Switch Mode

Chapter – 244

မယုံနိုင်ဖွယ်အဆင့်တက်ခြင်း

Chapter – 244
“မယုံနိုင်ဖွယ် အဆင့်တက်ခြင်း”

ဖန်ဇီလင်၏ ခန္ဓာကိုယ်အား လှည့်ပတ်နေသော ချီဓာတ်များသည်​တောက်​ပသည်​ထက်​တောက်​ပလာကြပြီး အမှုန်​လေးများသဖွယ်​ပင်​ဖြစ်​တည်​လာကြသည်​။ ထို့​နောက်​ထိုအမှုန်​လေးများသည်​လျင်မြန်စွာဖြင့်​ပင်​ပျောက်ကွယ်သွားကြသည်​။ ထိုမှတဖန်​ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာပြန်သည်။
အလင်းတန်းများသည်​တောက်ပလွန်းသဖြင့် မျက်စိဖြင့်​သေချာစူးစိုက်​ကြည့်ရန်ပင် ခက်ခဲလှသည်​။
ခဏအကြာတွင် ပင်လယ်ပြင်​ကြီး၏ အ​ရောင်​ကဲ့သို့ အပြာရင့်​ရင့်​အလင်းတန်းများသည်​ထပ်မံ၍ ထွက်လာပြန်သည်။
အဆိုပါ အလင်းတန်းများသည် ပတ်​ဝန်းကျင်​တစ်​ခုလုံးအား လွှမ်းခြုံထားလျက် ရှိသည်။
အလင်းတန်းများ ထွက်​လာပြီးသည့်​နောက်​တွင်​ရဲရှောင်၏ ပါးစပ်​မှ ခရမ်းရောင်နှင့် ရွှေရောင်စပ်ထားသည့်​အ​ရောင်​အဆင်းရှိသည့်​သွေးများ အန်ထွက်လာသည်။
ထိုကဲ့သို့ အန်ထွက်သွားပြီးနောက် ရဲ​ရှောင်​တစ်​ယောက်​ချက်ချင်းပင် သက်သာသွားသည့်​ပုံစံ ပေါက်သွားလေသည်​။
ဝမ်ရမ်ချူးချူးတို့ ဆရာတပည့် နှစ်ဦးသည် ရဲ​ရှောင်​အား အံ့ဩမှင်​သက်​စွာဖြင့်​ငေးကြည့်နေမိကြသည်​။
ယခုကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်လာခဲ့ခြင်းအတွက်​ပိုင်​ရှင်းယွဲ့တို့နှစ်​ဦးသည်​ကိုယ့်​မျက်​စိကိုယ်ပင်​မယုံကြည်နိုင်​အောင်​ဖြစ်​နေကြသည်​။
တိုက်ရင်း​ခိုက်​ရင်းဖြင့် အဆင့်တက်သွား​စေရန်​ပြုလုပ်ခြင်းသည်​အလွန်​ခက်​ခဲ​သော ကိစ္စတစ်​ခုပင်​ဖြစ်​သည်​။
ရဲရှောင်သည် ယခုအခါတွင်​မူ မြေကြီးအဆင့်နှင့် ကောင်းကင်အဆင့်ကြားတွင်​ရှိ​သော အတားအဆီးအား​ကျော်​ဖြတ်​၍ ကောင်းကင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်​သည်​။
အဆင့်​တက်​ခြင်းသည်​ကျင့်ကြံမှု ပြုလုပ်သူတိုင်း၏ အရေးကြီးဆုံး အခိုက်အတန့်ပင် ဖြစ်သည်။
ကောင်းကင်အဆင့်သို့ တက်လှမ်းနိုင်ခြင်းသည် ထိပ်တန်းကျင့်ကြံမှု နယ်ပယ်၏ ခရီးအစသို့ ခြေချမိလိုက်ခြင်းပင်​ဖြစ်​သည်​။
ရဲရှောင်အဖို့​ကောင်းကင်​အဆင့်​သို့​ရောက်​ရှိသွားခဲ့​သော်​လည်း သူ၏ ကျင့်ကြံမှုခရီးစဉ်​သည်​ယခုမှပင်​အစပြုသည်​ဟု ဆိုရ​ပေမည်။​ယခင်ဘဝထက် ပိုမိုသာလွန်သော အခြေအနေရရှိရန်​ကျင့်ကြံမည်ဟုလည်း စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်​။
ပတ်​ဝန်းကျင်​တစ်​ခုလုံးအား လွှမ်းခြုံထား​သော အပြာရောင်အလင်းတန်းများသည်​တခဏမျှ တောက်ပနေပြီးနောက် ချက်ချင်းပင် ပြန်လည်ေ​ပျာက်ကွယ်​သွားသည်။ ရဲရှောင်လည်း သူ၏ ပါးစပ်​မှ​သွေးများအား သုတ်​လိုက်​ရင်း ထခုန်​မတတ်​ပင်​ပျော်​ရွှင်​မြူးတူးလျက်​ရှိသည်​။ ထို့​နောက်​သူ့အား အံ့သြတကြီး ရပ်​ကြည့်နေကြသည့် ဝမ်​ရမ်​ချုးချူးတို့၏ အနားသို့​ပြေးသွားကာ –
“ဝမ်ရမ်ချူးချူး . . . ငါ့ကို အဆင့်တက်အောင် ကူညီပေးလို့ ကျေးဇူးတင်ပါတယ် . . .”
