အပိုင်း (၂၉၉) ချစ်လှစွာသော အကိုကြီး
ဖုရှင်း သူ့နဖူးအထက်က လက်ချောင်းကိုကြည့်လိုက်သည်။ ရုတ်တရက် ထိန်းမရနိုင်သော ဒေါသများထွက်လာပြီး အံကိုတင်းတင်းကြိတ်လိုက်၏။
သူ့ကို မထိတထိ ပြောဆိုတာများကို သည်းခံနိုင်ပေမယ့် ဤအပြုအမူကတော့ လုံး၀ကို စော်ကားခြင်းဖြစ်သွားလေပြီ။
သူ၏ အလိုအရလည်း အကိုကြီးဟုခေါ်ပြီးတာတောင် သူ့ကို အလွတ်မပေးချေ။ ဖုရှင်း၏ မျက်လုံးများ အနီရောင်သန်းသွားပြီး ထိန်းချုပ်ထားသော ဓားဆန္ဒတို့ ပေါက်ကွဲထွက်လာကြ၏။
ဇွက်…။
ဖုယင်ဟုန်၏ ဓားက သိုလှောင်လက်စွပ်ထဲကို မသိမ်းရသေးပေ။ ထိုခက်ထန်သောဓားဆန္ဒများအောက်မှာ သူမ၏ လက်ထဲက ပျံထွက်သွားခဲ့သည်။
စုရှောင်ရှန် ထိုဓားကိုလည်ပြန်ကြည့်လိုက်သည်။
ဘန်း…။
ချက်ခြင်း အရုပ်ကြိုးပြတ် မြေပြင်ပေါ်ကို ဖုယင်ဟုန်၏ ဓားပြန်ကျသွားခဲ့သည်။ ထို့နောက် အနည်းငယ်တုန်ခါနေပြီးနောက်မှာ လုံး၀ ငြိမ်ကျသွားတော့၏။
ဖုရှင်းလေထဲကို လက်ဖမ်းဆုပ်သည့် ဟန်လုပ်ပေမယ့်လည်း ဓားက လိုသလို ရောက်မလာခဲ့ပါဘဲ လမ်းတစ်၀က်တွင်ဖြတ်ချခြင်းခံလိုက်ရပေသည်။
“ဓားဆန္ဒလား”
ဥက္ကဠ ရှီတိတောင် အလန့်တကြား ထအော်လိုက်၏။
ဖုယင်ဟုန်လည်း စုရှောင်ရှန်အပေါ် အမြင်ပြောင်းသွားသည်။ ထိုမူလနန်းတော်နယ်ပယ်က အကောင်တွင် ဓားဆန္ဒရှိနေသည်တဲ့။
အခြားသူများ အမျိုးမျိုးသော ခံစားချက်များကို ပြသနေကြပေမယ့် ဖုရှင်း၏ မျက်၀န်းများအတွင်း၌ တုန်လှုပ်မှုတို့သာ ရှိနေသည်။
“စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒ”
၎င်းကို သူ့ပါးစပ်က ထုတ်ဖော်ပြောကြားလိုက်သောအခါ လူတိုင်း တုန်လှုပ်သွားကြ၏။
“ဘာကြီး။ ဒီဓားဆန္ဒက စစ်မှန်ခြင်းနယ်ပယ်မှာတဲ့လား”
လူအုပ်ကြီး၏ ဖြစ်ပျက်နေသော အမူအရာများကိုကြည့်ကာ စုရှောင်ရှန် ချီတုံချတုံမေးလိုက်သည်။ “စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒက အဲ့လောက်ရှားလို့လား”
စစ်မှန်ခြင်းနယ်ပယ်ဓားဆန္ဒကရှားလားတဲ့… လူတိုင်း စွံ့အသွားကြသည်။
