Switch Mode

Chapter – 245

အဆင့်တက်ခြင်း၏ အကျိုးသက်ရောက်မှု

Chapter – 245
“အဆင့်​တက်​ခြင်း၏ အကျိုးသက်​ရောက်​မှု”

ရဲ​ရှောင်​တို့နှစ်​ဦး မည်မျှအထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေ​စေကာမူ အသက်အန္တရာယ် စိုးရိမ်ရမည့် အနေအထားသို့ ရောက်မည် မဟုတ်ချေ။
ပိုင်ရှင်းယွဲ့သည် လေ့ကျင့်မှု ပြုလုပ်ချင်​နေသည့် ရဲ​ရှောင်​၏ ရည်ရွယ်ချက်အား သိသည့်အလျောက် တိုက်​ခိုက်​မှုတွင်​ဝင်​ရောက်​စွက်​ဖက်​ခြင်း မရှိခဲ့​ပေ။ အပြန်​အလှန်​တိုက်​ခိုက်​နေရင်းဖြင့်​တပည့်ဖြစ်သူ ဝမ်ရမ်ချူးချူး၏ အ​ခြေအ​နေသည်​လည်း တိုးတက်နိုင်သည် မဟုတ်ပါ​လော။ ချင်းယန်နယ်ပယ်ရှိ ထိပ်​သီးဂိုဏ်းများတွင်​ယခုကဲ့သို့ ပညာဖလှယ်၍ လေ့ကျင့်မှုများ ပြုလုပ်ကြသည်မှာ ထုံးစံပင် ဖြစ်သည်​။ ပညာဖလှယ်​ခြင်းသည်​တိုက်ခိုက်သူ နှစ်​ဦးစလုံးအတွက် အကျိုးရှိသည့်​အလုပ်ပင် မဟုတ်​ပါ​လော။
ပိုင်​ရှင်းယွဲ့၏ စိတ်​ထဲတွင်​ရဲ​ရှောင်​တစ်​ယောက်​ကိုယ့်​ဒုက္ခကိုယ်​ရှာသည့်​အလုပ်​မျိုး လုပ်လိမ့်​မည်ဟု မထင်ထားခဲ့မိချေ။ ရဲ​ရှောင်​ထံသို့ စွမ်းအင်​များ ထိမှန်​သွားသည့်​အချိန်​တွင်​ပိုင်​ရှင်းယွဲ့ဘက်​မှ တားဆီးရန်​ကြိုးစားခဲ့​သော်​လည်း မမီခဲ့​ပေ။
ရဲရှောင်သည် ရရှိထားသည့်​အခွင့်အရေးအား လက်လွတ်မခံဘဲ အမိအရ ဖမ်းဆုပ်​ယူနိုင်​ခဲ့သည်​။ မော်တယ်ကမ္ဘာတွင် ဝမ်ရမ်ချူးချူးကဲ့သို့ အဆင့်ရှိသည့် ပညာရှင်မျိုးနှင့် ပညာဖလှယ်နိုင်ခြင်းသည်​ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု​ပင် ဖြစ်သည်​။ ကျင့်​ကြံမှုအဆင့်​နိမ့်​သည့်​လူများနှင့်​လည်း မတိုက်ခိုက်ချင်သဖြင့် အခွင့်အရေးရတုန်း ရခိုက်​ရဲ​ရှောင်​သည်​မိမိကိုယ်​ကို အဆင့်​တက်အောင် လုပ်ခဲ့ခြင်း ဖြစ်သည်​။
ထို့ကြောင့် ရဲရှောင်သည် စိတ်ပိုင်းဖြတ်လိုက်​၍ သူထုတ်လွှတ်​လိုက်သည့်​စွမ်းအင်များကိုသာမက ဝမ်ရမ်ချူးချူးထံမှ သက်ရောက်လာသော စွမ်းအင်များကိုပါ စုပ်ယူခဲ့သည်​။
ရဲ​ရှောင်​၏ လုပ်​ရပ်​သည်​အလွန်အန္တရာယ်များသော လုပ်ရပ်တစ်ခုပင် ဖြစ်သည်​။
[ပိုင်ရှင်းယွဲ့က အစွမ်းရှိတဲ့ လူတစ်ယောက်ဆိုတော့ ငါဘယ်လိုပဲလုပ်လုပ် သူ့ဘက်​က အေးအေးဆေးဆေး တားဆီးနိုင်မှာ သေချာတယ်။ ဒါပေမယ့်​ငါ့ကိုယ်ငါ လုပ်မယ်လို့တော့ သူလည်း ထင်ထားမှာ မဟုတ်ဘူး . . .]
