Chapter – 247
“ကုသမှုအား လက်ခံလိုက်ခြင်း”
ရဲရှောင်၏ ကျင့်စဉ်သည် အခြားသော ကျင့်စဉ်များထက် ပို၍ ထူးခြားနေသည်မှာ အမှန်ပင် ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ အဆင့်တက်ရာတွင် မအောင်မြင်ခဲ့ပါက ထိခိုက်အန္တရာယ်ကျရောက်နိုင်ခြင်းပင် ဖြစ်သည်။ သို့သော် အချိန်အတိုင်းအတာတစ်ခုအထိ အနားယူလိုက်မည်ဆိုပါက ပြန်လည်၍ သက်သာကောင်းမွန်လာနိုင်ပါသည်။
တနည်းအားဖြင့် ထိုကျင့်စဉ်အား တတ်မြောက်ထားသူသည် ထပ်ခါထပ်ခါ အသုံးချနိုင်မည် ဖြစ်သည်။
“ဒီလိုကျင့်စဉ်မျိုး ပိုင်ဆိုင်ထားတော့ ဆရာဖန်အနေနဲ့ မူလဝိညာဉ်တော်အဆင့် ရောက်ဖို့အတွက် အချိန်ဘယ်လောက် ယူရမယ်လို့ ထင်လဲ . . .”
ပိုင်ရှင်းယွဲ့သည်ရဲရှောင်အား ကြည့်ရင်း စိတ်ဝင်တစားဖြင့်မေးလိုက်သည်။
သိချင်စိတ်ဖြင့်မေးလိုက်သော်လည်း စိတ်ထဲတွင်မူ စိုးရိမ်ပူပန်နေမိသည်။
ပိုင်ရှင်းယွဲ့အနေဖြင့်ထိုမေးခွန်းအား မမေးချင်ခဲ့ပေ။ ဖန်ဇီလင်နှင့် အနည်းငယ်ရင်းနှီးမှု ရှိနေသောကြောင့်သာမေးလိုက်ခြင်း ဖြစ်သော်လည်း အခြားလူတစ်ယောက်၏ ကျင့်စဉ်နှင့် ပတ်သက်၍ စည်းမစောင့်ဘဲ မေးမြန်းလိုက်ခြင်းသည် ရိုင်းသည်ဟုပင်ဆိုရပေမည်။ ထိုစည်းသည်ဂိုဏ်းများအကြား ကန့်သတ်တားမြစ်ထားသော အရာလည်း ဖြစ်သည်။
သို့သော် ရဲရှောင်၏ ကျင့်စဉ်သည်အလွန်ထူးခြား ဆန်းကြယ်လှသော ကျင့်စဉ်တစ်ခု ဖြစ်နေသည့်အတွက် သိချင်ေနသည့်စိတ်အား ချုပ်တည်း၍ မရနိုင်တော့ချေ။ ထို့ကြောင့် မေးရန်မသင့်သည့်တိုင် မေးလိုက်မိခြင်း ဖြစ်သည်။ ဖန်ဇီလင်မှ သူမေးလိုက်သည့်မေးခွန်းအား မဖြေဘဲ ဒေါသထွက်သွားမည်ကိုလည်း စိုးရိမ်နေမိသည်။
ပိုင်ရှင်းယွဲ့၏မေးခွန်းကြောင့်ရဲရှောင် ခဏမျှ စဉ်းစားလိုက်ရင်း –
“အင်း . . . ဒီကျင့်ကြံမှုက ခက်ခဲကြမ်းတမ်းတယ်။ လွယ်လွယ်ကျင့်နိုင်တာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့်မမျှော်လင့်ထားစရာ ကိစ္စတွေသာ ဖြစ်မလာခဲ့ဘူးဆိုရင် ချင်းယန်နယ်ပယ်ကို နောက် ၂ နှစ်အတွင်း ရောက်နိုင်မှာပါ . . .”
