အပိုင်း (၂၇၁) ကြောင်ကို ဆွဲဆောင်ခြင်း (ငိငိ)
ထိုအရာကိုကြားသောအခါ စုရှောင်ရှန်နောက်မှာ ဘုမသိ ဘမသိ ရပ်နေသည့် မုကျစ်ရှီပျော်သွားခဲ့၏။ သူမ၏ ကျစ်ဆံမြှီးလေးတောင် လေပေါ်မြောက်တက်လာခဲ့သည်။
ကျောက်ထန်းထန်း သူ့ကို ကန်ပစ်လိုက်ချင်သည့် စိတ်များကို ချုပ်တည်းထားရသည်။ ထို့နောက် အသက်ကိုခပ်ပြင်းပြင်းရှူကာ အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ကို လက်ညိုးထိုးပြလိုက်ပြီး “ဒီကောင်လေး သေလို့မရဘူး”
“စိတ်မပူပါနဲ့”
စုရှောင်ရှန်က ပြုံးလိုက်ကာ “ငါ စုရှောင်ရှန်က ငြိမ်းချမ်းသာယာမှုကိုသဘောကျတဲ့ လူတစ်ယောက်ပါ။ ပြဿနာဆိုတာနဲ့ ကြားရင်တောင် ဝေးဝေးကရှောင်တယ်။ ဒီရဲ့ အလိုရမက်လေးက ငါ့နံဘေးမှာဆို စားကောင်းခြင်းစားရ၊ အိပ်ကောင်းခြင်းအိပ်စေရမယ်လို့အာမခံတယ်။ ငါက အကောင်းဆုံးဆိုတဲ့အရာတွေပဲပေးမှာ”
သူပြောပြီးတာနဲ့ သိုလှောင်လက်စွပ်ထဲက ချက်ပြုတ်ထားသော အမဲသားပေါင်ကြီးထုတ်ယူလာပြီး ကြောင်လေးကို မြူစွယ်လိုက်သည်။ “ဟေ့ကောင်လေး။ စားမလား”
ကျောက်ထန်းထန်းလိပ်ပြာလွင့်မတတ် ထိတ်လန့်တုန်လှုပ်သွားပြီး ထိုအမဲသားပေါင်ကြီးကို လုယူလိုက်သည်။
“နောက်ထပ် တောင်းဆိုချက်တစ်ခုရှိတယ်။ သူ့ကို အသားကျွေးလို့မရဘူး”
စုရှောင်ရှန်လည်း ရုတ်တရက်ဆိုတော့လန့်ဖျပ်သွားကာ “ဘာလို့လဲ”
“မမေးနဲ့။ နင်သိစရာမလိုတဲ့ဟာတွေရှိတယ်”
“ဟင်…”
လက်ကိုလှုပ်ခါရမ်းလိုက်ခြင်းနှင့်အတူ သူမ၏ လက်ထဲက အမဲသားကို စုရှောင်ရှန် ပြန်လုလိုက်ပြီးတော့ ရေရွတ်သည်။ “သူ့ကိုကျွေးဖို့လည်း အစကတည်းက ယူလာတာမှ မဟုတ်တာ မကျွေးတော့ပါဘူး”
သို့ဆိုပြီးနောက်လှည့်ကာ “ရော့။ နင့်အတွက် ငါယူလာတာ”
မုကျစ်ရှီ၏ မျက်နှာက ချက်ခြင်း၀င်းပသွားပြီးတော့ စောနကလေးက ထွက်သွားသော ဒေါသများတောင်ပျောက်ဆုံးသွားရလောက်အောင် နားရွက်တတ်ချိတ်မတတ်ပြုံးတော့၏။
“ဘာကြီးလဲ”
“ငါခုလေးမှ ၀ယ်လာတာ စားလိုက်”
“ကောင်းမယ့်ပုံပဲ”
စက္ကူစနဲ့ ပတ်ထားတဲ့ အမဲသားပေါင်ကြီးကို စုရှောင်ရှန်၏ လက်ထဲကနေ မျက်လုံးချင်းဆိုင်၍ အပြုံးနှင့်ယူရင်း လိမ်လိမ်မာမာစားလိုက်သည်။ ထို့နောက် ကျောက်ထန်းထန်းနှင့် စုရှောင်ရှန်တို့အကြားက စကားဝိုင်းပြီးအောင်လို့ နောက်တစ်လှမ်းဆုတ်ကာ စောင့်နေပေးလိုက်၏။
ထိုမြင်ကွင်းကိုမြင်သောအခါ ကျောက်ထန်းထန်းတွေးလိုက်သည်။
‘အင်း။ ဒီကလေးမလေးကိုတောင် ကောင်းကောင်းမွန်မွန်ဆက်ဆံနေရင် အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ကိုလည်း အလားတူဆက်ဆံမှာပဲ။ ဒီဆုံးဖြတ်ချက်ကမမှားလောက်ပါဘူး…’
“ညောင်”
စူးစူးဝါးဝါးအော်သံကြီးက သူမကို ကမ္ဘာကြီးနှင့် ပြန်ချိတ်ဆက်ပေးလိုက်သည်။ စုရှောင်ရှန်က ကြောင်ဖြူလေးကို လက်ကြားထဲမှာ အတင်းထိုးထည့်ပြီးပိုက်နေသည်ကိုတွေ့သောအခါ သူမ၏ မျက်နှာမဲမှောင်သွားခဲ့၏။
“စုရှောင်ရှန် နင်အားနဲ့မလုပ်နဲ့လေ”
“အေးဆေးပါ။ ငါဘာလုပ်နေလဲ ငါသိပါတယ်”
‘နင့်ပုံစံက ဘာမှမသိတဲ့အတိုင်းဘဲ။ အားးးး ငါပိတ်ကန်ပစ်လိုက်ချင်လာပြီနော်’ ကျောက်ထန်းထန်း တွေးနေရင်းက မျက်ခုံးများလှုပ်သွားခဲ့၏။
သူမ ပြန်ခံပြောလို့မရအောင်တောင် ဒေါသထွက်နေလေပြီ။
စုရှောင်ရှန်က တဝါးဝါး သန်းလိုက်ပြီးနောက် ဆိုလိုက်သည်။ “ထားပါတော့။ ငါကပဲ သဘောထားကြီးကြီးနဲ့ နင့်တောင်းဆိုချက်တွေကိုလက်ခံပေးလိုက်ပါ့မယ်။ ခုကတော့ နင့်ဘက်က ရိုးသားမှုကိုပြန်ပြရမယ့်အချိန်ပဲ”
“ဘာကိုငါ့ဘက်က ရိုးသားမှုလဲ”
“နင် ကတိဖျက်တော့မှာလား။ ဒီကြောင်ကို စောင့်ရှောက်ပေးမယ်ဆိုရင် ငါ့ကို ပုံမှတ်ဆက်ကြေးပေးမယ်ဆို”
ကျောက်ထန်းထန်း တိတ်တဆိတ်လက်သီးများကိုဆုပ်လိုက်ပြီး တိတ်တဆိတ်ပဲ ပြန်လွှတ်လိုက်သည်။
စိတ်ထဲကလည်း –
‘ထားလိုက်ပါတော့ ငွေလေးအနည်းငယ်တည်းနဲ့ဘာဖြစ်သွားမှာမလို့လဲ။ အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်အတွက် ပါလာတဲ့ အကုန်လုံးနီးပါးအသုံးပြုပြီးပြီဆိုပေမယ့် နည်းနည်းတော့ကျန်သေးတာပဲ။ အဲ့တာပဲပေးလိုက်မယ်’
“ဘယ်လောက်လိုချင်လဲပြော”
“ဘာကိုဘယ်လောက်လိုချင်လဲတုန်း။ ငါက ငွေအကြောင်းပြောနေတာမဟုတ်ဘူး”
စုရှောင်ရှန်က မျက်ခုံးများကိုပင့်၍ သာမန်ကာလျှံဆိုလိုက်သည်။
“နင့်ကိုဆက်သွယ်လို့ရမယ့်ဟာ တစ်ခုခု ငါ့ကိုပေးထား”
ကျောက်ထန်းထန်းဘာမှ မဟရသေးခင်မှာပင် သူတို့အနောက်မှ ဒေါသသံကြီးကိုကြားလိုက်ရ၏။
“စုရှောင်ရှန် နင်ဒါဘာလုပ်နေတာလဲ”
မုကျစ်ရှီ စိတ်တိုသွားသည်။
‘ငါ့ကို အသားလေး တစ်တုံးပေးရုံနဲ့ သူ့ဘက်ဆွဲနိုင်မယ်ထင်နေတာလား။ သူ့ဆရာတူညီမလေးဖြစ်တဲ့ ငါ့ရှေ့မှာ အခြားမိန်းမတစ်ယောက်ကို ဆက်သွယ်လို့ရမယ့် နည်းလမ်းတစ်ခုခုကို တောင်းရဲတယ်ပေါ့’
“ကလေးဆန်လိုက်တာ” စုရှောင်ရှန် သူမ၏ ပါးနှစ်ဖက်ကို ဖိညှစ်ပြီးတော့ မူလနေရာကို ပြန်ပို့လိုက်သည်။
ကျောက်ထန်းထန်းလည်း သူ့ကို ထူးဆန်းစွာကြည့်နေကာ ကျီစယ်သလိုလို၊ နောက်သလိုလိုနှင့် “နင်က ငါ့ရဲ့ ဆက်သွယ်ခြင်းကျောက်စိမ်းပြားကိုလိုချင်နေတာလား”
“ဒါပေါ့”
စုရှောင်ရှန် ထူးမခြားနား စကားဆိုလိုက်သည်။ “မဟုတ်ရင် ငါတစ်ယောက်ယောက်ကိုအနာဂါတ်မှာသတ်ချင်ရင်နင်တို့ကို ဘယ်လိုဆက်သွယ်နိုင်မှာလဲ”
ကျောက်ထန်းထန်း ပဟေဠိဖြစ်သွားကာ “ဒါပဲလား”
“အေးလေ။ နင်က ဘာတွေ မျှော်လင့်နေတာလဲ” စုရှောင်ရှန် နားမလည်သည့်အလား မေးလိုက်ပြီးတော့မှ တစ်ခုခုကို တွေးမိသွားဟန်ဖြင့် နောက်သို့ ခြေလှမ်းကျယ်ကြီးတစ်လှမ်းဆုတ်ကာ သူ့ကိုယ်ကို လက်ဖြင့်ပိုက်ရင်း ဆိုလိုက်သည်။ “ဒါမျိုးတော့မလုပ်နိုင်ဘူးနော်”
ကျောက်ထန်းထန်းသူ့ကို မျက်နှာသေကြီးဖြင့် ကြည့်လိုက်သည်။ ‘ဒီကောင်စုတ်ကတော့။ သူပဲ ဆက်သွယ်ခြင်းကျောက်စိမ်းပြားကိုတောင်းသေးတယ် သူကပဲ ဒီမှာ နစ်နာသလို လာလုပ်နေသေးတယ်။ မသိရင် ငါကပဲ လူယုတ်မာလိုလိုနဲ့ နင့်ကို ဘာလို့ တစ်ခုခုလုပ်ရမှာလဲ’
“ရော့”
စုရှောင်ရှန်ကို ကျောက်စိမ်းပြားတစ်ပြားပစ်ပေးပြီး ဆောင့်ကြီးအောင့်ကြီးနောက်လှည့်ကာထွက်သွားလိုက်သည်။
[မှတ်ထားခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
ထိုကျောက်ပြားကိုယူလိုက်တဲ့အချိန်မှာ သူ့အသိပေးချက်ဖန်သားပြင်၌လည်း အသိပေးချက်တစ်ခုပေါ်လာခဲ့၏။
‘ငါထင်တဲ့အတိုင်းပဲ။ ဒီမိန်းမက မသိသလိုလို ဘာလိုလိုနဲ့ ငါမသိလိုက်ခင်မှာ တစ်ခုခုလုပ်သွားသေးတယ်။ ကံကောင်းလို့ပင်ကိုယ်စနစ်ရှိ နေလို့ပေါ့…’
မှတ်ထားခြင်းခံရသည်တဲ့။
“ဒါမျိုးက တော်ရုံတန်ရုံနဲ့တော့ပေါ်လာမှာမဟုတ်ဘူး။ ဟာသပဲ။ ငါက စိတ်နှလုံးသားရိုးသားပြီးဖြောင့်မတ်မှန်ကန်တဲ့လူတစ်ယောက်ပါ။ ငါဘာပြဿနာများရှာမိလို့လဲ”
စုရှောင်ရှန် ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်လိုက်သည်။ ဤမှတ်ထားခြင်းခံရပါသည်ဟူသော အသိပေးချက်ကို စိတ်ထဲထားမနေပေ။ သေချာတွေးကြည့်ရင်လည်း ကျောက်ထန်းထန်းဘက်က ကြံရာမရတဲ့အဆုံးလုပ်ရတယ်ဆိုတာ မြင်သာသည်။
သို့ပေမယ့် ထွက်သွားပြီးလို့ပြန်လာတော့ရော ဘာရမှာတဲ့လဲ။ သူ့လက်ထဲကို အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ရောက်လာတာနှင့် ဤလူများက ဘာမှ သက်ဆိုင်ခြင်းမရှိတော့ချေ။
သို့ဖြင့် စုရှောင်ရှန်က ထိုကျောက်စိမ်းပြားလေးကို ကိုင်၍ ပြုံးနေလိုက်၏။
‘ဒီနေ့ ကိစ္စတွေက ချောချောချူချူသွားနေသလိုပဲ ငါလူတစ်ယောက်ကိုသတ်ပြီးတော့ သန်မာတဲ့ကျင့်ကြံခြင်းရှိတဲ့ သူစိမ်းနှစ်ယောက်ကို အကူအညီအနေနဲ့ ရလိုက်တယ်။ ဒီကျောက်ပြားလေးကနေ အချက်ပေးလိုက်တာနဲ့ သူတို့မလာရဲဘဲ နေမတဲ့လား။ ငါအနာဂါတ်မှာ လိုက်သတ်ခံရတာဖြစ်ဖြစ် ဘာဖြစ်ဖြစ်ကို ရွှစ်တည်း အချက်လေးပြလိုက်ရုံပဲ။ ဟားဟား ဒီလိုလူနှစ်ယောက်ကို ဆရာကြီးတစ်ယောက်လို အမိန့်ပေးနိုင်စွမ်းရှိတဲ့နေ့ရောက်လာမယ်လို့တောင်မထင်ထားဘူး’
တကယ်က ထိုနှစ်ယောက်ကလည်း အင်မတန်သန်မာသည့် ကျင့်ကြံသူများဖြစ်ကြသည်။ ကျောက်ထန်းထန်း၏ ဆုတ်ခွာသွားသော နောက်ကျောပြင်ကို လက်ထဲမှာ ကြောင်ကိုင်ထားရင်းနှင့်အတွေးနက်စွာကြည့်လိုက်သည်။
“မီးခိုးမြူပုံရိပ်နဲ့ ဆင်တူပေမယ့် ဒီကြောင်က တန်လားမတန်ဘူးလား…”
…
ထိုလူအုပ်ထဲမှ ဓားသမားသုံးယောက်က တစ်ခုခုတော့လွဲနေတာ ကြိုသိပြီး ထွက်သွားခဲ့တာကြာလှပြီဖြစ်သည်။
စုရှောင်ရှန်တို့နှစ်ယောက်မတိုက်ခိုက်တာမြင်တော့ ရပ်ကြည့်နေသည့်သူများလည်း စိတ်ပျက်လက်ပျက်ထွက်သွားလိုက်ကြ၏။ မကြာခင် ရွှေအစည်းအရုံးရှေ့တွင် စုဝေးနေကြသောလူတိုင်း တဖြည်းဖြည်းနည်းပါးလာခဲ့သည်။
ထန်းစန်းမြို့တော်လိုနေရာမျိုးမှာတောင် တကယ်မဖြစ်ပွားသွားတဲ့ ရန်ပွဲတွေကိုကြည့်ရတာက သာမန်လိုဖြစ်နေလေပြီ။ အလုပ်အင်မတန်ရှုပ်သည့် မြို့စောင့်စစ်သည်များအတွက်ဆို ၎င်းကပို၍ သာမန်ဆန်သည်။
သာမန်အားဖြင့် စိတ်ဝိညာဉ်ကျင့်ကြံသူများက တိုက်ခိုက်ကြသောအခါ ကောင်းကင်မှာပဲ တက်၍ တိုက်ခိုက်လေ့ရှိသည်။ ဘေးနားကရပ်ကြည့်နေသည့် အပြစ်မရှိသည့် ပွဲကြည့်သူများအား ဒဏ်ရာရစေခြင်း၊ သတ်မိခြင်း (သို့) မြို့စောင့်စစ်သည်များအလုပ်ရှုပ်နေလျှင် ဘာမှ ပြဿနာကြီးကြီးမားမားမတက်ချေ။
စုရှောင်ရှန် စောနက ဖောက်ခွဲလိုက်သည့် မီးပန်းကြီးလိုအရာကတော့ သာမန်လို့ပြောမလို့မရပေ။
ရှင်းကုကုလည်း ပုခုံးပေါ် ရွှေကြိမ်လုံးတင်၍ ကျောက်ထန်းထန်းနောက်ကနေ မနီးမကပ် လိုက်သွားသည်။ သို့ဖြင့် အတော်အလှမ်းဝေးသည့်နေရာကိုရောက်မှ မေးလိုက်၏။ “အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ကို သူနဲ့ထားခဲ့တာ ဖြစ်ပါ့မလား”
“သဘောတရားအရတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး” နောက်ကိုတောင်လှည့်မကြည့်ဘဲ ကျောက်ထန်းထန်းကဆိုသည်။
ရှင်းကုကုလည်း ထိုနည်းတူ ခံစားနေရတာကြောင့် သူမ၏ အဖြေက သူ့ကို ပိုလို့ စွံ့အသွားစေခဲ့သည်။
စုရှောင်ရှန်က ငြိမ်ငြိမ်လည်းမနေကာ သာမန်လူများလိုလည်းမတွေးပေမယ့် သူက ယခုလောလောဆယ်တော့ ရွေးချယ်စရာအကောင်းဆုံးဖြစ်၏။
နေဦး။ နောက်တစ်ယောက်ရှိသေးတယ်။
“တကယ်က သူ့ညီမလေးဆိုတာလဲ ရွေးချယ်စရာကောင်းပဲမလား” ရှင်းကုကုက ဆိုသည်။
ကျောက်ထန်းထန်း၏ နှုတ်ခမ်းများကွေးတက်သွား၏။ ထိုမှ အဝေးကြီးကနေ စုရှောင်ရှန်ကို လည်ပြန်ကြည့်ကာ တစ်ခုခုကိုသဘောပေါက်သွားခဲ့သည်။
ဤသို့သောလူကို ရန်သူအနေနဲ့ ရမယ်ဆိုရင် အမှန်တကယ် ကွိုင်အကြီးအကျယ်တက်ပေမည်။ မိတ်ဆွေအနေနဲ့ကတော့…
“အေး။ စုရှောင်ရှန် ပေါ်မလာခဲ့ရင်ကတော့ ဟုတ်ကောင်းဟုတ်လိမ့်မယ်။ ခုတော့ ပိုကောင်းတာတွေ့နေတာ ဘာလို့မရွေးချယ်ရမှာလဲ။ အဲ့ဒီကလေးမလေးက ဘေးကင်းတယ်ဆိုပေမယ့် အားနည်းလွန်းတယ်”
ရှင်းကုကု လမ်းလျှောက်ရပ်သွားကာ “စုရှောင်ရှန်ကလည်း အား…”
“သူနင့်လက်ထဲက အလိုရမက်လေးကို ဘယ်လိုလုယူလိုက်တာလဲ မေ့သွားပြီလား”
ကျောက်ထန်းထန်း၏ အေးတိအေးစက်အကြည့်များကို ခံစားမိသောအခါ ရှင်းကုကု ကြောက်လန့်သွားရပြီး လည်ပင်းတိုလိုက်၏။
“အဲ့တာက ရုတ်တရက်ဆိုတော့သတိလွတ်သွားလို့ပါ”
ထိုအရာကိုကြားသောအခါ ကျောက်ထန်းထန်း အေးစက်စက်ပြုံးလိုက်သည်။ “သူက နည်းနည်းထူးဆန်းတယ်ဆိုပေမယ့် သူ့ကျင့်ကြံခြင်းနယ်ပယ်ချို့ယွင်းချက် သေးသေးလေးကလွဲရင် ဖြတ်ထိုးဉာဏ်၊ စွမ်းဆောင်ရည်တွေ၊ လျင်မှုနှုန်း ဘယ်ဟာက နိမ့်ကျနေလို့လဲ”
ရှင်းကုကု ခေါင်းကို တဗျစ်ဗျစ်ကုတ်ကာ စဉ်းစားပြီးနောက် ခေါင်းထောင်လိုက်သည်။
သူတုံ့ဆိုင်းသွားပေမယ့်လည်း ပြောလိုက်ပါသည်။ “ဒါပေမယ့် ဒီချို့ယွင်းချက်ကို ကျွန်တော် လစ်လျူရှူလို့မရဘူးဖြစ်နေတယ်”
ကျောက်ထန်းထန်း၏မျက်နှာ သုန်မှုန်သွားသည်။
သူမက အသက်ကိုခပ်ပြင်းပြင်းရှူကာ ဂါ၀န်ကိုအနည်းငယ်မပြီး ဖြူစွတ်ဖွေးနေသော ခြေတံရှည်ကြီးကိုပြသလိုက်သည်။
စိတ်ထဲကလည်း – ‘ဒီလောက် သင်ယူစရာတွေ အများကြီးရှိတဲ့အထဲက နင်က အသုံးမကျတဲ့ဟာကို သင်လာရတယ်လို့’
“ကောင်းကောင်းရပ်နေစမ်း” အမိန်းပေးလိုက်၏။
“ဘာလုပ်မလို့လဲ”
“လုပ်ဆိုရင်လုပ်လိုက်၊ လျှာမရှည်နဲ့” ကျောက်ထန်းထန်းသူမ၏ သွေးသွယ်ဆင်းလျသော ခြေတံရှည်ကြီးကို မြှောက်လိုက်သည်။
ရှင်းကုကု ပဟေဠိဖြစ်သွား၏။ “ကျွန်…”
ဘနျးးးးးး…။
အပိုင်း (၂၇၂) သွားရန်မစသင့်သည့် အင်အားစု
ရွှေအစည်းအရုံး၏ ထိပ်ဆုံး အထပ်ရှိ လျှို့ဝှက်အခန်းလေးတွင် အဖိုးကြီးတစ်ယောက်နှင့် မိန်းမပျိုလေးတစ်ယောက်တို့ရှိနေကြသည်။
ချုချင်းအယ်လို့အမည်ရှိသော မိန်းမပျိုလေးက တဖြည်းဖြည်းထွက်ခွာသွားသောလူအုပ်ကြီးကိုကြည့်ကာမေးလိုက်သည်။ “အဖိုးဂျင်။ ဘာလို့ဒီလူ
နှစ်ယောက်မတိုက်ခိုက်ကြတာလဲသိလား”
အဖိုးကြီးက ပြုံ့းကာ “မသိဘူး”
“ဘာလို့ သူတို့ကို ကြားမ၀င်မတားဘဲ အစည်းအရုံးရှေ့မှာ ပြဿနာရှာခွင့်ပြုလိုက်တာလဲ”
“ငါလည်း မတားချင်လို့မဟုတ်ဘူး။ မတားနိုင်လို့”
“ဘာကြောင့်လဲ” ချုချင်းအယ်က မေးသည်။ “သူတို့က ကျွန်မတို့ရဲ့ ဆိုင်းဘုတ်ကိုတောင် ဖျက်ဆီးပစ်လိုက်တာ သူတို့ကို ဒီအတိုင်းသွားခွင့်ပေးလိုက်ရင် ကျွန်မတို့က…”
အဖိုးကြီးဂျင်က အသာလေးလက်ပြပြီး သူမ၏ စကားကိုမဆုံးခင်မှာ တားလိုက်သည်။ တကယ်က ယခု အစည်းအရုံးရှေ့မှာ ပြဿနာရှာနေတာက တခြားသူတွေဆိုပါက မောင်းထုတ်ခံရပြီးလောက်ပေပြီ။
ကုန်းမြေကြီး၏ အဆင့် (၁၀) ၀င် စီးပွားရေးအစည်းအရုံးကြီးအနေဖြင့် ဒီလိုလူရှုပ်တွေကိုဖြေရှင်းဖို့ ခွန်အားမဲ့မတဲ့လား။
ယခုကတော့ သာမန်နှင့်မတူကွဲပြားသည်။
အဖိုးကြီးဂျင်က သက်ပြင်းချ၍ မေးလိုက်၏။ “ချင်းအယ်။ မိစ္ဆာသားရဲဆိုတာကို ကြားဖူးလား”
“မိစ်ဆားသားရဲ”
ပြူတင်းပေါက်ကနေ သူမ၏ အကြည့်များကိုပြန်ရုတ်သိမ်းကာ အဖိုးကြီးကို ချုချင်းအယ်ပြန်ကြည့်လိုက်သည်။ “သူတို့အကြောင်းကိုတော့ ကြားဖူးတယ် ဒါပေမယ့် ဒီဟာနဲ့ ဘာသက်ဆိုင်လို့လဲ”
အဖိုးကြီးဂျင်က ပြုံးစမြဲဖြင့် ခွန်းတုန့်ပြန်လိုက်သည်။ “ငါတို့လို အဖိုးကြီးတွေရဲ့ ကာကွယ်မှုအောက်မှာ နင်တို့ မျိုးဆက်သစ်လူငယ်တွေက မိစ္ဆာသားရဲတွေရဲ့ ကြောက်မက်ဖွယ်ရာကောင်းပုံကို မေ့သွားကြတာ မဆန်းပါဘူး။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်လောက်က မြင့်မြတ်နတ်ဘုရားနန်းတော်က ကုန်းမြေတစ်လျှောက်လုံးမှာရှိတဲ့ မိစ္ဆာသားရဲနှိမ်နင်းရေးကို လုပ်ဆောင်ခဲ့လို့ ခုလို ငြိမ်းချမ်းသာယာကြတာပေါ့”
“အဲ့ဒီက အကျွင်းအကျန် သားရဲတွေက ပုန်းကွယ်ရာကနေ ဘယ်တော့မှထွက်မလာကြတော့ဘူး။ မြင့်မြတ်နတ်ဘုရာနန်းတော်ရဲ့ အရှိန်အဝါကြောင့်ပဲဖြစ်ဖြစ် သူတို့ဟာသူတို့ ကမ္ဘာကြီးနဲ့ တံခါးပိတ်အဆက်ဖြတ်ချင်လို့ဖြစ်ဖြစ် ပုန်းကွယ်နေတာက ပုန်းကွယ်နေတာပဲ။ ခုတော့ သူတို့ထွက်လာကြပြီ”
ချုချင်းအယ်က မသေချာမရေရာမေးလိုက်သည်။ “မိစ္ဆာသားရဲတွေလား”
“ဟုတ်တယ်”
အဖိုးကြီးဂျင်က ခေါင်းညိတ်ထောက်ခံပ့ပြီးတော့ ဆက်လိုက်သည်။ “မိစ္ဆာသားရဲတွေလာနေကြပြီ။ ပြီးတော့ စုရှောင်ရှန်လက်ထဲမှာ ဘာကိုင်ထားလဲ နင်သိချင်နေတယ်မလား”
ချုချင်းအယ်၏ မျက်၀န်းများတောက်ပသွား၏။ သူမလည်း စုရှောင်ရှန်က လေကိုဖမ်းဆုပ်လိုက်တာလေးနဲ့ ဘာလို့ ထိုမီးခိုးရောင်၀တ်နှစ်ယောက်ကို ဖိနှိပ်နိုင်တာလဲသိချင်နေသည်။
“အဲ့တော့ ဒီအတိုင်း လေ ပဲမဟုတ်ဘူးပေါ့…”
အဖိုးကြီးဂျင်က သူမ ဘာတွေးနေလဲသိသည့်အလား ဆိုလိုက်သည်။ “ငါ့အထင်တော့ သူဆုပ်ကိုင်ထားတာက မိစ္ဆာသားရဲတစ်ကောင်ကောင်ဖြစ်လိမ့်မယ်”
ချုချင်းအယ်၍ မျက်လုံးများပြူးကျယ်သွားရအေသည်။ “အဖိုးဂျင်… အဲ့လိုထင်တယ်ပေါ့”
“ဟုတ်တယ်”
“မိစ္ဆာသားရဲတွေက ဗလာနယ်ပယ် ပေါက်ပြဲမှုကနေဖြစ်ပေါ်လာတဲ့ အပြင်ဘက်ကမ္ဘာငယ်လေးတွေကနေ မူလဖြစ်တည်အခြေခံတယ်။ မြင့်မြတ်နတ်ဘုရားနန်းတော်က ဘယ်လောက် လက်ကျန်ကောင်တွေကို ရှင်းလင်းဖို့ အမိန့်ပေးကြိုးစားပါစေ မအောင်မြင်ဘူး။ ဘာလို့ဆို အဲ့လို ကမ္ဘာငယ်လေးတွေက ပေါက်ဖွားလာတဲ့ သတ္တဝါတွေက ကိုယ်ရောင်ဖျောက်နိုင်စွမ်းရှိကြလို့ပဲ။ သူတို့က ငါတို့ ကမ္ဘာကြီးနဲ့ လုံး၀မပတ်သက်သလို စိတ်ဝိညာဉ်အာရုံနဲ့တောင် မမြင်နိုင်ဘူး။ အချို့ အားနည်းတဲ့ကောင်တွေကတော့ တစ်ခါတစ်လေ မြင်ကောင်း မြင်နိုင်ပေမယ့် သန်မာတဲ့ကောင်တွေကြတော့ ကိုယ့်ရှေ့မှာ ရောက်နေရင်တောင်မသိနိုင်ကြဘူး”
ချုချင်းအယ် အကြီးအကျယ်မှင်သက်သွားရသည်။ “ဆိုတော့ အဖိုးတောင် မမြင်နိုင်ဘူးလား”
‘ဒါဆို ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတွေကတောင် မိစ္ဆာသားရဲတွေကို မမြင်နိုင်ဘူးဆိုရင် သူတို့ကို ဘယ်လိုသတ်ကြတာလဲ။ မိစ္ဆာသားရဲတွေက အဖိုးဂျင်ထက် အကုန်သန်မာကြတယ်လို့တော့ မပြောနဲ့’
သူမ၏ နှလုံးတစ်ချက်ခုန်သွားရပြီး အဖိုးကြီးဂျင်ပြောသည့် နတ်ဘုရားနန်းတော်က အကျွင်းအကျန်ကောင်များကို ရှင်းပစ်ဖို့ အမိန့်ထုတ်ပြန်ထားတယ်ဆိုတာကို မြင်ယောင်မိသွားသည်။
‘ကုန်းမြေကြီးတစ်လျှောက်လုံးမှာ မြင့်မြတ်နတ်ဘုရားနန်းတော်က အဆင့်(၁) အင်အားစုကြီးလား။ ငါသိတဲ့ မြင့်မြတ်နတ်ဘုရားနန်းတော်က အဲ့ဒီလိုမဟုတ်ပါဘူး’
နောက်ဆုံးတော့လည်း မေးမြန်းစပြုလိုက်ပါသည်။ “ဆိုတော့ စောနက ထူးဆန်းတဲ့လူနှစ်ယောက်က မိစ္ဆာသားရဲကိုလာရှာကြတာဖြစ်ပြီးတော့ အဲ့မိစ္ဆာသားရဲက စုရှောင်ရှန်ကို သဘောကျသွားတာမျိုးလား”
သူမ၏ စကားဆုံးမှ တစ်ခုခုမူမမှန်တာ သတိထားမိပြီး ချုချင်းအယယ် အလန့်တကြား ဆိုလိုက်သည်။ “ဒါဆို အဲ့ကောင်က အဖိုးတောင်မမြင်နိုင်တဲ့ မိစ္ဆာသားရဲကိုမြင်ရတယ်ပေါ့”
“စုရှောင်ရှန်ပဲမဟုတ်ဘူး။ စောနက ဓားသမားသုံးယောက်ထဲက နာမည်ကြီးဓားကိုပိုက်ထားတဲ့ ကောင်လေးလည်းမြင်ရတယ်။ ဒီလိုအရာတွေကို မြင်နိုင်စွမ်းရှိတဲ့သူတွေက သာမန်ကျင့်ကြံသူတွေထက် အဆမတန် ပိုသန်မာတဲ့ စိတ်စွမ်းအား၊ ဒါမှမဟုတ်ရင် စိတ်ဝိညာဉ်စွမ်းရည်တွေပိုင်ဆိုင်ထားလို့ပဲတဲ့။ ဒါကလည်း ဒီလိုလူထူးခြားတွေနဲ့ သာမန်လူတွေအကြားက ကွာခြားချက်ပေါ့။ ဒါတွေက သင်ယူလို့ တတ်မြောက်တဲ့အရာတွေမဟုတ်ဘူးလေ။ မွေးကတည်းက ၀မ်းတွင်းအဖြစ် ပါလာကြတာ။ ဒါကြောင့် ဒီလူတွေက အင်မတန်တောက်ပတဲ့ အနာဂါတ်ရှိတဲ့ ကောင်းချီးပေးထားခံရတဲ့သူတွေဆိုရင် မမှားဘူးပေါ့”
ချုချင်းအယ် စိတ်၀င်စားသွားကာ “ဒီဆိုရင် ဒီလိုလူတွေနဲ့ ခင်မင်ရင်းနှီးအောင်မိတ်ဆွေဖွဲ့ရမှာလား”
“မဟုတ်ဘူး”
အဖိုးကြီးဂျင်က သူမကို ပြတ်ပြတ်သာသားပဲ ငြင်းဆိုလိုက်သည်။ “ငါနင့်ကို အဓိကပြောချင်တဲ့ရည်ရွယ်ချက်ကလဲ ဒါပဲ။ ဒီလိုလူတွေအနားကို ယောင်လို့တောင် သွားမကပ်မိစေနဲ့”
“ဘာလို့လဲ” ချုချင်းအယ်က သိလိုစိတ်ပြင်းပြစွာမေး၏။
အဖိုးကြီးဂျင်က သက်ပြင်းချလိုက်သည်။ “ဒီကမ္ဘာကြီးမှာရှိတဲ့ စည်းမျဉ်းနိယာမတွေက တင်းကြပ်လွန်းလှတယ်။ ဘယ်သူမဆို ဧကရာဇ်နယ်ပယ်ကိုရောက်တာနဲ့ ကောင်းကင်ရဲ့ အလိုဆန္ဒကို ရင်ဆိုင်ကြရမှာ။ ဒီနိယာမတွေ ဒါမှမမဟုတ် နိယာမတွေလို တည်ရှိနေတဲ့ ဖြစ်တည်မှုတွေက နင့်ကို ကန့်သတ်နိုင်သလို တစ်ချိန်တည်းမှာလည်း ကာကွယ်ပေးနိုင်တယ်”
“စောနက ငါပြောတဲ့ မြင့်မြတ်နတ်ဘုရားနန်းတော်က နံပါတ်(၁) အင်အားစုကြီးဖြစ်တာနဲ့ အညီ ကုန်းမြေကြီးတစ်ခုလုံးပေါ်က လူတိုင်းကို ကာကွယ်ပေးချင်နေသလိုပဲ။ ဒါပေမယ့် အဲ့လိုလုပ်နိုင်လည်း ကောင်းကျိုးတွေပဲ ထွက်လာမှာတဲ့လား”
“ဒီက အကျိုးဆက်တွေကြောင့်ပဲ မမြင်နိုင်တဲ့၊ မထင်မှတ်ထားလောက်တဲ့ နေရာတွေမှာ မိစ္ဆာသားရဲတွေဆိုတာက ခိုအောင်းလာကြတယ်။ သူတို့ဘာလုပ်နေသလဲ၊ ဘာတွေကြံနေကြသလဲ၊ ဘယ်လိုတွေတိုးတက်နေပြီလဲဆိုတာ မသိရဘူး။ နင်တို့ မျိုးဆက်သစ်လူငယ်တွေလည်း မိစ္ဆားသားရဲတွေရဲ့ ကြောက်မက်ဖွယ်ရာကောင်းပုံကို မသိကြတော့ဘူး။ အချိန်ကြာလာတာနဲ့အမျှ မေ့လျော့ကုန်ကြပြီ။ စဉ်းစားကြည့် ဒီလိုအခြေအနေမှာ အဲ့ကောင်တွေ တကယ်လို့ တန်ပြန်တိုက်ခိုက်လာရင် ဘာဖြစ်သွားမလဲလို့”
ချုချင်းအယ် တုန်လှုပ်သွားပြီးနောက် မေးလိုက်သည်။ “မြင့်မြတ်နတ်ဘုရားနန်းတော်ရှိသေးတယ်မလား”
အဖိုးကြီးဂျင်က ခေါင်းကိုခါရမ်းပြကာ “ငါက တကယ်လို့ ဆိုတဲ့ အခြေအနေပေါ်မူတည်ပြီးပြောနေတာ။ ဖြစ်နိုင်ချေက မရှိသလောက်နည်းပါးတယ်ဆိုရင်တောင် တကယ်လို့ ကို မေ့လျော့ထားလို့မဖြစ်ဘူး။ ဒီလိုဘယ်တော့မှ မဖြစ်လာနိုင်ပါဘူးဆိုပြီး တပ်အပ်ယုံကြည်နေမယ်ဆိုရင်တောင် အလားတူ အင်းအားစုတွေ ထွက်ပေါ်လာရင် ဘယ်လိုလုပ်မလဲ။ မြင့်မြတ်နတ်ဘုရားနန်းတော်က အဲ့ဒီလို အင်အားစုတွေအများကြီးကို တစ်ပြိုင်တည်း ဖိနှိပ်နိုင်မယ်ထင်လို့လား”
ချုချင်းအယ် ခေါင်းကိုငုံ့ကာ အတွေးနက်သွားတော့၏။ အဖိုးကြီးဂျင်၏စကားထဲမှ သဲလွန်စ အရိပ်အမြွက်တစ်ချို့ကို နားလည်သဘောပေါက်သွားသောအခါ ပါးစပ်ကလေးအဟောင်းသားဖြစ်သွားရတော့သည်။ “ရွှေအစည်းအရုံးကလည်း ပုန်ကန်တော့မှာလား”
“ဘယ်ဟုတ်မလဲဟ”
အဖိုးကြီးဂျင်က သူမကို ဘုကြည့် ကြည့်လိုက်၏။ “မြင့်မြတ်နတ်ဘုရားနန်းတော်က ကုန်းမြေကြီးရဲ့ နံပါတ်(၁) အင်အားစုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို အလွယ်တကူရထားတာမဟုတ်ဘူး။ အင်အားစုတွေအများကြီးပုန်ကန်ခဲ့တာတောင် လက်ရှိပစ္စပ္ပုန်ရော အတိတ်ရောမှာ အောင်မြင်ခဲ့တဲ့လူတွေရှိတာ ကြားဖူးလား”
“ဒါဆိုရင် ဘာပြောချင်တာလဲ…” ချုချင်းအယ်နားမလည်နိုင်တော့ပေ။ ရွှေအစည်းအရုံးက ပုန်ကန်မလို့မဟုတ်ဘူးဆိုရင် အဖိုးကြီးဂျင်က ဘာပြောချင်နေတာလဲ။
ကလေးမ လေး၏အမူအရာကိုမြင်သောအခါ အဖိုးကြီး မုတ်ဆိတ်ကို ပွတ်သပ်၍ ပြုံးလိုက်ပေသည်။ “ငါက ဖရိုဖရဲဖြစ်တော့မယ့် ခေတ်ကလာနေပြီ ပြောချင်တာ။ ဒီကမ္ဘာကြီးထဲမှာ နင် မသိနိုင်တဲ့ အင်အားစုတွေအများကြီးသလို အဲ့ထဲက အချို့ရဲ့အနီးတောင် ယောင်လို့သွားမကပ်သင့်ဘူး”
