အပိုင်း (၂၉၈) တုံးအတဲ့ ငါ့ညီလေး
ဖုရှင်း လန့်သွားသည်။
မုကျစ်ရှီလည်း တုန်လှုပ်သွားသည်။
ဖုယင်ဟုန်တောင်မှ ဘာပြောရမှန်းမသိဖြစ်သွား၏။
ဘယ်ကဘယ်လို ပေါ်လာမှန်းမသိတဲ့အကောင်က ဘာကြောင့် သူမကို ညီမလေး လာခေါ်နေရတာလဲ။ သူ့ကိုမြင်ဖူးသလိုလိုရှိပေမယ့် ဒီလိုကြီးလာလုပ်တာတော့ မဖြစ်သင့်ဘူးမလား။
“နင်က… စုရှောင်ရှန်မလား”
ထိုမှ ကောင်းကင်ပေါ်တွင် အနက်ရောင်ကြာပန်းကြီးပေါက်ကွဲသည့်နေ့တုန်းက ရွှေအစည်းအရုံး နောက်ဖေးကို တာ၀န်နှင့်ပို့ခံရသည့် အချိန်ကို သတိရသွားသည်။ ဤအကောင်နှင့် အဲ့ဒီအချိန်တုန်းက တွေ့ဖူးခြင်းဖြစ်ရမည်။
ထိုနေ့က သူမလုပ်စရာများရော၊ တွေ့စရာလူများနှင့်ပါ အလုပ်ရှုပ်ခဲ့တာကြောင့် တစ်ယောက်ချင်းစီ လိုက်မမှတ်မိနိုင်တော့ချေ။
သို့တောင် သူ၏ မုန်းစရာအသံကိုကြားလိုက်တာနှင့် ချက်ကတည်းဆို မီးတောက်ပြီး မှတ်မိသွားသည်။
သူမ၏ စကားကြောင့် စုရှောင်ရှန် ခေါင်းကို အသာလေးခါရမ်းလိုက်၏။ ထို့နောက် လက်နောက်ပစ်ကာ ခြေနှစ်လှမ်းဆုတ်ပြီး မော်ကြည့်လိုက်သည်။
“လေးစားမှုလေးပြပါ။ ဘာကို စုရှောင်ရှန်လဲ။ အကိုကြီးလို့ခေါ်ရမှာ”
ထိုစကားကိုကြားသောအခါ ဖုယင်ဟုန်၏ မျက်နှာနက်မှောင်သွား၏။ သူမ၏ နဖုးမှ သွေးကြောများတောင် ချက်ခြင်းထောင်ထလာတာကို ခံစားလိုက်ရသည်။
စုရှောင်ရှန်၏ အရည်က ထူလှပြီး အပြောင်းအလဲလည်း မြန်လှ၏။
ထိုနေ့က သူ့ကိုစစ်ဆေးမေးမြန်းသောအခါတွင် သူမကို ကြောက်သလိုလိုဘာလိုလိုနှင့် ရုတ်ရုတ် ရုတ်ရုတ်လည်းမလုပ်ရဲချေ။ ယခုတော့ သူ့ကို အကိုကြီးဟု လာခေါ်ခိုင်းနေ၏။
သူမကို ဤသို့ လေသံဖြင့် စကားပြောရဲအောင် ဘယ်သူက သတ္တိတွေပေးလိုက်တာလဲ။
“နင် အဲ့နေ့က ငါပေးတဲ့အမိန့်ကိုမနာခံဘဲ စစ်သည်ကိုတောင် သတိမေ့အောင်ရိုက်သွားတယ်ဆို” ဖုယင်ဟုန်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး အန္တရာယ်ရှိသော အလင်းများ ဖြတ်ပြေးသွားသည်။
တကယ်က ဤသို့ တာ၀န်ချိန်မဟုတ်သည့်အချိန်များတွင် အလုပ်နှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရတာ သူမမုန်းပေသည်။
ယခု ဒီအကောင်က သူမလို ဒုခေါင်းဆောင်ကိုတောင် ရိုင်းရိုင်းပြပြလာဆက်ဆံနေတာ မဆုံးမရရင် မျက်နှာပျက်တော့မပေါ့။