ပိုင်ရှင်းယွဲ့ဘက်မှ အားတုံ့အားနာ ဖြစ်နေသည်ကို ရိပ်မိသဖြင့်ရဲရှောင်မှ တိတိကျကျပင် ပြန်ဖြေပေးလိုက်ခြင်း ဖြစ်သည်။
၂ နှစ်ဆိုသည့်စကားအား ကြားလိုက်ရသောအခါ ပိုင်ရှင်းယွဲ့၏ မျက်လုံးများသည်အရောင်တဖျတ်ဖျတ်ဖြင့်လင်းလက်သွားသည်။ ညအချိန်တွင်ထိန်ထိန်သာလျက် ရှိသော လမင်းကြီးကဲသို့ တောက်ပသော မျက်ဝန်းအစုံဖြင့်ပိုင်ရှင်းယွဲ့သည်ရဲရှောင်အား ကြည့်လိုက်သည်။
ပိုင်ရှင်းယွဲ့၏ လှပသော မျက်ဝန်းများအောက်တွင်ရဲရှောင် တဒင်္ဂမျှ နစ်မြောသွားသည်။
ဝမ်ရမ်ချူးချူးသည်လည်း စိတ်လှုပ်ရှားလျက်ရှိနေလေသည်။
ရဲရှောင်မှ တည်ကြည်လေးနက်သော အသံဖြင့် –
“ခင်ဗျားတို့ကို ပြောရဦးမယ်။ ကျုပ်ရဲ့ ပြုစုပျိုးထောင်မှုကြောင့် မှင်ရောင်အားဖြည့် ကြာပန်းတွေအညှောင့်ပေါက်လာကြပြီ။ စုစုပေါင်း ၂၈ ပင်လောက်ဖြစ်မယ် . . .”
ရဲရှောင်၏ စကားကြောင့်ပိုင်ရှင်းယွဲ့ တုန်လှုပ်သွားသည်။ ပျော်ရွှင်မှုနှင့်အတူ စိတ်လှုပ်ရှားမှုပါ ပေါင်းစပ် ခံစားလိုက်ရသောကြောင့်မျက်လုံးများပင် ပြာဝေသွားခဲ့သည်။
အတိုင်းမသိပျော်ရွှင်ကျေနပ်သွားသဖြင့်ပိုင်ရှင်းယွဲ့၏ မျက်လုံးများမှ မျက်ရည်များပင်စီးကျလာခဲ့သည်။ ထို့နောက်ခေါင်းကိုမော့၍ စီးကျလာသော မျက်ရည်များအား ချက်ချင်းပင်သုတ်လိုက်ရင်း ချင်းရန်နယ်ပယ်တွင်ကျန်ရှိခဲ့သော ဂိုဏ်းအတွက်တွေးမိလိုက်သည်။
(နောက်ဆုံးတော့ ငါတို့ဂိုဏ်းအတွက် မျှော်လင့်ချက်ရောင်ခြည်ေတွ သမ်းလာခဲ့ပြီပဲ . . .)
“ဒီပုံစံအတိုင်း ဆက်သွားမယ်၊ ကျုပ်မှာလည်း လုံလောက်တဲ့ ပစ္စည်းတွေ ရှိနေမယ်ဆိုရင် ၁၀နှစ်အတွင်းမှာ ဒီမှင်ရောင်အားဖြည့်ကြာပန်း ၂၈ ပင်ကနေ အပင် ၆၀၀ လောက်အထိ ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ဆို ကျုပ်လည်း အဆင့် ၃ ဆေးပညာရှင်တစ်ယောက် ဖြစ်နေလောက်ပြီ။ အဲဒီတော့ အခုထက်ပိုပြီးလုပ်နိုင်တော့မှာပေါ့ဗျာ။ ကျောက်စိမ်းအားဖြည့် ကြာပန်းပင်ရော ကျောက်စိမ်းအသက်ဝင် ကြာပန်းပင်ပါ လုပ်နိုင်သွားတော့မှာပါ . . .”