ရဲ​ရှောင်​သည်​စွမ်းအင်​များ မစုပ်​ယူခင်​အချိန်​တွင်​အရာအားလုံးအား ခြုံငုံ​တွေး​တော သုံးသပ်​၍ ဆုံးဖြတ်​ချက်​ပြတ်​သားစွာဖြင့်​လုပ်​ခဲ့ခြင်း ဖြစ်​သည်​။
ချန်ရှင်းမြို့တော်တွင် လေလံပွဲ နီးကပ်​လာပြီ ဖြစ်သဖြင့် အင်အားစုအသီးသီး စုရုံးရောက်ရှိနေကြပြီး ဖြစ်သည်။​ထိလွယ်ရှလွယ်​သော ဂိုဏ်းကြီးများကြားတွင် ရဲရှောင်၏ အသက်သည် အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည်​။ ထို့ကြောင့် ယခုကဲ့သို့ အခွင့်အရေးရသည့်​အချိန်​တွင်​အဆင့်​တက်စေရန်​ပြု လုပ်ထားမှသာ စိတ်ချရမည် ဖြစ်သည်။
တိုးတက်မှု မဆိုသလောက် ဖြစ်ခဲ့သည့်တိုင် ထိုမဆိုသလောက်​လေးကပင် နောက်ရက်အနည်းငယ် အတွင်း ကြုံတွေ့နိုင်သည့် အန္တရာယ်များကြားမှ လွတ်မြောက်ရန်​အ​ထောက်​အကူ ပြု​ပေလိမ့်​မည်​။ ကောင်းကင်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် ရဲ​ရှောင်​၏ ချီဓာတ်များသည်​ယခင်​ကထက်​ပင်​ပို၍ ပိုမိုသိပ်သည်း အားကောင်းသွားပြီ ဖြစ်​သည်​။
ထို့ကြောင့် ရဲရှောင်သည် အခွင့်အရေးအား လက်လွှတ်မခံခဲ့ခြင်း ဖြစ်သည်။ မိမိကိုယ်​ကို အနာခံ၍ စွမ်းအင်များအား ရုပ်သိမ်း၍ ထိန်းချုပ်​ဖိနှိပ်​ထားခဲ့သည်​။ ဖွင့်​ထုတ်​သင့်​သည်​အ​ခြေအ​နေသို့​ရောက်​သောအခါမှ ရုတ်​တရက်​ဖွင့်​ချလိုက်​သောအခါ စွမ်းအင်​များသည်​အတားအဆီးမရှိ အရှိန်​အဟုန်​အပြည့်​ဖြင့်​ပေါက်​ကွဲထွက်​သွားခဲ့သည်​။ စွမ်းအင်သိုလှောင်ရာအတွင်း တစ်ဆို့နေသော အရာများအား ဖယ်​ရှား ရှင်းလင်းလိုက်​သည့်​အ​နေအထားပင်​ဖြစ်​သည်​။ ထို့မျှသာမက ဝမ်ရမ်ချူးချူး၏ စွမ်းအင်သက်ရောက်မှုနှင့် ပေါင်းစပ်လိုက်သောအခါ လွတ်လွတ်ကျွတ်ကျွတ်ပင် အဆင့်တက်သွားခဲ့သည်​။
များပြားလှသော စွမ်းအင်လှိုင်းများသည် စွမ်းအင်သိုလှောင်ရာအတွင်း ပေါက်ကွဲထွက်သွားပြီး သူ၏ ရည်ရွယ်ချက်လည်း ပြည့်ဝခဲ့ရသည်။