“ဘယ်အင်အားစုတွေလဲ”
“တစ်ခုက စုယွဲ့မီးခိုးနန်းတော်လို့ခေါ်ပြီး နောက်တစ်ခုက သူတော်စင်အစေအပါးလို့ခေါ်တယ်”
ချုချင်းအယ် မျက်မှောင်ကြုတ်လိုက်သည်။ ထိုအင်အားစုကြီးနှစ်ခုစလုံးကို နာမည်ဆိုတာလောက်လေးသာကြားဖူး၏။
သူမလို အစည်းအရုံး၏ သတင်းထောက်ကတောင် နာမည်လေးကြားရုံသိတယ်ဆိုရင် ဘာကြောက်နေဖို့လိုတော့မလဲ။ ကုန်းမြေကြီးမှာ ထို့ထက်ပိုသန်မာတဲ့ အင်အားစုအများကြီးရှိတာ ဘာလို့ ထိုနှစ်ခုကို ပူနေရမတုန်း။
အဖိုးကြီးဂျင်ကို အဒွန့်တက်ပြီးပေးလိုက်ချင်ပေမယ့် လှည့်ကြည့်လိုက်သောအခါ မျက်လုံးစုံပိတ်ထားတာပိုမြင်သောကြောင့် ဤကိစ္စကို ဆက်မပြောလိုတော့မှန်းသဘောပေါက်လိုက်သည်။
“စုယွဲ့မီးခိုးနန်းတော်။ သူတော်စင်အစေအပါး”
သို့ဖြင့် သူမကိုယ်တိုင်ပဲ အဖိုးကြီးဂျင်ပြောသော မရိုးရှင်းသည့် ထိုအင်အားစုနှစ်ခုကို သုံးသပ်ကြည့်လိုက်သည်။
၎င်းတို့က အဖိုးကြီးဂျင်၏ စကားအရတော့ မြင့်မြတ်နတ်ဘုရားနန်းတော်ကို ပုန်ကန်နေကြသည့် အင်အားစုများမှ ဖြစ်လောက်သည်။
သို့ပေမယ့် ဘယ်လို အောင်မြင်နိုင်မှာလဲ။
မြင့်မြတ်နတ်ဘုရားနန်းတော်ဆိုသည်မှာ နှစ်ပေါင်းသောင်းနှင့်ချီအောင် တည်မြဲလာခဲ့သော အင်အားစုကြီးဖြစ်ပေသည်။
“သူတော်စင်အစေအပါး…”
ထိုနာမည်ကို ချုချင်းအယ် ဆွဲနေအောင်ရွတ်ဖတ်လိုက်၏။ သူမ၏ သတင်းများသာ မှန်ကန်ပါက ထိုအင်အားစုက မကြာသေးခင်က ထျန်းစန်းစီရင်စုမှာ ပွဲရှာသွားသေးသည်ဟု သိရသည်။ သူတို့က ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်ကိုတောင် ဝင်ရောက်တိုက်ခိုက်ကြသည် အဆိုရှိ၏။
အပိုင်း (၂၇၃) ချုချင်းအယ်၍ ခန့်မှန်းချက်
ကြည့်ရတာ ၎င်းနှင့်ပတ်သက်သည့် အတင်းအချက်အလက်များက ချိတ်ပိတ်ထားခံရသည်နှင့်တူသည်။ အပေါ်ယံ ဘာမဟုတ်သည့် သတင်းအချက်အလက်ကလွဲလို့ ချုချင်းအယ်ဘာကိုမှ ရှာမတွေ့ပေ။
အဲ့လိုဆိုရင်တောင်ဘာဖြစ်လဲ။
သူတို့က စိတ်ဝိညာဉ်နန်းတော်တစ်ခုကိုဝင်စီးနိုင်တာနှင့် မြင့်မြတ်နတ်ဘုရားနန်းတော်၏ အခြေခံအုတ်မြစ် ယိုင်နဲ့သွားမည်ထင်နေတာလား။
ချုချင်းအယ် ၎င်းက ရယ်စရာဖြစ်သည်ဟု တွက်လိုက်ပြီးတော့ ထပ်မံ တွေးဆခြင်းမပြုတော့ပေ။ ထိုအစား စုယွဲ့မီးခိုးနန်းတော်ဘက်ကို အာရုံရောက်သွားတော့၏။
သူတော်စင်အစေအပါးနှင့်ပတ်သက်လို့က သတင်းအချက်အလက်အနည်းငယ်ရှိသေးတယ်ဆိုပေမယ့် စုယွဲ့နန်းတော်နှင့်ပတ်သက်လို့က နာမည်ကိုသာသူမကြားဖူးပေသည်။
“အဖိုးဂျင် ဒီအင်အားစုနှစ်ခုက…”
“ကိုယ့်ဟာကိုယ်သွားစုံစမ်း။ ဌာနချုပ်က ပေးလိုက်တဲ့ စမ်းသပ်မှုလို့ သဘောထားလိုက်ပေါ့”
ချုချင်းအယ် အတန်ငယ်တိတ်ဆိတ်သွားပြီးနောက်မှာ သူမ၏ မျက်နှာထက်၌ ပျော်ရွှင်နေသောအမူအရာဖူးပွင့်လာခဲ့၏။ ကြည့်ရတာ နောက်ဆုံးတော့ ဌာနချုပ်အထက်ပိုင်းက သူကို သတိထားမိပြီထင်သည်။
သူမစိတ်လှုပ်ရှားလွန်းလို့ ထ၍တောင် ခုန်ပေါက်ချင်စိတ်များပေါ်လာခဲ့၏။ ၎င်းက အခွင့်အရေးကောင်းကြီးဆိုတာ သိလိုက်တဲ့တစ်ခဏ အဖိုးကြီး၏ လက်ကိုသွားကိုင်ကာ ကလေးသူငယ်တစ်ယောက်လို ဆွဲရမ်းတော့သည်။
“အဖိုးဂျင် ကျေးဇူးပြုပြီးပြောပြပါနော်” သူမက ညှိုးငယ်နေသော မျက်၀န်းများဖြင့် တောင်းဆိုလိုက်သည်။ “ကျွန်မအတွက် ဒီလိုအခွင့်အရေးရဖို့ဆိုတာ လွယ်ကူတာမဟုတ်ဘူး”
“မရဘူး။ ဒါက စမ်းသပ်မှုပဲ”
“နည်းနည်းလေးလေ။ လက်သည်းခွံလောက်လေး…” ချုချင်းအယ် အဖိုးဂျင်၏ လက်ကိုလွှတ်လိုက်ပြီး နောက်သို့သွားကာ ပုခုံးကို နှိပ်နယ်ပေးလိုက်သည်။
ချုချင်းအယ်က ချစ်စရာကောင်းသည့် မိန်းမပျိုတစ်ဦးဖြစ်သည်။ ယခုကလေးလို ပြုမူလာတော့ သူ့မြေးမလေးအလား သတ်မှတ်ထားသည့် အဖိုးဂျင် ဘယ်မှာ ခုခံနိုင်တော့မလဲ။
”ကောင်းပြီ။ ကောင်းပြီ။ နည်းနည်းပြောပြမယ်။ စောနက လူထူးဆန်းနှစ်ယောက် စုယွဲ့မီးခိုးနန်းတော်က ဖြစ်လိမ့်မယ်။ အခြားသတင်းအချက်အလက်အကုန်ကတော့ ကိုယ့်ဟာကိုယ်ရှာကြည့်တော့”
ချုချင်းအယ်၍ မျက်၀န်းထဲ၌ ဉာဏ်နီဉာဏ်နက်များသော အရိပ်အယောင်များဖြတ်ပြေးသွားပြီး ထိုအချက်အလက်ကို စတင် သုံးသပ်လိုက်ပေသည်။
“စုယွဲ့နန်းတော်နဲ့ အဲ့ကိုယ်ပျောက် မိစ္ဆာသားရဲနဲ့က တစ်ခုခု… ပတ်သတ်နေတာများလား”
အဖိုးဂျင် နှုတ်ဆိတ်နေသေးပေမယ့် ချုချင်းအယ်၏ ဖြတ်ထိုးဉာဏ်ကြောင့် အနည်းငယ်တော့ အံ့ဩသွားရ၏။
‘ဌာနချုပ်အထက်ပိုင်းက သတိထားမိခံရတာ မထူးဆန်းတော့ဘူး။ ဖြတ်ထိုးဉာဏ်က တကယ်ကောင်းတယ်။ ဒီစုယွဲ့မီးခိုးနန်းတော်နဲ့ ပတ်သက်တာက ဌာနချုပ်ရဲ့ ခန့်မှန်းချက်တစ်ခုပဲဆိုပေမယ့် ဒီလိုခန်းမှန်းနိုင်ဖို့ အရင်းအမြစ်တော်တော်သုံးလိုက်ရမှာပဲ’
အဖိုးဂျင်က ထျန်းစန်းမြို့တော်က ဌာနခွဲကို စုယွဲ့မီးခိုးနန်းတော်နောက်ကို ခြေရာခံလိုက်ရင်း ရောက်လာခဲ့ခြင်းဖြစ်သည်။
ယခု ပြူတင်းပေါက်အပြင်ဘက်က အဖြစ်အပျက်လေးကိုသာကြည့်ပြီး ချုချင်းအယ်ဤသို့ ကောက်ချက်ချနိုင်တာက တကယ်တော်ပေသည်။
သူမက သူ့ထံက အရိပ်အမြွက်သေးသေးလေးကိုတောင် အလွတ်မခံဘဲနှင့် ဖြစ်ရပ်နှင့်ဆက်စပ်၍ စဉ်းစားလိုက်ပေသည်။ ၎င်းက လွယ်မရောင်နှင့်ခက်၏။
အဖိုးကြီးဂျင် အပိုအလိုတွေတွေးနေတာတွေက သူ့ဆုံးဖြတ်ချက်တွေကို အတွေးလွှမ်းစေမှာသိတာကြောင့် ထိုခံစားချက်များကို ခေါင်းထဲက ထုတ်ပစ်လိုက်သည်။
သို့ပေမယ့် ချုချင်းအယ်၏ ခန့်မှန်းချက်က ထိုမျှနှင့်မရပ်တန့်သွားပါချေ။ သူမက အခန်းအတွင်းမှာ ခေါက်တွန့်ခေါက်ပြန်လျှောက်နေပြီးတော့ တီးတိုးလည်း ရေရွတ်နေလိုက်သည်။
“ဘာလို့ စုယွဲ့မီးခိုးနန်းတော်က ထျန်းစန်းမြို့တော်မှာပေါ်လာရတာလဲ။ အကြောင်းတစ်ခုခုတော့ရှိရမယ်။ ထျန်းစန်းစီရင်စုထဲမှာလည်း သူတော်စင်အစေအပါးတွေရဲ့ လှုပ်ရှားမှုတွေကို မကြာခဏဆိုသလို တွေ့နေရတယ်။ ဒီအင်အားစုနှစ်ခုက အဖိုးဂျင်ပြောသလို အမှောင်ထဲမှာ ပုန်းကွယ်နေတာဆိုရင် တစ်နေရာတည်းမှာ လာတွေ့ဖို့ကမဖြစ်နိုင်ဘူး။ ဒီနောက်ကွယ်မှာ အကြောင်းတစ်ခုခုတော့ ရှိကိုရှိရမယ်။ ဘာများဖြစ်လိမ့်မလဲ”
ချုချင်းအယ်၏ မျက်ခုံးများကျုံ့သွား၏။ ထို့နောက်မှ အလင်းပေါက်သွားဟန်ဖြင့် လက်ခုပ်လက်ဝါးတီးလိုက်ကာ “တကယ် အရိပ်အမြွက်က ဓားသမားသုံးယောက်စီကနေ လာတာဖြစ်နေတယ်။ သူတို့မှာ နာမည်ကြီးဓား နှစ်လက်တောင်ရှိတယ်ဆိုတော့ လမိုက်အင်မော်တယ် မြို့တော်ကလွဲရင် အဲ့လို စွမ်းဆောင်ရည်မျိုးရှိတာ ဓားသင်္ချိုင်းတောင်တန်းပဲရှိမယ်။ ဒီလူတွေ ဘာဖြစ်လို့ ထျန်းစန်းမြို့တော်ကိုရောက်လာရတာလဲဆိုရင်…”
ချုချင်းအယ် တစ်ခုခုကို သိတော့မလိုလို ရှိနေပေမယ့် ဘာမှန်း မသိဖြစ်နေသည်။ လမိုက်အင်မော်တယ်မြို့တော်နှင့် ဓားသင်္ချိုင်းတောင်တန်းတို့က စုယွဲ့မီးခိုးနန်းတော်နှင့် သူတော်စင်အစေအပါးတို့လို အင်အားစုများ၏ ဆန့်ကျင်ဘက်ဖြစ်သည်။
သူတို့က အရှေ့ပိုင်းနယ်မြေကြီးရှိ လူသိထင်ရှားသော နာမည်ကြီး အင်အားစုများဖြစ်ကြ၏။
ထိုအင်အားစုနှစ်ခုကိုအခြေပြု၍ “အရှေ့ပိုင်းနယ်မြေမှာ ရှိတဲ့ ဓားသမား တစ်၀က်က လမိုက်၊ တစ်၀က်က သင်္ချိုင်း” ဟူ၍ အဆိုတောင်ပေါ်ထွန်းလာခဲ့သည်။ ဒီဓားသမားတွေရဲ့ ရောက်ရှိလာမှုကြီးက တိုက်ဆိုင်တာဖြစ်ပါ့မလား။
“မဖြစ်နိုင်ဘူး”
ထိုသို့အတွေးမျိုးကို ချုချင်းအယ် အကျောက်အကန် ငြင်းပယ်လိုက်သည်။ ထိုမှ ရုတ်တရက် ထျန်းစန်းမြို့တော်တစ်လွှားကြားနေရသည့် ကောလဟာလကို ပြန်မြင်ယောင်မိ၏။
“လှိုဏ်ဂူဖြူ။ ရှစ်ယောက်မြောက်ဓားနတ်ဘုရားရဲ့ နံပါတ်လေး ဓားပေါ်လာတော့မယ်ဆိုတဲ့ ကောလဟာလတွေက တကယ်များလား”
ထိုသို့အတွေး၀င်လာပြီး ချုချင်းအယ် မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားခဲ့၏။
အခြားတစ်ဘက်က အဖိုးကြီးဂျင်ကတော့ အထင်အမြင်ကြီးစွာ သက်ပြင်းချလိုက်သည်။ ဤကောင်မလေးက တကယ် စွမ်းဆောင်ရည်ရှိလှ၏။
အချိန်တိုအတွင်း ဘာမှမသိသာသည့် သဲလွန်စလေးတွေကိုလိုက်ပြီးတော့ အလင်းပေါက် နားလည်သွားခဲ့သည်။ ဤသို့ စိတ်အခြေအနေက တကယ် ထူးခြား၏။
“ဘယ်သူကမှ အဲ့တာက ကောလဟာလလား အမှန်တကယ်လားဆိုတာ မသိရ သေးခင်မှာ ဒီလိုလူတွေအားလုံးက လာစုတယ်ဆိုတော့ နောက်နှစ်ပတ်အတွင်းမှာ ထျန်းစန်းမြို့တော်က စည်ကားသိုက်မြိုက်လာတော့မယ်”
ချုချင်းအယ်၏ စိတ်နှလုံး မီးလျှံတို့ဖြင့် တဟုန်းဟုန်းတောက်လောင်ကျွမ်းသွားပေသည်။ “လှိုဏ်ဂူဖြူနဲ့ ပတ်သက်တဲ့ ကောလဟာလကသာ အမှန်ပါဆိုရင်တော့… ထားလိုက်ပါတော့ ခုက အမှန်လားအမှားလားဆိုတာ အရေးမပါတော့ဘူး။ လမိုက်အင်မော်တယ်မြို့တော်လို၊ ဓားသင်္ချိုင်း တောင်တန်းတို့လို အင်အားစုကြီးတွေကတောင် ခြေဆန့်လာတယ်ဆိုတဲ့ သတင်းသာပေါက်ကြားသွားရင် အရှေ့ပိုင်းနယ်မြေကြီးတစ်ခုလုံး အုတ်အုတ်ကျက် လှုပ်ခါသွားမှာပဲ”
“ဒါဆိုရင် သတင်းကမှားနေရင်တောင် အမှန်အလိုလိုဖြစ်လာလိမ့်မယ်။ ဒီလို အခြေအနေမျိုး၊ ဒီလိုကစားပွဲကြီးမှာ ငါ၀င်ပါလို့ အကျိုးအမြတ်ကြီးကြီးမရနိုင်ဘူးဆိုရင်တောင် နည်းနည်းလေးရတာက ဌာနချုပ်အထက်ပိုင်းက လူတွေရဲ့ အမြင်ကို ကြည်စေဖို့ လုံလောက်တယ်”
“လှိုဏ်ဂူဖြူ၀င်ခွင့်”
ချုချင်းအယ်က အဖိုးကြီးဂျင်ကို မော့ကြည့်ပြီးတော့ “လုပ်ထုံးလုပ်နည်းအရဆိုရင် ထျန်းစန်းစီရင်စုတစ်ခုလုံးမှာရှိတဲ့ အင်အားစု ခေါင်းဆောင်တွေက လှိုဏ်ဂူဖြူ၀င်ခွင့်ကို ခွဲဝေဖို့ ထျန်းစန်း မြို့တော်၀န် အိမ်တော်မှာ စုစည်းကြလိမ့်မယ်။ ကြည့်ရတာ ဒီတစ်ခေါက် ယှဉ်ပြိုင်မှုက သွေးလွှမ်းတော့မယ့်ပုံရတယ်”
အဖိုးကြီးဂျင်ကလည်း ပြုံးရယ်၍ နောက်ကဆိုလိုက်သည်။ “ဒါပေါ့။ ပန်းကန်လုံးနဲ့ တောင်းဆိုတိုင်းမရနိုင်တဲ့ အသားက အမြဲ သွေးလွှမ်းမှာပဲ။ အေး အဲ့တာ အသားစိမ်း။ ပန်းကန်လုံးနဲ့တောင်းလို့ရတာက အသားစိမ်းမဟုတ်တော့ဘူး။ အဲ့တာ စားလို့ရသွားပြီ”
ချုချင်းအယ်ပြုံးလိုက်သည်။
ခွန်အားအရယှဉ်မယ်ဆိုရင် သူတို့ထျန်းစန်းမြို့တော်မှာရှိတဲ့ ဌာနခွဲလေးရတောင် မျိုးနွယ်စုကြီးလေးခုထက် မနိမ့်ကျပေ။
ထိုအသားက သူမ စားကြည့်ချင်နေသည့်အရာဖြစ်သည်။
အဖိုးကြီးဂျင်က လက်ဝှေ့ရမ်းကာ “သွား။ ပြင်ဆင်မှုတွေလုပ်ထားတော့”
“ဟုတ်ကဲ့။ အဖိုးကိုစိတ်မပျက်စေရပါဘူး”
ချုချင်းအယ် ဦးညွတ်လိုက်ပြီး ထွက်သွားမလို့ရှိသေး တစ်စုံတစ်ခုကို အမှတ်ရလိုက်ပြီး မေးလိုက်သည်။ “စောနက စုရှောင်ရှန်ဆိုနဲ့ ကောင်လေးက… နံပါတ် သုံးဆယ့်နှစ် ပိတ်ပင်ချင်နေတဲ့သူထင်တယ်။ ပြီးတော့ နောက်ဖေးလမ်းကြားက ပေါက်ကွဲမှုကလည်း သူ့ကြောင့်ဖြစ်ရတာ”
အဖိုးကြီးဂျင်က ဂရုစိုက်မနေဘဲ လက်ခါရမ်းပြလိုက်သည်။ “စိတ်၀င်စားရင် စုံစမ်းကြည့်လိုက်ပေါ့။ ဒါပေမယ့် အဲ့တာက အရေးမကြီးဘူး။ မြို့စောင့်စစ်သည်တွေရဲ့အလုပ်။ အဓိက ရည်ရွယ်ချက်ကိုပဲ မမေ့နဲ့”
စုရှောင်ရှန်က ဘာကောင်နေနေ မိစ္ဆာသားရဲနှင့် ပတ်သက်မိပြီဆိုလျှင် အဆုံးသတ်လှတော့မည်မဟုတ်ချေ။ မြင့်မြတ်နတ်ဘုရားနန်းတော်က အလှပြထားသည်မှမဟုတ်။
ဌာနချုပ်၏ ခန့်မှန်းချက်ကလည်း ခန့်မှန်းချက်သာဖြစ်ပေသည်။ ၎င်းက အကြောင်းဖန်လို့ တိုက်ဆိုင်ရင်တောင် ပြောဖို့ခက်သည်။
ထိုအင်အားစုနှစ်ခုက တစ်ခုခုမကောင်းတာ ကြံနေမယ်ဆိုရင် မြင်မြတ်နတ်ဘုရားနန်းတော်ကလဲ ထိုင်ကြည့်နေမှာမဟုတ်ပေ။ ဘာဖြစ်ဖြစ် သူတို့က အနည်းငယ်ပိုသန်မာသည့် ပုရွက်ဆိတ်များသာဖြစ်ချေသည်။
သူတော်စင်အစေအပါးလာလာ၊ စုယွဲ့မီးခိုးနန်းတော်လာလာ မြင့်မြတ်နတ်ဘုရားနန်းနောက်က အနီ၀တ်နှင့် အဖြူ၀တ်များထွက်လာရင် အမြှီးကုပ်ထွက်ပြေးရမည်ဟုသာ သူထင်မြင်သည်။
အဖိုးကြီးဂျင် ခေါင်းကိုခါရမ်းပြီး သက်ပြင်းချလိုက်၏။ ယခုလက်ရှိခေတ်ကြီးက မျိုးဆက်တွေက အတိတ်တွင် ဘာဖြစ်ခဲ့သလဲကို မသိကြပေ။ သို့သော် သူက ထိုအထဲတွင် တစ်ပိုင်းတစ်စ ပါ၀င်ခဲ့ရသူပီပီ မြင့်မြတ်နတ်ဘုရားနန်းတော်၏ ခွန်အားအစစ်အမှန်ကိုသိပေသည်။
၎င်းက တိုင်းတာလို့တောင်မရချေ။ သို့ကြောင့် ချုချင်းအယ်ကို အန္တရာယ်ဖြစ်စေမှာစိုးလို့ စုရှောင်ရှန်တို့အနားမကပ်ခိုင်းခြင်းဖြစ်၏။
မိစ္ဆာသားရဲကိုမြင်တာနဲ့ ဓားပိုက်ပြီး အလျှင်အမြန်ပြန်ဆုတ်တော့သည့် ကုချင်းယိလို အင်အားစုကြီးမှလာသောသူများကတော့ အမြင်ကျယ်ပြီး ဘာလုပ်ရမယ်ဆိုတာသိပေသည်။ အခြားသူများကတော့ ဘာမှန်းမသိ ရဲရဲမြင်တာနဲ့ မီးပုံထဲကိုတိုး၀င်နေကြသည့် ပိုးဖလံကောင်လေးများပင်။
“ဟီးဟီး”
အဖိုးကြီးဂျင်ဘာတွေးနေသလဲကို ချုချင်းအယ်မသိပါပေ။ သူ့ကိုခွန်းတုန့်ပြန်လိုက်ပြီးနောက်မှာ အခန်းထဲက သံသယများစွာဖြင့် ထွက်သွားလိုက်၏။
“တကယ်ကော အဆင်ပြေပါ့မလား”
မိန်းမတို့၏ မသိစိတ်ကြောင့် မကောင်းတာတစ်ခုခု သူမခံစားနေရသည်။ ၎င်းကို ဘယ်လိုတွေးတွေး ဘယ်အခြေအနေက ကြည့်ကြည့်ကို စုရှောင်ရှန်ဆိုတဲ့ကောင်လေးက ပါ၀င်လာနေတော့၏။
လုပ်ကြံသူနှစ်ဦး၊ မိစ္ဆာသားရဲ၊ ဓားသမားသုံးယောက်နှင့် စုယွဲ့မီးခိုးနန်းတော်…။
ထိုသူများအားလုံးက စုရှောင်ရှန်နှင့် ပတ်သက်နေကြတာချည်းဖြစ်သည်။
ထိုအတွေးက သူမကို လိုက်လံခြောက်လှန့်နေ၏။ သူမ၏ ပါးနှစ်ဖက်ကို အသာလေးရိုက်ကာ ထိုအတွေးများကို ခေါင်းထဲက ထုတ်ပစ်ဖို့ ပြောလိုက်ပေသည်။
“ဟူးးး။ ဌာနချုပ်က ပိုအရေးကြီးတယ်။ ဌာနချုပ်က ပိုအရေးကြီးတယ်…။ ဒီအခွင့်အရေးကို ရဖို့အတွက် အဖိုးဂျင် ရင်းထားရတာ မလွယ်ဘူး။ ငါကောင်းကောင်းလုပ်ရမယ်။ အနည်းဆုံးတော့ မြို့တော်၀န်ရဲ့ စံအိမ်တော်တိုက်ပွဲမှာ ၀င်ခွင့် အနည်းငယ်တော့ ရအောင်ယူရမယ်”
ထို စုရှောင်ရှန်ဆိုတဲ့ကောင်လေးအတွက်ကတော့…။
သူမ၏ အတွေးများက ပြက်ရယ်ပြုစရာကောင်းနေသည်ဟု ချုချင်းအယ်ခံစားလိုက်ရ၏။ သို့ဖြင့် ၎င်းကို နေ့စဉ်ဘ၀မှာ တွေ့ရမရှားသည့် အရေးမကြီးသည့် အရာတစ်ခုအဖြစ်သာ သတ်မှတ်လိုက်တော့သည်။
“ဘာဖြစ်ဖြစ်သူက စစ်မှန်ခြင်းနယ်ပယ်သာသာပဲလေ…”
အပိုင်း (၂၇၄) စုရှောင်ရှန် လန့်ဖျပ်ခြင်း
ရွှေအစည်းအရုံးရှိ ခမ်းနားတင့်တယ်စွာ လှပအောင် ပြင်ဆင်ထားသော တည်းခိုခန်းအတွင်းတွင် …။
သတိမေ့နေသည့် ရှောင်ဆယ့်ခြောက်ကို သယ်လာရင်းက နာမည်မှာပါသည့် “ရွှေ” ဆိုတာ ဟန်ပြသက်သက်တည်းမဟုတ်ကြောင်းကို စုရှောင်ရှန် သိလိုက်ရသည်။ သူနှင့် မုကျစ်ရှီတို့ နှစ်ခန်းယူလိုက်ကြ၏။
ကိုယ်လက်သန့်စင်ခြင်းငှာ ပြုပြီးသောအခါ ချက်ခြင်း ပျော့အိ နွေးထွေးသော အိပ်ယာထက်တွင် ခြေပစ်လက်ပစ်လှဲလိုက်သည်။
သူ့တွင်ရှိသော စိတ်ဝိညာဉ်ကျောက်တုံးပမာဏဖြင့် အပြင်ကိုခက်ခက်ခဲခဲထွက်ရတုန်းလေး အကောင်းဆုံး စည်းစိမ်ခံစားရန် ဆုံးဖြတ်လိုက်လေသည်။ စုရှောင်ရှန် အစကတည်းက ထျန်းစန်းနန်းတော်ထဲက လျှောက်ပတ်ကြည့်ချင်သည့် ရည်ရွယ်ချက်နှင့်ထွက်လာခဲ့သည်မဟုတ်ပါလား။
ဒီကမ္ဘာကြီးရဲ့ ဓလေ့ထုံးတမ်းများနှင့် အလေ့အကျင့်များကို သူခံစားကြည့်ချင်သေးပါသည်။ သူ့တွင်ရှိသော ငွေအမောက်ကလည်း မသင်္ကာသည့် နည်းလမ်းများမှ ရလာခြင်းဖြစ်သဖြင့် အလျင်အမြန် သုံးပစ်လိုက်ရပေမည်။
ပြီးလျှင် သူ၏ ဆေးပညာရှင်တံဆိပ်ပြားကို အရယူပြီး ရွှေအစည်းအရုံးကို အလည်တစ်ခေါက်ပြန်လာဖို့ ဆန္ဒရှိ၏။ မကြာခင် ဒီမြို့တော်ကြီးက သန်းကြွယ်သူဌေးတစ်ယောက်မွေးဖွားလာတာကို မြင်ရတော့မည်။
“အိုးဟိုးဟိုး”
သူ့လှပသည့်အနာဂါတ်လေးကို တွေးမြင်ယောင်မိသောအခါ စုရှောင်ရှန် သွားရည်များတောင် ကျလာခဲ့၏။
မကြာခင် ထိုအတွေးတွေကိုခေါက်လိုက်ပြီးတော့ သူ့အင်္ကျီလက်ထဲက လက်စွပ်တစ်ကွင်းကိုထုတ်ယူလိုက်တော့သည်။
ဘ၀ကြီးက တကယ်သာယာပေသည်။ တစ်ခါတစ်ရံတော့ ကြား၀င်နှောက်ချင်သည့် ခြင်များရှိတာ မဆန်းပေ။
နောက်ဖေးလမ်းလေးက လူသတ်သမားထံကနေရလာတဲ့ သိုလှောင်လက်စွပ်ကို မျက်လုံးများကျဉ်းမြောင်း၍ စုရှောင်ရှန်ကြည့်လိုက်၏။ သူက တကယ်ကို နှိမ်နှိမ်ချချနေထိုင်သည့်သူပါ။ သူ့ဘက်ကစပြီးတော့ ရန်သူတွေကို လိုက်မရှာရပါဘူး။ သို့ပေမယ့် သူ၏ ငြိမ်းချမ်းမှုလေးကို ဖျက်ချင်တဲ့လူက တစ်ယောက်ပြီးတော့ တစ်ယောက် ပေါ်လာခဲ့၏။
ဥပမာ သေသွားပြီဖြစ်သော ကျန်းရှင်းရှုံကဲ့သို့ဖြစ်သည်။
“ဒီတစ်ခါလည်း ကျန်းမျိုးနွယ်စုကပဲလားမသိဘူး” စုရှောင်ရှန် တွေးကြည့်လိုက်သည်။
ထျန်းစန်းစီရင်စုအတွင်းတွင် နာမည်ကြီး မျိုးနွယ်စုကြီးလေးခုဖြစ်သည့် ကျန်း၊ ကျောက်၊ ကျိုးနှင့် စု တို့တည်ရှိသည်။
ထျန်းစန်း နန်းတော် အတွင်းစည်းမှ ဂိုဏ်းသားများအားလုံးလိုလိုက ထိုမျိုးနွယ်စုများမှ လူငယ်များဖြစ်ကြ၏။ သူတို့မျိုးနွယ်စုများ၏ မျှော်လင့်ချက်နှင့် နာမည်တို့ကို ဆောင်နေခြင်းဖြစ်ပါသည်။
စုရှောင်ရှန် ထိုသို့လူငယ်အချို့နှင့် ခင်မင်ရင်နှီးရုံလောက်သာရှိပြီး သူတို့ မိသားစုများ ဘယ်လောက်သန်မာသလဲ ဘာလဲဆိုတာ ဂဃနဏ မသိချေ။
ယခု စိတ်ဝိညာဉ်နန်းတော်မှ ထွက်လာပြီး တစ်ညတည်းဖြင့် အရှင်သခင်နယ်ပယ်လုပ်ကြံသူနှစ်ယောက်ကို စေလွှတ်လိုက်တာကြည့်ခြင်းအားဖြင့်တော့ သူတို့ကို “အင်အားကြီးသည်” ဟူသော စကားဖြင့်သာ ဖော်ပြနိုင်ပေမည်။
ထို့နောက် ကြမ်းခင်းပေါ်မှလှဲနေသည့် လုပ်ကြံသူကိုကြည့်လိုက်၏။ ထိုသူစောနက သတိပြန်လည်လာခဲ့ပေမယ့် ချက်ခြင်းဆိုသလို စုရှောင်ရှန်၏ လက်ဝါးစောင်းစာမိပြီး ပြန်သတိမေ့သွားခဲ့သည်။
ထိုစဉ်က မုကျစ်ရှီသာ သတိမပေးခဲ့လျှင် ဒီလူကိုတောင် မေ့နေလောက်ချေပြီ။ ကံကောင်းစွာဖြင့် အကျိုးအကြောင်းသတင်းအချက်အလက်မေးရန်အတွက် လုပ်ကြံသူတစ်ယောက် အသက်ရှင်ကျန်ရစ်နေခဲ့လို့ပေါ့။
ဘာဖြစ်ဖြစ် နောက်ဆုံးတော့လည်း နှုတ်ပိတ်မှာဖြစ်တာကြောင့် ရသလောက်အချက်အလက်များကို နှိုတ်ထုတ်ဖို့ အားခဲထားလိုက်၏။
ဖြစ်မလာသေးသည့် ကိစ္စများကိုအသာခဏထားပြီး သူ့လက်ထဲက သိုလှောင်လက်စွပ်ကို စိတ်လှုပ်တရှားကြည့်လိုက်သည်။
“အရှင်သခင်နယ်ပယ်တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်ရှိမတုန်းမသိဘူး…”
သူ့နှုတ်ခမ်းများကိုလျှာသပ်၍ စိတ်ဝိညာဉ်အာရုံဖြင့် ကြည့်ရှူလိုက်သည်။
“စိတ်ဝိညာဉ်ကျောက်တုံး… စိတ်ဝိညာဉ်ကျောက်တုံးပဲဟ… လခွမ်း ငါ့ကို စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ သတ်ချင်နေတာလား”
လက်စွပ်ထဲက ကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ်ကျောက်တုံးပမာဏကြောင့် စုရှောင်ရှန် မှင်တက်သွားရ၏။ ၎င်းက သူ့တွင်ရှိ စိတ်ဝိညာဉ်ကျောက်တုံးပမာဏ အကြိမ်ရေများစွာ ဆတိုးထားတာနှင့်ညီမျှပေသည်။
သိုလှောင်လက်စွပ်ကိုယ်၌က နေရာအကျယ်ကြီးရှိကာ ၎င်း၏ တစ်၀က်လောက်ကို စိတ်ဝိညာဉ်ကျောက်တုံးများက နေရာယူထားသည်။ ဒီတိုင်းမျက်စိဖြင့် ကြည့်မယ်ဆိုရင်တောင် သန်းဂဏာန်းနှင့် နီးကပ်လောက်မယ်ဆိုတာ ပြောနိုင်သည်။
“သေချာစဉ်းစားကြည့်မှ ဒီကမ္ဘာကြီးမှာရော အကြွေး၀ယ်ကပ်တွေလို စိတ်ဝိညာဉ်ကျောက်တုံးကဒ်ပြားတွေဘာတွေမရှိဘူးလားမသိဘူး”
ထိုမှ ရွှေအစည်းအရုံးကို ဆက်စပ်တွေးမိသည်။ အတွေးအခေါ်အကြောင်းအချက်ကျကျပြောရမယ်ဆိုရင် ထိုသို့အရာရှိသင့်သည်။ သို့ပေမယ့် သိုလှောင်လက်စွပ်များကြိုရှိနှင့် နေသောအခါ ထိုအရာဘက်က မတိုးတက်လာတော့ပေ။
ထိုစိတ်ဝိညာဉ်ကျောက်တုံး တောင်တန်းကြီးကို မေ့ထားပြီးတော့ အခြားဘက်ခြမ်းကို စုရှောင်ရှန်ကြည့်လိုက်သည်။
ဆေးလုံးတွေ၊ စိတ်ဝိညာဉ်လက်နက်တွေ…။
သူသိတာရောမသိတာရော အကုန်အစုံကို အပုံလိုက်ကြီးချထား၏။
ဤသို့ ပစ္စည်းအများကြီးရလာအောင် သူဘယ်လောက်တောင် သတ်ဖြတ်မှုတွေလုပ်ခဲ့လိမ့်မလဲ။
ဤသို့ဆေးလုံးများ၊ လက်နက်များ ပမာဏနှင့်ဆို စစ်မှန်ခြင်းနယ်ပယ် ဒါဇင်အနည်းငယ်လောက်ကိုတောင် မွေးထုတ်ပေးနိုင်စွမ်းရှိသည်။ ထိုထဲတွင် အရှင်သခင်နယ်ပယ် ရတနာများကိုတောင်တွေ့ရ၏။
“ဟူးးး…”
သူ့ထကြွလာသော ခံစားချက်များကို ဖိနှိပ်ဖို့အတွက် အသက်ခပ်ပြင်းပြင်းရှိုက်လိုက်ရသာ်။ နောက်ဆုံးတော့ အရှင်သခင်နယ်ပယ်ကျင့်ကြံသူတစ်ဦး၏ ချမ်းသာကြွယ်၀မှုကိုသိရလေပြီ။
ဒီလူကလည်း လုပ်ကြံသူဖြစ်နေရာ ဘယ်သူ့ကိုမှ အယုံအကြည်မရှိ၍ သူ့ပိုင်ပစ္စည်းများကို ကိုယ်နှင့်မကွာ ဆောင်ထားတတ်သည့်ပုံပေါ်သည်။
ဆိုလိုချင်တာက သူ သတ်ခံရတာနဲ့သူ့ပိုင်ပစ္စည်းများက တခြားသူထံရောက်ပေလေမည်။
ကျန်ရတနာများအားလုံးကို စုရှောင်ရှန် နောက်မှစစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်၏။ အကြောင်းက အင်မတန်မှ များပြားလှသော အစီအရင်တံဆိပ်ပြားများကို တွေ့ရ၍ ဖြစ်သည်။ အနည်းဆုံးတောင် တစ်ရာလောက်တော့ရှိပေမည်။
ကျန်သည့် အကောင်းပကတိအတိုင်းမရှိသည့် တစ်၀က်တစ်ပြတ်နှင့် အစီအရင်တံဆိပ်ပြားများကို ရေတွက်ကြည့်လျှင် အနည်းဆုံး ထောင်နှင့်ချီ၍ရှိသည်။
“ဒီလူက အစီအရင်ဆရာသခင်တစ်ယောက်ဖြစ်ရမယ်။ ဒါတွေက သူ့ဖန်တီးထားတဲ့ဟာတွေများလား” စုရှောင်ရှန် တကယ် အထင်ကြီးမိပေသည်။
ထိုထဲမှ သိသိသာသာ အစွမ်းထက်ဟန်ရသော အစီအရင်တံဆိပ်ပြား အနည်းငယ်ကိုထုတ်ယူ၍ စုရှောင်ရှန်ကြည့်လိုက်ရာ အားလုံးလိုလိုက လက်ငါးချောင်းပေါ်က ငရဲမီးတောက်အစေ့များထက် ပို၍ အဖျက်စွမ်းအားကြီးနေတာ တွေ့ရ၏။
“ဒါက…”
စုရှောင်ရှန် မှင်တက်သွားပေသည်။ အကယ်၍ ကျဲသာ ထိုစဉ်က သူ့ကိုကူညီ၍မသတ်ပေးခဲ့ဘဲ လုပ်ကြံသူက ဒီအရာတွေအကုန်သူ့အပေါ်မှာ အသုံးပြုလိုက်မယ်ဆိုရင်… တွေးကြည့်တာတောင် ကြက်သီးမွှေးညှင်းများ တဖျင်းဖျင်းထသွားပေသည်။
“လခွမ်း။ ငါတော့ ကွိုင်အကြီးကြီးတက်တော့မလို့ပေါ့ကွာ…”
သူ့မှာ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ရှိတောင် ဤအရာအားလုံးတစ်ပြိုင်တည်းပေါက်ကွဲခဲ့ရင် သူလည်း အရိုးတခြားအသားတခြားဖြစ်သွားပေလိမ့်မည်။
ဧကရာဇ်နယ်ပယ်များတောင် ခုခံနိုင်စွမ်းရှိပါ့မလားမသိ။
“အစီအရင်ဆရာသခင်….”
