Switch Mode

Chapter – 286 & 297

အပိုင်း (၂၈၆) စိတ်ပိုင်းဖြတ်ခြင်း

ကျန်းထိုက်ယင်၏ ‌လက်ကောက်၀တ်ကို လှုပ်ခါနေသော အပြုအမူကိုမြင်လျှင် အိမ်တော်ထိန်း လိပ်ပြာလွင့်မတတ် လန့်ဖျပ်သွားခဲ့၏။

သူ၏ အသံက တည်ငြိမ်ပြီး စိတ်ခံစားချက်များ နေရာတကျ ရှိနေဟန်ပေါက်သော်လည်း ကိုယ်ဟန်အပြုအမူကတော့ တစ်စုံတစ်ယောက်ကိုသတ်တော့မည့်ဟန်ဖြစ်သည်။

လန်ရှင်းရှီလည်း ၎င်းကိုနားလည်သည်။ သို့ပေမယ့် လေးမှ မြှားထွက်သွားခဲ့ပြီဖြစ်ရာ သူမ ဆက်လက်၍ စကားဆိုရန်မှ တစ်ပါးမရှိတော့ချေ။

နောက်ဆုံးတော့ စိတ်အလိုကိုလွန်ဆန်၍ ခေါင်းကိုမော့ကာ အလေးအနက်ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ကျန်းသခင်လေးလည်း ကျွန်မရဲ့ အကြံကိုသိပါတယ်”

ထို မပြောသင့်မပြောထိုက်သော နာမည်ကို ဆက်တိုက်ပြောနေတာကြောင့် ပတ်ပတ်လည်ရှိလူတိုင်း ထိုင်မရထမရ ဖြစ်သွားကြသည်။

“နင်သေချင်နေတာလား”

သူတို့ခန့်မှန်းထားသည့်အတိုင်း ကျန်းထိုက်ယင်က နက်မှောင်နေသော မျက်နှာထားဖြင့် လက်ကိုဝှေ့ရမ်းလိုက်ရာ လန်ရှင်းရှီ လွင့်ထွက်သွားသည်။

ဘုန်းဟူသည့်မြည်သံဖြင့် ခန်းမအတွင်းက ကျောက်တိုင်ကြီး အက်ကွဲလာခဲ့ပြီး‌ သွေးသံတရဲရဲဖြင့် ပုံရိပ်တစ်ခု မြေပြင်ပေါ်ကို ပြန်ကျလာခဲ့သည်။ ထို့နောက် သွေးတစ်လုတ်အန်ထုတ်လိုက်လေသည်။

“သူတောင် ကျွန်မအကြံကို ထောက်ခံတယ်” လန်ရှင်းရှီ၏ ဖြူဖျော့သွားသော မျက်နှာက ကြမ်းပြင်နှင့် ကပ်နေသည်။ သို့ပေမယ့် သူမ၏ မျက်၀န်းများကတော့ ချွင်းချက်မရှိ ပြတ်သားမှုတို့ကို ပြသနေ၏။

ကျန်းထိုက်ယင် ဒေါသထွက်သွားပေသည်။

သူ့ဘယ်လက်ကိုမြှောက်လိုက်ရာ ကြွယ်၀သော စိတ်ဝိညာဉ်စွမ်းအင်တို့ အများအပြားထွက်လာခဲ့သည်။ ထိုမှ အိမ်တော်ထိန်း‌ကြမ်းပြင်ပေါ်တွင် ဆက်လက်၍ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ ရုန်းကန်ထလိုက်သည်။

“အရှင် မလုပ်ပါနဲ့။ ဒီလိုအချိန်မှာ သွေးလွှမ်းစေဖို့ မသင့်တော်ပါဘူး”

“ဘာကို သွေးလွှမ်းစေမှာလဲ”

ကျန်းထိုက်ယင်က သုန်မှုန်နေသော မျက်နှာထားဖြင့် လန်ရှင်းရှီ အောက်က သွေးအိုင်ကို လက်ညိုးထိုးပြပြီးဆိုလိုက်သည်။ “အဲ့မှာ သွေးတွေ မမြင်ဘူးလား”

ဘန်း…။

အိမ်တော်ထိန်းပြန်၍ ဒူးထောက်ကျသွား၏။ ၎င်းက သူအကောင်းဆုံးလုပ်သည့်အရာဖြစ်သလို ကြိုးလည်း ကြိုးစားခဲ့ပေပြီ။

ကျန်းထိုက်ယင်၏ လက်အတွင်း စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းလာပြီး စွမ်းအင်လုံးကြီးအဖြစ်ကို ‌သိပ်သည်းသွားခဲ့သည်။ ၎င်းက သေးငယ်ပေမယ့်လို့ အတွင်းရှိ စွမ်းအင်များကတော့ ရုန့်ရင်းဆန်ခတ်ရှိ‌လှသည်။

ထို့နောက် လန်ရှင်းရှီကို ကြည့်လိုက်သည်။

လန်ရှင်းရှီကလည်း အစေခံသမ‌လေးဆိုတဲ့ အဆင့်အတန်းကနေ ရုန်းထွက်ဖို့ပြင်ထားရာ သူ့ကို မကြောက်မရွံ့ပြန်ကြည့်လိုက်၏။

“ဟာသပဲ”

အေးစက်စက်ရယ်ကာ ကျန်းထိုက်ယင် လက်ကို‌လှုပ်လိုက်သည်။

ရွှစ်…။

စိတ်ဝိညာဉ်စွမ်းအင်အလုံးကြီးက လေဟာနယ်ကိုဖြတ်သန်းပြီး မျက်စိတစ်မှိတ်မတွင်း သူမ၏ အရှေ့ကို ရောက်လာခဲ့၏။

လန်ရှင်းရှီ ခုခံကာကွယ်ဖို့တောင် မလုပ်လိုက်ချေ။ သူမ၏ ကောင်းကင်ဘုံရုပ်လွှာနယ်ပယ်လေးနှင့် ကျန်းထိုက်ယင်၏ တိုက်ခိုက်မှာကို ခုခံနေလည်း အလကားသာဖြစ်ချေမည်။

ကြည်ဘုံလွှားနယ်ပယ်အထွတ်အထိပ်များတောင် ၎င်းကို ခုခံဖို့အတွက် ကြိုးစားရုန်းကန်ကြရပေမည်။

ဒီကိုမလာခင်ကတည်းက အစေခံအဆင့်အတန်းကလွတ်ဖို့ မအောင်မြင်လည်း အသေသာခံလိုက်မည်ဆိုသော ဆုံးဖြတ်ချက်ဖြင့် လာခဲ့ခြင်းပင်။

လူတိုင်းလည်းကြောက်ဒူးတုန်နေကြ၏။ ကျန်းသခင်လေး သေဆုံးပြီးကတည်းက ကျန်းထိုက်ယင်သွေးမြင်မှာ‌စိုးလို့ကို လူတိုင်း အသားစားခြင်းကိုရှောင်ခဲ့ကြသည်။

ကျန်းထိုက်ယင် ဤအတောအတွင်း စုစည်းလာခဲ့သည့် ဒေါသများက ယနေ့တော့ ပေါက်ကွဲချေပြီ။

ရွှစ်…။

စိတ်ဝိညာဉ်စွမ်အင်အလုံးက လေဟာနယ်ကိုဖြတ်သန်းပြီးနောက် လန်ရှင်းရှီ၏ နဖူးထိပ်၌ ထင်မှတ်မထားစွာ ရပ်တန့်သွားခဲ့၏။ ထိုမှ အဟုန်ကြောင့် သူမ၏ အနက်ရောင်ဂါ၀န်စများတောင် လှုပ်ခါသွားခဲ့သည်။

ထိုစွမ်းအင်အလုံးအတွင်းတွင် ရုန့်ရင်းဆန်ခတ်ဖြစ်နေသော စွမ်းအင်များက ပြီးပြည့်စုံစွာ ထိန်းချုပ်ခြင်းခံထားရပေသည်။ ဤသို့သော စွမ်းအင် ထိန်းချုပ်မှုမျိုးက အံ့မခန်းဖြစ်ဖွယ်ရာကောင်းလှ၏။

သို့တောင် ထိုစိတ်ဝိညာဉ်စွမ်းအင်လုံးလေးက လန်ရှင်းရှီ၏ နဖူးကို အနည်းငယ် ကွဲသွား စေကာ သွေးများထွက်လာခဲ့သည်။

လန်ရှင်းရှီ မလှုပ်ရှားသေးချေ။

ထိုစွမ်းအင်လုံးလေး သူမ၏ နဖူးကိုဖောက်ထွင်းသွားခဲ့လျှင်တောင် တစ်လက်မမှ ရွေ့မည်မဟုတ်။

လူတိုင်းတုန်လှုပ်သွားကြသည်။

ထိုမိန်းမမိုက်၏ ဆုံးဖြတ်ချက်ပြတ်သားမှုကြောင့်ဆိုတာထက် ကျန်းထိုက်ယင်၏ တိုက်ခိုက်မှုရပ်တန့်သွားသောကြောင့်ဖြစ်သည်။

မပြောသင့်သည့်စကားပြော၍၊ မလုပ်သင့်သည့်အလုပ်ကို လုပ်မိသော အစေခံသမလေးပေါ်ကျရောက်လာသည့် ကျန်းထိုက်ယင်၏ တိုက်ခိုက်မှု တကယ် ရပ်တန့်သွားခဲ့၏။

၎င်းက လန်ရှင်းရှီ၏ တောင်းဆိုချက်ကို သူသဘောတူသည်ဟု ဆိုလေသလော။

ခန်းမအတွင်းရှိအခြား အစေခံများ မနာလိုအားကျမှုများဖြစ်ပေါ်လာကြသည်။

ကျန်းရှင်းရှုံသာ လန်ရှင်းရှီကို စိတ်ဝိညာဉ်နန်းတော်သို့ခေါ်မသွားခဲ့ဘူးဆိုလျှင် ဤသို့နယ်ပယ်ထိရောက်အောင်တောင် ကျင့်ကြံနိုင်လိမ့်မည်မဟုတ်ပေ။ သို့ဆိုလျှင် ယခု သူမကလည်း သူတို့လို နေရာတွင်ရောက်နေလောက်သည်။

“တော်တော်အတင့်ရဲတယ်”

ကျန်းထိုက်ယင်သူ့ဘယ်လက်ကို ပြန်ရုတ်ပြီး အင်္ကျီအတွင်းဖုန်းကွယ်လိုက်သည်။ သူ့မျက်၀န်းများက ဆွေးမြည့်တမ်းတမှုများကို ပြသနေ၏။

ကျန်းရှင်းရှုံကို လွမ်းဆွတ်တမ်းတနေသည့် ကာလအတွင်းမှာ စိတ်လိုက်မာန်ပါမလုပ်ချင်ပေ။

လန်ရှင်းရှီလည်း ထင်မှတ်မထားသော ဤအချင်းအရာကြောင့် ပျော်ရွှင်သွားပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ် သူမ၏ အရှေ့ရှိ စိတ်ဝိညာဉ်စွမ်းအင်လုံး အပြင်းအထန် တုန်ခါလာသည်ကို တွေ့လိုက်ရသည်။

လူအုပ်ကြီးလည်း လန့်ဖျပ်သွားခဲ့၏။

ဘုန်း…။

ဘုန်းဟူသည့် မြည်သံကြီးဖြင့်အတူ ခန်းမကြီး ပေါက်ကွဲထွက်သွားခဲ့သည်။ ထို့နောက် လူပုံရိပ်များ နေရာအနှံ့ကို အပျက်အဆီးများအကြားမှ လွင့်ထွက်သွားပေသည်။

အိမ်တော်ထိန်းလည်း တုန်လှုပ်သွားပြီး အလျင်အမြန် ရွှေရောင်အကြေးခွံများပါရှိသည့် ကျန်းထိုက်ယင်ထိုင်နေသော ခုံအနားကပ်သွားလိုက်သည်။

မျိုးနွယ်စုခေါင်းဆောင်က လူမသတ်ချင်ဘူးဆိုရင်တောင် ဒေါသကို တစ်နေရာရာမှာ ပုံချရမှာ သူသိသည်။ ထိုပေါက်ကွဲမှုတွင် တစ်ယောက်ယောက်ပါ ပေါက်ကွဲထွက်သွားနိုင်တာကတော့… မျိုးနွယ်စုခေါင်းဆောင်၏အမှားမဟုတ်ပေ။ အားနည်းသည့် သူတို့၏ ကံကြမ္မာကြောင့်သာဖြစ်သည်။

ဖူးးး…။

နံရံနှင့်သွား၀င်တိုက်သဖြင့် လန်ရှင်းရှီသွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။ ထို့နောက် ကြမ်းပြင်ပေါ်သို့ ကျသောအခါ အရုပ်ကြိုးပြတ်လဲကျသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများထွက်လာခဲ့ပေသည်။

ကံကောင်းစွာဖြင့် သူမ ကပ်သီးလေး သေခြင်းတံခါး၀ကနေ လွတ်မြာက်လာခဲ့၏။ သို့ပေမယ့် အနီးရှိ အခြားသူများကတော့ သူမလို ကံမကောင်းနိုင်ချေ။

စစ်မှန်ခြင်းနယ်ပယ်၌တောင် မရှိ‌သေးသည့် အစေခံသမလေးများဆို နေရာမှာတင်ပွဲချင်းပြီး အစအနပျောက်သွားခဲ့သည်။ သူတို့၏ ဝိညာဉ်များတောင် ကျန်ခဲ့နိုင်သည်လားမသိရ။

အဝေးကလူတွေကတော့ ခန္ဓကိုယ် မပျက်မ‌ဆီးရှိသေးကြပေမယ့် အလောင်းကောင်များဖြစ်သွားကြလေပြီ။

အချို့ ကံကောင်းသည့်သူများကလည်း သေမင်းလက်ကနေ လွတ်လာခဲ့ပေမယ့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြသည်။

လန်ရှင်းရှီ လက်ဖမိုးဖြင့် သူမ၏ ပါးစပ်ထောင့်က သွေးများကို သုတ်လိုက်သည်။ သူမ၏ မျက်၀န်းများအတွင်း၌ ဖုန်းကွယ်ထားသော အမုန်းတရားများရှိနေ၏။

အခြားသေဆုံးသွားသော အစေခံများကို သူမ သနားဂရုဏာရှိမနေပါချေ။

အခြားသူများကို လုပ်ချင်သလိုလုပ်လို့ရသည့် အရုပ်လေးများပမာ ဆက်‌ဆံသည့်ဤမျိုးနွယ်စုကို သူမ မုန်းသည်။ ဤမျိုးနွယ်စု၏ စည်းမျဉ်းများနှင့် ၎င်းတို့ကို ချမှတ်သော ကျန်းထိုက်ယင်ကို သူမ မုန်းသည်။

လန်ရှင်းရှီ တုန်လှုပ်သွား၏။ ထိုလူအကြောင်းကိုတွေးမိတိုင်း သူမ၏ ၀န်းကျင်တစ်ခုလုံး အမှောင်ဖုန်းရသည်။

ဖုန်တွေ မှုန်တွေ ပျောက်‌ဆုံးလာခြင်းနှင့်အတူ သူမ၏ မျက်၀န်းများတွင်လည်းနာကျဥ်းမှုတို့ပေါ်လာ၏။ ထို့နောက် ဒူးထောက်ကျသွားသည်။

အချိန်အတန်ကြာသောအခါမှ ကျန်းထိုက်ယင်က နွမ်းနယ်လာဟန်ဖြင့် ထိုင်ခုံပေါ်တွင်ပြန်ထိုင်လိုက်သည်။ ပြီးလျှင် သာမန်ကာလျှံလေသံမျိုးဖြင့် “ရှင်းရှုံကို သတ်လိုက်တဲ့ လူရဲ့ နာမည်ကဘာလဲ”

“စုရှောင်ရှန်”

လန်ရှင်းရှီ ချက်ခြင်းဖြေကြားလိုက်သည်။

“စုရှောင်ရှန်…” ကျန်းထိုက်ယင်က မျက်လုံးကိုမှိတ်၍ ရေရွတ်နေလိုက်ပြီး ခဏအကြာမှ သက်ပြင်းချလိုက်သည်။ “နာမည်ကောင်းပဲ…”

ထို့နောက် မျက်လုံးများကိုပြန်ဖွင့်ကာ မေးလိုက်သည်။ “နင့်နာမည်ကဘာလဲ”

“လန်ရှင်းရှီ”

“အိုး… လန်မျိုးဆက်ကပဲ”

“ဟုတ်ပါတယ် အရှင်”

ကျန်းမျိုးနွယ်စု၏ အစေခံ လန်မျိုးရိုးက ကျန်းမျိုးနွယ်စုအတွင်း သူမ၏ ဂုဏ်ပုဒ်လည်းဖြစ်သည်။ ထိုအရာကိုတွေးမိတိုင်း သူမ အော့နှလုံးနာရသည်။

ဆိုရလျှင် သူမတို့လို အစေခံများတွင် နာမည်အပြည့်အစုံတောင်မရှိချေ။ မျိုးရိုးနာမည်များဖြင့်သာ သွားကြရသည်။

သူ့ရှေ့ရှိ ယခင်ခန်းမကြီးရှိခဲ့သည့်နေရာက ဗလာကျင်းသွားသည့် အဖြစ်‌က််ို ကြည့်၍ ကျန်းထိုက်ယင် သက်ပြင်းချလိုက်ပြီး‌နောက်မှာ နောက်လှည့်ထွက်သွားကာ ဆိုလိုက်သည်။

“နင့်ပစ္စည်းတွေအကုန်ယူပြီး ထွက်သွားတော့”

လန်ရှင်းရှီ၏ သွေးဆုတ်ဖြူရော့နေသော မျက်နှာထက်တွင် သွေးများပြန်လည်ဖုံးလွှမ်းလာသည့် အရိပ်အ‌ယောင်မြင်ရသည်။

ကျယ်ကျယ်လောင်လောင်ရယ်မောပစ်လိုက်ချင်သလို သူမ၏ နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ ခါးသီးမှုကိုလည်းခံစားလိုက်ရတာကြောင့် ပြုံးချင်နေတာရပ်သွားသည်။

ဘုန်းး…။

ယခုထိ ကြံ့ကြံ့ခိုင်နေသော နံရံများလဲကျသွားပြီး အောက်မှ အလောင်းများကို ဖိသိပ်လိုက်လေသည်။

“ကျေးဇူးပါ… အရှင်”

…

“သူထွက်သွားတာကြာပြီ”

မိန်းမပျိုလေး၏ သွေးသံတရဲရဲ ပုံရိပ်ကိုကြည့်ပြီး ဟဲယွဲ့ရှင်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။

ဤအလောင်းကောင်များနှင့် အပျက်အဆီးများအကြား ဟွဲယွဲ့ရှင်း ရောက်လာခဲ့တာ တစ်နာရီကျော်ကြာပြီဖြစ်ပေပြီး တစ်ချိန်လုံးတိတ်ဆိတ်နေ‌ခဲ့သော လန်ရှင်းရှီကို နှစ်သိမ့်လိုက်သည်။

“နင်လွတ်လပ်သွားပြီ” ဖြည်းညှင်းစွာ ဆို၏။

လန်ရှင်းရှီလည်း ကိုယ်ကိုယ်မတ်လိုက်ကာ စိတ်ပါလက်ပါ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

“ငါလွတ်လပ်သွားပြီး… စုရှောင်ရှန် … ဟီးဟီး။ ငါအောင်မြင်သွားပြီး”

လန်ရှင်းရှီ ရယ်မောနေရင်းက မျက်ရည်များ အဆက်မပြတ် သူမ၏ ပါးပြင်ထက်ကို စီးကျလာခဲ့၏။

ကျန်းရှင်းရှုံကိုသူမချစ်ခဲ့ပါသည်။

ယခုတော့ သူသေသွားပြီးနောက်မှာ ဤစက်ဆုပ်ဖွယ်ရာ နေရာကနေ သူမထွက်နိုင်ခဲ့လေပြီ။

လောကနိယာများက တကယ်ထူးဆန်း၏။ တစ်ခါတစ်ရံမှာ တစ်စုံတစ်ယောက်က တစ်စုံတစ်ခုကို အင်မတန်တောင့်တ လိုချင်ခဲ့ပေပြီး နောက်ဆုံး ၎င်းကို ရလိုက်သောအခါတွင်မူ ပျော်ရမည့်အစား ဟာတာတာကြီးဖြစ်နေပေသည်။

လန်ရှင်းရှီကြမ်းပြင်ပေါ်တွင် ပက်လက်လှန်လှဲလိုက်ကာ ကောင်းကင်ကြီးကိုကြည့်ပြီး အတိတ်ကို မြင်ယောင်လိုက်သည်။

ကျန်းမျိုးနွယ်စုကို လာခဲ့သည့် အပြစ်ကင်းစင်၍ တက်တက်ကြွကြွရှိသော ချစ်စရာ ကလေးမလေးတစ်ယောက်ကို သူမ မြင်ရသည်။

ထိုကလေးမလေး ‌အလောင်းကောင်များကို သိမ်းဖို့ကူညီတုန်းက မျက်၀န်းများအတွင်းရှိ သနားညှာတာမှုနှင့် နားမလည်နိုင်မှုတို့ကိုမြင်ရသည်။

မြင်ကွင်းများ ပြောင်းလဲသွားသည်။

ထိုကလေးမလေးကပဲ ကြီးလာသောအခါ အလောင်းကောင်များအပေါ်ကနေ လျှောက်ပြီး ထျန်းစန်းနန်းတော်အတွင်း၀င်သွားတာ သူမမြင်ရသည်။ ထို ကလေးမလေးတစ်ဖြစ်လဲ အပျိုအရွယ်ဖြစ်လာ‌သော ကောင်မလေး၏ မျက်၀န်းများအတွင်း၌ စာနာမှု၊ နားမလည်နိုင်မှုတို့မရှိတော့ဘဲ ရက်စက်မှု၊ ဉာဏ်နီဉာဏ်နက်များမှု၊ ထုံကျင်မှုတို့ အစားထိုး၀င်ရောက်လာခဲ့သည်။

ထိုကောင်မလေးက ပြိုင်ကွင်းအောက်‌ကနေပြီး စုရှောင်ရှန်နှင့် ကျန်းရှင်းရှုံတို့တိုက်ပွဲကို အသည်းအသန်အားပေးနေတာမြင်ရ၏။ အထူးသဖြင့် သူမကိုယ်သူမ ပြန်အားပေးနေတာကို မြင်ရများသည်။

“အချစ်လား… လွတ်လပ်မှုလား…”

သူမတောင်မသိလိုက်ဘဲ အထက်သို့ကွေးတက်သွားခဲ့သော သူမ၏ နှုတ်ခမ်းများကိုပြန်တည်၍ ပုံမှန် အမူအရာမျိုးကိုပြန်သွားပြီး ထထိုင်လိုက်၏။

ထို့နောက်သွေးများဖြင့် ရောကျံ၍ ပုံပျက်ဆင်းပျက်ဖြစ်နေသော နှုတ်ခမ်းနီ အနက်ရောင်များကို သုတ်လိုက်သည်။

“ငါလှသေးလား” ခေါင်းလေးကိုအသာစောင်းကာ ဆံပင်များကို ပြန်ပြင်ရင်း ညှင်သာစွာမေးလိုက်၏။

ဟဲယွဲ့ရှင်းက မြေပြင်ပေါ်တွင်ထိုင်နေသော မိန်းမပျိုလေးကို ငူငူကြီး စိုက်ကြည့်နေပါသည်။ သူမ၏ အ၀တ်အစားများက စုတ်ပြဲနေကာ လှပသော မျက်နှာလေးကလည်း နှင်းဆမျှ ဖြူဖျော့နေသည်။ သူမ၏ အမေးကိုကြားသောအခါ အလေးအနက်ခေါင်းညိတ်လိုက်၏။

“နင်လှတယ်”

လန်ရှင်းရှီ ပြုံးလိုက်မိသည်။ ထို့နောက်ထရပ်လာကာ ဟဲယွဲ့ရှင်း၏ လက်ကို သူမကပဲ ဦးစွာရောယှက်ကိုင်ဆွဲလိုက်လေသည်။

“သွားမယ်”

သူမ၏ အပြုအမူ‌ကြောင့် မှင်တက်နေသော ဟဲယွဲ့ရှင်းက “ဘယ်သွားမှာလဲ”

“လှိုက်ဂူဖြူထဲက နန်းတော်”

အပိုင်း (၂၈၇) အရာအားလုံးကို ဖိနှိပ်နိုင်ခြင်း

“ဝါးးးးး…”

စုရှောင်ရှန် ပြူတင်းပေါက်ကိုဖွင့်လိုက်သောအခါ နေရောင် ဖြာကျလာခဲ့သည်။

ထို့နောက် အညောင်းအညာပြေအောင် အကြောဆန့်လိုက်ရာ ပဲများကြော်‌ နေသလို တဂျွတ်ဂျွတ်မြည်သံများထွက်လာ၏။

“ကောင်းလိုက်တာ”

အိပ်ယာထက်တွင် လူသေကောင်ကြီးလို နှစ်ရက်တာ လဲလျောင်းနေပြီးနောက်မှာ စုရှောင်ရှန် တဖန်ပြန်ပျော်ရွှင်လာခဲ့သည်။

တောင်အောက်ဆင်းဆင်းလာချင်းကို ပြဿနာများဖြင့်ရင်ဆိုင်ရသောကြောင့် အဓိက မူရင်းလာရခြင်း၏ရည်ရွယ်ချက်ကို နှောင့်နှေးခဲ့ရသည်။

စုရှောင်ရှန် ကိုယ့်ကိုယ်ကိုယ်နားရက်ပေးလိုက်ပြီး ဖင်ဘူးတောင်းထောင်အိပ်တော့သည်။ ယခု ပြန်ထိုးထလာသောအခါ သူ့မူလနန်းတော်အလယ်ပိုင်းကျင့်ကြံမှု တည်ငြိမ်သွားတာတွေ့ရ၏။

လမ်းအသွယ်သွယ်တို့က လူများ သွားလာလှုပ်ရှားမှုတို့ဖြင့် စည်ကားသိုက်မြိုက်နေခဲ့သည်။ သူသာ ပြဿနာမရှာရင် ကမ္ဘာကြီးက ပုံမှန်အတိုင်းလည်ပတ်ပေသည်။

“ကဲ… အလုပ်စဖို့ အချိန်ကျပြီ”

မှော်ဆေးပညာရှင်တံဆိပ်ပြားကို သွားယူဖို့အချိန်ကျလေပြီ။ ထိုပစ္စည်းဖြင့်‌ဆို အနည်းဆုံးတော့ ဘယ်သူဘယ်ဝါ‌ဖြစ်ကြောင်းကို သက်သေပြနိုင်ပေမည်။

၎င်းကို ကုန်ဖလှယ်ရာမှာလည်းကောင်း၊ အပေးအယူလုပ်ရာမှာလည်းကောင်း အသုံးပြုန်ိုင်သည်။

ရှန်းရှန်ကုန်းမြေကြီးတွင် ‌မှော်ဆေးပညာရှင်များက အင်မတန်မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြ၏။ ပိုဆင့် အဆင့်မြင့်သော ‌မှော်‌ဆေးပညာရှင်ကြီးများဆိုလျှင် လူတိုင်း၏ လေးစားခြင်းကိုခံရသည်။

ခရီးသွားနေရင်းနှင့် ထိုတံဆိပ်ပြားကို သူ့နဖူးမှာ ကပ်ထားမယ်ဆိုရင် ပင်ကိုယ်မှတ်များဘယ်လောက်ရလိမ့်မလဲ စုရှောင်ရှန် သိချင်မိသည်။

ပြူတင်းပေါက်ကိုပြန်ပိတ်ပြီးတော့ အိပ်ယာကြီးကိုကြည့်လိုက်၏။

“ကောင်လေး။ မင်းသေးသေးလေးလုပ်လို့ရလား”

အလိုရမက်လေးက အလွန်မျက်စိ ပဒါသဖြစ်စေသည်။ ၎င်းက ကိုယ်ပျောက်နေတယ်‌ဆိုပေမယ့် တစ်ယောက်ယောက်မြင်နိုင်သွားရင် ဘယ်နှယ့်လုပ်မတုန်း။

ထိုကြောင်ဖြူကိုမြင်နိုင်သောသူများက အများသူငှာထက် တမူထူးခြားသောသူများသာ ဖြစ်ကြချေသည်။ သို့ဆိုလည်း အခြားတစ်ဘက်က စုရှောင်ရှန်ကို ဘယ်လိုထင်လိမ့်မည်နည်း။ မလိုအပ်သည့် အာရုံစိုက်ခြင်းကို သူမခံချင်ပါပေ။

“ညောင်”

စုရှောင်ရှန်၏ အမေးကို ကြောင်ဖြူလေးက ညောင်သံပေးပြီးနောက် သူ၏ ပုခုံးအထက်ကို ခုန်တက်လိုက်၏။

သူတို့နှစ်ယောက် နှစ်ရက်တာမျှ ကုတင်တစ်ခုပေါ်တွင် အတူအိပ်ခဲ့လေရာ နှစ်ယောက်အကြားရင်းနှီးမှုက တိုးတက်လာခဲ့သည်။

သူ့တွင်ရှိသော ကလေးနှစ်ကောင်မှာ တစ်ကောင်က “မေမေ” လို့သာ ပြောတတ်ပြီး နောက်တစ်ကောင်က “ညောင်” ဟုသာ အသံပြုတတ်သည်ကို တွေးမိသောအခါ စုရှောင်ရှန် ခေါင်းကိုက်သွားသည်။

“မင်းသေးသေးလေးဖြစ်အောင်လုပ်လို့မရဘူးလား”

ဤမေးခွန်းအတွက်ကို အဖြေရှိလျှင် ကြောင်ဖြူလေးက တစ်ခုခုလုပ်ပြပေမည်။ ၎င်းက ပြီးခဲ့သည့်နှစ်ရက်အတွင်းမှာ သူသိရှိခဲ့သည့်အရာဖြစ်သည်။

ဥပမာအားဖြင့် သူက “ရေသောက်ချင်လား” မေးလျှင် ကြောင်ဖြူလေးက မတုန့်ပြန်ချေ။

ထိုအစား “နို့သောက်ချင်လား” ဟုမေးလျှင် ကြောင်ဖြူလေးက ခုန်တက်လာပြီး အသက်စွမ်းအင်များကို အငမ်းမရ စုပ်ယူတော့သည်။

ယခု ကြောင်ဖြူလေးက ဘာမှ တုန့်ပြန်ခြင်းမရှ်ိလေရာ ကိုယ်ကို သေးအောင်မလုပ်နိုင်ဟု တွက်ဆလိုက်၏။

“ကျဲလိုလည်း အရာအားလုံးက သေးအောင်၊ ကြီးအောင် လုပ်လို့မှ မတတ်တာ။ ဒီကောင်က လိုချင်တဲ့ပုံအမျိုးမျိုးတောင်ပြောင်းနိုင်သေးတယ်”

ကျောက်ထန်းထန်းနှင့် ရှင်းကုကုတို့ကို မြင်ယောင်မိပြီး ကြောင်ဖြူလေးကိုလည်း သူ့ကိုယ်အတွင်းသို့ ထည့်နိုင်မလား စုရှောင်ရှန် အတွေးရသွား၏။

ဘယ်လိုထည့်မယ် ဘယ်ညာထည့်မယ် သူမသိနိုင်ပေမယ့် ကြောင်လေးကတော့ သိနိုင်လိမ့်မည်ဟု ကြံဆလိုက်သည်။

သို့ဖြင့် ရင်ဘက်အင်္ကျီကြယ်သီးကိုဖြုတ်ကာ ကြောင်လေးကို စုရှောင်ရှန် ဖိတ်ခေါ်လိုက်သည်။ “၀င်ချင်လား”

ကြောင်ဖြူလေး လန့်ဖျပ်သွား၏။ ထို့နောက် ၎င်း၏ ခရမ်းရောင်မျက်၀န်းများအတွင်း၌ ပျော်ရွှင်မှုအရိပ်အယောင်တို့ပေါ်လာခဲ့သည်။ သတ္တဝါလေးက မယုံကြည်နိုင်သောဟန်ပန်ဖြင့် “ရလို့လား” လို့ မေးနေသယောင်ယောင် သူ့ကိုကြည့်လိုက်သည်။