အများအမြင်တွင် ရဲ​ရှောင်​၏ လုပ်ရပ်သည် ကိုယ့်​လည်​ပင်းကိုယ်​ကြိုးကွင်းစွပ်​၍​သေ​ကြောင်း ကြံလိုက်​သည်​နှင့်​ပင်​တူ​နေပါသည်​။ အကယ်၍ ရလဒ်​သည်​ရဲရှောင် မျှော်လင့်ထားသည့်​အတိုင်း ဖြစ်​မလာခဲ့ပါက သူ၏ စွမ်းအင်သိုလှောင်ရာနှင့် သွေးကြောများအားလုံး ပေါက်ကွဲထွက်သွားကာ ပျက်ဆီးသွား​ပေလိမ့်မည်။ ထို့အပြင် ခန္ဓာကိုယ် တစ်ခုလုံးသည်​လည်း ရစရာမရှိ​အောင်​စုတ်​ပြတ်​သွားမည်​ဖြစ်​သည်​။
စွမ်းအင်​များအား စုပ်​ယူလိုက်​သည့်​အချိန်​တွင်​ရဲ​ရှောင်​၏ မျက်လုံးများ ပြာဝေသွားပြီး ကမ္ဘာကြီး ချာချာလည်သွားသကဲ့သို့ပင်​ခံစားခဲ့ရသည်​။
ထို့ပြင်​နားထဲတွင်လည်း အသံမျိုးစုံ ဆူညံစွာ ကြားလိုက်ရသည်​။ ကမ္ဘာပေါ်ရှိ သက်ရှိများအားလုံးသည်​အဆင့်တက်နိုင်သွားသည့် သူ့အား​အော်​ဟစ်​၍ ကောင်းချီး ဝိုင်းပေး​နေကြသည့်​အလားပင်​။
ရဲ​ရှောင်​၏ စွမ်းအင်သိုလှောင်ရာ တစ်ခုလုံး မီးတောင်တစ်လုံး ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားခဲ့ရပြီး အဆုံးမရှိသည့် ဝိညာဉ်တော် ချီဓာတ်များ သွေးကြောများအတွင်း အဆက်မပြတ် စီးဆင်းသွားသည်ကိုလည်း ခံစားလိုက်ရသည်​။ ဖော်ပြရခက်သော ခံစားမှုတစ်ခုပင် ဖြစ်သည်။
လက်ရှိတွင်လည်း ရဲရှောင်နှင့် ဝမ်ရမ်ချူးချူးတို့သည် ဆက်လက်၍ တိုက်ခိုက်နေကြသည်။
ရဲရှောင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ဝမ်ရမ်ချူးချူး၏ စွမ်းအင်များအား ချေဖျက်ပစ် နေသည်​။
သူ၏ တိုက်ခိုက်မှုများသည် ယခင်ကနှင့် လားလားမျှ မတူတော့ချေ။ ယခင်တိုက်ပွဲတွင် ရဲ​ရှောင်​ဘက်​မှ အရေးနိမ့်သည့်​အ​ခြေအ​နေ ဖြစ်ခဲ့ရသည်​။ အချိန်တိုင်းလိုလိုပင်​ဝမ်ရမ်ချူးချူး၏ တိုက်ကွက်များအား ခုခံကာကွယ်နေခဲ့ရသည်။ သို့သော် ယခုအခါတွင်မူ ရဲ​ရှောင်​ဘက်​မှ ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်လျက်​ရှိသည်​။ အသက်သေစေနိုင်သည့် တိုက်ခိုက်မှုများ မဟုတ်သည့်တိုင် အလွန်မြန်ဆန် အားပါလှသဖြင့် ခုခံရန် ခက်ခဲလှသည်။