ထျန်းစန်းစီရင်စု၏ မျိုးဆက်သစ်လူငယ်များအကြားမှာ စစ်မှန်ခြင်းနယ်ပယ်ဓားဆန္ဒဟု ဆိုလာလျှင် စုရှင်းရှင်းတစ်ယောက်တည်းသာ လူသိများကြသည်။ ၎င်းကိုကြည့်၍ ဘယ်လောက်ရှားသလဲသိနိုင်သည်။
ဖုရှင်းလည်း ရတနာတစ်ပါးကိုရှာတွေ့သကဲ့သို့ စုရှောင်ရှန်ကို အသိအမှတ်ပြုသလိုလိုကြည့်လိုက်ပေသည်။ မွေးကတည်းက အဆင့်အတန်းမြင့်မြင့် ရွှေဇွန်းကိုက်မွေးဖွားလာသူဖြစ်သဖြင့် သူ့ ခံစားချက်ကို လှုံ့ဆော်နိုင်တာ သိပ်မရှိချေ။
စုရှောင်ရှန်၏ အရည်မရအဖက်မရစကားများကိုတောင် ဖုရှင်းသဘောတူတယ်ဆိုတာ သူလက်ခံနိုင်သည့်အတိုင်းအတာပမာဏအတွင်းရှိလို့ဖြစ်၏။ သူ့အတွက် လောကီ ငွေကြေးဆိုတာ အဲ့သလောက်အရေးမကြီးချေ။
သို့ပေမယ့် ဓားလမ်းစဉ်နှင့်ပတ်သက်လာရင်တော့ ဖုသခင်လေး အလွန် စိတ်ပါ၀င်စားသည်။ ထျန်းစန်းမြို့တော်တစ်ခုလုံးမှာ မြို့တော်၀န်၏ သားကြီးက ယခင်ရှစ်ယောက်မြောက်ဓားနတ်ဘုရား၏ အကြီးစား အားပေးသူဆိုတာ မသိသည့်သူ မည်သူရှိသနည်း။
သူက ဆေးမျှော်စင်ထဲတွင်ရှိနေတာ သိလျှင်တောင် မူလနန်းတော်နယ်ပယ်တည်းဖြင့် ဓားဆန္ဒကို အသုံးပြုနိုင်သည့် ပါရမီရှင်တစ်ယောက်ကိုတွေ့ရသောအခါ စိတ်လှုပ်ရှားမှုများကို မထိန်းထားနိုင်တော့ချေ။
သူ့တွင်လည်း စစ်မှန်ခြင်းနယ်ပယ်ဓားဆန္ဒရှိကာ ပြိုင်ဘက်ရှာမရဖြစ်နေသည်။ ယခုလို အလားတူ ထိုက်တန်သည့် ပြိုင်ဘက်ကိုတွေ့လာသောအခါ ခြေငြိမ်မနေနိုင်တော့ပေ။
ထိုစဉ်မှာ အခြားသူများ ဘယ်လိုတွေးမည် ဘာညာ ဂရုမစိုက်တော့ဘဲ စုရှောင်ရှန်၏ ရင်ဘက်ကိုဦးတည်ပြီး လက်နှစ်ချောင်းဖြင့် ထိုးလိုက်သည်။
“ရပ်လိုက်စမ်း”
ရှီတိ အလန့်တကြား၀င်တားလိုက်သည်။
မုကျစ်ရှီအတွက်ကို အာရုံလွှဲပေးဖို့ ရည်ရွယ်ချက်ဖြင့် ဆိုပေမယ့် စုရှောင်ရှန်က အကြီးအကဲစန်း၏ လက်အောက်ခံဖြစ်သေး၏။ ပြီးစလွယ် ပေါ့ပေါ့တန်တန် ယူဆ၍ မရပါချေ။
ဒီကောင်လေးကို တစ်ခုခုဖြစ်လာလို့ မုကျစ်ရှီက ပြန်သွားပြောရင် ထိုအဖိုးကြီး၏ စိတ်နေသဘောထားဖြင့်ဆိုလျှင် ဆေးမျှော်စင်မှာ လာသောင်းကျန်းပေလိမ့်မည်။
သို့ပေမယ့် အချိန်နှောင်းသွားခဲ့၏။