ရဲရှောင် ပြုံးလျက်ပင် ပြောလိုက်သည်။
“ဒါပေမယ့်ဒါ ခင်ဗျားတို့အတွက် ကျုပ်ဘက်က လုပ်ပေးနိုင်တာ အကုန်ပဲ။ အဲဒီနေ့ကြရင် ကျုပ်ပေးမယ့်အားဖြည့်ကြာပန်းပင်တွေနဲ့ ခင်ဗျားတို့ရဲ့ ကြာပန်းဥယျာဉ်ကို ပြန်ပြီး တည်ဆောက်နိုင်ကြမှာပါ”
ပိုင်ရှင်းယွဲ့ ခေါင်းညိတ်ပြရင်း တုန်ယင်သော အသံဖြင့် –
“အမှန်ပေါ့ . . . ကျွန်မတို့အတွက် အကြာကြီးစောင့်နေရသလို ဖြစ်နေမယ် ဆိုပေမယ့်နှစ် ၂၀ တောင် မကြာဘူးဆိုတော့ ကျွန်မတို့ဂိုဏ်းလည်း အဲဒီအချိန်ထိ ရှင်သန်နေနိုင်မှာပါ။ ဥယျာဉ်ကိုလည်း ပြန်တည်ဆောက်နိုင်သွားမယ်။ အဲဒါဆို ကျွန်မတို့အတွက် ဘာမှစိုးရိမ်နေစရာ မလိုတော့ဘူး . . .”
ရဲရှောင် ခေါင်းညိတ်ပြလိုက်ရင်း –
“ခင်ဗျားအတွက်ကတော့ နှမျောစရာပဲ မိန်းကလေးပိုင် . . . အဲဒီလိုနေ့ကို ခင်ဗျား မြင်နိုင်စွမ်း မရှိတော့ဘူးပေါ့ . . .”
ရဲရှောင်သည်ထိုစကားအားပေါ့ပေါ့ပါးပါး မထူးခြားသည့်ဟန်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
သို့သော် ပိုင်ရှင်းယွဲ့အတွက်မူ အလွန်ခံစားရခက်သော စကားတစ်ခွန်း ဖြစ်သွားခဲ့သည်။
ဝမ်ရမ်ချုးချုးလည်း မနေသာတော့ဘဲဘေးမှ ဝင်ထိန်းပေးသည့်သဘောဖြင့်-
“နောင်ကြီးဖန် . . . ရှင့်ရဲ့ အကူအညီနဲ့ဆို ရှင်ပြောတဲ့နေ့ကို ဆရာသေချာပေါက် မြင်နိုင်လောက်မှာပါ ဟုတ်တယ်မလား . . .”
ရဲရှောင် ပြန်မဖြေဘဲ ပိုင်ရှင်းယွဲ့၏ မျက်နှာကိုသာ စိုက်ကြည့်လိုက်သည်။
ပိုင်ရှင်းယွဲ့၏ မျက်နှာတွင်မည်သည့်ခံစားချက်အရိပ်အယောင်မျှ ပြမနေဘဲ တည်ငြိမ်စွာဖြင့် ရှိနေလေသည်။ ပိုင်ရှင်းယွဲ့၏ အလှသည်ရင့်ကျက်တည်ငြိမ်သော အလှမျိုးဖြစ်ပြီး စင်ရော်တောင်ကဲ့သို့ သွယ်လျသော မျက်ခုံးမွှေးများသည်သူမ၏ အလှအား ပို၍ပေါ်လွင်စေလျက်ရှိသည်။
ရဲရှောင်သည် ပိုင်ရှင်းယွဲ့အား မျက်တောင်မခတ်တမ်းပင်စူးစိုက်ကြည့်နေခဲ့သည်။ အလွန်ရဲတင်းလွန်းသော အကြည့်ဖြင့် ကြည့်နေသည်ဟုပင် ဆိုရပေမည်။
ပိုင်ရှင်းယွဲ့၏ မျက်နှာသည်ဖြူရော်ရော် ဖြစ်နေရာမှ နီမြန်းလာလေသည်။
ရဲရှောင်နှင့်အကြည့်ချင်း မဆုံဝံ့ဘဲ သူ၏ ခေါင်းအား ငုံ့ထားလိုက်သည်။ ရှက်ရွံ့စိတ်ကြောင့်လည်ပင်းအထိပင် နီရဲလာလေသည်။ ထို့နောက်လေသံတီးတိုးဖြင့် –
“အခုလို ကျွန်မတို့ဂိုဏ်း ပြန်ပြီး ရှင်သန်လာမယ် ဆိုတာကို သိရတော့ ကျွန်မ အဲဒီနေ့ကို ကိုယ်တိုင် မြင်ချင်မိနေမိတယ် . . .”
