Chapter – 246
“အထူးခြားဆုံးသောကျင့်စဉ်တစ်ခု”
ဝမ်ရမ်ချူးချူးသည်တအံ့တဩဖြင့်ပင်စိတ်ထဲတွင်တွေးနေမိသည်။
(သူက အခုမှ ကောင်းကင်အဆင့် ရောက်တာ ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ အစွမ်းထက်လာရတာလဲ။ သူကျင့်ကြံတဲ့ ကျင့်စဉ်က လင်းရှောင်ရေခဲကျင့်စဉ်ထက်ကို ပိုပြီး အစွမ်းထက်နေတာများလား . . .)
(လင်းရှောင်ရေခဲကျင့်စဉ်ဆိုတာ ချင်းယန်နယ်ပယ် တစ်ခုလုံးမှာ အကောင်းဆုံး ကျင့်စဉ်ပဲဟာ။ ငါတို့ ကျင့်စဉ်ကို ချင်းယန်နယ်ပယ်က ဘယ်လို ပညာရှင်မျိုးမဆို ကြောက်ရွံ့ကြတာချည်းပဲ။ ဒီလို အဆင့်နိမ့် နယ်ပယ်တစ်ခုက လူတစ်ယောက်မှာ လင်းရှောင်ရေခဲကျင့်စဉ်ထက် သာလွန်တာ ရှိနိုင်ပါ့မလား . . .)
ရဲရှောင်မှာမူ ကျယ်လောင်စွာ အော်ဟစ်၍ လင်းရှောင်ရေခဲတိုက်ကွက်အား ခုခံနေလျက် ရှိသည်။ နောက်သို့ ခြေတစ်လှမ်းမျှပင်မဆုတ်ခွာဘဲ ရှေ့သို့သာ ဆက်တိုးလာလျက် ရှိသည်။ ဝမ်ရမ်ချူးချူးအဖို့ ဖိအားများစွာ ခံစားနေရသည်။
(ပုံမှန်အခြေအနေတော့ မဟုတ်ဘူးပဲ . . .)
ရဲရှောင်အား ကြည့်ရင်း ဝမ်ရမ်ချုးချုးတစ်ယောက်တွေးလိုက်မိသည်။
ယခုတိုက်ခိုက်မှုသည်ရဲရှောင်ဘက်မှ အစွမ်းကုန် ထုတ်သုံးခြင်း မဟုတ်ဘဲ ပုံမှန် တိုက်ခိုက်မှုမျိုးသာ ပြုလုပ်နေသေးခြင်း ဖြစ်ကြောင်း ဝမ်ရမ်ချုးချုး သိနေလေသည်။
ရဲရှောင်သည် တိုက်ကွက်ထုတ်နေစဉ် သူ၏ ခန္ဓာကိုယ်အား ကောင်းစွာ ထိန်းချုပ်ထားပြီး သွေးကြောများတွင်စီးဆင်းနေသော စွမ်းအင်များကိုလည်း ဖိနှိပ်ထားလျက် ရှိသည်။ ထိုကဲ့သို့ ဖိနှိပ်ထားရင်း တစ်ဖက်မှလည်း ပတ်ဝန်းကျင်ရှိ ချီဓာတ်များအား စုပ်ယူနေသည်။
ရဲရှောင်သည် နောက်ဆုံးတိုက်ကွက်တွင် အားကုန်အသုံးပြု၍ တိုက်ခိုက်ရန်အတွက် စွမ်းအင်များ ဖိနှိပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်တွင်ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်း မပြုဘဲ ရှောင်တိမ်းခုခံနေလျက်သာရှိသည်။သို့ရာတွင် ထိုကဲ့သို့ ရှောင်တိမ်းခုခံရာတွင်အသုံးပြုနေသည့်တိုက်ကွက်သည်ပင်လျှင်ဝမ်ရမ်ချူးချူးအား အလွန်အမင်း အံ့ဩသင့်စေခဲ့သည်။