စုရှောင်ရှန်၏ တုန့်ပြန်နှုန်းကလည်း နှေးကွေးမနေပါချေ။ ဖုရှင်း လက်နှစ်ချောင်းဆန့်ထုတ်လိုက်တာနဲ့ သူကလည်း လှုပ်ရှားပြီးဖြစ်သည်။
သို့ဖြင့် သူ့လက်နှစ်ချောင်းကို ဓားအတွေးပေါင်းကာ အရှင်သခင်နယ်ပယ်လျင်မြန်မှုဖြင့် ချက်ခြင်းဆန့်ထုတ်လိုက်သည်။ စုရှောင်ရှန်၏ လက်တွင် ဖောက်မြင်နိုင်သောအလင်းများလက်လာခဲ့ပြီး ဖုရှင်း၏ လက်နှစ်ချောင်းဖြင့် ထိတိုက်သည်။
ဘန်းးး….။
ကြမ်းတမ်းခက်ထန်သည့် အဖြူရောင်ဓားစွမ်းအင်များ နေရာမှာတင်ပေါက်ကွဲလေသည်။ ၎င်းမှ စားပွဲများ၊ ခုံများ၊ အခန်းအတွင်း အပြင်အဆင်များအားလုံး ပေါက်ကွဲမှုတွင် ပါသွားခဲ့သည်။
ကျင့်ကြံခြင်းနိမ့်ကျသည့် အဖိုးကြီးတစ်ဦးဆိုလျှင် ထိုသက်ရောက်မှုမှ အင်အားကြောင့် လွင့်ထွက်သွားခဲ့၏။
ကံကောင်းစွာဖြင့် ဘေးမှ ရပ်ကြည့်နေသည့်လူအများစုက ထိုပေါက်ကွဲနှင့် ဝေးကွာသောနေရာမှာရှိခဲ့၍ပင်။ သို့ဖြင့် စွမ်းအင်လှိုင်းအနည်းငယ်ခံစားရတာကလွဲပြီး မည်သည့် ဒဏ်ရာမှ အကြီးအကျယ် မရလိုက်ပါချေ။
အနီးမှ ကပ်ကြည့်နေကြသော အချို့ လူများသည်တော့ ထိုလောက်ကံမကောင်းပေ။
ခုနှစ်လွှာရှိ အကာအကွယ်အစီအရင်လည်း ကျိုးပျက်သွားခဲ့ပြီး အထပ်တစ်ထပ်လုံးလည်း ရစရာနေရာမရှိအောင် သစ်အကျိုးအပိုင်းအစများ ပေါက်ကွဲထွက်သည်။
ထိုစစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒ နှစ်ခု ထိပ်တိုက်တွေ့ဆုံမှုတွင် အနီးကပ်ဆုံးရှိ ဖုယင်ဟုန် တန်း၍ လွင့်ပျံထွက်သွားခဲ့သည်။
မုကျစ်ရှီလည်း ကျစ်ဆံမြှီးနှစ်မွှာ လေထဲမှာလွင့်မျောပြီး နောက်သို့ လွင့်ပျံတက်သွားခဲ့၏။ ရွှစ်ကတည်း လျှပ်တပြက် ရှီတိပေါ်လာပြီး ထိုကလေးမလေးကို ဖမ်းကာ သူ့နောက်တွင်ပို့၍ ကာကွယ်ပေးလိုက်သည်။
ဓားဆန္ဒထိတိုက်မှုမှ ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းများငြိမ်ကျသွားသောအခါ စုရှောင်ရှန်၏ လက်နှစ်ချောင်းကို ငူငူကြီးစိုက်ကြည့်နေသော ဖုရှင်းကိုမြင်ရသည်။
“ဓားလက်ချောင်း… ဓားလက်ချောင်းဆယ်ခန်းးးး”
ဒီအကောင်လည်း သူ့အကွက်ကိုသိနေသောကြောင့် စုရှောင်ရှန် မှင်တက်သွား၏။