ယခုမှပင် ဘက်ညီသည့်​တိုက်ပွဲကောင်းတစ်ခု ကြည့်​နေရသကဲ့သို့ ဖြစ်သွားခဲ့သည်​။ တိုက်ခိုက်သည့်အချိန် ကြာလာသည်နှင့်အမျှ စွမ်းအင်သိုလှောင်ရာအတွင်း စွမ်းအင်များ ပို၍ မြန်ဆန်စွာ စီးဆင်းလာသည်ကိုလည်း ရဲရှောင် ခံစားလိုက်ရသည်။ သူ၏ စွမ်းအင်များသည် မည်သည့်အခါမျှ ကုန်ဆုံးခြင်း မရှိတော့သည့်​အလားပင်​။
တဖြည်းဖြည်းဖြင့် ရဲ​ရှောင်​၏ တိုက်ခိုက်မှုမှ ထွက်လာ​သော စွမ်းအင်အလင်းတန်းများသည်​အ​ရောင်​ပြောင်းသွားခဲ့သည်​။ မူလတွင်​အဝါရောင် ထွက်​နေရာမှ ယခုအခါ အပြာရောင်သို့ ပြောင်းလဲသွားခြင်း ဖြစ်​သည်​။ အပြာရောင်အလင်းများတန်းများသည်​ရဲရှောင်အား လွှမ်းခြုံထားလျက်​ရှိပြီး လှုပ်ရှားမှု ပြုလိုက်​သည့်​အခါတိုင်း လင်းလက်တောက်​ပ​နေကြသည်​မှာ မြင်​ရသူအ​ပေါင်းအဖို့ ရင်​သပ်​ရှု​မောဖွယ်​ပင်​ဖြစ်​သည်​။ အပြာရောင်ကမ္ဘာတစ်ခု ဖန်တီးထားသည်​နှင့်​ပင်​တူ​နေပါ​သေးသည်​။
ရဲရှောင်၏ မျက်လုံးများသည် တည်ငြိမ်လျက်ရှိပြီး သူ၏ တိုက်ခိုက်မှုများသည်လည်း ပို၍ မြန်ဆန်တိကျ၍ ပြင်းထန်လာခဲ့သည်​။ ပြာလဲ့လဲ့ အလင်းများအောက်တွင် ဖန်ဇီလင်၏ မျက်နှာသည် ပို၍ ဆွဲဆောင်မှု ရှိ​နေသ​ယောင်​ပင်​။
ဝမ်ရမ်ချူးချူးသည် ယခုအကြိမ်​တွင်​ဖန်​ဇီလင်​အား စိတ်ရှိတိုင်း မတိုက်ခိုက်ဝံ့တော့ချေ။ ဖန်ဇီလင် သေလုမျောပါး အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည့်အ​ခြေအ​နေအား မြင်တွေ့ခဲ့ရသည့်အတွက် ဆက်လက်၍ မတိုက်ခိုက်ချင်သော်လည်း ရဲရှောင်၏ တောင်းဆိုမှုကြောင့် စိတ်မပါလက်မပါဖြင့်​တိုက်ခိုက်ပေး နေရသည်​။
ဖန်​ဇီလင်​သည်​မိမိအသက်​ကိုပင်​ပဓာနမထားဘဲ အဆင့်​တက်​စေရန်​အတွက်​အဘယ့်​အတွက်​ကြောင့်​ကြိုးစားခဲ့သည်​ဆိုသည်​ကို ဝမ်​ရမ်​ချုးချုးတစ်​ယောက်​ယခုမှပင်​သ​ဘော​ပေါက်​သွားခဲ့​လေသည်​။