ထိုမှ ဤလမ်းကြောင်းက အယုတ်မာဆုံး… အဲ အလန်းဆုံး ရွေးချယ်စရာဖြစ်လိမ့်မည်ဟု တွေးထင်မိပေသည်။ ဤတံဆိပ်ပြားများဖြင့် ကြိုတင်ပြင်ဆင်ကာ တိုက်လိုက်လိုက်မည်ဆိုရင်တော့… ဟိုးဟိုး။
သူသာ အစီအရင်ဆရာသခင်တစ်ယောက်ဖြစ်ခဲ့ရင် စောနက အနက်ရောင် ကြာပန်းကြီးကို ထည့်ကာ နေရာတိုင်းပစ်လိုက်မည်ဟု တွက်ဆလိုက်သည်။
တစ်ခုတည်းနှင့် မလုံလောက်လျှင်၊ ဆယ်ခု၊ အခုတစ်ရာ ဘယ်သူက ခံနိုင်မတုန်း။
“ဟိုးဟိုး…”
သူ့အတွေးဖြင့်သူတောင်လက်ဖျားခါသွားရ၏။ အစီအရင်ဆရာသခင်တစ်ယောက်ဖြစ်လာသည့်လူတိုင်းကလည်း ထိုသို့ တွေးတောပြီးဖြစ်လာပုံရလေသည်။ ဒီလူကို သူသတ်နိုင်ခဲ့တယ်ဆိုတောင်မှ အကြောင်းတိုက်ဆိုင်လို့ဖြစ်ပေသည်။
“ဟူးးး… ငါ မှားပြန်ပြီ”
အစကနဦးက သူ့အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ဖြင့်ဆိုရင် ထင်တိုင်းကျဲလို့ရပြီထင်နေခဲ့၏။ မီးခိုးမြူပုံရိပ်နှင့် တွေ့ပြီးနောက်မှာ ထိုစိတ်ကလေးသိမ်ငယ်သွားရသည်။
ယခု အရှင်သခင်နယ်ပယ်တစ်ယောက်၏ ချမ်းသာမှုကိုမြင်တော့မှ ကျင့်ကြံခြင်းလမ်းစဉ် အစပိုင်းကလေးက သူက ဘာကောင်မှ မဟုတ်သေးဘူးဆိုတာ သိရပေသည်။
ကျဲကြောင့်သာမဟုတ်ရင်တော့…။
“တကယ် အသက်ကိုချစ်မြတ်နိုးတာကမှ ကျင့်ကြံခြင်းလမ်းစဉ်အစစ်။ အနာဂါတ်တိုက်ပွဲတွေမှာ ငါဘာရေချိန်မှ တိုင်းမနေတော့ဘူး။ ပြိုင်ပွဲလိုနေရာမှာ ဆိုရင်တောင် မတော်တစ်ဆကဖြစ်နိုင်တာပဲ။ ပွဲစတာနဲ့
ရှိသမျှ ဝှက်ဖဲအကုန်သုံးပြီးတော့ လျှပ်စီးအလားအမြန်နှုန်းနဲ့ ရန်သူ သေသေ ရှင်ရှင်ပွဲသိမ်းပစ်ရမယ်”
သူ့လက်ထဲက လက်စွပ်ကိုကိုင်းထားရင်းက စုရှောင်ရှန်တွေးလိုက်၏။
“ခုကစလို့ သူ့ရဲ့၀ှက်ဖဲတွေက ငါ့ရဲ့ ဝှက်ဖဲတွေဖြစ်လာရမယ်”
သူ့နှလုံးသားထဲက ယုံကြည်မှုတစ်ခု ပေါက်ဖွားလာခဲ့ပြီး လက်စွပ်ကို တင်းတင်းကြပ်ကြပ်ကိုင်ကာ စုရှောင်ရှန် ခိုင်ခိုင်မာမာခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ အဲ့လိုပဲလုပ်ရမယ်။ ဒီကမ္ဘာကြီးက ရက်စက်တယ် ငါစိတ်နှလုံးသွားပျော့ညံနေလို့မဖြစ်ဘူး။ ချက်ဆိုတာနဲ့ မီးတောက်မှရမယ်”
“အူးး..” ထိုစဉ် ရှောင်ဆယ့်ခြောက်က အချိန်မရွေးထလာတော့မည့်ဟန်ပန်ဖြင့် ညည်းညူတော့သည်။
စုရှောင်ရှန် လန့်ဖျပ်သွား၏။ အရှင်သခင်နယ်ပယ်တစ်ယောက်၏ စွမ်းပကားကို နားလည်ပြီးနောက်မှာ ထိုသို့ ပုဂ္ဂိုလ်များကို အထင်အမြင်သေးရဲခြင်းမရှ်ိတော့ချေ။ ဒီလူက ထိုလုပ်ကြံသူ၏ အဖော်တစ်ဖြစ်လဲ အရှင်သခင်နယ်ပယ်တစ်ယောက်ဖြစ်သည်။
သို့ဖြင့် ပြောနေစရာတောင်မလို ချက်ခြင်းနှုတ်ပိတ်လိုက်သင့်သည်။
“မကောင်းတော့ဘူး”
ရှောင်ဆယ့်ခြောက်နိုးထလာတော့မယ့် အရိပ်အယောင်ကြောင့် သူ့ထံအလျှင်အမြန် ပျံသွားကာ ပုခုံးနှစ်ဖက်ထဲ လက်ချောင်းထိုးထည့်လိုက်သည်။ ဒါတောင်စိတ်မအေးချမ်းနိုင်သေးသဖြင့် ပေါင်ကိုပါ ထပ်မံထိုးလိုက်၏။
ထိုသို့ ခြေလက်လေးပါးလုံး သုံးရမတော့လျှင် မရွေ့နိုင်လောက်တော့ဘူးမလား။ စုရှောင်ရှန်က သတိကြီးသူပီပီ ရှောင်ဆယ့်ခြောက်၏ လည်ပင်းအထက်တွင် တံတောင်တင်လိုက်ကာမှ စိတ်အေးသွားခဲ့သည်။
သို့ပေမယ့် စိတ်ထဲက ယားကျိယားကျိဖြစ်နေသေးတာကြောင့် လည်ချောင်းထဲကိုပါ လက်ကိုအနည်းငယ်တွန်းပြီး တစ်၀က်လောက် ထိုးထည့်လိုက်သည်။
သွေးများရေပန်းအလား ထွက်လာတော့၏။
ထိုမျှ ခန္ဓာကိုယ်တစ်ခုလုံးမှ ပြင်းထန်သော နာကျင်မှုများကြောင့် ရှောင်ဆယ့်ခြောက် ပုံမှန်ထက် အလျှင်အမြန်သတိပြန်လည်လာခဲ့သည်။ သို့ဖြင့် နိုးလာတာနဲ့ တန်းအော်တော့၏။
“အားးးးးးးး”
“လခွမ်းးး”
ရှောင်ဆယ့်ခြောက် အိပ်ချင်မူးတူးတောင်မဖြစ်နေတော့ဘဲ မျက်လုံးပြူးမျက်ဆံပြူးနှင့် သေမင်းက်ို တွေ့ရသည်အလား သူ့ရှေ့က စုရှောင်ရှန်ကို ကြည့်လိုက်လေသည်။
“စု… စုရှောင်ရှန်”
အပိုင်း (၂၇၅) ငါဘာအမှားလုပ်မိလို့လဲကွာ
ရှောင်ဆယ့်ခြောက် မှင်တက်သွား၏။
သူ သတိမမေ့ခင်ဆက်ကြားလေးမှာ ကျောက်ထန်းထန်း၏ ကန်ချက်ကိုသာ ဝေဝေဝါးဝါးလေးတွေ့လိုက်ရပေသည်။ ယခု သူနိုးထလာတော့ ဘာလို့ မိန်းမကြီးကနေ ယောက်ျားပြောင်းသွားတာလဲ။
သူတို့နှစ်ယောက် တစ်ဖွဲ့တည်းလား။
စုရှောင်ရှန်မှာ ဒီလို သန်မာတဲ့ ကျောထောက်နောက်ခံရှိတယ်ပေါ့။
ဘာဖြစ်ဖြစ် ၎င်းက ယခု အရေးမကြီးတော့ချေ။
ရှောင်ဆယ့်ခြောက် အောက်ကိုငုံ့ကြည့်လိုက်ပေမယ့် သူ့ခေါင်းက ပြတ်ကျသွားတော့မလို ခပ်လေးလေးကြီးခံစားနေရတာကြောင့် ချက်ခြင်း ဆတ်ကတည်ပြန်မော့လိုက်၏။
သူ့စိတ်ဝိညာဉ်အာရုံဖြင့်စစ်ကြည့်လ်ိုက်သောအခါ သူ၏ ခြေလက်လေးပါးစလုံး မှာ အပေါက်များဖြင့် ပြည့်နေတာတွေ့ရသည်။
ဘာလို့ဒီလိုလုပ်တာလဲ။
ရှောင်ဆယ့်ခြောက်၏ ခေါင်းက နောက်ကျိကျိနှင့် ဘာမှ တွေးတောနိုင်စွမ်းငှာ မစွမ်းသာပဲ နားမလည်နိုင်ဖြစ်နေ၏။ သူက အင်မတန်သန်မာသည့် ရန်သူ၏ လက်အောက်၌ကျသွားရဦးမယ်ထား၊ ဒီလောက်တော့ အလွန်အကျွံကြီး အနှ်ိပ်စက်မခံရလောက်ပါဘူး။ ယခုက စစ်ဆေးမေးမြန်းခြင်းတောင်မပြုရသေးခင်မှာ နှိပ်စက်နှင့်ပြီးဖြစ်၏။
ဒီကောင် လူကောဟုတ်ရဲ့လား။
ရှောင်ဆယ့်ခြောက်နာကျင်လွန်းလို့ အံကိုကြိတ်ထားရသဖြင့် စကားမပြောနိုင်ဖြစ်နေသည်။ သူ့ကိုယ်မှ စူးအောင့်အောင့်နာကျင်မှုများက လုပ်ကြံသူ အဖြစ် လေ့ကျင့်ခန်းဆင်းစဉ်က နာကျင်မှုများကို ပြန်ထင်ဟပ်စေ၏။
သို့တောင်ထိုစဉ်က စိတ်ပိုင်းဆိုင်ရာအရ ဒီလောက်ထိ မထိခိုက်ခဲ့ပါချေ။ ယခုက ဘာမှ လုပ်ချင်ကိုင်ချင်စိတ်တောင်မရှိဘဲ ကံကြမ္မာ၏ လက်ထဲတွင်သာ အလျော့ပေးလိုက်ချင်နေမိသည်။
ရှောင်ဆယ့်ခြောက်၏ စိတ်နှလုံးဗြုန်းဗြုန်းလဲကျသွားပေပြီ။ စုရှောင်ရှန် ဆယ့်ခြောက်၏ မသေချာမရေရာသည့် မျက်နှာကိုကြည့်လိုက်သည်။ သူ့အသိပေးချက်ဖန်သားပြင်၌ ဘာအသိပေးချက်မှ ကျမလာမှသာ အပြုံးတုတစ်ခုကို အတင်းဆင်မြန်းလ်ိုက်၏။
“မင်းလှုပ်နိုင်လား”
လှုပ်တယ်။
‘ငါလှုပ်ချင်ရင်တောင်မှ မရဘူးကွ’ ရှောင်ဆယ့်ခြောက်က စိတ်ထဲက အော်လိုက်သည်။
‘မင်းလည်းငါ့နေရာမှာဆိုရင်လှုပ်ရဲမလား။ ကိုယ်ချင်းစာဦး’
ရှောင်ဆယ့်ခြောက် စိတ်ထဲက အပြင်းအထန် ကျိန်ဆဲနေပြီး လှုပ်ကြည့်လိုက်သည်။ သို့ပေမယ့် လည်ချောင်းထဲက သွေးများထွက်လာတာသာ အဖက်တင်၏။
‘စိတ်ဝိညာဉ်အနှစ်။ ဟုတ်တယ် ဒါပဲ ငါ့ကိုကယ်နိုင်တော့မယ်’
ထိုအတွေးသူ့စိတ်ထဲ၀င်လာသည့်အခိုက်မှာပဲ စုရှောင်ရှန်၏ အခြေအနေကို အကဲခတ်နေသလို အသံကြီးပေါ်လာခဲ့သည်။ “ခုကစပြီး မလှုပ်နဲ့။ စိတ်ဝိညာဉ်အနှစ်လေးတောင်မသုံးနဲ့။ မဟုတ်ရင် ငါလန့်ဖျပ်ပြီး ဘာလုပ်မိမလဲမသိနိုင်ဘူး”
စုရှောင်ရှန် သတိထားနေတာလည်းမဆန်းပေ။ ဤလူက အရှင်သခင်နယ်ပယ် လုပ်ကြံသူတစ်ယောက်ဖြစ်၏။
ယခုလိုအခြေမှာဘာမှ မလုပ်နိုင်ဘူးဆိုပေမယ့် ကြိုတင်ပြင်ဆင်ခြင်းက ကောင်းသည်မဟုတ်ပါလား။
စုရှောင်ရှန် ကြောက်နေပါသည်။
သူက အစီအရင်ပေါင်းရာကျော်နှင့် ဧကရာဇ်နယ်ပယ်နီးပါး စိတ်ဝိညာဉ် စုစည်းခြင်းအစီအရင်ကို ကြောာက်ပါသည်။ ဒီလူလည်း ဤသို့ ဝှက်ဖဲမရှိဟု ပြောနိုင်လေသလား။
ဒီလူသေလို့လည်းမဖြစ်သေးပါချေ။ သူ့တွင်မေးစရာမေးခွန်းများစွာ အဖြေမရသေးချေ။
“ငါဘာမေးမေး ပြန်ဖြေရမယ် ဟုတ်ပြီလား” စုရှောင်ရှန်က အခြေအနေ တင်းမာမှု ပြေစေလိုပြေစေငြား ညှင်သာနူးညံ့သော အသံကလေးဖြင့်ဆိုသည်။
ရှောင်ဆယ့်ခြောက်၏ မျက်နှာနက်မှောင်သွား၏။ သူက ဒေါသထွက် မကျေမနပ်ဖြစ်နေရင်လည်း ခုခံနိုင်ခြင်းငှာ မစွမ်းသာချေ။
ကံမကောင်းစွာဖြင့် ကိုယ်လက်လေးပါးစလုံးနှင့် လည်ချောင်းတွင် ထောက်နေသည့် ချွန်ထက်ထက်အရာတို့က သူ့ကို ကူကယ်ရာမဲ့သွားစေခဲ့သည်။
သူက စိတ်ဝိညာဉ်အနှစ်ကိုတောင်သုံးလို့မရဘူးတဲ့လေ။
“ကောင်းပြီ…”
ရှောင်ဆယ့်ခြောက်၏ အသံအက်အက်ကြီးကြောင့် စုရှောင်ရှန် သူလုပ်ထားတာ လွန်နေကြောင်းကိုသိလိုက်ပါသည်။
ထိုလူ၏ ပြတ်ထွက်လုနီးပါး လည်မျိုကို ပျားရည်ပုလင်းထုတ်ယူကာ သုတ်ပေးလိုက်၏။ “မင်းနာမည်ဘယ်လိုခေါ်လဲ”
သူ့လည်ပင်းက အေးစက်စက် ခံစားမှုကို ခံစားရသောအခါ ရှောင်ဆယ့်ခြောက် နေသာထိုင်သာအနည်းငယ်ရှိသွားသည်။ ထို့နောက်ပါးစပ်ကိုခက်ခက်ခဲခဲဖွင့်ကာ “ရှောင်ဆယ့်ခြောက်”
“နောက်ဖေးလမ်းက မင်းရဲ့ အဖော်လား”
ရှောင်ဆယ့်ခြောက် တုန်လှုပ်သွားသည်။ ထိုမှ လီခုနှစ်လည်း ယခုဆို အသတ်ခံရလောက်ပြီး တွက်လိုက်ပြီး စိတ်နှလုံး အားပျက်သွားရသည်။
“ဟုတ်တယ်”
“မင်းအသက်ဘယ်လောက်တုန်း”
“၃၂”
စုရှောင်ရှန်က သူတို့ကို ကျန်းမိသားစုကလွှတ်လိုက်သည်လား မေးမလို့ပြင်တုန်း ထိုစကားကြောင့်တုန်လှုပ်သွားရသည်။ “အဲ့လောက်တောင် အသက်ကြီးပြီလား”
ဒီလူ၏ သွင်ပြင်က နှစ်ဆယ်အစောပိုင်းသာသာလောက်သာ ရှိသေးချေသည်။
ရှောင်ဆယ့်ခြောက်စွံ့အသွား၏။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
အခန်းငယ်လေးကတိတ်ဆိတ်သွားခဲ့ပြီး သူပဲစစ်ဆေးမေးမြန်းပြီး သူပဲ ကြား၀င်ဖြတ်မိတာကြောင့် ကသိကအောက်ဖြစ်လာတာ သဘောပေါက်သွားသည်။
တကယ်က စစ်ဆေးမေးမြန်းခြင်းနည်းဗျူဟာ ဘာလဲဆိုတာတောင်သူမသိချေ။
ထိုပျားရည်၏ အာနိသင်ကကောင်းလွန်းလှသည်။ စက္ကန့်ပိုင်းအတွင်း ရှောင်ဆယ့်ခြောက်၏ ဒဏ်ရာက အင်မတန်လျှင်မြန်သော နှုန်းထားဖြင့် ပြန်ကောင်းမွန်လာခဲ့၏။
သို့ဖြင့် ဘာနည်းဗျူဟာမှ မသိသော စုရှောင်ရှန်က သူ့ကြိုက်သည့် ပုံစံအတ်ိုင်း တည့်တိုးမေးလိုက်တော့သည်။ “မင်းတို့ကို ကျန်းမိသားစုက လွှတ်လိုက်တာလား”
ရှောင်ဆယ့်ခြောက် ချီတုံချတုံဖြစ်သွား၏။ ဤသို့ စိတ်အားပျက်ဖွယ်အခြေအနေမှာတောင် လုပ်ကြံသူတို့၏ စည်းဘောင်ကြောင့် ထိုသို့အရေးကြီးသည့်အရာကို ဖော်ကောင်မလုပ်ချင်သည့် ဆန္ဒတို့ ကြီးစိုးနေသည်။
“အ..အားးးးးး”
“မင်းဘာလုပ်နေတာလဲ”
သူ့လည်ပင်းက ပြန်ကောင်းလာနေသည့် ဒဏ်ရာကို စုရှောင်ရှန် ထပ်ဖြတ်လိုက်တာကြောင့် ရှောင်ဆယ့်ခြောက် လန့်ဖျပ်သွားခဲ့၏။ ၎င်းက တိကျရှင်းလင်းသည့် ခုတ်ချက်ဖြစ်သည်။
[မုန်းတီးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“မလှုပ်နဲ့” စုရှောင်ရှန် လက်တုန်တုန်ရင်ရင်ဖြင့်ပြောလိုက်သည်။ သူက စိတ္တဇလူသတ်သမားတစ်ယောက်မဟုတ်ပါချေ။ လူသတ်ဆိုရင် သတ်ဖို့၀န်မလေးပေမယ့် ဤသို့ နှိပ်စက်နေရတာကို မနှစ်မျို့ပေ။
“ငါမင်းကို နောက်ဆုံးတစ်ကြိမ်ထပ်မေးမယ်။ မင်းတို့ကောင်တွေက…”
“ဟုတ်တယ်။ ဟုတ်တယ်။ ငါတို့ကို ကျန်းမျိုးနွယ်စုခေါင်းဆောင် ကျန်းထိုက်ယင် လွှတ်လိုက်တာ”
ရှောင်ဆယ့်ခြောက် ကြောက်ရွံ့လွန်းသဖြင့် စုရှောင်ရှန်တောင်မမေးရသေးဘဲ နောက်က ဆက်ပြီး တတွတ်တွတ်ဖြေတော့သည်။
“ကျန်းထိုက်ယင်က မင်းရဲ့ ခေါင်းအတွက် ဆုငွေစိတ်ဝိညာဉ်ကျောက်တုံး ငါးသောင်း အောက်လမ်းမှာ လိုချင်ကြောင်း တာ၀န်ကပ်သွားတယ်။ ငါ.. ငါတို့က…”
“ငါးသောင်း” စုရှောင်ရှန်၏ လက်က ပို၍ တုန်တုန်ရင်ရင် ဖြစ်လာတာကြောင့် လည်ချောင်းက ဒဏ်ရာ ထပ်မံပြတ်ရှသွားပေသည်။ ပြီးနောက် သူက အော်သည်။ “ငါအဲ့လောက်တောင်ဈေးပေါလား။ စိတ်ဝိညာဉ်ကျောက်တုံး ငါးသောင်းလောက်လေးနဲ့ ငါ့ကိုလာသတ်တယ်ပေါ့”
ရှောင်ဆယ့်ခြောက် အသက်ကိုခပ်ပြင်းပြင်းရှူလိုက်၏။ သူ့ကိုယ်က ဒဏ်ရာများက ထုံကျင်လာတာကြောင့် ကောင်းကောင်းတောင်မခံစားနိုင်တော့ပေ။
ဒီလိုသာဆက်သွားနေရင် သူခေါင်းပြတ်တော့မည်။
“ငါ့ကိုသတ်သာ သတ်လိုက်ပါတော့။ မနှိပ်စက်ပါနဲ့တော့ဟ” ရှောင်ဆယ့်ခြောက်က ငိုသံကြီးဖြင့်ပြော၏။
‘လူကိုစစ်ဆေးမေးမြန်းတာလည်း ကောင်းကောင်းလုပ်လို့ရပါတယ်။ လက်တုန်တုန်ရင်ရင်ကြီးနဲ့မလုပ်ပါနဲ့ တကယ် နာလို့ပါ’
ထိုဒဏ်ရာပေါ်ကို ပျာရည်တစ်ချို့ ထပ်ဆမ်းလိုက်ကာ တောင်းပန်လိုက်သည်။ “ဘွာတေး ဘွာာတေး။ ကဲပါ မင်းပြောစရာရှိတာဆက်ပြောပါ။ ငါအဲ့လိုထပ်မလုပ်မတော့ပါဘူး”
ရှောင်ဆယ့်ခြောက် စွံ့အသွားရ၏။
[မုန်းတီးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“ဆက်ပြော” စုရှောင်ရှန် လေသံကို နည်းနည်းမြှင့်လိုက်သည်။
“ကောင်းပြီ၊ ကောင်းပြီ…” ရှောင်ဆယ့်ခြောက် အသက်ကို အကြိမ်ရေအနည်းငယ် ရှူရှိုက်လိုက်ပြီးနောက်မှ “ငါက အောက်လမ်းက လုပ်ကြံသူတစ်ယောက်ပဲ။ မင်းကိုလာသတ်ရတာ စိတ်ဝိညာဉ်ကျောက်တုံးကြောင့်မဟုတ်ဘူး။ သူတို့ပေးမယ့် ဧကရာဇ်ဆေးလုံးကြောင့်”
“ဧကရာဇ်ဆေးလုံးဟုတ်လား”
“ဟုတ်တယ်”
ရှောင်ဆယ့်ခြောက် အလျှင်အမြန် ထောက်ခံလိုက်သည်။ ချီတုံချတုံအနည်းငယ်ဖြစ်သွားတာနဲ့ သူ့ရှေ့က စိတ္တဇကောင်တစ်ခုခု လုပ်လိုက်မှာကိုစိုးရွံ့မိ၏။
ထို့နောက်မှ ဆက်၍ –
“ဧကရာဇ်ဆေးလုံးက ကျန်းမျိုးနွယ်စုရဲ့ ရှေးဦး ၀က်ဝံသားရဲ စိတ်ဝိညာဉ် သွေးစက်ပါတာကြောင့် အခြား ဧကရာဇ်ဆေးလုံးတွေထက်ပိုပြီး တန်ဖိုးရှိတယ်။ ဒီဆေးလုံးက ကောင်းကင် လမ်းစဉ်ကို လေ့လာရာမှာလည်း ကျင့်ကြံသူတွေကို ပိုပြီး နားလည်လွယ်စေတယ်”
“ဒီလိုဆေးလုံးမျိုးက အင်အားစုကြီးတွေကတောင် လိုချင်ကြတာ။ ငါတို့လို လုပ်ကြံသူပေါက်စလေးတွေ လောဘတက်မိတာမဆန်းပါဘူး။ ဒီလိုအထွတ်အမြတ်ထားရလောက်တဲ့ ရတနာကို ဘယ်သူက လက်ရှောင်ချင်မှာလဲ”
စုရှောင်ရှန် ကျန်းရှင်းရှုံ၏ ၀က်ဝံကြီးပုံစံနှင့် ယွမ်တုတို့၏ ထူးဆန်းသည့် ပြောင်းလဲမှုကြီးကိုမြင်ယောင်လိုက်သည်။ ကြည့်ရတာ ၎င်းတို့အားလုံးက ကျန်းမျိုးနွယ်စု၏ ရှေးဦး၀က်ဝံသားရဲ သွေးမျိုးဆက်ကလာပုံရလေသည်။
ရှောင်ဆယ့်ခြောက်သေရမှာမကြောက်ပေမယ့် သူတုန့်ဆိုင်းနေရင် ထပ်ပြီး အနှိပ်စက်ခံရမှာကိုတော့ကြောက်ပေသည်။
သူ့လည်ပင်းက ဒဏ်ရာအနည်းငယ်ပြန်ကောင်းသည့်အခါ ခေါင်းအနည်းငယ်လှုပ်လို့ရသွားသည်။ သို့ဖြင့် သူ့သိုလှောင်လက်စွပ်ထဲက ဧကရာဇ်ဆေးလုံးပေးမည်ဆိုသော စာရွက်ကိုထုတ်ပြဖို့ ကြံလိုက်သည်။
သို့ပေမယ့် စုရှောင်ရှန်က ရှောင်ဆယ့်ခြောက်၏ရည်ရွယ်ချက်ကို မသိသောကြောင့် ပြန်တိုက်ခိုက်မလို့လားဟု အဓိပ္ပာယ်မှားကောက်လိုက်၏။ ထိုမှ အလန့်တကြား လက်ဖြင့်ထိုးလိုက်ရာ ရင်ဘက်ကြီးကို ဟိုဘက်ဒီဘက် ထုတ်ချင်းပေါက်ထွက်သွားတော့သည်။
“မလှုပ်နဲ့”
“အု-“
ရှောင်ဆယ့်ခြောက် ချက်ခြင်း စုရှောင်ရှန်၏ မျက်နှာတည့်တည့်ကို သွေးတစ်လုတ် အန်ထုတ်လိုက်၏။ ထို့နောက် မျက်လုံးပြူးမျက်ဆံပြူး စုရှောင်ရှန်ကို ကြောက်ရွံမှုများ၊ မယုံကြည်နိုင်မှုများဖြင့် မော့ကြည့်လိုက်သည်။
‘ငါ…’
‘ငါဘာအမှားလုပ်မိလို့လဲကွာ’
အပိုင်း (၂၇၆) ကစားပွဲထဲက ကစားပွဲ
ရွှေအစည်းရုံးရှိ တည်းခိုခန်းများက အရည်အသွေးမြင့် အသံတိတ်အစီအရင်များဖြင့် တည်ဆောက်ထားသည်။ ရှောင်ဆယ်ခြောက့် ဘယ်လောက်အော်အော် ဘာဖြစ်နေလဲ လာကြည့်သည့်သူမရှိချေ။
အခန်းလေးထဲတွင် စုရှောင်ရှန်က ရှောင်ဆယ့်ခြောက်၏ ဒဏ်ရာများကို ဆေးထည့်ပေးနေပြီး မလှုပ်ရှားဖို့ ခြိမ်းခြောက်နေတာ တွေ့ရသည်။
‘မင်းသေချင်နေရင်တောင် သေလို့မရဘူးကွ။ ငါသတင်းအချက်အလက်တွေလိုသေးတယ်’ တွေးလိုက်၏။
ထို့နောက်မှာ လေးနက်နေသော အမူအရာဖြင့် ပြောလိုက်သည်။ “ငါတကယ်ပြောနေတာ။ မင်းလျှောက်မလှုပ်နဲ့။ မဟုတ်ရင် ငါကြောက်ပြီး လုပ်မိလုပ်ရာ လုပ်မိလိမ့်မယ်”
ရှောင်ဆယ့်ခြောက် စိတ်နှလုံးဘုံးဘုံးကျနေခဲ့၏။
‘ငါလှုပ်လိုက်ရင် လုပ်မိလုပ်ရာလုပ်မယ်ဆိုတာ ဘာသဘောလဲ။ ဘယ်လိုခြိမ်းခြောက်မှုကြီးလဲ။ ငါက ဧကရာဇ်နယ်ပယ်ဆေးပုံစံကို ထုတ်ယူချင်တာပါ။ မင်းပြောတဲ့အတိုင်းလည်း ငါပူးပေါင်းဆောင်ရွက်ပေးတယ်လေ။ ဘာလို့ ငါ့ကိုနှိပ်စက်နေတာလဲ’
သူ့ဒဏ်ရာကို ခေါင်းငုံ့ကြည့်လိုက်ချင်ပေမယ့် မသိစိတ်က ချက်ခြင်း တားလိုက်၏။
‘ငါလှုပ်လို့မဖြစ်ဘူး။ ဒီစိတ်တ္တဇကောင်က တကယ်သတ်ရင်သတ်နေမှာ’
ဒဏ်ရာတဖြည်းဖြည်း ပြန်သက်သာလာနေတာ မြင်မှ စုရှောင်ရှန် သက်ပြင်းချလိုက်နိုင်သည်။ “ကောင်းပြီ။ ကျန်းထိုက်ရင်အကြောင်းပြောနေတာဆက်ပြော။ သူက ဘယ်ကျင့်ကြံခြင်းနယ်ပယ်မှာလဲ”
“ဧကရာဇ်”
ထျန်းစန်းစီရင်စုက မျိုးနွယ်စုကြီးလေးခုထဲက ခေါင်းဆောင်တစ်ယောက်က ပျော့ညံ့နေမှာမဟုတ်တာတော့သေချာသည်။
စုရှောင်ရှန် တစ်ခဏခန့်တွေးတောလိုက်ပြီးနောက် မေးလိုက်သည်။ “ကျန်းမျိုးနွယ်စုထဲမှာ ဧကရာဇ်နဲ့ အရှင်သခင်တွေ ဘယ်နှစ်ယောက်လောက်ရှိလဲ”
ရှောင်ဆယ့်ခြောက်၏ မျက်လုံးများ အရောင်မဲ့သွားပေမယ့် ချက်ခြင်းပြန်ဖြေလိုက်သည်။ “အပေါ်ယံမှာတော့ ကျန်းထိုက်ရင်တစ်ယောက်တည်း ဧကရာဇ်နယ်ပယ်လို့သိရတယ်။ ဒါပေမယ့် တကယ်က အနည်းဆုံး ဧကရာဇ်နယ်ပယ် သုံးယောက်လောက်ရှိလိမ့်မယ်”
“အရှင်သခင်နယ်ပယ်ရော”
“အတိအကျတော့မသိပေမယ့် ဂဏာန်း နှစ်လုံးထဲမှာရှိတယ်”
စုရှောင်ရှန် စွံ့အသွား၏။ ၎င်းက တကယ်ကို မျိုးနွယ်စုကြီးဖြစ်ပေသည်။ သူသိရသလောက်ဆို ရှန်းရှန်ကုန်းမြေကြီးမှာ တစ်စုံတစ်ယောက်က အရှင်သခင်နယ်ပယ်သို့ရောက်လျှင်ကိုင်ပိုင်အင်အားစုတစ်ခုကို ထူထောင်နိုင်ပေသည်။
ထိုမှ ပိရမစ်၏ ထိပ်ရှိ အင်အားစုများ၏နောက်တွင် ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများရှိလာကြ၏။