စိတ်ဝိညာဉ်စာကြည့်တိုက်အတွင်းမှာတုန်းက ဓားလက်ချောင်းဆယ်ခန်းဟာ ပုံတူသာဖြစ်ပြီး မူရင်းနည်းစနစ်မရှိဟု အကြီးအကဲစန်း ပြောခဲ့သည်မဟုတ်ပါလား။ သို့ဖြင့် ဒီဖုရှင်းက ဘယ်လိုသိသနည်း။
“သတိထား”
ဓားအတွေးသဏ္ဌာန်ပေါ်လာခဲ့ပြီ ဖြစ်တာကြောင့် စုရှောင်ရှန် သတိပေးလိုက်ပေမယ့် အချိန်နှောင်းသွားခဲ့လေပြီ။
သူ့ဓားကွက်ကို ပြန်ရုတ်ရင်တောင် မရတော့ချေ။ ထိုလက်နှစ်ချောင်းထိတိုက်မှုအပြီးမှာ ဖုရှင်း အကာအကွယ်မဲ့နေခဲ့၏။
ရုတ်တရက် လူတိုင်း၏ မယုံကြည်နိုင်သောအကြည့်များအောက်တွင် စုရှောင်ရှန်၏ လက်နှစ်ချောင်းကနေ ဖောက်မြင်နိုင်သော ဓားတစ်ချောင်းထွက်သွားခဲ့သည်။
ဖုရှင်း ၎င်းကို ငူငူကြီးကြည့်နေမိပြီး မကာကွယ်နိုင်လိုက်ခင်မှာပင် သူ့စိတ်ဝိညာဉ်အကာအကွယ် ကျောက်စိမ်းပြားကို ထိုဓားက ခြေမွထုတ်လိုက်၏။ ထိုနောက် ကြီးမားသော အင်အားဖြင့်အတူ ဆေးဖော်စပ်ခန်းနံရံကိုဖောက်သည့် နောက်မှာ ဖုရှင်း ပါသွားတော့သည်။
ဘုန်း…။
ထိုမျှနှင့်မပြီးသေးဘဲ နောက်ဆုံး ဆေးမျှော်စင်၏ အတွင်းဘက်ကနေတောင် အပြင်ဘက်ကိုဖောက်ထွက်သွားခဲ့ပြီး ကျောက်တုံးလမ်းအပေါ်ကျသွားခဲ့သည်။
လမ်းပေါ်ရှိ ပြည်သူများ လှည့်ကြည့်လိုက်ကြ၏။
“ဘာဖြစ်သွားတာလဲ”
“ဆေးမျှော်စင်က ဒီနေ့မှ အရင်ကထက်ပိုပြီး ပေါက်ကွဲမှုတွေ ဖြစ်နေသလိုပဲကွ။ ပြီးတော့ တစ်ခါတစ်ခါလည်း ပိုပြီးကြောက်စရာကောင်းလာတယ်။ ခုဆို နံရံကိုတောင် ဖောက်ပြီးထွက်လာပြီ”
“မဟုတ်ဘူး သေချာကြည့်ကြ အဲ့တာ ဓားဆန္ဒကွ”
“အဲ့ပုံရိပ်က… ဖုသခင်လေးမဟုတ်ဘူးလား”
ဤသို့ ရှားပါးလှသော မြင်ကွင်းကြောင့် လူတိုင်း ကြက်သေသေသွားခဲ့သည်။ ဆေးမျှော်စင်အတွင်းရှိ ရှီတိ၏ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရင်နေခဲ့၏။
အပေါက်ကြီးဖြစ်သွားသော နံရံမှ ဖြာကျလာသော နေရောင်က ဝိုးတဝါးနှင့် မျက်စိစူးစေပေသည်။ သူ့လက်သီးများကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်တာ တဂျွတ်ဂျွတ်မြည်သံများတောင်ထွက်လာခဲ့သည်။
စုရှောင်ရှန်၏ ခေါင်းအတွင်း၌ အသိပေးချက်ခေါင်းလောင်းတို့ ညံသွားခဲ့၏။