ထိုကိစ္စနှင့်ပတ်သက်ပြီး အငြင်းမပွားချင်သလို နက်နက်ရှိုင်းရှိုင်းအကြည့်မျိုး စုရှောင်ရှန်ပေးလိုက်သည်။ ဤကိစ္စကလည်း ဆူးပေါ်ထိုင်ထားရသလိုနှင့် ဆက်ပြောနေရင် အချုပ်ထဲရောက်ပေတော့မည်။
သို့ဖြင့် ဖုရှင်းဘက်ကိုလှည့်ကာ အာရုံလွှဲလိုက်၏။ “ဒါမင်းညီမ မလား။ မင်းခုလေးတင် ခေါ်မလို့လုပ်လိုက်တယ်လေ”
တစ်ခုခု မကောင်းတာဖြစ်လာတော့မည်ဟု ခံစားနေရတာကြောင့် ဖုရှင်းနှုတ်ပိတ်ထားသည်။ ၎င်းက လက်သီးတစ်ချက်နှင့် အလောင်းအစားတစ်ခုသာသာလေးကို ယခုလို အဘယ်ကြောင့် ကြီးထွားလာရသနည်း။
စုရှောင်ရှန် ဘာအဖြေမှ ပြန်မရတော့ တိတ်ဆိတ်နေခြင်းက ၀န်ခံခြင်းလို့ ကောက်မှတ်လိုက်သည်။
ဤကောင်မလေးကို သူ့ဘက်က ယခု လွှမ်းမိုးမှုကိုပြ၍ မတိုက်ခိုက်ထားဘူးဆိုရင် ပြန်လွှမ်းမိုးခံရမည့်သူက သူဖြစ်သွားနိုင်ပေသည်။
သို့ဖြင့် တည်ငြိမ်စွာ ဆိုလိုက်သည်။ “မင်းရဲ့ညီမဆိုတော့ ငါလည်း သူ့ကို ‘ညီမလေး’ လို့ခေါ်တာ သင့်လျော်တယ်မလား”
‘မင်းပြောတာ သဘာ၀ကျတယ်။ ဒါပေမယ့် ငါဘာမှ မပြောရင် ဘာတတ်နိုင်လဲ’ ဖုသခင်လေး တွေးလိုက်သည်။
အခြားတစ်ဘက်မှ ဖုယင်ဟုန် သူမ အကို၏ စကားမဲ့နေမှုကြီးကို တိတ်တဆိတ်စောင့်ကြည့်နေသည်။ အချိန်တစ်ခုကြာသည်အထိ ဘာမှ ပြောမလာနိုင်သောအခါ အနီရောင်ဆံပင်ဂုတ်ဝဲနှင့် မိန်းမပျိုလေး ဒေါသထွက်သွားခဲ့၏။
သူတို့နှစ်ဦးအကြား ဘာတွေ ဖြစ်ပျက်ထားသည်ကိုမသိပေမယ့် စာပေးပွဲကျထားတာကိုက စိတ်တိုစရာကောင်းနေလေပြီ။ ၎င်းက ရုတ်တရက် ဖြစ်ပေါ်သွားသော ငလျှင်လိုလို တုန်ခါမှုကြီးကြောင့်ဆိုပေမယ့် သူမ ဘာလုပ်နိုင်မှာလဲ။
ယခု ဆေးဖော်စပ်သည့်အခန်းထဲက ထွက်လာသည်တွင် ထို စစ်မှန်ခြင်းနယ်ပယ် ငကြောင်၏ ပါးစပ်မှ “ညီမလေး” ဟု ကြိုဆိုတာဖြင့် ခံရသည်။ ၎င်းက သူမ၏ အမိန့်ကို ဖီဆန်ခဲ့သော ပုရွက်ဆိတ်လိုကောင်ဖြစ်၏။
ညီမလေးတဲ့။ သူမ စိတ်ရှည်တယ်များမှတ်နေလားမသိ။
ထပ်ဆင့်သက်၀င်လာသော ဒေါသများဖြင့် သိုလှောင်လက်စွပ်ထဲမှ ဓားရှည်တစ်ချောင်းကိုထုတ်ယူလိုက်တာကြောင့် ရှီတိ လန့်ဖျပ်သွားသည်။
“ဓားကိုချလိုက်စမ်း။ မလေးမစားမလုပ်နဲ့”
သူ့စကားက အလျင်လိုသွားပြီး အနည်းငယ်မှားနေသလို ဖြစ်နေတာကြောင့် ဥက္ကဠ ရှီတိ နောက်ကထပ်လောင်း၍ ပြောလိုက်သည်။ “ဒါ မှော်ဆေးပညာရှင်များ အစည်းအရုံးနော်”