စုရှောင်ရှန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

“လာပါ”

ရွှစ်…။

၀င်ခွင့်ရပြီးသည်နှင့် တစ်ပြိုင်နက် စုရှောင်ရှန် သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်မှာကြောက်ရွံ့သည့်အလား ကြောင်ဖြူလေး သူ့ဖူးအတွင်းကို ခုန်၀င်လိုက်သည်။

စုရှောင်ရှန် မှင်တက်သွား၏။ သူမတုန့်ပြန်လိုက်နိုင်ခင်မှာ သူ့မူလနန်းတော်ကို တစ်ခုခုက ထိုးဖောက်၀င်ရောက်နေသလို အာရုံခံမိပြီး နာကျင်မှုကို ခံစားလိုက်ရသည်။

ဟူးးး…။

စုရှောင်ရှန် အသက်ကိုခပ်ပြင်းပြင်းရှိုက်လိုက်သည်။ ကြောင်ဖြူလေး သူ့ကိုယ်အတွင်းသို့ ၀င်သည့်နည်းလမ်းက သူထင်ထားတာနှင့် တခြားစီ ကွဲပြားနေ၏။

“ဒီကောင်ငါ့ မူလနန်းတော်ထဲကို ၀င်သွားတာလားဟ”

စိတ်ဝိညာဉ်ကျင့်ကြံသူတစ်‌ယောက်အတွက် မူလနန်းတော်မှာ အင်မတန် အဖိုးတန်သည့်အရာဖြစ်သည်။ ထိုနေရာသာ တစ်ခုခုထိခိုက်ပျက်ဆီးသွားတာဘာညာဆိုရင် ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်ရင်းမြစ်ကလည်း ထိခိုက်သွားနိုင်သည်။

ထိုတွင် အနည်းဆုံး ကျင့်ကြံသူတစ်ယောက်က မသေလျှင် သတိတော့မေ့မျောသွားတတ်ကြ၏။

သူ့မူလနန်းတော်အတွင်းကို စုရှောင်ရှန် စိတ်ဝိညာဉ်အာရုံပို့လိုက်သည်။

ထိုနန်းတော်အတွင်း၌ ဘာမျှ မရှိခြင်း၊ ဖရိုဖရဲဖြစ်ခြင်းတို့ကြီးစိုးနေပြီး ထိုထဲက လေမထန်၊ လှိုင်းမရှိ ပင်လယ်အတွင်းတွင် ကြောင်သေတစ်ကောင်ပေါလောပေါ်နေတာကိုတွေ့ရသည်။

“ဘာဖြစ်နေတာလဲ”

အဘယ်ကြောင့် ကြောင်ဖြူလေးက မ၀င်ခင်ကလို စိတ်လှုပ်ရှားမှုမရှိတော့ဘဲ အားအင်တွေကုန်ခမ်းသွားသလို မလှုပ်မယှက်လှဲလျောင်းနေရတာလဲဟု စုရှောင်ရှန် ကြောင်အသွား၏။

ထိုမှ သေချာစစ်ကြည့်သောအခါ ကြောင်ဖြူလေး၏ မျက်၀န်းများက မျက်ဖြူများလှန်နေပြီး ပါးစပ်မှလည်း အဖြူရောင်အမြှပ်များ အဆုံးမရှိသလို အဆက်မပြတ်ထွက်နေတာတွေ့ရသည်။

ဒီမှာအရေးကြီးတာက ဘာကြောင့် ဒီသတ္တဝါလေးက အမြှပ်များကို အဆုံးမရှိအောင် ထုတ်နေရသနည်း။ စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်၏ အသက်စွမ်းအင်ရင်းမြစ်က မူလနန်းတော်က ‌မြစ်ဖျားခံကာ လာသည်။ ၎င်း၏ အရေးပါမှုသည် အပြင်ပန်းခန္ဓာကိုယ်နှင့် ထူးမခြားနားဖြစ်သည်။

အရည်အသွေးအရ ပြောပါဆိုလျှင် သက်ရှိခန္ဓာကိုယ်ထက်တောင် အသက်စွမ်းအင်က ပို၍ သန့်စင်၏။ သို့ဆိုလျှင် ကြောင်ဖြူလေးက ယခုအချိန်မှာ ခုန်ပေါက်မြူးတူးနေရမှာမဟုတ်ဘူးလား။

မကြာခင် တစ်ခုခု မူမမှန်တာ စုရှောင်ရှန် တွေ့လိုက်ရ၏။

သူသာမန်သာဟု တွက်ထားသည့်အရာက အခြားအရာများအတွက်တော့ ကြောက်မက်ဖွယ်ရာ တည်ရှိမှုကြီးဖြစ် နေ‌ပေသည်။

၎င်းက အဆုံးမဲ့သော ကောင်းကင်ပြင်မှာ ဝဲနေသည့် အနီရောင်ဖန်သားပြင်ကြီး ဖြစ်သည်။

မီးခိုးမြူပုံရိပ်၏ စွမ်းအားကြီးလှပါသည်ဆိုသည့် နတ်နဂါးကြီးလည်း သူ၏ မူလနန်းတော်အတွင်းသို့၀င်လာသောအခါ အကြမ်းပတမ်းဖိနှိပ်ခံခဲ့ရလေသည်။

ထို့နောက် ဟင်းသီးဟင်းရွက်လို အပိုင်းပိုင်းခုတ်ထစ်ခံရ၏။

သို့ဖြင့် နဂါးကြီးသာမဟုတ် ဤကြောင်လေးလည်း အလားတူ ဖိနှိပ်ခံထားရသည့်ပုံရသည်။

စုရှောင်ရှန် အံ့ဩဘနန်းဖြစ်သွားတော့သည်။

“ဆိုတော့ အပြင်ဘက်က ဘာကောင်ကြီးလာလာ ငါ့မူလနန်းတော်ထဲရောက်ရင် ဖိနှိပ်ခံမယ့် ကံကြမ္မာကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူးပေါ့”

သူ့တွင်ဤသို့ အံ့ဘွယ်သရဲ စွမ်းပကားမျိုးရှိတာ တကယ် ကောင်းပေသည်။

အခြားသူများကိုသူ့မူလနန်းတော်ထဲအတင်းဆွဲသွင်းနိုင်သည့် နည်းလမ်းများရှိလို့ သူတို့ရောက်လာပြီဆိုရင် ပြန်ထွက်သွားသည့်အခါ အရူးများဖြစ်သွားကြမလား၊ ဒါမှမဟုတ် ဘယ်တော့မှ မထွက်သွားနိုင်တော့ဘူးလား စုရှောင်ရှန် စိတ်ကူးယဉ်ကြည့်လိုက်သည်။

“အဲ့လိုသာဆိုရင်တော့ ဒါက နတ်ဘုရားလက်နက်တစ်ပါးပဲ”

စိတ်လှုပ်ရှားသွားပြီးနောက် ခဏကြာမှ ပင်ကိုယ်စနစ်ဆိုတဲ့ နာမည်အတိုင်း တစ်ယောက်ယောက်ကို သူ့ဘက်က မူလနန်းတော်အတွင်း ထည့်လို့မရတာ သိမှ စိတ်ပြန်လျော့လိုက်၏။

“ကြည့်ရတာ အနီရောင်ဖန်သားပြင်ဒီမှာရှိနေရတဲ့ရည်ရွယ်ချက်က အပြင်ဘက်က မကောင်းတာတစ်စုံတစ်ခု ကျူးကျော်လာမှာကို တားဖို့ ရည်ရွယ်ချက်နဲ့ဖြစ်ရမယ်။ တစ်ယောက်ယောက်က ငါ့ခန္ဓာကိုယ်ကိုလိုချင်တာ ဒါမှ မဟုတ်အခြားသူတွေက ငါ့အသိစိတ်ထွက်သွားအောင်ဖိအားပေးလာတာဆိုရင်…”

နောက်ဆုံးတော့လည်း စုရှောင်ရှန် ခေါင်းခါရမ်းလိုက်ပါသည်။ ထိုသို့ဖြစ်လာရင် သူ့မှာ ရှောင်လွှဲနိုင်သည့် နည်းလမ်းမရှိချေ။

ယခု သိပြီဆိုမှတော့ နောက်တစ်ခါ စိတ်ပိုင်း‌ဆိုင်ရာ နည်းစနစ်တွေကို ကျင့်ကြံထားတဲ့ သူတွေကို တွေ့ရင် ဝေးဝေးရှောင်ရပေမည်။

“ရှောင်မရလို့ ဖြစ်လာခဲ့ရင်တောင် ငါရှုံးဖို့ဆိုတာက…”

သူ့ဝိညာဉ်ရင်းမြစ်ထိခိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့် စုရှောင်ရှန် ပြုံးလိုက်၏။ အာဂသတ္တိရှိပါတယ်‌ဆိုတဲ့ သူတွေ လာစမ်းရဲရင်တောင် သူတို့ပဲ ဒူးထောက်ကျသွားကြရမည်။

“ညောင်”

ညောင်တစ်ကောင်၏ ဖျော့တော့တော့ ညောင်သံထွက်လာပေမယ့် စုရှောင်ရှန် ဂရုမထားချေ။ မိစ္ဆာသားရဲကို သူအကျွင်းမဲ့ယုံကြည်ဖို့က မဖြစ်နိုင်ပါ။ ၎င်းက ဒူးထောက်‌ထားမှတော့ ဒီတိုင်းဆက်ထားလိုက်ရုံပေါ့။

သို့ဆိုလျှင် သူ့ကို ပြဿနာလည်း မရှာပေးနိုင်လောက်တော့ချေ။

ထို့အပြင်ကို ဤနေရာတွင် အသက်စွမ်းအင်များက အင်မတန်သိပ်သည်းလှတာကြောင့်‌ ကြောင်ဖြူလေးပို၍ မြန်ဆန်စွာ ဆင့်ကဲတိုးတက်လာနိုင်ပေလိမ့်မည်။

“ငါပေးနိုင်တာ အကုန်ပေးပြီးပြီ။ အလိုရမက်လေးရေ ဒီမှာ စောင့်နေနော်။ မကြာခင် နေသားကျသွားရင် ထရပ်လာနိုင်မှာပါ”

“ညောင်”

ကြောင်ဖြူလေး ခေါင်းမော့လိုက်သည်။ ၎င်း၏ ခရမ်းရောင်မျက်၀န်းများက နာကျင်မှုများဖြင့်ပြည့်နေပြီး “ထွက်ခွင့်ပေးပါ” ဟု ပြောနေသယောင်ယောင်။

ကြောင်ဖြူလေးက ၎င်း၏ နူးညံ့သော လက်ကလေးကိုမြှောက်ပြီး ‌စုရှောင်ရှန်ကို ယှက်ပြ၏။

စုရှောင်ရှန် က ရယ်မောလိုက်ပြီး ဆိုလိုက်သည်။ “ဒီမှာ ကြိုက်သလောက် အသက်စွမ်းအင်တွေကို စုပ်ယူလို့ရတယ် အဲ့အရာကိုဘဲ သွားမထိမိစေနဲ့”

စုရှောင်ရှန်သူ၏ ဝိညာဉ်ရင်းမြစ်ကို လက်ညိုးထိုးပြလိုက်ပြီးတော့ အကြံပေးလိုက်သည်။ “အနီးတောင်မကပ်မိစေနဲ့။ မင်းဘက်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သွားကပ်မိရင်တော့ သေမှာပဲ။ အဲ့တော့ အကျိုးဆက်တွေပြင်းထန်တယ်ဆိုတာ မမေ့ပါနဲ့။ ဒီနေရာနဲ့ နေသားကျလာရင်တော့ သူ့ဟာသူအဆင်ပြေသွားမှာပါ”

“ညောင်”

ကြောင်ဖြူလေး၏ မျက်၀န်းများက နောင်တတရားများကို ဖော်ပြနေသည်။ ထပ်မညောင်နိုင်ခင်မှာပင် စုရှောင်ရှန်က ‌အသက်စွမ်းအင်တွေကို ထိန်းချုပ်ပြီး စုစည်းလိုက်ရာ ကြောင်ဖြူလေး တုန်တုန်ရင်ရင်နှင့် ပြန်သတိမေ့သွားခဲ့သည်။ ၎င်း၏ မျက်နှာက ပျော်ရွှင်မှုတို့ကို အထင်းသားပြသနေ၏။

“ကောင်းကောင်းကြီးထွားလာပါ။ နောက်တစ်ခါထပ်တွေ့ရင် ငါ့ကို အံ့ဩစရာကြီးတစ်ခုခုပေးပေါ့”

သို့ဆိုပြိး မူလနန်းတော်အတွင်းမှ ပြုံးလျက် စုရှောင်ရှန်ထွက်လာခဲ့၏။

ကြောင်ဖြူလေးက သူ့အတွက်တော့ ကျောက်ထန်းထန်းတို့ကို အရေးကြီးသည့်အခိုက်မှာ ခေါ်လို့ရသည့် ဆက်သွယ်ရေးပစ္စည်းလေးသာသာ ဖြစ်သည်။ မိစ္ဆာသားရဲများ မွေးမြူရန် ရည်ရွယ်ချက်မရှိချေ။

သို့ပေမယ့် ကိုယ်လုပ်တာကိုယ်ရှင်းပြီး ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နိုင်သည့် သားရဲဆိုရင်တော့ သူ့ဘက်ကလည်း ငြင်းဆန်လိမ့်မည်မဟုတ်။

“ဆိုတော့ကာ…”

မုကျစ်ရှီ၏ အခန်းရှေ့ကို ရောက်လာပြီး တံခါးကို သာသာလေးခေါက်လိုက်သည်။

“ထတော့။ အလုပ်စမယ်”

အပိုင်း (၂၈၈) လူ့ချဉ်ဖက်

မှော်‌‌ဆေးပညာရှင်များအစည်းအရုံးတွင်ဖြစ်သည်…။

ရွှေအစည်းအရုံးကဲ့သို့ ချမ်းသာထယ်ဝါသည့် ပုံစံမပေါက်ဘဲ ‌၎င်းက ရှေးဦးအရှိန်အဝါများပေးသည့် ‌ကန်‌တော့ချွန် ပုံစံရှိ အဆောက်အဦးဖြစ်သည်။

၎င်းက ထျန်းစန်းမြို့တော်၏ အလယ်ဗဟိုတွင်ရှိပြီး လူသွားလူလာစည်ကားသိုက်မြိုက်လှသည်။ ဤနေရာကိုဖြတ်သွားသည့်အခါတိုင်းမှာ လူတိုင်း ရပ်တန့်၍ မော်ကြည့်ကြ၏။

ဟူးးးး…။

စုရှောင်ရှန်လည်း အသက်ကိုခပ်ပြင်းပြင်းရှိုက်ပြီး ဆတ်ကတည်းတုန်သွားပေသည်။

“ဘယ်လောက်တောင် သန်မာလိုက်တဲ့ ဆေးရနံ့လဲ။ သာမန်လူတစ်ယောက်သာ ဒီမှာလာနေရင် ဘာလေ့ကျင့်ခန်းမှမလုပ်ဘဲနဲ့တောင် အသက်ရှည်ကြမှာ”

မုကျစ်ရှီလည်း ကျစ်ဆံမြှီးလေးကို ကိုင်ဆော့ရင်း အနံ့ခံလိုက်၏။

အချိန်အတော်ကြာမှ စိတ်ပျက်သွားသော အမူအရာဖြင့် “ဟုတ်တော့ဟုတ်တယ်။ ဒါပေမယ့် ဆေးရနံ့ကပျောက်သွားပြီ”

လမ်းသွားလမ်းလာများလည်း ရုတ်တရက်ကြီး အဘယ်ကြောင့် ဆေးရနံ့ပျောက်သွားရသလဲ အံ့အားသင့်သွားကြပေသည်။

လူအုပ်ကြီးစတင်၍ ဆွေးနွေးကြသောအခါ ဆူညံပူညံဖြစ်လာခဲ့သည်။ ၎င်းက အသက်ကို ခပ်ပြင်းပြင်းရှိုက်နေသည့် စုရှောင်ရှန်ကို နိုးထလာစေခဲ့၏။

“အဟမ်း”

မုကျစ်ရှီသူ့ကို သင်္ကာမကင်းကြည့်ပြီးမေးလိုက်သည်။ “နင်လုပ်လိုက်တာလား”

“မဟုတ်တာ လျှောက်မစွပ်စွဲပါနဲ့”

စုရှောင်ရှန်က မတရားခံနေရသော မျက်နှာဖြင့် “ငါအသက်လေးတစ်ချက်ရှူတာနဲ့ ရှိသမျှ‌ ဆေးရနံ့တွေကို အကုန်လုံးစုပ်ယူနိုင်မယ်ထင်နေတယ်ပေါ့”

မုကျစ်ရှီက ခေါင်းလေးညိတ်ကာ သူပြောတာထောက်ခံလိုက်သည်။ “ဟုတ်တယ် ထင်တယ်”

“ထားပါ… သွားမယ်”

သို့ပြောပြီး အဆောက်အဦးထဲကို စုရှောင်ရှန် ခြေလျှင်လျှောက်သွားလိုက်သည်။

ရွှေအစည်းအရုံနှင့်ယှဉ်ရင် ဤနေရာက လူပါးပေသည်။

သို့ပေမယ့် ဤနေရာရှိလူတိုင်းက ကျက်သရေအိန္ဒြေရှိကြပြီးတော့ ချမ်းသာကြွယ်၀ကြပုံလည်းပေါက်ကြသည်။

နေရာတစ်ခုလုံးကို စုရှောင်ရှန် မှတ်သားလိုက်ပြီးနောက်မှာ သူ့ရှေ့က ကောင်တာမှ မိန်းမချောလေးကိုကြည့်ပြီး မေးလိုက်သည်။ “မိန်းမချောလေး နင်တို့ရဲ့ ဥက္ကဠ နာမည်က ဘယ်လိုခေါ်လဲ”

“ဥက္ကဠကြီးလား”

သူမရှေ့က ကောင်လေးက ဆေးလုံး၀ယ်ဖို့လာတာထင်နေသဖြင့် ယခုလို ဥက္ကဠ နာမည်ကိုမေး‌လာသောအခါ ကြောင်အသွားသည်။

ဒီကောင်လေးက ဥက္ကဠကို တွေ့ဖို့လာတာများဖြစ်နေရင် သူ၏ နောက်ခံက ဘာဖြစ်လိမ့်မည်နည်း။

သူမ သိပ်မသင်္ကာဘူးဆိုပေမယ့် ‌ကောင်းမွန်တဲ့ ၀န်ဆောင်မှုပေးရန်လိုအပ်ပေသည်။ သို့ဖြင့် အပြုံးလေးနှင့် ခွန်းတုန့်ပြန်လိုက်၏။ “ဥက္ကကြီးက ရှိတီပါ။ ဥက္ကဠကြီးနဲ့ တွေ့ဖို့လာတာလားမသိဘူး”

“ရှိတီ”

မုကျစ်ရှီဘက်ကို လှည့်ကာ “နာမည်မှန်လား”

အကြီးအကဲစန်းက သူမကို စာတစ်စောင်ပေးထားခဲ့ပြီးတော့ ဥက္ကဠကြီးကိုပေးဖို့ ပြောခဲ့လေသည်။

စုရှောင်ရှန် ထိုစာကိုဖွင့်ကြည့်ချင်ပေမယ့် ‌မုကျစ်ရှီက သူမ၏ အသက် ၎င်းပေါ်တွင်မူတည်နေသည့်အလား ဘာအရှုပ်အယှက်မှ လုပ်ခွင့်မပေးချေ။

“ဟုတ်တယ်” မုကျစ်ရှီ ခေါင်းညိတ်ပြသည်။

“နင်စာကိုဖတ်ထားတာလား” စုရှောင်ရှန် မျက်ခုံးများပင့်လိုက်၏။

“မဖတ်ဘူး”

“ဒါဆိုနင်က ရှိတီ ဆိုတာဘယ်လိုသိတာလဲ”

“မသိဘူးလေ”

“ဟ… ဒါဆိုဘာလို့ခေါင်းညိတ်တာ”

“စာအိတ်အပြင်ဘက်မှာ နာမည် ရေးထားတယ်လေ”

“ဟမ်” သူ့ညီမလေးက ဤသို့ အချက်အလက်ကိုသူ့ကိုတောင်မပြောပြခဲ့သည့်အတွက် ဆရာတူညီမဆိုးဟု သတ်မှတ်လိုက်သည်။

“တစ်စိတ်လောက်နော်။ လုပ်စရာလေးရှိလို့” ကောင်တာ၀န်ထမ်းမလေးကိုပြောပြီးသောအခါ မုကျစ်ရှီကို တစ်ဘက်သို့ ‌ဆွဲခေါ်သွားလိုက်၏။

ကောင်တာနောက်က ၀န်ထမ်းမလေး ကြောင်အသွားသည်။

“ဘာလဲဟဲ့။ ဒီအချစ်ငှက်နှစ်ကောင် ရန်ဖြစ်တော့မှာလာ”

[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁]

မိန်းမများက စိတ်ကူးယဉ်ဆန်သည်မဟုတ်ပါလား။

“ငါ့ကိုမှန်မှန်ပြော။ စာအိတ်ထဲမှာ ဘာရေးထားတာလဲ” မုကျစ်ရှီကို တံခါးကျောကပ်အောင် ပိတ်ရပ်ပြီးတော့ စုရှောင်ရှန် မေးသည်။

အကြီးအကဲစန်းက ထိုစာအိတ်နှင့်ပတ်သက်၍ ထူးထူးဆန်းဆန်းပြုမူနေတာကြောင့် သူသိချင်မိသည်။ ထိုအဖိုးကြီးက သူတို့နှစ်ယောက်စလုံးကို ရောင်းစားလိုက်တာဆိုရင် ဘယ်လိုလုပ်မည်နည်း။

၎င်းက ဖြစ်နိုင်လောက်သည်။

မုကျစ်ရှီ၏ မျက်နှာကလေး အနည်းငယ် အနီရောင်သန်းသွားသည်။ “ငါတကယ် မဖတ်ပါဘူးဆို”

“ငါ့မျက်လုံးကို တည့်တည့်ကြည့်ပြီးတော့ ပြန်ပြောစမ်း” စုရှောင်ရှန် တံခါးပြားကြီးကို လက်ဖြင့် ထောက်လိုက်၏။

ဘန်း…။

မုကျစ်ရှီ သူ့ကို မကြည့်ရဲပေ။ သူမ၏ နားနှင့် မျက်နှာတို့က သွေးရောင်သန်းနေပြီး မျက်လုံးများကိုလည်း တင်းတင်းကြပ်ကြပ်ပိတ်ထား၏။

ထိုအခိုက်မှာ တံခါးနားကနေ ဟိန်းသံကြီးတစ်သံထွက်လာခဲ့သည်။

“အယုတ်တမာကောင်။ ကောင်မလေးကို လွှတ်လိုက်စမ်း”

စုရှောင်ရှန် လန့်ဖျန်သွား၏။ ပြီးမှ သူ့ကို ပြောနေတာဖြစ်ကြောင်း သဘောပေါက်သွားသည်။

ယခု မုကျစ်ရှီကို တံခါးကျောကပ်စေပြီး တံခါးကိုလက်ဖြင့်ထောက်ထားသည့်ပုံစံမှ သူတို့နှစ်ယောက်သည် မကောင်းသောအတတ်များသင်နေသည့် ဆယ်ကျော်သက်နှစ်ယောက်နှင့်ဆင်ပေသည်။

ဒါပေမယ့်… ဒီ‌လူက မဆီမ‌ဆိုင်ဘာ‌လာရှုပ်ရတာလဲ။

စုရှောင်ရှန် ရယ်လည်းရယ်လိုက်ချင်သလို အနည်းငယ်လည်း စိတ်အနှောက်အယှက်ဖြစ်သွားပြီး လည်ပြန်ကြည့်လိုက်သည်။

ဤနေရာက မှော်ဆေးပညာရှင်အစည်းအရုံးဖြစ်သည်ကို ဘယ်သူက လာပြီးတော့ ပြဿနာရှာရဲရသလဲ။ ထို့အပြင်က သူက သူ့ညီမလေးကို စစ်ဆေးမေးမြန်းနေတာ အပြင်လူက ဘာ၀င်ရှုပ်စရာလိုလဲ။

“ဒါလား သူရဲကောင်းက မိန်းမငယ်လေးကို ကယ်တင်တဲ့ ဇာတ်ညွှန်း”

ထိုဟိန်းဟောက်လိုက်သည့်သူက သားနားခန့်ညားစွာ ၀တ်ဆင်ထားသောလူငယ်တစ်ဦးဖြစ်သည်။ ထိုသူ၏ ၀တ်ရုံတွင် တိမ်တိုက်များအကြားမှာ ဖီးနစ်ငှက်များ ပျံလွှားနေသည့် ပုံများပါရှိသည်။ သူ့ခေါင်းအထက်က ဆံထုံးတွင် ခရမ်းရောင်ကျောက်စိမ်းဆံထိုးတစ်ခုနှင့် ခါးတွင်လည်း နဂါးသဏ္ဌာန် ခါးပတ်ခေါင်းပါရှိသည့် ခါးပတ်နှင့် သုံးပေလောက်ရှည်လျားသည့် ဓားတစ်ချောင်းကိုပိုက်ထားသည်။

ထို့အပြင်ကို ဘာလေမှ မတိုက်ဘဲ အ၀တ်အစားများက လှုပ်ခါနေ၏။ ဤသို့ ဂိုက်အပြည့်ဖြင့် ဟန်ထုတ်နေသော လူငယ်လေးကိုမြင်သောအခါ စုရှောင်ရှန် နောက်တွန့်သွားပေသည်။

ဤသို့ လူချောလေးကို မနက်က မှန်ကြည့်တုန်းကလည်း သူတွေ့ခဲ့ရပေမယ့် ယခုက မျက်နှာချင်း‌ဆိုင် တွေ့ဖူးခြင်းဖြစ်သည်။

“ဝိုးးးး”

စုရှောင်ရှန် အံ့ဩတကြီး သူ့ဆရာတူညီမလေးဘက်ကို ပြန်လှည့်ပြီးတော့ ပြောလိုက်သည်။ “ကလေးမလေး နင့်ရဲ့ ပွင့်လန်းချိန်ရောက်ပြီထင်တယ်”

မုကျစ်ရှီ စွံ့အသွား၏။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

ထို့နောက် ခေါင်းကိုတစ်ဘက်လှည့်ကာ မျက်စောင်းထိုးကြည့်လိုက်သည်။

ဒီအကောင်က ဘယ်ကလာတာလဲ။ ဘာလို့ သူတို့ရဲ့ နှစ်ကိုယ်ကြားကိစ္စကိုလာရှုပ်တာလဲ။

“အော်… လူတွေရဲ့ စိတ်ဓာတ်ကလည်း တစ်နေ့ထက် တစ်နေ့ ပိုပြီး ပျက်ပြားလာပါလား”

ဓားပိုက်ထားသောလူငယ်လေးက ဖြောင့်မတ်မှန်ကန်သော မျက်နှာထားဖြင့် ချဥ်းကပ်လာခဲ့၏။

ထိုစကားကိုကြားသောအခါ စုရှောင်ရှန်၏ အမူအရာထူးဆန်းသွားသည်။

သူတောင်ထို့ထက် ပိုကောင်းသော တော်ကီဖောက်တတ်‌၏။ ဒီကောင် ဒီလောက်ညံ့နေတာ မိန်းကလေးတစ်ယောက်ကို ဘယ်လို ကယ်ပြီး ဘယ်လို ဖမ်းစားနိုင်မှာလဲ။

အဖြူ၀တ် လူငယ်လေး ချဉ်းကပ်လာသည်နှင့် အမျှ စုရှောင်ရှန်လည်း နောက်တွန့်သွား၏။ မကြာခင် တံခါးနှင့် နီးကပ်သွားကာ ကြားထဲကလေးမလေး၏ မျက်နှာက သူ့ရင်ခွင်ထဲအပ်သွားလေသည်။

‘ဟင်။ ငါ၀င်ကယ်ပေးတာတောင် ဒီက ချစ်စရာကောင်မလေးက မပြေးသေးပါလား။ တော်တော်ကြောက်နေလို့ဖြစ်ရမယ်’

ထိုလူငယ်လေး၏ မျက်နှာထက်တွင် လူ့အကျင့်ပျက်ပြားလာမှုကို ရွံရှာသလို အမူအရာမျိုးရှိနေ၏။ သူက ကမ္ဘာကြီးကို သေရည်သောက်၍ ကဗျာစပ်ဆိုပြီး လှည့်ပတ်သွားလာ‌ခဲ့ဖူးသည်။ ထိုတွင် သူတွေ့ရသော လူအမျိုးမျိုးအနက် စုရှောင်ရှန်လို လူမျိုးကို စက်ဆုပ်ရွံရှာဆုံးဖြစ်ချေသည်။

“ကောင်မလေးကို လွှတ်လိုက်”

စုရှောင်ရှန် အချိန်အတော်ကြာအောင်တိတ်ဆိတ်နေပြီးမှ မေးလိုက်သည်။

“မင်းအလုပ်ပါလား”

လူငယ်လေး မှင်တက်သွားသည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

မုကျစ်ရှီလည်း ဒေါသထွက်သွားပြီးတော့ သူ့ကို ဆူပုတ်ပုတ်ပြောလိုက်သည်။ “နင်အရှက်မရှိဘူးလား။ ကိုယ့်ကိစ္စကို လုပ်လေ”

လူငယ်လေး ကြောင်အသွား၏။

‘ဒါ…’

သူဘယ်လို ကြည့်ကြည့် ထိုကောင်မလေးက သူ့ကို ပြောနေတာမလား။

‘ဘာလဲဟ’

သူက ကယ်တင်ပေးဖို့လုပ်နေတာလေ။ ဘာလို့ အပြောခံရတာက သူဖြစ်နေရတာလဲ။

‘ငါနင့်ကို ကယ်မလို့ပါဟ’

အဖြူရောင်၀တ်လူငယ်လေး ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး “မိန်းကလေး… အထင်မှားနေပြီ။ ငါက…”

“မင်းက မိန်းကလေးကို ကယ်တင်ပြီးတော့ ငါ့ကို ခုတုံးလုပ် တက်နင်းလိုက်မယ်မလား။ ပြီးတော့ ဒါကို အခွင့်ကောင်းယူပြီး ဒီက မိန်းကလေးနဲ့ ခင်မင်ရင်းနှီးအောင်လုပ်မယ် ဟုတ်တယ်ဟုတ်။ တော်ပါတော့ကွာ။ ဒီလို ပိန်းဥဖမ်းတဲ့နည်းတွေက ရိုးနေပြီ။ ဒီခေတ်ကြီးမှာ ဘယ်သူမှ မသုံးကြတော့ဘူး။ ပြီးတော့ မင်းက ငါ့ကို နင်းစရာ ခုတုံးဖြစ်စေလောက်အောက်လည်း မသန်မာဘူး။ မင်းကိုယ်မင်းဟုတ်လှပြီထင်မနေနဲ့။ လူလိမ်ကောင်”

အဖြူရောင်၀တ်လူငယ်လေး လန့်ဖျပ်သွား၏။ သူက သူရဲကောင်းက မိန်းကလေးကိုကယ်တင်သည့် ဇာတ်ကွက်ကိုနင်းရန်ကြံနေတာမှန်ပေမယ့် ဘာကို လူလိမ်ကောင်တုန်း။

ချက်ခြင်းလက်ငင်း ဒေါသများထိန်းမရအောင်ထွက်လာခဲ့ကာ “မင်းးးးး”

“ဘာ မင်းလဲ ဘာလဲ”

စုရှောင်ရှန် ဘုကြည့်ကြည့်ကာမေးလိုက်သည်။ “‌ငါပြောတာ မရှင်းလို့လား”

စုရှောင်ရှန်က ထိုလူငယ်လေးကို အထက်အောက်ကြည့်ပြီး သက်ပြင်းချလိုက်သည်။ “အပြင်ဘက်မှာတော့ သားနားနေတာပဲ အတွင်းဘက်မှကြတော့ ကြက်ဥပုပ်ကြီး”