ရဲရှောင်၏ တိုက်ကွက်မှာ “ထောင်ချောက်မိသောနဂါး ပင်လယ်တွင်းသို့ သက်ဆင်းခြင်း” ဟူသော တိုက်ကွက်ပင်ဖြစ်သည်။ ရဲရှောင်သည်နဂါးတစ်ကောင် ပင်လယ်တွင်းသို့ တဟုန်ထိုးပြေးဆင်းသွားသည့်အလား သူ၏ ခန္ဓာကိုယ်အား ပတ်ချာလည်၍ လှည့်ယမ်းလိုက်သည်။
ထိုကဲ့သို့ လှည့်လည်နေရင်းဖြင့်ရဲရှောင်သည်ဝမ်ရမ်ချုးချုးထံသို့ တိုးဝင်သွားသည်မှာ အစွမ်းထက်သည့်လက်နက်တစ်ခု ပျံဝဲလာသည်နှင့်ပင်တူနေပါသေးသည်။
ထို့ပြင်စွမ်းအင်လှိုင်းများသည်လည်း ထလျက်ရှိပြီး အဆိုပါလှိုင်းများသည် ကောင်းကင်ထိတိုင်အောင် လွင့်ပျံလျက်ရှိသည်။
ရဲရှောင်၏ တိုက်ကွက်အား ဝမ်ရမ်ချူးချူး အံ့သြမှင်သက်စွာဖြင့်ငေးကြည့်နေမိသည်။ ထိုစဉ် ရဲရှောင်သည်အပြာရောင်အလင်းတန်းများ လွှမ်းခြုံထားသော နဂါးတစ်ကောင်အလား သူ့ထံသို့ လျင်မြန်စွာဖြင့်တိုးဝင်လာသည်ကို တွေ့လိုက်ရသည်။
ထိုနဂါးသည်သူဖန်တီးခဲ့သည့် လင်းရှောင်ရေခဲကျင့်စဉ်မှ နဂါးထက်ပင်ပို၍ အစွမ်းထက်နေပါသေးသည်။ တကယ့်နဂါးကြီးတစ်ကောင် တဟုန်ထိုး ဆင်းသက်လာသည်နှင့်ပင် တူနေပါသည်။
ရဲရှောင်ထံမှ ထွက်ပေါ်နေသည့်စွမ်းအင်များသည်ကမ္ဘာဦးကတည်းမှ တည်ရှိခဲ့သည့်စွမ်းအင်များအလား အလွန်ပြင်းထန်နေလေသည်။ ဝမ်ရမ်ချူးချူးအဖို့ ကျဉ်းထဲကြပ်ထဲ ရောက်နေသကဲ့သို့ ခံစားနေရပြီး သူ့အနေဖြင့်မည်သည့်အရာမျှ မတတ်နိုင်တော့ချေ။ သူ၏ စွမ်းအားများ ကွယ်ပျောက်နေသကဲ့သို့လည်း ခံစားနေရသည်။ ဝမ်ရမ်ချုးချုးသည်ခန္ဓာကိုယ်အား တည်ငြိမ်အောင် ထိန်းထားနေသည့် ကြားမှပင်ပြင်းထန်သော စွမ်းအင်လှိုင်းများ၏ သက်ရောက်မှုများကြောင့် အဝေးသို့ လွင့်ထွက်သွားလေသည်။
လေးငါးခြောက်ပတ်ခန့်လွင့်သွားပြီးနောက် မြေပြင်ပေါ်သို့ မတ်တပ်ရပ်လျက်သားပင်ကျသွားခဲ့သည်။
ဝမ်ရမ်ချုးချုး၏ မျက်ဝန်းများတွင်ကြောက်ရွံ့မှုများ အတိုင်းသား ဖြစ်ပေါ်လျက်ရှိသည်။ ပိုင်ရှင်းယွဲ့ပင်တပည့်ဖြစ်သူ၏ အဖြစ်အား ကြည့်ရင်း မျက်လုံးအဝိုင်းသား ဖြစ်သွားခဲ့သည်။
ဝမ်ရမ်ချူးချူး ရှုံးနိမ့်သွားချေပြီ။