ဖုယင်ဟုန် တောင်းတောင်းပန်ပန် ဦးညွှတ်၍ ဓားကိုပြန်ချလိုက်သည်။ သူမ၏ နှလုံးထဲတွင် သံသယ အစေ့တို့ စတင်၍ အညှောင့်ပေါက်လာခဲ့၏။
‘ဒီ စုရှောင်ရှန်… ဘယ်တုန်းက ဥက္ကဠ ရှီတိနဲ့ သိသွားရတာလဲ။ ဥက္ကဠရဲ့ စိုးရိမ်နေတဲ့ လေသံအရတော့ ဒီကောင်က အထူးတလယ် ဖိတ်ခေါ်ထားခံရတဲ့ ဧည့်သည်နဲ့တူနေတယ်…။ ပြီးတော့ ငါ့အကိုက ဘယ်တုန်းက သူ့ဂုဏ်ပုဒ်နဲ့ပတ်သက်လာရင် ဒီလိုအောက်ကျို့ခံနေတာလဲဟဲ့’
“စုရှောင်ရှန် နင်ဘာလိုချင်တာလဲ”
စိတ်ဆတ်လွယ်သည့် မိန်းမပျိုလေး စိတ်လျော့လိုက်တာကြောင့် အခြေအနေက ကိုင်တွယ်ရပို၍ လွယ်ကူတော့မည်ဟု စုရှောင်ရှန် တွက်လိုက်သည်။
ဖုရှင်းကိုကြည့်ကာ သူက “ညီလေး မင်းပဲ ရှင်းပြလိုက်တော့”
ညီလေးတဲ့…။
ဖုရှင်းသွေးအန်မိတော့မလို ဖြစ်သွားသည်။
အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရရင် သူရဲကောင်းလုပ် ၀ယ်ကယ်ချင်နေသည့် သူ့ကိုယ်သူ ပါးသွားရိုက်မိပေမည်။ ထို့ပြင် စုရှောင်ရှန်နှင့်လည်း ဘယ်တော့မှ ပတ်သက်လိမ့်မည် မဟုတ်ချေ။
ဒီအကောင့်ကို စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းပေးရရင်တောင် ထိုအလောင်းအစားလောက် မနစ်နာချေ။
ထိုသို့ စိတ်ကူးယဉ်ကြည့်လိုက်ပေမယ့် ဖြစ်ရပ်မှန်က သူ့မျက်စိရှေ့တွင်ဖြစ်၏။
သူ့မျက်နှာကို ရှက်ရွံ့စွာ ဖုန်းကွယ်လိုက်သည်။ ဘာလို့ ဒီလိုတွေဖြစ်လာရသလဲ ငိုချင်သွားလေသည်။
“ဖုရှင်း”
ဖုယင်ဟုန် သူ့နာမည်ကို အော်ခေါ်လိုက်သည်။
ထိုဆေးဖော်စပ်ခန်းအ၀င်၀က အဖွဲ့က စတင်၍ အများ၏ အာရုံကိုဆွဲဆောင်ခဲ့သည်။ မုကျစ်ရှီ စိတ်လိုက်မာန်ပါ ဓားဆွဲထုတ်တာကိုမြင်သောအခါ ဆေးဖော်စပ်သူ အဖိုးကြီးများ၏ နှလုံးများ တုန်ရင်သွားကြ၏။
ဆေးဖော်စပ်သူအားလုံးနီးပါးလိုလို ဆေးဖော်စပ်ခြင်းနယ်ပယ်နှင့်အတူ ကျင့်ကြံခြင်းနယ်ပယ်ကို မှီအောင် မလိုက်နိုင်သည့် ပြဿနာကိုရင်ဆိုင်နေရသည်။ အဆုံးမှာ လူတိုင်းက အကြီးအကဲစန်းတို့၊ ရှီတိ တို့လိုလူများမဖြစ်နိုင်ကြပါလား။
ဖုရှင်း ရင်တထိတ်ထိတ်ဖြစ်သွား၏။ ‘ငါသာ ဆက်ပြီးအင်တင်တင်လုပ်နေရင် လူပိုများလာတော့မယ်’
ထို့ဖြင့် အလျင်အမြန် စကားဆိုလိုက်သည်။ “ဘာမှ မဟုတ်ပါဘူး။ ဒီတိုင်း အလောင်းအစားလေးပါပဲ”
“ဘာအလောင်းအစားမို့ ဒီကောင်က ဒီလိုဖြစ်နေတာလဲ”
သူမ၏ အကိုက ဤသို့ အားနည်းသူကို အနိုင်ကျင့်သည့် သူဟု ထင်မထားပါချေ။ မယုံနိုင်စွာ စတင်၍ အငယ်က အကြီးကို ပြန်ဆူပူတော့သည်။ “နင့် ကျင့်ကြံခြင်းနယ်ပယ်နဲ့ အားနည်းတဲ့သူကို အနိုင်ကျင့်တာ နင်မရှက်…”
ဖုယင်ဟုန် တစ်ခုခုမှားနေတာတွေးမိပြီ စကားပြောနေရင်းရပ်လိုက်၏။
ဖုရှင်းနိုင်သွားခဲ့တယ်ဆိုရင် ဒီလို ကသိကအောက်ဖြစ်စရာအခြေအနေကြီး ဖြစ်လာစရာအကြောင်းရှိပါ့မလား။ ပြီးတော့ သူဒီလို ရှောင်ဖယ် ရှောင်ဖယ် လုပ်နေပါ့မလား။
“နင်ရှုံးသွားတာလား” ဖုယင်ဟုန် အံ့ဩလို့ မဆုံး အသံတောင် မြင့်သွား၏။
သူတို့ကို လူတွေအများကြီးကြည့်နေကြသည်ဟူသည့် အဖြစ်ကိုတွေးမိပြီး ဖုရှင်း၏ မျက်နှာ ဖြူဖျော့သွားခဲ့သည်။
သူမ၏ အကိုဖြစ်သူရဲ့ မျက်နှာကို အဖက်ဆယ်ပေးလို့မရဘူးလား။ ခုတော့ မျက်နှာကြီး စုတ်ဖြဲခံလိုက်ရသလို ဘာမှ မကျန်တော့ဘူး။
“တိုးတိုးလုပ်ပါဟ”
ဖုရှင်းသူမကို ချက်ခြင်း တိတ်တိတ်နေရန် ဟန်ပြလိုက်သည်။ “ဆေးဖော်စပ်တဲ့အခန်းထဲရောက်မှ ပြောရအောင်လေ”
“မလိုချင်ဘူး။ ဖြစ်ကြောင်းကုန်စင်ကို အခုကြားချင်တယ်”
ဖုယင်ဟုန် ပေါက်ကွဲထွက်လုနီးပါးဖြစ်နေ၏။ သူက ရှုံးသွားရုံသာမက သူမကိုပါ အဆစ်ပါအောင် ဆွဲချလိုက်သည်တဲ့။
ညီမလေး…။
ထိုအကောင်၏ ခေါ်သံကို ပြန်မြင်ယောင်မိပြီး ရင်တဖိုဖို နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။
စုရှောင်ရှန်ကို တွေးမိတိုင်း မခံမရပ်နိုင်အောင် ဖြစ်ရ၏။ ပြီးခဲ့သည့်အခေါက်က ထိုအကောင့်ကို အချုပ်ထဲ မထည့်နိုင်ရုံသာမက ယခုလည်း သူမရှေ့မှာ အာဏာလာပြနေလေပြီ။
ဖုရှင်း မလုပ်ချင်မကိုင်ချင် စိတ်ပျက်အားလျော့စွာ “တကယ်က ဘာမှ မဟုတ်ဘူး။ ဒီတိုင်းလက်သီးထိုးတဲ့ အလောင်းအစားလေးပါပဲ။ ရှုံးတဲ့သူက နိုင်တဲ့သူကို အကိုကြီးခေါ်ကြေးဆိုပြီး စနောက်လိုက်ကြတာ…”
လက်မှိုင်မှိုင်ချပြီး ခေါင်းငုံ့ကာ စုရှောင်ရှန်ဘက်လှည့်ပြီး ပြောလိုက်သည်။
“နော်… အကိုကြီး…”
“မင်းစိတ်ကျေနပ်အောင်လည်းခေါ်ပြီးပြီး ငါတို့ကြေပြီ။ ကျေးဇူးပြုပြီး ဒီကိစ္စကို မဖော်ပါနဲ့တော့”