ကျန်မျိုးနွယ်စုက ဧကရာဇ်နယ်ပယ် ကျောထောက်နောက်ခံရှိသော အင်အားစုတစ်ခုလို့ပြောလို့ရပေမယ့် စိတ်ဝိညာဉ်နန်းတော်လို အခြေခံအုတ်မြစ်ခိုင်မာနေပြီဖြစ်သည့် ပညာရေးစနစ်ရှိသော အင်အားစုလိုမျိုးနှင့်တော့ မယှဉ်နိုင်ချေ။ သူတို့မှာရှိတာဆိုလို့ လက်တစ်ဖက်တည်းဖြင့် ရေတွက်လို့ရသော ဧကရာဇ်နယ်ပယ်များသာရှိမည်။
သို့ပေမယ့် ဧကရာဇ်နယ်ပယ်သုံးယောက်ရှိသည်ဆိုတာကိုက သူတို့၏ အင်အားက အထင်သေးလို့မရကြောင်းပြသ၏။ မျိုးနွယ်စုအတွင်း၌လည်း ပါရမီရှင်များစွာရှိနေသေးသည်။
ထျန်းစန်းနန်းတော်လို တည်ထောင်တာကြာပြီဖြစ်သော အင်အားစုကြီးမှာတောင် ဧကရာဇ်နယ်ပယ်တွေက သိပ်မများချေ။ အရိုးဆွေးနေပြီဖြစ်သော အဖိုးကြီးများကိုထည့်တွက်လျှင် ဆယ်ယောက်ကျော်ကျော်လောက်သာရှိမည်။
စုရှောင်ရှန် တွေ့ရသလောက် တကယ် တိုက်ခိုက်နိုင်စွမ်းရှိတာ လေးယောက်သာရှိ၏။ ကျန်သည့်သူများက ဘာလာလာ မှောက်သွားကြပေသည်။
သို့ဖြင့် ကျန်းမျိးနွယ်စုမှာ တကယ်ဧကရာဇ်နယ်ပယ် သုံးယောက်သာရှိနေမယ်ဆိုရင် ကျန်းတို့ကို တန်ပြန်တ်ိုက်ခိုက်ဖို့ ဆွဲထားတဲ့ သူ့အကြံအစည်တွေပြန်ပြင်ဖို့လိုနေချေပြီ။
စုရှောင်ရှန် ခပ်သဲ့သဲ့ရယ်လိုက်၏။ ရှောင်ဆယ့်ခြောက်ပြောတာ မျက်စိမှိတ်ယုံ၍ဘယ်ဖြစ်မလဲ။ စတုတ္ထမြောက်၊ ပဉ္စမမြောက်ကော မရှိနိုင်ဘူးလို့ မပြောနိုင်ချေ။
ရူးရူးမိုက်မိုက် သွားတိုက်ခိုက်လျှင် ကိုယ့်ကိုယ်ကိုယ်သတ်သေရာသာကျပေမည်။
ဤသို့ ခေါင်းခြောက်စေသည့် အတွေးများကို ဘေးခဏထားလိုက်ပြီးတော့ ရှောင်ဆယ့်ခြောက်ကိုကြည့်လိုက်သည်။ ထိုလူက ကျောက်တုံးအလားပင်။ စုရှောင်ရှန် ဘာမှမပြောလျှင် သူကလည်း တိတ်ဆိတ်နေသည်။ ကြည့်ရတာ သေရမည့်ကံကြမ္မာကို ရှောင်လွှဲမရတာသိ၍ မရုန်းကန်တော့ဘဲ လက်လျော့လိုက်သည့်ဟန်ပေါက်၏။
သို့ပေမယ့်…
[ပစ်မှတ်ထားခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
သူ့အပြင်ပန်းကြောင့် စုရှောင်ရှန်ကိုသာ လှည့်စားရင်လှည့်စားနိုင်မည် အရာအားကိုသိမြင်နိုင်စွမ်းရှိသည့် စနစ်ကိုတော့ မလှည့်စားနိုင်ပါချေ။
ထိုအသိပေးချက်ဖြင့် ရှောင်ဆယ့်ခြောက်၏ မျက်နှာဖုံးကို စုရှောင်ရှန် တန်းသိသွားလေသည်။ သို့ပေမယ့် သူက အစကတည်းက သတိမချပ်ထားဘူးလို့တော့ မဆိုလိုပါ။
‘သနားစရာပဲ။ မင်းဆက်ပြီး ဘာတွေလုပ်ဖို့ကြံနေပါစေ နောက်နေ့ နေထွက်တာမမြင်ရအောင်ကို ငါက လုပ်ကို လုပ်ဦးမှာ’
စုရှောင်ရှန် စိတ်အတွင်းမှ သက်ပြင်းချလိုက်သည်။
အစကနဦးက ရှောင်ဆယ့်ခြောက်ကို မေးခွန်းများမေးပြီးတော့ လွှတ်ပေးလိုက်ရမလား တွေဝေနေခဲ့၏။ ခုတော့ ထိုအတွေးတိမ်များပျောက်ဆုံးသွားပေပြီ။
“ဆက်ပြော။ ကျန်းမျိုးနွယ်စုက ငါနဲ့ပတ်သက်ပြီးဘာလုပ်ထားသေးလဲ”
ရှောင်ဆယ့်ခြောက်ပြောလိုက်သည့်အရာများကို သုံးသပ်နေရင်းက မေးခွန်းဆက်လိုက်သည်။
ရှောင်ဆယ့်ခြောက်၏ လေသံက ခြောက်ကပ်ကပ်နှင့် “ကျန်းမျိုးနွယ်စုက မင်းရဲ့ခေါင်းအတွက် အောက်လမ်းမှာပဲ ဆုငွေထုတ်ထားတာမဟုတ်ဘူး။ မွှေးရနံ့သုံးပါး အဆောင်မှာလည်း ထုတ်ထားတယ်”
“အဲ့တာဘာကြီးလဲ” စုရှောင်ရှန် ၎င်းကို ကြားဖူးပေမယ့် ဘာမှန်းမသိချေ။
“မွှေးရနံ့သုံးပါးအဆောင်က ကုန်းမြေကြီးမှာရှိတဲ့ အဆန်းကြယ်ဆုံးလုပ်ကြံသတ်ဖြတ်ရေးအင်အားစုကြီးပဲ။ ငါတို့ လုပ်ကြံသူတွေရဲ့ နတ်ပြည်လို့လည်း ပြောလို့ရတယ်။ အဲ့ဒီအင်အားစုမှာ ဆုငွေထုတ်လိုက်ရင် မသေတဲ့လူမရှိဘူး”
“အို… အဲ့လိုပေါ့”
ရှောင်ဆယ့်ခြောက်က နောက်ဆုံးတော့ ခံစားချက်လေးနည်းနည်းပြလာပြီးတော့ စုရှောင်ရှန်ကို လူသေအလားကြည့်၍ စကားဆက်လိုက်သည်။
“မွှေးရနံ့သုံးပါးအဆောင်မှာ အလွှာ (၈) ခုရှိတယ်။ ပထမ ငါးခုက အလကားဟန်ပြသက်သက်ပဲ။ ဆုငွေသွားတင်လည်း ဘယ်သူမှ ယူမဲ့သူရှိမှာမဟုတ်ဘူး။ နောက်ဆုံး သုံးထပ်ကမှ တကယ် ကြောက်စရာကောင်းတာ။ မွှေးရနံ့သုံးပါးအဆောင်ဆိုတာလည်း ဒီကနေ ဆင်းသက်လာတာ။ အဲ့တာတွေက အလွှာ ၆၊ ၇၊ ၈ ဖြစ်တဲ့ လူသေ၊ နတ်ဆိုး၊ နဲ့ ဆွေးမြေ့အလောင်းတို့ပဲ။ အနိမ့်ဆုံးလူသေအလွှာမှာတောင်မှ ဆုငွေက အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းကနေစတယ်”
ထိုစကားကိုကြားသောအခါ စုရှောင်ရှန်၏ မျက်နှာဖြူဖျော့သွား၏။
စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းကတောင် အနည်းဆုံးပမာဏတဲ့ အဲ့သလောာက်တောင်ဈေးကြီးရသလား။
သူ့ခေါင်းသူဖြတ်ပြီးတောင်ဆုငွေသွားထုတ်ဖို့ အတွေးများ၀င်လာပေသည်။
ကျန်းမျိုးနွယ်စုက တကယ် ရူးသွပ်၏။ သူ့လို အားနည်းသူတစ်ယောက်ကိုသတ်ဖို့ ထိုမျှ သုံးဖြုန်းရန် ၀န်မလေးနေချေ။
“သန့်နဲ့ချီတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ…”
လုပ်ကြံသတ်ဖြတ်သူတွေက ငွေအလွန်အကျူးမက်တာ စုရှောင်ရှန် သိပေသည်။ စိတ်ဝိညာဉ်ကျောက်တုံး ငါးသောင်းလေးနှင့်တောင် အရှင်သခင်နယ်ပယ်များဖြစ်ကြသော လီခုနှစ်တို့၊ ရှောင်ဆယ့်ခြောက်တို့ကို ဆွဲဆောင်စေတာ တစ်သန်းဆိုရင် ဘယ့်နှယ့်လုပ်မတုန်း။
သူတွေးတောင်မတွေးရဲချေ။
“မင်းလိမ်နေတာမလား”
ရှောင်ဆယ့်ခြောက်၏ နှုတ်ခမ်းများကွေးတက်သွား၏။ နောက်ဆုံးတော့ သူ့ရှေ့က စိတ္တဇနတ်ဆိုး၏ မျက်၀န်းများအတွင်းကြောက်ရွံ့မှုကိုမြင်ရချေပြီ။ ၎င်းက အင်မတန်လှပသော မြင်ကွင်းပေ။
‘သူကြောက်သွားပြီဆိုတော့ ခဏနေ ငါလှုပ်ရှားရင် ပိုပြီးလွယ်မှာပဲ’
“လိမ်ရမယ်ဟုတ်လား။ မင်းကိုလိမ်လို့ ဘာရမှာလဲ။ ငါပြောတာတွေအကုန်လုံးက အမှန်တွေချည်းပဲ။ မင်းအသက်ရှင်နေသေးတာတောင်မှ မွှေးရနံ့သုံးပါးအဆောင်က ဆရာကြီးတွေက မင်းကို အထင်အမြင်သေးလို့ မလုပ်ကြံကြသေးလို့ပဲ။ ဘာပြောပြော မင်းကို လက်ချောင်းလေးတစ်ချောင်းမြှောက်လိုက်ရုံလေးနဲ့ သတ်နေနိုင်တာ သူတို့နာမည်ကိုထိခိုက်စေတယ်လေ”
ရှောင်ဆယ့်ခြောက် ပြောရင်း ပြုံးဖြဲဖြဲ ရယ်ကာ ထပ်လောင်း၍ “ဒါက ငါတို့လို အရင်းအမြစ်တွေလိုအပ်တဲ့ လုပ်ကြံသူလေးတွေနဲ့ ဆရာကြီးတွေကြားက ကွာခြားချက်ပဲ”
စုရှောင်ရှန် သူ့ကိုနားလည်သဘောပေါက်သလို ပြောလိုက်သည်။ “ဒါပေါ့ ဒါပေါ့ လူတိုင်းမှာ ကိုယ်ပိုင်ပြဿနာတွေဆိုတာ ရှိကြတာပဲလေ။ မင်းလည်း လုပ်ကြံသူဘယ်ဖြစ်လာချင်ပါ့မလဲ”
ရှောင်ဆယ့်ခြောက် မှင်တက်သွားသည်။
‘ဘာလဲဟ။ ဒီကောင်ငါ့ကိုလာနှစ်သိမ့်နေတာလား။ ငါ့ကိုလာသနားနေတာလား။ ချီးပဲ ငါက သွေးအေးလူသတ်သမားကွ ဒါတွေမလိုဘူး’
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[ခုခံခြင်းကိုခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန်က သက်ပြင်းချပြီးတော့ ရှောင်ဆယ့်ခြောက်၏ ပုခုံးကို ပုတ်လိုက်၏။ ထို့နောက် ခဏအကြာမှ ထပ်မေးလိုက်သည်။ “တခြား ငါသိစရာ တစ်ခုခုကျန်သေးလား”
“မရှိဘူး။ ငါပြောသင့်ပြောထိုက်တာအကုန်ပြောပြီးပြီး။ အဲ့ထဲမှာ ကျန်းမျိုးနွယ်စုရဲ့ သတင်းလည်းပါတယ်။ ဒါပေမယ့်အဲ့တာက သိပ်အရေးမကြီးဘူး။ တကယ်က မွှေးရနံ့သုံးပါးအဆောင်ကိုပဲ သတိထားရမှာ။ သူတို့က မင်းမသေမချင်းရပ်တန့်မှာမဟုတ်ဘူး”
စပြောကတည်းက ယခုထိ ရှောင်ဆယ့်ခြောက် လက်တစ်ချောင်းတောင်မလှုပ်ရဲချေ။ နာကျင်မှုကိုအနည်းငယ်ခံစားနေရတာလေးကလွဲပြီး စုရှောင်ရှန်၏ ဆေးက အကျိုးသက်ရောက်မှုရှိလှတာကြောင့် အလျင်အမြန် ဒဏ်ရာများပြန်ကောင်းလာနေသည်။
သူ့ခြေလက်လေးပါးစလုံး စုတ်ပြတ်သတ်နေရင်တောင် နည်းနည်းတော့ လှုပ်ရှားလာနိုင်သည်။
နောက်ထပ်အချိန်နည်းနည်းလေးဆွဲနိုင်ရင် သူဤအခက်အခဲထဲမှ လွတ်မြောက်တော့မည်။
ထိုသို့ တိတ်တဆိတ် အစီအစဉ်ဆွဲနေရင်းက သတ်ဖြတ်ခြင်းစိတ်ဆန္ဒတွေ ပေါ်လွင်သွားမှာ စိုးတာကြောင့် ခေါင်းကိုငုံ့လိုက်၏။ သူ့မျက်နှာပေါ်တွင် စိတ်ပျက်အားလျော့နေဟန်သာရှိပေသည်။
ထိုသို့အမူအရာဖမ်းရလွန်းလို့ မျက်နှာမှ ကြွက်သားများတောင် ထုံကျင်လာသလို ခံစားနေရသည်။
ရှောင်ဆယ့်ခြောက်ပုခုံးပေါ်က လက်ကိုပြန်ရုတ်ပြီးတော့ အတွေးနက်နေသလို စုရှောင်ရှန် ရေရွတ်လိုက်၏။
“မွှေးရနံ့ သုံးပါး အဆောင်…”
ဇွက်…။
ထိုသို့ ရေရွတ်နေရင်းက ရှောင်ဆယ့်ခြောက်၏ လည်မျိုကို အသာလေး ပိုင်းဖြတ်လိုက်ရာ ခေါင်းကြီးပျံထွက်သွားခဲ့၏။
အပိုင်း (၂၇၇) သန်မာလာဖို့ကနည်းလမ်းတွေအများကြီးပဲ၊ ဘယ်တစ်ခုက သက်တောင့်သက်သာရှိမလဲ
ထိုခေါင်းကြီးကြမ်းခင်းပေါ်ကိုကျသွားသည်။ ထိုမှ အနီရောင်အစင်းကြောင်းကြီးထင်ကျန်အောင် အနည်းငယ် လှိမ့်ပြီးမှ ရပ်သွား၏။
ရှောင်ဆယ့်ခြောက်၏ မျက်၀န်းများက သူမသေခင်တုန်းက ပြနေသလို စိတ်ပျက်အားလျော့မှုတို့ရှိနေသေးသည်။ သူ့အကြံအစည်တွေဘာတွေ ဘာမှ အကောင်အထည်မပေါ်သေးခင်မှာ သတိကြီးသော စုရှောင်ရှန်က သတင်းအချက်အလက်တွေ မပေးစွမ်းနိုင်တော့တာသိတော့ သတ်ပစ်လိုက်၏။
ရှဲ ရှဲ
ငရဲမီးတောက်ကောင်းကင်မီးလျှံများ စတင်၍ လောင်ကျွမ်းလာခဲ့သည်။
စုရှောင်ရှန် ထိုငရဲမီးတောက်မီးလျှံကို စရသည့်အချိန်ကတည်းက ဆေးဖော်စပ်ဖို့ကလွဲပြီး အလောင်းများကို မီးရှို့ရာ၌သာ အသုံးများခဲ့ပေသည်။ သူက ၎င်းကို တလွဲကြီးအသုံးချနေခြင်းပင်။
ငရဲမီးတောက်ကောင်းကင်မီးလျှံဆိုတာက ရှိရှိသမျှ အရာအားလုံးကို လောင်ကျွမ်းနိုင်သည့် မီးလျှံများဖြစ်သည်။ သို့ပေမယ့် ၎င်းက သူ၏ ကြီးထွားမှုနောက်ကို လိုက်မလာနိုင်ပါချေ။
ကံကောင်းစွာဖြင့် ဆေးဖော်စပ်သည့်နေရာတွင်တော့ အသုံးတည့်နေသေးပေလို့ပေါ့။ ထိုမီးလျှံက ဖော်စပ်စည့် ဆေးလုံးများက အရည်အသွေးတကယ်ကောင်းပေသည်။ ခက်ထန်သည့်မီးဖြစ်သည်ဆိုလို့ ဆေးအာနိသင်နှင့် ပုံပန်းသွင်ပြင်ပေါ် ဘာသက်ရောက်မှုမှ မရှိပါချေ။
ထိုသို့အတွေးနက်နေရင်းက မနှစ်မျို့ဖွယ်ရာ အနံ့ဆိုးကြီးကြောင့် စုရှောင်ရှန် ပျို့တက်လာခဲ့၏။
သူက လူသတ်ဖူးတယ်ဆိုပေမယ့် ဘာမှ မခံစားရသည်အထိတော့ အသားမကျသေးပါချေ။ အတိတ်ကဆိုလည်း သူသတ်လျှင် မီးပန်းအဖြစ်ဖောက်ခွဲခြင်းလို ဖောက်ချည်းသာ ခွဲပြီး အဝေးက သတ်ခြင်းဖြစ်တာကြောင့် ဘာတုန့်ပြန်မှုမှ မရှိခြင်းဖြစ်သည်။
သို့ဖြင့် ယခုလို သူ့ရှေ့က ခေါင်းပြတ်ကြီးမှ ထွက်လာခဲ့သော သွေးရနံ့များကို ကောင်းကောင်းမကိုင်တွယ်နိုင်သေးပါချေ။
“ဟူးးး”
ထိုသွေးများကို ငရဲမီးတောက်ကောင်းကင်မီးလျှံဖြင့် အလျှင်အမြန် လောင်ကျွမ်းလိုက်ပြီးမှ စုရှောင်ရှန် အသက်ရှူချောင်သွား၏။ ကိုယ်လက်သန့်ရှင်းရေး နောက်တစ်ကြိမ်ထပ်လုပ်ပြီးနောက်မှာ အိပ်ယာပေါ်၌ ခေါင်းချလိုက်သည်။
“ကျန်းမျိုးနွယ်စု၊ မွှေးရနံ့သုံးပါးအဆောင်…”
ကျန်းမျိုးနွယ်စုလို့ဆိုလာရင် ထိုနေရာတစ်ခုလုံးကို ကမူးရှူးထိုး၀င်ရောက်ပြီး ဖောက်ခွဲပစ်လိုက်ချင်စိတ်များက ကြီးစိုးနေသည်။
အပြင်စည်းမှစ၍ အတွင်းစည်းမချန်၊ နောက်ဆုံး ထျန်းစန်းမြို့တော်ကိုရောက်လာတာတောင် ထိုမျိုးနွယ်စုထံမှ လုပ်ကြံမှုများကို အကြိမ်ကြိမ်ခံစားခဲ့ရသည်။ စုရှောင်ရှန် ဒေါပွနေချေပြီ။
သူ့က ကျင့်ကြံမှုနိမ့်နေသေး၍သာ ကြိတ်၍ သည်းခံနေခြင်းဖြစ်၏။
ထို့နောက် သူ့နားမှာ ထိုင်နေသည့် ကြောင်ဖြူလေးကိုကြည့်လိုက်သည်။ ထိုကြောင်က အစာမကျွေးဘဲ သူ့အနားမှာဒီတိုင်းထားတာတောင် ပျော်ရွှင်သလို အမူအရာပြနေ၏။
‘မဖြစ်ဘူး။ ဒီကောင်ရဲ့ ကြောင်တောင်တောင် ပုံစံကြောင့်တော့ အရူးလုပ်ခံလို့မဖြစ်ဘူး။ နောက်က ကျောထောက်နောက်ခံက ကြမ်းတယ်။ ကျောက်ထန်းထန်းနဲ့ ရှင်းကုကုတို့ နှစ်ယောက်က ဧကရာဇ်နယ်ပယ်နဲ့ ယှဉ်ချရင်တောင် ချနေနိုင်မှာ။ မဟုတ်လည်း သူတို့ ကြိမ်လုံးနဲ့ သံကြိုးကို ချွတ်ပြီး ပုံပြောင်းလိုက်ရင် တတ်နိုင်မှာပဲ။ ဒါပေမယ့် ကျန်းမျိုးနွယ်စုကို တိုက်ခိုက်ဖို့ဆို ဒီလောက်နဲ့ မလုံလောက်သေးဘူး’
ကျဲကိုပါသူထည့်တွက်မယ်ဆိုရင် ဧကရာဇ်နယ်ပယ် အကူအညီသုံးယောက်ရပြီလို့ဆိုနိုင်ပေသည်။ ကျဲက ဧကရာဇ်နယ်ပယ်စွမ်းအားပိုင်ဆိုင်ထားသလားဆိုတာကိုတော့ မသိရသေးချေ။
ကောင်းကင်ဘုံရုပ်လွှာ အရှင်သခင်နယ်ပယ်တစ်ယောက်ကို တစ်ချက်တည်းနဲ့ အမှောက်သိပ်ဖို့ဆိုတာ ယင်ယန်နယ်ပယ်နှင့်၊ ကြည်ဘုံလွှားနယ်ပယ်တို့လည်း လုပ်နိုင်သည်။ ဧကရာဇ်နယ်ပယ်က ထိုနယ်ပယ်သုံးခုထက်ပိုကြမ်း၏။
သူ့ဘက်ကို ခေါ်နိုင်တဲ့ ဧကရာဇ်နယ်ပယ်အရေအတွက်က ကျန်းမျိုးနွယ်စု၏ တကယ့် အရေအတွက်ကို ရောက်နိုင်တယ်လို့ မပြောနိုင်ပေ။
“အင်း။ မျိုးနွယ်စုကြီးတစ်ခုလုံးကို တစ်ယောက်တည်းရင်ဆိုင်ရတယ်ဆိုတာ ၀တ္ထုတွေထဲမှာလို မလွယ်ကူဘူးပဲ။ ငါသတိထားရမယ်”
ကျန်းထိုက်ယင်တစ်ယောက်တည်းသာ ဧကရာဇ်နယ်ပယ်ဖြစ်နေမယ်ဆိုရင် စုရှောင်ရှန် တုန့်ဆိုင်းနေလိမ့်မည်မဟုတ်ချေ။ ယခု နှစ်ဘက်အဖွဲ့က အင်အားတွေက မညီမမျှဖြစ်လာတော့ သူအနည်းငယ် ကြောက်မိ၏။
“စိတ်ရှည်ရှည်ထား။ ငါက ငယ်သေးတယ်။ ငါ့မှာ အချိန်တွေအများကြီးကျန်သေးတယ်။ တကယ်ဆိုရင် ခုလို လုပ်ကြံသူတွေ မကြာခဏ ရတနာတွေလာပေးတာလည်းမဆိုးပါဘူး။ လွယ်လင့်တကူ ချမ်းသာလာတာပေါ့”
မွှေးရနံ့သုံးပါးအဆောင်ကို စုရှောင်ရှန် ဆက်စပ်၍ တွေးလိုက်သည်။
“ဘယ်လို အင်အားစုကြီးလဲဟ။ လုပ်ကြံသူတွေအတွက် မြင့်မြတ်နယ်ပယ်တဲ့”
စုရှောင်ရှန် ဤအင်အားစုအကြောင်းကို အရင်က ကြားဖူးနား၀ ရှိသလိုလို ရှိသည်။ တကယ်ဆို သူတို့က သူတော်စင်အစေအပါးများထက်တောင် ပို၍ နာမည်ကြီး၏။
သို့ပေမယ့် ကောလဟာလဆိုတာ အကန့်အသတ်ရှိတာကြောင့် နာမည်လေးကြားရုံလောက်ဆိုတာထက် ဘာမှမသိချေ။ ယခု ထိုအင်အားစုက သူ့ကို ပစ်မှတ်ထားလာမယ်ဆိုတာ အတော်ကို ရူးကြောင်ကြောင်နိုင်ပေသည်။
“လူသေကတောင် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းတန်တယ်တဲ့”
စုရှောင်ရှန့် စိတ်ကလေး ဘုံးဘုံးကျသွားပေသည်။ သူတို့ လည်ပင်းအပေါ်ကို ဓားလာထောက်ထားရင် ဘယ်သူက အိပ်ကောင်းခြင်းအိပ်၊ စားကောင်းခြင်းစားနိုင်မည်နည်း။
“ဒီကျန်းမျိုးနွယ်စုပဲ ငါ့ကို ပြဿနာတွေတစ်ခုပြီးတစ်ခုပေးနေတယ်”
ကျန်းထိုက်ယင်ကို သူသွားမထိနိုင်သေးမှတော့ လက်ရှိအလုပ်ကိုသာ အာရုံစိုက်ထားလိုက်တော့၏။ ရန်သူတွေကို ရှင်းပစ်ချင်တယ်ဆိုရင် ကိုယ်ပိုင်စွမ်းရည်တွေကို တိုးတက်လာအောင်လုပ်တာက ပို၍ ယုတ္တိရှိပေသည်။
ထျန်းရွှမ်တံခါးအတွင်းက ထွက်လာလဲ့တာ သိပ်မကြာသေးပေမယ့် နေ့စဉ်နေ့တိုင်း အသက်ရှူခြင်းနည်းစနစ်၏ စွမ်းအင်စုစည်းမှုကြောင့် မူလနန်းတော်အစောပိုင်းအထွတ်အထိပ် အဆင့်ကို သူရောက်လာခဲ့ချေပြီ။
သိပ်မကြာခင်အချိန်အတွင်းမှာ မူလနန်းတော်အလယ်ပိုင်းကို တက်လှမ်းနိုင်လိမ့်မည်ဟု သူယုံကြည်သည်။
၎င်းက အကူအဖြစ် ဆေးမှီဝဲတာတောင်မပါသေးချေ။
“မြန်လွန်းတယ်”
“ဒါပေမယ့် ငါက တိုက်ခိုက်တော့လဲ ကျင့်ကြံခြင်းအပေါ်ကို မှီခိုနေတာမှမဟုတ်တာ။ အဲ့တော့ သေချာကြိုးစားကျင့်ကြံလည်း ငါ့ဒန်ထျန် သူများထက်ပိုကြီးလာတာကလွဲလို့ ဘာမှ ထူးသွားမှာမဟုတ်ဘူး။ ခုမှ အသစ်ထွင်လိုက်တဲ့ မီးဘောလုံးကြီးလို နည်းစနစ်ကို ဆက်တိုက်အသုံးမပြုရင်တော့ ခုဒန်ထျန်လောက်နဲ့ဆိုလည်း အဆင်ပြေပါတယ်။ အဲ့လိုမှမဟုတ်ဘဲ ဆက်တိုက်အသုံးပြုဖို့လိုလာခဲ့မယ်ဆိုရင်တောင် ကျဲကို ငါ့အစား ချခိုင်းလို့ရတာပဲ”
“အေးဆေးပေါ့။ ငါကိုယ်တိုင်ကိုင်တွယ်စရာမှလည်း လိုမနေတာကို။ ပြီးတော့ မူလနန်းတော်ဆိုတဲ့ ကျင့်ကြံခြင်းလေးကြောင့် ရန်သူတွေ ငါ့ကိုအထင်သေးကြတာက တစ်မျိုးလေး အသာစီးရတာပဲလေ။ ငါ့ရန်သူတွေ ဘယ်ကဘယ်လို အရှင်သခင်နယ်ပယ် တွေပါ ပါလာတဲ့အထိကိုရောက်သွားကြမှန်းတော့မသိပေမယ့် ဒီနည်းလမ်းလေးက အလုပ်ဖြစ်နေတာ မဆိုးပါဘူး”
သို့ဖြင့် စုရှောင်ရှန် စစ်မှန်ခြင်းနယ်ပယ်တွင် ရည်ရွယ်ချက်ရှိရှိ သောင်တင်နေသေးရန်ဆုံးဖြတ်လိုက်သည်။ ၎င်းက ရေရှည်တည်မြဲမည့် ဗျူဟာမဟုတ်ပေမယ့် သူ့ရန်သူများကို ခဏတာသတင်မှားပေးနိုင်တာလေးဆိုရင်တောင် အဆင်ပြေသည်။
ဘယ်လောက်သတိကြီးသည့်အရှင်သခင်နယ်ပယ်ဖြစ်နေပါစေ စစ်မှန်ခြင်းနယ်ပယ် မူလနန်းတော်အစောပိုင်းက ရန်သူတစ်ယောက်ကိုရင်ဆိုင်သည့်အခါ မလွဲမသေ အထင်အမြင်သေးကြပေမည်။
တိုက်ပွဲအတွင်းမှာ ရန်သူ အထင်သေးနေချိန်ကို အခွင့်ကောင်းယူကာ သူက အငိုက်တိုက်ခိုက်လိုက်မည်ဆိုလျှင် တစ်ချက်တည်းပွဲသိမ်းသွားပေမည်။
သူ၏ လျင်မြန်မှုနှင့် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်တို့ဖြင့်ဆိုလျှင် ပိုလို့တောင်ဆိုး၏။
“ကျင့်ကြံခြင်းနယ်ပယ်ကို မမြှင့်သေးရင်တောင် အခြား အရာတွေကိုတော့ တိုးတက်အောင် လုပ်ရမယ်”
စုရှောင်ရှန် ငရဲမီးတောက်ကောင်းကင်မှ နည်းစနစ်ခွဲများဖြစ်သည့် အဖြူရောင်မီးလျှံနှင့် နဂါးလောင်မြိုက်ခြင်းနယ်ပယ်တို့ကို ထုတ်ယူလိုက်သည်။
စုရှောင်ရှန် ထိုနည်းစနစ်နှစ်ခုစလုံးကိုဖတ်ကြည့်ပြီးလေပြီ။ နဂါးလောင်မြိုက်ခြင်းနယ်ပယ်ကို အသုံးပြုဖို့ဆိုရင် အရင်ဆုံး လိုအပ်ချက်အနေနှင့် အဖြူရောင်မီးလျှံကို ကျွမ်းကျင်ထားရမည်။
ထိုနည်းစနစ်က အလွန် သန်မာပေမယ့် တတ်မြောက်ရန်ခက်ခဲပေသည်။ ယခု သူချို့တဲ့နေသည့် အချို့ လိုအပ်ချက်များတောင်ရှ်ိနေသေး၏။
“အဆင့်မြင့် ငရဲမီးတောက်အစေ့..”