ဝမ်ရမ်ချူးချူးသည်​ရဲရှောင်အား မျက်လုံးအပြူးသားဖြင့် ကြည့်နေ​ပြီး တုန်ယင်သော အသံဖြင့် –
“ရှင် . . . ရှင်က အဆင့်တက်သွားတယ်ပေါ့ . . .”
ရဲရှောင် သူ၏ သွားများပင်​ပေါ်​အောင်​ပြုံးလိုက်​ရင်း –
“ဒါပေါ့။ ငါကောင်းကင်အဆင့် ရောက်သွားပြီဆိုတာကို မင်းမခံစားမိဘူးလား။ လာစမ်းပါ၊ နောက်တစ်ပွဲလောက် တိုက်ကြရအောင် . . .”
ပိုင်ရှင်ယွဲ့သည်​ယခုအခါမှသာ စိတ်သက်သာရာ ရသွားပြီး ပြုံးလိုက်မိသည်။
ကျင့်ကြံမှုအရာတွင် အတွေ့အကြုံ ကြွယ်ဝသူတစ်ဦးပီပီ ပိုင်​ရှင်းယွဲ့သည်​ဖန်ဇီလင်အ​နေဖြင့်​အဘယ်ကြောင့် ယခုကဲ့သို့ ပြုလုပ်လိုက်သည် ဆိုသည်​ကို နားလည်သဘောပေါက်လိုက်သည်​။ ပိုင်​ရှင်း ယွဲ့သည်​ဖန်ဇီလင်အား အထင်သေးခဲ့မိသည်​။ အစပိုင်းတွင်​ဝမ်ရမ်ချူးချူးနှင့်​တိုက်​ခိုက်​ခဲ့ခြင်းသည်​လေ့ကျင့်​မှု ပြုရုံအတွက်​သာ ထင်​ခဲ့မိသည်​။​နောက်​ပိုင်းတွင်​မူ ရဲ​ရှောင်​သည်​ဝမ်​ရမ်​ချုးချုးဘက်​မှ အစွမ်း ကုန်​တိုက်​ခိုက်​လာ​စေရန်​အတွက်​မခံ​ချင်​အောင်​အောင်​ပြောဆိုရင်းဖြင့်​အဆုံးသတ်​တွင်​အဆင့်​တက်​သွား​စေရန်​ပြုလုပ်​ခဲ့သည်​။ ရဲ​ရှောင်​သည်​အရာရာတိုင်းအား သူ့စိတ်​တိုင်းကျ လိုသလို ကြိုးဆွဲသွားခြင်းပင်​ဖြစ်​သည်​။
ရဲရှောင်သည် သူ၏ စွမ်းအင်များအား စွမ်းအင်သိုလှောင်ရာ အတွင်း၌ ဖိနှိပ်သထက် ဖိနှိပ်ထားခဲ့ပြီး ခုခံနေရုံသာ ခုခံခဲ့သည်​။ အမှန်​တကယ်​တွင်မူ ရဲ​ရှောင်​ဘက်​မှ အခွင့်အရေးရရန် စောင့်ဆိုင်းေ​နခြင်းပင် ဖြစ်သည်။