ဖုရှင်းကို ဤသို့ တုန့်ပြန်လိမ့်မည်ဟုမထင်ထားချေ။ ထိုအကောင်က ဘာမှတောင် ခုခံကာကွယ်ခြင်းမပြုနိုင်လိုက်ဘဲ ဓားဆန္ဒဖြင့် တိုက်ရိုက်ထိတိုက်သွားသည်။
ထိုဖုရှင်းက သူ၏ အားကိုတစ်ချက်ကလေးတောင်မခံနိုင်ဘဲ လွင့်ထွက်သွားခဲ့ကာ ဆေးမျှော်စင်၏ နံရံကိုတောင် အဆစ်ပါအောင် ချိုးဖောက်သွားခဲ့၏။
“သူအရင် တိုက်ခိုက်တာ” စုရှောင်ရှန် အလျင်အမြန် သူအပြစ်ကင်းစင်ကြောင်း ပြသလိုက်သည်။
ရှီတိ အံကိုတင်းတင်းကြိတ်ထားသဖြင့် အကြောများတောင် လည်ပင်း၌ ထောင်ထလာသည်။ ထိုစဥ်မှာ စကားတစ်ခွန်းမှ မဆိုနိုင်ပေ။
“ကျုပ်လည်း အမှားပါတာ ၀န်ခံပါတယ်။ ဒါပေမယ့် ပြန်မခုခံရင် ဒီကောင့်ကြောင့် ကျုပ်သတ်ခံလိုက်ရမှာပေါ့။ ပြီးတော့ ဒီကောင်က အဲ့လောက်တောင် အားနည်းနေမယ်လို့ မထင်ထားဘူးလေ…”
ရှီတိ၏ တစ်စထက် တစ်စ ပို၍ နက်မှောင်လာနေသော မျက်နှာကိုမြင်သောအခါ နှုတ်ပိတ်နေခြင်းက ရွှေနှင့်တန်သည်ဟု ပြောပြီး တိတ်တိတ်ကလေးနေလိုက်သည်။
“မင်း…”
“တောင်းပန်ပါတယ်”
စုရှောင်ရှန် ကိုယ်ကို ကိုးဆယ် ဒီဂရီ ကိုင်းညွှတ်ပြီး တောင်းပန်လိုက်သည်။
ရှီတိ၏ မျက်နှာက ဒေါသကြောင့် မဲ့ရွဲ့နေပြီး တုန်တုန်ရင်ရင်လက်ညိုးထိုးထားပေမယ့် ဘာမှ မပြောနိုင်ချေ။
ထိုမှ အကြီးအကဲစန်း၏ စာကို မြင်ယောင်မိသည်။
“သည်းခံခြင်းဟာ ရတနာတစ်ပါး”
“စာနာခြင်းဟာ လူ့အဆင့်အတန်းကို ပြသ၏”
ထိုစာကို အလွန့်အလွန် မထီမဲ့မြင်ပြုမိချေတာ မှားပြီ။
အစကနဦးတွင် ထိုစာက ဆေးမျှော်စင် အထပ်များစွာ အပေါက်ကြီးဖြစ်သွားတာနှင့် ပြီးသွားမယ်ပေါ့။ ၎င်းက အစသာဖြစ်သေးကြောင်းကို ယခုမှ သိလိုက်ရသည်။
ဥက္ကဠကြီး အသက်ပြင်းပြင်းရှိုက်ကာ ဖုယင်ဟုန်ကို လှည့်ပြောလိုက်သည်။ “မြန်မြန် ဖုရှင်းကို သွားကြည့်”
ရွှစ်…။
သူပြောလို့မပြီးသေး ကောင်းကင်အထက်က နေရောင်အောက်မှာ သွေးသံတရဲရဲပုံရိပ်ကြီး ပေါ်လာခဲ့သည်။ ဖုရှင်းက ပိုးဟပ်တစ်ကောင်ကဲ့သို့ အရှုံးပေးမည့်ဟန်မရချေ။ ဤတစ်ခေါ်တွင် ကျောက်စိမ်းပြားကို ခါး၌ သေချာစွာ ကပ်ထား၏။
သူ့မျက်နှာအမူအရာက ရွှင်မြူးတက်ကြွနေပြီး မျက်၀န်းများကလည်း တောက်ပနေသည်။