စုရှောင်ရှန် ထိုနာမည်မှတောင် ကြက်သီးတဖျင်းဖျင်းထသွား၏။ သူဖတ်လိုက်တာမမှားပေ။ ငရဲမီးတောက်အစေ့ရှေ့တွင် “အဆင့်မြင့်” ဆိုသည့် စကားလုံး ပိုလာခဲ့သည်။
ဘယ်လောက်အဆင့်မြင့်သလဲကို စုရှောင်ရှန် မသိသလို သိလည်းမသိချင်ပါ။
ငန်းရေကန်က သာမန် ငရဲမီးတောက်အစေ့မှ အတွေ့အကြုံကတောင် သူ့နှလုံးသားထဲမှာ ဖျောက်ဖျက်လို့ မရအောင် အမြစ်တွယ်နေသေးပေသည်။
သူ့လက်ထဲက ထိုနည်းစနစ်ကိုကျင့်ကြံပါဆိုရင် အကြီးအကဲစန်း ချက်ခြင်းရှေ့မှာမပေါ်လာသ၍ (သို့) ကျန်းထိုက်ယင် လာမတိုက်ခိုက်သေးသ၍ မဖြစ်နိုင်ချေ။
ထိုမှ လီခုနှစ်နှင့် ရှောင်ဆယ့်ခြောက်၏ သိုလှောင်လက်စွပ်များကို စုရှောင်ရှန် ထုတ်ယူလိုက်သည်။
ရှောင်ဆယ့်ခြောက်၏ လက်စွပ်ကိုမဆိုထားဘိ လီခုနှစ်၏ လက်စွပ်ထဲက ပစ္စည်းများကိုတောင် သူအာရုံမလွှဲနိုင်သေးပါချေ။
“စိတ်ဝိညာဉ် အစီအရင်…”
သူသာ စိတ်ဝိညာဉ်အစီအရင်ကို ရေးဆွဲတတ်မယ်ဆိုရင် မီးဘောလုံးကြီးကို အစီအရင်အတွင်း ကြိုတင်ပြင်ဆင်ထည့်ထားကာ ရာဂဏာန်းအနည်းငယ်လောက်ကို ကျန်းထိုက်ယင်အိပ်နေချိန် အိပ်ခန်းထဲသွားပစ်ထည့်နိုင်ပေလေမည်။
ထိုမှ မီးဘောလုံးကြီးကို တစ်ဆက်တည်း ဆက်တိုက်အသုံးမပြုနိုင်ဘူးဆိုသည့် ဖြစ်ရပ်မှန်က သူ့အိပ်မက်ကလေးကို ချိုးဖျက်လိုက်၏။
အချိန်ယူကာ မီဘောလုံးကြီးကို ဖြည်းဖြည်းချင်းစီ ဖြည့်သွားလို့ ရပေမယ့် ပြဿနာက အစီအရင်နှင့်ပတ်သက်လာရင် ဘာတစ်လုံးတစ်လေမှတောင် မသိခြင်းဖြစ်သည်။
သို့ပေမယ့် သူက စိတ်ဓာတ်မကျသွားရဘဲ ပိုပြီးတော့တောင်စိတ်လှုပ်ရှားလာခဲ့ပေသည်။
အတိတ်က ဤသို့ ခေါင်းစားစရာပြဿနာများကိုလည်း ပင်ကိုယ်စနစ်က ဖြေရှင်းပေးသွားသည်မဟုတ်ပါလား။
မိုးတိမ်လေပြိုင်ပွဲအတွက် [ခွန်အား]၊ ငရဲမီးတောက်အစေ့အတွက် [ထာ၀ရအသက်စွမ်းအင်]၊ ဆေးဖော်စပ်ခြင်းအတွက် [စားဖိုမှူး] အစရှိသဖြင့် ပင်ကိုယ်စနစ်က သူတကယ် အပူတပြင်းလိုအပ်သည်များကို အမြဲပေးနေကြဖြစ်သည်။
ဘာအပေါက်ပဲပေါ်လာပေါ်လာ ၎င်းက မကြာခင်မှာ ပင်ကိုယ်စနစ်၏ ဖာထေးခြင်းကိုခံရမည်ဖြစ်၏။
ဒီလိုသာဆိုရင် ပင်ကိုယ်စနစ်က ယခုလည်း သူ့ကို အစီအရင်ထိပ်သီး များပေးမလားမသိ။
ထိုသို့ အတွေးပေါက်သွားပြီး သိုလှောင်လက်စွပ်များကိုချကာ အိပ်ယာပေါ်တွင် ထရပ်လိုက်လေသည်။ ထို့နောက် ပြူတင်းပေါက်များအားလုံးကို ပိတ်ကာ အသံတိတ်အစီအရင်ကို ထိပ်ဆုံးထိ အစွမ်းကုန့်မြှင့်တင်လိုက်၏။
အသက်ရှူရင်း သန်မာလာနေသည့် စုရှောင်ရှန်အတွက်တော့ ကျင့်ကြံခြင်းဆိုတာ အချိန်ဖြုန်းခြင်းသာဖြစ်ပေသည်။
သူ့မူလနန်းတော်ထဲက အနီရောင်ဖန်သားပြင်ကြီးကို မျှော်လင့်တကြီး စုရှောင်ရှန် ကြည့်လိုက်သည်။
“နေကောင်းလား။ မတွေ့တာကြာပြီနော်”
အပိုင်း (၂၇၈) အလကား အကြီးအကဲတွေ၊ နတ်သားရှောင်ရှန်
[ပင်ကိုယ်မှတ် : ၁၈၀၈၀၂]
စုရှောင်ရှန် သက်ပြင်းချလိုက်သည်။ ၎င်းက မလုံလောက်သေးပေ။
ထျန်းရွှမ်တံခါးမှ ထွက်လာအပြီး ရက်အတန်ကြာအောင် အလုပ်ကြိုးစားခဲ့တာတောင် အနက်ရောင်ရေတံခွန်မှာ နာရီအနည်းငယ်လောက်ရခဲ့တာနှင့် မယှဉ်နိုင်ပါပေ။ ထိုအချိန်အတွင်းတောင် အချိန်ကိုကောင်းကောင်းအသုံးချခဲ့လို့ ယခုလိုရရှိခဲ့တာဖြစ်သည်။
အသက်ရှူခြင်းနည်းစနစ်ကြောင့် တကူးတက ကျင့်ကြံနေစရာမလိုတာနှင့် အညီထိုဆယ်ရက်အတွင်းမှာ စုရှောင်ရှန် အပြင်စည်းကို တစ်ရက်သုံးကြိမ် ခြေရှုပ်တော့၏။ တစ်ကြိမ်ကို နာရီ၀က်လောက်ကြာပြီး သူသတ်မှတ်ထားသည့် ပင်ကိုယ်မှတ်ရမှ ပြန်သည်။
ပထမနှစ်ရက်မှာတော့အဆင်ပြေသေးသည်။ အပြင်စည်းက ဒဏ္ဌာရီကြီး၊ သားရဲကြီးစုကို တွေ့လိုက်သည့်လူတိုင်းက အထင်အမြင်ကြီးစွာ ကိုးကွယ်ကြ၏။ သို့ဖြင့် တစ်ကြိမ်လျှင် ပင်ကိုယ်မှတ် ၇၀၀၀၊ ၈၀၀၀ ရခဲ့သည်။
သို့ပေမယ့် ၎င်းက ကြာကြာမခံလိုက်ပါပေ။ အပြင်စည်းကဘယ်လောက်ကြီးကြီး အဆုံးတော့ နှံ့နေအောင် နေရာစုံရောက်ဖူးသွားခဲ့သည်။ သုံး၊ လေးရက်အတွင်းမှာကို လူတိုင်းက စုရှောင်ရှန်ကို တွေ့ရတာ အသားကျလာခဲ့၏။
အစကနဦးက သူ့ကိုတွေ့တော့ အုတ်သော်တောင်းနင်းဖြစ်ကြသည်။
“ဝိုး မြန်မြန်လာကြည့်ကြဟ။ ဒါအပြင်စည်းရဲ့ ဒဏ္ဌာရီ စုရှောင်ရှန်ပဲ”
“အားးးး…။ ငါ့အသည်းကြော်လေး ခေါင်းကိုလုံးစု။ သေပါပြီ သေပါပြီ”
“…”
ထို့အပြင်ကို အဆိပ်စု၊ ပါးစပ်ပုတ်စု ဆိုပြီး စသဖြင့် နာမည်ပြောင်တွေက စုံနေတော့၏။ သူ့ကိုမြင်ပါများလာတဲ့အခါမှာတော့ ထိုသို့ လှုပ်လှုပ်ရွရွမဖြစ်တော့ပေ။
ရိုးလာကြသည်။
ထိုတွင် စုရှောင်ရှန် စိုးရိမ်စပြုလာတော့၏။
ထိုရက်အနည်းငယ်အတွင်းမှာ ပင်ကိုယ်မှတ်ကို တစ်ခါတည်းတစ်သောင်းကျော်စုနိုင်သည့်အခေါက်ဆိုတာမရှိခဲ့ချေ။ ဤသို့ဆက်လုပ်နေလျှင်လည်း လူပန်းရုံသာရှိတော့မည်ဖြစ်ကြောင်းကို သိရသည်။
သို့ပေမယ့် စုရှောင်ရှန် လွယ်လွယ်နှင့် အရှုံးပေးမတဲ့လား။
သူ့မှာ သူမတူတဲ့ အကြံဉာဏ်တွေ မရေမတွက်နိုင်အောင်ရှိပေသည်။
ပင်ကိုယ်မှတ်ရှာတာ ထင်သလောက် အကျိုးမဖြစ်ထွန်းလာသည့်အခါ အပြင်စည်း၏ ဝါအကြီးဆုံးအကိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ခုတုံးလုပ်ပြီး အကြီးအကဲတွေစီက အတွေ့အကြုံဝေမျှတဲ့ အစီအစဉ်တွေလုပ်ဖို့ ခွင့်တောင်းလေသည်။ သို့ဖြင့် လူစုပြီး ပိုက်ဆံရှာ… အဟမ်း သင်ခန်းစာတွေပို့ချဖို့ပြင်တော့သည်။
၎င်းက အပြင်စည်းဝါအရင့်ဆုံး ဂိုဏ်းတူအကိုကြီးလုပ်နိုင်သည့်အရာဖြစ်ပေသည်။ ရဲ့ရှောင်ထျန်းကတောင် စတွေ့တုန်း အတွင်းစည်း၀င်မလားဆိုပြီး ခွင့်ပေးခဲ့တာ အကြီးအကဲစန်း၏ ငြင်းဆိုမှုကြောင့်သာမဟုတ်လျှင် ယခုဆို ထိုထက် ပို၍ အဆင့်အတန်းမြင့်နေလောက် ချေလေပြီ။
ဤသို့ ဆရာကြီးတစ်ယောက်က အပြင်စည်းက လူသစ်လေးတွေကို သင်တန်းပို့ပေးတယ်ဆိုတာ ရှားမှ ရှားလှတဲ့အတွက် အပြင်စည်းတစ်ခုလုံး ရုတ်ရုတ်သဲသဲပြန်ဖြစ်လာခဲ့သည်။
စုရှောင်ရှန် အတွေ့အကြံုတွေ ပို့ချပေးမယ့် နေ့မှာ အပြင်စည်းရဗိ လမ်းကြိုးလမ်ကြားကအစ လမ်းမကြီးအဆုံး လူသူမတွေ့ရပေ။ ဤသို့ ကြီးကျယ်လှသော ပွဲကြီးအတွက်ကို ချု့ယွင်ကွင်းပြင်အားယာယီအသုံးပြုကြလေသည်။
ခဏတဖြုတ် မဟုတ်က ဟုတ်ကတွေပြောပြီးနောက်မှာ တစ်ခါတည်း ပင်ကိုယ်မှတ် ၇၀၀၀၀ လောက်ရလိုက်တော့ စုရှောင်ရှန် ကျေနပ်သွား၏။
သူ့လို အသက်ရှူရင်းကျင့်ကြံလို့ရနေတဲ့သူက ဘာအတွေ့အကြုံတွေသွားပို့ချမှာလဲ။ သူကကော ဘယ်လို ပို့ချနိုင်လို့လဲ။
သို့ပေမယ့် ကိုးနှစ်တာမျှ အခြေခံပညာသင်ကျောင်းကိုတက်လာခဲ့သူပီပီ ယခင်က ကိုယ်တိုင်မသင်ခဲ့ရင်တောင် သင်တာနားထောင်ဖူးပေသည်။
ပြဿနာက စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်များ၊ ကမ္ဘာကြီးနှင့်ပတ်သက်၍ အတွေးအခေါ်ပိုင်းဆိုင်ရာ ဗဟုသုတများကို ဟုတ်သလားမဟုတ်သလား သေချာ မမှတ်မိတော့ပေ။
စုရှောင်ရှန်က လူငယ်တွေကို လမ်းမှားပို့တာတော့မဟုတ်ချေ။ သူ့ကိုယ်ပိုင်ရှိ ရန်သူများကို ရင်ဆိုင်ခြင်းနည်းဗျူဟာများ၊ အားနည်းချင်မည်သို့ ယောင်ဆောင်ပြီး ကိုယ့်ထက်သန်မာသူကို ဘယ်လိုအနိုင်ယူရလဲ အတွေ့အကြုံများကို မျှဝေခဲ့ပါသည်။
ထို့နောက် ကမ္ဘာကြီးကို ရှူမြင်သည့် အတွေးအခေါ်ပိုင်းဆိုင်ရာ ကဏ္ဌကို အနည်းငယ် ပို့ချလိုက်သည်။ မကြာခင် ဂိုဏ်းသားများတစ်ယောက်နှင့် တစ်ယောက် အပြင်းအထန် ဆွေးနွေးကြတော့၏။
တိတ်တိတ်လေး လာပြီးခိုးနားထောင်နေသည့် အကြီးအကဲများတောင် အံ့ဩတုန်လှုပ်သွားရပြီး အထင်ကြီးစွာ ခေါင်းညိတ်လိုက်ကြပေသည်။
“စုရှောင်ရှန်ရဲ့ အမြင်က တကယ် ကျယ်တာပဲ။ စာအုပ်ကိုအဖုံးကြည့်ပြီးဆုံးဖြတ်လို့မရဘူးဆိုတာ တယ်မှန်ပါလား…”
ထို သင်တန်းပြီးနောက်မှာတောင် အပြင်ည်းဂိုဏ်းသားများ စိတ်လှုပ်ရှားနေကြတာ မရပ်သေးဘဲ အပူတပြင်းဆွေးနွေးနေကြသေးပေ၏။
“နက်ရှိုင်းလိုက်တာကွာ။ သားရဲကြီးစုလို့ကို မဆိုရဘူး။ သူ့ သင်ပြမှုအောက်မှာ ငါတောင် နေရာမှာပဲ အလင်းပေါက်တော့မလိုတောင် ခံစားလိုက်ရတယ်”
“ဟုတ်တယ်။ ငါလည်း အလင်းပေါက်တော့မှာ နည်းနည်းပဲလိုတယ်။ ဒါပေမယ့် တစ်ခုခု ချို့ယွင်းနေလို့မယ်ကွာ နှမျောစရာပဲ”
“ဟုတ်ပါ့။ သူက အဆုံးမှာ ကောင်းကင်ဘုံအကြောင်းကို အသေးစိတ်ရှင်းပြသွားရုံတင်မကဘူး လက်တွေ့တိုက်ပွဲမှာလည်း အသုံး၀င်နိုင်တဲ့ တိုက်ပွဲနည်းဗျူဟာရော၊ စိတ်ပိုင်းဆိုင်ရာနည်းဗျူဟာကိုရောပါ သင်ပြသွားတယ်”
“အေးဆို။ အလကားသင်ရတဲ့အပြင်ကို တကယ်တန်တယ်ကွာ။ ငါက သားရဲကြီးစုကို နတ်ဆိုးဘုရင်ကြီးလို့ထင်ထားတာ ခုလို သဘောကောင်းပြီး စာနာတတ်တဲ့သူမှန်းမသိခဲ့ဘူး”
“ဒီနေ့မလာတဲ့သူတွေကတော့ အကြီးအကျယ်ကိုဆုံးရှုံးသွားရတာပဲ။ ဆုံးဖြတ်လိုက်ပြီကွာ ခုကစပြီး စုရှောင်ရှန်က ငါ တစ်နေ့ဖြစ်လာအောင်ကြိုးစားမယ့် ပြရုပ်ပဲ”
“…”
လူတိုင်း ထိုသို့ အခြေအနေမှ ပြန်လည်ငြိမ်ကျသွားသောအခါ တစ်ခုခု မူမမှန်တာကို သတိထားမိသွားကြသည်။
“နေပါဦး။ လူတိုင်းက သူတို့ဘယ်လိုဘယ်ညာ အလင်းပေါက်တော့မလိုလို ခံစားနေရတယ်သာပြောတယ်။ တစ်ယောက်မှလည်း တကယ် မပေါက်သွားကြသလိုပါလား”
“မင်းပြောမှ ဟုတ်သလိုလိုပဲ။ သာမန်ဆို အကြီးအကဲတွေ ပို့ချရင် တစ်ရာမှာ တစ်ယောက်ကတော့ အနည်းဆုံး ပေါက်တာပဲ။ ဒီတစ်ခါကြတော့ ထောင်နဲ့ချီတာကို တစ်ယောက်မှ အလင်းမပေါက်ဘူးဆိုတာကြ မဟုတ်သေးပါဘူး…”
“ဂိုဏ်းတူအကိုစုရဲ့ လမ်းစဉ်က အရမ်းခက်ခဲလို့ ငါတို့ လုံး၀ နားလည်သဘောပေါက်ဖို့ ခက်ခဲလို့များလားမှမသိ”
“ဟုတ်တယ်ဖြစ်နိုင်လောက်တယ်”
“ဒါပေမယ့် …”
တစ်စုံတစ်ယောက်က ထမေးလိုက်သည်။ “ဂိုဏ်းတူအကိုစုက ကျင့်ကြံခြင်းအဆင့်တွေကို မြန်မြန်ချိုးဖျက်တက်သွားတာမလား။ သူငါတို့ကို ဘာလို့ ကျင့်ကြံခြင်းအကြောင်းမသင်ပြသွာာလဲ”
ဒီတစ်ခါတော့ လူတိုင်း ဘယ်လိုပြန်ချေပရမလဲ မသိဖြစ်သွားကြ၏။
အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ လူတစ်ယောက်က ချီတံချတုံ ထရပ်ကာ ပြောလိုက်သည်။
“ဂိုဏ်းတူအကိုစုက ဒဏ္ဌရီလာ ပါရမီမျိုးရှိနေလို့ ဒီလို ကျင့်ကြံခြင်းအဆင့်တွေကို လွယ်လင့်တကူ ချိုးဖျက်သွားနိုင်တာနေမှာပေါ့…”
လူတိုင်း ထိုစကားမှ တစ်ခုခုကို နားလည်သဘောပေါက်သွားသလို အမူအရာများ စပြလာခဲ့လေသည်။
“ဟုတ်တယ်။ ဖြစ်နိုင်လောက်တယ်”
“ငါကြားတာတော့ အရင်က ဂိုဏ်းတူအကိုစုက စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၃) လေးတည်းတဲ့။ ခုငါ့ထက်တောင် အားပိုနည်းသေးတယ်။ သာမန်လူဆို တစ်လအတွင်း စစ်မှန်ခြင်းနယ်ပယ်ကို ရောက်နိုင်ပါ့မလား”
“အေး မင်းပြောတာ သဘာ၀ကျတယ်။ ဒါပေမယ့် စစ်မှန်ခြင်းနယ်ပယ်ကို တစ်ကယ် တစ်လတည်းနဲ့ ရောက်သွားတာလား”
“သူ့နယ်ပယ်အစစ်အမှန်ကို ဖုံးကွယ်ထားခဲ့တာလားဘာလားတော့ ငါလည်းသေချာမသိဘူးလေ။ ဒါပေမယ့် မြန်မြန်အဆင့်တက်သွားတာကတော့ သေချာတယ်”
ထိုစကားများကြောင့် စုရှောင်ရှန်၏ နာမည်က ဟိုးလေးတစ်ကျော်ကျော်ဖြစ်လာခဲ့သည်။
နောက်ဆုံးတော့ နားလည်သဘောပေါက်သွားဟန်ရသည့် တစ်စုံတစ်ယောက်က “ဂိုဏ်းတူအကိုစုပြောတဲ့ ဟာကို နားလည်ဖို့ခက်တယ်ဆိုတာ သူ့ လမ်းစဉ်က နက်ရှိုင်းလို့ပဲဖြစ်ရမယ်။ အဲ့တော့ ပိုပြီး အစွမ်းထက်မှာပဲ။ လူတစ်ထောင်ကျော်ကို ပို့ချပေးတာတောင် တစ်ယောက်မှ အလင်းမပေါက်ဘူးဆိုတာ ဘာသဘောလဲသိလား… ဂိုဏ်းတူအကိုစုရဲ့ လမ်းစဉ်ကမှ တကယ့် ကောင်းကင်ဘုံလမ်းစဉ်လို့ပြောတာကွ။ လောကြီးမှာ လမ်းစဉ်က နားလည်ဖို့ခက်လေလေ ပိုပြီးတော့ စစ်မှန်တဲ့လမ်းစဉ်ဖြစ်လေပဲ။ မဟုတ်ဘဲလွယ်ကူနေရင် လူတိုင်း စုရှောင်ရှန် ဖြစ်လာတော့မှာပေါ့။ အဲ့ဒီ အကြီးအကဲတွေသင်တော့ တစ်ရာမှာ တစ်ယောက်လောက် အလင်းပေါက်သွားကြတယ်။ ဆိုလိုတာက အကြီးအကဲတွေရဲ့လမ်းစဉ်က မစစ်မှန်ဘူး… ချီးထုပ်ပဲကွ။ ဂိုဏ်းတူအကိုစုရဲ့ လမ်းစဉ်ကမှာ ကောင်းကင်ဘုံလမ်းစဉ်အစစ်အမှန်”
ထိုရှင်းပြချက်အရှည်ကြီးပြီးနောက်မှာ လူတိုင်း နားလည်သွားကြသလို အမူအရာများပြလာကြသည်။ သူတို့က စုရှောင်ရှန်လောက်တောင် မသင်ပြပေးနိုင်တာ ဘာလို့ စိတ်ဝိညာဉ်နန်းတော်ထဲမှာ အကြီးအကဲတွေလာလုပ်နေကြသေးသလဲ။
အပြင်စည်းအကိုကြီးက ထျန်းစန်းနန်းတော်ကိုဖောက်ထွက်ပြီးတော့ တုန့်ထျန်း၀မ်မြို့ကို လွှမ်းမိုးဖို့ ကံပါလာပြီး အကြီးအကဲစန်းတွေထက်တောင် သန်မာသည်ဆိုတဲ့ ကောလဟာလတွေက စတင်ပျံ့နှံ့လာတော့သည်။
သို့ဖြင့် အပြင်းအထန် ဆွေးနွေးငြင်းခုံပွဲကြီးစ လေသည်။
ဤသို့ ရှင်းပြချက်များကို ဦးစွာပေးနိုင်ကြသူများက စုရှောင်ရှန်၏ ပထမတန်းအမွေဆက်ခံသူများဖြစ်လာကြသည်။ ချက်ခြင်းလက်ငင်းကို သူတို့က အပြင်စည်း၏ လက်ရွေးစင်ဂိုဏ်းသားများအဖြစ် သတ်မှတ်ခြင်းခံလိုက်ရ၏။
တဖြည်းဖြည်းကျရောက်လာခဲ့သည့် ညအချိန်ကတောင် ထိုလူများ၏ စိတ်အားထက်သန်မှုကို မငြိမ်းသက်နိုင်ခဲ့ပါပေ။ အကြီးအကဲတွေက အလကား အာပလာတွေဖြစ်ပြီး စုရှောင်ရှန်ကမှ ကောင်းကင်ဘုံလမ်းစဉ်အစစ်အမှန်ကို ပို့ချပေးသည့် ပါရမီရှင်ဆိုသော စကားသံများညံလာခဲ့သည်။
စုရှောင်ရှန်၏ အကြားအမြင်က ဧရိယာကြီးမားစွာ ၀န်းရံထားပေသည်။ သို့ဖြင့် ပင်ကိုယ်မှတ်များ စုဆောင်းရလွန်းလို့ တစ်ဝါးဝါးသန်းပြီး အိပ်တောင်ငိုက်လာခဲ့သည်။
နောက်ဆုံး တော်လောက်ပြီထင်မှ သူ့ခြံလေးစီကို ပြန်သွားလိုက်၏။ ညအချိန်လည်းဖြစ်ရာ ၀န်းကျင်တစ်ခုလုံး အမှောင်ဖုံးကာ တိတ်ဆိတ်နေခဲ့သည်။
သူအိမ်ပြန်ရောက်လို့ သူ့အိပ်ခန်းထဲ၀င်၀င်ခြင်းမှာပဲ ထိုဆွေးနွေးချက်များအကြားမှာ မြေစာပင်ဖြစ်သွားခဲ့သော နက်မှောင်နေသည့် မျက်နှာထားဖြင့် အဖိုးကြီးများစွာ နေရာလပ်မကျန်အောင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ထိုအဖိုးကြီးများက သာမန်လူများမဟုတ်ပါဘဲ … အကြီးအကဲများဖြစ်ကြ၏။
အပိုင်း (၂၇၉) အာအန်….