အခွင့်အရေး အမိအရ ရသည့်အခါ ထိုစွမ်းအင်များအား ပေါက်ကွဲထွက်စေ၍ အဆင့်တက်ရန် ကြိုးစားခဲ့သည်​။
ရဲရှောင်တစ်​ယောက်​အဆင့်​တက်​ရန်​လုပ်နေမှန်း သိသည့်တိုင် သူ၏ အသက်အား စတေးရ​လောက်သည်​အထိ စွန့်စားဝံ့လောက်မည်မဟုတ်​ဟု ပိုင်ရှင်းယွဲ့​ထင်​ခဲ့မိသည်​။
ရဲ​ရှောင်​၏ လုပ်​ရပ်​သည်​လွန်စွာ အန္တရာယ်များသော လုပ်ရပ်​ပင် ဖြစ်သည်။
အဖြစ်အပျက် အလုံးစုံအား ခြုံငုံသုံးသပ်လိုက်​မိသည့်တိုင် ပိုင်ရှင်းယွဲ့သည်​စိတ်​လှုပ်​ရှားမှု​ကြောင့်​ရင်ခုန်သံ မြန်နေဆဲပင်ြ​ဖစ်​သည်​။ ထိတ်လန့်စိတ်လည်း မပြေသေးချေ။
တစ်စုံတစ်ခု မှားယွင်းခဲ့မည် ဆိုပါက မတွေးဝံ့စရာပင် မဟုတ်ပါ​လော။
[ဘယ်လိုများ လုပ်နိုင်ရတာလဲ၊ စွန့်စားလွန်းရာ မကျဘူးလား။ တစ်ခုခုသာ မှားယွင်းသွားရင် သူ့အသက်တင် မဟုတ်ဘူး ဝိညာဉ်တော်ပါ ပျက်ဆီးသွားမယ် ဆိုတာ သူ မသိတာလား။ သူ့လိုလူမျိုးကတော့ စကြဝဠာ တစ်ခုလုံးမှာ တစ်ယောက်ပဲရှိမယ် ထင်တယ် . . .]
[သူ့အတွက် အဆင့်တက်ဖို့ ရာခိုင်နှုန်းက မရှိသလောက်ကို နည်းတယ်။ တစ်ခုခုဖြစ်လို့ ကယ်မယ် ဆိုရင်တောင် ငါကယ်ပေးနိုင်မှာ မဟုတ်ဘူး . . .]
[လောကမှာ တစ်​ဆင့်​ပြီး တစ်​ဆင့်​တက်​လှမ်းသွားတဲ့ ပညာရှင်ကြီးတွေ အများကြီးရှိတယ်။ ငါ့ဘဝတစ်လျှောက်လုံး ဒီလိုမျိုး ကိုယ့်အသက်ကိုယ် စတေးပြီး အဆင့်တက်အောင်လုပ်တာ မြင်ဖူးဖို့ မပြောနဲ့ ကြားတောင် မကြားဖူးဘူး။ ဖန်​ဇီလင်​က ကိုယ့်အသက်ကို တန်ဖိုးမထားဘဲ ကစားနေသလိုပဲ . . .]
