Chapter – 243
“အဆင့်တက်အောင်ကူညီစေခြင်း (၃)”
ရဲရှောင်ပြောလိုက်သည့်စကားများကြောင့်ဝမ်ရမ်ချူးချူးဘက်မှဒေါသထွက်လည်း ထွက်ချင်စရာပင်။ ရဲရှောင်၏ စကားလုံးတိုင်းတွင်“ဝသည်” “ခါးတုတ်သည်” ဆိုသည့် စကားလုံးများ မပါဝင်သည်ဟူ၍ မရှိချေ။ ထိုစကားလုံး နှစ်လုံးကပင်ဝမ်ရမ်ချူးချူး၏ ဒေါသများအား ပွင့်ထွက်သွားစေခြင်း ဖြစ်သည်။
ဒေါသအလွန်အမင်း ထွက်နေသော ဝမ်ရမ်ချူးချူးတစ်ယောက်အာခေါင်ခြစ်၍ပင်အော်ဟစ်လိုက်ရင်း –
“ဖန်ဇီလင် . . . ရှင့်ကို သေအောင် ရိုက်ပစ်မယ် . . .”
အော်သံနှင့်အတူ ဝမ်ရမ်ချူးချူး၏ တိုက်ခိုက်မှုများသည်လည်း ပို၍ ပြင်းထန်လာလျက်ရှိသည်။
ဝမ်ရမ်ချူးချူး၏ တိုက်ခိုက်မှုသည်မည်သည့် ကောင်းကင်အဆင့် ပညာရှင်ကိုမဆို သတ်ဖြတ်နိုင်စွမ်း ရှိပေလိမ့်မည်။
“ဘုန်း . . .”
နှစ်ဦးစလုံးမှ ထုတ်လွှတ်လိုက်သည့်စွမ်းအင်များ အပြန်အလှန်ထိမိသွားကြသည်။
ထိုအချိန်တွင်အံ့သြစရာကောင်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့သည်။ ပိုင်ရှင်းယွဲ့ပင် ကြောင်ငေးကာ သွားရသည်။
စွမ်းအင်များ အပြန်အလှန်ထိတွေ့သွားသည်ထိ ပိုင်ရှင်းယွဲ့၏ ထိန်းချုပ်မှု အောက်တွင်ရှိနေဆဲပင်ဖြစ်သည်။ ပိုင်ရှင်းယွဲ့သည် ထိုစွမ်းအင်များအား ဖယ်ရှားရန် ပြင်ဆင်ေနပြီ ဖြစ်သည်။ ပညာရှင်ကြီးတစ်ဦးဖြစ်သော ပိုင်ရှင်းယွဲ့၏ အမြင်တွင်ဝမ်ရမ်ချူးချူးနှင့် ရဲရှောင်တို့သည်လွန်စွာ အဆင့်နိမ့်နေသေးသည်။ ထို့ကြောင့် သူတို့နှစ်ဦး၏ တိုက်ခိုက်မှုအား ကောင်းစွာ ကြီးကြပ်နိုင်မည်ဟုသာ ယုံကြည်ထားခဲ့မိသည်။
သို့သော် ရဲရှောင်သည် သူ ထုတ်လွှတ်လိုက်သော စွမ်းအင်များအား ချက်ချင်း ရုပ်သိမ်းပစ်လိုက်သည်။ မည်သည့်စွမ်းအင်ကိုမျှ ထပ်မံ ထုတ်လွှတ်ခြင်း မပြုတော့ဘဲ နဂိုမူလ ထုတ်လွှတ်ခဲ့သည့် စွမ်းအင်များအား ပြန်လည်စုပ်ယူ ရုတ်သိမ်းလိုက်ခြင်းပင်ဖြစ်သည်။
ထိုအခါ သူ၏ နဂိုမူလ ရှေးဦးခရမ်းရောင် ချီဓာတ်များနှင့် ဝမ်ရမ်ချုးချူး ထုတ်လွှတ်လိုက်သည့်လင်းရှောင်ရေခဲတိုက်ကွက်၏ စွမ်းအင်များသည် ရဲရှောင်အား ပြင်းထန်စွာ ရိုက်ခတ်သွားပါတော့သည်။