အဖြူ၀တ်လူငယ်လေး ဒေါသငယ်ထိပ်ဆောင့်ပြီး သတိတောင်မေ့မျောမတတ်ဖြစ်သွားသည်။

‘ဒီကောင် ဘာကောင်လဲဟ။ ငါ့ကို တစ်ခုခုပေးပြောပါဦးလား။ လောက၀တ်မရှိဘူး။ ရိုင်းလိုက်တာ’

အဖြူ၀တ်လူငယ်လေး ပိုက်ထားသည့်ဓားက တဆတ်ဆတ်တုန်ရင်နေပြီး ပါးစပ်ကလည်း ပွစိပွစိ ‌တိုးတိုးတိတ်တိတ်ပြောနေသည်။ စုရှောင်ရှန် သူ့ရှေ့က မုကျစ်ရှီဘက်ကို ပြန်ကြည့်လိုက်ပြီးတော့ မေးလိုက်သည်။ “နင်တို့ မိန်းကလေးတွေက ဒီလို သားသားနားနား၀တ်ဆင်ပြီးတော့ ရုပ်ချောတာနဲ့ သဲသဲလှုပ် ကြိုက်ကြရောလား”

မုကျစ်ရှီ ထိုအဖြူ၀တ်လူငယ်လေးကို အသာအယာ တစ်ချက်အကဲခတ်လိုက်သည်။ ထို့နောက် စုရှောင်ရှန်ကို ပြန်ခိုးကြည့်ပြီးတော့ နီရဲနေသော မျက်နှာထားဖြင့်

“သူက နင့်လောက်မချောပါဘူး”

အပိုင်း (၂၈၉) ကောင်းကင်ဘုံ ကစားနည်း

အဖြူ၀တ်လူငယ်လေး ဒေါသထွက်လာသည်။ နောက်‌ဆုံးတော့ ထိုနှစ်ယောက်က အချင်းချင်းသိနေကြပြီးဖြစ်သည်ကို သဘောပေါက်သွားလေသည်။

“မင်း- မင်းတို့ မှော်ဆေးပညာရှင်များအစည်းအရုံးရှေ့မှာ ဒါမျိုးလုပ်ရဲတယ်ပေါ့”

“အဲ့တော့ဘာဖြစ်လဲ”

စုရှောင်ရှန်က ပြောသည်။ “ငါတို့က ဒီတိုင်း စကားပြောနေတာ မင်းဘာမင်း သူများကိစ္စကို လာစပ်စုတာလေ။ သွားပါတော့”

အဖြူ၀တ်လူငယ်လေး စုရှောင်ရှန်ပြောတာမှန်နေသည့်အတွက် ဘာပြောရမှန်းမသိဖြစ်သွားသည်။ ဒါပေမယ့် သူသာ ဒီတိုင်းထွက်သွားရရင် နာမည်ပျက်ချေမည်။

“မင်းနာမည်ဘာလဲ” သူက အလေးအနက်မေးပြီးတော့ ဓားကိုမြှောက်လိုက်သည်။ “ငါမင်းနဲ့ တိုက်ခိုက်ချင်တယ်”

“ဘာလဲဟ”

စုရှောင်ရှန်က မျက်ခုံးများကိုပင့်လိုက်သည်။ “သူရဲကောင်းလုပ်ပြီး မိန်းကလေးကို ရင်ခွင်မှာ မပိုက်နိုင်တော့ ငါ့ကို ဆုံးမချင်တယ်ပေါ့လေ”

အဖြူ‌၀တ်ကောင်လေးစွံ့အသွားသည်။

‘ဒီကောင်… ဒီကောင် ငါတွေးနေတာ ဘယ်လိုသိတာလဲ’

“ငါ…”

“ဘာကို ငါ ပြန်ပြီလဲ။ ဘာမှ ဆင်ခြေဆင်လက်တွေလာပေး‌မနေနဲ့” စုရှောင်ရှန် လက်ကိုဝှေ့ရမ်းကာပြောလိုက်သည်။ “ရှင်းပြတယ်ဆိုတာ အမှန်တရားကိုဖုန်းကွယ်ခြင်းပဲ ဆိုတဲ့အဆိုလည်းရှိတယ်။ လက်လျော့လိုက်ပါတော့”

အဖြူ၀တ်လူငယ်လေး နှလုံးထဲ သွေးများဆောင့်တက်သွားပြီး ပျို့ချင်သလိုလိုဖြစ်လာ၏။

စုရှောင်ရှန်က မှင်တက်သွားသော မျက်နှာကြီးဖြင့် “မဖြစ်နိုင်တာ။ ဒီလောက်လွယ်လွယ်နဲ့ သွေးအန်တော့မယ်ပေါ့”

သူထိုစကားပြောလိုက်တာနှင့် မျက်နှာများတောင်နီရဲလာခဲ့သော အဖြူ၀တ်လူငယ်လေး ရင်ဘက်ထဲက စူးကတည်း အောင့်သွားတာခံစားလိုက်ရသည်။

“ဖူးးး”

သူက သွေးတော့အန်ထုတ်ခြင်းမဟုတ်ဘဲ လေနှင့် တံတွေးများသာဖြစ်သည်။

စုရှောင်ရှန် စက်ဆုပ်ရွံရှာသလို အမူအရာပြသ၍ မုကျစ်ရှီကို ချက်ခြင်း သူ့နောက်မှာကာလိုက်ကာ နောက်ကို ဆုတ်လိုက်သည်။

အဖြူ၀တ်လူငယ်လေး ရှက်သလို ဒေါသလည်းထွက်သွားပြီးတော့ ဓားကို အပေါ်တည့်တည့်မြှောက်ကာ အော်လိုက်သည်။ “ခွေးကောင်။ ပြန်လာစမ်း။ ငါနဲ့ လာတိုက်ခိုက်”

“ဘယ်လို အရူးလဲ…” စုရှောင်ရှန် သက်ပြင်းချလိုက်သည်။ “ဒီနေ့ခေတ်မှာ ဘယ်သူမှ အလကားနေရင်း မတိုက်ခိုက်တော့ဘူး။ အဲ့လောက်ဖြစ်နေရင် သေခြင်းရှင်ခြင်း ချကြမယ် ဘယ်လိုလဲ”

အဖြူ၀တ်လူငယ်လေး မှင်တက်သွား၏။

‘ဒီကောင်… နည်းနည်း တည့်တိုးမဆန်လွန်းဘူးလား။ ထမင်းစေ့ကို ပုစိန်နဲ့ပေါက်စရာတော့မလိုပါဘူးဟ’

သူငြင်းလိုက်ချင်ပေမယ့် ဘေးနားမှာ ရပ်ကြည့်နေသည့်လူများက စတင်၍ များပြားလာပြီဖြစ်သည်။

ထိုအကြည့်များအောက်မှာ သူ့လို မိုက်ရူးရဲဆန်တတ်သည့် အရွယ်မှာ ရှိနေသေးတဲ့ လူငယ်တစ်ယောက်က ဘယ်လို ‌တည်တည်ငြိမ်ငြိမ်တွေးတောနိုင်တော့မလဲ။

“…”

“ခဏနေဦး”

ထိုလူငယ်လေးပါးစပ်မဟရသေးခင်မှာ စုရှောင်ရှန် ကြားဝင်ဖြတ်မေးလိုက်သည်။ “သေချာစဉ်းစားနော်။ စိတ်လိုက်မာန်ပါမလုပ်နဲ့ ပြီးမှ နောင်တရရင် နောက်ကျသွားပြီ”

ထိုစကားကြောင့် အဖြူ၀တ်လူငယ်လေးစိတ်လျော့လိုက်သလို စုရှောင်ရှန်ကလည်း စကားဆက်လိုက်သည်။ “မင်းငါ့ကို အနိုင်ယူနိုင်မှာလဲမဟုတ်ဘူး။ အဲ့တော့ ဒီလောက်ကိစ္စသေးသေးလေးနဲ့ မသေချင်စမ်းပါနဲ့”

“ဖူးးးး”

ဒီတစ်ခေါက် ထွေးထုတ်လိုက်မိသော တံတွေးများအတွင်း အနီရောင်အစက်အနည်းငယ်ပါလာ၏။

‘ငါ့လို အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်က မင်းကို ဘာလို့ အနိုင်မယူနိုင်ရမှာလဲ’

“ငါ…”

“နေဦး”

“…”

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် မဆီမ‌ဆိုင်ကျိန်ဆဲခံလိုက်တာကြောင့် ကြောင်အသွား၏။ ဤတစ်ကြိမ်အော်လိုက်တာသူမဟုတ်ပေ။ သို့ဖြင့် အသံလာရာဘက်ကို လက်ညိုးထိုးပြလိုက်သည်။

အဖြူ၀တ်လူငယ်လေးလည်းလှည့်ကြည့်လိုက်၏။ သူဘာလို့ ဒီလောက်ကံမကောင်းရတာလဲ နားမလည်နိုင်ပေ။ ဤရိုးရှင်းတဲ့ ခရီးစဉ်လေးက ဘာလို့ ဒီလောက်အသည်းပေါက်ဖို့ကောင်းနေရတာလဲ။

ထိုစကားကိုဆိုလိုက်သည့်သူက သူသိသည့် အစောင့်တစ်ယောက်ဖြစ်သည်။

ထိုအစောင့်က လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ သူ့ကို နှုတ်ဆက်လိုက်သည်။ “ဖုသခင်လေး။ ဒါက မှော်‌ဆေးပညာရှင်များအစည်းအရုံးပါ။ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့”

ထို့နောက် သူက စုရှောင်ရှန်ထံကိုလျှောက်သွားပြီး ညှင်သာစွာပြောလိုက်သည်။ “ဒီက လူကြီးမင်းလည်း ဖုသခင်လေးကို ကောင်းကောင်းမွန်မွန်စကားပြောပေးပါ။ ဟိုမှာ ‌သွေးတောင်အန်တော့မယ်”

စုရှောင်ရှန် ခွန်းတုန့်ပြန်ရမလား တွေဝေသွား၏။

ဖုသခင်လေးတဲ့။ ထိုမျိုးရိုးနာမည်ကို သူရင်းရင်းနှီးနှီးသိနေသလိုခံစားရသည်။ ထိုမှ ဖုယင်ဟုန်ဆိုသည့် နာမည်ကို သတိရသည်။

ရွှေအစည်းအရုံး နောက်ဖေးလမ်းက မြို့စောင့်တပ် ဒုခေါင်းဆောင်ဖြစ်သည့် ထိုမိန်းမကို မြင်ယောင်မိသောအခါ သူ့မျက်နှာထက်၌ ထူးဆန်းသော အမူအရာပေါ်လာခဲ့၏။

‘မဖြစ်နိုင်တာ။ ကမ္ဘာကြီးက ‌ဒီလောက် ကျဉ်းလား။ တွေ့စရာရှားလို့ကွာ။ ဖုမျိုးရိုးကလည်း ထျန်းစန်းမြို့တော်က နာမည်ကြီးတဲ့ မျိုးနွယ်စုတစ်ခုခုကလားဟ’

သူက ထိုအစောင့်နားကိုကပ်ကာ တိုးတိုးလေးမေးလိုက်သည်။ “မြို့တော်၀န်ရဲ့ မျိုးရိုးနာမည်က ဘာလဲ”

အစောင့်၏ မျက်နှာထက်၌ သနားသလို အမူအရာမျိုးပေါ်လာ၏။ ကြည့်ရတာ ဤကောင်လေးက အပြင်ဘက်က လာခဲ့သောသူဖြစ်ဟန်ရပေသည်။

ဒေသခံ‌ဆိုရင် မြို့တော်၀န်၏ သားကို ဤသို့ ဘယ်လိုပြန်ပြောရဲမလဲ။

“မြို့တော်၀န်မျိုးရိုးက ဖု။ ဒါက မြို့တော်၀န်ရဲ့သားကြီး ဖုရှင်း”

စုရှောင်ရှန်၏ နှလုံးဒုတ်ကတည်း တစ်ချက် ဆောင့်ခုန်သွားပြီး ခြေထောက်များလည်း နောင်တ တရားများဖြင့် ပျော့ခွေသွား၏။

ဖုရှင်း… မြို့တော်၀န်၏ အကြီးဆုံးသား…

ဒါဆို တစ်နေ့က သူတွေ့လိုက်သည့် ဖုယင်ဟုန်က ဒီကောင့်ရဲ့ ညီမပေါ့။

သူတို့နှစ်ယောက်စလုံးက မြို့တော်၀န်အိမ်ကဖြစ်နေပေသည်။

သူ့လို ယခုမှ တောင်အောက်ကဆင်းလာသည့် လူတစ်ယောက်က ဒီလို အကောင်ကြီးတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်မှ ဘာလို့ တွေ့ရတာလဲဟ။ ဒီအဓိက ဇာတ်ကောင်တွေက ဘာလို့ ထျန်းစန်းမြို့တော်ထဲမှာ လျှောက်သွားနေကြတာလဲ။

စုရှောင်ရှန် ထိုအဖြူ၀တ်လူငယ်လေးကို အတည်ပြုချင်သေးပြီး မေးလိုက်သည်။ “မင်းရဲ့ မျိုးရိုးနာမည်က ဖုလား”

“မဟုတ်ဘူး။ ငါ့မျိုးရိုးနာမည်က ဖုမဟုတ်ဘူး”

မြို့တော်၀န်၏ သားဖြစ်သူ ဖုရှင်းက စုရှောင်ရှန်နှင့် တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထား၏။ ယခု သူ့သရုပ်မှန်သာ ပေါ်သွားမယ်ဆိုရင် စုရှောင်ရှန် သူနှင့် တိုက်ခိုက်ရဲတော့မည်မဟုတ်ချေ။

ဤပြဿနာကို မြို့စောင့်စစ်သည်များထံ လက်လွှဲလိုက်ရမည့် အဖြစ်ကို သူမလိုလားပါပေ။

“မင်းငါနဲ့ တိုက်ခိုက်ချင်တာမလား” စုရှောင်ရှန်ကမေးသည်။

“ဟုတ်တယ်”

“ဒါဆို ငါစည်းမျဉ်းတွေ ချလို့ရလား”

ဤတိုက်ပွဲကို ယခု မဖြေရှင်းဘဲ ရှောင်လွှဲလိုက်ရင် အနာဂါတ်မှာ ပြဿနာပိုတက်လာမည်ကို စုရှောင်ရှန် သိပေသည်။

‘တစ်နေ့က မြို့စောင့် စစ်သည်ကို ငါတိုက်ခိုက်လိုက်တဲ့အတွက် ဖုယင်ဟုန်ပါ ပါလာရင် ပိုရှုပ်ကုန်ဦးမယ်’

ဖုရှင်း မှင်တက်သွား၏။ ဒီအကောင်က သူ၏ သရုပ်မှန်ကိုသိတာတောင် သူနှင့် တိုက်ခိုက်ရဲသေးတယ်ပေါ့။

စုရှောင်ရှန်ကို တစ်မျိုးတောင် ပြောင်းမြင်လာခဲ့သည်။

မုကျစ်ရှီကို စောင်းငဲ့ကြည့်ပြီးတော့ ဖုရှင်းဆိုလိုက်သည်။ “ရတယ်လေ”

“ကောင်းပြီ”

စုရှောင်ရှန်က လက်ခုပ်လက်ဝါးတီးကာ ပြောလိုက်သည်။ “ငါ့မှာ အနိုင်အရှုံးကို ကောင်းကင်ဘုံက ဆုံးဖြတ်ပေးမယ့် ‌နည်းလမ်းတစ်ခုရှိတယ် မင်းလက်ခံရဲလား”

“ဘာလို့ ကြောက်နေရမှာလဲ။ လုပ်လိုက်တော့”

“မင်းရှုံးသွားရင်ရော”

ဖုရှင်းက ထေ့ငေါ့စွာ မေးလိုက်သည်။ “ငါရှုံးမယ်လို့ ထင်နေတာလား”

“ဟုတ်တယ်”

“ဟားဟားဟား” ဖုရှင်း ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ “ငါရှုံးရင် မင်းကြိုက်တာလုပ်”

“ငါကြိုက်တာလုပ်လို့ရတယ်ဆိုတော့ မင်းရဲ့ သခင် မဖြစ်သွားဘူးလား”

ထိုသို့ပြောပြီးပြီးချင်းသူ့ကိုကြည့်နေသည့် လူများ၏ အကြည့်များ ပြောင်းလဲသွားတာကို ခံစားမိသောအခါ စုရှောင်ရှန် အလျင်အမြန် ထပ်လောင်းပြောကြားလိုက်သည်။ “မင်းရဲ့ နောက်ခံနဲ့ဆို ဒါက မဖြစ်နိုင်ဘူး။ အဲ့တော့ ဒီလိုလုပ်လေ မင်းရှုံးရင် ငါ့ကို သခင်လို့ခေါ်စရာမလိုဘူး။ အကိုကြီးလို့ခေါ်ရမယ် ဘယ်လိုလဲ”

ဖုရှင်း အေးတိအေးစက်ပြုံးလိုက်သည်။

ဤအကောင်က ယုံကြည်ချက်လွန်ကဲနေ၏။ ယှဉ်ပြိုင်မှုတောင်မစရသေးခင်မှာ သူနိုင်မယ်လို့ ကြိုတွက်ထားလေသည်။

“ကဲ ဒါဆိုရင် စရအောင်” စုရှောင်ရှန် ဗလုံးဗထွေးပြောလိုက်သည်။

“နေဦး”

စုရှောင်ရှန်၏ စကားများအတွင်းမှာ ဟာကွက်များကိုတွေ့ရှိရတာကြောင့် ဖုရှင်း အလှည့်စားခံရမည်‌စိုး၍ တားလိုက်သည်။

“မင်းဘာကို ဝေ့လည်ကြောင်ပတ်လုပ်နေတာလဲ။ မင်းရှုံးရင်ရော”

ဒီကောင် မတုံးပါလားဟု စုရှောင်ရှန် အံ့အားသင့်သွား၏။

“ငါရှုံးရင်…” သူ့ရှုံးမယ်လို့ စုရှောင်ရှန် မတွက်ထားသည့်အတွက် ဘာပေးရမလဲ မသိဖြစ်နေသည်။

“ငါရှုံးရင် မင်းအလိုချင်အဆုံးအရာငါပေးမယ်”

“အို” ဖုရှင်းက သိချင်စိတ်ပြင်းပြသွားကာ “ငါအလိုချင်းအဆုံးအရာကို မင်းသိတယ်ပေါ့”

“အေး”

မုကျစ်ရှီကို ရှေ့ထုတ်လာပြီးတော့ မေးလိုက်သည်။ “မင်းဒါလိုချင်တာမလား”

မုကျစ်ရှီ ပြောစရားကားများပျောက်ရှသွားသည်။

စုရှောင်ရှန် တိုက်ခိုက်တိုင်းမှာ ဘာကြောင့်မှန်းမသိ အမြဲတမ်းသူမက မဆီမဆိုင် ဆွဲထည့်ခံရ၏။ အဘယ်ကြောင့် ထိုသို့ ဆက်တိုက်ဖြစ်နေရတာလဲ။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

ဖုရှင်းလည်း အံ့အားသင့်သွားပေမယ့် သူလိုချင်သလိုဖြစ်နေတာကြောင့် သဘောတူရမလား တွေဝေသွားသည်။

‘ငါသဘောတူရမလား။ ဒါပေမယ့် သိပ်မကောင်းဘူးထင်တယ်…’

“ဟန်ဆောင်မနေပါနဲ့ မင်း သဘောတူချင်‌နေတာ ငါသိပါတယ်”

စုရှောင်ရှန် သူ့ကို ဖော်ထုတ်လိုက်သည်။ “လာပါ မူမနေနဲ့တော့”

ဖုရှင်း၏ မျက်နှာ နီရဲသွားသည်။ ဤလောင်းကြေးစားကြေးကိုလည်း မပြောင်းချင်တော့တာကြောင့် ပြောလိုက်သည်။ “‌စည်းမျဉ်းတွေကို ရှင်းပြတော့”

စုရှောင်ရှန် ခေါင်းညိတ်ပြီးတော့ လက်နောက်ပစ်၍ ရှေ့တက်လိုက်သည်။

“ ဒါကို ကောင်းကင်ဘုံကစားပွဲလို့ခေါ်တယ်။ ဒီကစားပွဲက ကံအပေါ်ကို လုံးလုံးလျားလျားမူတည်ပြီးတော့ ဒီကမ္ဘာကြီးမှာ တစ်ခါမှ မကစားဖူးလောက်ဘူး”

“စည်းမျဉ်းကရိုးရှင်းပါတယ်။ မင်းက လက်ငါးချောင်းကိုဆန့်ပြီးဖြန့်ထုတ်လိုက်မယ်‌ဆိုရင် ကံကြမ္မာပဲ။ မင်းက ကံကြမ္မာကိုရွေးချယ်လိုက်တယ်ဆိုရင် ‘ငါ့ ကံကြမ္မာကို ငါရွေးချယ်မယ်’၊ ‘ဘယ်သူ့ကိုမှ ဦးမညွှတ်ဘူး’ ဆိုတာ ဖော်ပြတဲ့ လက်နှစ်ချောင်းနဲ့ တန်ပြန်တိုက်ခိုက်နိုင်တယ်”

“ဒီဟာကို တန်ပြန်ဖို့ နောက်ထပ် ကောင်းကင်ဘုံလမ်းစဉ်ကတော့…”

“လက်သီးပြရမှာမလား” ဖုရှင်းဆိုလိုက်၏။

“ဟုတ်တယ်။ လက်သီးနဲ့ပဲ ကံကြမ္မာကိုဆန့်ကျင်တဲ့သူတွေကိုတားနိုင်မယ်။ ဘာလို့ဆို ကံကြမ္မာ‌ဆိုတာ တွန်းလှန်နိုင်တဲ့အရာ မဟုတ်…”

တစ်ခုခု မှားနေတာ စုရှောင်ရှန်သတိထားမိလိုက်ပြီး စကားပြောရင်း ရပ်တန့်သွားသည်။

ထို့နောက် ခေါင်းကိုမော့ကြည့်လိုက်သောအခါ နက်မှောင်နေသော မျက်နှာထားဖြင့် ဖုရှင်းကိုမြင်ရ၏။ သူချက်ခြင်းပဲ အထိတ်တလန့်ဖြစ်သွားကာမေးလိုက်သည်။

“မင်းဒီကစားနည်းကိုသိတယ်ပေါ့”

အပိုင်း (၂၉၀) လက်သီးတစ်ချက်အလောင်းအစား

ဖုရှင်း စော်ကားခံရသလို ခံစားလိုက်ရ၏။

အစကနဦးက ဒီအကောင်ပြောနေသော ကောင်းကင်ဘုံကစားနည်းဆိုတာကြီးကို သူစိတ်၀င်စားနေသေးသည်။

ဘာဖြစ်ဖြစ် သူက အဆင့်မြင့်စိတ်ဝိညာဉ်ဖြစ်ပြီးတော့ ဤအကောင်က မူလနန်းတော်နယ်ပယ် အလယ်ပိုင်းဖြစ်ပေသည်။

သူ့သည် မြို့တော်၀န်တစ်ယောက်၏သားဖြစ်သဖြင့် ဖြောင့်မတ်မှန်ကန်ပြီး အားနည်းသည့်သူကို အနိုင်မကျင့်ခြင်ပေ။

သို့ပေမယ့် ဒီကောင်က အရည်မရအဖက်မရတွေလာပြောနေခဲ့၏။

သူပြောတဲ့ကောင်းကင်ဘုံကစားပွဲဆိုတာက ငယ်စဉ်က သူဆော့ရတာအရမ်းကြိုက်ခဲ့သည့် ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေးမဟုတ်လား။

‘ငါ့ကို မြို့တော်၀န်သားဆိုပြီး ငယ်ဘ၀ မရှိခဲ့တဲ့ကောင်လို့များဒီကောင်ထင်နေတာလား။ ချီးကို သွားပြီး ကောင်းကင်ဘုံကစားနည်းလိုက်ပါလား…’

ဖုရှင်းဒေါသထွက်လွန်းလို့ သူ့မျက်နှာတောင် သွေးယိုထွက်တော့မကဲ့ နီရဲလာခဲ့၏။

ထိုမှ ဤကမ္ဘာကြီးတွင်လည်း ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေးရှိပါလားဟု စုရှောင်ရှန် သဘောပေါက်သွားသည်။

သို့သော် ပြောပြီးသောစကားကပြန်ရုတ်သိမ်း၍မရတော့ချေ။

ဘေးနားက ပွဲကြည့်နေကြသူများလည်း ဘာဖြစ်နေသလဲ သဘောပေါက်သွားကြပြီး ငိုရမလား ရယ်ရမလားမသိသော အမူအရာမျိုးပြလာကြတာကိုမြင်လျှင် ကိုယ်ကိုချက်ခြင်းမတ်ပြီး တည်ငြိမ်သောလေသံဖြင့် စကားဆက်ဆိုလိုက်သည်။

“မင်းဒီကစားပွဲကိုမကြိုက်ဘူးပေါ့။ ဒါဆို … အဖြူနဲ့အနက် ယှဉ်ပ်ြိုင်မလား”

ဖုရှင်း၏ နှုတ်ခမ်းတွန့်သွားသည်။ ‘ဒီကောင်… ငါ့ကို ကလေးတစ်ကောင်ထင်နေတာလားဟ။ ဒီချော့နေသလို အသံက ဘာသဘောလဲ။ လာစော်ကားနေတာလား’

“ဘာမှ လျှောက်မပြောနဲ့တော့ တိုက်ခိုက်မယ်”

သူ့ဓားကိုမြှောက်လိုက်ပေမယ့် နောက်က အရှိန်အဟုန်က ပျက်ဆီးသွားပြီဆိုတာ သိလိုက်ရသည်။

‘မဟုတ်သေးပါဘူး။ ဓားလေးမြှောက်တာတောင် ဘာလို့ အားမပါသလို ခံစားနေရတာလဲဟ’

စုရှောင်ရှန်လည်း ပုခုံးကိုတွန့်လိုက်သည်။ “ကောင်းပြီလေ မင်းဖြစ်စေချင်သလိုပေါ့”

“လိုက်ခဲ့”

ဖုရှင်း နောက်လှည့်ပြီးတော့ မြို့အတွင်းမှာရှိသည့် သေခြင်းရှင်ခြင်းတိုက်ခိုက်လို့ရသည့် ကွင်းပြင်ရှိရာကိုသွားလိုက်သည်။ သူ့နောက်က စုရှောင်ရှန် တကယ် လိုက်လာမည်ဟု ထင်နေ၏။

စုရှောင်ရှန်က သူ၏ အကြံအစည်များကို ဤသခင်လေး ဖြစ်စေချင်တဲ့ ဆန္ဒကြောင့် အပျက်ဆီးခံမတဲ့လား။

သူ့လက်ကို ချက်ခြင်းမြှောက်ပြီးတားလိုက်သည်။ “ရောင်းရင်း… နေပါဦး”

“သေခြင်းရှင်ခြင်းတိုက်ခိုက်တာက အလုပ်ရှုပ်လွန်းတယ်။ ငါတို့ တစ်ယောက်တစ်ချက်ထိုးကြမယ်လေ။ အဝေးဆုံးပိုလွင့်သွားတဲ့သူက အရှုံးပေါ့။ ဘယ်လိုလဲ”

ဖုရှင်းသူ့ကိုလှည့်ကြည့်ပြီး အေးစက်စက်‌ပြုံးပြလိုက်သည်။

“မလုပ်နဲ့…” အစောင့်ဘာဆက်ပြောရမှန်းတောင်မသိတော့ချေ။

“ဟေ့လူ…” စုရှောင်ရှန်က ထိုအစောင့်ကိုပြန်ကြည့်ကာ “တစ်ယောက်တစ်ချက်ထိုးတာက ဘာပြဿနာရှိလို့လဲ။ စိတ်မပူပါနဲ့။ ကျုပ်က အထိုးပဲခံမှာပါ။ သူ့ကိုမထိုးပါဘူး”

အစောင့် သဘောတူရမလားတွေဝေသွားပြီး နောက်ဆုံးတော့ ခေါင်းညိတ်လိုက်ရသည်။ “ကောင်းပြီလေ… ဒီမှာပဲချကြ။ ငါကြီးကြပ်သူလုပ်မယ်။ ပြီးတော့ မြန်မြန်လုပ်ကြ ပြဿနာထပ်မရှာကြနဲ့တော့”

သူရှေ့ကလူငယ်လေးသည် ဖုရှင်းမှာ မြို့တော်၀န်၏ သားဆိုတဲ့ သရုပ်မှန်ကိုသိပြီးသောအခါ တိုက်ခိုက်ချင်စိတ်များပျောက်ဆုံးသွားတာလို့ ထင်နေသည်။

ဒီကောင်က သိတတ်သားပဲ။ ထျန်းစန်းမြို့တော်အတွင်းမှာ ဖုမျိုးရိုးနှင့် လူများကို သွားရှုပ်ခြင်းက ပြဿနာရှာနေတာပဲဖြစ်သည်။ ဤသို့သော ပြဿနာမျိုးကို မြန်မြန်ဆန်ဆန်ဖြေရှင်းလိုက်သင့်၏။

သူတို့သာ သေခြင်းရှင်ခြင်းတိုက်ခိုက်နေကြရင် ပွဲကြည့်သူများကို ပိုမိုဆွဲဆောင်စေကာ ပို၍ ဆူညံပွက်လောရိုက်သွားစေလိမ့်မည်။

ဤအကောင်၏ အသက်က အရေးမကြီးပေမယ့်လို့ မြို့တော်၀န်၏သား တစ်ခုခု အနာတရဖြစ်သွားလို့ မဖြစ်ပေ။ မဟုတ်ရင် ကွိုင်အကြီးကြီးတက်သွားနိုင်သည်။

ဆိုတော့ ဤနေရာတွင်သာ ကိစ္စဖြတ်လိုက်သည်ကအေးသည်။ သူကိုယ်တိုင်လည်း ကြီးကြပ်မည်ဖြစ်ရာ ဘာပြဿနာမှ မရှိလောက်ဟု တွက်လိုက်၏။

“လက်သီးတစ်ချက်”

ဖုရှင်းကိုကြည့်ကာ စုရှောင်ရှန် အလေးအနက်ဆိုလိုက်သည်။ “မင်းအရင်ချ”

ဖုရှင်းသူ့လက်ထဲက ဓားကို ပြန်သိမ်းလိုက်၏။ သူက ဓားသမားဆိုပေမယ့် လုပ်သင့်တာ၊ မလုပ်သင့်တာကို ခွဲဖြာနိုင်ပါသည်။ စုရှောင်ရှန်က မြို့နေလူတစ်ယောက်ဖြစ်ရာ သတ်လိုက်သည်အထိတော့ လုပ်၍မဖြစ်ချေ။

သူလုပ်လိုက်လျှင်လည်း မြို့တော်၀န်၏ သားအနေဖြင့် ပြစ်မှုက ကြီးကြီးမားမားမြောက်လိမ့်မည်မဟုတ်ပေ။ သို့သော် ထိန်းသိမ်းစရာ နာမည်လေး ဘာလေး ရှိသေးသည်မဟုတ်ပါလာ။

“မင်းအရင်ချပါ” သဘောထားကြီးစွာ သူက ဆိုသည်။

စုရှောင်ရှန်ခေါင်းကိုခါရမ်းလိုက်ပြီးတော့ “မဟုတ်ဘူး မင်းအရင်ချ”

ဤအကောင် ယဉ်ကျေးလာပါလားဟု ဖုရှင်းတွေးတောနေစဉ် နောက်မှ ထပ်လောင်းပြောတာ ကြားလိုက်ရသည်။ “ငါအရင်ချလိုက်ရင် မင်းတောက်ပစရာ အခွင့်အရေးတောင်ရှိလိုက်မှာ မဟုတ်ဘူး ဖြစ်သွားမယ်”

“…”

“လေးကြီးနေတယ်” ဖုရှင်း ဒေါပွသွားသည်။

[မြှောက်ပင့်ခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် အနည်းငယ် စိုးရိမ်သွားကာ နောက်က ဆက်ပြောလိုက်သည်။ “လက်သီးနဲ့ထိုးဆိုတာနဲ့ တစ်ခါတည်းအများကြီးထိုးလို့ရတဲ့ နည်းစနစ်နဲ့မလုပ်နဲ့နော်”

“မလုပ်ပါဘူးဟ”

“အေး ပြောတဲ့အတိုင်းလုပ်”

‘ဒါဆိုရင်တော့ ဒီကောင်မလျှောသွားလောက်တော့ပါဘူး။ အနည်းဆုံး ဒဏ်ရာအနည်းငယ်ရတာလောက်တည်းပေါ့’

စုရှောင်ရှန် တွေးလိုက်ရင်း ဖုရှင်းကို မျှော်လင့်နေသော မျက်၀န်းများဖြင့်ကြည့်လိုက်သည်။

‘လာစမ်း။ အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်ရဲ့ ခွန်အား ဘယ်လိုရှ်ိလဲ ကြည့်ကြသေးတာပေါ့။ ငါလည်း ငါ့ကြော့ကွင်းနဲ့ မာကျောမှုတို့ရဲ့ လက်ရှိ စွမ်းရည်တွေကို သိနိုင်မယ်’

စုရှောင်ရှန်၏ မျက်နှာထက်က မျှော်လင့်သလိုလို အကြည့်ကိုမြင်ရသောကြောင့် ဖုရှင်း၏ အမူအရာ ထူးဆန်းသွားခဲ့သည်။

‘မဖြစ်နိုင်တာ။ ဒီကောင်က ငါအဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်မှာရှိနေတာသိရက်နဲ့တော့ ဘာမှ မပြင်ဆင်ထားဘဲ ဒီလောက် စိတ်အားထက်သန်နေတာမဖြစ်နိုင်ဘူး။ ဝှက်ဖဲတစ်ခုခုတော့ရှိရမယ်’

သို့ဖြင့် စုရှောင်ရှန်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က မရိုးရှင်းဟု တွက်လိုက်သည်။ ဘယ်လောက်မရိုးရှင်းသလဲကိုတော့ သူမသိပါချေ။

‘ဘာဖြစ်ဖြစ် ဒဏ္ဌာရီလာ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်တော့မဖြစ်နိုင်ဘူးမလား’ (စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ကတောင် အတော်ရှားပုံရပါတယ်)

‘လက်သီးတစ်ချက်ဆိုလည်း ငါဘာလုပ်နိုင်လဲ ပြရသေးတာပေါ့’

ဖုရှင်းတုန့်‌ဆိုင်း‌နေတာ ရပ်တန့်ပြီး လက်သီးချီမြှောက်လိုက်သည်။ ခရမ်းရောင်စိတ်ဝိညာဉ်အနှစ်ဖျော့ဖျော့လေးသူ့အနားတွင်စတင်၍ လည်ပတ်လာပြီး‌ ဒေါသထွက်နေသော မျက်နှာနှင့် နဂါးတစ်ကောင်ပုံစံကို တဖြည်းဖြည်းပြောင်းသွားတော့၏။ ထိုနဂါးက တောင်တွေဖြိုပြီး ပင်လယ်ကိုတောင်ခမ်းခြောက်အောင်လုပ်နိုင်သည့် ဟန်ရှိသည်။

ပွဲကြည့်သူများလည်း နောက်သို့ အနည်းငယ် ဆုတ်လိုက်ကြသည်။ အစောင့်တစ်ယောက်ကြီးကြပ်နေတယ်ဆိုရင်တောင် ထိုလက်သီးချက်က သူတို့အတွက်တော့ စွမ်းအားကြီးလှပေသည်။

“ဒါ မြို့ဝောာ်၀န်စံအိမ်တော်က အရှင်သခင်နယ်ပယ်စိတ်ဝိညာဉ်နည်းစနစ် ခရမ်းနဂါးဟိန်းဟောက်ခြင်းမလား”

“ဟုတ်လောက်မယ်။ ဓားသမားဖြစ်နေတာတောင် ခရမ်းနဂါးကို မြို့တော်၀န်ရဲ့သား တတ်မြောက်ထားမယ်လို့ တကယ်ထင်မထားဘူး”

“အေး။ သူသာဓားသုံးမယ်ဆိုရင် တစ်ဘက်က လူငယ်ကတော့ ချက်ခြင်းခေါင်းပြတ်သွားနိုင်လောက်တယ်”

“ဒီခရမ်းနဂါးက ဒုခေါင်းဆောင်ဖုထက် ပိုသေးတယ်ဆိုပေမယ့် ဘာဖြစ်ဖြစ်ကို သဏ္ဌာန်ပြောင်းနိုင်တာ အထင်ကြီးဖို့ကောင်းနေပြီလေ။ သူ့ဆန့်ကျင်ဘက်က ကိုယ့်နေရာကိုယ်မသိတဲ့ကောင်‌တွေကို ပညာပေးဖို့ လုံလောက်နေပါပြီ”

“…”

လူအုပ်ကြီး၏ ဆွေးနွေးသံများကြောင့် ၎င်းက ဘာလဲဆိုတာ စုရှောင်ရှန် သိသွားသည်။

ဖုရှင်းက ဤနည်းစနစ်၏ အခြေခံအ‌ဆင့်လောက်ကိုသာတတ်ထားတယ်‌ဆိုရင်တောင် သူအတိတ်ကမြင်ခဲ့ဖူးသမျှ အရှင်သခင်နယ်ပယ်နည်းစနစ်များထက် အပုံကြီးသာနေလေပြီ။

‘ဒီနည်းစနစ်ကို လေ့ကျင့်ဖို့ဆိုတော်တော်ခက်ခဲမှာပဲ။ လာစမ်း ဘာလုပ်နိုင်သလဲ ကြည့်ရအောင်။ မင်းဘယ်လောက်သန်မာသလဲပြစမ်း’

စုရှောင်ရှန်၏ စိတ်ထဲက အော်သံကို တုန့်ပြန်သကဲ့သို့ ဖုရှင်း၏ လက်က နဂါးကြီးသဏ္ဌာန်ဖွဲ့စည်းတာပြီးမြောက်သွားပြီး သူကလည်း “ရော့ ခံနိုင်ရင်ခံစမ်း”

သို့ဆိုပြီး ရှေ့တက်၍ လက်သီးကိုပစ်သွင်းလိုက်ရာ ခရမ်းရောင်နဂါးကြီးကလည်း ဒေါသတကြီးဟိန်းဟောက်လိုက်၏။

ဘုတ်…။

ပုရိသတ်များ၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင်ပင် ဟိန်းဟောက်နေသော ထိုနဂါးကြီးနှင့်အတူ ဖုရှင်း၏ လက်သီးချက် စုရှောင်ရှန်၏ ရင်ဘက်ပေါ်ကျသွားခဲ့သည်။

ဘုန်း…။

ရှေးဦးစစ်ပွဲဗုံများကို တီးလိုက်သလိုအသံဖြင့် နက်ရှိုင်းလှသော ပေါက်ကွဲသံကြီး လျှပ်တပြက်အတွင်း ထွက်ပေါ်လာခဲ့သည်။

ဤလက်သီးချက်အောက်မှာ ခရမ်းရောင်နဂါးကြီး စုရှောင်ရှန်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွား၏။ ထို့အတူ လက်သီးချက်နှင့် ခန္ဓာကိုယ်တို့ ထိတိုက်သည့် ဆုံချက်က‌နေ သန်မာသောလှိုင်းများ ပေါက်ကွဲ ထွက်လာခဲ့သည်။

ဘုန်း ဘုန်း ဘုန်း…။

လူတိုင်း အလန့်တကြား နောက်ကိုဆုတ်လိုက်ကြသည်။ သို့ပေမယ့် ထိုလှိုင်းများက သူတို့ထံမရောက်ခင် ဆက်ကြားလေးမှာ ရပ်တန့်သွားခဲ့၏။

၎င်းက မမြင်နိုင်သော နံရံကြီးကို၀င်တိုက်မိသလို ပုရိသတ်များထံ မရောက်နိုင်ခဲ့ပါချေ။

“ကောင်းကင်ဘုံစွမ်းအင်… အရှင်သခင်နယ်ပယ်”

လူတိုင်း ဘေးနားက အစောင့်ကိုကြည့်လိုက်ကြသည်။ သို့မှ စုရှောင်ရှန်တို့ တိုက်ပွဲကို ကြီးကြပ်ဖို့ အဘယ်ကြောင့် ယုံကြည်ချင်မြင့်မားနေရသလဲ နားလည်သွားကြပေသည်။

တိုက်ပွဲအတွက်ကတော့…။

လူတိုင်းတွေးထင်ထားသကဲ့သို့ ဖြစ်မလာခဲ့ပဲ လက်သီးချက်ကျသွားသည်နှင့်တစ်ပြိုင်နက် ဖုရှင်း၏ မျက်နှာ အနီရောင်ပြောင်းသွားခဲ့သည်။

ဟိန်းဟောက်နေ‌သော ခရမ်းရောင်နဂါးကြီးက စုရှောင်ရှန်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည့်ဟန်ရပေမယ့် တကယ်က မဖြတ်သန်းသွားခဲ့ချေ။

ထိုအကောင်၏ ခန္ဓာကိုယ်က ရော်ဘာအလား ‌ကပ်စေးမှုနှုန်းမြင့်မားပြီး မာကျောကာ ထိုးချက်နောက်က အင်အားများအားလုံးကို စုပ်ယူသွား၏။

သူ၏ အရည်ပြားက ထိုးမဖောက်နိုင်သော ချပ်၀တ်ကဲ့သို့ ခရမ်းရောင်နဂါးကြီး ထိုးဖြတ်နိုင်ခြင်းမရှ်ိချေ။ သို့ဖြင့် ၎င်းက စုရှောင်ရှန်ကို မည်သည့် ထိခိုက်ဒဏ်ရာမှ ရအောင်လုပ်နိုင်ခြင်း မစွမ်းသာ‌ပါပေ။

စုရှောင်ရှန်က စုစည်းလိုက်သလိုနှင့် စွမ်းအင်များ အလွှာလိုက်အလွှာလိုက် ရှေ့တွင် စုစည်းလာကြသည်။ အချိန်မရွေး ၎င်းတို့က ပြန်ကန်ထွက်မကဲ့သို့ ရပ်တန့်သွား၏။

“မကောင်းတော့ဘူး”

ဖုရှင်း၏ မျက်နှာအမူအရာပြောင်းလဲသွားသည်။

ထိုလက်သီးချက်တွင် သူ့ခွန်အားကို အကုန်သုံးလိုက်တာတောင် စုရှောင်ရှန်က မြေပြင်တွင် မားမားမတ်မတ် ရပ်တည်နေစဲဖြစ်၏။ ထိုမှ သူထင်ထားသလို ခရမ်းနဂါးကြီးမှ စွမ်းအင်များ သူ့ထံကို ပြန်ကန်လာခဲ့ပါသည်။

အပိုင်း (၂၉၁) မှော်ဆေးပညာရှင်များအစည်းအရုံးအတွင်းက ဖြစ်ရပ်

ဘုန်းးးး —

ဧရာမ တူကြီးဖြင့် အောက်မှဝိုက်ကာ ထုခံလိုက်ရသလို စုရှောင်ရှန်၏ ကြော့ကွင်းအောက်မှာ ဖုရှင်းလေပေါ်ပျံတက်သွား၏။

ထိုမှ စွမ်းအင်လှိုင်းများက စုရှောင်ရှန်ကို ခြေတစ်လှမ်းလေး၊ တစ်ချက်ကလေးတောင် မရွေ့လျားနိုင်စေခဲ့ချေ။

ထိုသို့ မြောက်များစွာသော စွမ်းအင်လှိုင်းများစုစည်းလာပြီးနောက်မှာ ချက်ခြင်းပေါက်ကွဲ ပျံ့နှံ့ထွက်သွားခြင်းဖြစ်ပါသည်။

ထိုမှ စွမ်းအင်လှိုင်များက ဖုရှင်းကို အစောင့် ချထားသည့် အကာအကွယ်ကို ထိုးဖောက်သွားစေရုံသာမက ဆက်လက်၍လည်း အပေါ်တည့်တည့်မှ မျက်နှာကျက် ဖောက်သွားစေသည်။

ဘုန်း…။ ဘုန်း…။ ဘုန်း…။

မျက်နှာကျက်ကျိုးပျက်သံသာ ကိုကြားရပြီး လူတိုင်း၏ မြင်နိုင်စွမ်းမှ ‌ဖုရှင်းပျောက်သွားခဲ့သည်။ လူအုပ်ကြီးလည်း အချိန်ခဏအကြာမှ ပြန်သတိလည်လာကြ၏။

“လခွမ်း။ ဘာဖြစ်သွားတာလဲ”

“မြို့တော်၀န်ရဲ့သားကို လေထဲအဲ့လိုပျံတက်သွားအောင် ဟိုကောင်ဘာလုပ်လိုက်တာလဲဟ”

“မဟုတ်ဘူး သူလုပ်လိုက်တာမဟုတ်ဘူး။ သူ့ရဲ့ ကာကွယ်ခြင်းစိတ်ဝိညာဉ်နည်းစနစ်လုပ်တာဖြစ်ရမယ်…”

“အဲ့လိုဆိုရင်တောင် ခရမ်းနဂါးဟိန်းဟောက်ခြင်းကို လုံး၀ ပြန်ကန်ထွက်နိုင်စေတာ ဘယ်နယ်ပယ်က ကာကွယ်ခြင်းနည်းစနစ်လဲဟ”

“မယုံနိုင်စရာပဲ”

“…”

လူအုပ်ကြီးဆက်လက်၍ ဆွေးနွေးနေကြချိန် အစောင့်က ကြောင်အနေ၏။

သူက စုရှောင်ရှန် မသေရင်တောင် ဒဏ်ရာအပြင်းအထန်တော့ရသွားမည်ဟု မှန်းထားလေသည်။ ယခု မှော်ဆေးပညာရှင်များအစည်းအရုံး၌ ‌ရှိနေရာလည်း ချက်ခြင်းလက်ငင်းငယ်တင်လို့ရမည်ပေါ့။

ဘယ်တုန်းကမှ ယောင်လို့တောင် စုရှောင်ရှန်ကို တိုက်ခိုက်သည်တွင် ဖုရှင်းသာ လွင့်ထွက်သွားမည်ဟု ထင်မထားချေ။ အခြေအနေအရပ်အားလုံးကို သူ့ထိန်းချုပ်မှုအောက်တွင်ရှိသည်ဟု တွက်ထား၏။

ဖုရှင်း၏ လက်သီးထိုးချက်ပြီးနောက်မှာ စုရှောင်ရှန်က‌အေးအေးဆေး‌ဆေး ဘာမှ တောင်မခံစားလိုက်ရသလိုရပ်နေပြီး ဖုရှင်းကတော့ ပျောက်သွားခဲ့သည်။ ဒါဘယ်လို ဟာသလဲ။

ထိုစုရှင်းက မြို့တော်၀န်၏သားဖြစ်ပြီး အံ့မခန်းပါရမီရှင်ဓားသမားတစ်ယောက်ဆိုတာသာ သူသိမနေရင် လူလိမ်တွေ ပေါင်းပြီးဇာတ်တိုက်ထားခြင်းလို့ထင်မိပေမည်။ မဟုတ်လျှင် မူလနန်းတော်အလယ်ပိုင်းကို သွားထိုးတာ အဆင့်မြင့်စိတ်ဝိညာဉ်ကျင့်ကြံသူက လွင့်ထွက်သွားမလား။

“ဟူးးးး”

ထို့နောက် စုရှောင်ရှန်ကို အလေးအနက်ကြည့်လိုက်သည်။ လူတိုင်း သူ့ကို အထင်အမြင်သေးမိချေပြီ။

စောနက ဤကောင်လေးပြောခဲ့သည့် အရည်မရအဖက်မရတွေကို မြင်ယောင်ပြီး ၎င်းတို့ကခုတော့ အရည်ရ အဖက်လည်းရ ဖြစ်လာချေပြီဟု စိတ်ထဲမှ တွေးလိုက်သည်။

သူက လေလုံးထွားနေခြင်းမဟုတ်ပါချေ။ ဖုရှင်းကို တကယ်စိုးရိမ်လို့ ပြောပေးနေခြင်းဖြစ်၏။ ထို့ကြောင့် သူ့ဘက်ကတောင် မတိုက်ခိုက်ဘဲနှင့် ဖုရှင်းကို အရင်ထိုးခွင့်ပေးလိုက်သေးသည်။

ဒီမတိုင်ခင်ကလည်း တိုက်ခိုက်မှုကိုရှောင်ရှားနိုင်ရန် ကောင်းကင်ဘုံကစားနည်းကို အဆိုပြုခဲ့၏။

“ဒါ…”

ဤသို့ ဆက်စပ်တွေးမိပြီး အစောင့် ပြောစရာစကားများပျောက်ရှသွားသည်။

‘ဒီလောက် ကိုယ့်ကိုယ်ကိုယ် နှိမ်နှိမ်ချချ ဆက်ဆံတဲ့သူကို ဘယ်မှာ တွေ့နိုင်မလဲ။ မဟားတရားကြီးသန်မာနေတယ်ဆိုရင်လည်း မြို့တော်၀န်ရဲ့သား မမောက်မာရဲအောင် နည်းနည်းတော့ထုတ်ပြထားမှပေါ့။ ခုတော့…’

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၃၂]

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၃၄]

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၄၄]

“…”

စုရှောင်ရှန် သက်ပြင်းချလိုက်သည်။ ဤသို့ ဖြစ်လာမည်ကိုသူသိသော်လည်း အဘယ်မှာ သက်သေပြနိုင်ခြင်းငှာစွမ်းသာမည်နည်း။

ပင်ကိုယ်စွမ်းရည်ဆိုသည့် တည်ရှိမှုကိုက သူ့မှာအစွမ်းရှိလျှင်တောင်လိုသလို ထုတ်ပြလို့မရဟု ပြောနေချေသည်တကား။

သူ့ရှေ့တွင် ဧကရာဇ်နယ်ပယ်ဓားသမားတစ်ယောက်က လာရပ်နေရင်တောင် သူကိုယ်၌က မထုတ်ပြဘဲနှင့် သူသည် စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒရှိ ဓားသမားတစ်ယောက်ဆိုတာ သိလိမ့်မည်မဟုတ်ချေ။

သူပြနိုင်တာက သူ့ကျင့်ကြံမှုနယ်ပယ်လေးသာရှိသည်။ သူမပြရင်တောင်မှ ထိုအရာကို အခြားသူများက ဖောက်မြင်နိုင်၏။

ထျန်းစန်းစိတ်၀ိညာဥ်နန်း‌တော် အပြင်စည်းတွင် မူလနန်းတော်နယ်ပယ်က အသန်မာဆုံးဖြစ်နိုင်ပေမယ့် အတွင်းစည်းတွင်တော့ အားအနည်းဆုံးဖြစ်၏။ သို့ဖြင့် သူ့ကျင့်ကြံခြင်းကို ဖုန်းကွယ်ထားခြင်း မထားခြင်းက ထူးမခြားနားသာဖြစ်သည်။

ယခု ထျန်းစန်းမြို့တော် လူငယ်မျိုးဆက်အကြားတွင်လည်း အလားတူဖြစ်၏။

ထို့ကြောင့် စုရှောင်ရှန် တတ်နိုင်သည်က တိုက်ပွဲမစခင်မှာ စကားလုံးလှလှလေးတွေသုံးပြီး သူဖြစ်စေချင်သည့်၊ လိုလားသည့် တိုက်ခိုက်မှုပုံစံလမ်းကြောင်းဘက်ကို မျှားခေါ်သွားရန်သာရှိသည်။

၎င်းက ချန်ရှင်းချုကိုကော၊ ဖုရှင်းအပေါ်မှာပါ ကောင်းမွန်စွာ အကျိုးသက်ရောက်လေသည်။ သူပြောလျှင်တောင် သူတို့က မယုံကြပါလား။

“လူသား‌တွေရဲ့ အတွင်းစိတ်က တယ်နားလည်ရခက်ပါလားနော်…” စုရှောင်ရှန် ခေါင်းကိုခါရမ်းလိုက်သည်။

ဤဖြစ်ရပ်တွင် တစ်ယောက်တည်းသော အံ့အားမသင့်သည့်သူကိုပြောပါဆိုရင် စုရှောင်ရှန်နောက်က မုကျစ်ရှီဖြစ်သည်။

စုရှောင်ရှန်က လက်သီးတစ်ချက်ထိုးအလောင်းအစားကို ပြောကတည်းက ဖုရှင်း၏ ကံကြမ္မာကို သူမသိနှင့်နေပြီးဖြစ်၏။

ဤကြားထဲတွင် ဘာဆန်းကြယ်မှုမှမဖြစ်ပျက်သွားပါဘဲ ဖုရှင်းက ပျံတက်သွားခဲ့ပေသည်။ ပို၍ဆိုးချေကာ အဆောက်အဦးအလွှာအနည်းငယ်ကို ထိုးဖောက်သွားရုံနှင့် ရပ်တန့်မည့်ပုံမရသေးဘဲ ဆက်လက်၍ ထိုးဖောက်တက်သွားနေသည်။

ဒါအကုန်ပဲလား။

မုကျစ်ရှီ စိတ်အတွင်းက စိုးရွံ့မိ၏။

စုရှောင်ရှန်ဘက်က ဦးဆောင်တိုက်ခိုက်မည်ဆိုလျှင် အပျက်အဆီးကဒီလောက် သေးငယ်လိမ့်မည်မဟုတ်ဟု တွက်လိုက်သည်။

သို့ပေမယ့် တစ်ခုခု မနှစ်မျို့ဖွယ်ရာလိုကြီး အဘယ်ကြောင့် သူမ ခံစားနေရသနည်း။

ထိုမှ တစ်စုံတစ်ခုကို သတိရသွားပြီး ခေါင်းကို အလျင်အမြန်မော့ကြည့်လိုက်သည်။ မျက်နှာကျက်မှ ဖုရှင်းထိုးဖောက်သွားသောအပေါက်၏ အလွန်ကိုမြင်နိုင်သကဲ့သို့ ရုတ်တရက် အလန့်တကြား နားနှစ်ဖက်ကို ချက်ခြင်းပိတ်ကာ မုကျစ်ရှီ အော်လိုက်၏။

“သတိထားကြ”

လူအုပ်ကြီးလည်း ထိုစူးစူးရှရှအော်သံကြီးကြောင့် လန့်ဖျပ်သွားကြပြီး မုကျစ်ရှီကို ပြိုင်တူ နားမလည်နိုင်စွာကြည့်လိုက်ကြသည်။

မကြာပါဘူး၊ သူမ ဘာကိုဆိုလိုချင်သလဲ သူတို့ နားလည်သွားပါသည်။

ဘုန်း…။ ဘုန်း…။ ဘုန်း —

‌အဆောက်အဦး၏ အပေါ်အထပ်များမှ ဆက်တိုက်ပေါက်ကွဲသံများကို ကြားလိုက်ရပြီး စုရှောင်ရှန်‌လည်း အလန့်တကြား ထခုန်လိုက်၏။

ထိုမှ မျက်နှာကျက်မှ ဖုန်မှုန်များကျလာသဖြင့် လူတိုင်း လိပ်ပြာလွင့်မတတ် စိုးထိတ်သွားကြသည်။

မှော်ဆေးပညာရှင်များအစည်းအရုံးကို မကြာခဏရောက်ဖူးကြသည့်သူများဖြစ်ကြသဖြင့် ဤသို့ဆေးမီးဖိုအိုးပေါက်ကွဲသံများနှင့် ရင်းနှီးကြပေသည်။

အစောင့်၏ မျက်နှာလည်း သွေးဆုတ်ဖြူရော်သွားပြီး မြေပြင်ပေါ်တွင် ခွေကျသွားတော့မလိုတောင် ဖြစ်သွားသည်။

သူက ဤတိုက်ပွဲပြုလုပ်ရန်သဘောတူခဲ့သည့်သူဖြစ်ကာ ‌ကောင်းကောင်းမွန်မွန်မကြီးကြပ်နိုင်ခဲ့၍ ဖုရှင်း အပေါ်တည့်တည့်ကို ပျံတက်သွားခဲ့၏။

အပေါ်အထပ်များက မှော်ဆေးပညာရှင်များ ကိုယ်စီ အဆင့်အလိုက် ဆေးဖော်စပ်ကြသည့်နေရာများဖြစ်ကြသည်။

တစ်စုံတစ်ယောက် အောက်ကနေ ကြမ်းခင်းကိုထိုးဖောက်ပြီး ပျံတက်လာတာကိုတွေ့ရင် ဘယ်သူက မလန့်သွားဘဲ နေလိမ့်မလဲ။ သို့ဖြင့် ဆေးမီးဖိုအိုးများပေါက်ကွဲသွားကြတာ မဆန်းချေ။

ဒီမှာ ပြောစရာက… ဖုရှင်း ဘယ်နှစ်လွှာထိတောင်ပျံတက်သွားတာလဲ။

ထိုပေါက်ကွဲသံများကြားမှာ ငါးလွှာ၊ ခြောက်လွှာမှ ပေါက်ကွဲသံများလည်းပါ၀င်သည်။

စုရှောင်ရှန်လည်း အခြေအနေမဟန်တာ ရိပ်မိလိုက်၏။

ထိုဆေးမီးဖိုအိုးများပေါက်ကွဲသွားရန်က သူ၏ မူလ ရည်ရွယ်ချက်မဟုတ်ချေ။

မျက်နှာကျက်ကို ဖုရှင်းဖောက်ထွက်သွားမည်ဟုတောင် သူမတွက်ထားပါချေ။ ဒီမှာအပြစ်တင်ချင်ရင် အားပြင်းသည့်လက်သီးချက်ကို အသုံးပြုသည့် ဖုရှင်းကိုသာ အပြစ်တင်ရချေမည်။

“ကြော့ကွင်းနဲ့ မာကျောခြင်းတို့ ပေါင်းစပ်တာက တော်တော်စွမ်းတာပဲ”

ဖုရှင်း၏ လက်သီးချက်ကြောင့် ဖြစ်‌ပေါ်လာသည့်ထိခိုက်မှုက ထာ၀ရအသက်စွမ်းအင်ကြောင့် လစ်လျူရှူထား၍ရသည်။။

ထိုတိုက်ခိုက်မှုကလည်း လုံး၀ ပြန်ကန်ထွက်သွားခဲ့၏။

စုရှောင်ရှန်က အခြားသူများမမြင်တာကိုမြင်နိုင်သည်။ တတိယအလွှာကိုရောက်ပြီးနောက်မှာ ဖုရှင်းနောက်က ကပ်ပါလာသည့်စွမ်းအင်များ ထပ်မံပေါက်ကွဲသွားတာကြောင့် ခြောက်လွှာကိုရောက်သွားခြင်းဖြစ်သည်။

ယခု အလွှာတိုင်းလိုလိုမှ ပေါက်ကွဲမှုများကြောင့် အဆောက်အဦးအတွင်း အခြေအနေက ရောက်ရက်ခက်လာခဲ့သည်။

“တတိယ… တတိယ အလွှာ မီးလောင်နေပြီ”

“ကယ်ကြပါဦး။ ပဉ္စမအလွှာ ရေလွှမ်းနေပြီ။ မြန်မြန်လာကြပါ”

“ငတုံးကောင်။ အော်မနေဘဲ စိတ်ဝိညာဉ်အနှစ်နဲ့ မီးကိုငြိမ်းလေ။ ဒါဆေးမျှော်စင်ကွ။ ဒီထဲမှာ ‌အော်တာကိုတားမြစ်ထားတယ်”

“ဘယ်သူ့ကို ငတုံးခေါ်နေတာလဲ။ ဒါအထူးမီးတောက်ကွ။ သာမန် စိတ်ဝိညာဉ်အနှစ်တွေနဲ့ ငြိမ်းလို့်မရဘူး။ အမြန် အကူအညီခေါ်ပါဟ။ ကောင်းကင်ဘုံ ရေကြည်နဲ့မှ ရမှာ”

“ငါလည်း ကောင်းကင်ဘုံရေကြည်လိုအပ်တယ်။ ဒီမီးက … လခွမ်း ငါ့အင်္ကျီကိုပါ စွဲလာနေပြီ…”

“တစ်ယောက်ယောက် ခရမ်းကန်စွန်းဥအရွက် သုံးရွက်နဲ့ စိမ်းပန်းသီးရှိရင် အမြန်ယူလာ‌ပေးကြပါ။ ဒီဆေးမီးဖိုအိုးကို အဖက်ဆယ်နိုင်သေးတယ်…”

“ငါ့ကိုမတားကြနဲ့စမ်း။ ငါသေချင်တယ်။ ဒါအဆင့်ရှစ်‌မှော်ဆေးပညာရှင်ဖြစ်လာမယ့် ငါ့နောက်ဆုံးအခွင့်အရေးလေးကွ။ အားးးး-“

“…”

ပထမအလွှာတွင် အပ်ကျသံ‌တောင်ကြားရလောက်အောင် တိတ်ဆိတ်မှုတို့ ကြီးစိုးနေခဲ့သည်။

ဆူညံပွက်လောရိုက်‌နေသည့် အ‌ပေါ်ထပ်များနှင့် မတူညီသည့်ကမ္ဘာနှစ်ခုကဲ့သို့ ဖြစ်နေပြီး လူတိုင်း၏ ခံစားချက်များ ရောထွေးနေကြ၏။

ထို့နောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး နောက်ဆုံး အစောင့်ကို ပြိုင်တူကြည့်လိုက်ကြသည်။

လိပ်ပြာလွင့်နေသလို အစောင့်၏ မျက်၀န်းများကလည်း အရောင်မဲ့နေပြီး စုရှောင်ရှန်ကို ငူငူငိုင်ငိုင်ကြီးကြည့်နေ၏။

စုရှောင်ရှန် နောက်တွန့်သွားပြီး ကြံမရတဲ့အဆုံး မုကျစ်ရှီကို လှည့်ကြည့်လိုက်ရာ ဟိုက လက်ပိုက်၍ သူ့ကို စိုက်ကြည့်နေနှင့်ပြီးသားဖြစ်သည်။

သို့ဖြင့် အစောင့်ဘက်သို့ ပြန်လှည့်လာရကာ ရှက်ကိုးရှက်ကန်းပြုံး၍ “ကျုပ်လုပ်တာမဟုတ်ဘူး။ ကျုပ်တိုက်တောင် မတိုက်ခိုက်လိုက်ဘူးလေ…”

အပိုင်း (၂၉၂) အဲ့ဒီမုန်းစရာကောင်းတဲ့ကောင်ကို ဆုံးမချင်ရုံပါကွာ…

ဆေးမျှော်စင်၏ ခြောက်လွှာတွင်…။

မျက်နှာအရည်တွန့်နေပြီဖြစ်သောအဖိုးကြီးတစ်ယောက် ကြမ်းခင်းကနေ ရုတ်တရက်ဖောက်ထွက်လာပြီး သူ၏ ဆေးမီးဖိုအိုးကို မှောက်သွားအောင် လာတိုက်ကာ ကျစ်ကျစ်တောက်ပူ‌နေသော ထိုအိုးအထက်တွင် ဟန်ကျကျ ထိုင်ပြီးသားဖြစ်သွားသည့် အဖြူ၀တ်ကောင်လေးကို မှင်တက်စွာကြည့်နေသည်။

တိတိကျကျပြောရရင် ထိုကောင်လေး၏ အဖြူက အနီ၀တ်တောင်ပြောင်းသွားခဲ့ချေပြီ။

သူမယုံကြည်နိုင်စွာရှိနေရင်း သူ့ဘေးက ဆေးအကူမိန်းမပျိုကိုလှည့်ကြည့်လိုက်တော့လည်း သူ့လို အလားတူ အမူအရာရှိနေတာ တွေ့ရ၏။

“ဆေးမျှော်စင်မှာ ပြဇာတ်အသစ်တစ်ခု ကနေကြတာလား”

အဖိုးကြီးက ဆေးအကူမိန်းမပျိုလေးကိုမေးလိုက်သည်။

မဟုတ်ရင် ဒီလူ ဘယ်လိုလုပ် ရုတ်တရက်ကြီး အောက်ကနေ ပျံတက်လာတာလဲ။ ဘယ်တုန်းက ဆေးမျှော်စင်မှာ ဒီလို ပြပွဲသစ်တွေလုပ်ကြရတာတုန်း။

“ကျွန်-ကျွန်မလည်း မသိဘူးလေ…”

“လခွမ်း။ ပူတယ်ဟ”

ဆေးအိုးအပေါ်မှာ ထိုင်နေသည့် ကောင်လေး နောက်ဆုံးတော့ လှုပ်ရှားလေပြီ။ ကြမ်းပြင်တွင်ခြေဆောင့်ကာ လေးကြိုးမှ ပစ်လွှတ်လိုက်သော မြှားတစ်ချောင်းအလား ခုန်တက်လိုက်သည်။

ဇွက်…။

သို့ပေမယ့် ဤသို့ ရုတ်ချည်းလှုပ်ရှားမှုက ဒဏ်ရာများကို ပို၍ဆိုးရွား‌သွားစေပြီး သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။

ကြမ်းခင်းပေါ်ကို ပြန်ကျလာသောအခါ ဖုရှင်း၏ ခေါင်းတစ်ခုလုံးနောက်ကျိနေ၏။ ထိုမှသူပြုလုပ်ထားသည့် အလောင်းအစားကို မြင်ယောင်မိပြီး ဖြစ်ပျက်နေသည်များကိုတောင်မေ့သွားခဲ့သည်။

ဤအခိုက်တွင် ဘာမှတောင် ဟုတ်တိပတ်တိမလုပ်ဘဲ သူ့ကို ဒီလိုအခြေအနေမျိုးရောက်သွားအောင်လုပ်လိုက်တဲ့ သကောင့်သား၏ စွမ်းပကားကိုသာ အံ့ဩမှင်တက်နေရသည်။

သူ့ညာလက်မှ ဆူးအောင့်အောင့်နာကျင်မှုကြီးရုတ်တရက်တက်လာတာကြောင့် ၎င်းကိုကြည့်လိုက်သည်။

သူ၏လက်တွင် အသားစများပေါက်ပြဲထွက်နေပြီး သွေးသံတရဲရဲဖြင့် အရိုးအပိုင်းအစများပေါ်နေ၏။ ထိုအရိုးများတွင် အက်ကွဲရာများကိုတောင်တွေ့ရသည်။

ထို့အပြင် ညာလက်သာမကဘဲ သူ့ကိုယ်တစ်ခြမ်းတောင်ပေါက်ကွဲချင်သလို ခံစားနေရသည်။ သူ့အ၀တ်အစားအစိတ်အပိုင်းတော်တော်များများကလည်း ပြဲထွက်သွားပေရာ သွေးသံတရဲရဲ ခန္ဓာကိုယ်ကို ပြသနေတော့၏။

ဝေါ့…။

ထိုမြင်ကွင်းကိုမြင်သောအခါ ဆေးအကူမိန်းမပျိုလေး ပျို့တက်လာတာကိုမထိန်းနိုင်တော့ဘဲ အန်ထုတ်လိုက်သည်။

ဒီလူက မြေကြီးထဲကနေ တွားသွားထွက်လာသည့် အလောင်းကောင်တစ်ကောင်နှင့်တူ၏။ လူသားဆန်မှုအနည်းငယ်မြင်ရတာကိုက အံ့ဩစရာကောင်းလှနေပြီ။

ဖုရှင်း သူမကိုတစ်ချက်သာကြည့်ပြီး လစ်လျူရှူလိုက်သည်။

သူသာ နေ့စဉ်နေ့တိုင်း ခန္ဓာကိုယ်ကို မလေ့ကျင့်ခဲ့လျှင် ယခုဆို အခြေအနေက ဒီထက်တောင် ပိုလို့ ဆိုးနေလောက်သည်။ ထိုမှ မခံမရပ်နိုင်အောင်ဖြစ်သော နာကျင်မှုကို အံကြိတ်သည်းခံရင်း ဘာဖြစ်ပျက်သွားသလဲဆိုတာ သုံးသပ်လိုက်သည်။

သူ၏ ခရမ်းနဂါးကြီးက လုံး၀ အင်အားအပြည့်ဖြင့် ပြန်ကန်ထွက်လာခဲ့ရပေကာ ထိုအကောင်သုံးလိုက်သော ပြန်ကန်လာသည့် နည်းစနစ်က ဘယ်လိုမှ သာမန်အရှင်သခင်နည်းစနစ်မဖြစ်နိုင်ချေ။

ထို့အပြင်ကို ပထမတစ်ကြိမ်ပြန်ကန်ပြီးနောက်တွင် နောက်ထပ်တစ်ကြိမ် ပို၍ အားပြင်း‌သော သက်ရောက်မှုအားကို ခံစားလိုက်ရပြန်သည်။

“ဒါဘယ်လို မှော်အတတ်လဲ…”

နာကျင်မှုက တဖြည်းဖြည်းပြင်းထန်လာခဲ့ကာ နောက်ဆုံး လုံး၀မခံမရပ်နိုင်အောင်ဖြစ်လာရတာကြောင့် ဘာမှ စကားမဆိုနိုင်တော့ဘဲ မျက်လုံးများကို တင်းကြပ်စွာ ပိတ်လိုက်ရ၏။

သူ့ရန်သူကို ထိုးလိုက်ပြီးနောက်မှာ အရှင်သခင်နယ်ပယ်နည်းစနစ်၏ တိုက်ကွက်ကို သုံးကြိမ်မျှတောင် ခံစားလိုက်ရလေသည်။

သူ့အကာအကွယ် ကျောက်စိမ်းပြား ကြေမွသွားပြီး နောက်မှာ သူသာ အလျင်အမြန် စိတ်ဝိညာဉ်အနှစ်ဖြင့် ကိုယ့်ကိုယ်ကိုယ်မကာကွယ်လိုက်ဘူးဆိုရင် ဤကမ္ဘာကြီးကနေတောင် အပြီးအပိုင်နှုတ်ဆက်သွားရလောက်၏။

“ဖုသခင်လေး မဟုတ်လား”

မျက်နှာအရည်တွန့် နေသော ဆေးဖော်စပ်သူ အဖိုးကြီး ထိုကောင်လေး၏ ချောမောခန့်ညားသော မျက်နှာကို အတန်ငယ် အကဲခတ်ပြီးနောက်မှာ ဘယ်သူလဲဆိုတာ သိသွားသည်။ ထိုအမေးကိုမေးနေရင်းနှင့် သူတောင် အိပ်မက်အလားခံစားနေရ၏။

“ဟုတ်ပါတယ် ကျုပ်ပါ”

ဖုရှင်းက အံကိုတင်းတင်းကြိတ်ပြီး ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားမှာ ယာယီ နာကျင်မှုကို ဖိနှိပ်နိုင်တဲ့ ဆေးလေးဘာလေးရှိရင် ‌ပေးစမ်းပါဦး”

“အေး အေး”

အဖိုးကြီး အလျင်စလို ခေါင်းညိတ်ပြီးပြောလိုက်သည်။ “စောနက ဖုသခင်လေး၀င်တိုက်လိုက်တဲ့ ဆေးအိုးမှာ ဆေးလုံးက ဖော်စပ်ပြီးသားဖြစ်သွားပြီ။ ဖြစ်ချင်တော့ ဒီအဖိုးကြီးကလည်း ကြယ်တာယာ ဆေးလုံးကို ဖော်စပ်တာဖြစ်နေတယ်”

ဖုရှင်းစွံ့အသွား၏။

‘ကြယ်တာယာ ဆေးလုံးက အဆင့်(၇) အထွတ်အထိပ်ဖြစ်ပေမယ့် ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာကို မဖိနှိပ်နိုင်ဘူးဟ’ ဖုရှင်း စိတ်ထဲကပြောသည်။

‘ဆေးလုံးမှာ အသက်စွမ်းအင်လုံလုံလောက်လောက်မပါရင် ငါ့လက်တော့…’

“ဒါစားလိုက်”

သူ့နောက်ကနေ ခံစားချက်ကင်းမဲ့နေသလို အသံကြီးထွက်လာတာကြောင့် ဖုရှင်းလည်ပြန်ကြည့်လိုက်သည်။ သို့ပေမယ့် အလန့်တကြား ချက်ခြင်း ပြန်လှည့်လိုက်၏။

“ဥက္ကဠ ရှီတိ…”

ထိုအသံပြုလိုက်သည့်သူက အဖြူရောင်တိမ်တိုက်များပါသော ၀တ်ရုံ၀တ် အဖိုးကြီးတစ်ဦးဖြစ်သည်။ သူက စိတ်ထားနူးညံ့၍ သဘောကောင်းသည့်သူဖြစ်ရာ ယခု ဒေါသထွက်နေသည့်အခိုက်မှာတောင် သူ့မျက်၀န်း၏ အနက်ရှိုင်း‌ဆုံးအပိုင်းတွင် ဖော်ရွေမှုကိုမြင်ရသည်။

ထိုသဘောကောင်းဖော်ရွေသည့်အဖိုးကြီး၏ တည်ငြိမ်သောမျက်၀န်းများအတွင်းတွင် ထိန်းချုပ်ထားသော ဒေါသတို့ကိုလည်း ဖုရှင်းမြင်ရသည်။

ဒါ…

ဖုရှင်းကြက်သေသေသွား၏။

ဤသို့သော ခပ်အေးအေးအဖိုးကြီးကတောင် ဒေါသထွက်နေရင် ဆေးမျှော်စင်ဘယ်လောက်ကြီးကြီးမားမားပျက်ဆီးသွားရသလဲဆိုတာကို မှန်းဆနိုင်ပေသည်။

“ဒီဆေးကိုအရင်စားလိုက်”

ရှီတိ အသက်ကိုခပ်ပြင်းပြင်းရှိုက်၍ ဆေးတစ်လုံးကမ်းပေးလိုက်သည်။

ဖုရှင်း တုန့်ဆိုင်းမနေရဲဘဲ ချက်ခြင်း တစ်လုတ်တည်း မျိုချလိုက်၏။

ရှီတိက သူ့အဖိုး၏ မျိုးဆက်မှ ဖြစ်ကာ သူ့လိုလူငယ်တစ်ယောက်ကို ထိခိုက်အောင်လုပ်လိမ့်မည်မဟုတ်ချေ။

ထို့ပြင် လတ်တလောမှာ ဥက္ကဠရှီတိက မြို့တော်၀န်အိမ်တော်ကို မကြာခဏလာပြီး အရေးကြီးသည့်ကိစ္စများ သူ့အဖေဖြင့် ဆွေးနွေးတာ မြင်တွေ့ရသည်။

ထျန်းစန်းမြို့ကြီးယခုကဲ့သို့ အေးချမ်းတည်ငြိမ်နေရတာက ‌မှော်ဆေးပညာရှင်များအစည်းအရုံးက စိတ်ဝိညာဉ်ကျင့်ကြံသူတွေ၏ ကျင့်ကြံမှုလိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်သောကြောင့်ဖြစ်၏။

ဆိုရလျှင် ရှီတိက အလွန်အရေးပါ အရာရောက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။

ဂျွတ်…။

အရိုးများပြန်ဆက်လာနေသဖြင့် တဂျွတ်ဂျွတ်မြည်သံများအကြားမှာ အသွေးအသားများကလည်း တရှဲရှဲ ပြန်လည်ပြည့်ဖြိုး ကောင်းမွန်လာခဲ့သည်။ ဤသို့ ဆန်းကြယ်ဖြစ်ရပ်ကိုမြင်လိုက်တာကြောင့် အနီးနားရှိလူတိုင်း မှင်တက်သွားကြ၏။

“ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ခြင်း ဆေးလုံး”

ဘေးနားက ဆေးဖော်စပ်သူအဖိုးကြီး ခေါင်းအစခြေအဆုံးဆတ်ကတည်း တုန်ရင်သွားခဲ့သည်။ ဖုရှင်း၏ ကိုယ်ပေါ်မှ ဒဏ်ရာများ မျက်စိဖြင့်အတိုင်းသားမြင်နိုင်အောင် ပြန်လက်သက်သာလာတာကိုကြည့်ပြီး ဥက္ကဠကြီးရှီတိကို တုန်လှုပ်သွားသော အမူအရာဖြင့်လှည့်ကြည့်လိုက်၏။

ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ခြင်းဆေးလုံးက လောလောလတ်လတ် သေသွား သောလူကိုတောင် အရိုး၊ အသားသစ်များ ပြန်လည်ဖြစ်ပေါ်စေကာ ရှင်သန်လာအောင် အသက်သွင်းနိုင်သည်ဟု အဆိုရှိသည်။

လက်ပြတ်၊ ခြေပြတ် ဘာဖြစ်ဖြစ်ကို လူတစ်ယောက်က ဦးခေါင်းနှင့် အသိစိတ်လေးရှိသေးရင် ပြန်လည်ကောင်းမွန်လာအောင်လုပ်နိုင်၏။

၎င်းက ဆေးဖော်စပ်သူတို့ အထွတ်အမြတ်ထားရသော ရတနာတစ်ပါးဖြစ်သည်။ ဤသို့ ဆန်းကြယ်သည့်ဆေးလုံးဖော်စပ်နိုင်သည့်သူကို ကုန်းမြေတစ်လျှောက်လုံးက အင်အားစုများက ခေါင်းရရ၊ ခြေထောက်ရရ သူတို့ဘက်ကို မယုံကြည်နိုင်လောက်စရာ မက်လုံးတွေပေးပြီး ဆွဲခေါ်ပေလိမ့်မည်။

ဤသို့ တန်ဖိုးကြီးလှသော ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ခြင်းဆေးလုံးကို ဖုရှင်း၏ ဘာမဟုတ်တဲ့ ဒဏ်ရာလေးကို ကုသဖို့အတွက် အသုံးပြုတာ တန်ရဲ့လား။

သူ၏ ဒဏ်ရာက ကြယ်တာယာဆေးလုံးလေး ‌တစ်ထောင် နှစ်ထောင်လောက်စားပြီးရင်ပျောက်ကင်းနေနိုင်တာကို။

ကျန်းမျိုးနွယ်စု၏ ခေါင်းဆောင် ကျန်းထိုက်ယင်လည်း ကျိုးမျိုးနွယ်စုက ကျိုးမိစ္ဆာအိုကြီး‌ကြောင့် ညာလက်သုံးမရတော့ကတည်းက ခန္ဓာကိုယ်တည်ပြန်လည်ဆောက်ခြင်းဆေးလုံးကို လိုက်ရှာတာ နှံ့နေပြီဖြစ်သည်။ ယခု နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် တစ်လုံးတစ်လေမှ မတွေ့ခဲ့ချေ။

ဥက္ကဠ ရှီတိက သူ့အပေါ် သဘောကောင်းလွန်းလှပါလားဟု ဖုရှင်းလည်း မှင်တက်နေ၏။

“မင်းတို့ အထင်မှားနေပြီ”

‌ဆေးဖော်စပ်သူအဖိုးကြီး၏ အံ့ဘွယ်သရဲအရာတစ်ခုကိုမြင်နေရသလား အမူအရာကိုမြင်သောအခါ အထင်မှားနေတာဖြစ်ကြောင်းသိသွားပြီး ရှင်းပြလိုက်သည်။ “ဒါခန္ဓာကိုယ်ပြန်လည်တည်ဆောက်ခြင်း ဆေးလုံးမဟုတ်ဘူး။ အဆင့်နိမ့် ခန္ဓာကိုယ်တည်ပြန်လည်ဆောက်ခြင်းဆေးလုံးလေးပဲ”

“အဆင့်နိမ့်ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ခြင်းဆေးလုံးလေး”

၎င်းက အဆင့် (၃) ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ခြင်းဆေးလုံးမဟုတ်ဘဲ အဆင့်(၅) ဆေးလုံးသာသာဆိုရင်တောင် လူအုပ်ကြီး အံ့ဩဘနန်းဖြစ်ရသေးသည်သာ။

ဘာဖြစ်ဖြစ် အဆင့် (၇) ကြယ်တာယာဆေးလုံးထက်တော့ အပုံကြီးသာချေလေသည်။

ကြက်အစာ ကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်ကာ ဖုရှင်း အလျင်အမြန် ကျေးဇူးတင်လိုက်သည်။

“ကျေးဇူးတင်ပါတယ်။ ဥက္ကဠကြီးခင်ဗျာ”

ယခုဆို သူ့လက်က အသစ်ဖြစ်သွားသလို ဒဏ်ရာများလုံး၀ပျောက်ကင်းသွားပြီဖြစ်သည်။ အံ့ဩဘွယ်ရာကောင်းလွန်းလှ၏။

အဆင့် (၅) ဆေးလုံးများက အရှင်သခင်နယ်ပယ်တောင်ဖြစ်နေချေပြီ ဖြစ်ကာ ဤသို့ ဆေးလုံးမျိုးဆိုရင် စစ်မှန်ခြင်းနယ်ပယ်တွင်တောင် ‌ဧကရာဇ်နယ်ပယ်များအသုံးပြုနိုင်‌အောင် အစွမ်းထက်နေပေပြီ။

ဤသို့ နယ်ပယ်များခုန်ပျံကျော်လွှားနိုင်စွမ်းရှိသည့် သဘာ၀ကြောင့် ဆေးဖော်စပ်သူများသည် အများက လေးစားခံရသည့် အဆင့်အတန်းရှိကြတာဖြစ်သည်။

စိတ်ဝိညာဉ်ကျင့်ကြံသူများက အငြိမ်ထိုင်မနေနိုင်ကြကာ အမြဲတမ်းတစ်ယောက်နှင့် တစ်ယောက် အလကားနေရင်းကို တိုက်ခိုက်နေကြသည့် အမျိုးဖြစ်၏။ ထိုတွင် ခြေကျိုး၊ လက်ကျိုး ဖြစ်လာခဲ့ရင် ၎င်းတို့ကို ကုသနိုင်မည့် အဆင့်နိမ့် ခန္ဓာကိုယ်ပြန်လည်တည်‌‌ဆောက်ခြင်းဆေးလုံးလေးကို လိုချင်သည့်အချိန် ရှာနိုင်မည်ဟု အာမခံနိုင်မည်လား။

သူ့လို မြို့တော်၀န်သားဖြစ်သော ဖုရှင်းတောင် အကြောင်းတစ်ခုခု ဖန်လာရင် ဒဏ်ရာပျောက်ကင်းစေသည့် ဆေးလုံးကောင်းများမရှိချေ။

ဖုရှင်း သူ့ကို ပြန်ကျေးဇူးတင်ဖို့ ကြံရွယ်နေတာ တွေ့သောအခါ ဥက္ကကြီးရှီတိ လက်ပြပြီးတားလိုက်သည်။

လူတွေကို ကယ်တင်ဖို့က သူတို့လို ဆေးဖော်စပ်သူများ၏ တာ၀န်ဖြစ်လေကာ ယခုလို မြို့တော်၀န်၏ သားဖြစ်နေတာကြောင့် ပိုလို့တောင်ကယ်သင့်သည်။

သို့ပေမယ့် သူ့ဆေးမျှော်စင်ကိုရောက်လာတာနဲ့ ဘာလို့ ပြဿနာရှာရသလဲကို စိတ်ထဲက ကြိတ်၍တော့ ခံပြင်းမိပေ၏။

“ဒီအဖိုးကြီးရဲ့ ဆေးမျှော်စင်မှာဘာလို့ လာတိုက်လိုက်ပြီး အရှုပ်ထုပ်ဖြစ်အောင်လုပ်ရတာလဲ ပြော”

ရှီတိ၏ ဆင်ခြေဆင်လက်မလိုချင်သော လေသံကိုကြား‌ရသောအခါ ဖုရှင်း ခေါင်းကိုက်သွား၏။

“ဒီအပျက်အဆီးတွေဖြစ်သွားဖို့ ကျွန်တော်လည်း တကယ်မရည်ရွယ်တာပါ။ အဲ့ပြောင်စပ်စပ်ကောင်ကိုပဲ ဆုံးမချင်တာ ‌ဒါပေမယ့်…”

ဖုရှင်း စကားအလယ်ရောက်တော့ ရှေ့ဆက်ပြီး ဘာပြောရမလဲ ခေါင်းခြောက်သွားသည်။ သူက အခြားတစ်ယောက်ကိုလည်းသွားထိုးသေးတယ် သူကပဲခံလိုက်ရတယ်ဆိုတာက ပြောဖို့ ရှက်စရာကောင်းလှသည်။

“မင်းက တစ်ယောက်ယောက်ကို ဆုံးမချင်တယ်ဟုတ်လား”

ရှိတီလည်း ထိုအချင်းအရာကိုကြားသောအခါ အံ့အားသင့်သွားကာ မေးလိုက်၏။ “အဲ့တော့ မင်းဆုံးမမယ့်သူက မင်းကိုပြန်‌ဆုံးမလိုက်တယ်ပေါ့။ ငါ့ ဆေးမျှော်စင်မ‌ပြောနဲ့ဦး ဒီလိုထျန်းစန်းမြို့တော်ထဲမှာ အဲ့လိုပြန်လုပ်ရဲတဲ့သူ ရှိသေးတယ်ပေါ့လေ”

အပိုင်း (၂၉၃) ကယ်ပါဦး ဥက္ကဠကြီးခင်ဗျာ

ဖုရှင်း ရှင်ကိုးရှက်ကန်းဆိုလိုက်သည်။ “သူက ပြန်ဆုံးမလိုက်တယ်လို့တော့ ပြောလို့မရပါဘူး…”

စုရှောင်ရှန် တကယ် သူ့ကို ပြန်လည်မတိုက်ခိုက်လိုက်ပါချေ။

‘အဲ့တော့ ငါကပဲတိုက်ခိုက်ပြီး ငါကပဲ ရှုံးသွားတဲ့သူပေါ့…’

ဖုရှင်းခေါင်းကိုက်သွားသည်။

“မကြောက်ပါနဲ့။ ငါ့ဆေးမျှော်စင်ထဲမှာ တိုက်ခိုက်ရဲတဲ့သူ မိုးပေါ်ပျံတတ်ရင်တောင် မလွတ်စေရဘူး”

ဖုရှင်းက တိုက်ခိုက်လိုက်သည့်သူကို မဖော်ပြရဲ ဖြစ်နေသည်ဟု ရှီတိထင်သွားပြီး နှာမှုတ်ကာပြောလိုက်သည်။

သူက နှာမှုတ်လိုက်တာတောင် သူ့မျက်နှာက ဖော်ရွေနေသေးပြီး အသံကလည်း ပျားသကာကဲ့သို့ နား၀င်ချိုနေသေး၏။

“ဒီလို အပျက်အဆီးတွေဖြစ်အောင်လုပ်ရဲတာ သူ့ကျင့်ကြံခြင်းက ဘယ်နယ်ပယ်မှာလဲ။ အရှင်သခင်နယ်ပယ်လား၊ ဧကရာဇ်နယ်ပယ်လား”

သို့ပေမယ့် ဧကရာဇ်နယ်ပယ်ဆိုရင် ဖုရှင်းနေရာမှာတင် ပွဲချင်းပြီး ပေါက်ကွဲထွက်သွားတာလောက်မှာ သတိရသွားသည်။ သို့ဖြင့် ဖုရှင်း၏ မီးပူအိုးပေါ်က ပုရွက်ဆိတ်လေးများအလား ထိုင်မရ ထမရ ဖြစ်နေသည့် အမူအရာကို ရှိတီတွေ့လိုက်ရသည်။

ဤကုန်မြေကြီး၏ စည်းမျဉ်းများအရ ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်က အခြား ဧကရာဇ်နယ်ပယ်ကိုသာ တိုက်ခိုက်နိုင်လေသည်။ ဧကရာဇ်နယ်ပယ်အောက်က စိတ်ဝိညာဉ်ကျင့်ကြံသူများအား တိုက်ခိုက်ခွင့် ပိတ်ပင်ထား၏။

ဆိုတော့ ဖုရှင်းကို ဆုံးမပေးလိုက်တာ အရှင်သခင်နယ်ပယ်သာဖြစ်ရမည်။

သို့ပေမယ့် ဖုရှင်းက ဓားအရာမှာ ပါရမီပါလှတာကြောင့် ကောင်းကင်ရုပ်လွှာနယ်ပယ်များဆိုလျှင်တောင် သူ့ကို ထိခိုက်အောင်လုပ်နိုင်လိမ့်မည်မဟုတ်ချေ။

ထိုသို့တွေးမိပြီး ရှီတိက ဆက်မေးလိုက်သည်။ “သူက ယင်ယန်နယ်ပယ်လား ဒါမှမဟုတ်ရင် ကြယ်ဘုံလွှားနယ်ပယ်ကလား”

ဖုရှင်း ဂနာမငြိမ်ဖြစ်လာခဲ့၏။

ဥက္ကဠ ရှီတိကို ထင်ရာ ဆက်တွေးခိုင်းနေလို့မဖြစ်တော့ပေ။ ယခု ရှီတိ၏ ခန့်မှန်းချက်များကိုကြားရသောအခါ သူပိုလို့ ရှက်သွားခဲ့သည်။

“အဲ့လိုမဟုတ်ပါဘူး”

ဖုရှင်း ရှက်ရွံ့သွားကာ ဘေးတစ်ဘက်ကို မျက်နှာလွှဲလိုက်သည်။။ “သူက မူလနန်းတော်… မူလနန်းတော်အလယ်ပိုင်းမှာ” ဤအရာကို ကြမ်းပြင်က အပေါက်ကိုကြည့်နေရင်း ပြောခြင်းဖြစ်သည်။ ထိုအပေါက်ထဲတွင် ခေါင်းတောင်ဖွက်ချင်လိုက်၏။

…

ဘုတ်…။

အချိန်တစ်ခုကြာတိတ်ဆိတ်သွားပြီးနောက်မှာ ဆေးအကူမိန်းမပျိုလေးလက်ထဲတွင် ကိုင်ထားသော ဆေးပုလင်း ကြမ်းပြင်ပေါ်ပြုတ်ကျသွား၏။

အခြားသူများလည်း ပြောစရာစကားများရှာမရအောင် စွံ့အသွားကြသည်။

အချိန်တစ်ခုကြာမှာ ဥက္ကဠရှီတိက ဖြူဖျော့နေသော မျက်နှာဖြင့်ဆိုလိုက်သည်။

“မူလနန်းတော်ဟုတ်လား။ ငါ့ကိုလာနောက်နေတာလား ကောင်လေး”

ထို့နောက် ကြမ်းပြင်က အပေါက်ကြီးကိုလက်ညိုးထိုးပြကာ ဖုရှင်းကို တည့်တည့်ပြန်ကြည့်ပြီးတော့ ဒေါသတကြီးမေးသည်။ “မူလနန်းတော်နယ်ပယ်က တစ်ယောက်ယောက် ဒါကိုလုပ်လိုက်တယ်လို့ မင်းပြောနေတာပေါ့”

ဖုရှင်း အလျင်အမြန် ရှင်းပြလိုက်၏။ “သူလုပ်လိုက်တယ်တော့မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ခရမ်းနဂါးကြီး ပြန်ကန်ထွက်သွားလို့ ဖြစ်ရတာပါ။ ဘယ်လိုလဲ‌ဆိုရင်…”

‌ပြန်ကန်ထွက်လာတယ်ဆိုမှ စောနက စုရှောင်ရှန်၏ ထူးထူးဆန်းဆန်း အင်အားကိုမြင်ယောင်မိပြီး ဘယ်လို ဆက်ရှင်းပြရမလဲ မသိဖြစ်သွားသည်။

‘ငါ နံရံကိုထိုးလိုက်လို့ လက်ပြန်ကန်ထွက်လာတာမျိုးဆိုရင် သူတို့နားလည်မလား’

“ကျွန်တော်မရှင်း… မရှင်းပြတတ်တော့ဘူး”

ဖုရှင်း သူ့ကိုယ်သူအရှက်မခွဲလိုတော့ချေ။ ထိုစဉ် အိပ်ပြန်ပြီး ‌စောင်ခေါင်းမူးခြုံကာ အိပ်ယာထဲတွင်သာ ကွေးလိုက်ချင်တော့သည်။

‘အိပ်မက်မက်နေတာဆိုရင် ဘယ်လောက်ကောင်းမလဲ…’

ဖုရှင်း၏ စိတ်ပျက်အားလျော့နေသော အမူအရာဖြင့် ရှင်းပြနေတာရပ်သွားသည်ကိုမြင်သောအခါ ဤဖြစ်ရပ်တွင် အခြားအကြောင်းတရားတစ်ခုခုပါရမည်ဟု ရှီတိတွက်ဆလိုက်သည်။

သူ့လက်ကိုဝေ့ရမ်းပြလိုက်ကာ “လာ၊ ငါနဲ့ လိုက်ခဲ့။ လက်သည်တရားခံကို မျက်နှာချင်း‌ဆိုင် စစ်မေးမယ်။ အစောင့်တွေရှိနေတာနဲ့ဆို ဒီကောင်ထွက်မ‌ပြေးနိုင်လောက်သေးဘူး”

ဖုရှင်း ဆူပုတ်ပုတ်ဖြစ်သွားပြီး အားအင်ချိနဲ့စွာ စကားဆိုလိုက်သည်။ “ကျွန်တော် မသွားချင်ဘူး”

‘လက်သည်တရားခံနဲ့ မျက်နှာချင်းဆိုင်ရမယ်လား။ မသွားချင်ဘူး မတွေ့ချင်ဘူး’

ဤသို့သော ဆန်းကြယ်သည့်ကမ္ဘာကြီးတွင် တစ်ခါတစ်လေမှာ အရာရာကို လိုက်ရင်မဆိုင်တာက အပူအပင်ကင်းမဲ့သော ဘ၀ကြီးကို ရရှိစေ၏။

“မလိုက်ချင်ဘူးဟုတ်လား”

ရှီတိ သူ၏ အသံကို အနည်းငယ်မြှင့်ကာ ပြောလိုက်သည်။ “ဒီကိစ္စက မင်းလိုက်ချင်လား မလိုက်ချင်ဘူးလားအပေါ်မူတည်မနေဘူး။ ဒီကြမ်းပြင်မှာ အပေါက်ကြီးတွေ့လား။ ဒီလက်သည်တရားခံကို မင်းမှ မရင်ဆိုင်ရင် မင်းအဖေကို လာရင်‌ဆိုင်ခိုင်မှာလား”

“ကျွန်တော်…”

ဖုရှင်း၏ မျက်နှာ သွေးဆုတ်ဖြူရော်သွားရသည်။ ‘ငါ့အဖေကိုယ်တိုင်လာရရင် ငါ့မျက်နှာကို ဘယ်မှာ သွားထားရတော့မှာလဲ။ ဒါပေမယ့်… အောက်ကကောင်ကိုလည်း မတွေ့ချင်ဘူး…’

“ကျွန်တော် တကယ်မလိုက်ချင်လို့ပါဆို…”

ရှီတိ ဘာမှမပြောတော့ဘဲ ဖုရှင်းကို ဂုတ်ကကိုင်ဆွဲကာ ကြမ်းပြင်က အပေါက်ကြီးထဲ ခုန်ချလိုက်သည်။ ပုံမှန်လို လမ်းလျှောက်ပြီးမဆင်းရတဲ့အတွက် အဆင်တော့ပြေပေသည်ဟု တွေးလိုက်၏။

‘ထွီး… တကောင့်သားက ငါ့ဆေးမျှော်စင်ကိုဖောက်ခွဲ‌ရဲအောင် အတင့်ရဲတယ်။ မင်းမှာ အတောင်နှစ်ဖက်ပါနေရင်တောင် ငါ့လက်က မလွတ်စေရဘူးကွ’

…

ဒက် ဒက် ဒက်…။

နေရာတိုင်းတွင် ‌ခြေသံများစွာကိုကြားရသည်။ အချို့က လှေကားများမှ အောက်ကိုဆင်း‌လာနေကြပြီး အချို့က တစ်လွှာချင်းစီ အပေါက်ကြီးထဲမှ ခုန်ဆင်းလာကြသည်။

ထိုနေရာတွင်ရှိ ရပ်ကြည့်နေသည့် လူများဖြစ်စေ၊ ဆေးမီးဖိုအိုးပေါက်ကွဲသွားလို့ဖြစ်စေ ဒေါသထွက်နေကြသည့်လူများ စုရှောင်ရှန်ကို ဘာမှ မလုပ်လိုက်ကြပါချေ။

သူတို့အားလုံးသည် အထက်တန်းစား အသိုင်းအဝိုင်းမှ လာကြသူများပီပီ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းများကောင်းမွန်ကြပေသည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၆၇]

[မုန်းတီးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[ဝိုင်းကြည့်ခံရပါသည်။ ပင်ကိုယ်မှတ် +၂၃၃]

“…”

စုရှောင်ရှန် ကြောက်ဒူးတုန်နေ၏။

ဤသို့ လူအများ၏ အာရုံစိုက်ခံဖြစ်နေရာ အသစ်လာသည့်လူများတောင် ဘာမှ မေးစရာမလိုဘဲ လက်သည်တရားခံကိုတန်းသိသွားကြသည်။

သူ့ကိုဝိုင်းကြည့်နေကြသည့် လူများ၏ မျက်နှာထက်ရှိ အံ့အားသင့်ခြင်း၊ ဒေါသထွက်ခြင်း အရိပ်အယောင်များကိုမြင်သောအခါ စုရှောင်ရှန် ထွက်ပြေးချင်စိတ်များတဖွားဖွားပေါ်လာခဲ့၏။

ဥက္ကဠ ရှီတိကို ရှာဖို့ ကိစ္စက ဆိုင်းငံ့ထားလို့ရသလို ဆေးဖော်စပ်သူတံဆိပ်ပြားကို ရယူဖို့ရန်ကလည်း ထိုမျှ အပူတပြင်းဖြစ်မနေချေ။

“ညီမလေး… ငါတို့သွားကြ-“

“မင်းတို့ထွက်သွားလို့မရဘူး”

အစောင့်က သူတို့ကို ကြား၀င်ဖြတ်လိုက်သည်။ ဤနေရာတွင် စုရှောင်ရှန်ထက် ပိုပြီး ကြောက်ဒူးတုန်နေရသည့်သူမှာ သူဖြစ်‌လေသည်။

သို့ပေမယ့် အစောင့်တစ်ယောက်၏ တာ၀န်ရှိနေသေးရာ လက်သည်တရားခံကို ဤသို့ လွယ်လင့်တကူ လွှတ်ပေးလိုက်၍ မဖြစ်ချေ။

“ကျုပ်မှ မတိုက်ခိုက်လိုက်တာကို ဘာလို့ထွက်သွားလို့မရတာလဲ” စုရှောင်ရှန်က အကျောက်အကန်ပြန်ပြောသည်။

“ငါသိတယ်” အစောင့်က စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီးတော့ ဆက်လက်၍ “ဒါပေမယ့် ဘာတွေဖြစ်သွားသလဲ‌ဆိုတာ ရှင်းပြဖို့ မင်းဒီကနေထွက်သွားလို့ မရသေးဘူး”

“ဘာလို့ ကိုယ့်ဟာကိုယ် မရှင်းပြတာလဲ။ ကျုပ်လုပ်လိုက်တာမှ မဟုတ်တာ”

ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်အတွင်းမှာ အပျက်အဆီးလေးအနည်းငယ်ဖြစ်သွားတုန်းက သူလုပ်လိုက်တာကြောင့်မလို့ ၀န်ခံခဲ့သည်။ ယခုတစ်ခေါက် အပျက်အဆီးကိုသူလုပ်လိုက်တာမဟုတ်တာကြောင့် ဘာကို ရှင်းပြရမည်နည်း။

သူက ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်အတွင်းမှာ မဟုတ်ဘဲ ဆေးမျှော်စင်အတွင်းမှာ ဖြစ်တာကြောင့် ဘာကျောထောက်နောက်ခံမှ မရှိချေ။ သို့ဖြင့် ဘာဖြစ်လာဖြစ်လာ ၀န်ခံလိမ့်မည်မဟုတ်ဟု စိတ်ပိုင်းဖြတ်ထား၏။

အစကတည်းကလည်း သူ့ကို အားပြင်းပြင်းနှင့်လာထိုးသည့် ထိုအကောင်၏ အမှားသာမဟုတ်ပါလား။

“စုရှောင်ရှန်ကို ပေးသွားလိုက်ပါ” ဘေးတစ်ဘက်မှ မုကျစ်ရှီ မနေနိုင်တော့ဘဲ ၀င်ပြောလိုက်၏။

အစောင့်က သူမကိုလှည့်ကြည့်လိုက်ပြီး ခေါင်းအသာလေးခါရမ်းပြလိုက်သည်။

ကလေးမလေးက သနားစဖွယ်အမူအရာကို မျက်၀န်းများအတွင်း ဆောင်ပြီး မေးလိုက်သည်။ “တကယ် သူ့ကို ဒီမှာ ထိန်းထားမှာပေါ့”

သူမ၏ အကြည့်ကိုနားမလည်နိုင်သော အစောင့်က ခေါင်းညိတ်ပြလိုက်သည်။

၎င်းက သူကိုင်တွယ်နိုင်သည့် အတိုင်းအတာထက်ကိုကျော်လွန်သွားလေပြီ။ သို့ဖြင့် စုရှောင်ရှန်ကို ထွက်မသွားအောင် တားထားတာက အကြံကောင်းဟု အစောင့်တွေးလိုက်၏။

မုကျစ်ရှီ နားလည်သလို ခေါင်းညိတ်ပြကာ နောက်ခြေတစ်လှမ်းဆုတ်လိုက်သည်။ သူမ၏ မျက်၀န်းဝိုင်းကြီးများမှ အကြည့်များ ထူးမခြားနားပြန်ဖြစ်သွား၏။

‘ထားပါလေ ငါလည်းတားလို့မှမရဘဲ။ ဒီလိုအချိန်မှာ အကောင်‌ဆုံးက ဒီပြဿနာကောင်ကို အဝေးကို တတ်နိုင်သလောက် ပို့ဖို့ဆိုတာ ဘယ်နားလည်ကြပါ့မလဲ။ ငါသတိပေးခဲ့ပါတယ်’

သူမ၏ ဆရာတူအကိုကြီးကိုပြန်မော်ကြည့်လိုက်သောအခါ ဟိုက ဂနာမငြိမ်ဖြင့် ခြေတစ်လှုပ်လှုပ်ဖြစ်နေတာတွေ့ရသည်။ သို့ပေမယ့် သူ၏ မျက်၀န်းများကတော့ တည်ငြိမ်စွာ နက်မှောင်တောက်ပနေ၏။

‘သူ အကြံတစ်ခုခုရှိလို့များလား’

မုကျစ်ရှီ အလန့်တကြား မတော်တဆ အရှုပ်ထဲ ပြန်ပါသွားမည်စိုး၍ နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်လိုက်လေသည်။

…

“ဥက္ကဠကြီး”

“ဥက္ကကြီး ရှီတိရောက်လာပြီ”

ရုပ်ခြည်းအော်သံများဖြင့်အတူ‌ ခေါင်းဖြူအဖိုးကြီးတစ်ဦး ကောင်းကင်ပေါ်က ဆင်းသက်လာသည်။ စုရှောင်ရှန်လည်း ဆင်းသက်လာနေသည့် အဖိုးကြီးကိုလှည့်ကြည့်လိုက်၏။

ထိုအဖိုးကြီးက နူးညံ့သိမ်မွေ့သောအမူအရာရှိတာကြောင့် သူ့စိတ်ထဲက လေးစားခံ ဆေးဖော်စပ်သူ၏ ပုံရိပ်နှင့် တစ်ထပ်တည်းသွားကျပေသည်။ သူ့အပြင်ပန်းကိုကြည့်၍တောင် လူချစ်လူခင်ပေါများသည့် အဖိုးကြီးဖြစ်တာသိနိုင်သည်။

ဥက္ကဠ ရှီတိ၏ မျက်၀န်းများအတွင်း ဒေါသ အရိပ်အယောင်အနည်းငယ်ရှိနေပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။ သူ့ကိုယ်သူ ထိုထက် ပိုခက်ထန်အောင်လုပ်ရန် ကြိုးစားကြည့်ပေမယ့် အချည်းနှီးသာဖြစ်၏။

သို့ဖြင့် သူက ကြောက်စရာမကောင်းဘဲ ရယ်စရာကောင်းသွားသည်။

ရှီတိ လူအုပ်၏ အလယ်ကိုရောက်လာခဲ့သည်။ သူ့နောက်မှလည်း ရှက်ရွံ့မှုကြောင့် ခေါင်းငိုက်ချထားသော ဖုရှင်းလိုက်ပါလာ၏။

“ဒါတွေဖြစ်အောင်လုပ်လိုက်တာမင်းလား”

ထိုအမေးကိုကြားသောအခါ လူတိုင်း ဆိတ်ငြိမ်ကျသွားခဲ့သည်။

နောက်ဆုံးတော့ သူတို့ စောင့်မျှော်နေသည့် အချိန်ကျရောက်လာခဲ့ပြီဖြစ်သည်။

ဒီလူငယ်လေးက ဆေးမျှော်စင်ထဲမှာတောင် တိုက်ခိုက်ရဲတယ်တဲ့။ သူ၊ ရှီတိက သဘောကောင်းတယ်ဆိုပြီး လုပ်ချင်တာလုပ်လို့ရမယ်ထင်နေတာလား။

“ခင်ဗျားက ဥက္ကဠကြီးလား”

ရှီတိ ခေါင်းညိတ်လိုက်သည်။

ထိုအတည်ပြုချက်ကိုရသောအခါ စုရှောင်ရှန် အသက်ကိုခပ်ပြင်းပြင်းရှိုက်လိုက်ပြီး ချက်ခြင်း သူ၏ မျက်လုံးများ အနီရောင်ပြောင်းသွားခဲ့သည်။

ထိုစဉ် စုရှောင်ရှန်၏ အမူအရာမှာ အန်ိုင်ကျင့်ခံလိုက်ရသည့်ကလေးငယ်သည် အားကိုးစရာရှာတွေ့သည့်အလားကို ပြောင်းသွားခဲ့၏။

လူတိုင်း၏ မှင်တက်နေသော အကြည့်များအောက်တွင် ရှီတိ၏ ခြေထောက်ကို ငိုယိုချင်‌နေသော မျက်နှာကြီးဖြင့် စုရှောင်ရှန် ပြေးဖက်လိုက်သည်။

မကြာခင် သူ၏ နီရဲရဲ မျက်လုံးများမှ မျက်ရည်များ အဆက်မပြတ်စီးကျလာခဲ့ပြီး အသံပြဲကြီးဖြင့်အော်လိုက်သည်။

“ဥက္ကဠကြီး ကယ်ပါဦး”

အပိုင်း (၂၉၄) သနားစဖွယ် စုရှောင်ရှန်

“ဥက္ကကြီးကယ်ပါဦး”

“ကျုပ်က ကျုပ်ရဲ့ ညီမလေးကို ဆေးဖော်စပ်သူ တံ‌ဆိပ်ပြားရအောင်လို့ စာမေးပွဲ‌ဖြေဖို့ ခေါ်လာရုံသက်သက်ပါ။ ဒီဆေးမျှော်စင်ကိုရောက်တော့ တစ်ယောက်ယောက်က ကျုပ်ရဲ့ ညီမလေးကို နေ့ခင်းကြောင်တောင် လုယူသွားချင်နေတယ်။ အခြေအနေက ဆိုးသထက်ဆိုးလာပြီးတော့ အဟွတ်…”

“အဟွတ် အဟွတ်”

စုရှောင်ရှန် တံတွေးသီးသွားသည်။ ထို့နောက် သာမန်ကာလျှံအလား နှပ်ညှစ်ကာ ရှီတိ၏ ခြေထောက်တွင် သုတ်လိုက်သည်။

ရှီတိ ကြောင်အသွား၏။

‘ငါ့ဂုဏ်အယူရဆုံး ‌မှော်‌ဆေးပညာရှင်များအစည်းအရုံး ၀တ်ရုံကို ဒီကောင်… ဒီကောင် နှပ်ချေးသုတ်ရဲတယ်လား’

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

‘ပြီးတော့ ဒီမှာဘာဖြစ်သွားတာလဲ ငါတောင် သေချာမသိရသေးဘဲ ဘာလို့ ငါ့ခြေထောက်ကို လာဖက်တာလဲကွ’

ရှီတိ မသိမသာလေး စုရှောင်ရှန်ကို ကန်လိုက်ပေမယ့် အင်အားတစ်ခုက လာပြန်သက်ရောက်တာကို ခံစားလိုက်ရသည်။

သူ့ခြေထောက်က ဓားဖြင့် အလှီးခံလိုက်ရသလို ဦးနှောက်က အာရုံကြောတွေထံကို နာကျင်နေသည်ဟု အချက်အလက်တွေ လွှတ်ပေးတော့၏။

ဟူးးးး…။

ချက်ခြင်း သူ၏ မျက်နှာဖြူဖျော့သွားပြီး စိတ်ဝိညာဉ်စွမ်းအင်ဖြင့် အလျင်အမြန် ကာကွယ်လိုက်ရသည်။

ဒီကောင် ဖြူကောင်လား ဘာလားဟ။

“ငါ့ကိုလွှတ်။ လွှတ်စမ်း”

စုရှောင်ရှန် သူပြောနေတာကို လစ်လျူရှူထားသည်။ သူ့နှပ်ချေးများကို သုတ်ပြီးသောအခါ ရှီတိနောက်ကလိုက်လာ‌သော ဖုရှင်းကိုလက်ညိုးထိုးပြပြီး အော်ဟစ်ငိုယိုကာ ပြောလိုက်သည်။ “အဲ့တာ သူပဲ။ ကျုပ်ညီမလေးကို လုယူချင်နေတာ အကောင်။ သူ့နောက်မှာ သန်မာတဲ့နောက်ခံရှိတယ်‌ဆိုပြီး ကျုပ်တို့ကို အနိုင်ကျင့်ပြီး ကျုပ်ညီမလေးကို လိုချင်နေတာ။ ကျုပ်ကို ခရမ်းနဂါးဟိန်းဟောက်ခြင်းနဲ့ ဆိုလားတိုက်ခိုက်လိုက်သေးတယ်။ အဲ့တာ ဘယ်လောက်နာလဲသိလား။ သူက နောက်ခံကောင်းတော့ ကျုပ်က ပြန်မတိုက်ခိုက်ရဲဘူး။ ဒါကြောင့် သူထိုးတာ ငြိမ်ခံ‌ နေတာ ကျုပ်- ကျုပ်…”

ဝေါ့…။

စုရှောင်ရှန် သွေးတစ်လုတ်အန်ထုတ်လိုက်သည်။ သို့ပေမယ့် ကြော့ကွင်းဖြင့် ပြုလုပ်လိုက်သည့်ဒဏ်ရာသည် သွေးများ တစ်၀က်လောက်သာအန်ထုတ်ရသေးချိန်မှာ ထာ၀ရ အသက်စွမ်းအင်ကြောင့် ပျောက်ကင်းသွားခဲ့၏။

စုရှောင်ရှန် သွေးအန်နေရင်းက ရပ်တန့်သွားသည်။

‘တော်တော်ကောင်းတာပဲ။ ငါနဲ့ ခဏလေး ပူးပေါင်းဆောင်ရွက်တော့ဘာဖြစ်သွားမှာလဲလို့’ သူ့ကိုယ်သူ ပိုပြီး သနားစရာကောင်းအောင်လုပ်နေတာ ထာ၀ရအသက်စွမ်းအင် လာဖျက်တာကြောင့် ကျိန်ဆဲလိုက်၏။

ဖုရှင်းလည်း ဒေါသထွက်သွားသည်။ ခရမ်းနဂါးဟိန်းဟောက်ခြင်းမှ အင်အားအကုန်လုံးကို တန်ပြန် ခံလိုက်ရသူက သူဖြစ်သည်။ စုရှောင်ရှန် ဘာဒဏ်ရာဒဏ်ချက်မှရစရာအကြောင်းမရှိချေ။

‘ငါကမှ တကယ် ခံရတဲ့သူကွ’

တစ်ခုခု ပြန်ကန်ငြင်းဖို့ ပါးစပ်မဟနိုင်ခင်လေးမှာ စုရှောင်ရှန်က သူ့ကိုလက်ညိုးထိုးပြီး ပြောလိုက်သည်။ “မင်း… ငါပြောနေတာတွေ အမှန်လားဆိုတာ ပြောလိုက်။ လိမ်မယ်တော့မကြံနဲ့”

ဖုရှင်း ခေါင်းခါရမ်းရန်ပြင်လိုက်မည်ပြုစဉ် စုရှောင်ရှန်က ထပ်လောင်း၍ ပြောလိုက်သည်။ “ငါ့ညီမလေးကို မင်းလိုချင်တာ ဟုတ်လား မဟုတ်ဘူးလား ပြော”

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၄]

“ငါ… ငါမလို…”

သို့ပေမယ့် စုရှောင်ရှန်က သူ့ကို စကားပြောရန်အခွင့်အရေးမပေးဘဲ ကျယ်လောင်စွာ ငိုသံကြီးဖြင့် အော်ပြောလိုက်သည်။ “မင်းကိုယ်လုပ်ထားတာ ကိုယ်မ၀န်ခံရဲဘူးလား။ မင်းအခြောက်လား”

“ရတယ်လေ ဒါကိုမဖြေချင်လဲ ခဏထားလိုက်။ မင်းငါ့ကို ထိုးလိုက်တာတော့ မညာနဲ့”

ရှီတိလည်း ဖုရှင်းကို လှည့်ကြည့်လိုက်သည်။

ဖုရှင်း ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်သည်။

‘ဘာလို့ ဒီကောင့်ရှေ့မှာ ငါဘာမှ ပြောလို့မရတာလဲ’

၎င်းက အမှန်တရားဖြစ်ကာ မျက်မြင်တွေ့သည့်လူလည်းများတာကြောင့် ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်ရသည်။ သူလိမ်ချင်ရင်တောင် အခြားသူများက ကန်းနေတာမဟုတ်‌တာကြောင့် လိမ်လို့မရပါချေ။

လူတိုင်းက မြို့တော်၀န်ဖုအိမ်တော်ကို မျက်နှာသာပေးပြီး အမှန်တရားကို ကူ၍ဖုံးကွယ်ပေးကြမည်မဟုတ်။

ဒီလူတွေအားလုံးက သူ့ဘက်က ကူပြောပေးရင်တောင် ဖြောင့်မတ်မှန်ကန်တဲ့ သူ့လိုဓားသမားတစ်ယောက်က ‌မျက်နှာပြောင်ဖြင့် လိမ်လည်နိုင်လိမ့်မည် မဟုတ်ပေ။

“တွေ့လား”

ဖုရှင်း၀န်ခံနေတာကိုမြင်သောအခါ ရှီတိ၏ ခြေထောက်ကို စုရှောင်ရှန် ပို၍ တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။ ထိုမှ မော့ကြည့်လိုက်သောအခါ အဖိုးကြီး၏ မျက်နှာ မဲ့ရွဲ့နေတာကိုမြင်ရ၏။

“သူက ကျုပ်ကို အရင်လာထိုးတာ… သူ့လိုနောက်ခံတောင့်တဲ့လူကို ကျုပ်က ဘယ်လို ပြန်ခုခံရဲမှာလဲ”

သို့ပြောပြီး လူအုပ်ကြီးဘက် ခေါင်းလှည့်ကာမေးလိုက်သည်။ “ကျုပ်ပြန်တိုက်ခိုက်လိုက်လား”

ရှီတိ လူအုပ်ကြီးကိုကြည့်လိုက်ရာ သူတို့အားလုံး ခေါင်းခါပြကြသည်။

“…”

‘ဒီကောင်လေးက အမှန်တရားကိုပြောနေတာပဲ’

ရှီတိ မယုံကြည်နိုင်ပေ။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

ထို့နောက် သူ့ခြေထောက်ကိုဖက်ထားသည့်လူငယ်လေးကိုကြည့်ကာ လက်မှိုင်ချလိုက်ရသည်။ ဖြည်းဖြည်းခြင်း ဆက်လက်၍ “မင်းဖုရှင်းကို ပြန်မတိုက်ခိုက်လိုက်တာတော့ဟုတ်ပါပြီ။ ဖုရှင်းကပဲ မင်းကိုထိုးလိုက်တယ်ထား။ ဒီအပျက်အဆီးတွေကြတော့ရော ဘယ်လိုဖြစ်သွားတာလဲ”

သူ့အထက်က အပေါက်ကြီးကို လက်ညိုးပြန်ထိုးပြလိုက်ရင်းက ဒေါသပြန်ထွက်လာခဲ့၏။

ဘန်း…။

‌သူပြောပြောပြီးချင်းဘဲ အထက်မှ အက်ကွဲသံဖြင့်အတူ မျက်နှာကျက်ပြိုကျသွားပြီး အနက်ရောင် ဆေးအိုးကြီးတစ်လုံး ကျလာခဲ့သည်။

လူအုပ်ကြီးက “ဝိုး…”

“ကျုပ်နဲ့ ဘာမှ မ‌ဆိုင်ဘူး”

မဲ့ရွဲ့နေသော သူ့မျက်နှာကိုပြန်တည်ပြီး ထရပ်ကာ မျက်ရည်တုများကိုသုတ်လိုက်သည်။

ဤအဖိုးကြီးက ဖုရှင်း၏ နောက်ခံကိုသိတာတောင် ဘက်မလ်ိုက်ဘဲ ကျိုးကြောင်းဆီလျော်နေမှတော့ အပိုအလုပ်တွေ လုပ်စရာမလိုတော့ဟု တွေးလိုက်သည်။

ထို့နောက် ဖုရှင်းကိုလှည့်ကြည့်ကာ “မေးချင်းက ကျုပ်ကိုထိုးပြီး သူ့ဟာသူဘာလို့လွင့်ထွက်သွားလဲဆိုတာ သူ့ကိုမေးရမှာ”

ဖုရှင်း၏ မျက်လုံးများပြူးကျယ်သွားသည်။

ဒီတိုင်းငြိမ်ခံနေလို့မဖြစ်တော့ပေ။ နက်မှောင်နေသောမျက်နှာထားဖြင့် “ငါလဲ အဲ့ဒါကိုမေးချင်နေတာ။ ငါဘာလို့ လွင့်ထွက်သွားတာလဲ။ မင်းလုပ်ပြီး ငါ့ကို လာအပြစ်တင်ရသလားဟ”

စုရှောင်ရှန် သူ့ကို ဘုကြည့် ကြည့်ကာမေးလိုက်သည်။ “ဒါဘယ်လိုနိယာမလဲ။ မင်းရဲ့ မီးဖိုချောင်သုံးဓားကတုံးလို့ ဟင်းသီးဟင်းရွက်ခုတ်မရတာ ဟင်းသီးဟင်းရွက်ကို မာတယ်ဆိုပြီး အပြစ်တင်ရလား။ တင်ချင်းက မင်းရဲ့ တုံးနေ‌တဲ့ဓားကို တင်ရမှာ။ ဘယ်မှာလဲ မင်းရဲ့ဓား”

စုရှောင်ရှန် ရုတ်တရက် မဆီမ‌ဆိုင်တာတွေ လာပြောနေသောအခါ နားမလည်နိုင်သော ပုရိသတ်ကြီး ကြောင်အသွားသည်။

မကြာလိုက်ပါ၊ စုရှောင်ရှန်က သက်ပြင်းချ၍ မှတ်ချက်ထပ်ပေးလိုက်သည်။ “ဟုတ်သားပဲ။ မင်းက ဟင်းသီးဟင်းရွက်အကျန်ပဲ မီးဖိုချောင်သုံးဓားမှမဟုတ်တာ။ အဲ့တော့ ဟင်းသီးဟင်းရွက်ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်ဖို့မကောင်းဘူးလား။ ဟင်းသီးဟင်းရွက်ဖြစ်လာရတဲ့ မင်းကိုက အပြစ်ဖြစ်နေတာ။ မင်းရဲ့ ပြိုင်ဘက်ကိုမနိုင်ရင် ကြိုးစားကျင့်ကြံလေ။ ဘာလို့ လွင့်ထွက်သွားရလဲ ငါ့ကိုလာမေးတော့ ငါက ဘယ်သူ့ကြည်းတော်ကိုသွားမေးရမှာလဲ”

နေရာတစ်ဝိုက်လုံးတိတ်ဆိတ်သွားခဲ့သည်။

ဖူးးး…။

နောက်ဆုံးတော့ တစ်စုံတစ်ယောက် မထိန်းထားနိုင်တော့ဘဲ ဝါးလုံးကွဲထရယ်လိုက်၏။ ထိုရယ်သံမှ ဓာတ်ကူးသွားပြီးတော့ လူတိုင်း ဖြည်းဖြည်းချင်း လိုက်ရယ်လိုက်ကြသည်။

တစ်ချို့လူများလည်း နှစ်ကိုယ်ကြား တီးတိုး ဆွေးနွေးလိုက်ကြ၏။ သူတို့တစ်စုံတစ်ခုကို သင်ယူလိုက်ရလေပြီ။

“ဒီကောင်လေးက ဘယ်သူလဲဟ။ တခြားသူကို ဘာမှ ပြန်မပြောနိုင်အောင် ဆောင့်ကြီးအောင့်ကြီးပြောနိုင်တယ်။ လေးစားသွားပြီ”

“သူသေချင်နေတာလားမသိဘူး။ စုရှင်းက မြို့တော်၀န်ရဲ့ သားကြီးကွ။ သူ့မှာ ၀က်ဝံတစ်ကောင်ရဲ့အသဲနဲ့ ကြားသစ်ရဲ့ သတ္တိရှိလို့ ဒီလောက်အတင့်ရဲ ရဲတာဖြစ်လိမ့်မယ်”

“တိုးတိုးနေကြစမ်းပါ။ ငါဖြစ်ရပ်တစ်ခုလုံးကိုကြည့်ခဲ့ရတာ သူက အဲ့လောက်မတုံးဘူးဆိုတာ ပြောနိုင်တယ်။ သူလည်းနားလည်မှာပဲ ဒါပေမယ့် သူ့ပါးစပ်ကိုက ထိန်းမရဘဲ ထွက်နေတာဖြစ်မယ်”

“ဟယ်။ သူ့ကြည့်ရတာ စိတ်ဆိုးမာန်‌ဆိုးပြောနေသလိုနဲ့ ဘာလို့ နားထောင်လို့ကောင်းနေရတာလဲ”

“အေးဆို။ ငါလည်း ဒီမျိုးနွယ်စုကြီးတွေက သခင်လေးတွေဘာတွေကို ကြည့်မရတာကြာပြီ။ တခြားသူတွေကို အကြောင်းမရှိဘဲလည်း ထိုးသေးတယ်။ သူ့ဟာသူ လွင့်ထွက်သွားတော့ သူများကို သွားအပြစ်တင်တယ်တဲ့”

“မင်းဘာပြောလိုက်တာလဲ”

“ဟက် မင်းက ဖုသခင်လေးဘက်က ဖြစ်ရမယ်။ ဒီနေ့တော့ ငါက အဲ့ကောင်လေး ဘက်ကကွ”

“…”

မသိလျှင် ကြက်သွန်နီ အခွံတွေ လာကပ်ထားသကဲ့သို့ ဖုရှင်း၏ မျက်နှာ ခရမ်းရောင်သန်းလာခဲ့သည်။

အစပိုင်းမှာ စုရှောင်ရှန်ဘာတွေပြောနေတာလဲ သူနားမလည်ချေ။ ယခု လူအုပ်ကြီးထံမှ တုန့်ပြန်ချက်တွေကိုကြားရသောအခါ သဘောပေါက်သွားပြီး ရှက်လွန်းလို့ တွင်းတူးပြီး ၀င်အောင်းချင်လိုက်၏။

‘ဟင်းသီးဟင်းရွက်။ သူပြောတာလဲဟုတ်သလိုလိုပဲ။ သူ့ကို နောက်လွင့်ထွက်သွားအောင်မလုပ်နိုင်လို့ ငါလွင့်ထွက်သွားတာကို ငါဘာလို့ သူ့ကို မေးခွန်းသွားထုတ်နေတာလဲ’

ဖုရှင်း သူ့လောကတစ်ခုလုံး အမှောင်ကျသွားသလို ခံစားလိုက်ရသည်။

ထိုကောင်လေး၏ လျှာစောင်းထက်မှု‌အောက်မှာ ဖုရှင်း ၀ပ်တွားလိုက်ရသည်ကို ကြည့်ပြီး ရှီတိ အံ့အားသင့်သွား၏။

စုရှောင်ရှန်၏ စကားများကြောင့် သူတောင် ထိုအကောင်က နစ်နာသူဟု ခံစားနေရသည်။

သို့ပေမယ့် ဖုရှင်း၏ လက်တစ်ဖက်က စုတ်ပြတ်သတ်သွားသည့်အချိန် စုရှောင်ရှန်က ဘာခြစ်ရာမှ မရှိတာတော့ ငြင်းလို့မရချေ။

ဆေးမျှော်စင်တွင်လည်း ဧရာမ အပေါက်ကြီးဖြစ်အောင် ပျက်‌ဆီးသွားတာကြောင့် ဒီကောင်လေးကို တာ၀န်ယူမှု တာ၀န်ခံမှုတော့ ယူခိုင်းရမည်။

“မှော်ဆေးပညာရှင်များအစည်းအရုံးရဲ့‌ ဆေးမျှော်စင်ထဲမှာ မတိုက်ခိုက်ရဘူးဆိုတဲ့ စည်းကမ်းချက်ကိုမသိဘူးလား။ အတင့်ရဲတယ်”

ထိုစကားကို ဖျစ်ညှစ်ပြောလိုက်ရသည်။ ဆေးမျှော်စင်အတွင်းမှာ တိုက်ခိုက်ခွင့်ပိတ်ပင်ထားတာကတော့ အမှန်ပင်ဖြစ်၏။

“အတင့်ရဲတယ်ဟုတ်လား”

စုရှောင်ရှန် ခေါင်းလေးကိုစောင်းပြီးတော့ အစောင့်ကို လက်ညိုးထိုးလိုက်သည်။ အစောင့်လည်း ကြောက်ရွံ့တုန်လှုပ်သွားပြီး သူထင်ထားသည့်အတိုင်း ထိုအကောင်က ဖော်ကောင်လုပ်တော့သည်။ “ကျုပ်ကို အဲ့လို အတင့်ရဲအောင် သတ္တိပေးတာ သူ”

ဘုတ်…။

ကြမ်းပြင်ပေါ်တွင် အစောင့်ဖင်ထိုင်ကျသွားသည်။

စုရှောင်ရှန်က ဆက်လက်၍ ပြောလိုက်သည်။ “သူက ဖုအိမ်တော်က သခင်လေးဆိုတာ သိရင် ဘယ်သူက တိုက်ခိုက်ရဲတော့မှာလဲ။ ကျုပ်လဲ သာမန် နောက်ခံမရှိတဲ့ လူတစ်ယောက်ပါ။ ဒါကြောင့် သူများ စိတ်ဆိုးပြေသွားမလား ဖြေဖျောက်လို့ရအောင် အခြား ကစားနည်းတစ်ခုခုနဲ့ ယှဉ်ပြိုင်မယ်ပြောတယ်လေ။ ဒါပေမယ့် သူတို့…”

စုရှောင်ရှန် သူ့မျက်နှာကိုတဖန်ပြန်ကာကာ ငိုမဲ့မဲ့အသံဖြင့် သနားစရာကောင်းအောင် ပြောလိုက်သည်။

“သူတို့ပေါင်းပြီး ဆေးမျှော်စင်ထဲမှာ တိုက်ခိုက်ရအောင်လုပ်တယ်။ တစ်ယောက်‌ဆို ကျုပ်ကိုတောင် ထိုးလိုက်သေးတယ်။ ဒီလို အထိုးခံရတာတောင် ပြန်မထိုးရဲတဲ့ဘ၀။ ဘာလို့- ဘာလို့ ကျုပ်ကိုပဲ မေးခွန်းလာထုတ်နေကြတာလဲ။ ကျုပ်က ဒီမှာ တကယ်ခံရတဲ့သူပါ။ ဝူးးး ဝူးးး…”

အပိုင်း (၂၉၅) ငန်းရေကန်ကြီးက အကြီးအကဲစန်း

မုကျစ်ရှီ တဆတ်ဆတ်တုန်ရင်နေပြီး မယုံကြည်နိုင်သော အမူအရာမျိုးရှိနေခဲ့သည်။

‘ဒါ စုရှောင်ရှန်လား’

သူ၏ အံ့မခန်း နှလုံးသားကင်းမဲ့နိုင်စွမ်းကို သူမ မသိခဲ့လျှင် ဖြူဖျော့နေသော မျက်နှာဖြင့် သူက ကြက်တစ်ကောင်ကိုတောင် သတ်ရဲလိမ့်မည်မဟုတ်ဟု ထင်ပေလိမ့်မည်။

‘မဟုတ်တာ။ ဒီမှာ တကယ် ဝံပုလွေဆိုးကြီးက သူပါ။ သူဟန်ဆောင်နေတာ’

မုကျစ်ရှီက တစ်ခုခုပြောရန်ပြင်လိုက်စဉ် မျက်နှာကိုကာထားသည့် လက်ကြားလေးမှ စုရှောင်ရှန်၏ စူးစူးဝါးဝါးအကြည့်ကို မြင်လိုက်ရပြီး ပါးစပ်ပြန်ပိတ်လိုက်၏။

[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁]

အားအင်ချိနဲ့သည့် သူကို လူတိုင်းသနားကြတာမှန်သည်။

ဤနေရာရှိ ဘယ်သူကမှ စုရှောင်ရှန်၏ အံ့မခန်း တိုက်ခိုက်စွမ်းရည်ကို မသိကြချေ။ သို့ဖြင့် စုရှောင်ရှန်၏ စကားများကိုကြားပြီးနောက် လူအုပ်ကြီး၏ အမူအရာများပြောင်းလဲသွားခဲ့သည်။

ဖြည်းဖြည်းချင်းစီ မျက်‌နှာသေကြီးမှ ဂရုဏာသက်သော မျက်နှာထား၊ ထို့နောက်မှာ သနားခြင်းအဖြစ်သို့ ရောက်သွားကြသည်။

“တော်တော်တရားလွန်နေပြီ။ ငါရပ်ကြည့်မနေနိုင်တော့ဘူး။ ဒီက ကောင်လေးဘက်ကနေ ငါထောက်ခံပေးနိုင်တယ်။ အစကနေ အဆုံးထိ သူမဟုတ်တာ လုပ်သွားတာ ဘာမှ မရှိဘူး”

“ဟုတ်တယ်။ ဥက္ကဠကြီး အမှန်ကိုသိသင့်တယ်။ ဒီကောင်လေးက ဘာမှ မဟုတ်မဟက်မလုပ်ဘဲ ဖုသခင်လေးကသာ စတင်တိုက်ခိုက်တဲ့သူဆိုတာ ကျုပ်တို့အားလုံး အာမခံပေးနိုင်တယ်”

“အိုး… ကလေးရေမငိုပါနဲ့။ လာ မမစီလာ”

“ဖုသခင်လေး။ မင်းရဲ့ လုပ်ရပ်နဲ့ စကားတွေက တရားလွန်သွားပြီ။ လူကို အားနည်းတယ်‌ဆိုပြီး အနိုင်မကျင့်ပါနဲ့”

“…”

ဖုရှင်း ကြောင်အသွား၏။

‘ငါဘာလုပ်လို့လဲ။ ငါဘာပြောလို့လဲ။ စလာကတည်းက စကားတွေ တတွတ်တွတ်ပြောနေတာ သူပါဟ’

[မေးခွန်းထုတ်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

ရှီတိ ခေါင်းကိုက်သွား၏။

စုရှောင်ရှန် ‌အလွန်အကျွံ ဖော်ပြသလို သူဘာမှ အမှားမလုပ်ခဲ့တာ သိလိုက်ရသည်။ မဟုတ်ရင် လူတွေအများကြီး သူ့ဘက်ကနေ ရပ်တည်ပေးမတဲ့လား။

အခြားတစ်ဘက်တွင်လည်း ဖုရှင်းကို ဆေးမျှော်စင်ထဲမှာ ဆေးမီးဖိုအိုးပေါက်ကွဲမှူတွေအတွက် သူအပြစ်တင်လို့မဖြစ်ချေ။

သူက မြို့တော်၀န်ဖု၏ သားဖြစ်နေကာ ငယ်ငယ်တုန်းကလိုလည်း ဘောင်းဘီချွတ်‌ကာ ပေါင်ပေါ်တင်၍ ရိုက်လို့ရတော့သည့် အရွယ်မဟုတ်တော့ပေ။

‘ဟ ဒါဆို ငါက ဒီအပျက်အဆီးတွေအတွက် ဘယ်သူ့ကို တာ၀န်ယူခိုင်းရမှာတုန်း’

ရှီတိက သဘောကောင်းသည့် လူအဖြစ်ကျော်ကြားပေမယ့် ကို့ယ်အိမ်ကို လာဖောက်ခွဲရင် ဘယ်သူက ဒေါသမထွက်ဘဲ နေလိမ့်မည်လဲ။

သို့ဖြင့် အရာအားလုံးကို အခွင့်ပေးခဲ့သည့် အစောင့်၏ အပြစ်ဟုဆိုပြီး သူ့ကို စူးစူးရှရှ ကြည့်လိုက်သည်။

“မင်းဘာပြောစရာကျန်သေးလဲ”

အစောင့် ကြောက်ဒူးတုန်သွား၏။ ယခု ရှီတိကြောင့် အလုပ်ထုတ်ခံလိုက်ရရင် အလုပ်ပြုတ်သွားရုံမက ဘယ်မှာမှ နောက်ထပ်အလုပ်လည်းရှာလို့ရတော့မည်မဟုတ်ချေ။

‘ငါဒီ ဘ၀င်ခိုက်နေတဲ့ မျိုးနွယ်စုတွေရဲ့ ခြေထောက်ကိုဖက်ရမယ့် အစောင့်တော့ဖြစ်မလာချင်ဘူး’

သူ့အနာဂါတ်က မသေချာမရေရာတော့တာ ကို ခံစားနေရသည်။

စုရှောင်ရှန် ကြားဖြတ်ပြောလိုက်သည်။ “သူ့ကိုတော့လည်း လုံး၀ အပြစ်သွားတင်လို့မရဘူးလေ။ တကယ်က လုံလောက်အောင်မသန်မာတဲ့ ဖုသခင်လေးရဲ့ ကျင့်ကြံခြင်းနယ်ပယ် နိမ့်နေတာကို အပြစ်တင်ရမှာ”

ဖုရှင်း တုန်လှုပ်သွားသည်။

သူ့မျက်လုံးများကို ပြူးကျယ်စွာဖွင့်ပြီး ငြင်းတော့မယ်လုပ်နေတာကို လစ်လျူရှူပြီး စုရှောင်ရှန်က ဆက်ပြောလိုက်သည်။ “ဒီက အစောင့်က လူအုပ်ကြီး အနာတရမဖြစ်အောင် ကာကွယ်ပေးနိုင်တာကို တော်နေပါပြီ။ ပြီးတော့ သူကလည်း ဒီက ဖုသခင်လေးက ဘယ်သူဘယ်ဝါဖြစ်ကြောင်းပြောခဲ့လို့ပေါ့။ မဟုတ်ရင်တော့…”

စုရှောင်ရှန် စကားဆိုနေရင်းက တုံ့ခနဲ ရပ်လိုက်သည်။ မဟုတ်ရင် ဖုရှင်းက ပိုပြီးတောင် ဆိုးဆိုးရွားရွား ဖြစ်သွားဦးမှာလို့ ပြောမိတော့မလိုဖြစ်သွား၏။

သူတို့က အရွယ်‌လည်း ရောက်လာကြပြီဖြစ်ရာ အခြားသူများ မျက်နှာပျက် မပျက်ကို ကြည့်ရဦးပေမည်။

သို့ပေမယ့် ဖုရှင်း သူ့မျက်နှာကို စုတ်ဖြဲလိုက်သလို ခံစားလိုက်ရသည်။

စုရှောင်ရှန် မပြောပေမယ့်လို့ ဒီမှာရှိတဲ့ လူတွေက ငတုံးတစ်ယောက်မှ မပါပေ။ ‘မင်းပြောချင်တာကို ဘယ်သူမှ မသိနိုင်ဘူးထင်နေတာလား’ ဖုရှင်း စိတ်ထဲက ဆို၏။

ထို့နောက် ငြင်းဆန်လိုက်သည်။ “ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီထင်မနေနဲ့။ လက်သီးချင်းယှဉ်ထိုးတာက ငါသန်မာတဲ့ရာမဟုတ်ဘူး။ သတ္တိရှိရင် ဓားချင်းယှဉ်ချမလား”

“ဟင်”

စုရှောင်ရှန် ချက်ခြင်း နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။

“အဲ့လိုလုပ်ဖို့ မလိုပါဘူး”

လက်သီးနဲ့ခြေထောက်တွေက မျက်စိမပါဘူးဆိုပေမယ့် ဘယ်သူမှ သေဦးမည်မဟုတ်ချေ။ တိတ်တခိုးနာကျင်ခြင်းထွက်လာရင်တော့ မလွဲမသွေ အလောင်းတစ်လောင်းပေါ်လာရပေမည်။

‘ငါပြီးစလွယ် ဓားထုတ်ပြီး လျှောက်ခုတ်နေလို့မဖြစ်ဘူး’

“မင်းတို့အားလုံး တော်ကြစမ်း”

ဥက္ကဠ ရှီတိ၏ ခန္ဓာကိုယ်က ဒေါကကြောင့်တုန်ရင်နေသည်။

ထို့နောက် သူ့ရှေ့က စကားလုံးလှလှလေးများနှင့် ဓားဖြင့်ထိုးတတ်သည့် လူငယ်လေးကိုကြည့်ကာ ခက်ထန်စွာမေးလိုက်သည်။ “မင်းနာမည်ဘာလဲ”

“စုရှောင်ရှန်”

ထို့နောက် အလျင်အမြန် နောက်က ထပ်လောင်း၍ “ကျုပ်ဒီကိုလာခဲ့တာ ဥက္ကဠကြီးကို တွေ့ချင်လို့ပဲ”

“ငါ့ကိုဘာမှ တွေ့ချင်စရာအကြောင်းမရှိဘူး” ရှီတိက လက်ဝှေ့ရမ်းကာ စုရှောင်ရှန်ကို တော်ခိုင်းလိုက်ပြီး ဆက်လက်၍ မေးလိုက်သည်။ “မင်းပြောသလိုဆို ဒီဖြစ်ရပ်မှာ အပြစ်ရှိတဲ့သူပျောက်နေတယ်။ ဘယ်သူ့ကို ငါက တာ၀န်သွားယူခိုင်းရတော့မှာလဲ”

“သူပေါ့”

ဖုရှင်းကို လက်ညိုးထိုးပြလိုက်သည်။

“ဒီကောင်က တကယ့် လက်သည်တရားခံ။ သူ့ကို အပြစ်မပေးဘူးဆိုရင်တောင် အပျက်အဆီးတွေအတွက် တာ၀န်ယူခိုင်းပေါ့”

ဖုရှင်း တံတွေးတီးသွားပြီး အသက်ရှူတောင်ကြပ်လာသည်။

‘ဘာကို ငါက စရိတ်စကခံရမှာလဲ။ ငါ့ပိုက်ဆံက မင်းဟာတွေပါလို့ တစ်ခါတည်း ဘာလို့မပြောလိုက်တာလဲ’

ထို့နောက် “ဟင်းသီးဟင်းရွက်ဖြစ်နေတာကိုက မင်းအပြစ်” ဆိုတဲ့ စကားကိုမြင်ယောင်မိပြီး “ကောင်းပြီလေ။ ပျက်‌ဆီးသွားတာတွေအတွက် လျော်ပေးပါ့မယ်”

ဖုရှင်းတာ၀န်ခံလိုက်သည်။

စုရှောင်ရှန်က ချက်ခြင်းလက်ငင်း ထပ်၍ “ဒါပေါ့ လျော်ကြေးတင်မဟုတ်ဘူး ငါတို့နှစ်ယောက်ကြားက ပဠိပက္ခကိုလည်း မေ့ပေးရမယ်”

ဖုရှင်း စွံ့အသွား၏။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန်နှင့် ဖုရှင်းတို့ အပြန်အလှန်ပြောစကားများကြောင့် ရှီတိ စိတ်ပင်ပန်းနွမ်းနယ်သွားသည်။

“မင်းတို့အားလုံးထွက်သွားကြ။ ဆေးမျှော်စင်က မင်းတို့ကို မကြိုဆိုဘူး။ သွားကြတော့ သွား”

“ကျွန်တော်ရောသွားရမှာလား” အစောင့်လေးက ၀မ်းနည်းသလိုလို သနားစရာကောင်းသလိုလို အကြည့်များဖြင့် မေးလိုက်သည်။

“အာ…”

ဤအစောင့်ကို ရှီတိ အလုပ်မဖြုတ်ချင်ပါပေ။ သူက နှစ်ပေါင်းများစွာ ဆေးမျှော်စင်ကို တာ၀န်သိသိ စောင့်ရှောက်လာခဲ့သည့်သူဖြစ်ကြောင်း သူသိသည်။ ဤဖြစ်ရပ်လေးကြောင့် အလုပ်ထုတ်ပစ်လိုက်တာဆိုရင် သူလည်း စိတ်မကောင်းဖြစ်ရပေမည်။

“မင်းနေလို့ရတယ်။ ဒါပေမယ့် မင်းရဲ့ အပြုအမူတွေကို ငါစောင့်ကြည့်နေမယ်။ ခု အကုန်ထွက်သွားကြတော့”

သူ့လက်ကိုဝှေ့ရမ်းပြီးတော့ ထွက်သွားကြဖို့ပြောလိုက်သည်။

ဘာဖြစ်ဖြစ် ဤဖြစ်ရပ်သည် မြို့တော်၀န်၏သားနှင့် ဆက်နွယ်နေပေသည်။ သို့ဖြင့် ဖူရှင်း၏ မျက်နှာကိုတော့ အဖက်ဆယ်နိုင်သလောက်ဆယ်ပေးရချေမည်။ ဤဖြစ်ရပ်ကို အေးအေးချမ်းချမ်းအဆုံးသတ်၍ ဆေးမျှော်စင်ကို ပြန်လည်ပြုပြင်တာကမှ အကောင်းဆုံး ရွေးချယ်ချက်ဖြစ်၏။

“ဥက္ကဠကြီး… ဥက္ကဠကြီး…”

သူ့နောက်ကို လက်များပွတ်သပ်၍ ဖုရှင်း လိုက်လာခဲ့ပြီး ဆိုလိုက်သည်။ “ကျွန်တော်က ဒီမှာ ကျွန်တော်ရဲ့ ညီမလေး စာမေးပွဲ၀င်ဖြေတာ လာကြည့်တာ။ ဆိုတော့လေ…”

ရှီတိရပ်တန့်သွား၏။ သူ့မျက်ခုံးများအပြင်းအထန်လှုပ်သွားပေမယ့် ကူကယ်ရာမဲ့စွာ ပြောလိုက်ရသည်။ “သွား၊ သွား။ သူမကို ကြိုပြီးတာနဲ့ သွားတော့”

ရှီတိ ဤကိစ္စကို ဘေးချ၍ သူ့လမ်းသူဆက်မယ်ပြုစဉ် နောက်က နောက်ထပ်အသံတစ်သံကို ကြားလိုက်ရသည်။

“ဥက္ကဠကြီး… ဥက္ကဠကြီး…”

ရှီတိ သက်ပြင်းချ‌လိုက်သည်။

ထို့နောက် နောက်လှည့်ကာ စုရှောင်ရှန်အား ကြည့်လိုက်၏။

“မင်းကကော ဘာဖြစ်ချင်လို့တုန်း” သွားကြားထဲက ဖျစ်ညှစ် ပြော၍ ရှီတိမေးလိုက်သည်။

ဖုရှင်းက မြို့တော်၀န်သားမလို့ သူသည်းခံနိုင်သေးတယ် ဒီအကောင်က အတင့်ရဲစွာ သူ့စီက ဘာလိုချင်ပြန်ပြီတုန်း။ ဆေးမျှော်စင် ဒီလိုဖြစ်ရတာလည်း ထိုအကောင်ကြောင့် တစ်စိတ်တစ်ပိုင်းပါ၀င်ပေသည်။

“ဆိုတော့လေ…”

စုရှောင်ရှန်က ရှက်ကိုးရှက်ကန်းပြုံးကာ ဆိုလိုက်သည်။ “ဒီမှာ ဆေးဖော်စပ်သူ စာမေးပွဲလာ၀င်ဖြေတာ ကျုပ်လည်း ထွက်သွားလို့မဖြစ်ဘူး”

“ဘာကြီး” ဖုရှင်း လန့်ဖျပ်သွား၏။

ထွက်သွားမယ်ပြုနေကြသော လူအုပ်ကြီးလည်း ထိုစကားကိုကြားသောအခါ တုံ့ခနဲ ရပ်သွားကြသည်။

‘ဆေးဖော်စပ်သူ ‌စာမေးပွဲဖြေမယ်ဟုတ်လား’

‘မင်းက စာမေးပွဲလာဖြေတာမဟုတ်ဘဲ လာဖောက်ခွဲတာမဟုတ်ဘူးလား’

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၆၇]

“မင်းက ဆေးဖော်စပ်သူတစ်ယောက်လား” ရှီတိလည်း အလားတူ မှင်တက်သွား၏။

“ခုတော့မဖြစ်သေးဘူး။ မကြာခင်တော့ ဖြစ်လာတော့မှာ”

ရှီတိရယ်လိုက်သည်။ ဒီကောင်လေးက တကယ် ရိုးသားပြီး နှံ့အသည်ဟု တွေးတောလိုက်၏။

‘ငါဘယ်လောက်သဘောကောင်းကောင်း ငါ့အိမ်ကို ဖောက်ခွဲလိုက်တာကို ငါ့အိမ်ထဲတော့ ပြန်ဖိတ်မခေါ်နိုင်ဘူး။ ဆေးဖော်စပ်သူ စာမေးပွဲဖြေမယ်တဲ့ မဖြစ်နိုင်တာ။ ဟာသပဲ’

“မင်းတကယ် ဖြေချင်တာသေချာပြီလား။ မင်းအောင်မယ်လို့ယုံကြည်တယ်ပေါ့” ထိုစကားများကိုပြောရင်းတောင် ရှီတိ သွားကြိမ်းသွားခဲ့သည်။

စုရှောင်ရှန်က အလေးအနက် ခွန်းတုန့်ပြန်လိုက်၏။ “သေချာပါတယ်။ ကျုပ်ကိုယ်ကျုပ် ယုံကြည်တယ်။ ပြီးတော့ ဥက္ကဠကြီးကလည်း ကိစ္စသေးသေးလေးကြောင့် အငြိုးထားတတ်တဲ့လူမဟုတ်ဘူးလို့ထင်ပါတယ်”

ကိစ္စသေးလေး… အငြိုးမထားတတ်တဲ့လူ…။

စုရှောင်ရှန်၏ အာဂသတ္တိကြောင့် ဘေးနားရှိလူတိုင်း ချက်ခြင်းမှင်တက်သွားကြလေသည်။

[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၆၆]

ရှီတိ ဒေါသထွက်သွားသလို ရယ်လည်း ရယ်ချင်မိသွားသည်။ သူတစ်ခုခုကို ပြောတော့မည့်အချိန်မှာ စုရှောင်ရှန်က စကားလမ်းကြောင်းလွှဲလိုက်သည်။

“ဥက္ကဠကြီးက ကျုပ်ရဲ့ စွမ်း‌ဆောင်ရည် မဟုတ်ဘဲ တစ်ခြားဟာကို ကြည့်ချင်တယ်ဆိုရင်…”

စုရှောင်ရှန် လည်ပြန်ကြည့်ကာ ကျစ်ဆံမြှီးနှစ်မွှာဖြင့် မုကျစ်ရှီထံ လက်ဖြန့်ထုတ်လိုက်သည်။ “ငါ့ကို စာအိတ်ပေး”

သူ့လက်ထဲ စာအိတ်လေးကျလာသည်။

စုရှောင်ရှန်က ခံစားချက်များ ရောထွေလျက် အဝေးကိုကြည့်ရင်း အသက်ကိုခပ်ပြင်းပြင်းရှိုက်လိုက်၏။ ထို့နောက် “ဥက္ကဠကြီး။ ငန်းရေကန်ကြီးက အကြီးအကဲစန်းဆိုတာ မှတ်မိသေးရဲ့လား”

အပိုင်း (၂၉၆) အကြီးအကဲစန်း၏ စာ

ဥက္ကဠ ရှီတိ တုံ့ခနဲ ရပ်သွားသည်။ ပေါက်ကွဲထွက်တော့မည့် သူ၏ ဒေါသကို တစ်ယောက်ယောက်က ပြန်ဆွဲချလိုက်သကဲ့သို့ ‌မျက်မှောင်ကြုတ်ပြီး မှင်တက်စွာ မေးလိုက်သည်။

“အကြီးအကဲစန်းဟုတ်လား”

ရှီတိ၏ မျက်မှောင်ကြုတ်သွားသော အမူအရာကိုမြင်သောအခါ စုရှောင်ရှန့် နှလုံး ဒုတ်ကတည်း ခုန်သွား၏။

အကြီးအကဲစန်းစီက စာက သူ့အတွက်တော့ အကောင်းဆုံး ထောက်ခံချက်ဖြစ်၏။ ထိုစာနှင့် ပတ်သက်ပြီး တစ်ခုခု မှားနေ၍ မဖြစ်ပေ။

‘ဒီစာက ဥက္ကဠရှီတိကို စိတ်မပြေစေဘဲ သူတို့နှစ်ယောက်ကလည်း အရင်ကတည်းကလည်း အသိအကျွမ်းတွေမဟုတ်ဘူးဆိုရင် ငါဘာသွားလုပ်ရတော့မလဲ။ အဖိုးကြီး ငါတို့ကိုရောင်းစားဖို့အကြံနဲ့ ဒီစာပေးလိုက်တာတော့ မဟုတ်ဘူးမလား’

‘မဖြစ်နိုင်လောက်ဘူး။ ငါတို့ကိုရောင်းစားလိုက်ရင်တောင် ချစ်စရာကောင်းပြီး စကားနားထောင်တဲ့ ဟိုကလေးမလေးကိုတော့ အဆစ်ပါအောင် ရောင်းမှာမဟုတ်ဘူး။ ငါ့တစ်ယောက်တည်းကိုပဲရောင်းလိုက်မှာ’

စုရှောင်ရှန် ချီတုံချတုံဖြစ်နေပြီးမှ မ၀န့်မရဲ အတည်ပြုလိုက်သည်။ “ဟုတ်ပါတယ်။ အကြီးအကဲစန်းပါ”

“မင်းက ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်ကလာတာပေါ့” ရှီတိမေးလိုက်သည်။ ထို့နောက် မုကျစ်ရှီဘက်ကိုလည်းလှည့်ကြည့်ရာ “နင်ကောပဲလား”

မုကျစ်ရှီ ခေါင်းညိတ်ပြလိုက်သည်။

“ဒီအဖိုးကြီး သူ့ဆက်ခံသူကို ရှာတွေ့ပြီပေါ့”

စုရှောင်ရှန် ထိုစကားကိုကြားမှ စိတ်သက်သာရာရသွား၏။ အဖိုးကြီးစန်းမှာ ဆက်ခံသူမရှိသေးတာကို ရင်းနှီးသည့် ဆက်ဆံရေးမရှိသည့်လူက မည်သို့ သိမည်နည်း။

‘သူက ညီအကိုလို မိတ်ဆွေမဟုတ်ရင် ကမ္ဘာ့ရန်ဘက်ပဲဖြစ်ရမယ်’

အဖိုးကြီး၏ စိတ်နေသဘောထားအရတော့ ကမ္ဘာ့ရန်ဘက်မဖြစ်လောက်ချေ။

စုရှောင်ရှန် ခေါင်းကို အသာအယာညိတ်လိုက်ပြီးတော့ ပြောလိုက်သည်။ “ဟုတ်တယ် ကျုပ်ရဲ့ ဂိုဏ်းတူ ညီမလေးက အကြီးအကဲစန်းရဲ့ ဆက်ခံသူပဲ”

“မင်းရဲ့ ဂိုဏ်းတူ ညီမလေး”

စုရှောင်ရှန်နောက်က သိုသိုသိပ်သိပ်သာ နေသည့် မုကျစ်ရှီကို ရှီတိ တစ်ချက်ကြည့်လိုက်သည်။

သူမတွင် သစ်ဓာတ်စွမ်းအင်နှင့် အသက်စွမ်းအင် ပမာဏ များပြားစွာရှိဟန်ရပေသည်။ ဤသို့ အရွယ်မှာတောင်မှ မူလနန်းတော်အထွတ်အထိပ်ကို ရောက်နှင့်နေပြီဖြစ်၏။

သူမက တကယ့်ကို ဆေးဖော်စပ်သူဖြစ်လာဖို့ ကွက်တိဖြစ်တာကြောင့် ရှီတိ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

‘ငါဘာလို့ ဒီကလေးမလေးကို သတိမထားမိတာလဲ။ သိုသိုသိပ်သိပ်နေရင်တောင် ဒီလိုအရှိန်အဝါနဲ့ဆို ဘယ်နေရာမှာဖြစ်ဖြစ် ကြက်တွေအကြားက ကြိုးကြာလို ထင်ပေါ်နေမှာပါ’

ထိုမှ စုရှောင်ရှန်အပေါ်အကြည့်ရောက်သွားသောအခါ ထိုအကောင်က အရမ်းကို ထင်ပေါ်နေလွန်းလို့ မုကျစ်ရှီကို သူသတိမထားမိခြင်းဖြစ်တာ သိလိုက်၏။

‘ဒီကလေးမလေးကို ကာကွယ်ဖို့ဖြစ်ရမယ်’

ရှီတိ နားလည်သွားသည်။

အကြီးအကဲစန်းက သူ၏ တပြည့်မလေးကို အခြားသူများ လုယူသွားမည်စိုး၍ ဆေးဖော်စပ်သူအဖြစ်စာမေးပွဲဖြေရန်လာသောအခါ ကာကွယ်ပေးဖို့ စုရှောင်ရှန်ကို ထည့်ပေးလိုက်တာဖြစ်ရမည်။

စုရှောင်ရှန်က မဟားတရားကို အာရုံစိုက်ခံနေရလွန်းတော့ သူမကို ရိပ်မိလိမ့်မည်မဟုတ်၍ အင်‌မတန်ပြောင်မြောက်သော ကာကွယ်မှုဟုပြော၍ရပေသည်။

၎င်း၏အကျိုးသက်ရောက်မှုမှ သူ၊ မှော်ဆေးပညာရှင်များအစည်းအရုံး ဥက္ကဠတောင်မှ ကလေးမလေးကို လစ်လျူရှူမိသွား၏။

အကြီးအကဲစန်းက တကယ်ကို မြေခွေးအိုကြီးပင်။

“သူ စိတ်ဝိညာဉ်နန်းတော်ကို ပြန်သွားတယ်ပေါ့” ရှီတိမေးလိုက်သည်။

ထိုအမေးကိုကြားသောအခါ ဖြေမည်ဟုပြင်လိုက်သော စုရှောင်ရှန် ဤရှီတိက မုကျစ်ရှီဘက်ကို တည့်တည့်စိုက် ကြည့်နေတာ မြင်ရ၏။

‘ဟ ဒါဘက်လိုက်တာပဲ’

မုကျစ်ရှီ လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

“နင့်နာမည်ဘာလဲ”

“မုကျစ်ရှီ”

“နာမည်ကောင်းလေးပဲ။ တခြားဆရာတစ်ယောက်ခံယူဖို့ အတွေးလေး ဘာလေးမရှိဘူးလား”

“ကျွန်မ… ဘာကြီး”

မုကျစ်ရှီ သူမ၏ ပါးစပ်ကို အလျင်အမြန်ပိတ်လိုက်သည်။ ထို့နောက် ဥက္ကဠ ရှီတိ၏ မျက်နှာထက်က အပြုံးကိုမြင်သောအခါ ရောက်ရက်ခက်သွား၏။

ဤသို့ မေးခွန်းကို မည်သို့ဖြေရမလဲမသိသောကြောင့် စုရှောင်ရှန်ဘက်ကို အားကိုးတကြီးလှည့်ကြည့်လိုက်ပါသည်။

လူအုပ်ကြီးလည်း အုတ်သော်သောင်းနင်းဖြစ်သွားပြီး ဘာဖြစ်နေသလဲ ဆွေးနွေးလိုက်ကြ၏။ ဖုရှင်းလည်း အတန်ငယ် အံ့အားသင့်သွားပေသည်။

“ဒီကလေးမလေးက ဘယ်သူတုန်း။ ဥက္ကဠကြီး ရှီတိတောင် တပြည့်အဖြစ်ခံယူဖို့ စိတ်၀င်စားတယ်တဲ့။ သူ့မှာ ဘယ်တုန်းကမှတောင် တပြည့်ရင်းရှိခဲ့တာမဟုတ်ဘူး”

“အေး။ သူလူတွေအများကြီးကို ညွှန်ကြားပေးခဲ့ပေမယ့် အနည်းဆုံး နာမည်ခံတပြည့်လောက်ပဲရှိမှာ။ ငါလည်း အဲ့လိုလူတွေထဲက တစ်ယောက်ပဲ။ သာမန်ဆို ငါလည်း ဒီလိုကိစ္စကိုထုတ်မပြောပါဘူး”

“အေး မင်းပြောလည်း ဘယ်သူမှ မင်းကို ယုံမှာ မဟုတ်ဘူး”

“ကြား၀င်မဖြတ်စမ်းပါနဲ့ကွာ။ ခုကိစ္စက ပိုပြီးရှုပ်လာပြီ။ ဥက္ကဠရှီတိကိုကြည့်ရတာ သူများတပြည့်ကိုလုယူတော့မယ်ထင်တယ်”

“ငါတို့ ဇာတ်လမ်းတစ်လျှောက်လုံးကြည့်လာပြီးမှ ဒီကလေးမလေးက အဓိက ဇာတ်ကောင်ဆိုတာ သိရတယ်တဲ့။ အံ့ရော”

“…”

စုရှောင်ရှန်လည်း ရှီတိ ဤသို့ အတွေးပေါက်မည်ဟု ထင်မထားချေ။

ထို့အပြင် မုကျစ်ရှီလည်း ဤသို့ မေးခွန်းနှင့် ရင်ဆိုင်လာရသောအခါ ဘာလုပ်ရမှန်းမသိဖြစ်နေသောကြောင့် အံ့ဩလို့ မဆုံးဖြစ်နေသည်။

‘ဒါက အဲ့ဒီမိစ္ဆာအိုကြီးလက်ထဲက လွတ်မြောက်မယ့် နင့်အတွက် အခွင့်အရေးကြီးဟ။ မြန်မြန်ဒူးထောက်ပြီး ဆရာအဖြစ် အသိအမှတ်ပြုလိုက်တော့လေ’

စုရှောင်ရှန် သူမကို အကြည့်ဖြင့် အချက်ပြလိုက်သည်။

ဤနေရာတွင် ဆရာပြောင်းလိုက်မည်‌ဆိုလျှင် မျက်ကွင်းညိုဖြင့် အဖိုးကြီးလက်ထဲကလွတ်မည်ဖြစ်၍ သူမ အတွက်ကောင်းသောအရာပင်။

ရှီတိက စိတ်သဘေားထားနူးညံ့သလို ဆေးဖော်စပ်တဲ့နယ်ပယ်မှာလည်း အဆင့်အတန်း မြင့်သည်။ ကိုယ်ပိုင်ခွန်အားလည်း အတင့်အသင့်ရှိပြီး လေးစားထိုက်ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ရာ လက်လွတ်ခံ၍မဖြစ်ချေ။