စုရှောင်ရှန် ကျေနပ်သွား၏။ သို့ပေမယ့် ဖုရှင်း၏ နောက်က စကားကိုကြားသောအခါ မရွှင်မပြဖြစ်သွားပြီ စကားပြောရပ်ဖို့ လက်ပြကာတားလိုက်သည်။
“မင်း ဘာပြောလိုက်တယ်”
ဖုရှင်း ငိုချင်သွား၏။ ထို့နောက် စုရှောင်ရှန်က “ငါမကြားလိုက်လို့ နောက်တစ်ခေါက်ပြန်ပြောပါဦး” လို့မပြောနိုင်ခင်မှာ အားကုန် အော်ထည့်ပစ်လိုက်သည်။
“အကိုကွီးးးးးးး”
သူ၏ ရုတ်တရက် ကျယ်လောင်ရှင်းလင်းသည့် အသံကြီးကြောင့် ဆေးမျှော်စင်အတွင်းရှိ လူများကိုမဆိုထားဘိ အပြင်ဘက်မှ အကိုင်းတွင်နားနေသော စာကလေးငှက်များတောင် အလန့်တကြား ထပျံကြသည်။ အကြောင်းဆုံက်ိုမသိသည့် သူ့အော်သံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသော လူတိုင်း ကြောင်အသွားကြ၏။
ဖုသခင်လေးက ဒီစစ်မှန်ခြင်းနယ်ပယ်လေးကို အကိုကြီးလို့ တကယ်ခေါ်နေသည်ပေါ့။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၃၆]
[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၂၂]
“ဘာလို့ အကျယ်ကြီး အော်နေတာလဲ။ ငါနားမလေးပါဘူးဟ” စုရှောင်ရှန် နားများကိုပိတ်ကာ ဆတ်ကတည်း အနောက်ကို ခုန်ဆုတ်လိုက်သည်။
“ငါမေးချင်တာက မင်းရဲ့ အဲ့ဒီမတိုင်ခင်က စကားကွ”
ဖုရှင်း တိတ်ဆိတ်နေပါသည်။
ထို့နောက်မှ တစ်ချက်တွေးကြည့်ပြီး မေးလိုက်သည်။ “အဲ့တော့ ငါတို့ ကြေပြီနော် ဆိုတဲ့ဟာလား”
“အဲ့မတိုင်ခင်က”
ဖုရှင်းက စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်ရာ မှတ်သားနိုင်စွမ်းကောင်းလေသည်။ မကြာခင် တစ်လုံးမကျန် ပြန်ပြောတော့၏။
“တကယ်က ဘာမှ မဟုတ်ဘူး။ ဒီတိုင်းလက်သီးထိုးတဲ့ အလောင်းအစားလေးပါပဲ။ ရှုံးတဲ့သူက နိုင်တဲ့သူကို အကိုကြီးခေါ်ကြေးဆိုပြီး စနောက်လိုက်ကြတာ…”
“ရပ်လိုက်”
သူ့ကို စကားပြောနေတာရပ်ဖို့ စုရှောင်ရှန် လက်ပြလိုက်သည်။
ဖုရှင်း ထစ်ကတည်းရပ်သွားကာ မကောင်းတာတစ်ခုခုခံစားနေရပြီး မေးလိုက်၏။ “အဲ့တော့…”
“စနေကြတာတဲ့…” စုရှောင်ရှန်ရေရွတ်လိုက်သည်။ ထို့နောက် လက်ကို ဆတ်ကတည်းဆန့်ထုတ်ကာ ဖုရှင်းကို နဖူးတောက်လိုက်လေသည်။
“ငတုံး ညီလေး။ ငါက မင်းနဲ့ စနောက်နေတယ်ထင်နေတယ်ပေါ့။ ယောက်ျားဆိုတာ လုပ်ရဲရင် ခံရဲရတယ်။ အဲ့လိုပဲ အရှုံးဆိုတာလည်း ၀န်ခံရဲရတယ်ကွ။ မင်းငါ့ညီလေးဖြစ်လာတဲ့ ကံကြမ္မာကနေ မလွတ်နိုင်ပါဘူး”