ရဲရှောင်တို့သည် သူတို့၏ စွမ်းအင်များအား အကုန်အစင် ထုတ်သုံး၍ အဆုံးသတ်တိုက်ကွက် ကိုယ်စီ ထုတ်လိုက်ကြခြင်းပင်ဖြစ်သည်။ ဝမ်ရမ်ချူးချူးသည် ငယ်ရွယ်သေးသောကြောင့် သူမ၏ စွမ်းအင်များအား အချိန်အဆ မပြုလုပ်နိုင်ဘဲ ထုတ်လွှတ်နေခဲ့မိသည်။ ထို့ကြောင့်ထိုစွမ်းအင်များအား ချက်ချင်း ပြန်လည် ရုပ်သိမ်းရန် မတတ်နိုင်ခဲ့ပေ။ ထိုအခါ သူမ၏ လင်းရှောင်ရေခဲတိုက်ကွက်သည် ရဲရှောင်အား အရှိန်မထိန်းနိုင်ဘဲ ထိမှန်သွားလေသည်။
ရပ်ကြည့်နေသည့် ပိုင်ရှင်းယွဲ့ပင်ကြောင်ငေးသွားရသည်။ အရာအားလုံးအား ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ထားခဲ့မိသော်လည်း ယခုကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
သူ၏ အမြင်တွင်မူ ဖန်ဇီလင်သည် မိမိကိုယ်ကို သေကြောင်းကြံစည်နေသည်နှင့်ပင်တူနေပါသေးသည်။
ရဲရှောင်သည် ဝမ်ရမ်ချူးချူးနှင့်တိုက်ခိုက်နေစဉ်တွင်သူ၏ စွမ်းအင်များအား ဖိနှိပ်၍ ထိန်းချုပ်ထားခဲ့သည်။နောက်ဆုံး တိုက်ပွဲအပြီးသတ်ရောက်သည့်အချိန်တွင်ဖိနှိပ်ထားသော စွမ်းအင်များအား အတားအဆီးမရှိ ထုတ်လွှတ်ပေးလိုက်သည်။ ထိုတိုက်ကွက်သည် သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ပင် ဖြစ်လေသည်။ သို့သော် ထိုကဲ့သို့ တိုက်ခိုက်မှု ပြုလုပ်ပြီးသည်နှင့် သူ၏ စွမ်းအင်များအား ချက်ချင်းပင် ပြန်ရုပ်သိမ်းလိုက်သည်။ ထို့ကြောင့် တဟုန်ထိုး ထွက်နေသော စွမ်းအင်များ ရပ်တန့်သွားခြင်းအပြင် ဝမ်ရမ်ချူးချူး၏ ပြင်းထန်လှသည့် တိုက်ကွက်ကိုပါ ရဲရှောင်တစ်ပြိုင်တည်း ခံလိုက်ရသည်။
ရဲရှောင်အနေဖြင့်မိမိဖော်သောဆေးအား မိမိကိုယ်တိုင်သောက်လိုက်ရသည့်အနေအထား ဖြစ်သွားရုံသာမက ဝမ်ရမ်ချုးချူး၏ တိုက်ခိုက်မှုကိုပါ ထပ်ပေါင်း၍ ခံလိုက်ရသဖြင့်ကိုယ့်ကိုယ်ကို အထိနာစေရန်ပြုလုပ်လိုက်သည်နှင့်ပင်တူနေပါသည်။