ပိုင်ရှင်းယွဲ့အဖို့ ဝမ်ရမ်ချူးချူး ရှုံးနိမ့်သွားခြင်းအပေါ် တအံ့တဩ ဖြစ်မနေခဲ့ပေ။ ထိုကဲ့သို့ ဖြစ်လာမည်ကို လည်း ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။ ဖန်ဇီလင်၏ အတွေ့အကြုံ၊ ဆုံးဖြတ်နိုင်စွမ်းနှင့် တိုက်ရည်ခိုက်ရည် တို့သည်ဝမ်ရမ်ချူးချူးထက် ပို၍ သာလွန်ေနပေသည်။ ယခုအခါတွင်အဆင့်တက်သွားပြီလည်း ဖြစ်သဖြင့် ဖန်ဇီလင်၏ စွမ်းအင်များသည်ပို၍ပင် တိုးသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဖန်ဇီလင်မှ ဝမ်ရမ်ချူးချူးအပေါ် အနိုင်ရရှိသွားသည့်ကိစ္စမှာ ထူးဆန်းသည့်ကိစ္စတော့ မဟုတ်ပေ။
ဝမ်ရမ်ချူးချူး၏ မဆိုသလောက် အမှားလေးတစ်ခုအား အသုံးချ၍ ဖြစ်စေ သူမ၏ စိတ်မတင်မကျ ရှိနေသည်ကို အခွင့်ကောင်းယူ၍ အနိုင်ယူခဲ့သည်ဖြစ်စေ မည်သို့ပင်ဆိုစေကာမူ အရှုံးက အရှုံးပင် ဖြစ်သည်။
နောက်ဆုံးပွဲသိမ်း တိုက်ကွက်သည် တိုက်ပွဲတစ်ခုလုံး၏ ရလဒ်အပေါ်တွင် မူတည်နေလေသည်။ တိုက်ခိုက်သူ၏ ကိုယ်နေဟန်ထား၊ စိတ်အခြေအနေ၊ အတွေ့အကြုံနှင့် စွမ်းရည်တို့ပေါ်တွင် များစွာ မူတည်လျက်ရှိသည်။ ဝမ်ရမ်ချူးချူးသည် ကျင့်ကြံမှုပိုင်းတွင် ရဲရှောင်ထက် သာလွန်နေသည့်တိုင် ယခုမှ
ကာင်းကင်အဆင့်ရောက်ခါစ လူတစ်ဦးအား ရှုံးနိမ့်လိုက်ရခြင်းသည် သူမအဖို့ အရှက်ရစရာ ကိစ္စတစ်ခုပင်ဖြစ်သည်။
ဝမ်ရမ်ချူးချူးအဖို့ မမျှော်လင့်ထားခဲ့သကဲ့သို့ မယုံကြည်နိုင်လောက်အောင်လည်း ဖြစ်နေမိသည်။
ရဲရှောင်သည် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လာပြီး မိန်းမလှလေး နှစ်ဦး၏ အရှေ့တွင် ရပ်တန့် လိုက်သည်။ ထို့နောက်ယဉ်ကျေးပျုဌာသည့်အပြုံးမျိုးဖြင့်ပြုံးလျက်-
“အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် . . .”
ပိုင်ရှင်းယွဲ့သည် ရဲရှောင်၏ အကြံအစည်အား သိရှိထားပြီး ဖြစ်သော်လည်း ဝမ်ရမ်ချူးချူးမှာမူ ရဲရှောင်၏ အကြံအစည်အား ရိပ်စားမိသည်မှာ မကြာသေးချေ။
ပိုင်ရှင်းယွဲ့မှ ပြုံးပြလိုက်ပြီး –
“ရပါတယ် . . .”
ဝမ်ရမ်ချူးချူးသည် အံ့သြတကြီးဖြင့်-
“ရှင်ဘယ်လိုလုပ်လိုက်တာလဲ၊ ကိုယ့်အသက်ကိုယ် စတေးတဲ့နည်းက အဆင့်တက်စေတာလား . . .”
ပိုင်ရှင်းယွဲ့သည်လည်း ရဲရှောင်ပြန်ဖြေမည့်အဖြေအား ကြားချင်နေမိသည်။
“ငါက ဆေးပညာရှင်တစ်ဦးလေ။ သာမန်လူတွေအတွက် မဖြစ်နိုင်ပေမယ့်ငါ့အတွက်တော့ ဖြစ်နိုင်မှာပါ . . .”
ရဲရှောင် တည်ငြိမ်စွာဖြင့်ပင်ပြောလိုက်သည်။
“ဒီနည်းလမ်းကို ငါတို့ဂိုဏ်းမှာ အသွင်ပြောင်းလဲမှု နည်းလမ်းလို့ ခေါ်တယ် . . .”