ထိုသို့ အမှတ်ရစရာလေးများကို ပြန်တွေးမိရင်း စုရှောင်ရှန် ပြုံးလိုက်မိ၏။ အသိပေးချက်ဖန်သားပြင်အခြေတွင်ရှိသည့် ပင်ကိုယ်မှတ်များကို ကြည့်လိုက်လေသည်။
ပင်ကိုယ်မှတ်က တစ်သိန်းကျော်လေရာ သူ့ဟာနှင့်သူတော့ သင့်တင့်စွာရှိသည်ဟု ပြော၍ရသည်။
ယခင်က ပင်ကိုယ်မှတ်များရှာရန် ခက်ခက်ခဲခဲ ရှာခြင်းဖြင့် ယှဥ်လျှင် တိုးတက်မှုကြီးတစ်ခုဖြစ်သည်။
တစ်ခါတည်းအလုံးအရင်းကြီးဖြင့်လိုချင်လျှင်တော့ အနက်ရောင်ချောက်ကမ်းပါးလို အလားတူ နေရာပါရှိသည့် ကမ္ဘာငယ်လေးပွင့်လာမှ ဖြစ်ပေလေမည်။
“ဆိုတော့ ဘယ်မှာ သုံးရင်ကောင်းမလဲ”
သူ့ပင်ကိုယ်မှတ်များအားလုံးကို တစ်ခါတည်းမဲနှိုက်၍တော့ မသုံးလိုက်ချင်ပါချေ။ ကံစမ်းမဲတစ်ခါလှည့်ရန်ကလည်း ပင်ကိုယ်မှတ် ငါးထောင်အဖြစ်သို့ ဈေးတက်သွားရာ ဆယ်ခါဆက်တိုက်နှိုက်လျှင် ငါးသောင်းကုန်ချေမည်။ စုရှောင်ရှန် အရင်ကလို တစ်ခါတည်း အခါ သုံး၊ လေးဆယ်နှိုက်နိုင်ခြင်းငှာ မစွမ်းသာတော့ပေ။
ပင်ကိုယ်စွမ်းရည်တစ်ခုခုကိုရခဲ့လျှင်တောင် ၎င်းကို အဆင့်မြှင့်ဖို့က စွန့်စားမှုကြီးတစ်ခုဖြစ်ပေဦးမည်။
အရှင်သခင်နယ်ပယ်သို့မရောက်သေးသည့် ပင်ကိုယ်စွမ်းရည်များက လက်ရှိသူ့အတွက် သိပ်ပြီး အသုံးမ၀င်တော့ပေ။
ကံကောင်း၍ ပင်ကိုယ်လက်သီးလို ထူးခြား ပင်ကိုယ်စွမ်းရည် အမျိုးအစားကို ရလျှင်တော့ တစ်မျိုးဖြစ်သည်။ ပင်ကိုယ်လက်သီးဆိုမှ စုစည်းထားသော စွမ်းအင်ပမာဏကိုကြည့်လိုက်၏။
၎င်းကို သုံးမလိုလိုနှင့်တစ်ခါမှ မသုံးခဲ့ပေမယ့် စုစည်းထားသောစွမ်းအင်ကတော့ မူလအတိုင်းကျန်ရှိနေသေး၏။ တစ်စက်ကလေးမှတောင် မပြောင်းလဲသွားခဲ့ပါချေ။
ကြည့်ရတာ ဒီရက်ပိုင်း သူခံရသည့် တိုက်ခိုက်မှုများက ရာခိုင်နှုန်းတစ်ခုလေးတောင် မမြင့်တက်စေနိုင်ပုံရသည်။
သို့ဖြင့် ၎င်းကိုသာ အသုံးပြုလိုက်မယ်ဆိုရင် ဘယ်လောက် ကြောက်မက်ဖွယ်ရာကောင်းမလဲ သူစဉ်းစားလိုက်၏။ သူစမ်းကြည့်လိုက်ချင်ပေမယ့် ခက်ခက်ခဲခဲ စုဆောင်းထားသော စွမ်းအင်များကို နှမျောတသဖြစ်နေသည်။
“ခုတော့ ထားလိုက်ပါလေ”
စုရှောင်ရှန် ၎င်းထံမှ အကြည့်လွှဲလိုက်ပြီးတော့ ပင်ကိုယ်မှတ်များကို ဘယ်လိုသုံးရမလဲ ပြန်စဉ်းစားတော့သည်။ ကံစမ်းမဲလှည့်မယ်ဆိုရင် သူ မလုပ်ချင်ရင်တောင် အနည်းဆုံး တစ်ခါတည်း ဆယ်ခေါက်လောက်က လှည့်ကို လှည့်ရသည်။
ထို့ပြင် ပင်ကိုယ်မှတ် ငါးသောင်းကိုလည်း ချန်ထားရဦးမည်။ သို့မှသာ ထာ၀ရအသက်စွမ်းအင်၊ ခွန်အားနှင့် လျင်မြန်မှုတို့လို အရှင်သခင်နယ်ပယ်ထဲကို နောက်ထပ် ပင်ကိုယ်စွမ်းရည်တစ်ခု ၀င်ရောက်နိုင်ပေမည်။
ဘယ်တစ်ခုကိုမြှင့်ရမလဲတော့ စုရှောင်ရှန် မဆုံးဖြတ်ရသေးချေ။ ၎င်းက အသစ်ရလာမဲ့ဟာလည်းဖြစ်နိုင်သလို အဟောင်းထဲကလည်းဖြစ်နိုင်သည်။
“အသစ်အတွက်ပါထည့်တွက်မယ်ဆိုရင် ခြောက်သောင်းလောက် ချန်မှဖြစ်မယ်”
ထိုမှ စုရှောင်ရှန် နိုးထခြင်းရေကန်ကိုကြည့်လိုက်၏။ သူ့တိုက်ခိုက်စွမ်းရည်ကို တိုးမြှင့်ချင်တယ်ဆိုရင် နိုးထခြင်းရေကန်က ချွင်းချက်မရှိ အကောင်းဆုံး ရွေးချက်မှုဖြစ်သည်။
ရွှေရောင်လူ့ဘီလူးကြီး မီးခိုးမြူပုံရိပ်ကို ထိုးနှက်နေသည့် မြင်ကွင်းကို စုရှောင်ရှန် မေ့မရသေးပါချေ။ ထိုသို့ တစ်ပိုင်းတစ်စ မှတ်ဉာဏ်အစိတ်အပိုင်းများမှ ရှေးဦးဆန်သော အရှိန်အဝါကို ခံစားနေရသေးပေသည်။
ထိုရွှေရောင်ဘီလူကြီး၏ ဒေါသကို အရှင်သခင်နယ်ပယ်တစ်ယောက် လုံး၀ ခုခံနိုင်လိမ့်မည်မဟုတ်ချေ။ သူသာ ရွှေရောင်ဘီလူးကြီးကို သတိမေ့မျောမသွားသည့်အပြင် လိုချင်သည့်အချိန် ထိန်းချုပ်နိုင်မယ်ဆိုရင် ကျဲလို ခန္ဓာကိုယ်ရလာမလား တွေးကြည့်လိုက်၏။
သို့ဆိုရင်တော့…
ဂလု…။
စုရှောင်ရှန် တံတွေးမျိုချလိုက်၏။ သူ့မျက်နှာထက်တွင် တောင့်တနေသော အမူအရာမျိုးပေါ်လာခဲ့သည်။
“ဒါဆိုရင် ဘယ်သူမှ ငါ့ကိုတားနိုင်တော့မှာမဟုတ်ဘူး။ နတ်ဘုရားတွေလာရင်တောင် သတ်ပစ်နိုင်မှာ။ ဟာ တော်တော့… တော်တော့ မတွေးနဲ့တော့။ လက်ရှိပစ္စပ္ပုန်ကိုပဲ အာရုံစိုက်ထား”
စုရှောင်ရှန် အချိန်ဆိုင်းမနေတော့ဘဲ ပင်ကိုယ်သော့ ဆယ်ချောင်း၀ယ်ယူလိုက်သည်။
“အာအန်ဂျီးဆက်မစပါ”
အိပ်ယာပေါ်တွင် ထိုင်နေသည့် စုရှောင်ရှန် ဆတ်ကတည်း ထခုန်လိုက်သည်။ ထိုမှ အခန်းအတွင်းခေါက်တွန့်ခေါက်ပြန်လျှောက်နေပြီးနောက်မှာ သန့်စင်ခန်းအရှေ့ ရောက်သည့်အခါ ရပ်လိုက်သည်။
“ရေအိမ်က ကံမကောင်းတဲ့နေရာဆိုတော့ တစ်ခန်းလုံးက ကံမကောင်းခြင်းတွေစုနေမှာပဲ။ ဒါပေမယ့်…”
စုရှောင်ရှန် သူ၏ ဆယ်ခါတစ်ခါ ကောင်းခဲနိုင်လွန်းသည့် ကံကို မြင်ယောင်မိသွားသည်။ သူ့ကို အာအန်ဂျီးဆက်လည်း မ မစတာကြာလေပြီ။
“ကံဆိုးတာနဲ့ ကံဆိုးတာ ထပ်ပြီးတော့ ကံကောင်းသွားတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဟုတ်တယ်”
“အာအန်ဂျီးဆက် မစပါ”
စုရှောင်ရှန်သော့ချောင်းများကို တစ်ချောင်းပြီးတစ်ချောင်း ထိုးထည့်လိုက်ပြီး ခေါင်းကိုပိုက်ကာ ကားကားကြီး ဆောင့်ကြောင့် ထိုင်ချလိုက်သည်။ ထိုမှ ကံဆိုးမှုတွေကို ရှောင်ရှားရန် ကားယားကြီးပဲ ကြမ်းခင်းပေါ်တွင် ပက်လက်လှန်ကာ လှဲလျောင်းလိုက်လေသည်။
သူ့အမြင်နက်မှောင်သွားခြင်းလို ပုံရိပ်ယောင်ထဲဆွဲခေါ်ခံရခြင်းလို မဖြစ်ပျက်သွားပေ။ အခန်းလေးက သူ့ဟာသူ မှောင်နေစဲသာဖြစ်သည်။
၎င်းက ကျွမ်းကျင်ပင်ကိုယ်စွမ်းရည်မရရှိဘူးဆိုသည့် လက္ခဏာဖြစ်သည်။ စုရှောင်ရှန် နည်းနည်းစိတ်ပျက်သွားပြီးတော့ ပက်လက်ကြီး လှဲလျောင်းနေရာက ပြန်ထလိုက်သည်။
ထိုမှ သတ္တိကိုခဲကာ အသိပေးချက်ဖန်သားပြင်ကို ကြည့်လိုက်လေသည်။
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[သော့အပိုတစ်ချောင်းရရှိပါသည်]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[သော့အပိုတစ်ချောင်းရရှိပါသည်]
[သော့အပိုတစ်ချောင်းရရှိပါသည်]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[သော့အပိုတစ်ချောင်းရရှိပါသည်]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
သော့အပိုလေးချောင်း …။
ဘန်းးး…။
စုရှောင်ရှန် မှောက်ယက်ကြီးလဲကျသွားရာ ကြမ်းခင်းပေါက်သွားခဲ့သည်။
“ငွေညှစ်နေတာ။ ငါသွေးနဲ့ချွေးနဲ့ ရင်းပြီး ရှာထားရတဲ့ ပင်ကိုယ်မှတ် ငါးသောင်းပါသွားပြီ။ ချီးလိုမှ စနစ်… ပြန်ပေးစမ်း”
ရှောင်ဆယ့်ခြောက်၏ အော်သံထက်ပို၍ နာကျင်ဟန်ရသော အော်သံကြီးဖြင့် စုရှောင်ရှန် အော်လိုက်ပေသည်။
ကံကောင်းစွာဖြင့် အသံတိတ် အစီအရင်ကို အမြင့်ဆုံးထိ မြှင့်ထားခဲ့ပေလို့ အပြင်က ဘာမှ မကြာရခြင်းဖြစ်လေသည်။
“သော့လေးချောင်းကို ဘာလုပ်ရမှာလဲ”
စုရှောင်ရှန် ဒေါသတကြီး ထိုသော့လေးချောင်းကို လှည်းဘီး၏ အခြေရှိ သော့ပေါက်ထဲ ထိုးထည့်လိုက်သည်။
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
ဘုန်းးး..။
ကြမ်းခင်းပေါ်တွင် စုရှောင်ရှန် ဒူးထောက်ကျသွားတော့သည်။
“ကုန်ပြီ ကုန်သွားပြီ…”
ပင်ကိုယ်သော့ဈေးတက်လာပြီးမှာနောက်မှာ ၎င်းတို့ကို သုံးဖို့ စုရှောင်ရှန် တကယ်အော့နှလုံးနာရသည်။ တဖြည်းဖြည်းနှင့် သူကိုယ်တိုင်တောင်မသိဘဲ အလောင်းအစားလုပ်ရတာ ခုံမင်လာခဲ့၏။
သူ့ပင်ကိုယ်မှတ် တစ်သိန်းသုံးသောင်းတောင် ရှိသေးတာကိုမြင်သောအခါ တုန့်ဆိုင်းခြင်းမရှိ နောက်ထပ် ပင်ကိုယ်သော့ ဆယ်ချောင်း၀ယ်ယူလိုက်သည်။
ကံဆိုတာက ယုံစားပြီး ပုံချကိုးကွယ်မိရင် ပျက်ဆီးတတ်သည်။ သို့ပေမယ့် လူသားတွေက မပြည့်စုံလေရာ ဤသို့အခြေအနေမျိုးမှာ စိတ်လိုက်မာန်ပါ လုပ်တတ်ကြ၏။
လောင်းကစားဆိုတာ ဆွဲသွားရင် လက်ထဲငွေလေးနည်းနည်းရှိတာနဲ့ကို သုံးဖြုန်းပစ်လိုက်ချင်နေတော့သည်။
“အာအန်ဂျီးဆက်ပမစပါ” လို့ စုရှောင်ရှန်အော်ရင်းက သန့်စင်ခန်းထဲကိုပြေး၀င်သွားပြီး တံခါးကို ခြေဖြင့်ဆောင့်ကာ ပိတ်လိုက်သည်။
ဘုန်း…။
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[သော့အပိုတစ်ချောင်းရရှိပါသည်]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[သော့အပိုတစ်ချောင်းရရှိပါသည်]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[တိုးချဲ့ပင်ကိုယ်စွမ်းရည် : မာကျောခြင်း ရရှိပါသည်]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[သော့အပိုတစ်ချောင်းရရှိပါသည်]
“ဝိုး တစ်ခုခုရတယ်ဟ”
မျက်လုံးနီကြီးဖြင့် စုရှောင်ရှန်သူ့မျက်လုံးများမှားနေသလားလို့တောင် ပွတ်ကြည့်လိုက်၏။ အခြားစာကြောင်းများထက် ပိုရှည်နေသော ထိုစာကြောင်းက တကယ်ဖြစ်တာ သေချာမှ ပြုံးလိုက်နိုင်သည်။
“ဟား…. ဟားဟား”
“အခါနှစ်ဆယ်တည်းနဲ့ တကယ် တစ်ခုခုရတာ ငါက တကယ်ကိုရွေးချယ်ခံပဲဟ။ အာအန်ဂျီးဆက်တကယ် မစတာပဲ”
“ခုငါ့ကို ဘယ်သူ တားနိုင်တော့မလဲ”
ဘုန်း…။
စုရှောင်ရှန် စိတ်လှုပ်ရှားလွန်းလို့ သန့်စင်ခန်းတံခါးကိုမဖွင့်တော့ဘဲနှင့် ၀င်တိုက်ကာ အိပ်ယာထက်ကို ခုန်တက်လိုက်သည်။
ဘုန်း..။
ကုတင်ကျိုးသွား၏။
“ဟင်” စုရှောင်ရှန်၏ ရဲရဲနီနေသော မျက်လုံးများ ထိုကျိုးကျသွားသော ကုတင်ကိုကြည့်ရင်းနှင့် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာခဲ့သည်။
စုရှောင်ရှန် တိတ်ဆိတ်နေပြီး အချိန်အတော်အတန်ကြာမှ ကြောင်တောင်တောင်နှင့် တဟားဟား ထရယ်လိုက်လေသည်။
“ဟားဟားဟားဟား”
ကြမ်းခင်းပေါ်မှာပါ ဗိုက်ကိုဖိရင်း လှိမ့်ပတ်ရယ်သည်။
ထိုမှ အူတက်နေတာ ရပ်သွားသောအခါ စိတ်ကိုလျော့ပြီး အသိပေးချက်ဖန်သားပြင်ကို ပြန်ကြည့်လိုက်သည်။
“မာကျောခြင်း။ ဘာကိုပြောချင်တာလဲဟ။ ခန္ဓာကိုယ်ကို မာအောင်လုပ်တာလား”
စုရှောင်ရှန် ခြေထောက်ကိုမြှောက်၍ အားယူကာ ခုန်ရပ်လိုက်သည်။
“လခွမ်း”
ထာ၀ရအသက်စွမ်းအင်က အပြင်းအထန်လည်ပတ်နေလေသည်။
ထိုမှ နာကျင်မှုက စိတ်လှုပ်ရှားရူးသွပ်နေသော ခံစားချက်များကို ဖိနှိပ်ကာ စုရှောင်ရှန်ကို ကုတင်အကျိုးပေါ်က အိပ်ယာထက်တွင် ထိုင်စေလိုက်သည်။ သူ့ပေါင်းများကို ပွတ်ရင်း တုံ့ဆိုင်းခြင်းမရှိ စုရှောင်ရှန် စတင်ခြင်းအဆင့် စွမ်းရည် ဆယ်မှတ် ၀ယ်ယူလိုက်သည်။
“တစ်သောင်းလောက်ကဘာမှ မဖြစ်ပါဘူးလေ”
အစပိုင်းမှာ ဘယ်လောက် အသုံးမကျဖြစ်နေပါစေ ပင်ကိုယ်စွမ်းရည်တစ်ခုက စစ်မှန်ခြင်းနယ်ပယ်သို့ရောက်သောအခါ ငါးကြင်းမှ နဂါးပြောင်းသွားမည်ဖြစ်သည်။ ထိုမှ အလင်းများလည်းပေါက်နိုင်သည်။
သူ့ဟာသူတွေးကြည့်ခြင်းက တိုက်ရိုက်အချက်အလက်များရတာနှင့် မယှဉ်နိုင်ပါပေ။
“ဘာဖြစ်ဖြစ် စနစ်က ထုတ်လုပ်လိုက်တဲ့အရာဆိုတော့ ပြောနေစရာမလိုတော့ပါဘူး။ နာမည်က ဘယ်လောက်စုတ်ချာနေပါစေ သူတို့ အကျိုးသက်ရောက်မှုက အမြဲ ပါးစပ်အဟောင်းသားဖြစ်သွားစေတာပဲလေ”
[မာကျောမှု (စတင်ခြင်းအဆင့် ၁)]
[မာကျောမှု (စစ်မှန်ခြင်း ခြင်းအဆင့် ၁)]
စုရှောင်ရှန်၏ ခန္ဓာကိုယ်တစ်လျှောပ်ကို ပူ နွေးနွေး စီးကြောင်းများဖြတ်သွားတာကြောင့် ရေပူစမ်းထဲမှာ ဇိမ်ခံ စိမ်နေရသည့်အလား သက်တောင့်သက်သာခံစားလိုက်ရလေသည်။
သူ့စိတ်ထဲကို အချက်အလက်တွေ၀င်ရောက်သွားပြီးသောအခါ ပိတ်ထားသော မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ ၎င်းတို့က ပျော်ရွှင်ခြင်း၊ ၀မ်းသာခြင်းတို့ကို ထင်ဟပ်ပြနေ၏။
အပိုင်း (၂၈၀) ကြောက်မက်ဖွယ်ရာ ပေါင်းစပ်ခြင်းနည်းစနစ်
“မာကျောတာမဟုတ်ဘူးပဲ”
မာကျောမှုက ခန္ဓာကိုယ်ကို ကျောက်တုံးကဲ့သို့ ပိုပြီးမာကျောလာစေတာမျိုးမဟုတ်ဘဲနှင့် ခံနိုင်ရည်ကိုသာ တိုးမြှင့်ပေးတာဖြစ်သည်။ ၎င်းက မုန်တိုင်းထဲမှာတောင် နေရာကနေမရွေ့ ကြံ့ကြံ့ခိုင်သည့် ခုခံနိုင်စွမ်းလိုမျိုးဖြစ်၏။
ဤပင်ကိုယ်စွမ်းရည်ကို စစ်မှန်ခြင်းနယ်ပယ်သို့ မြှင့်လိုက်ပြီးတဲ့နောက်မှာ စုရှောင်ရှန် ချော်တောင်မလဲနိုင်တော့ဟု ခံစားရသည်။
သူ့ရန်သူက သူ့ကို နောက်သို့ တွန်းမပို့နိုင်လျှင် ဘယ်လိုတိုက်ခိုက်တိုက်ခိုက် ဘာအမှအကျိုးရှိလိမ့်မည်မဟုတ်ချေ။ ထိုတိုက်ခိုက်မှုများကို မာကျောမှုက အလွယ်တကူ ပယ်ဖျက်နိုင်ပေမည်။
သို့ပေမယ့်
“ငါ့မှာ ကြော့ကွင်းရှိပြီးသားလေ”
ပင်ကိုယ်စွမ်းရည်နှစ်ခု ထပ်သွားတာများလား စုရှောင်ရှန် ရင်တထိတ်ထိတ်ဖြစ်သွားပြီးမှ မဟုတ်ကြောင်းပြန်သိရပြီး စိတ်သက်သာရာရသွားပေသည်။
“ကြော့ကွင်းနဲ့ မာကျောမှုတို့က မထပ်ဘူးပဲ။ ဒီနှစ်ခုကို ပေါင်းစပ်ပြီးတောင်အသုံးပြုလို့ရသေးတယ်။ ရန်သူက ငါ့ကို လာထိုးမယ်ဆိုရင် ငါ့လွင့်သွားရင်တောင် ကြော့ကွင်းကြောင့် သူလည်းပြန်လွင့်မယ်။ ခု မာကျောမှု ရှိလာတော့ သူပဲလွင့်ပြီး ငါက မလွင့်သွားတော့ဘူး။ ဒီလို ငါကမလွင့်သွားဘူးဆိုရင် ငါ့ကို လက်သက်ရောက်တဲ့အားတွေက ဘယ်ပြန်သွားလိမ့်လဲ”
ထိုတွင် သက်ရောက်မှုအားက သူ့ကိုတိုက်ခိုက်လိုက်သူထံကို ပြန်ရောက်သွားပေမည်။
“ကြော့ကွင်းကတစ်ဆ မာကျောမှုက တန်ပြန်သက်ရောက်တာကတစ်ဆဆိုရင် နှစ်ဆပေါ့”
စုရှောင်ရှန် ထိုသို့တွေးမိပြီး သူ့လက်နှစ်ဖက်ကိုမြှောက်ကာ တစ်ခုနှင့် တစ်ခု ထိုးလိုက်လေသည်။
၎င်းကို ကြော့ကွင်းရတုန်းကလည်း စမ်းသပ်ဖူးသည်။ ထိုစဉ်က ကြော့ကွင်းမှ တန်ပြန်အားကြောင့် လက်နှစ်ဖက်လုံး အပြင်းအထန်တုန်ရင်ပြီး ပြန်ကန်ထွက်သွားပေသည်။
ဒီတစ်ခါ ထိတိုက်မှုမှာတော့ သူ့လက်နှစ်ဖက်အကြားမှာ ကွာခြားချက်ကလေး သေးသေးလေးတောင်မဖြစ်သွားပါဘဲ ကော်နှင့်ကပ်ထားသလို ကပ်နေခဲ့၏။
သူ့လက်တွေက မရွေ့သလို ကြော့ကွင်းမှ တန်ပြန်အားက မရပ်တန့်သွားပေ။
သူ့ကိုယ်မှ ကြောက်မက်ဖွယ်ရာအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းက လျှပ်စစ်များလို သူ့ကိုယ်တစ်လျှောက်လုံးကို အရိုးပါမချန် ဖြတ်သန်းသွားပေသည်။
လှုပ်မရတော့သော သူ၏ လက်များက ထိုနောက်မှ အင်အားတစ်ခုလုံးကို အဓိက ခံစားလိုက်ရ၏။ ပြန်ကန်အားနှင့် ဆွဲငင်အားတို့ တစ်ချိန်တည်းဖြစ်ပွားသွားပြီး အရိုးကွဲကြေမတတ်နာကျင်မှုကြိးကြောင့် စုရှောင်ရှန်၏ မျက်နှာ မဲ့ရွဲ့သွားခဲ့သည်။
သူ့လက်တစ်ခုလုံးထုံကျင်သွားကာ မခံနိုင်တော့တဲ့အဆုံးမှာ ညည်းသံသဲ့သဲ့ကလေးတောင် ထွက်သွားခဲ့၏။ သို့ပေမယ့် နာကျင်မှုက ထိုမျှနှင့်မပြီးသေးဘဲ ဒုတိယ တန်ပြန်လာသော သက်ရောက်အားရောက်လာခဲ့သည်။
သူ့လက်ဖျံတစ်ခုလုံးမှာ အက်ကွဲကြောင်းများထလာပြီး သွေးများစိမ့်ထွက်လာခဲ့၏။ ဤမြင်ကွင်းကြောင့် စုရှောင်ရှန် ကြက်သေသေသွားခဲ့သည်။
“ကြောင်စရာကောင်းလိုက်တာ”
သူ၏ နောက်ကထောက်ပံ့ပေးထားသော အရှင်သခင်နယ်ပယ် ခွန်းအားဖြင့် ကြော့ကွင်းနှင့် မာကျောမှုတို့က စစ်မှန်ခြင်းနယ်ပယ်လေးနှင့်တောင် ကြောက်မက်ဖွယ်ရာ သက်ရောက်မှုမျိုးရှိနေခဲ့သည်။
ထိုမှ ရပ်တန့်သွားသောအခါ သူ့လက်နှစ်ဖက်လုံးထုံကျင်နေပြီး လှုပ်မရတောင်ဖြစ်သွားပေသည်။ ထာ၀ရအသက်စွမ်းအင်က ၎င်း၏ စွမ်းပကားကို တဖန်ပြလိုက်ကာ ချက်ခြင်းပြန်သက်သာသွားစေလိုက်သည်။
“ကြမ်းတယ်ဟ”
စုရှောင်ရှန် ကျေနပ်နေပေသည်။ မာကျောမှုမှ တန်ပြန်သည့် သက်ရောက်အားက အရင်မလာဘဲနှင့် နောက်မှ အချိန်ကိုက် ရောက်လာလို့တော်သေးပေသည်။ မဟုတ်ရင် မာကျောမှုက တန်ပြန်အားက စောစောရောက်လာမယ်ဆိုရင် ကူကယ်ရာမဲ့စွာ ခံရမည့်သူက သူဖြစ်သွားပေမည်။
ယခုလို သန်မာသောခန္ဓာကိုယ်ရှိသည့်အချိန်မှာ ဤသို့သော ပင်ကိုယ်စွမ်းရည်ကို ရလိုက်တာက ကျားကို အတောင်တပ်ပေးခြင်းဖြစ်သည်။
၎င်းက မြေပြင်ကို ဆိုင်းမဆင့်ဘုံမဆင့်မိုးတောင်မအုပ်ဘဲ ပစ်ချလိုက်သည့် မိုးကြိုးနှင့် ဆင်တူသည်။
“ကြော့ကွင်းနဲ့ မာကျောမှု”
စုရှောင်ရှန် ရေရွတ်လိုက်သည်။ သူ့စိတ်ထဲကလည်း ရန်သူကသူ့ကိုလာထိုးပေမယ့် သူကတော့ နေရာကမရွေ့ဘဲ ကြော့ကွင်းမှ ပြန်ကန်အားကြောင့်တစ်မျိုး၊ မာကျောမှုမှ တန်ပြန်အားကြောင့်တစ်ဖုံဖြင့် ထိုရန်သူသာလွင့်ထွက်သွားရပြီး လေထဲမှာတင် လက်သီးဆုပ်ကြီး ပေါက်ကွဲထွက်သွားတာကို မြင်ယောင်နေပေသည်။
ထိုရန်သူသာ သူ့ကို တစ်စက္ကန့်အတွင်း အချက်ရေများစွာထိုးလိုက်တယ်ဆိုရင်…။
“လခွမ်း။ ရန်သူက လက်သီးထိုးချက်တွေဆက်တိုက်ပစ်ထိုးတတ်တဲ့ အမျိုးအစားနဲ့ တစ်စက္ကန့်အတွင်း လက်သီးချက်တစ်ရာလောက် ထိုးနိုင်တယ်ထား။ အဲ့ထိုးချက်တွေမပြီးသေးခင် တစ်၀က်ဆက်ကြားလေးမှာ သူ့လက်သီးတွေ ပေါက်ကွဲထွက်သွားတာသိရင် ဘယ်လိုနေမလဲမသိဘူး”
သူ့အတွေးနှင့်တူ လက်ဖျားခါသွားပေသည်။
“စနစ်က ငါ့ကိုအိပ်နေရင်းနဲ့ ကျင့်ကြံခြင်းတစ်ပါးတည်း လုပ်ဆောင်နိုင်ပြီး ဘာမှလုပ်စရာမလိုဘဲ တိုက်ခိုက်နိုင်တဲ့သူဖြစ်အောင်တောင် ပြောင်းပေးနေသလိုပဲ။ နေဦး နေဦး… စိတ်ကြီးမ၀င်နဲ့။ ဒီကမ္ဘာကြီးမှာ ပြီးပြည့်စုံတယ်ဆိုတာမရှိဘူး။ ငါလည်း အားနည်းချက်တစ်ခုခုတော့ရှိရမယ်”
အချိန်အတန်ကြာအောင် စဉ်းစားနေပြီးတဲ့နောက်မှာ စုရှောင်ရှန် လက်ခုပ်လက်ဝါးတီးလိုက်သည်။
“ဟုတ်တယ် ရန်သူက ငါ့မှာ နှစ်ဆ တန်ပြန်အားရှိတာသိရင် ငါနဲ့ ထိပ်တိုက်ရင်ဆိုင်ရဲတော့မှာမဟုတ်ဘူး။ ဒီလိုဆိုရင် ကြော့ကွင်းနဲ့ မာကျောမှုတို့ပေါင်းလည်း အလကားဖြစ်သွားလိမ့်မယ်”
“ ဟင် မဟုတ်သေးပါဘူး…”
ထိုမှ စုရှောင်ရှန်၏ မျက်လုံးများ မျက်လုံးအိမ်က ကျွတ်ကျမတတ် ပြူးကျယ်သွားခဲ့သည်။
“ငါက သေခြင်းရှင်ခြင်းတိုက်ပွဲမှာ တကယ်သွားအိပ်နေမှာမှမဟုတ်တာ။ ပထမ တိုက်ကွက်ပြီးလို့ ရန်သူက အကြောင်းသိပြီး နောက်ပြန်ဆုတ်သွားတယ်ဆိုရင်တောင် ငါက နောက်ကလိုက်ပြီး အခွင့်အရေးရှာ ဖမ်းချုပ်ထားလိုက်မယ်ဆိုရင် ငါ့ကို ထိပ်တိုင်ရင်ဆိုဖို့ကလွဲပြီး တတ်နိုင်တော့မှာမဟုတ်ဘူး။ ဒီလိုနဲ့ သူက လွင့်ထွက်သွားတဲ့အချိန် ငါဖမ်းမိလိုက်တာက … ခေါင်းဖြစ်နေမယ်ဆိုရင်… အိုးဟိုးဟိုး”
စုရှောင်ရှန် တဆတ်ဆတ်တောင်တုန်ရင်သွားခဲ့ပေသည်။
“မဟုတ်သေးပါဘူး။ ငါ့ရန်သူက မတိုက်ခိုက်လာရင် ဘာမှ ဖြစ်တော့မှာမဟုတ်ဘူးဟ”
အဲ့တော့ ရန်သူကမတိုက်ခိုက်လျှင်သူ့ဘက်က စပြီး တိုက်ခိုက်ရုံသာရှိတာကို သိလိုက်သည်။
“ငါက စတိုက်ခိုက်လိုက်တာဆိုရင် ဒီပင်ကိုယ်စွမ်းရည်နှစ်ခုပေါင်းရဲ့ အကျိုးသက်ရောက်မှုက ပြိုင်စံရှားပဲ”
စုရှောင်ရှန်၏ ဒူးများခွေကျသွားသည်။
“ငါ ပြိုင်ဘက်ကင်းနေပြီလား။ မဟုတ်ဘူး မဟုတ်ဘူး။ စောနေကာ ပြောသလိုပဲ ပြီးပြည့်စုံတယ်ဆိုတာ တောင်မရှိတာ အကျွင်းမဲ့ ပြိုင်ဘက်ကင်းတာလည်း မရှိနိုင်ဘူး။ ဆိုးကျိုးတစ်ခုခုတော့ရှိရမယ်”
စုရှောင်ရှန် တင်ပြင်ခွေထိုင်ချပြီး စဉ်းစားလိုက်သည်။ ထို့နောက် အချိန်အတော်လေးကြာသွားမှ အလင်းပေါက်သွားပေသည်။
“ဟုတ်သားပဲ။ ငါ့ရန်သူက ငါ့လို ခံနိုင်ရှည်ရှိတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားရင် ဒီစုပေါင်း နည်းစနစ်က တန်ပြန်လိုက်တဲ့ အားနှစ်ဆကို သူ့ဘက်က နှစ်ဆထပ်တိုးပြီး ငါ့ဘက်ပြန်လွှဲလိုက်နိုင်မှာပဲ”
“ ဟာ… ဒါလည်း သေချာတွေးကြည့်ရင် မဟုတ်သေးဘူးဟ”
သူ့ကိုထိုသို့ အားနှစ်ဆထပ်ပြန်ပြီးလွှဲပေးလိုက်ဖို့ဆိုရင် ရန်သူက အရှင်သခင်နယ်ပယ်ထက်ပိုသော ခန္ဓာကိုယ်ရှိမှ ဖြစ်ပေမည်။
“ဒီလိုလူရှိဖို့က ဘယ်လိုဖြစ်နိုင်မှာလဲ”
ထိုအရာကို အတွေးပေါက်သွားပြီးနောက်မှာ စုရှောင်ရှန် ထိန်းမထားနိုင်တော့ဘဲ လက်ပစ်လဲကျသွားခဲ့သည်။
သူ့မျက်ခုံး၊ နှုတ်ခမ်းများ အဆက်မပြတ်လှုပ်နေပြီး စိတ်လှုပ်ရှားပျော်ရွှင်မှုကြောင့်လား၊ တတွတ်တွတ်ရေရွတ်နေသောကြောင့်လားဆိုတာ ဝေခွဲမရပေ။
“မဖြစ်နိုင်ဘူး။ လုံး၀မဖြစ်နိုင်ဘူး။ ငါပြိုင်ဘက်ကင်းလာတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
မကြာခင် နေ့တစ်၀က်ကုန်ဆုံးသွားပြီး သူတွေးနိုင်သလောက်တိုက်ခိုက်သည့်နည်းလမ်း ရာနှင့်ချီအောင်တွေးကြည့်ပြီးတာတောင် အဖြေကိုရှာမတွေ့သေးချေ။
စုရှောင်ရှန် နှလုံးထဲကတောင် စူးအောင့်သလို ခံစားလာရတာကြောင့် ရင်ဘက်ကိုဖိထားရ၏။ သူ့မျက်နှာအမူအရာကလည်း အမျိုးမျိုးပြောင်းလဲနေသည်။
“ဟူးးးးး….”