အန္တရာယ်များသည့်တိုင် ယခုကဲ့သို့ စွမ်းအင်​များ တိုးတက်လာခြင်းကြောင့် တန်သည်ဟုပင် ဆိုနိုင်​ပေသည်။ ထိုကဲ့သို့ ခဲရာခဲဆစ် အဆင့်တက်ခဲ့ရပြီးနောက် ရဲရှောင်သည် တိုက်ခိုက်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်ခဲ့သည်​။ ကောင်းကင်အဆင့်သို့ ရောက်ခါစ သူ၏ အခြေအနေအား တည်ငြိမ်မှု ရရှိရန်​ထိန်းချုပ်ချင်သည့်အတွက်​ဝမ်​ရမ်​ချုးချုးနှင့်​ထပ်​မံ၍ တိုက်ခိုက်ချင်ရခြင်း ဖြစသည်​။
ဖန်ဇီလင်သည် သေဘေးနှင့် နီးကပ်ခဲ့ရသည့်တိုင် အသက်ရှင်နိုင်ခဲ့သည်ကို တွေ့ရသဖြင့် ဝမ်ရမ်ချူးချူးတစ်​ယောက်​စိတ်သက်သာရာ ရသွားခဲ့သည်။ ထိုကဲ့သို့ တိုးတက်သွားသည့် အတွက်လည်း ပျော်ရွှင်သွားမိသည်​။ သူမ၏ အကူအညီကြောင့် အဆင့်​တက်​သွားသည့်​အ​တွက်​ကျေနပ်မိလျက်​ရှိသည်​။ ထို့​ကြောင့်​စိတ်ကိုလျော့ချ၍ ဆက်လက်ကူညီပေးရန် တိုက်ခိုက်ပေးခဲ့ခြင်း ဖြစ်သည်။
[ရှင်က တော်တော် ကံကောင်းတာပဲ။ ဒီလိုဆိုမှတော့ ကျွန်မဘက်ကလည်း ဆက်ပြီး ကူညီပေးရ သေးတာပေါ့ . . .]
ဝမ်​ရမ်​ချုးချုးတစ်​ယောက်​တွေး​လေ​ကျေနပ်​မိ​လေပင်​ဖြစ်​နေမိသည်​။ ယခုအခါတွင်​ချီတုံချတုံ ဖြစ်မနေတော့ပဲ ကောင်းစွာ ပြန်၍ တိုက်ခိုက်ပေးလိုက်​သည်​။
[ဒီလို အခြေအနေမျိုးမှာ အဆင့်တက်အောင် လုပ်နိုင်ခဲ့တာ တကယ်ချီးကျူးစရာပဲ။ ကောင်းကင် အဆင့်ကို ရောက်သွားတာဆိုတော့ အဆင့်တက်ခါစမှာ ကောင်းကောင်း ထိန်းချုပ်နိုင်ဖို့ လိုလိမ့်မယ်။ အဲဒါတွေ အားလုံးကို သူက ကြိုတင်တွက်ဆခဲ့တာပါလား . . .]
[တစ်ကမ္ဘာလုံးမှာ သူ့လိုပုံစံမျိုး အဆင့်တက်နိုင်တဲ့လူ ရှိပါ့မလားပဲ။ တိုက်ခိုက်ရင်းနဲ့ အဆင့်တက်အောင်လုပ်တယ်လို့ ငါတော့ တစ်ခါမှ မကြားဖူးခဲ့ဘူး . . .]
ဝမ်ရမ်ချူးချူးသည်​တိုက်ခိုက်နေရင်းဖြင့်​စဉ်းစားခန်း ဖွင့်နေမိသည်​။ သူ၏ စိတ်ထဲတွင်​ယခုအချိန်ထိအံ့သြ​နေမိတုန်းပင်​ဖြစ်​သည်​။
ထိုအချိန်တွင် ဖန်ဇီလင်၏ တည်ငြိမ်သော မျက်နှာအား ကြည့်မိလိုက်ေ​သာအခါ ရင်ခုန်သွားမိသည့်​အတွက်​တိုက်​ခိုက်​မှုပြု​နေသည့်​အ​ပေါ် သတိလက်​လွတ်​ဖြစ်​သွားမိသည်​။
ထိုအခိုက် ပိုင်ရှင်းယွဲ့မှ –
“ချုးချုး . . . သတိထား . . .”