၎င်းက ကောင်းကင်ဘုံက ပေးသနားလိုက်သော အခွင့်အရေးကြီးဖြစ်ပါ၏။

စုရှောင်ရှန်၏ မျက်စိတစ်ဖက်မှိတ်ပြနေတာကိုမြင်သောအခါ မုကျစ်ရှီ အဓိပ္ပာယ်ကောက်မှားသွားသည်။

‘သူငါ့ကို ငြင်းခိုင်းနေတာဖြစ်ရမယ်’

“၀မ်းနည်းပါတယ်။ အကြီးအကဲစန်းက ကျွန်မရဲ့ ဆရာပါ။ ဥက္ကဠကြီးရဲ့ အဆိုကိုငြင်းပယ်ပရစေ ခွင့်လွှတ်ပါ”

ရှီတိကို မုကျစ်ရှီ အလေးအနက် ဦးညွှတ်လိုက်သည်။

ဟူးးး…။

စုရှောင်ရှန် စိတ်ပျက်သွားပြီး ရေရွတ်လိုက်သည်။ “ကိုယ့်အတွက်ဘာကောင်းလဲ မသိဘူးပဲ”

လူအုပ်ကြီးလည်း သူမ၏ အဖြေကြောင့် ရုတ်ရုတ်သဲသဲပြန်ဖြစ်သွားကြသည်။

“သူမ ငြင်းလိုက်တယ်တဲ့”

“ဘုရား ဘုရား…။ ဥက္ကဠကြီးကိုတောင်ငြင်းရဲတဲ့ တစ်ယောက်ယောက်ကို ငါတွေ့ဖူးတာ ဒါပထမဆုံးပဲ”

“ငါကြားတာတော့ ဒုခေါင်း‌ဆောင်ဖုတောင် ဥက္ကဠကြီးရဲ့ တပြည့်ဖြစ်ချင်လို့ အပူကပ်နေတာကြာပြီတဲ့။ ဒါပေမယ့် ဘာဖြစ်ဖြစ် လက်မခံဘူးတဲ့လေ”

“ထားပါ။ စောနက ပြောလိုက်တဲ့ အကြီးအကဲစန်းဆိုတဲ့ နာမည်ကို မင်းတို့သိကြလား”

“ဘာလို့လဲ။ ဘာထူးဆန်းလို့လဲ”

“သူ… သူက ထျန်းစန်းနန်းတော်ရဲ့ နန်းတော်သခင်ဟောင်းဖြစ်ရမယ်။ ပြီးတော့ မှော်‌ဆေးပညာရှင်များအစည်းအရုံးမှာလည်း တစ်ခါမှ ပေါ်မလာဖူးတဲ့ ဧည့်သည် ဒုခေါင်းဆောင်လို့ကြားဖူးတာပဲ”

“ဘာပေါတာ”

ထိုစကားကိုကြားလိုက်ရသည့်သူများကိုမဆိုထားဘိ စုရှောင်ရှန်တောင် မှင်တက်သွား၏။

ဧည့်သည် ဒုခေါင်းဆောင်ဟုတ်လား…။

ကောက်ရိုးခမောက်ဖြင့် အဖိုးကြီးက ဤနေရာတွင်လည်း လေးစားခံ အဆင့်အတန်းရှိသည်ပေါ့။

သူဘယ်နေရာသွားသွား၊ ဘယ်နေရာရောက်ရောက် အဖိုးကြီး၏ ထိန်းချုပ်မှုစက်ကွင်းထဲက မလွတ်နိုင်တာကြောင့် ခေါင်းကိုက်သွားသည်။

ထိုမှ အဖိုးကြီးက ကမ္ဘာကြီးတွင် ခရီးလှည့်ပတ်သွားနေပြီး မကြာသေးခင်ကမှ စိတ်ဝိညာဉ်နန်းတော်ကိုပြန်ရောက်လာတာကြောင့် အပြင်ဘက်တွင် လေးစားထိုက်ခံ အဆင့်အတန်းမျိုးရှိတာ သာမန်ပဲဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ထိုအဖိုးကြီး၏ အဆိုအရတော့ စိတ်ဝိညာဉ်နန်းတော်သည် ဒုတိယအိမ်သာဖြစ်ချေသည်။ ထိုနေရာတွင် ခဏတဖြုတ်နေပြီးနောက်မှာ လောကကြီးကို ခြေဆန့်လို့လည်း ဘာမှမဖြစ်သွားပေ။

“ဟမ့်”

သူက ထိုမြေခွေးအိုကြီး‌လောက် ဆွဲဆောင်မှုမရှိတာကြောင့် ရှီတိ စိတ်ဆိုးသွား၏။

“ဒါဆိုလည်း ထျန်းစန်းနန်းတော်ကို မင်းတို့နှစ်ယောက်စလုံးပြန်သွားကြတော့။ ဆေးမျှော်စင်က မင်းတို့ကို မကြိုဆိုဘူး”

စုရှောင်ရှန် မကျေမနပ်ဖြစ်သွားသည်။ ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်တွင် ဆေးဖော်စပ်သူ တံဆိပ်ပြားအတွက်စာမေးပွဲဖြေလို့ရရင် ဤနေရာကို အစကတည်းက လာခဲ့မည်တဲ့လား။

ဥက္ကဠ ရှီတိက အဖိုးကြိးစန်းနှင့် အငြိုးအတေး တစ်ခုခု ရှိပုံရ၏။

သူက သဘောကောင်းသည့်လူလည်းဆိုသေးတယ် ယခု တပြည့်အဖြစ်လက်ခံချင်သည့်သူက ငြင်းလိုက်တာကြောင့် စိတ်ဆိုးသွားပြီး နှင်ထုတ်တယ်တဲ့လား။ ဒါက အကျင့်ပုတ်နေတာမဟုတ်ဘူးလား။

ဒါ့အပြင်ကို အခြားသူမှာ ဆရာရှိပြီးသားဖြစ်ကြောင်းကိုသိရဲ့သားနှင့် လုယူဖို့လည်း ကြံတာကလည်း သူမဟုတ်လား။

စုရှောင်ရှန် သည်းမခံနိုင်ပါချေ။ စာအိတ်ကို ကမ်းပေးပြီး ပြောလိုက်သည်။ “ဥက္ကဠကြီး စာကိုအရင်ဖတ်ကြည့်ပါဦး”

“ဘာစာလဲ”

“အကြီးအကဲစန်းပေးတဲ့စာ”

စာတစ်စောင်…။

မြေခွေးအိုကြီးစန်း ဘယ်တုန်းက ယဉ်ယဉ်ကျေးကျေး စာတစ်တန် ပေတစ်‌တန်နဲ့ ဖြစ်သွားသည်လဲ မယုံကြည်နိုင်စွာတွေးတောနေရင်းက စာအိတ်ကိုယူလိုက်သည်။ နတ်ဘုရားနန်းတော်ကနေ ထွက်သွားပြီးနောက်မှာ သူပြောင်းလဲသွားခဲ့သည်လော။

‘ပြီးတော့ ဘာလို့ စာပေးတယ်ဆိုရင်လည်း သူ့တပြည့်ကို မရွတ်ဖတ်ခိုင်းရတာလဲ။ မဟုတ်လည်း သူ့ခွန်အားနဲ့ဆို မိုင်ထောင်ချီပြီးတောင် စိတ်ချင်းဆက်လှမ်းပြောလို့ရနေတာကို။ နောက်ဆုံး ကုန်စုံပြောရရင် အသံဖမ်းတဲ့ စာလိပ်တောင်ပေးလိုက်လို့ရတယ်’

စာတစ်ဆောင်တဲ့…။

ရှီတိ စာအိတ်ကိုဖောက်၍ အထဲက စာရွက်ကိုထုတ်ယူ ဖတ်ကြည့်လိုက်သောအခါ ပဲပင်ပေါက် အညွှန့်ကောက်လက်ရေးဖြင့် စာနှစ်ကြောင်းရေးထားတာကိုမြင်ရသည်။

“သည်းခံခြင်းဟာ ရတနာတစ်ပါး”

“စာနာခြင်းဟာ လူ့အဆင့်အတန်းကို ပြသ၏”

ရှီတိ မှင်တက်သွားသည်။

ဒီအရည်မရ အဖက်မရ ဆုံးမစာနှစ်ကြောင်းက ဘာသဘောတုန်း။

ထိုစာကြောင်းများအတွင်းရှိ ငရဲမီးတောက် ဆန္ဒ‌လေးကြောင့်သာမဟုတ်ရင် ထိုမြေခွေးအိုကြီး ရေးမည့်အရာမဟုတ်ဟုတောင် ထင်ပေလိမ့်မည်။

‘သည်းခံခြင်းဟာ ရတနာတစ်ပါးတဲ့။ ငါ့ကို လာဆုံးမစရာ မလိုဘူးကွ’

“ဟမ့်” ရှီတိ နှာမှုတ်ပြီး သူတို့ကို လက်ယက်ပြကာ နှင်ထုတ်တော့မည့်အချိန် မျက်နှာကျက်က အပေါက်ကြီးကို မြင်သွားပြီး မျက်လုံးများကျဉ်းမြောင်းလိုက်သည်။

“…”

‘ဘာလဲဟ။ အဲ့ဒီအဖိုးကြီး ဒါတွေအားလုံးကို ကြိုတင်ခန့်မှန်းထားတယ်လို့တော့ မပြောနဲ့’

အပိုင်း (၂၉၇) ညီမလေး စာမေးပွဲအောင်လား

ဤစကားလုံးများက တိုက်ဆိုင်မှုတစ်ခုပေလော။

ရှီတိ ဆိတ်ငြိမ်ကျသွားသည်။

သူ၏ နတ်ဘုရားနန်းတော်က သူငယ်ချင်းဟောင်းကြီးကို ခန့်မှန်းလို့မရတော့ဟု ရုတ်တရက် ခံစားလိုက်ရ၏။

ထိုစာပါ အကြောင်းအရာကို ကြည့်ခြင်းအားဖြင့် အကြီးအကဲစန်းက ရှီတိတောင် သည်းမခံနိုင်လောက်သည့် အရှုပ်အထုပ်ကြီးကို စုရှောင်ရှန်လုပ်လိမ့်မည်ဟု ခန့်မှန်းထားပုံရသည်။

ဆေးမျှော်စင်ကြီး အပေါက်ဖြစ်သွားတယ်ဆိုပေမယ့် လူငယ်တွေကို အငြိုးထားရလောက်အောင်တော့ သူက စိတ်သဘောထားမသေးသိမ်ပါချေ။

သို့ပေမယ့် အဲ့သလောက် ရိုးရှင်းပါ့မည်လား။

စုရှောင်ရှန် ကိုကြည့်ပြီးတော့ ရှီတိ ရုတ်တရက်မေးလိုက်သည်။ “အကြီးအကဲစန်းနဲ့ မင်းနဲ့ ဘာတော်လဲ”

အကြီးအကဲစန်း၏ တပြည့် မုကျစ်ရှီက သူ၏ ညီမလေးဆိုမှတော့ သူကရော ဘာတော်မည်နည်း။

ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်က ဂိုဏ်းသားများက တစ်ဦးကိုတစ်ဦး ဂိုဏ်းတူ ညီအကို၊ မောင်နှမ စသဖြင့် ခေါ်ဝေါ်သုံးနှုန်းကြတာသူသိသည်။ သို့ဖြင့် စုရှောင်ရှန်ကလည်း အကြီးအကဲစန်း၏ တပြည့်ရင်းတစ်ယောက်လား သံသယ၀င်သွားလေသည်။

အကြီးအကဲစန်းနှင့် သဘောတူညီချက်ကို မြင်ယောင်မိပြီး စုရှောင်ရှန် အလေးအနက် ပြန်ဖြေလိုက်သည်။ “အကြီးအကဲစန်းက ကျုပ်ရဲ့ ဒုခေါင်း‌ဆောင်သာသာပါပဲ”

ထိုအဖြေကလည်း သူထင်ထားသလိုဖြစ်တာကြောင့် ရှီတိ စိတ်သက်သာရာရသွားသည်။

ဤစာဆောင်က စုရှောင်ရှန်ကို ပစ်မှတ်ထားထားမှတော့ သူ့အာရုံကို ‌ပြောင်းလဲစေရန်သာဖြစ်ပေလိမ့်မည်။

‘မင်းရဲ့ အဖိုးတန်တပြည့်မလေး စာမေးပွဲလာဖြေတော့ ငါလုယူမှာ ကြောက်တယ်ပေါ့။ ဒါနဲ့ ဒီအကောင်ကို အသုံးချပြီး ငါ့အာရုံကိုဖမ်းစားမယ်ပေါ့။ ဟားဟား၊ ငယ်ပါသေးတယ်ကွာ။ ဒီလောက်လေးနဲ့ရမလား။ မုကျစ်ရှီက တကယ် အရေးကြီးတဲ့တစ်ယောက်ဆိုတာ ငါသိတယ်ကွ။ ကလေးအကွက်လေးတွေ လာလုပ်လို့မရစေရဘူး’

“အဲ့တော့ မင်းတို့ နှစ်ယောက်လုံး စာမေးပွဲဖြေမယ်ပေါ့”

သူတို့နှစ်ယောက်လုံး ခေါင်းညိတ်လိုက်သည်။

ရှီတိ စာရွက်ကို စာအိတ်ထဲပြတ်ထည့်ပိတ်ပြီး သူ့ရင်ဘက်အင်္ကျီကြားထဲထည့်လိုက်သည်။ ထို့နောက် မုကျစ်ရှီကို ကြည့်ကာ “ဒီအဖိုးကြီးရဲ့ အဆိုက ဟာသမဟုတ်သလို ညည်းကို စမ်းသပ်နေတာလည်းအဟုတ်ဘူးနော်။ ပြီးစလွယ် မငြင်းလိုက်နဲ့ သေချာအချိန်ယူပြီးစဉ်းစား”

သို့ပြောပြီး အပေါ်ထပ်တက်သည့် လှေကားစီလျှောက်သွားလိုက်သည်။

“လာ လိုက်ခဲ့။ စာမေးပွဲက အပေါ်ထပ်မှာ ဖြေရမှာ”

ထိုစကားကြောင့် လူအုပ်ကြီး ပေါက်ကွဲထွက်သွားခဲ့သည်။

“ဥက္ကဠကြီး ပြောသွားသလိုဆိုရင် ဆေးမျှော်စင်ကိုဖောက်ခွဲလိုက်တာတောင် ဗွေမယူတဲ့ သဘောပေါ့။ ဒါ့အပြင်ကို စာမေးပွဲတောင်ဖြေခွင့်ပေးမယ်ပေါ့”

“ဝိုးးး…။ ဥက္ကကြီးက တကယ် ဖြောင့်မတ်ပြီး သဘောထားကြီးတဲ့လူပဲ။ သူ့လို လူမျိုး ဒီကမ္ဘာကြီးမှာ ရှိပါဦးမလား”

“မင်းတို့ အာရုံစိုက်တာမှားနေပြီ။ စာကမှ တကယ်အချက်အချာကျတဲ့အရာကွ။ စာထဲမှာ ရေးထားတာကြည့်ပြီး ဥက္ကဠကြီးရဲ့ စိတ်ပြောင်းသွားတာဖြစ်မယ်။ ဘာရေးထားလဲသိကြလား”

“ဟ ငါတို့ကိုလာမေးတော့ ငါတို့က ဘယ်သူ့ကို ပြန်သွားမေးရမှာလဲ။ ကိုယ့်ဟာကိုယ် သွားဖတ်ကြည့်ပါလား”

“စာကို အာရုံစိုက်နေဖို့မလိုပါဘူးကွာ။ အကြီးအကဲစန်းက မှော်ဆေးပညာရှင်များအစည်းအရုံးမှာ တစ်ခါမှ လူလုံးမပြဘူးဆိုပေမယ့် အရေးကြီးတဲ့ လူတစ်ယောက်ဖြစ်နေတုန်းပဲလေ။ သူ့ရဲ့ဂုဏ်ပုဒ်ကမှ တကယ်အရေးပါတာ”

“မင်းတို့ပြောမှ ဥက္ကဠကြီးရှီတိနဲ့ အကြီးအကဲစန်းက ငယ်ရွယ်စဉ်တုန်းက ချစ်သူရည်စားတွေလို့ ငါကြားဖူးသလိုပဲ”

ထိုစကားကိုကြားသောအခါ လှေကားထစ်ပေါ်မှ ရှီတိ ယိုင်တိုင်တိုင်နှင့် ချော်လဲလုမတတ် ဖြစ်သွားလေသည်။

“မင်းတို့အားလုံး ထွက်သွားကြစမ်း”

“ဟုတ်ကဲ့ ဟုတ်ကဲ့”

လူတိုင်း အလန့်တကြား တတ်နိုင်သလောက် မြန်မြန် ပြေးသွားလိုက်ကြသည်။

စုရှောင်ရှန်နှင့် မုကျစ်ရှီတို့လည်း တစ်ဦးကိုတစ်ဦး တုန်လှုပ်သွားသော အမူအရာတို့ဖြင့် ကြည့်လိုက်ကြ၏။

ထို့နောက် မုကျစ်ရှီက ရှီတိအနောက်ကို အပြေးလေးလိုက်သွားပြီး စုရှောင်ရှန်ကတော့ ‌လစ်ထွက်သွားလိုက်သည်။ နောက်‌ဆုံးစကားကိုပြောလိုက်သူနားကိုရောက်သောအခါ လှမ်းဆွဲပြီ မေးလိုက်လေသည်။ “အဲ့ ရည်းစားတွေဆိုတဲ့အကြောင်းလေး ငါ့ကို သေချာပြောပြစမ်းပါ”

“စုရှောင်ရှန် မင်းလာမလား ငါလာရမလား”

“မဟုတ်တာ လာပါပြီ” ရှီတိ သူ့ကို အာရုံစိုက်နေမယ် မထင်၍ စုရှောင်ရှန် စိတ်ပျက်သွား၏။ ထိုလူကို မလွှတ်ချင်ဘဲ လွှတ်ပေးလိုက်ရလေသည်။

သို့တောင် ထွက်မသွားခင်လေးမှာ လေသံ တိုးတိုးကလေးဖြင့် “ခင်ဗျား နာမည်ဘာလဲ။ ခင်ဗျားရဲ့ လိပ်စာ ကျုပ်ကိုပေးထား။ ဒီကိစ္စကို တော်တော်စိတ်၀င်စားသွားပြီ”

“ဟိတ်ကောင်”

“အော်… လာပြီလို့” စုရှောင်ရှန် ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် မနေနိုင်ဘဲ လည်ပြန်ကြည့်ကာ “ကျုပ်ပြောတာ…”

စုရှောင်ရှန် စကားတောင်ကောင်းကောင်းမဆိုရသေး လေပေါ်ပျံတက်တာတွေ့လိုက်ရ၏။

ထိုမှ အောက်ကို ငုံ့ကြည့်လိုက်သောအခါ ဥက္ကဠကြီး ရှီတိ၏ ပုခုံးထက်မှာ မှောက်ယက်ကြီး တွဲလောင် ထမ်းသွားခံနေရတာ တွေ့ရ၏။

စုရှောင်ရှန် မှင်တက်သွားသည်။

ဤအဖိုးကြီးသည်လည်း ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်နေ၏။

လူတိုင်းလည်း ထိုအချင်းအရာကြောင့် ကြက်သေသေသွားကြ၏။

“လခွမ်း။ ငါထင်ယောင်ထင်မှားဖြစ်နေတာလား။ ဥက္ကဠကြီးက တစ်ယောက်ယောက်ကို ထမ်းသွားတယ်တဲ့”

“ဒါဘယ်လို ဆက်ဆံမှုကြီးလဲ”

“ငါလည်း လိုချင်တယ်လို့”

ရှီတိ၏ ပုခုံးထက်မှ စုရှောင်ရှန် နောက်ဘက်ကို လည်ပြန်ကြည့်ကာ စောနကလူကို လက်ဟန်အမူအရာပြလိုက်သည်။

စုရှောင်ရှန်က မကြောက်ဘူးဆိုပင်မယ့် ထိုလူကတော့ ကြောက်‌ပေသည်။

သူ့ကို မျှော်လင့်တကြီး ကြည့်နေသည့် စုရှောင်ရှန်အား ငိုချင်နေသလို သူလည်းမတတ်နိုင်ဘူးဟူသော အမူအရာဖြင့် ခေါင်းခါရမ်းပြလိုက်၏။

ခုနှစ်လွှာတွင်…။

အောက်ထပ်မှ အလွှာများနှင့် ခြားနားစွာ ဤနေရာတွင် ဆေးလုံးများလာရောက်၀ယ်ယူသောသူများ မရှိပေ။ လူတိုင်းလိုလိုက ဆေးဖော်စပ်သူ အ၀တ်အစားများကို၀တ်ဆင်ထားကြ၏။

ထိုသူများက သုံးယောက်တစ်ဖွဲ့၊ ငါးယောက်တစ်ဖွဲ့ စားပွဲများတွင် ကိုယ်စီကိုယ်ငှ ထိုင်ကာ လက်ဖက်ရည်ကြမ်း၀ိုင်းဖြင့် ဆွေးနွေးခန်းဖွင့်နေကြသည်။ အရေးကြီးသည့် အကြောင်းအရာတစ်ခုခုကို ဆွေးနွေးကြလျှင် အချို့က စိတ်လှုပ်တရှား စားပွဲကိုလက်ဖြင့်ရိုက်ကြပြီး အချို့က သူတို့၏ မုတ်ဆိတ်မွှေးများကို ဆောင့်ဆွဲကြသည်။

သူတို့၏ မုတ်ဆိတ်‌မွှေးဆွဲနေကြသည့် အဖြစ်များကိုကြည့်ပြီး စုရှောင်ရှန်၏ စိတ်ထဲက ဆေးဖော်စပ်သူဟူသည့် ပုံရိပ်ကလေး လုံးလုံးပျက်ဆီးသွားသည်။

ဤနေရာရှိ လူငယ်များက အဖိုးကြီးများ သက်ဆိုင်ရာ မျိုးနွယ်အသီးသီးက ခေါ်လာကြသူများဖြစ်နိုင်ကာ ဘေးတစ်ဘက်တွင် ရိုရိုသေသေရပ်၍ မှတ်စုစာအုပ်များကိုယ်စီကိုင်ကာ ရေးခြစ်နေကြ၏။

“အင်း စာကို တော်တော် စိတ်၀င်စားကြတာပဲ”

စုရှောင်ရှန် ခံစားချက်များ ရောထွေးစွာ မှတ်ချက်ပြုလိုက်သည်။

အပြင်လူများ၏ အမြင်တွင်တော့ ဆေးပညာရှင်များအစည်းအရုံးသည် မှန်ကန်သည့် ဆေးလုံးများကို ၀ယ်ယူ၍ ရရှိသော နေရာသာသာဖြစ်ချေမည်။

သို့ပေမယ့် စာကျပိုးများအတွက်ကတော့ ဤနေရာက နတ်ပြည်သာဖြစ်၏။

‘ငါ့ဆေးရည် ဖော်စပ်နည်း အသိအမြင်တွေကို ဒီအဖိုးကြီးတွေကို သွားရှင်းပြလိုက်ရင် နိုင်ငံအဆင့် ဝေချီ ဂိမ်းကစားတဲ့သူတွေကို ငါ နေရာအကွက်အများကြီးယူပြီး အနိုင်ယူလိုက်တုန်းကထက် ပိုသာတဲ့ ကျေနပ်မှုကြီးကို ခံစားရမှာပဲ’

ရှီတိတို့ အဖွဲ့ရောက်ရှိလာမှုက တကူးတက အာရုံစိုက်ခြင်းမခံလိုက်ရပါချေ။

စုရှောင်ရှန်ကို အောက်ပြန်ချထားတာကြာပြီဖြစ်သည်။ ဤအဖိုးကြီးများအရှေ့တွင် စုရှောင်ရှန်ကို ပုခုံးပေါ်ဆက်လက်ထမ်းလာရန် ရည်ရွယ်ချက်လည်းမရှိပါချေ။ ၎င်းက ရှက်စရာကောင်းလွန်းလှမည်။

မကြာခင် ထိုဆူညံနေသည့် ခန်းမကြီးကို ကျော်လာကာ အတန်ငယ်‌ ပိုပူသော အခန်းများရှိရာရောက်လာခဲ့သည်။

ထိုအခန်းများသည် ဆေးဖော်စပ်သည့်အခန်းများဖြစ်၏။

မုကျစ်ရှီ စိုးတထိတ်ထိတ်ဖြစ်လာသည်။ တစ်ယောက်ယောက်နှင့် တိုက်ခိုက်ဆိုပါက သူမ ဖြေသာသေးသည်။ ယခုဟာက နည်းပညာပိုင်းဆိုင်ရာအရ ဆေးဖော်စပ်ခိုင်းခြင်းဖြစ်လေရာ ပထမဆုံးအကြိမ်ဖြစ်၍ တုန်လှုပ်နေမိ၏။

စုရှောင်ရှန်ကတော့ အေးဆေးပင်။

လွန်ခဲ့သည့်ဆယ်ရက်အတွင်း အချိန်ရတုန်းမှာ ငရဲမီးတောက်ကောင်းကင် ဆေးဖော်စပ်ခြင်းနည်းစနစ်ကို ပြီးပြည့်စုံအောင် လုပ်ပြီးလေပြီ။ ပြောရလျှင် သာမန်ဆေးဖော်စပ်ခြင်း အခြေခံနည်းလမ်းများအားလုံးကို တတ်မြောက်ပြီးပြီဖြစ်၏။

သို့ဖြင့် ဆေးမီးဖိုအိုးပေါက်ကွဲဖို့ဆိုတာ မဖြစ်နိုင်ပေ။

ရုတ်တရက် ‌သူ့နောက်က ကပ်လိုက်လာသော ဖုရှင်းကိုလည်ပြန်ကြည့်လိုက်ပြီး ပဟေဠိဖြစ်သွားရကာ မေးလိုက်၏။ “မင်းလည်း ဆေးဖော်စပ်သူ စာမေးပွဲဖြေမလို့လား”

“မဟုတ်ဘူး။ ငါ့ညီမလေး ဖြေတာ လာကြည့်တာ”

“မင်းညီမလေးဖြေနေတာပေါ့”

“အေး”

စုရှောင်ရှန် ဘာမှ ဆက်မပြောတော့ဘဲ ခဏအကြာမှ ထပ်မေးလိုက်သည်။ “မင်းညီမလေးရဲ့နာမည်က ဖုယင်ဟုန်လား”

“ဟုတ်တယ်”

စုရှောင်ရှန် သူ့ညီမလေး၏ နာမည်သိနေလို့ ဖုရှင်း မအံ့ဩသွားပါချေ။ ထိုအစား ထျန်းစန်းမြို့ထဲလာပြီး ဖုမျိုးရိုးနှင့် လူတွေအကြောင်းမသိတာကိုမှ အံ့ဩရပေမည်။

စုရှောင်ရှန်ကိုယ်၌ကလည်း သူ့အမေးအတွက် ကိုယ်ပ်ိုင်အဖြေရှိပြီးသားမို့ ထူးမခြားနားသာ ဖြစ်သည်။

ဖုယင်ဟုန်… ဒုခေါင်းဆောင်ဖု…။

“မင့်ညီမ နာမည်က ဖုယင်ဟုန်ဆိုတော့ မင်းရဲ့ ညီလေးနာမည်ကကော”

“ငါ့မှာ မွေးချင်း ညီလေးမရှိဘူး”

“ဒါဆို အကိုရော”

“အကိုလည်းမရှိဘူး”

စုရှောင်ရှန် မျက်လုံးပြူးမျက်ဆံပြူး ထအော်လိုက်သည်။ “မင်းမှာ အကို တစ်ယောက်ရှိပါတယ် မေ့နေပြီလား”

ဖုရှင်း ကြက်သေသေသွားသည်။ ထို့နောက် စုရှောင်ရှန်နှင့် အလောင်းအစားကို မြင်ယောင်မိပြီး စိတ်ပျက်အားလျော့သွား၏။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“ဟီးဟီး” စုရှောင်ရှန်က စပ်ဖြဲဖြဲပြုံးကာ မေးလိုက်သည်။ “မင်း ငါ့ကို ဘယ်‌လိုခေါ်သင့်တာလဲ‌ဆိုတာ ခေါ်ကြည့်ပါဦး”

“…”

ဖုရှင်း ထိုအကောင့်ကို လစ်လျူရှူထားလိုက်၏။

သူ့ဖြောင့်မတ်မှန်ကန်တဲ့ စိတ်နေစိတ်ထားကြောင့် အလောင်းအစားကို ဖြည့်စည်းပေးမည်ဆိုပေမယ့် ထိုအကောင်၏ စပ်ဖြီးဖြီးမျက်နှာကိုမြင်သောအခါ ဆွဲထိုးချင်စိတ်များသာ ဖြစ်ပေါ်လာခဲ့သည်။

သူ့ကို အကိုကြီးလို့ ခေါ်ရမတဲ့လား။

“ငါ…”

ကျွီ…။

အနီးနားရှိ ဆေးဖော်စပ်ခန်းတစ်ခန်း၏ တံခါးပွင့်သွားပြီး အနီရောင်ဆံတိုဖြင့် အမို့အမောက်ကောက်ကြောင်းလှပသော မိန်းမပျိုတစ်ဦးထွက်လာခဲ့သည်။

ထိုမိန်းမပျိုလေး၏ အရှိန်အဝါက ယခင်တစ်ခေါက်က စုရှောင်ရှန် တွေ့ခဲ့ရတုန်းက စစ်သည်လိုလို အရှိန်အဝါဖြင့် ကွာခြား၏။ ယခု ချပ်၀တ်တန်ဆာတွေမပါသော ဖုယင်ဟုန်က မိန်းမဆန်သော အရှိန်အဝါတို့ကို ပေးလေသည်။

သူမက ထိုမိန်းမ၏ အမွှာဟုတောင် စုရှောင်ရှန် ထင်မိသည်။ သူကလည်းစိတ်ဆိုး၍ ‌သူ့ကို အချုပ်ထဲပို့ချင်သော ထိုမိန်းမကို ကောင်းကောင်းမှတ်သားထားသည်မဟုတ်ပါလား။

ဖုရှင်းစိတ်သက်ရာရသွားသည်။ သူက ဖြောင့်မတ်မှန်ကန်သောလူတစ်ယောက်‌ဆိုပေမယ့် စုရှောင်ရှန်နှင့် တွေ့ပြီးနောက်မှာ အခြေအနေမှ ရှောင်ထွက်တတ်လာ၏။

သို့ဖြင့် ဖုသခင်လေး စုရှောင်ရှန်ကို ပုခုံးတိုက်ကာ ဖြတ်လျှောက်သွားလိုက်သည်။ ဖုယင်ဟုန်အနားရောက်သောအခါ သူမ၏ ပုခုံးပေါ်လက်တင်ပြီး စိတ်လှုပ်တရှားမေးလိုက်၏။

“စာမေးပွဲအောင်လား”

ဖုယင်ဟုန်က သူ့ကို လစ်လျူရှုပြီး စုရှောင်ရှန်ကိုသာ စိုက်ကြည့်နေလိုက်သည်။ ထိုသူက သူမ မြင်ဖူးသလိုလိုနှင့် မမှတ်မိနိုင်ဖြစ်နေပေသည်။ သူမည်သူနည်း။

သူ့မှာ ပြေးပေါက်မရှိပါလားဟု စုရှောင်ရှန် သက်ပြင်းချလိုက်၏။ အဖမ်းမခံရအောင် သူက ဖုရှင်းထက်ပင် ပို၍ စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာကို ရုတ်တရက် ဆောင်လိုက်သည်။

ထို့နောက် ဖုယင်ဟုန်အနားကိုသွားပြီး သူမ၏ အခြားပုခုံးတစ်ဖက်ပေါ်မှာ လက်တင်လိုက်၏။ သူ့သွေးကြောများအတွင်း သွေးများဆူပွက်နေသလို စိတ်လှုပ်ရှားနေသောဟန်ပန်ဖြင့် မေးလိုက်တော့သည်။

“ညီမလေး စာမေးပွဲအောင်လား”

Comment

Leave a Reply

Options

not work with dark mode
Reset