စုရှောင်ရှန် စိတ်အလိုမကျနိုင်ဖြစ်နေသော ထိုဒုက္ခကြီးကနေ ပြန်သက်သာလာနိုင်ခဲ့သည်။ ကျင်ထုံနေသော ကြွက်သားများကို အညောင်းအညာပြေစေရန်အလို့ငှာ ဆေးလုံးတစ်လုံးထုတ်ယူပြီး အားဖြင့်ရှိုက်လိုက်၏။
စိတ်ဝိညာဉ်နဂါးနှစ်ကောင် ဖွဲ့တည်ဖြစ်ပေါ်လာကာ သူ့နှာခေါင်းနှစ်ပေါက်ထဲက တစ်ဆင့် ကိုယ်တစ်လျှောက်လုံးကို ဖြတ်သန်းစီးဆင်းကာ ဒန်ထျန်ထဲ၀င်သွားခဲ့သည်။
စုရှောင်ရှန် တစ်ခုခုမူမမှန်တာ သတိထားမိပြီး မျက်လုံးများဆတ်ကတည်းပြန်ဖွင့်လိုက်သည်။
စိတ်ဝိညာဉ်ဆေးလုံးလည်းဆိုသေး အဘယ်ကြောင့် သာမန်ထက် ပိုပြီးတော့ စိတ်ဝိညာဉ်စွမ်းအင်တွေ သန်မာနေရတာလဲ။
သူ့ခေါင်းကိုငုံ့၍ အကျွင်းအကျန်ဆေးလုံးလေးကို မယူကာ သေချာအနံ့ခံကြည့်လိုက်မှ ၎င်းက စိတ်ဝိညာဉ်ဆေးလုံးမဟုတ်ဘဲ မူလနန်းတော်ဆေးလုံးဖြစ်နေတာသိလိုက်ရ၏။
စုရှောင်ရှန် မှင်တက်သွားသည်။
“အူးး…။ အားးး…”
ကြမ်းခင်ပေါ်ကို စုရှောင်ရှန် ပြန်မှောက်လဲကျသွားပြီး ခြေနှစ်ဖက်ကို ပူးကပ်လိုက်လေသည်။ သူ့မျက်နှာလည်း တဖြည်းဖြည်းနီရဲလာခဲ့၏။
“အီးးး… မ-မဟုတ်တာ”
စုရှောင်ရှန်၏ လက်ကောက်၀တ်များကခေါက်နေသည်။ လည်ပင်းကလည်း ကော့တက်သွားပြီးတော့ ကြမ်းခင်းပေါ်မှာ လူးလိမ့်လိုက်လေသည်။
ဤအခြေအနေမှာဆို သူ့ခန္ဓာကိုယ်က အထိအခိုက်လွယ်လွန်းလှတာကြောင့် ငြိမ်ငြိမ်လေးနေနေရပေသည်။ ယခုကဲ့လှုပ်ရှားလိုက်မယ်ဆိုရင်တော့ဖြင့်…
“ငါ… အင်းးးး”
“အားးးး”
“ချီး-ချီးပဲ”
အပိုင်း (၂၈၁) ချက်ခြင်းအသုံးပြုလို့ရသော နည်းစနစ်
အဆက်မပြတ်တုန်ခါနေသော စိတ်ဝိညာဉ်စွမ်းအင်တို့က အခန်းကလေး၏ နံရံများကိုရိုက်ခတ်ပြီးနောက် ပြန်ကန်ထွက်လာကြသည်။
လေထုထဲတွင် ဆန်းကြယ်သော အရှိန်အဝါတစ်ခုကို ခံစားနေနိုင်သည်။ ၎င်းက ကောင်းကင်ဘုံလမ်းစဉ်၏ အလင်းပြမှုဖြစ်၏။
ကြမ်းခင်းပေါ်မှာ ခြေနှစ်ဖက်ကို ပူးကပ်၍ ဆားလူးခံထားရသော ငါးတစ်ကောင်လို စုရှောင်ရှန် တွန့်လိမ် တွန့်လိမ် ဖြစ်နေသည်။ သူ့ခြေထောက်က ဒူးအောက်ပိုင်းမှ စ၍ ခွဲဖြာသွားသောကြောင့် တွန့်လိမ်နေသည့် ရေသူထီးအလား ပုံပေါ်နေ၏။
“ငါအဆင့်တက်သွားပါလား”
သူ့ဒန်ထျန်ကိုမကြည့်ဘဲနှင့်တောင် မူလနန်းတော်အလယ်ပိုင်းကိုရောက်သွားပြီမှန်း စုရှောင်ရှန် သိလေသည်။ သူ့အသက်ရှူခြင်းနည်းစနစ်က စစ်မှန်ခြင်းနယ်ပယ်ကိုရောက်ပြီးနောက်မှာ ဆေးလုံးကို စုပ်ယူရာမှာ စတင်ခြင်းနယ်ပယ်ကထက် အဆ တစ်ရာလောက်သာလာခဲ့၏။
ကျင့်ကြံခြင်းပါရမီရှင်များတောင် စုရှောင်ရှန် ဆေးလုံးစုပ်ယူမှု၏ ဆယ်ပုံတစ်ပုံခန့်လောက်သာ စုပ်ယူနိုင်စွမ်းရှိပေသည်။
မူလနန်းတော်ဆေးလုံးနှင့် စစ်မှန်ခြင်းနယ်ပယ်အသက်ရှူခြင်းနည်းစနစ်တို့ပေါင်းစပ်မှုမှ အပြင်စည်းတွင် မိုးတိမ်လေပြိုင်ပွဲကျင်းပချိန်ကို စုရှောင်ရှန် အမှတ်ရသွား၏။
ယခုက ပထမဆုံးအကြိမ် ဆေးလုံးစုပ်ယူခြင်းတုန်းကခံစားနေရတာနှင့် ဘာမှ မကွာခြားချေ။
“ငါထျန်းရွှမ်တံခါးထဲ၀င်ပြီး အသက်ရှူခြင်းနည်းစနစ်နဲ့ ရင်းနှီးအောင်လုပ်ပြီးတာတောင် မရပါလားနော်”
စုရှောင်ရှန် ငိုလိုက်ချင်၏။ အဆင့်ကိုး စိတ်ဝိညာဉ်ဆေးလုံးထက် အဆင့်ခုနှစ် မူလနန်းတော်ဆေးလုံးက အပုံကြီးသာလေသည်။ စိတ်ဝိညာဉ်စွမ်းအင်ပမာဏ ပါ၀င်နှုန်းကလည်း နှိုင်းယှဉ်လို့မရအောင်တောင် သိပ်သည်းသည်။
ကံဆိုးစွာဖြင့် သူသေသေချာချာလေးထိန်းသိမ်းထားသည့် ကျင့်ကြံခြင်းက နောက်တစ်ကြိမ် မတော်တဆဖြစ်ပြီး ချိုးဖျက်တက်သွားပြန်၏။
တကယ်ကို ကံကြမ္မာကြီးက မသေချာမရာမှုများဖြင့် ပြည့်နေပေသည်။ အစက စုရှောင်ရှန်က မူလနန်းတော်အစောပိုင်းနှင့် အလယ်ပိုင်းတို့အကြားကွာခြားချက်က သိပ်မကြီးလောက်ဟုတွက်ထားပေမယ့် သူ့ဒန်ထျန်ကိုကြည့်လိုက်သည့်အခါမှ မှင်တက်သွားရ၏။
တကယ်က စစ်မှန်ခြင်း မူလနန်းတော်နယ်ပယ်မှာ အဆင့်သေးတစ်ခုနှင့်တစ်ခုအကြားက ကွာခြားချက်က ကြီးမားပေသည်။ အစောပိုင်းအဆင့်ကနေ အထွတ်အထိပ်အဆင့်ကို ကျင့်ကြံဖို့တောင် စိတ်ဝိညာဉ်ကျင့်ကြံခြင်းအဆင့် သုံးမှ စစ်မှန်ခြင်းနယ်ပယ်ထိကျင့်ကြံရတာထက် ခက်ခဲသည်။
ယခု မူလနန်းတော်အလယ်ပိုင်းအဆင့်ကို ချိုးဖျက်တက်သွားပြီးသည့်အခါ သူ၏ ဒန်ထျန်က နှစ်ဆကျော်တောင် ပိုကြီးမားလာခဲ့၏။ ထို့အပြင်ကို စိတ်ဝိညာဉ်အနှစ်သိပ်သည်းမှုနှုန်းလည်း ပိုများလာပေသည်။
“ဆိုလိုတာက ငါ့စိတ်ဝိည်နည်းစနစ်တွေကိုအသုံးပြုရင်လည်း နောက်ကအားက နှစ်ဆဖြစ်သွားမှာပဲ။ စိတ်ဝိညာဉ်ကျင့်ကြံသူတွေ အသည်းအသန် အဆင့်တက်ဖို့ ကြိုးစားကျင့်ကြံနေကြတာ မဆန်းတော့ပါဘူး။ ဒါက သူတို့အတွက် အမြန်ဆုံး အကောင်းဆုံးလမ်းဖြစ်နေတာကိုး။ နှမျောစရာက ငါနဲ့သင့် တော်တဲ့ လမ်းစဉ်ဟုတ်မနေတာဘဲ”
စုရှောင်ရှန် အရှင်သခင်နယ်ပယ်နည်းစနစ်ကို ကျင့်ကြံနိုင်တာ (သို့) တီထွင်ဖန်တီးနိုင်တဲ့ တစ်နေ့ကြရင်တော့ သူလျှောက်နိုင်တဲ့လမ်းစဉ်ဖြစ်လာပေလိမ့်မည်။ ထိုအခါ သူ၏ ပါရမီက ထင်ပေါ်လာပေလိမ့်မည်။
ယခုတော့ သူ့အတွက် မသင့်တော်သေးချေ။ သို့ဖြင့် ကျင့်ကြံခြင်းနယ်ပယ်နှင့်ပတ်သက်သည်များကို ဘေးခဏချထားလိုက်သည်။
သူက ယခုမှ အဆင့်တက်သွားလို့ ကျင့်ကြံခြင်းကို တည်ငြိမ်အောင် အခြားသူများလို တကူးတကလုပ်နေစရာမလိုပါချေ။ သူ့အသက်ရှူခြင်းနည်းစနစ်ကို လုပ်ခိုင်းထားလို့ဖြစ်၏။
ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်စရာမလိုသောကြောင့် သူ့မူလနန်းတော်ထဲက အနီရောင်ဖန်သားပြင်ကြီးကို အာရုံစိုက်လိုက်သည်။
[ပင်ကိုယ်မှတ် : ၈၂၀၂၀]
စုရှောင်ရှန် ခဏတာ တိတ်ဆိတ်သွားသည်။
“ငါတကယ် စိတ်လိုက်မာန်ပါ လုပ်လိုက်မိတာပဲ”
သူ့မူလအကြံက ကံစမ်းမဲ ဆယ်ခေါက် တစ်ကြိမ်သာ လှည့်ရန်ဖြစ်သည်။ ကံဆိုးစွာဖြင့် ဘာရလဒ်မှ မရတဲ့အတွက် ဒေါသထွက်နေသော အခြေအနေမှာ စိတ်ဗလာကျင်းနေပြီး မည်သည်မှ တွေးတောခြင်းမရှိ နောက်ထပ် ပင်ကိုယ်မှတ် ငါးသောင်းကို ကမူးရှူးထိုးအသုံးပြုမိလိုက်၏။
“ငါမဲတွေနှိုက်လိုက်တာ ဂဏာန်ကြီးတစ်လုံးတောင် လျော့သွားပြီ”
သို့ပေမယ့် စုရှောင်ရှန် ၎င်းကို တွေးတောမနေပါတော့ချေ။ ၀မ်းနည်းဖွယ်ရာအဖြစ်အပျက်ကို တွေးတောနေလို့ ပို၍ ၀မ်းနည်းလာဖို့သာရှိချေမည်။
“ကံကောင်းတာက ငါတစ်ခုခု ရလိုက်လို့ပေါ့”
မဟုတ်လျှင် ကျန်ပင်ကိုယ်မှတ် ရှစ်သောင်းထဲကတောင် ဆက်လက်၍ သုံးမိမလား မသိချေ။ ယခုလို အခြားပင်ကိုယ်စွမ်းရည်ဖြင့်တွဲသုံးလို့ရသော စွမ်းရည်တစ်ခုရတာကိုက ကံကောင်းလှပြီဟု တွက်လိုက်သည်။
၎င်းက အံ့မခန်းစွမ်းရည်တစ်ခုဖြစ်သော်လည်း တကယ်တိုက်ပွဲမှာ အသုံးပြုမှု အကန့်အသတ်ကြောင့် ပြဿနာအနည်းငယ်ရှိနိုင်သည်။
အဓိက ပင်ကိုယ်စွမ်းရည်များကို ဘယ်ဟာအဆင့်ထပ်မြှင့်ရမလဲ ခေါက်တွန့်ခေါက်ပြန်ကြည့်ပြီး နောက်ဆုံး ကြော့ကွင်းပေါ်ရောက်မှ သူရပ်လိုက်သည်။
[ကြော့ကွင်း (စစ်မှန်ခြင်းအဆင့်-၁)]
၎င်းက အလွန်အသုံး၀င်သော စွမ်းရည်ဖြစ်သည်။
တိုးတက်မှုမရှိသေးသော ချွန်ထက်ခြင်းလို ပင်ကိုယ်နည်းစနစ်ဖြင့် ယှဉ်လျှင် ဤနည်းစနစ်က တိုက်ပွဲတွေမှာ အဓိက အခန်းကဏ္ဌကြီးကနေ ပါ၀င်နိုင်သည်။
အတွေးအခေါ်အရကော လက်တွေ့မှာပါ ရန်သူက သူ့နားကိုကပ်လာခဲ့လျှင် ကြော့ကွင်းကြောင့် အငိုက်မိပြီး လွင့်ထွက်သွားရလေသည်။
သူ့ကို ရုပ်ပိုင်းဆိုင်ရာအရ လာရောက်တိုက်ခိုက်သည့်သူများ တည်ငြိမ်သော အမူအရာထားနိုင်တာကို စုရှောင်ရှန် မတွေ့ဖူးသေးချေ။ ပြန်လွင့်ထွက်သွားသောအခါ သူတို့အားလုံး၏ မျက်နှာများက ညစ်ပတ်တာ စားလိုက်ရသလို ရှုံ့မဲ့နေကြသည်။
ဤစွမ်းရည်က အံ့မခန်းအကျိုးသက်ရောက်မှုရှိတာကို သူမငြင်းဆန်နိုင်ပါ။ ၎င်းက စွမ်းအားလည်းကြီးလှသည်။ အသစ်ရရှိလာသော မာကျောမှုကိုပါ ထပ်ပေါင်းစဉ်းစား၍ ကြော့ကွင်းကို အဆင့်မြှင့်တင်ရန် စုရှောင်ရှန် ဆုံးဖြတ်လိုက်၏။
သို့ဆိုပါက ကြော့ကွင်းကြောင့်လွင့်ထွက်သွားသော ရန်သူများက ညစ်ပတ်တာ စားလိုက်ရသလိုသာ ဖြစ်မည်မဟုတ်တော့ဘဲ သူတို့ကိုယ်တိုင်စီက ညစ်ပတ်တာတွေ ထွက်ကျလာပေလိမ့်မည်။
ထိုသို့ တွေးမိပြီး တုန့်ဆိုင်းခြင်းမရှိ ကြော့ကွင်းကို ဆယ်ကြိမ်ဆက်တိုက်အဆင့်မြှင့်လိုက်တော့သည်။
[ကြော့ကွင်း (အရှင်သခင်အဆင့်-၁)]
ပဲ့တင်ကန်ထွက်လာမှုနှင့်အတူ သူ့ရင်ဘက်ထဲက အဆုံးမရှိသော စွမ်းအင်များ ထိုးထွက်လာခဲ့၏။ ၎င်းတို့က ရှေးဦးနဂါးများ၊ ရှေးဦးဆင်များအဖြစ်ကိုပြောင်းသွားပြီးတော့ သူ့အရည်ပြားပေါ်တွင် ကခုန်နေကြသည်။
လက်သီးတစ်ချက်ဖြင့်ပင် လေဟာနယ်ကိုထိုးခွဲနိုင်လောက်မည်ဟု သူခံစားနေရ၏။
“နပေါဦး”
စိတ်ဝိညာဉ်အလင်းများလက်နေသည့်အောက်က စုရှောင်ရှန် မျက်လုံးများကို ဆတ်ကတည်း ပြူးကျယ်စွာဖွင့်လိုက်သည်။
“လေဟာနယ်ကိုခွဲမှာဟုတ်လား”
အတိတ်မှာ ကြော့ကွင်းကိုအသုံးပြုတိုင်း သူလည်း လွင့်ထွက်သွားခဲ့ရသောကြောင့် ထိုအကြံကိုအကောင်အထည်မဖော်မိချေ။ ယခုက ကွဲပြားလေပြီ။
မာကျောမှုဖြင့်ဆိုလျှင် သူ့လက်သီးချက်က ဘာမှ မရှိသည့် လေဟာနယ်ကိုတောင် ပေါက်ပြဲစေနိုင်လောက်သည်။
ထိုသို့အတွေးက စုရှောင်ရှန်ကို ပါးစပ်အဟောင်းသားဖြစ်သွားစေ၏။
ရဲ့ရှောင်ထျန်း၏ ကောင်းကင်ခွဲလက်ကိုကြည့်ပြီးတော့ ဤကမ္ဘာကြီးတွင်လည်း ဗလာနယ်ပယ်စည်းမျဉ်းတွေရှိတာကို သိပြီးလေပြီ။ ၎င်းက မမြင်ရသလို ဒြပ်မဲ့လည်းမဟုတ်ပေ။ မီး၊ ရေ၊ လေ စသဖြင့် တွေ့မြင်နိုင်သော ဓာတ်စွမ်းအင်များလို အဓိက စွမ်းအင်အမျိုးအစားထဲမှာပါသည်။
“ငါသာလုံလောက်အောင်သန်မာရင် ကြော့ကွင်းက တန်ပြန်အားက လေဟာနယ်ကို လက်သီးတစ်ချက်တည်းနဲ့ တွန့်လိမ်ပေါက်ပြဲသွားနိုင်ဖို့က စိတ်ကူးလေးပဲမဟုတ်တော့ဘူး။ ငါဒဏ္ဌာရီတစ်ခုကို လုပ်နိုင်တော့မှာပဲ…”
စုရှောင်ရှန် သွားရည်ကျလုမတတ်ဖြစ်နေ၏။ ကြေးမှုန်မှန်လေးအရှေ့ကိုလာပြီး မေးစေ့ကို ပွတ်ကာ သူ့ကိုယ်သူအကဲခတ်သည်။
ယခုဆိုလျှင် သူ့မျက်နှာထက်တွင် မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးစသဖြင့် မရိတ်တော့ ပါးပါးလေးပေါက်နေကြသည်။ ကံကောင်းစွာဖြင့် သူက ကျန်းမာရေးကောင်းလို့ အဖြူရောင်များမပေါက်လာခြင်းပေ။
၎င်းတို့ဖြင့်တောင် သူက တစ်မျိုးကြည့်ကောင်းနေသည်။
မီးတောက်နေသောမျက်လုံးများဖြင့် ကြေးမှန်လေးကို လက်ညိုးထိုးကာ ဆောင့်ကြီးအောင့်ကြီး ဆိုလိုက်၏။ “ငါ့သားလာလုပ်စမ်း”
“ဟမ်… မဟုတ်သေးပါဘူး။ ငါပြောမယ့်ဟာက ဖောင်လား လှေလား တစ်ခုခုနဲ့ သက်ဆိုင်တာပါ”
စုရှောင်ရှန် သူ့ခေါင်းကိုတဗျစ်ဗျစ်ကုတ်လိုက်လေသည်။ ၎င်းကို သူကြားခဲ့တာ အလွန်ကြာညောင်းလှပြီဖြစ်ကာ မမှတ်မိတော့ပေ။
“ထားလိုက်ပါတော့။ ဒါလည်းကောင်းပါတယ်။ လူတစ်သောင်းလောက်အကြားမှာ ‘ငါ့သားလာလုပ်စမ်း’ လို့ပြောလိုက်ရင် ပင်ကိုယ်မှတ်တွေအများကြီးရမှာပဲ” စုရှောင်ရှန် ရယ်လိုက်၏။
ထိုစကားလုံးကို မမှတ်မိနိုင်တော့လဲဘာများဖြစ်သွားမှာမလို့လဲ။ ထိုစကားနောက်က လောဟာနယ်ကို စုတ်ဖြဲလိုက်သည့်အဖြစ်က ကြောက်သေးပါဖို့လုံလောက်သွားလေမည်ဖြစ်ကာ သူ့စကားကိုတောင် ဂရုထားကြလိမ့်မည်မဟုတ်ချေ။
ယခု သူ့ခွန်အားဖြင့်ဆိုရင် ထိုသို့လုပ်နိုင်လိမ့်မည်ဟု ယုံကြည်သည်။
စုရှောင်ရှန် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး လေထဲကို လက်သီးတစ်ချက် အားဖြင့် ပစ်သွင်းလိုက်သည်။ ယခု ထိုးသောအခါ ခံစားချက်က လုံး၀ ကွဲပြားနေ၏။
ယခင်က ကြော့ကွင်းဖြင့်ဆိုလျှင် သူက လာပြီး အတိုက်ခိုက်ခံရမှ ဤသို့ ခံစားချက်မျိုးရရှိတာဖြစ်သည်။
မာကျောမှုကြောင့် သူ့ကိုယ်ထဲတွင် တန်ပြန်တွန်းအားတစ်ခုရှိနေပြီဖြစ်သည်။ သူ့လက်သီးချက်က ဘာမှမရှိသည့် လေဟာနယ်ကို ထိုးလိုက်တာဆိုရင်တောင် အားတစ်ခုထွက်သွားပေသေးသည်။
ဘုန်း…။
သစ်သားတံခါးလေး လွင့်ပျံထွက်သွား၏။
သစ်သားအကျိုးစများလည်း အရပ်လေးမျက်နှာကို လွင့်စင်ထွက်သွားကာ ကြမ်းခင်းတွင်လည်း အပေါက်ကြီးတစ်ပေါက်ဖြစ်ပေါ်သွားသည်။ စုရှောင်ရှန် ထိုမှ စင်္ကြံလမ်းလေးကိုမြင်လိုက်ရ၏။
“ဟ…”
သူပျော်လည်းပျော်သလို အံ့လည်း အံ့အားသင့်သွား၏။ နေရာမှာပင် ခုန်ပေါက် အောင်ပွဲဆင်လိုက်ချင်စိတ်များပေါ်လာသည်။
“ငါ အောင်မြင်သွားပြီလား။ လေဟာနယ်ကို မပေါက်ပြဲသွားစေဘူးဆိုပေမယ့် နောက်က ထွက်လာတဲ့လှိုင်းက ငါလိုချင်နေတဲ့ ပုံစံပဲ။ ဒါက ပင်ကိုယ်စွမ်းရည်တောင်မဟုတ်တော့ဘူး။ ချက်ခြင်းအသုံးပြုလို့ရတဲ့ ဆောင်ရွက်စွမ်းရည်ဖြစ်သွားပြီ”
ကုတင်ကျိုးကြီးအနားကနေ အပြင်ဘက် စင်္ကြံလမ်းလေးကို ကြည့်နေရင်း ပီတိတွေဝေဖြာနေပေသည်။
“တိုက်ခိုက်မှာအကွာအဝေးကလည်း အတော်ရောက်တာပဲ။ ဒါဆို ငါတာဝေးလည်း တိုက်ခိုက်လို့ရမှာပေါ့”
အပိုင်း (၂၈၂) ဖောက်ခွဲခြင်း
“ရန်သူ ရန်သူ”
စင်္ကြံလမ်းလေးတွင် စူးစူးရှရှ အော်သံကြီးပေါ်လာခဲ့၏။ ၎င်းနောက်မှ လိုက်ပါလာသော ခြေသံများကိုလည်း ကြားရသည်။
ချက်ခြင်းပဲ စုရှောင်ရှန်နှင့် မုကျစ်ရှီတို့ အခန်းစာရင်းပေးသွင်းစဉ်က ကောင်တာက ၀န်ထမ်း ဆေဘာဓားကြီးကိုကိုင်ပြီး ပြေး၀င်လာခဲ့သည်။
နောက်စက္ကန့်အတွင်း သူမှင်တက်သွား၏။
ကြမ်းပြင်ရှိ အပေါက်ကြီး၊ ကျိုးပဲ့နေသော သန့်စင်ခန်းတံခါး၊ လေးပိုင်းကျိုးသွားသော ကုတင်နှင့် အသံတိတ်အစီအရင် ကပ်ထားတဲ့ တံခါးမကြီးလည်း ပျောက်နေသည်။
ဤနေရာတွင် မည်သို့သောတိုက်ပွဲကြီးဖြစ်သွားပါသနည်း။
ထို့နောက် စုရှောင်ရှန်၏ သွေးသံတရဲရဲနှင့် လက်ဖျံ၊ အခန်းအတွင်း၌ ကျန်ရှိနေသေးသော ထူးဆန်းသည့် အနံ့၊ ကြမ်းခင်ပေါ်မှာ စွန်းထင်းနေသည့် သွေးကွက်များကို ကောင်တာ၀န်ထမ်းမြင်လိုက်ရသည်။
သူ့တံတွေးများကိုခက်ခက်ခဲခဲမျိုချပြီးတော့ မေးလိုက်ပါသည်။ “ဧည့်သည်ခင်ဗျာ၊ အဆင်ပြေရဲ့လား”
“အဆင်ပြေပါတယ်။ ဘာမှ မဖြစ်ပါဘူး”
စုရှောင်ရှန် သာမန်ကာလျှံပဲ လက်ကိုဝှေ့ရမ်းပြလိုက်သည်။ အသိပေးချက်ဖန်သားပြင် ပေါ်တွင် ဆက်တိုက်ပေါ်လာနေသော သံသယ၀င်ခံရပါသည်ဟူသော အသိပေးချက်များအရ ဒီလူက အတွေးမှားနေကြောင်းကို သူသိပါသည်။
ရှောင်ဆယ့်ခြောက်၏ အလောင်းကိုလည်း သူဖျောက်ပြီးလေပြီး ယခု အရှုပ်များအားလုံးက သူ့ကြောင့်ဖြစ်ရခြင်းပင်။ သို့ပေမယ့် အမှန်ကို သွားပြောလို့မဖြစ်ပေ။
စုရှောင်ရှန်က လက်ကိုနောက်ပစ်ပြီးတော့ တည်ငြိမ်သော အမူအရာဖမ်းလိုက်သည်။
“ပြီးသွာပြီ။ ငါ့ကို အခန်းအသစ်တစ်ခုပေး”
“ဟုတ်ကဲ့” ကောင်တာ၀န်ထမ်းလေးခေါင်းညိတ်လိုက်ပြီး “ထိတ်လန့်သွားစေမိတဲ့အတွက် တောင်းပန်ပါတယ်။ ကျေးဇူးပြု၍ နောက်က လိုက်ခဲ့ပေးပါ။ ဒီအခန်းကို ပြီးကြမှ ရှင်းလင်းပေးပါ့မယ်”
“အင်း” ကောင်တာ၀န်ထမ်းလေးနောက်ကို တိတ်တဆိတ်ပဲ လိုက်သွားလိုက်သည်။
အခြားတစ်ဘက်က ကောင်တာ၀န်ထမ်းလေးကတော့ ကျုးကျော်သူ၀င်ရောက်လာတယ်ထင်ပြီး စိုးတထိတ်ထိတ်ဖြစ်နေ၏။ ဘယ်သူက ရွှေအစည်းအရုံး တည်းခိုခန်းထဲကို၀င်ပြီး တိုက်လိုက်နိုင်ရတာလဲ။
သူတို့အပြင်ဘက်တွင်ခင်းကျင်းထားသည့် အစီအရင်က ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကိုတောင် ခုခံနိုင်ပေသည်။ ယခုက ဘယ်လိုဖြစ်ရတာလဲ။
“ဧည့်သည်က အဆင်ပြေတယ်ဆိုရင်လည်း ဒီအကြောင်းကို တိုတိုတိတ်တိတ်ထားပေးလို့ရမလား။ ဒီက ဧည့်သည်နဲ့ အဖော်တို့ရဲ့ အခန်းခကို ကျုပ်တို့ဘက်က ရှင်းပေးပါ့မယ်”
စုရှောင်ရှန်က စကားပြောရ ဆိုရ လွယ်သည့်ပုံပေါက်တာကြောင့် ကောင်တာ၀န်ထမ်းက မဝံ့မရဲဆိုလိုက်သည်။
ပိုက်ဆံထက် သူတို့တည်းခိုခန်း၏ နာမည်က ပို၍အရေးကြီးပေသည်။ ဤနေရာက ဧည့်သည်များ၏ လုံခြုံရေးကို ကောင်းကောင်း မစောင့်ရှောက်နိုင်ဘူးဆိုရင် ဘယ်သူက လာတည်းခိုရဲတော့မလဲ။
ဤတည်းခိုခန်းတွင်လာရောက် တည်ခိုနေကြသည့် ဧည်သည်များက သူတို့ ဖြေရှင်းနိုင်စွမ်းမရှိသော ရန်သူများ၏ လက်ထဲက ရှောင်ပြေးလာကြသော သူများပေသည်။
စုရှောင်ရှန်ကလည်း ထိုအဆိုပြုချက်ကို ငြင်းဆိုဖို့ရည်ရွယ်ချက်မရှိရပါ။ အဆုံးမှာ ၎င်းက သူလုပ်လိုက်သည့်အရာတစ်ခုမဟုတ်ပါလား။
ဒါပေမယ့် အခန်းခမယူဘူးဆိုတာကိုတော့လက်မခံနိုင်ပေ။ သူကလည်း ပြဿနာရှာသေးတယ် အခွင့်အရေးလည်းယူတယ်ဆိုရင် မကောင်းချေ။
“ရပါတယ်။ ကျုပ်ကိုနောက်တစ်ခန်းပဲပေးပါ။ ပိုက်ဆံက ကိုယ့်ဘာသာ ရှင်းပါ့မယ်”
ကောင်တာ၀န်ထမ်း ၎င်းကိုကြားသောအခါ ထိတ်လန့်သွားခဲ့၏။ သူဘာမှ ဆက်မပြောနိုင်ခင်မှာ ဘေးတစ်ခန်းမှ ချက်ဟူသည့် အသံဖြင့် တံခါးပွင့်လာခဲ့သည်။
တံခါးကြားမှ မုကျစ်ရှီ၏ ခေါင်းထွက်လာခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင် စုရှောင်ရှန်ကို တွေ့လိုက်ရ၏။ ထို့နောက် အပျက်အဆီးတွေကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“စုရှောင်ရှန် နင်လျှောက်ဖျက်ဆီးပြန်ပြီလား”
စုရှောင်ရှန် သူမကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။
‘အပြင်လူတစ်ယောက်ရှိနေတာတွေ့ရဲ့သားနဲ့ ငါ့ကို မျက်နှာပျက်အောင်လုပ်ရသလားဟ’
ကောင်တာ၀န်ထမ်းလဲ ထိုစကားကြောင့် ဤအပျက်အဆီးများက စုရှောင်ရှန် လုပ်လိုက်တာလား တွေဝေသွားသည်။
စုရှောင်ရှန် ထိုကလေးမလေးကို သူမ၏ အခန်းထဲ ပြန်တွန်းထည့်ကာ တံခါးကို ဆောင့်ပိတ်လိုက်သည်။ သူမ၏ အခန်းအတွင်းသို့ ၀င်ချင်စိတ်မရှိပါ။
“မျက်စိရှုပ်တယ်”
ထို့နောက်သူ့နံဘေးက ကောင်တာ၀န်ထန်းကို စောင်းငဲ့ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်သည်။ “သွားစို့”
ကောင်တာ၀န်ထမ်း ကြောင်အသွား၏။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
…
အခန်းအသစ်အတွင်းသို့ ရောက်လာပြီးနောက်မှာ ကုတင်ပေါ်ကို ဂရုတစိုက် အသာအယာလေးတက်လိုက်သည်။
ကံစမ်းမဲလှည့်တာလည်းပြီးပြီ၊ စွမ်းရည်အသစ်ကိုစမ်းကြည့်တာလဲပြီးပြီဆိုတော့ နောက်ထပ် ပေါက်ကွဲမှုမဖြစ်လာနိုင်လောက်တော့ပေ။
မာကျောမှုကို ရရှိပြီးနောက်မှာ စုရှောင်ရှန်၏ တိုက်ခိုက်စွမ်းရည်က နောက်တစ်ခါ အကြီးအကျယ် တိုးတက်သွားပြန်သည်။ ဤသို့ရလဒ်မျိုးကို သူကျေနပ်ပေသည်။
“အင်း ဒီနေ့တကယ်ကံကောင်းနေတယ် နိုးထခြင်းရေကန်မှာ ကံထပ်စမ်းကြည့်ရင်ကောင်းမလားမသိဘူး”
နိုးထခြင်းရေကန်မှ လူ့ဘီလူကြီး၏ဒေါသကဲ့သို့ လူသတ်ကွက်ကို ထပ်မရနိုင်ဘူးဟု မည်သူက ပြောနိုင်မည်နည်း။ သို့ပေမယ့်ကြော့ကွင်းကို အရှင်သခင်နယ်ပယ်သို့ရောက်အောင် အဆင့်မြှင့်လိုက်ပြီးနောက်မှာ သူ့တွင် ပင်ကိုယ်မှတ် သုံးသောင်းသာကျန်ချေတော့သည်။
“ကံစမ်းရမှာ ခပ်လန့်လန့်ပဲ”
ထိုမှ စောနက ကံစမ်းမဲလှည့်တုန်းက ရလိုက်တဲ့ ပင်ကိုယ်သော့တွေကျန်သေးတာ တွေ့ရပြီး နည်းနည်းပျော်သွားသည်။
၎င်းတို့ဖြင့် ဆက်လှည့်လိုက်ပေမယ့် ထင်ထားသည့်အတိုင်း ဘာမှ မရချေ။
[ပင်ကိုယ်မှတ် : ၃၂၀၂၀]
ထိုအမှတ်များက စစ်မှန်ခြင်းနယ်ပယ်ပင်ကိုယ်စွမ်းရည်ကို ခြောက်ခါမျှ အဆင့်မြှင့်ဖို့လုံလောက်သည်။ “မနက်ဖြန် မှော်ဆေးပညာရှင် တံဆိပ်ပြားအတွက် စာမေးပွဲဖြေမှာဆိုတော့ စာဖိုမှူးကို အဆင့်မြှင့်လိုက်တာ ကောင်းမယ်ထင်တယ်”
စုရှောင်ရှန် စာမေးပွဲ အဆင့်အရမ်းမြင့်မြင့်ကြီးလည်း ဖြေဖို့မကြံရွယ်ထားပါချေ။ အဆင့်ကိုးဆေးပညာရှင်လောက်ဆို လုံလောက်ချေပြီ။
စိတ်ဝိညာဉ်နန်းတော်ထဲမှာ သူကြိုးစားကြည့်ခဲ့ခြင်းမှ သိရသလောက်တော့ စစ်မှန်ခြင်းအဆင့်တစ် စာဖိုမှူးဖြင့် အဆင့်ခုနှစ် မူလနန်းတော်ဆေးလုံးကို ဖော်စပ်နိုင်စွမ်းမရှိချေ။
၎င်းကို နောက်ထပ် အနည်းငယ် အဆင့်မြှင့်ပြီးမှ အောင်မြင်နိုင်လိမ့်မည်ဟု သူတွက်ဆထားသည်။
စာမေးဖွဲ၀င်ဖြေချင်ရသည့် သူ၏ ရည်ရွယ်ချက်ကလဲ ရွှေအစည်းအရုံးမှာ မတရားသည့်နည်းလမ်းဖြင့်ရထားသည့် ဆေးလုံးများကိုရောင်းချရန်ဖြစ်ပေသည်။ ထို့အတွက်တော့ အဆင့်မြင့် ဆေးပညာရှင်တံဆိပ်ကို ယူရန်က အပိုသာဖြစ်ပြီး မလိုအပ်ပါချေ။
သို့ဖြင့် ပိုလို့ အရေးပါသည့်အရာကိုသာလုပ်ရန်ဆုံးဖြတ်လိုက်သည်။
စုရှောင်ရှန် စိတ်ထဲက ယားကျိယားကျိဖြစ်နေရင်း နိုးထခြင်းရေကန်ကို ကြည့်လိုက်သည်။
ပင်ကိုယ်မှတ် သုံးသောင်းဆုံးရှုံးရမည်ဆိုလျှင်တောင် သူကံစမ်းကြည့်ချင်နေပေသည်။ ၎င်းက ကျောက်တုံးတစ်တုံး ကန်ထဲပစ်ဖို့အရေးတောင် ပင်ကိုယ်မှတ် တစ်သောင်းသုံးရလေကာ ရလာသည့် ရလဒ်အလားအလာကလည်း လူ့ဘီလူးကြီး၏ ဒေါသကဲ့သို့ ကောင်းမွန်ပေသည်။
တုန့်ဆိုင်းခြင်းမရှိ နိုးထခြင်းကျောက်တုံး တစ်တုံး၀ယ်ယူပြီး ၎င်းကို ကြော့ကွင်းစွမ်းအားရွေးချယ်ထည့်ကာ ရေကန်ထဲပစ်ထည့်လိုက်သည်။ ကျောက်တုံးက ကန်အထက်မှာ သုံးကြိမ်ခုန်ပေါက်သွားပြီးမှ နစ်သွားပေသည်။
သို့ဖြင့် ပင်ကိုယ်မှတ် တစ်သောင်းက ရေကန်မျက်နှာအပြင်အထက်မှာ လှိုင်းထသွားစေကာ ပျောက်ကွယ်သွားခဲ့သည်။
“တစ်ခုခု ကောင်းတာရတော့မယ်လို့ ခံစားနေရတယ်”
စိတ်ကိုပြင်ဆင်ထားသည့် စုရှောင်ရှန် ဤတစ်ကြိမ်တွင် ကျရှုံးပါကလည်း စိတ်ပျက်မိလိမ့်မည်မဟုတ်ချေ။ အခြားတစ်ဘက်က နိုးထခြင်းရေကန်က ဈေးကြီးလှတာကြောင့် လှိုင်းလေးအနည်းငယ်ထသွားစေတာပဲဆိုရင်တောင် ကြည့်လို့ကောင်းသလိုလိုခံစားရ၏။