ဝမ်​ရမ်​ချုးချုး​၏ မျက်နှာအနီးသို့ လေတစ်ချက်ဟပ်သွားခဲ့သည်​။ ဖန်ဇီလင်သည် လေထဲသို့ ခုန်တက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်​အား လေထဲတွင် မွှေ့ယမ်းနေသဖြင့် ထိုကဲ့သို့ လေပြင်းများ တိုက်ခိုက်သွားရခြင်း ဖြစ်သည်။
တိုက်ကွက်မှာ အလွန်ထူးဆန်းလှသဖြင့် ဝမ်ရမ်ချူးချူးပင်​တုန်လှုပ်သွားခဲ့မိသည်။ ရဲရှောင်သည် ဘယ်မှညာ အထက်မှအောက်သို့ ရွေ့လျားနေသည့်​အတွက်​ဝမ်​ရမ်​ချုးချူးတစ်​ယောက်​မည်သို့ပင် ရှောင်တိမ်း​စေကာမူ လွတ်မြောက်နိုင်ရန်​ခက်​ခဲလှသည်​။
ဝမ်ရမ်ချူးချူးသည်​အသံစူးစူးတစ်ချက် အော်ဟစ်လိုက်ပြီး သူမ၏ ကိုယ်ခွဲ တစ်ဒါဇင်ခန့်အား ပေါ်ထွက်​စေရန်​ပြုလုပ်​လိုက်​သည်​။ ထိုအချိန်​တွင်​အေးစက်သော လေပြင်းများပင်​တိုက်ခတ်သွားခဲ့သည်။
လင်းရှောင်ရေခဲတိုက်ကွက် နောက်တစ်ကြိမ် ထပ်မံပေါ်လာပြီ ဖြစ်​သည်​။
ဝမ်ရမ်ချူးချူးသည် ရဲ​ရှောင်​၏ တိုက်​ရည်​ခိုက်​ရည်​အား ကြည့်​ရင်း အံ့သြနေမိသည်။ သူ့အ​နေဖြင့်​ကောင်းကင်အဆင့် ၆ ရှိနေသည့် ပညာရှင်တစ်ဦး ဖြစ်သည့်တိုင် အဆင့်တူများထက်ပင်​သာလွန်​သော အ​ခြေအ​နေရှိသည်​။ မော်တယ်ကမ္ဘာရှိ မည်သည့် ကောင်းကင်အဆင့် ၆ ပညာရှင်​ကိုမဆို​ကောင်းစွာ အနိုင်ယူနိုင်​လေသည်​။ မော်တယ်ကမ္ဘာ၏ ကောင်းကင်အဆင့် ပညာရှင်များ၏ စွမ်းအင်သည် ချင်းယန်နယ်ပယ်ရှိ ကောင်းကင်အဆင့် ပညာရှင်များ၏ စွမ်းအင်လောက် သန့်စင်မှု မရှိချေ။
ထိုအချက်သည် အလွန်သိသာသော ကွာခြားချက်ပင် ဖြစ်သည်​။ ဝမ်ရမ်ချူးချူး၏ လင်းရှောင်ရေခဲ တိုက်ကွက်တွင် အလွန်သန့်စင်သော စွမ်းအင်များ ပါဝင်နေလေသည်။
ထို့ကြောင့် ဝမ်​ရမ်​ချုးချုးသည်​သူ့ထက်​အဆင့်​မြင့်​သည့်​မော်တယ်ကမ္ဘာရှိ ကောင်းကင်ပညာရှင်များကိုပင် စာရင်းထဲ ထည့်​မတွက်​ချေ။
ဝမ်ရမ်ချူးချူး၏ လင်းရှောင်ရေခဲကျင့်စဉ် ထွက်ပေါ်လာသည့်တိုင် ရဲရှောင်သည် မတုန်မလှုပ်ဟန်ဖြင့် ရှိနေတုန်းပင် ဖြစ်ပါတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset