အပိုင်း (၃၀၀) စမ်းသပ်ခြင်းနည်းလမ်း
ဆိုတော့ သူက ဓားလက်ချောင်းဆယ်ခန်းကိုသင်ချင်တာပေါ့လေ။
စုရှောင်ရှန် သူ့လက်နှစ်ချောင်းကို ဖြည်းဖြည်းချင်း ပြန်ချလိုက်သည်။
ဖုရှင်းက ရိုးရိုးရှင်းရှင်း စိတ်လှုပ်ရှားခြင်းသာဖြစ်ပြီး အခြား ဘာရည်ရွယ်ချင်မှ မရှိဘူးဆိုတာကို မသိလျှင် နောက်တစ်ကြိမ်လွင့်ထွက်သွားလောက်ပြီးချေပြီ။
ထို့နောက် ဖုရှင်း၏ ခါးတွင်ချိတ်ထားသော ကျောက်စိမ်းပြားလေးကိုကြည့်မိလိုက်ပြီး သူမွဲလွန်းလှသည်ဟု ဒုတိယတစ်ကြိမ်အတွေး၀င်သွား၏။
ပထမဆုံးအကြိမ်က လျှိုရွှမ်ရှင်း၏ အဆုံးမရှိသော ရတနာများကိုမြင်ရစဉ်ကဖြစ်ပြီး ယခုလည်း ဖုရှင်းစီကနေ ခုခံကာကွယ်ခြင်းရတနာတွေ တစ်ခုပြီးတစ်ခု တွေ့ရသည်။
ဒီကောင် ဘယ်လောက်တောင်ချမ်းသာတာလဲ။
သူ့ကျောက်စိမ်းပြား ကွဲသွားတိုင်းမှာ အစားထိုးဖို့ အသစ်တစ်ခုရှိနေတာလား။
ထိုမှ တိတ်တဆိတ်သက်ပြင်းချလိုက်ကာ သူ့ပါးကိုညှပ်ထားသော ဖုရှင်း၏ လက်များကိုခါထုတ်လိုက်သည်။ ထိုအကောင်က လက်ပေပေကြီးနှင့် လာကိုင်တာကြောင့် သူ့ပါးနှစ်ဖက်ပါ ပေပွသွားရကာ သုတ်လိုက်ပေသည်။
“စိတ်လျော့ စိတ်လျော့”
သို့ပေမယ့် ဖုရှင်းက ဘယ်လိုမှ စိတ်မလျော့နိုင်ဖြစ်နေသည်။
သူ့လို လျှောက်ပေါင်းစပ်ထားသော နည်းစနစ်အတုမဟုတ်ဘဲ စုရှောင်ရှန်တွင် တကယ့် ဓားလက်ချောင်းဆယ်ခန်းရှိနေသည်ဆိုသည့်အတွေးက ဂနာမငြိမ်ဖြစ်သွားစေ၏။
ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်တွင် ဤသို့သောအရာ အဘယ်ကြောင့်ရှိနေရသနည်း။ သူသာသိခဲ့ရင် သူ့အဖေ၏ စကားကို ကလန်ကဆန်လုပ်ကာ မြို့တော်၀န်အိမ်တော်ကို မဆက်ခံရချင်နေပါစေ စိတ်ဝိညာဉ်နန်းတော်ကိုသွားလိုက်ပေမည်။
တကယ်ကို လူတွေက သူတို့လမ်း သူတို့ဖောက်ပြီးလျှောက်ရ၏။ ဖုရှင်း နောင်တရနေလေပြီ။
“အကိုကြီး… ကျေးဇူးပြု၍ ဒီဓားလက်ချောင်းဆယ်ခန်းကို သင်ပေးပါ”
စုရှောင်ရှန်၏ နှုတ်ခမ်းများလှုပ်သွားပြီး ထိုအကောင့်ကို တွန်းထုတ်လိုက်သည်။
ဖုရှင်း ထိုတွန်းချက်ကြောင့် နောက်လည်သွားသောအခါ ဥက္ကဠ ရှီတိ၏ မှင်ရည်များတောင်ထွက်ကျလာနိုင်လောက်အောင် နက်မှောင်နေသော မျက်နှာကိုမြင်ရပြီး ကိုယ်ကိုချက်ခြင်း မတ်လိုက်သည်။
“အဟွတ် အဟွတ် အဟွတ်…”
“ကျွန်တော် ဆုံးရှုံးမှုတွေအတွက် လျောကြေးပေးပါ့မယ်” ဖုရှင်း မချိတင်ကဲ ပြုံးလိုက်ရသည်။
ရှီတိ ပေါက်ကွဲထွက်သွားကာ အော်တော့သည်။ “မြို့တော်၀န်အိမ်တော်က တစ်ဦးတည်းသော သခင်လေးဖြစ်တယ်ဆိုပြီးတော့ ထင်ရာကျဲချင်တိုင်း ကျဲလို့ရတယ် အောင့်မေ့နေသလားကွ။ ဆေးမျှော်စင်ကိုပြန်ပြင်ဖို့ မင်းရဲ့ မဖြစ်စလောက် မုန့်ဖိုးလေးနဲ့ ရမယ်ထင်နေတာလား”
“ဒါက ဘိုးဘွားတွေလက်ထက်ကတည်းက လက်ဆင့်ကမ်းလာတဲ့ အမွေအနှစ်ကွ… နားလည်ရဲ့လား”
ဖုရှင်း ကြက်အစာကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။ “နားလည်ပါတယ် ကျွန်တော်မှားတာ သိပါပြီ။ နောက်မဖြစ်စေရပါဘူး”
ဥက္ကဠရှီတိ အင်္ကျီလက်စကို ခါရမ်းလိုက်သည်။ “မင်းတို့ နှစ်ကောင်ထပ်မရှုပ်ကြနဲ့တော့။ မနေနိုင်ဘဲ ရှုပ်ချင်ရင်လည်း ဆေးမျှော်စင်ထဲကထွက်သွားမှ ရှုပ်ကြ”
ထိုမှ အကြံတစ်ခုရသွားလေကာ “မင်းတို့ကို ငါခု လိုက်ပို့ပေးရမလား”
“ရပါပြီ မလိုပါဘူး”
ချက်ခြင်းလက်ငင်း လက်နှစ်ဖက်ကို စုရှောင်ရှန် ခါရမ်းလိုက်သည်။ “ကျုပ်က ဒီကို စာမေးပွဲဖြေဖို့လာတာပါ။ ဒီကောင်ကမှ အရင်ထဖောက်တဲ့ကောင်။ သူ့ကို ပဲ ပို့လိုက်ပါလား”
ဖုရှင်း၏ မျက်နှာချက်ခြင်းဖြူဖျော့သွားသည်။ ဥက္ကဠကြီးကိုယ်တိုင်သူ့ကို ပို့ပေးမှာလား။ ထိုမျှလောက် သတ္တိမရှိပါချေ။
“မလုပ်ပါနဲ့။ ကျွန်တော့် ညီမလေး စာမေးပွဲဖြေတာလာကြည့်တာ တခြားထွက်သွားလို့မဖြစ်သေးလို့ပါ”
ထို့နောက် မျက်ထောင့်ကနေ စုရှောင်ရှန်ကို ကြည့်လိုက်၏။
စောနက သူ့ကို အကိုကြီးလို့ ခေါ်ခိုင်းရင် အင်တင်တင်ဖြစ်နေဦးမယ်ဆိုပေမယ့် ယခုတော့…
‘အကိုကြီးမှန်တယ်’
ယခုလည်း အကိုကြီးဟု ခေါ်ပြီးပြီဆိုမှတော့ ဓားလက်ချောင်းဆယ်ခန်းကို သင်ယူရမှ တော်ကာကျတော့မည်။
ဖုယင်ဟုန်က မရွှင်မပြကြား၀င်ဖြတ်လိုက်သည်။ “နင်ဘာတွေ တွေးနေတာလဲ။ ငါ့စာမေးပွဲက ပြီးသွားပြီလေ”
ဖုရှင်း သူမကို ကြည့်ကာ “အောင်လား”
“မအောင်ဘူး”
“…”
ချက်ခြင်းလက်ငင်း သူ့ညီမကို ဆေးဖော်စပ်သည့် အခန်းထဲ ပြန်တွန်းဖို့ကာ ဖုရှင်းပြောလိုက်သည်။ “ဒါဆိုလည်း အောင်တဲ့အထိ ပြန်ဖြေလေ”
“ငါပင်ပန်းနေပြီ”
“ဟင့်အင်း။ နင်အကောင်းကြီးရှိသေးတယ်”
သူမ စာမေးပွဲပြန်ဖြေကိုဖြေရမည်။ သူမဖြေနေစဉ်မှာ သူက စုရှောင်ရှန် နောက်က တကောက်ကောက်လိုက်ရန်ကြံထား၏။
ဓားလက်ချောင်းဆယ်ခန်းကို မရမက သင်ကို သင်ယူရမည်ဟု စိတ်ပိုင်းဖြတ်ထားလေသည်။
ဖုယင်ဟုန် စွံ့အသွား၏။
“သွေးက ရေလောက်တောင် မပြစ်ဘူးလား” ဟု သူမပြောချင်လိုက်သည်။
ဆေးဖော်စပ်ခန်းပြန်ပွင့်လာကာ သူတို့ နှစ်ဦး ၀င်သွားလိုက်ကြသည်။ စုရှောင်ရှန်လည်း ဥက္ကဠရှီတိကိုကြည့်ပြီး မေးလိုက်၏။ “ကျုပ်ကကော ဘယ်လိုဖြေရမှာလဲ”
ရှီတိ တွေးတောနေတာရပ်လိုက်ပြီး သူ့အငြိုးများကို ပြန်မျိုချလိုက်သည်။
သေချာတိကျစွာ တွက်ချက်ကြည့်မယ်ဆိုရင် အပျက်အဆီးများအားလုံးက ဖုရှင်းကစလို့ ဖြစ်ရတာချည်းဖြစ်သည်။
ဆေးမျှော်စင်သည် ဆေးဖော်စပ်ခြင်းကို စိတ်ပါ၀င်စားသည့်သူများကို မငြင်းဆန်နိုင်ပါချေ။ သူတို့က နှင်ထုတ်တာက ဘာမှမဖြစ်ပေမယ့် ဆေးမျှော်စင်ကိုတောင် နောက်တစ်ခါ ပြန်မလာခိုင်းတော့ဘူးဆိုတာက ဆိုးချေပြီ။ သူတို့ကို လူတွေမည်သို့ ထင်လိမ့်မည်နည်း။ ဆေးဖော်စပ်ခြင်းနှင့်ပတ်သက်လာရင် ထိုသို့ အမှားမျိုးလုပ်မိ၍ မဖြစ်ချေ။
“မင်းတို့နှစ်ယောက် ငါ့နောက်လိုက်ခဲ့”
သို့ဆိုပြီး မုကျစ်ရှီကို ဆေးဖော်စပ်ခန်းတစ်ခန်းအတွင်း သူကိုင်တိုင် ခေါ်သွားလိုက်သည်။
ထိုကလေးမလေးက အကြီးအကဲစန်း၏ အချစ်တုံး တပြည့်မလေးဖြစ်၏။ ဤကလေးမလေးမည်သည့် အမြင့်ထိ ရောက်နိုင်မလဲဆိုတာ သူကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖို့လိုပေသည်။
စုရှောင်ရှန်ကိုတော့ အခြား ဆေးဖော်စပ်သူတစ်ယောက်၏ လက်ထဲအပ်လိုက်သည်။
…
ဆေးဖော်စပ်အခန်းအတွင်းတွင်…။
သူ့ရှေ့က အဖိုးကြီးတစ်ယောက်ကို စိတ်၀င်တစား စုရှောင်ရှန် ကြည့်လိုက်သည်။
“အာ ဒီက စီနီယာခင်ဗျာ… သာမန်ဆို ဒိလိုအလုပ်တွေက မိန်းမငယ်လေးတွေ ကိုင်တွယ်တာမလား။ အားနာစရာကြီးကို စီနီယာကိုယ်တိုင်လာစရာမလိုပါဘူး…”
ဤအဖိုးကြီးက ဆေးဖော်စပ်သူ အ၀တ်အစားနှင့် တံဆိပ်ပြားကို ရင်ဘက်မှာ ကပ်ထားသည်။
ဆေးဖော်စပ်သူ တံဆိပ်ပြားက ရိုးရှင်းစွာပြုလုပ်ထား၏။ ရွှေရောင် နောက်ခံနှင့် ဆေးမီးဖိုအိုးကြီးကို ၀န်းရံထားတဲ့ တိမ်များကလွဲလျှင် ဘာမှ မရှိချေ။
ဆေးပေါင်းဖိုကြီးက ဆေးဖော်စပ်သူတစ်ယောက်၏ အသွေးနှင့် အသားဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုမှ တိမ်များကတော့ ဆေးဖော်စပ်သူ မည်သည့် အဆင့်ဖြစ်သလဲဆိုတာကို ပြသရန်ဖြစ်၏။
ဥပမာ သူ့ရှေ့က အဖိုးကြီး၏ တံဆိပ်ပြားတွင် တိမ်ခြောက်ခုရှိရာ သူက အဆင့်ခြောက် ဆေးဖော်စပ်သူဖြစ်ကြောင်းကို ညွှန်းဆိုသည်။
ဤသို့ ဆရာကြီးတစ်ယောက်က အဘယ်ကြောင့် သူ့ကို လာကြီးကြပ်ရပါသနည်း။
“ငါ့နာမည်က ယွင်ဟဲ”
အဖိုးကြီးက နှစ်လိုစွာ ပြုံး၍ “အဆင့်ခုနှစ် စာမေးပွဲကိုလာဖြေတာဆိုတော့ မင်းက တော်တော် တော်တာပဲကွ။ မင်းကို ငါလာကြီးကြပ်ရတာကလဲ ဆေးမျှော်စင် ခုနှစ်လွှာမှာ ကောင်တာထိုင်တဲ့ မိန်းကလေးတွေမရှိလို့လေ။ ဒီလိုနေ့တွေဆို လူလည်းပါးတော့ ငါတို့ အဖိုးကြီးတွေပဲ ထိုင်ပြီး လေပေါနေကြတာပေါ့။ အဲ့တော့ တစ်ယောက်ယောက် စာမေးပွဲလာဖြေရင် ငါတို့လို အားနေတဲ့ အဖိုးကြီးတွေက တစ်ခုခုတော့ အကျိုးပြုရမှာပေါ့”
“သိပါပြီ…” အဖိုးကြီး၏ စကားများကို နားလည်ကြောင်း ခေါင်းညိတ်ပြကာ သိချင်တာ ထပ်မေးလိုက်သည်။ “စာမေးပွဲကကော ဘယ်လိုဖြေရမှာလဲ”
ယွင်ဟဲပြုံးစမြဲမေးလိုက်သည်။ “မင်းရဲ့ ဆေးဖော်စပ်သူအဆင့်က ဘယ်လောက်မှာလဲ”
“အဆင့်မရှိသေးဘူး”
“အော် အဆင့်မရှိသေးဘူးပဲ… ဟမ် နေဦး ဘာကို အဆင့်မရှိတာလဲ”
အဖိုးကြီး မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ “အဆင့်တောင်မရှိဘဲနဲ့ ဥက္ကဠကြီး ရှီတိက မင်းကို အဆင့် ခုနှစ် စာမေးဖွဲဖြေဖို့ခေါ်လာတယ်ပေါ့”
စုရှောင်ရှန် မှင်တက်စွားသည်။ “ဘာလို့လဲ။ လာလို့မရဘူးလား”
ယွင်ဟဲ စွံ့အသွား၏။
‘လာလို့မရဘူးလားမေးတယ်နော်။ ဒီခုနှစ်လွှာမှာ လူတိုင်းလာလို့ရနေရင် ဒီအဖိုးကြီး ရေနွေးကြမ်းသောက်ဖို့ အချိန်ရှိနေပါ့ဦးမလား။ အဆင့် ခုနှစ်နဲ့၊ အဆင့်ခြောက် ဆေးဖော်စပ်သူတွေပဲ ဒီကိုလာဖို့ အရည်အချင်းပြည့်မှီတာကွ’
အရှင်သခင်နယ်ပယ်ဆေးလုံး ဖော်စပ်နိုင်သူရှားပေမယ့်လို့ တစ်ခါတစ်ရံမှာ အဖိုးကြီးများက မြူးမြူးတူးတူးရှိအောင် ဆွေးနွေးရာတွင် အဆင့် ခုနှစ်၊ အဆင့်ရှစ် ဆေးဖော်စပ်သူများကို ခေါ်လာတတ်ပေသည်။
၎င်းကတောင် အရည်အချင်းနှင့် နောက်ခံတို့အပေါ်မူတည်သေးသည်။
ဥပမာအားဖြင့် ဖုယင်ဟုန်ကိုကြည့်နိုင်သည်။ သို့တောင် ထျန်းစန်းမြို့တော်အတွင်း၌ ဖုမျိုးရိုးဖြင့် လူဘယ်နှစ်ယောက်ရှ်ိမှာလဲ။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“…”
အဖိုးကြီး၏ အတွေးများ ရောက်ရက်ခက်သွားမယ် မထင်၍ စုရှောင်ရှန် မျက်တောင်များကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်သည်။
“လူတိုင်းမလာနိုင်ဘူးဆိုရင် ထူးခြားတဲ့လူတွေမှ လာလို့ရတာလား”
ယွင်ဟဲ ချောင်းသီးသွားသည်။ ၎င်းက သူတွေးနေတာနှင့် တစ်ထပ်တည်းကျ၏။
“ဟားဟား”
အတန်ငယ် ကသိကအောက်ရယ်လိုက်ပြီးနောက်တွင် “ဟုတ်တယ်။ ကောင်လေး၊ မင်းမှာလည်း ထူးခြားတဲ့ နောက်ခံနဲ့ အဆက်အသွယ် တွေရှိရမယ်။ မြို့တော်၀န်ရဲ့ သားနဲ့ မင်းနဲ့ ဘယ်လိုပတ်သက်လဲ”
စုရှောင်ရှန် ရယ်လိုက်သည်။ ကြည့်ရတာ စောနက ဖုရှင်း၏ အသံပြဲကြီးဖြင့် အော်လိုက်သံကြောင့် အတင်းတုပ်နေကြသော အကြောင်းအရာများ အမှန်လားသိချင်၍ ဖြစ်ရပေမည်။
“ကျုပ်တို့ကို အသိအကျွမ်းတွေလို့ပြောလို့ရတယ်။ ဖုရှင်ကတော့ ကျုပ်ကို အကိုကြီးလို့ခေါ်တာပဲ”
ယွင်ဟဲ၏ မျက်နှာ တောင့်တောင့်ကြီးဖြစ်သွားသည်။ ဒီကောင် မြို့တော်၀န်၏ တရားမ၀င်သားများလားမသိ။
သူ့မှာ နောက်ခံကောင်းရှိနေသဖြင့် ခုနှစ်လွှာကို တက်လာနိုင်တာ မထူးခြားပါတော့ချေ။
သို့ပေမယ့် မြို့တော်၀န်က သားတစ်ယောက်တည်းရှိတာမဟုတ်လား။ ဖုသခင်လေးက သူ့ကို အကိုကြီးလို့ခေါ်တယ်ဆိုတော့ သူက … ဖုသခင်ကြီးလား။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် ထူးခြားမနား လက်ဝှေ့ရမ်းပြကာ ဆိုလိုက်သည်။ “ဒီအကြောင်းကို ခဏထားပါ။ ဒီ စားမေးပွဲမှာ စမ်းသပ်မှုက ဘယ်လိုလဲဆိုတာပဲ ပြောပြတော့”