ပိုင်ရှင်းယွဲ့သည် လျင်မြန်စွာ ဖြစ်ပျက်သွားသော အဖြစ်အပျက်များအား ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။ ထို့ပြင်သူ၏ မျက်လုံးများသည်လည်း ပြာခနဲပင်ဖြစ်သွားပြီး ဘာဆိုဘာမှလုပ်လိုက်ချိန် မရလိုက်ချေ။ သတိပြန်ဝင်လာပြီး ရဲရှောင်အား သွားကယ်ရန် ပြင်လိုက်သည့်အချိန်မှာပင်အံ့သြစရာကောင်းသည့်အဖြစ်အပျက်တစ်ခုအား ထပ်မံ၍တွေ့လိုက်ရပြန်သည်။
ပိုင်ရှင်းယွဲ့တို့ဘက်မှ ပျာယာခတ်နေသော်လည်း ရဲရှောင်မှာမူ တည်ငြိမ်စွာဖြင့်ပင်ခါးထောက်လျက် မတ်တပ်ရပ်နေလေသည်။ တုပ်တုပ်မျှပင် မလှုပ်ချေ။ သူ့ထံသို့ စွမ်းအင်များ တိုးဝင်လာနေသည်အား အကဲဖြတ် စူးစမ်းနေသည်နှင့်ပင် တူပါသေးသည်။
ထို့နောက်ရဲရှောင်သည်တိုးဝင်လာသည့်စွမ်းအင်များ အားလုံးအား ပြင်းထန်စွာ စုပ်ယူပစ်လိုက်သည်။
ထိုအခါ ရဲရှောင်၏ ခန္ဓာကိုယ်ရှိ သွေးကြောများအားလုံး ဖောင်းကားသွားလေသည်။ ရဲရှောင်ထံသို့ တိုးဝင်လာသည့်စွမ်းအင်များ အားလုံးသည် သွေးကြောများအတွင်း စုပ်ယူခြင်းကိုသာ ခံလိုက်ရပါတော့သည်။
စွမ်းအင်များအားလုံးသည်သွေးကြောများမှတဆင့် စွမ်းအင်သိုလှောင်ရာသို့ စီးဆင်းသွားကြသည်။
“ဘုန်း . . .”
ဝမ်ရမ်ချူးချူးသာမက ပိုင်ရှင်းယွဲ့ပင် ရဲရှောင်၏ စွမ်းအင်သိုလှောင်ရာအတွင်းမှ ပေါက်ကွဲသံ သဲ့သဲ့အား ကြားလိုက်ရသည်။
ပေါက်ကွဲသံသည် မြေအောက်အနက် ပေသောင်းချီမှ ဖြစ်ပေါ်လာသည့်အသံနှင့်ပင်တူနေပါသေးသည်။
အသံသည်ကြားလိုက်ရုံဖြင့်ပင် ကြက်သီးထစရာ ကောင်းလွန်းလှသည်။
“ဝေါ့ . . .”
ရဲရှောင်၏ ပါးစပ်မှ သွေးများ အန်ထွက်လာလေသည်။
ထိုသွေးများသည် ပေ ၁၀၀ ကျော် အကွာအဝေးရှိ နံရံအား မြားတစ်စင်းကဲ့သို့ပင်ထိမှန်သွားသည်။
ဝမ်ရမ်ချူးချူးနှင့် ပိုင်ရှင်းယွဲ့တို့ နှစ်ဦးသည်ပါးစပ်အဟောင်းသားဖြင့်ပင်ငေးကြည့်နေကြသည်။ ထို့နောက် သတိဝင်သွားပြီး ချက်ချင်းပင် ပြေးသွားလိုက်ကြကာ –
“ရှင် . . . အဆင်ပြေရဲ့လား . . .”
“ရှင် . . . ဘာလို့လဲ၊ ဘာလို့ မပြေးရတာလဲ၊ နောက်ပြီး စွမ်းအင်တွေကို ဘာလို့ စုပ်ယူဖို့ ကြိုးစား ရတာလဲ။ ရှင့်ကိုယ်ရှင် သေကြောင်းကြံနေတာလား . . .”