အဆင့်​တက်​သွား​သော ဖန်ဇီလင်အား မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသည့်တိုင် ပိုင်​ရှင်းယွဲ့သည်​ထိုကဲ့သို့ လုပ်ရဲရသည့် အကြောင်းရင်းအား​တွေး​လေ​တွေး​လေ နားမလည်နိုင်အောင်ပင် ဖြစ်ေ​နမိသည်။​
သူ၏ အမြင်တွင် ဖန်ဇီလင်သည် ပါးနပ်လိမ္မာသောလူ၊ ထူးခြားသော ဆေးပညာရှင်တစ်​ယောက်​သာ ဖြစ်​သည်​။ ထိုကဲ့သို့ ရိုးသား​အေး​ဆေးသည့်​လူတစ်​ယောက်​သည်​ယခုကဲ့သို့ အသက်စွန့်ဝံ့သည့် ကိစ္စမျိုး မလုပ်နိုင်ဟုသာ မှတ်ယူမိခဲ့သည်​။
ပိုင်ရှင်းယွဲ့ တွေးနေစဉ်မှာပင် တိုက်ခိုက်သံများအား ကြားလိုက်ရပြန်သည်။ ဖန်ဇီလင် နှင့်​ဝမ်ရမ်ချူးချူးတို့ ထပ်မံ၍ တိုက်ခိုက်နေကြခြင်း ဖြစ်​သည်​။
ယခုအကြိမ်တွင်မူ ဖန်ဇီလင်သည်​စွမ်းအင်များ ပို၍ ပြည့်ဝ​နေသည့်​ပုံပင်​။
ဝမ်ရမ်ချူးချူးသည်​ကျင့်ကြံမှုအရာတွင် သာလွန်နေသည့်တိုင် ယခုအခါတွင်မူ အရေးနိမ့်လျက် ရှိသည်​။ သူမဘက်မှ ရဲ​ရှောင်​အား ပြင်းပြင်းထန်ထန်လည်း မတိုက်ခိုက်ရဲတော့​ချေ။ ထို့ပြင်​လင်းရှောင်ရေခဲတိုက်ကွက်လည်း ထုတ်မသုံးဝံ့​တော့သဖြင့်​ဝမ်​ရမ်​ချုးချုးတစ်​ယောက်​ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေဖြင့်​ရင်ဆိုင်နေရသည်။
တိုက်ခိုက်နေရင်းဖြင့်​ဝမ်​ရမ်​ချူးချုး၏ စိတ်​ထဲတွင်​ရှုပ်ထွေးလျက် ရှိသည်​။
ပိုင်ရှင်းယွဲ့သည်​တပည့်​ဖြစ်​သူအား ကြည့်​ရင်း​ခေါင်းတယမ်းယမ်းဖြင့်​-
[ဒီလိုသာဆို ချူးချူး​တော့ ရှုံးမှာပဲ . . .]
ကနဦးတွင် ရဲ​ရှောင်​သည်​ဝမ်ရမ်ချူးချူးနှင့် တိ်ုက်ခိုက်ချင်သည့်​အ​ကြောင်းအရင်းမှာ သူ၏ စွမ်းအင် အတိမ်အနက်အား စမ်းသပ်ကြည့်ချင်​လို၍ ဖြစ်​သည်​။ တိုက်​ခိုက်​ရင်းဖြင့်​အဆင့်တက်နိုင် မတက်​နိုင်​ဆိုသည်​ကိုမူ ရဲ​ရှောင်​ကိုယ်​တိုင်​လည်း​အသေအချာ မသိ​ခဲ့ပေ။
ထို့ကြောင့် ဝမ်ရမ်ချူးချူးဘက်​မှ အစွမ်းကုန်​တိုက်ခိုက်​လာ​စေရန်​အတွက်​ဒေါသများ ဆွ​ပေးခဲ့သည်​။
ရဲရှောင်သည် သူ၏ စွမ်းအင်များအား အပြည့်အဝ အသုံးပြုချင်သည့်တိုင် ပိုင်ရှင်းယွဲ့အား သတိထား​နေရပါ​သေးသည်​။ ထို့ကြောင့် တိုက်ခိုက်ချင်တိုင်း တိုက်ခိုက်၍ မရဘဲ ချိန်ဆ၍သာ တိုက်ခိုက်နေခဲ့ရသည်​။
ရဲ​ရှောင်​သည်​ဝမ်ရမ်ချူးချူးအား အနိုင်ရရန် ယုံကြည်ချက် ရှိသည့်တိုင် ပိုင်ရှင်းယွဲ့ကိုမူ မည်သို့မျှ အနိုင်တိုက်နိုင်လိမ့်​မည် မဟုတ်ချေ။ သေချာပေါက်ပင် ရှုံးနိမ့်ရပေလိမ့်မည်။ ရဲ​ရှောင်အ​နေဖြင့်​ကောင်းကင်အဆင့်၏ ထိပ်ဆုံးအဆင့်သို့ ရောက်နေသည့်တိုင် ပိုင်ရှင်းယွဲ့အား အနည်းငယ်မျှ ထိခိုက်အောင်ပင် လုပ်နိုင်ဦးမည် မဟုတ်သေး​ပေ။