ဤသို့ သွေးလွှမ်းနေသော မျက်နှာက ဖုန်၊ မှုန်များကပ်၍ ပေတလူးခါနေပေမယ့် စူးစူးရှရှ တောက်ပနေသော မျက်၀န်းများကို မဖုန်းကွယ်ထားနိုင်ပါချေ။
နောက်တစ်ကြိမ် ရွစ်ကတည်း စုရှောင်ရှန်၏ အရှေ့ကို ဖုရှင်း ရောက်လာသည်။ စုရှောင်ရှန်လည်း အလန့်တကြား လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်၏။
ဖုသခင်လေးက ၎င်းကို သတိတောင်မမူမိဘဲ စုရှောင်ရှန်၏ ကျောနှစ်ဖက်ကိုကိုင်ကာ စိတ်လှုပ်တရှား စကားဆိုလိုက်လေသည် “ဓားလက်ချောင်းဆယ်ခန်း”
“အဲ့တာ ဓားလက်ချောင်းဆယ်ခန်း ဟုတ်တယ်မလားးး”
သူ့မျက်၀န်းများ တလက်လက် ၀င်းပနေကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ဟုတ်တယ်။ အဲ့တာ ဓားလက်ချောင်းဆယ်ခန်းပဲ။ မင်းဘယ်လို ရှစ်ယောက်မြောက်ဓားနတ်ဘုရားရဲ့ ဓားလက်ချောင်းဆယ်ခန်းကိုသိနေတာလဲ။ ပြီးတော့ မင်းဟာက ငါ့လို အတုမဟုတ်ဘဲ အစစ်ဆိုတာ ငါပြောနိုင်တယ်”
စုရှောင်ရှန် ဤအကောင့်ကို ထူးဆန်းသလို ကြည့်လိုက်၏။ သူရုးသွားပြီလား။
“မဖြစ်နိုင်တာ… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဖုရှင်း သူ့ဟာသူပြော သူ့ဟာသူ ခေါင်းခါရမ်းလိုက်သည်။
ရှစ်ယောက်မြောက်ဓားနတ်ဘုရားအား စွဲလမ်းသူတစ်ယောက်အနေဖြင့် သူ၏ နာမည်ကျော်နည်းစနစ် ဓားလက်ချောင်းဆယ်ခန်းကို တစ်ပိုင်းချင်းစီ စုဆောင်းနိုင်သလောက် စုဆောင်၍ အသေးစိတ်အကျဆုံး အချက်အလက်ကစ၍ လေ့လာခဲ့၏။
ဤသို့ အစွန်းရောက်စွဲလမ်းမှုကြောင့် စုရှောင်ရှန်၏ ဓားလက်ချောင်းဆယ်ခန်းက တကယ် အစစ်အမှန်ဆိုတာ ပြောနိုင်ခြင်းဖြစ်သည်။
သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ပိုက်ထားရင်းက ဖုရှင်း တတွတ်တွတ်ရေရွတ်နေသည်။ နောက်ဆုံး အော်သံကြီးတစ်ခုပြုလိုက်ပြီး စုရှောင်ရှန်၏ ပါးနှစ်ဖက်ကိုလက်ဖြင့် ညှပ်လိုက်၏။ သူ့မျက်၀န်းများက တောင့်တမှုတို့ကို ပြသနေပေကာ “အကိုကြီး။ ချစ်လှစွာသောအကိုကြီး…”
“ကျေးဇူးပြု၍ ညီလေးကို သင်ပေးပါ။ ဒီဓားလက်ချောင်းဆယ်ခန်းကို တကယ် တတ်ချင်လွန်းလို့ပါ”