ရဲရှောင်အား အသည်းအသန်ပင် မေးလိုက်ကြသည်။
ပိုင်ရှင်းယွဲ့သည်ရဲရှောင်တစ်ယောက်သေကြောင်းကြံနေသည်ဟုသာ ထင်မြင်နေမိရင်း စိတ်ထဲတွင်လည်း –
[ရှင့်ရဲ့ သွေးကြောတွေက ဒီစွမ်းအင်တွေ အကုန်လုံးကို စုပ်ယူနိုင်စွမ်း ရှိရင်တောင်၊နောက်ပြီး ရှင့်ရဲ့ စွမ်းအင်သိုလှောင်ရာကလည်း ဒီစွမ်းအင်တွေကို ထိန်းထားနိုင်စွမ်း ရှိနေရင်ေတာင်၊ ရှင်က အားနည်းလွန်းနေသေးတယ်။ ဝမ်ရမ်ချူးချူးက ရှင့်ထက် ကျင့်ကြံမှုမှာ ပိုအဆင့်မြင့်တယ်။ အဲဒါတောင် ဘာလို့ ကိုယ့်စွမ်းအင်တွေကို ကိုယ်ရုပ်သိမ်း လိုက်ရတာလဲ။ တစ်ဖက်လူကလည်း ရှင့်ထက် အစွမ်းကြီးတဲ့ လူလေ . . .]
[ရှင်ထုတ်လိုက်တဲ့ စွမ်းအင်တစ်ခုတည်းတောင် ရှင့်ရဲ့ စွမ်းအင်သိုလှောင်ရာက ပြည့်နေပြီကို ချူးချူးရဲ့ စွမ်းအင်ကိုပါ ထပ်စုပ်ယူလိုက်ရတယ်တဲ့လား။ ရှင်မသေရင်ေတာင် စွမ်းအင်သိုလှောင်ရာ ပေါက်ကွဲသွားနိုင်တယ်ဆိုတာ သိရဲ့လား။ အခုတော့ ဒီလိုလုပ်ရပ်မျိုး လုပ်လိုက်တာ ရှင်ရူးများ ရူးနေတာလား . . .]
သွေးများ အန်ထွက်ပြီးနောက် ရဲရှောင်၏ မျက်လုံးများ ပိတ်သွားခဲ့သည်။ ထိုအချိန်တွင်ခရမ်းရောင် ချီဓာတ်များသည်သူ၏ ခန္ဓာကိုယ်အား လှည့်ပတ်နေလျက် ရှိသည်။
တခဏအကြာတွင် ရဲရှောင်၏ ဝမ်းဗိုက်အတွင်းမှ ရေနွေးအိုး ဆူသကဲ့သို့ အသံများ ထွက်ပေါ်လာခဲ့ပြီး သူ၏ ဗိုက်မှာလည်း ဖောင်းသထက် ဖောင်းကားလာခဲ့သည်။
ရဲရှောင်သည် အလွန်နာကျင်နေသည့်အတွက်မျက်နှာတစ်ခုလုံး ရှုံ့မဲ့လျက် ရှိသည်။
သို့သော် ပါးစပ်ကိုမူ တင်းတင်းစေ့ထားပြီး ညည်းညူသံ တစ်သံပင် ထွက်မလာချေ။
ရဲရှောင်အား လှည့်ပတ်နေသည့် ခရမ်းရောင် ချီဓာတ်များသည် ပို၍ တောက်ပသထက် တောက်ပလာကြသည်။
ရဲရှောင်၏ ပုံစံမှာ အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်သည့်အခြေအနေမျိုးပင်ပေါက်နေလေသည်။
ပိုင်ရှင်းယွဲ့သည် ဝမ်ရမ်ချူးချူးအား လှမ်းကြည့်လိုက်သည်။
ဝမ်ရမ်ချူးချူး၏ မျက်နှာတစ်ခုလုံး သွေးမရှိတော့သကဲ့သို့ ဖြူလျော်နေပြီးခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည့်ပုံပင်။ သူ၏ မျက်ဝန်းများမှ မျက်ရည်များ စီးကျလျက်ရှိပြီး တုန်ယင်သော အသံဖြင့် –
“ဆရာ . . . ကျွန်မ . . . ကျွန်မ တကယ်မရည်ရွယ်ပါဘူး။ သူ . . . သူဘယ်လိုဖြစ်နေလဲ မသိဘူး။ အဆင်ပြေပါ့မလား။ ကယ်ပါဦး ဆရာရယ် . . .”