ယွင်ဟဲ အသိပြန်လည်လာပြီး ခပ်သဲ့သဲ့ ရယ်လိုက်သည်။ “မင်းက တစ်ခါမှ စာမေးပွဲမဖြေဖူးတော့ အဆင့် တစ်ဆယ်ကနေ စမှရမယ်”
“အဲ့တာ ဘယ်လိုဖြေရမှာလဲ”
“ရှင်းပါတယ်။ အဆင့် တစ်ဆယ် ဆေးလုံးရွေးပြီး အောင်မြင်အောင် ဖော်စပ်ပြရင် ရပြီ”
“ဆေးပင်တွေကရော”
“သူတို့ကို ဆေးမျှော်စင်က ထောက်ပံ့ပေးလိမ့်မယ်။ မင်းမှာ အခွင့်အရေးသုံးကြိမ်ရှိပြီးတော့ အနိမ့်ဆုံးအောင်မှတ်က ဆေးလုံးရဲ့ အရည်အသွေးက အဆင့်မြင့် အဆင့်ဖြစ်နေရမယ်”
အဆင့်မြင့်အဆင့်… စုရှောင်ရှန် မျက်ခုံးများပင့်လိုက်သည်။ မှော်ဆေးပညာရှင်များ အစည်းအရုံး၏ စည်းမျဉ်းများက ကြပ်လှ၏။ ကြည့်ရတာ အောက်လမ်းနည်းဖြင့် စာမေးပွဲအောင်မည့်သူများကို မလိုလား၍ ဖြစ်မည်။
သူက ဆက်မေးလိုက်ပါသည်။ “အဲ့တာပဲလား။ တခြားမရှိတော့ဘူးလား”
“မရှိတော့ဘူး”
“ကောင်းပြီလေ”
စုရှောင်ရှန် ထင်းမီးဖြင့် အပူပေးထားသော အခန်းထဲက ဆေးပေါင်းဖ်ိုကို လက်ညိုးထိုးပြပြီးမေးလိုက်သည်။ “အဲ့တာပဲ သုံးရမှာလား။ ကိုယ်ပိုင်ဟာကောသုံးလို့ရလား”
ကြည့်ရတာ ကောင်လေး၏ စွမ်းဆောင်ရည်များကို သူအထင်သေးမိသည့်ဟန်ရ၏။
ဤသို့ ပြောဆိုနိုင်သည့်သူများက သာမန်အားဖြင့် ဆေးဖော်စပ်ခြင်းတွင် နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားကြသည့်သူများသာဖြစ်ကြသည်။ များသောအားဖြင့် သူတို့ ကိုယ်ပိုင်မီးလျှံများနှင့်အတူ စိတ်ဝိညာဉ်ဖြင့်ဆက်သွယ်လို့ရသည့် ကိုယ်ပိုင် ဆေးပေါင်းဖိုများပိုင်ဆိုင်ကြလေသည်။
၎င်းက ဆေးဖော်စပ်ခြင်း၏ အောင်မြင်မှုနှုန်းကို တိုးမြှင့်ပေးမှာကြောင့် ညစ်သလိုလိုဖြစ်ပေမယ့် အဆင့် တစ်ဆယ်ဆေးလုံးကို ဖော်စပ်ရာတွင် တင်းကြပ်သော စည်းမျဉ်းများမရှိပါချေ။
သူ့ရှေ့က လူငယ်လေးက ဆေးဖော်စပ်ခြင်း အနုပညာကို အချိန်အကြာကြီး လေ့လာ ကျင့်ကြံခဲ့ပြီး တစ်ခါမှ ယခုလို ထုတ်မပြဖူးသည့် ထူးခြားသည့် ပါရမီရှင်လေးများ ဖြစ်နေမလားမသိ အတွေး၀င်သွားသည်။