ရဲရှောင် တအံ့တသြဖြင့် –
“မိန်းကလေး . . . မင်းရဲ့ ခန္ဓာကိုယ်ကို ဘယ်ယောကျာ်းမှ ထိခွင့်မပေးဘဲ အပျိုစင်ဘဝကို ထိန်းသိမ်းမယ်ဆို။ အခုကြ အဲဒါတွေကို ဂရုမစိုက်တော့ဘူးပေါ့ ဟုတ်လား . . .”
ပိုင်ရှင်းယွဲ့၏ မျက်နှာသည်ပို၍ပင်နီရဲသွားသည်။ သူစိတ်ထဲတွင်အလွန်ရှက်ရွံ့နေမိသည်။
(သူက တမင်ငါ့ကို ပြောနေတာပဲ။ ငါပြောခဲ့တဲ့ စကားတွေနဲ့တောင် ငါ့ကို ပြန်ချေနေသေးတယ်။ ငါကလည်း စိတ်ပြောင်းသွားမိတာကိုး။ ငါက ငါ့ရဲ့ ရောဂါကို ကုချင်တာပဲ ရှိတာပါ။ အဲဒါကိုများ သူပြောနေတဲ့ ပုံစံက ငါတစ်ဘဝလုံးပဲ သူ့ကို ပုံအပ်ရတော့မလိုနဲ့ . . .)
ပိုင်ရှင်းယွဲ့သည် စည်းကမ်း အလွန်တင်းကြပ်သည့်ဂိုဏ်းကြီးအတွင်း နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူတစ်ဦး ဖြစ်သည်။
ထို့ကြောင့်သူ၏ ဘဝတွင် မည်သည့်ယောကျာ်းသားနှင့်မျှ မထိတွေ့ မဆက်ဆံခဲ့ဖူးချေ။ ယခုကဲ့သို့ အသားချင်း ထိ၍ရောဂါ ကုသခံရမည်ဆိုသောကြောင့်မျက်နှာမထားတတ်အောင်ပင်ရှက်ရွံ့နေမိသည်။
ထိုအချိန် ဝမ်ရမ်ချူးချူးမှ ဒေါသတကြီးဖြင့် –
“ဖန်ဇီလင် . . . ရှင် . . . ရှင် ဘာသဘောနဲ့ ပြောရတာလဲ . . .”
နှုတ်မှဒေါသတကြီးအော်လိုက်မိသည့်အပြင်စိတ်ထဲတွင်လည်း ဖန်ဇီလင်အား ကျိန်ဆဲနေမိသည်။
(ကျွန်မဆရာက အကြိမ်ကြိမ်အခါခါ စဉ်းစားပြီးလို့ အခုလို ဆုံးဖြတ်ချက် ချလိုက်တာလေ။ အဲဒါတောင် ရှင်က သူ့ကို လှောင်ပြောင်နေစရာ လိုလို့လား။ ကျွန်မဆရာသာ ရှင့်ရဲ့ မဟုတ်တမ်းတရား စကားတွေကြောင့် စိတ်ပြန်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ . . .)
ပိုင်ရှင်းယွဲ့သည်ရဲရှောင်အား မော့ကြည့်လိုက်ရင်း –
“ကျွန်မတို့ လျှောက်ရမယ့်အနာဂတ် ခရီးလမ်းက တကယ်ကို ကြမ်းတမ်းတယ်။ကျွန်မတို့ အားလုံးထဲက လူအနည်းငယ်ပဲ ရှင်သန်နိုင်မယ်ဆိုရင် ကျွန်မအသက်ကို ကျွန်မဂိုဏ်းအတွက်စွန့်ဖို့ ဝန်မလေးပါဘူး။ ကျွန်မက ဆုံးဖြတ်ချက် ပြတ်သားတဲ့ မိန်းမတစ်ယောက်ပါ။ တိုက်ခိုက်တဲ့ နေရာမှာလည်း အရမ်းတော်နေတဲ့ လူတစ်ယောက်မဟုတ်သေးပါဘူး။နောက်ပြီး ဂိုဏ်းတစ်ခုလုံးကို ကာကွယ်စောင့်ရှောက် ပေးနိုင်မယ့်အရည်အချင်းမျိုးလည်း မရှိဘူး။ အဲဒါကြောင့် ကျွန်မအသက်ကို နှမြောမနေဘဲ စွန့်လွှတ်နိုင်တာပေါ့ . . .”
