းကင်နည်းလမ်းက စတင် လှုပ်ရှားပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့ ညာဘက်လက်ကထဲကနေ ၀မ်သုန့်ရဲ့ ဘယ်ဘက်လက်ဆီကို စီးဆင်းလို့သွားခဲ့တယ်။ သူ့ရဲ့ ဘယ်ဘက်လက်ကလဲ စုပ်ယူမှုစွမ်းအင်တစ်ခုနဲ့အတူ ၀မ်သုန့်ရဲ့ ၀ိညာဥ်စွမ်းအားတွေကို စုပ်ယူနေခဲ့ပါပြီ။ နှစ်ယောက်စလုံးရဲ့ ၀ိညာဥ်စွမ်းအားတွေ ခပ်မြန်မြန် လှည့်ပတ်နေခဲ့တာက ဟို့ယွိဟောင်ရဲ့ မူလလေ့ကျင့်နေကြအရှိန်နှုန်းထက် ပိုပြီး နှစ်ဆမြန်ဆန်ပါတယ်။
၀မ်သုန့်က ပါရမီရှင်တစ်ယောက်ဖြစ်တာကြောင့် ချက်ချင်းဆိုသလို နားလည်သွားပါတော့တယ်။
” နည်းနည်းလောက်ပိုပြီး ထိန်းချုပ်ကြည့် မင်းရဲ့ခန္ဓာကိုယ်ထဲကို ထည့်သွင်းဖို့ကြိုးစား ”
သူပြောပြီတဲ့နောက် ဘယ်ဘက်လက်ကို ပြန်ပြီဆွဲယူလိုက်ပါတော့တယ်။ လက်ရှိအချိန်မှာ သူ့ရဲ့ ၀ိညာဥ်စွမ်းအားတွေက ဟို့ယွိဟောင်ခန္ဓာကိုယ်ထဲကို ဆက်တိုက်၀င်ရောက်နေခဲ့ပါပြီ။
ဟို့ယွိဟောင်အနေနဲ့လဲ ပေါက်ကွဲစွမ်းအား ပြင်းထန်တဲ့ ၀ိညာဥ်အင်အားတွေကို စတင် ခံစားမိပါတော့တယ်။ သူ့တစ်ကိုယ်လုံးစွမ်းအင်တွေပြည့်နှက်နေသလိုပါပဲ။
ထူးဆန်းရေဆေးလုံးရဲ့ ပြန်လည်ပုံဖော်နိုင်တဲ့ ရလဒ်လိုမျိုး သူ့ရဲ့စွမ်းအင်လှည့်ပတ်မှုလမ်းကြောင်းတွေက အတော်ကို အားကောင်းလာခဲ့ပါတယ်။
လက်ရှိအချိန်မှာ များပြားတဲ့၀ိညာဥ်စွမ်းအားတွေက ၀င်ရောက်ခဲ့တာကြောင့် သူလဲ မသက်မသာ မဖြစ်တော့ပါဘူး။
ဒီလိုနားလည်သဘောက်ပေါက်မှုက သူတို့နှစ်ယောက်ကြားမှာ ပိုမို ထင်ရှားလာပါတော့တယ်။ ဟို့ယွိဟောင်လဲ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမျှဝေမှုကို ချက်ချင်းဆိုသလိုအသုံးပြုရင်း ၀မ်သုန့်ကို မျှဝေလိုက်ပါတယ်။
၀မ်သုန့်ကလဲ မျက်လုံးတွေကို ပိတ်ထားလိုက်ပါပြီ။ ချက်ချင်းဆိုသလို ဟို့ယွိဟောင်ရဲ့ ထောက်လှမ်းနိုင်စွမ်းက ကြောက်စရာကောင်းလောက်အောင် တိုးတက်လာမှန်း သူသတိထားမိလိုက်ပါတယ်။
ပုံမှန်အားဖြင့် ဟို့ယွိဟောင်ရဲ့ ထောက်လှမ်းမှုက မီတာခြောက်ဆယ့်ပတ်လည်ကို ရောက်ရှိနိုင်တာပါ။ တစ်နေရာထဲကို ဦးတည်ထားမယ်ဆိုရင်တော့ မီတာတစ်ရာအထိကို ရောက်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ၀မ်သုန့်ရဲ့ စွမ်းအင်ပေါင်းစည်းမှုကြောင့် မီတာတစ်ရာအထိကို ခပ်မြန်မြန်ရောက်ရှိသွားခဲ့ပါတယ်။
နှစ်ယောက်စလုံး တအံ့တဩဖြစ်နေခဲ့သလို ဟို့ယွိဟောင်ရဲ့အသံကလဲ တုန်ရီလာပါတော့တယ်။
” ၀မ်သုန့် ဒီလိုမျိုး၀ိညာဥ်ပညာရှင်တွေ တစ်ယောက်နဲ့တစ်ယောက် စွမ်းအားမျှဝေနိုင်တာကို မင်းကြားဖူးလား ”
၀မ်သုန့်ကတော့ ခေါင်းသာခါလိုက်ပါတယ်။
” ဘာဖြစ်လို့ ဒီလိုဖြစ်လာရတာလဲ ငါတို့မနေ့က ကြိုးစားခဲ့တာ အောင်မြင်သွားတာလား ”
” ငါတို့တွေ နေရာတစ်နေရာရှာပြီ ကြိုးစားကြည့်ကြမလား ”
ဒီတစ်ကြိမ်မှာပဲ ပြတင်းပေါက်ကနေ ဒေါသတကြီးအသံက ထွက်ပေါ်လာပါတော့တယ်။
” မင်းတို့နှစ်ယောက်သံကြိုးယူပြီ မပြေးကြသေးဘူးလား ဘာဖြစ်လို့ လက်ကိုင်ပြီ တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြတာလဲ ”
အပိုင်း ၂၁•၄ ပြီး၏။