ပိုင်ရှင်းယွဲ့သည်သက်ပြင်းတစ်ချက် ချလိုက်ရင်း ခေါင်းခါယမ်း ပြလိုက်သည်။
အဖြစ်အပျက်များသည် လွန်စွာ မြန်ဆန်လွန်းလှသည်။ မမျှော်လင့်ထားသော အခြေအနေ တစ်ရပ်ပင်။ ပိုင်ရှင်းယွဲ့သည် အဆင့်မြင့် ပညာရှင်တစ်ဦး ဖြစ်သည့်တိုင် ယခုကဲ့သို့ အခြေအနေမျိုးတွင် မည်သည့်အရာမျှ လုပ်နိုင်စွမ်း မရှိတော့ချေ။ ဆုတောင်းရုံမှတစ်ပါး အခြား မရှိတော့ချေ။
ဝမ်ရမ်ချူးချူးသည်မျက်ရည်များ အဆက်မပြတ် စီးကျလျက် ရှိရင်း –
“ဆရာ . . . သူ့ကို ကယ်ပေးပါဦး။ သူ့ကို ကျွန်မ မသေစေချင်ဘူး။ သူ့အသက်ကို သေပါစေဆိုတဲ့ ရည်ရွယ်ချက်မျိုး တကယ် မရှိပါဘူး . . .”
ဝမ်ရမ်ချုးချူးတစ်ယောက်ကလေးကဲ့သို့ ငိုကြွေးလိုက်ပြီး ရင်ထဲတွင်မချိအောင်ပင်ခံစားနေရသည်။ ရဲရှောင်အား ကြည့်ရင်း သူမ၏ နှလုံးသားတစ်ခုလုံး ဓားသွားထက်ထက်ဖြင့် ခွဲခံနေရသကဲ့သို့ ခံစားနေရသည်။
အဘယ်ကြောင့် ထိုကဲ့သို့ ခံစားနေရမှန်းလည်း ဝမ်ရမ်ချုးချူး ကိုယ်တိုင်လည်း မသိချေ။ သူ၏ရင်ထဲတွင်ဝမ်းနည်းမှုများသည်တရစ်ထက်တရစ် တိုး၍သာ လာလျက်ရှိသည်။ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေသကဲ့သို့ သူ၏ အတွေးထဲတွင်လည်း ဖန်ဇီလင်အား ပြန်လည် ကောင်းမွန်လာစေချင်သည့် စိတ်များ အဖန်တလဲလဲ ဖြစ်ပေါ်နေသည်မှ လွဲ၍ အခြား မရှိပေ။
ရဲရှောင်၏ကိုယ်မှ အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ပိုင်ရှင်းယွဲ့တို့နှစ်ဦးစလုံး ကြားလိုက်ရသည့်အသံကြောင့်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြရင်း အံ့သြသွားမိကြသည်။
ထိုအသံသည်အဆင့်တက်သည့်အခါ သွေးကြောများ ပွင့်သွားသည့် အသံပင် ဖြစ်သည်။
ရဲရှောင်တစ်ယောက်အဆင့်တက်သွားပြီ ဆိုသည်ကို နှစ်ဦးသား သိလိုက်ကြပါတော့သည်။