ရဲရှောင်သည်ပြုံးလိုက်ရင်း –
“တစ်ဖက်ရန်သူက ငါ့ထက် အားနည်းနေတယ်ဆိုရင်ဒီနည်းကို သုံးနိုင်တယ်။ တစ်ဖက်လူရဲ့ စွမ်းအင်တွေကိုပါ ငါ့ရဲ့ စွမ်းအင်သိုလှောင်ရာထဲ စုပ်ယူလိုက်တာပေါ့။ ငါအဆင့်မတက်နိုင်ရင်တောင် အဲဒီစွမ်းအင်တွေက စွမ်းအင်သိုလှောင်ရာထဲမှာ ကျန်နေဦးမှာပဲ။ ဒါပေမယ့်အဲ့ဒီနည်းက ပြီးပြည့်စုံတဲ့ နည်းလမ်းတစ်ခုတော့လည်း မဟုတ်ဘူး။ တကယ်လို့ ငါသာ အဆင့်မတက်နိုင်ခဲ့ရင် စွမ်းအင်တွေ ပေါက်ကွဲပြီး ငါ့အရမ်းကို နာကျင်သွားရမှာ . . .”
“ငါတို့ဂိုဏ်းက လူတွေမှာ အဲ့ဒီလိုဖြစ်လို့ ဒဏ်ရာရသွားရင် ကုသဖို့အတွက်လည်း အမြဲတမ်း ပြင်ဆင်ထားလေ့ ရှိကြတယ်။ စွမ်းအင်တွေ အများကြီး စုစည်းမိတော့ ငါ့ရဲ့ စွမ်းအင်တွေ တိုးတက်လာပြီး အဆင့်တက်သွားနိုင်တာပေါ့။ အချိန်ကုန်တော့ သက်သာမှာပဲလေ . . .”
ပိုင်ရှင်းယွဲ့သည်သဘောကျသွားသည့်ဟန်ဖြင့် –
“ကျွန်မ နားလည်သွားပါပြီ။ တော်တော်ကို မယုံနိုင်စရာပါပဲလား။ ဒီလိုကျင့်စဉ်မျိုး မော်တယ်ကမ္ဘာမှာ ရှိနေမယ်လို့ ထင်ကို မထင်ထားခဲ့မိဘူး . . .”
ပိုင်ရှင်းယွဲ့သည်ရဲရှောင် ရှင်းပြသမျှအား နားလည် သဘောပေါက် သွားခဲ့သည်။ ရဲရှောင်၏ ရှင်းပြမှုများသည်လည်း အကျိုးအကြောင်းသင့် ဖြစ်နေလေသည်။
သို့သော် ရဲရှောင်၏ လုပ်ရပ်အား ယခုအချိန်ထိ အံ့သြနေမိတုန်းပင်ဖြစ်သည်။
“ပြီးပြည့်စုံတာ မဟုတ်ပေမယ့်တော်တော်ကို အစွမ်းထက်လွန်းတဲ့ ကျင့်စဉ် တစ်ခုပဲ . . .”
ဝမ်ရမ်ချူးချူးသည်လည်း ခေါင်းညိတ်၍ ထောက်ခံမိလိုက်သည်။
ထိုနည်းလမ်းအား အသုံးပြုမည်ဆိုပါက စွမ်းအင်များ ပေါက်ကွဲထွက်နိုင်ရန် တိုက်ပွဲကြီးကြီးမားမား တစ်ခုခု တိုက်ကို တိုက်ရပေလိမ့်မည်။
အဆိုပါ ကျင့်စဉ်သည်အခြားသော ကျင့်စဉ်များထက် များစွာ သာလွန်ကောင်းမွန်သည်ဟု ဆိုရပေမည်။ အဓိကအားဖြင့် အချိန်ကုန် သက်သာစေ၍ အဆင့်မြန်မြန်တက်စေနိုင်သည်။
အချို့သော လူများသည် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံမှုများ ပြုလုပ်သည့်တိုင် တစ်ဆို့သည့် အခြေအနေများအား ဖြတ်ကျော်နိုင်စွမ်း မရှိကြချေ။ ဖန်ဇီလင် သုံးသွားသည့် နည်းလမ်းမှာမူ တစ်မျိုးတစ်ဖုံ ထူးဆန်း၍ နေပါတော့သည်။
အဆင့်ပင် ချက်ချင်း တက်သွားခဲ့သည့်အတွက်စွမ်းအင်ထုတ်လွှတ်မှု မည်မျှထိ ပြင်းထန်သွားသည်ဆိုသည်ကို အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။
သို့သော်လည်း ထိခိုက်နာကျင်မှု အနည်းငယ်ကိုမူခံစားရမည်သာ ဖြစ်ပါတော့သည်။