ပိုင်ရှင်းယွဲ့သည်ပြောရင်းပြောရင်းဖြင့်ရှက်ရွံ့နေသည့် အမူအယာမျိုး မပေါက်တော့ဘဲ လေးလေးနက်နက်ဖြင့်ပြောဆိုလျက်ရှိသည်။
“ဒါပေမယ့်ကျွန်မတို့ဂိုဏ်း မျှော်လင့်ချက် ရှိလာမယ် ဆိုရင်တောင် အချိန်အားဖြင့် ကြာဦးမှာပဲ။ ပန်းတိုင်က ဝေးနေသေးတယ်လေ။ အဲဒီပန်းတိုင်ရောက်ဖို့အတွက် ကျွန်မအရာအားလုံးကို စွန့်လွှတ်ရဲတယ်”
“ကျွန်မရဲ့ အပျိုစင်ဘဝက တကယ်ကို တန်ဖိုးရှိပါတယ်။ ဒါပေမယ့်အဲဒီထက် တန်ဖိုးကြီးတာကို ဦးစားပေးရမယ့်အခါကြ ကျွန်မအနေနဲ့ မတတ်နိုင်ဘူးလေ။ ကျွန်မရဲ့ ကိုယ်စိတ်နှလုံး သုံးပါးလုံးကို သန့်ရှင်းအောင် ထားချင်တယ်။ ဒါပေမယ့်အဓိကက နှလုံးသား ဖြူစင်နေရင် ရပြီ မဟုတ်လား။ အဲဒီတော့ ကျွန်မခန္ဓာကိုယ်ကို ဘာကြောင့် မစတေးနိုင်ရမှာလဲ . . .”
ပိုင်ရှင်းယွဲ့သည် ပြုံးလိုက်ရင်း –
“နောက်ပြီး ကျွန်မတို့က အခု အသားချင်းထိဖို့ပဲ လိုတာ မဟုတ်လား။ အပျိုစင်ဘဝကို ဆုံးရှုံးရမယ် ဆိုရင်တော့ ကျွန်မနည်းနည်း ကြောက်ရင် ကြောက်မိမှာပေါ့ . . .”
ရဲရှောင်မှလည်း တည်ကြည်သည့် အသံဖြင့် –
“မှန်တာပေါ့။ သိပ်မှန်တယ်။ ခင်ဗျား အဲဒီလို စဉ်းစားမိတဲ့အတွက် ကျုပ်ကျေနပ်သွားပြီ . . .”
ပိုင်ရှင်းယွဲ့သည်ခါးကိုညွှတ်လိုက်ရင်း –
“ရှင့်ရဲ့ ဂရုစိုက်မှုအတွက် တကယ်ကျေးဇူးတင်ပါတယ် ဆရာဖန် . . .”
“မိန်းကလေးပိုင်က အမြင်ကျယ်တဲ့ လူတစ်ယောက်ပါ။ မုန်တိုင်းပြီးရင် တိုက်ခတ်လာတဲ့ လေပြည်လိုပဲ။ ခင်ဗျားကို ကျုပ် လေးစားမိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်ဘက်က အကောင်းဆုံး ကြိုးစားပေးပါ့မယ်။ ခင်ဗျားရဲ့ ဝေဒနာကို ကျုပ်အတတ်နိုင်ဆုံး ကုသပေးမယ် . . .”
ရဲရှောင် စိတ်လက်ပေါ့ပါးစွာဖြင့်ပြောလိုက်ပါတော့သည်။