ထို့ကြောင့် ဝမ်ရမ်ချူးချူးအား စိတ်ရှိတိုင်း မတိုက်ခိုက်ခဲ့ဘဲ​လေ့ကျင့်​နေသည့်​သဘောမျိုးဖြင့်​သာ တိုက်ခိုက်ခဲ့သည်​။
ရဲ​ရှောင်​တို့ နှစ်​ဦးသည်​တိုက်ခိုက်ရင်းဖြင့် ပိုင်ရှင်းယွဲ့၏ အနားသို့ ရောက်သွားခဲ့ကြသည်​။
ပိုင်ရှင်းယွဲ့၏ မျက်​နှာတွင်​ရန်လိုသော အရိပ်အယောင်မျိုး ရှိမနေသည်ကို တွေ့လိုက်ရသည်​။ နှစ်​ဦးစလုံး၏ တိုက်ခိုက်​မှုများ မပြင်းထန်​သေးသ၍ ပိုင်ရှင်းယွဲ့ဘက်​မှလည်း ဝင်ပါဦးမည်​မဟုတ်​ပေ။
ထို့ကြောင့် ရဲ​ရှောင်​သည်​ဝမ်ရမ်ချူးချူး၏ ဒေါသများ ထွက်သည်​ထက် ထွက်လာစေရန်​ပြောဆိုနေခဲ့ပြီး တိုက်ခိုက်မှုများ ပြင်းထန်လာ​စေရန်​လည်း ပြုလုပ်ခဲ့သည်။ ပထမအဆင့်​အ​နေဖြင့်​ဝမ်​ရမ်​ချုးချုးအား​ဒေါသထွက်​စေရန်​ပြုလုပ်​ခဲ့ပြီးသည့်​နောက်​ဒုတိယအဆင့်​အ​နေဖြင့်​ရဲ​ရှောင်​သည်​တိုက်​ခိုက်​မှုများ ခုခံရင်းဖြင့်​သူ၏ စွမ်းအင်များအား ဖိနှိပ်နေခဲ့သည်​။
စွမ်းအင်များအားတစ်ခါ ဖိနှိပ်လိုက်သည့်အခါ​တိုင်း ရှေးဦးခရမ်းရောင်ချီဓာတ် အနည်းငယ်ကိုပါ ဖိနှိပ်လိုက်​မိသည်ကိုလည်း ခံစားလိုက်​ရသည်​။ ထိုခရမ်းရောင်ချီဓာတ်များ ပမာဏတစ်ခုသို့ ရောက်ရှိလာပါက ဖွင့်ချလိုက်မည်ဟု ကြံရွယ်ထားခဲ့သည်​။
ပိုင်​ရှင်းယွဲ့သည်​ဝမ်ရမ်ချူးချူးအား အနည်းငယ်​မျှ ထိခိုက်ခံလိမ့်​မည်​မဟုတ်​ကြောင်း ရဲ​ရှောင်​အတပ်​သိ​လေသည်​။
ဝမ်ရမ်ချူးချူးသည်​ဒေါသထွက်လွန်းသဖြင့် သူ့အား သေအောင်ပင် ရိုက်ပစ်ချင်နေ၍ ပိုင်ရှင်းယွဲ့မှာမူ အခြေအနေအရပ်ရပ်အား စောင့်ကြည့်နေသည်ဟုလည်း ရဲရှောင် ခံစား​နေမိသည်​။ တိုက်​ခိုက်​မှုတွင်​အန္တရာယ်များသည့် အခြေအနေတစ်ခုခု ဖြစ်လာမည် ဆိုပါက ပိုင်​ရှင်းယွဲ့ဘက်​မှ​သေချာ​ပေါက်​ပင်​ဝင်ရောက်တားဆီးပေလိမ့်မည်။
ရဲရှောင်သည် အတွေ့အကြုံ ရင့်ကျက်သူတစ်ဦးပီပီ ပိုင်ရှင်းယွဲ့မှ ဝင်ရောက် ဟန့်တားလာမည့် အ​ခြေအ​နေအား ကြိုတင်၍ ရိပ်စား​နေမိသည်​။ သူမှဖြစ်စေ ဝမ်ရမ်ချူးချူးမှဖြစ်စေ သေစေနိုင်လောက်သော တိုက်ကွက်မျိုး ထုတ်လိုက်မည် ဆိုပါက ချက်ချင်းပင် တားဆီးမည်မှာ အ​သေအချာပင်​ဖြစ်​ပါ​တော့သည်​။

Comment

Leave a Reply

Options

not work with dark mode
Reset