အချိန်အတန်ကြာအောင်ဘာမှ ဖြစ်မလာတာကိုတွေ့သောအခါ နောက်ထပ် ကျောက်တုံး နှစ်တုံး၀ယ်ယူရန် အနီရောင်ဖန်သားပြင်ကိုပြန်ကြည့်လိုက်သည်။ ထိုတွင် မြင်တွေ့လိုက်ရတဲ့ အသိပေးချက်ကြောင့် ကြက်သေသေသွားခဲ့၏။
[ကြော့ကွင်း ပင်ကိုယ်စွမ်းရည်ကို နိုးထခြင်းအောင်မြင်ပါသည်]
“လခွမ်း။ တကယ် တစ်ခါတည်းနဲ့ ထီပေါက်သွားတာလား”
စုရှောင်ရှန် ထိုမျှကောင်းသည့်အရာ ဖြစ်လာနိုင်တာကို မယုံကြည်နိုင်ပေ။ ဆတ်ကတည်း အိပ်ယာထက်တွင် ထထိုင်လိုက်သည်။ ဦးနှောက်ပေါက်ကွဲထွက်သွားတော့မလိုတောင် ခံစားနေရတာကြောင့် သူ့ခေါင်းကို ပိုက်လိုက်၏။
“ဘယ်လိုတောင်ကံကောင်းလိုက်တဲ့နေ့လေးလဲ။ တစ်ခါတည်းနဲ့ နိုးထတာ အောင်မြင်သွားတယ်တဲ့”
နှလုံးခုန်နှုန်းလည်း တဖြည်းဖြည်း မြန်လာခဲ့ပြီး သူ့အသက်ရှူသံများတောင် ပြင်းထန်လာရကာ မနည်း စိတ်ကိုပြန်လျော့လိုက်ရသည်။
သို့ပေမယ့် လူ့ဘီလူကြီးလို အကျိုးသက်ရောက်မှု တစ်ခုခုကို ရနိုင်တယ်ဆိုတဲ့ အတွေးကြောင့် စိတ်ကိုဘယ်လိုလျော့နိုင်တော့မလဲ။
“ဖောက်ခွဲခြင်း ပုံစံတဲ့။ ဒီတိုးချဲ့ပင်ကိုယ်စွမ်းရည်တွေကတစ်ခုခုတော့ တစ်ခုခုပဲ။ ခွန်အား၊ ကြော့ကွင်းဆိုပြီး ပေါတောတောနာမည်တွေနဲ့လာတယ်။ နိုးထလာတော့ သူတို့နာမည်တွေက လူ့ဘီလူးကြီး၏ ဒေါသ၊ ဖောက်ခွဲခြင်းပုံစံ ဆိုပြီး ကြမ်းထော်နေတဲ့နာမည်တွေဖြစ်သွားကြရော”
မြင်းဒုန်းဆိုင်းသလိုခုန်နေတဲ့ နှလုံးကြောင့် သွေးဆောင့်တက်လာမှာကြောက်ပြီး သူ့ရင်ဘက်ကို စုရှောင်ရှန် နာနာလေး ထုလိုက်သည်။ ထိုတွင် သူ့ကိုယ်ထဲက ပေါက်ကွဲထွက်ချင်နေသည့် ရှေးဦးဆန်သော နောက်ထပ် အင်အားတစ်ခုကို ခံစားလိုက်ရသည်။
“ဒါက…”
၎င်းက မီးခိုးမြူပုံရိပ်ကြောင့် ချိတ်ပိတ်တာခံရပြီး သေတော့မလို ဖြစ်တုန်းက သူ့ကိုယ်အတွင်းမှာ ခံစားခဲ့ရသော ရှေးဦးဆန်သည့် စွမ်းအားနှင့် တူတာ သိလိုက်ရသည်။
သို့ပေမယ့် ထိုစဉ်က အဆုံးမရှိ အင်မတန် ကြမ်းတမ်းဒေါသထွက်နေသလိုမျိုးမဟုတ်ဘဲ ၎င်းက ချက်ခြင်းပဲ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ပေါက်ကွဲတော့မလိုလိုနှင့် ပေါက်ကွဲချင်နေသည့် စွမ်းအားဖြစ်သည်။
“နိုးထခြင်းစွမ်းအား”
ထိုနိုးထခြင်းစွမ်းအားအသစ်က အသုံးပြုဖို့ အခြေအနေတစ်ရပ် မလိုအပ်ကြောင်းကိုသိလိုက်ရသည်။
“အဲ့တော့ ဖောက်ခွဲခြင်းပုံစံက ငါသေခါနီးမှ ထွက်လာမှာ မဟုတ်ဘဲ ငါအတိုက်ခိုက်ခံရတိုင်းမှာ ထွက်လာမယ့်စွမ်းအားပေါ့။ ကောင်းလိုက်တာ”
စုရှောင်ရှန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်သည်။ သူ့စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်မထားနိုင်တော့ချေ။
ဘုန်း…။
ရုတ်တရက် ဘုန်းကတည်းအသံကြီးနှင့်အတူ သူ့ကိုယ်ပေါ်က အ၀တ်အစားများပေါက်ကွဲထွက်သွားခဲ့သည်။ ကံကောင်းစွာ အရှင်သခင်နယ်ပယ်လျင်မြန်မှုဖြင့် သူ၏ အတွင်းခံကိုတော့ အချိန်ကိုက်လေး ကာကွယ်လိုက်နိုင်ပေသည်။
“ဒါနဲ့ဆို လေဟာနယ်ကို စုတ်ဖြဲနိုင်တော့မလားမသိဘူး”
သူ့ကိုယ်တွင် အဆုံးမရှိသော ရွှေရောင်အလင်းများ တောက်ပနေသည်။ စုရှောင်ရှန်၏ ဆံပင်များလည်း လေထဲကိုမြှောက်တက်လာခဲ့ပြီး သူ့မျက်လုံးများကလည်း ရွှေရောင်တောက်ပနေ၏။
မသိလျှင် ရွှေရောင်အရှိန်အ၀ါဖြင့် နတ်ဘုရားတစ်ပါးပါးရောက်လာသလိုနှင့်။
ကြေးမှန်ထဲရှိ သူ့သွင်ပြင်ကြောင့် စုရှောင်ရှန်ကိုယ်တိုင်တောင် မှင်တက်သွားရသည်။ ၎င်းက ယခင် စုရှောင်ရှန်ကို အဆင့်မြှင့်လိုက်သည့် စုရှောင်ရှန်ဖြစ်သည်။
သူ့ကိုယ်ထဲက ရွှေရောင်စွမ်းအင်များ အဆက်မပြတ် ထိုးထွက်လာနေခဲ့ပြီး နောက်ဆုံး သူတောင် ၎င်းတို့ကို ထိန်းမထားနိုင်တော့ချေ။
သို့ဖြင့် အခန်းအသစ်လေးက သစ်သားတံခါး အသစ်လေးကို ကြည့်လိုက်သည်။
အပိုင်း (၂၈၃) အံ့မခန်း ရွှေရောင်အလင်းတန်း
စုရှောင်ရှန် တံခါးကို ထိုးမည်ဟု လက်သီးချီမြှောက်လိုက်ပြီးမှ ရပ်တန့်လိုက်၏။
“မဟုတ်ဘူး။ မလုပ်နိုင်ဘူး။ ဖောက်ခွဲခြင်းပုံစံကလည်း လူ့ဘီလူးကြီးရဲ့ ဒေါသနဲ့ တစ်ထပ်တည်းကျမှာပဲ။ ငါသာဒီလက်သီးချက်ကိုထိုးချလိုက်ရင် ရွှေအစည်းအရုံး ပျက်ဆီးသွားလိမ့်မယ်”
ထိုသို့တွေးမိပြီး လက်သီးကိုပြန်ဖြေလျော့ကာ လက်ညိုးတစ်ချောင်းတည်းသာထောင်ပြီး အနည်းငယ် လှုပ်ခါလိုက်သည်။
ဘန်း…။
ထိုမှ ရွှေရောင် စွမ်းအင်အလင်းတန်းတစ်ခု လေဟာနယ်ကို ဖြတ်သန်းကာ သစ်သားတံခါးလေးအရှေ့ တန်းရောက်သွားခဲ့၏။
“ဒါလေးတည်းလား” ထင်သလိုဖြစ်မလာသည့်အတွက် စုရှောင်ရှန် မျက်ခုံးပင့်လိုက်သည်။
နောက်စက္ကန့်အတွင်းမှာ…။
ဘုန်းးးး…။
ကောင်းကင်ရှိ တိမ်တိုက်များကိုတောင် ထိုးဖောက်တက်သွားသည့် ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာခဲ့သည်။ သစ်သားတံခါးလေးသာပျက်ဆီးခြင်းမဟုတ် တံခါးအနားရှိ သစ်သားဘောင်အပါအ၀င်၊ အပြင်ဘက်ရှိ စင်္ကြံလမ်းလည်း ပျက်ဆီးသွားခဲ့သည်။
ရွှေရောင် မှိုသဏ္ဌာန် တိမ်တိုက်ကြီးဖြစ်ပေါ်သွားပြီး ဧရာမ စက်ဝိုင်းသဏ္ဌာန်အပေါက်ကြီးဖြစ် ပေါက်သွားခဲ့၏။ စုရှောင်ရှန်လည်းလန့်ဖျပ်သွားပြီးတော့ ရွှေရောင်အလင်းများနောက်ကိုလိုက်ပြီး မော့ကြည့်လိုက်သည်။
“နေရောင်က စူးလိုက်တာ”
သူ့မျက်လုံးများကို ကာလိုက်ရပြီးမှ တစ်ခုခု မူမမှန်တာ သတိထားမိလိုက်၏။ “မျက်နှာကျက်ဘယ်ပျောက်သွားတာလဲ”
…
“ရန်သူ ရန်သူ”
ထိုနားစူးမတတ်ကျယ်ကျယ်လောင်လောင်အော်သံကြီးပေါ်လာခဲ့ပြီး မုကျစ်ရှီ အပါအ၀င် အခြားဧည့်သည်များအားလုံး ကိုယ်စီ သူတို့အခန်းအတွင်းမှ ထွက်လိုက်ကြသည်။
နံရံများပါ ပျက်ဆီးသွားသဖြင့် ထွက်မကြည့်ဘဲနှင့်တောင် စုရှောင်ရှန်၏အခန်းနှင့် ကပ်ရပ်မှလူများက အတွင်းခံတစ်ထည်တည်းဖြင့်ရပ်နေသော သူ့ကိုမျက်စိထောင့်စွန်းမှ မြင်လိုက်ရ၏။
ရွှစ်…။
စုရှောင်ရှန်လျှပ်တပြက်အတွင်း အ၀တ်အစားများကိုပြန်၀တ်လိုက်ပြီး ပေါက်ကွဲခြင်းပုံစံကို ရပ်တန့်လိုက်သည်။ သို့ပေမယ့် အသက်ရူမချောင်နိုင်သေးဘဲ နောက်က ကုတင်ပေါ်ကို ခုန်တက်လိုက်သည်။
အပြင်ဘက်မှ ခြေသံများကိုသူကြားနေရပြီး ပို၍ နီးကပ်လာလေလေ ခြေသံများက နှေးကွေးလာလေလေဖြစ်သည်။ သူ့အကြားအမြင်ဖြင့်မကြည့်ဘဲနှင့်တောင် ကောင်တာ၀န်ထမ်း၏ မျက်နှာအမူအရာ ဘယ်လိုဖြစ်နေမလဲဆိုတာ သူသိနေပေသည်။
…
စင်္ကြံလမ်းအတွင်းရှိ ကောင်တာ၀န်ထမ်း အင်မတန် စိတ်ဆိုးဒေါသထွက်နေ၏။ သူ့ရှေ့က ပျက်ဆီးနေသော စင်္ကြံလမ်းကလေးကိုကြည့်ပြီး ခဏတာ တုန့်ဆိုင်းသွားပြီးနောက်မှာ ရှေ့ဆက်လျှောက်လိုက်သည်။
သူက စစ်မှန်ခြင်းနယ်ပယ်ဆိုတော့ လေပေါ်ပျံနိုင်ပေသည်။
“ဒီနေရာကို ငါသိပါတယ်”
ထိုပေါက်ကွဲမှုက ၀န်းကျင်တစ်ခုလုံးကို ရစရာမရှိစေတော့ဘူးဆိုပေမယ့် ကောင်တာ၀န်ထမ်းလုပ်လာတဲ့ သက်တမ်းရင့်လာတာနှင့်အညီ နေရာတိုင်းကို ကောင်းကောင်းမှတ်မိသေးပေသည်။
ဤနေရာက စောနက ကောင်လေးကို သူခေါ်သွားခဲ့သည့် အခန်းသစ်ဖြစ်၏။
“တစ်ယောက်ယောက်က အကာအကွယ် အစီအရင်ကိုချိုးဖောက်ပြီး သူ့ကို လုပ်ကြံဖို့ထပ်ရောက်လာပြန်တာလားဟ”
ဘယ်သူမှ နှစ်ကြိမ်ဆက်တိုက် ၀င်ရောက်လာရဲမည့် သတ္တိရှိလိမ့်မည်မဟုတ်တာကြောင့် ထိုအတွေးကိုပယ်ဖျက်လိုက်သည်။
သို့ဆိုလျှင် ပေါက်ကွဲမှုကို ဘယ်လို ရှင်းပြမတုန်း…။
စောနက ကလေးမလေး၏ မှတ်ချက်ကို သူပြန်မြင်ယောင်လိုက်သည်။
“တကယ် အဲ့ဒီလူငယ်လေး လုပ်တာများဖြစ်နေမလား”
အခင်းဖြစ်ပွားရာ နေရာအတိအကျကိုရောက်လာစောအခါ ကောင်တာ၀န်ထမ်း၏ မျက်မှာ ဖြူဖျော့နေရာမှ အနီရောင်ပြောင်းသွားခဲ့သည်။
ထိုပေါက်ကွဲမှုမှ ပျက်ဆီးမှုက ကြီးမားလှ၏။ ဘယ်သူက ဤသို့ ဆုံးရှုံးမှုကြီးကို လျော်ကြေးပေးမှာလဲ။
စုရှောင်ရှန်၏ အခန်းရှေ့ကိုရောက်သောအခါ သူအော်ဆဲဖို့ ပြင်လိုက်ပေမယ့် ကုတင်အကျိုးပုံထဲက တွားသွားထွက်လာခဲ့သော သွေးသံတရဲရဲ ပုံရိပ်ကိုမြင်ပြီး ရပ်လိုက်သည်။ သူသိရသလောက်ဆို ထိုပုံရိပ်က စုရှောင်ရှန်ခေါ် လူငယ်လေးဖြစ်၏။
စုရှောင်ရှန်က ရင်ဘက်ကို လက်ဖြင့် ဖိထားရင်းမှ ပျက်ဆီးနေသော ပြူတင်းပေါက်ဘက်ကို လက်ညိုးထိုးပြလိုက်သည်။ တစ်ခုခုကို ရေရွတ်နေသလို ပါးစပ်ကလည်း လှုပ်နေပြီး မကြာခင် သွေးများထွက်လာခဲ့၏။
“အဲ့… အဲ့ဘက် ပြေး… ပြေးသွား…”
ဘန်း…။
ထိုသို့ပြောပြီးနောက် ကြမ်းခင်းပေါ်မှာ အရုပ်ကြိုးပြတ်လဲကျသွားခဲ့သည်။
ကောင်တာ၀န်ထမ်း ကြောင်အသွား၏။
တကယ် လုပ်ကြံသူ ပြန်လာတာလား။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
သို့ပေမယ့် အလျင်အမြန် စုရှောင်ရှန်အနားကိုသွားပြီး ဖေးမပေးလိုက်သည်။ ထိုကောင်လေး၏ ဒဏ်ရာများကို စစ်ဆေးကြည့်မယ်လုပ်တော့ ဟိုက မျက်လုံးများကို ဆတ်ကတည်းပြန်ဖွင့်လာပြီး သူ့လက်ကို ဖမ်းဆုပ်လိုက်၏။
“လုပ်ကြံသူကိုအရင်လိုက်ဖမ်း… သူ့-သူ့မှာ အစီအရင် တံဆိပ်ပြားတစ်ခုရှိတယ်… သက်လက်ပိုင်းအ-အရွယ်…”
ထိုသို့ပြောပြီး သတိပြန်မေ့သွားသည်။
စုရှောင်ရှန်၏ ဖြစ်ပျက်နေပုံကြီးကြောင့် ကောင်တာ၀န်ထမ်း ဘာပြောရမှန်းမသိဖြစ်သွား၏။
အစီအရင်တံဆိပ်ပြားဆိုတော့ လုပ်ကြံသူက စိတ်ဝိညာဉ် အစီအရင်ဆရာသခင်တစ်ယောက်လား။
ဧည့်သည်ကတောင် သူ့ကို သတင်းအချက်အလက်တွေပေးလာမှတော့ လစ်လျူရှူနေ၍ မရတော့ချေ။ လက်ကိုဝှေ့ရမ်းပြီးတုန့်ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
“လိုက်ကြ”
ပုံရိပ်များစွာ ချက်ခြင်း စုရှောင်ရှန် ညွှန်ပြသည့်ဘက်ကို ထွက်သွားကြပြီး ကောင်တာ၀န်ထမ်းလေးလည်း နောက်ကလိုက်သွားလိုက်၏။
မုကျစ်ရှိလည်း ကျစ်ဆံမြှီးလေးကို ကိုင်ဆော့ရင်း ဘာမှ မဖြစ်သည့်အလား အသာအယာ ရောက်လာခဲ့သည်။
ထိုပေါက်ကွဲမှုက မြေကမ္ဘာတုန်ဟီးလောက်စရာဆိုပေမယ့် သူမက ၎င်းနှင့် ရင်းနှီးနေပြီဖြစ်လေသည်။
အခြားသူများမကြည့်နိုင်အောင် သူမက လက်ကိုဝှေ့ရမ်းပြီးတော့ အခန်းလေးကို နွယ်များဖြင့်ကာလိုက်သည်။
ထို့နောက် အဖြူရောင်ဖိနပ်ကို၀တ်ဆင်ထားတဲ့ ခြေထောက်သေးသေးလေးဖြင့် စုရှောင်ရှန်၏ မျက်နှာကို တို့လိုက်၏။ ဒါတောင် သူ့ထံက ဘာမှတုန့်ပြန်မှုကိုမရသောအခါ ဘုကြည့် ကြည့်လိုက်သည်။
“စုရှောင်ရှန် သေချင်ယောင်ဆောင်မနေနဲ့”
သူ့ဆရာတူညီမလေး၏ အသံကိုကြားသောအခါ စုရှောင်ရှန် ထလာခဲ့သည်။ ထိုမှ ဘေးပတ်ပတ်ဘည်ကိုကြည့်တော့ ကောင်တာ၀န်ထမ်းကိုမမြင်ရတော့ပေ။
“သွားကုန်ကြပြီလား”
“အေး”
“ငါ့ကို တစ်ယောက်မှ လာမကြည့်ဘူးပေါ့”
“နင်ငါ့ကိုမမြင်ဘူးလား”
“နင်က မတူဘူးလေ။ ငါက ကောင်တာ၀န်ထမ်းကိုပြောတာ။ သူလည်း လိုက်သွားတာလား”
“အင်း”
တကယ်မရှိတဲ့ ရန်သူကိုလိုက်ဖမ်းရန် အဘယ်ကြောင့် ကောင်တာ၀န်ထမ်းပါလိုက်သွားရသလဲ စုရှောင်ရှန် နားမလည်နိုင်ပေ။ ထိုသူက စစ်မှန်ခြင်းနယ်ပယ်လေးနှင့် လုပ်ကြံသူတကယ်မရှိဘူးဆိုရင်တောင် မကြောက်မလန့်လိုက်ပါသွားခဲ့၏။
“ကံကောင်းတာက ငါလီခုနှစ်ကို သတ်ပြီးပြီဆိုတော့ သူတို့ ဘယ်သူ့ကိုမှ တွေ့ရမှာမဟုတ်ဘူး”
သူတို့ အဘယ်ကြောင့် စိတ်လိုက်မာန်ပါ လုပ်ကြသလဲမသိပေ။
သို့ပေမယ့် သေချာတွေးကြည့်ရင် သူကလည်း မူလနန်းတော်အလယ်ပိုင်းကျင့်ကြံသူလေးဆိုတော့ သူ့ကိုလာလုပ်ကြံတဲ့သူကလည်း ကျင့်ကြံခြင်းနယ်ပယ်မမြင့်လောက်ဘူးထင်နေ၍လားမသိ ဖြစ်လောက်မည်။
ထိုပေါက်ကွဲမှုနှစ်ခုကို အစီအရင်ဆရာသခင်တစ်ယောက်ဖြစ်သည်ဆိုတဲ့ အပေါ်မှာ အပြစ်ပုံချလို့ရပေသည်။
“ငါ့ကို တကယ် ပေါ့သေးသေးထင်ကြတာပဲ”
တကယ်က ထိုသို့ သူ့ကို ဘာကောင်မှထင်နေတာကိုပဲ သူက ပျော်နေပါပြီ။
ထို့နောက် မုကျစ်ရှီကို နွယ်ပင်တွေပြန်ရုတ်သိမ်းဖို့ လက်ပြလိုက်သည်။ “သွားမယ်။ ငါတို့ ဒီမှာ ဆက်နေလို့ မရတော့ဘူး။ ငါတို့လုပ်လို့လည်းဖြစ်တာဆိုတော့ လျော်ကြေးဘာညာတော့ပေးခဲ့ရမယ်။ ဒါကို နင့်အကိုကြီးစီက သင်ခန်းစာယူကြားလား။ အနာဂါတ်မှာ ပေးရမယ်ဆိုရင် မသိသလိုလဲ မနေနဲ့ အင်တင်တင်လည်းမလုပ်နဲ့။ အကြွေးဆိုတာရှိရင် ဆပ်ရမယ်”
“အဲ့တာ ငါနဲ့ ဘာဆိုင်လို့လဲ” သူ့နောက်ကလိုက်လာသည့် မုကျစ်ရှီ ထိုစကားကြောင့်ရပ်တန့်လိုက်သည်။ သူမက လေးနက်နေသော အမူအရာဖြင့် “စုရှောင်ရှန် နင်စကားကိုပြီးစလွယ်မပြောနဲ့။ ဒီနေရာမှာ ‘ငါတို့’ မဟုတ်ဘူး ‘ငါ’ ပဲဖြစ်ရမှာ”
“အဟမ်း”
စုရှောင်ရှန် ရှက်ရွံ့သွားပြီးတော့ ရှို့တို့ရှန်းတန်းပြောလိုက်သည်။ “ညီမလေး ငါတို့က ဆရာတစ်ယောက်တည်းစီမှာ ပညာသင်နေကြတာ ဒီလောက် အသေးစိတ်ကျဖို့မလိုပါဘူး။ ‘ကောင်းအတူခံ၊ မကောင်းအတူခံ’ ဆိုတဲ့ အဆိုလည်းရှိသေးတယ်လေ။ ငါတို့က ဆရာတူမောင်နှမတွေပဲ”
မုကျစ်ရှီ စွံ့အသွား၏။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
သူတို့ဆက်လျှောက်လာရင်းနှင့် လူတိုင်း၏ အကြည့်ကိုခံလိုက်ရသည်။ မုကျစ်ရှီလည်း ရှက်သွားပြီးတော့ သူ့ကို စိတ်ချင်းဆက်ပြောလိုက်သည်။ “စုရှောင်ရှန် နင်ပြဿနာမရှာလို့မရဘူးလား။ ငါကောင်းကောင်းအနားယူရတယ်ဆိုတာကို မရှိဘူး”
“ငါတော့ ရှိတယ်” စုရှောင်ရှန်က လည်ပြန်ကြည့်ပြီးပြောသည်။
မုကျစ်ရှီ သူ့ထံက ထိုသို့ တုန့်ပြန်ချက်ရမည်မထင်ထား၍ မှင်တက်သွားတော့သည်။
“နင်ကောင်းကောင်းအနားမယူနိုင်တာ ဘာလို့ ငါ့ကို အပြစ်လာဖို့နေတာလဲ။ မသိရင် သူက ဘာမှ မလုပ်ထားတာကြနေတာပဲ”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“နင်ဆေးဖော်စပ်နေတာလား” ကလေးမလေး ဒေါသထွက်လွန်းလို့ စကားလမ်းကြောင်းပြောင်းလိုက်သည်။
“မဟုတ်ဘူး”
စုရှောင်ရှန်က ခေါင်းကိုခါရမ်းလိုက်သည်။ “ငါ တစ်ခုခုကို ဖန်တီးနိုင်လိုက်လို့ စမ်းကြည့်တာ လက်လွန်ခြေလွန်ဖြစ်သွားတယ်”
“ဘာကြီးလဲ”
စုရှောင်ရှန်က နောက်သို့လှည့်ကာ မုကျစ်ရှီ၏ ခေါင်းကို ပွတ်လိုက်သည်။
“ပြောလည်း နင်နားလည်မှာ မဟုတ်ပါဘူး”
မုကျစ်ရှီ နှုတ်ခမ်းစူလိုက်၏။
‘ဒီငါနားမလည်နိုင်ဘူးဆိုတာပဲ လာပြန်ပြီ’
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
သူမကို လစ်လျူရှူကာ စောနက ကြောက်မက်ဖွယ်ရာ ရလဒ်ကို စုရှောင်ရှန် ပြန်ဆင်ခြင်ကြည့်လိုက်သည်။
ဖောက်ခွဲခြင်းပုံစံက တကယ် လေဟာနယ် တွန့်လိမ်ပေါက်ပြဲအောင်တောင် ပေါက်ကွဲနိုင်စွမ်းရှိသည်။
သူ့လက်ကိုအသာလေးလှုပ်လိုက်တာတောင် နတ်ဘုရားတစ်ပါး၀င်ပူးသကဲ့သို့ ရွှေရောင်အလင်းတန်းတစ်ခုထွက်သွားခဲ့၏။ ဤသို့ ရလဒ်ကို ရနိုင်လိမ့်မည်ဟု မမျှော်မှန်းထားခဲ့ပေ။
၎င်းက လက်ငါးချောင်းပေါ်က ငရဲမီးတောက်အစေ့နှင့်အလားတူ ဖျက်ဆီးနိုင်စွမ်းရှိသည်။ ဒီမှာကွာခြားချက်က ဖောက်ခွဲခြင်းပုံစံက လက်ချောင်းလေး အနည်းငယ်လှုပ်လိုက်တာနှင့် ဖောက်ခွဲနိုင်ခြင်းဖြစ်သည်။
ဤသို့ဖြင့် တိုးချဲ့ပင်ကိုယ်စွမ်းရည်ဖြစ်သည့်အတွက် ကြော့ကွင်း၏ ဖောက်ခွဲခြင်းပုံစံက အခြားအရာများတွင်ပါ ပို၍ အဖျက်စွမ်းအားကြီးလာအောင်ပေါင်းထည့်လို့ရကြောင်းသိရသည်။
ထိုရွှေရောင်စွမ်းအင်အလင်းတန်းက အဓိက တိုက်ကွက်တောင်မဟုတ်ပေ။
ဤသို့ ရွှေရောင်များဖြင့် ဖုံးလွှမ်းနေသည့် နတ်ဘုရားသဖွယ်အခြေအနေမှာဆိုရင် ဆက်လက်၍ မူလနည်းစနစ်များကို အသုံးပြုနိုင်သည်။
သူသာ လက်ငါးချောင်းပေါ်က ငရဲမီးတောက်အစေ့ (သို့) မီးဘောလုံးကြီးတွင် ရွှေရောင်အလင်းများပေါင်းထည့်လိုက်မယ်ဆိုရင် ဘယ်လိုဖြစ်လာလိမ့်မလဲ။
“ကျစ် ကျစ်…”
အပိုင်း (၂၈၄) ကံကြမ္မာ၊ စွမ်းအားမဲ့ခြင်း
စုရှောင်ရှန် တည်းခိုခန်းအသစ်တစ်ခုကိုရောက်လာသည်။
မုကျစ်ရှီနှင့် သူတို့ ရွှေအစည်းအရုံး တည်းခိုခန်းက ထွက်လာပြီးနောက် ဤတစ်ခုတွင်နေရန် ဆုံးဖြတ်လိုက်ကြသည်။ ဤတစ်ကြိမ်တော့ သူပြဿနာမရှာရဲတော့ပါချေ။
ထိုမှ ပေါက်ကွဲမှုအတွက် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းလျော်ကြေးပေးခဲ့သည်။ ၎င်းက အစီအရင်ကိုပြန်ပြင်ခမပါပေ။ တည်းခိုခန်းကိုစီမံသူကလည်း စုရှောင်ရှန်လုပ်ကြံခံရတာထင်၍ မတောင်းရဲချေ။
သူပေးရမည့် စိတ်ဝိညာဉ်ကျောက်တုံးပမာဏကြောင့် မုကျစ်ရှီကို သင်ခန်းစာယူပါလို့ပြောမိတာတောင် နောင်တရနေ၏။ သို့ပေမယ့် စကားဆိုတာပြောပြီးရင် ပြန်သိမ်းလို့မရမှတော့ သူပေးလိုက်ရသည်။
မဟုတ်ရင် သူ့ဆရာတူညီမလေး၏ အမြင်အတွင်းရှိ ဖြောင့်မတ်မှန်ကန်သော သူ၏ ပုံရိပ်ကလေးပျက်ဆီးသွားပေလိမ့်မည်။
ထို့နောက် သူနှင့် မုကျစ်ရှီတို့ နောက်ထပ် နှစ်ရက်အနားယူ လေ့ကျင့်ပြီးမှ မှော်ဆေးပညာရှင် စာမေးပွဲကို၀င်ဖြေရန် သဘောတူလိုက်ကြပြီး စုရှောင်ရှန် သူ့အခန်းထဲကို ၀င်သွားလိုက်၏။
၎င်းက သန့်ရှင်းပေသည်။
“မဆိုးဘူးပဲ”
စုရှောင်ရှန် ခံစားချက်များတောင်ပြင်းပြလာသည်။
ထို့နောက် သူ့တွင်ကျန်ရှိသော ပင်ကိုယ်မှတ်များကို အရေးကြီးအခြေအနေအတွက်ပြင်ဆင်ထားနိုင်အောင်လို့ အသုံးမပြုရန် ကြံဆလိုက်၏။
“ညောင်”
ကြောင်ဖြူလေးက ကုတင်ခြေရင်းပေါ်ခုန်တက်သည်။ ထို့နောက် စုရှောင်ရှန်၏ ခြေထောက်နားတွင်ရှိနေသည်ကို မမှုပဲ အိပ်ယာကို အနံ့ခံကြည့်ပြီးတော့ ပျော်ရွှင်နေသောအမူအရာပြသလိုက်၏။
“မင်းရဲ့ နာမည်က အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်နော်”
စုရှောင်ရှန် ထိုကြောင်ကို အထက်အောက်အကဲခတ်ကြည့်လိုက်ပေမယ့် ထူးခြားတာ တစ်စုံတစ်ရာမတွေ့ရပေ။ ၎င်း၏ ခရမ်းရောင်မျက်၀န်းမှလွဲ၍ ကြောင်ဖြူလေးက သာမန်ကြောင်တစ်ကောင်နှင့် ဘာမှ မခြားပေ။
သို့ပေမယ့် ထိုဘာမှမထူးခြားသော ကြောင်လေးက မီးခိုးမြူပုံရိပ်ကဲ့သို့ မိစ္ဆာသားရဲတစ်ကောင်ဖြစ်၏။
အဘယ်ကြောင့် ကြောင်လေးက အားနည်းနေရတာလဲမသိပေမယ့် မိစ္ဆာသားရဲက မိစ္ဆာသားရဲပဲလေ။ ၎င်းတို့က ကမ္ဘာငယ်လေးတစ်ခုမှာ မွေးလာတာဖြစ်တာနှင့်အညီ ရိုးရှင်းလိမ့်မည်တော့မထင်ချေ။
“ညောင်”
ကြောင်ဖြူလေးက သူ့ကိုကြည့်ပြီး ညောင်သံပေးလိုက်၏။
“မင်းကို အလိုရမက်လေးလို့ ခေါ်မယ်နော်…”
စုရှောင်ရှန် ကြောင်လေးကို ပွတ်သပ်လိုက်သည်။ ဤသို့ အပူအပင်ကင်းမဲ့သည့် ဘ၀မျိုးကို သူလည်း လိုချင်မိသည်။ အစားအသောက်အတွက်လည်းပူပင်စရာမရှိ နေ့တိုင်းအသက်စွမ်းအင်များစားရသလို လုံခြုံရေးအတွက်ကိုလည်း ကာကွယ်ပေးခြင်းခံထားရ၏။
၎င်းက လုံး၀ကို ဇိမ်ခံဘ၀မျိုးဖြစ်ပေသည်။
“လူဖြစ်တဲ့ငါကမရဘဲ ကြောင်တစ်ကောင်က ဒီလိုဘ၀မျိုးရနိုင်တယ်တဲ့…”
စုရှောင်ရှန် ထိုကြောင်ကို ပိတ်ကန်ထည့်လိုက်သည်။
ကြောင်ဖြူလေး စိတ်မဆိုးသွားပါ။ စုရှောင်ရှန်က အားမထည့်ဘဲ ဒီတိုင်း သာသာလေးကန်လိုက်ခြင်းဆိုတာ သိလေသည်။ သို့ဖြင့် စုရှောင်ရှန်၏ ခြေထောက်ပေါ်ကို ခုန်တက်လိုက်သည်။
“မေမေ…”
သူ့ရင်ဘက်အတွင်းက ကျဲ မပျော်မရွှင်ဖြစ်လာပြီး အသံပေးကာ အနီရောင်အလင်းအတန်းတစ်ခုအဖြစ် အပြင်ကိုထွက်လာခဲ့၏။
စုရှောင်ရှန် လန့်ဖျပ်သွားသည်။
ဒီလိုသိပ်သည်းတဲ့ သတ်ဖြတ်ခြင်းဆန္ဒ…။
ကြောင်ဖြူလေးကလည်း အမွှေးအမျှင်များထောင်ထသွားခဲ့ပြီး စုရှောင်ရှန်နောက်ကိုပြေးပုန်းတော့သည်။
“အာရုံခံပါးတာပဲ”
ကြောင်ဖြူလေး၏ တုန့်ပြန်နှုန်းက သူ့ထက်နိမ့်မကျနေတာကြောင့် မျက်ခုံးများပင့်လိုက်သည်။
သံလုံးလေးပုံစံဖြင့် ကျဲကို ပွတ်သပ်ပြီးတော့ ရှင်းပြလိုက်သည်။ “အေးဆေးပေါ့။ ခုက စပြီး ဒါကမင်းရဲ့ ညီငယ်လေးပဲ။ သတ်လို့မရဘူး ဟုတ်ပြီလား”
“ဟင်… ညီငယ်လေးကော ဟုတ်ရဲ့လား”
စုရှောင်ရှန် ကြောင်ဖြူလေးကို သူရှေ့ပြန်မပြီး လှန်ကြည့်လိုက်သည်။ ပြီးနောက် စကားလုံးကိုပြောင်းကာ “ဒါမင်းရဲ့ ညီမလေးပဲ။ ခုကစပြီး ဂရုစိုက်ပေး ဟုတ်လား”
“မေမေ…”
“ညောင်”
စုရှောင်ရှန် ကျေနပ်သွား၏။ ကြောင်ဖြူလေးကို လက်တစ်ဖက်က ပွတ်သပ်ရင်း ကျောက်တုံးလေးကိုနောက်လက်တစ်ဖက်က ကိုင်ကာ အိပ်ယာထက်တွင် အသာလေးလှဲချလိုက်သည်။ မကြာခင် အတွေးရေယဉ်စီးကြောင်းထဲကို စီးမျောလိုက်ပါသွားခဲ့တော့၏။
“မိစ်ဆာသားရဲ…”
ထိုမှ ကျောက်ထန်းထန်းနှင့် ကုရှင်းရှင်းတို့ဖြင့် လုံး၀ကွဲပြားသည့် အထီးကျန်ဆန်စွာ တိတ်တဆိတ်နေတတ်သည့် မို့မို့ကိုမြင်ယောင်မိသည်။
သူတို့အားလုံးက မိစ္ဆာသားရဲလက်ခံသူများဆိုပေမယ့် နှစ်ယောက်က စိတ်ပါလက်ပါ လက်ခံပြီး ကျန်တစ်ယောက်က ခုခံနေလေသည်။
“ဒါဘယ်လို အင်အားစုများလဲ”
စုရှောင်ရှန် ကြောင်ဖြူလေးကို မျက်လုံးမှေး၍ ကြည့်လိုက်သည်။
ကြောင်လေးထံမှ မီးခိုးမြူပုံရိပ် ထုတ်လွှတ်သော အရှိန်အဝါမျိုးကို ခံစားနေရ၏။ အကယ်၍ ထျန်းရွှမ်တံခါးအတွင်းမှာ ဖိနှိပ်ခံထားရတာကြောင့်သာ မဟုတ်ရင် လူ့ဘီလူးကြီး၏ ဒေါသထွက်လာခဲ့ရင်တောင် ထိုချိန်က သူသေသွားနိုင်လောက်သည်။
ယခုတော့ ထိုသို့ တည်ရှိမှုက ကမ္ဘာကြီးမှာ တစ်ကောင်တည်းတည်ရှိတာမဟုတ်ကြောင်းသိရသည်။
ကျောက်ထန်းထန်းနှင့် ရှင်းကုကုတို့ဖြင့် နှိုင်းယှဉ်လျှင် မိုမိုနှင့် မီးခိုးမြူပုံရိပ်တို့က တစ်ကောင်တည်းလှုပ်ရှားတတ်သော ကျားနှင့်တူသည်။
ကျောက်ထန်းထန်းတို့နှစ်ယောက်ကတော့ ထိုသို့မဟုတ်ချေ။
“ဒီကြောင်တောင် စစ်မှန်တဲ့ မိစ္ဆာသားရဲဆိုရင်… မိစ္ဆာသားရဲ လက်ခံသူတွေရှိတဲ့ အဖွဲ့အစည်းလည်းရှိမှာပဲ”
ထိုသို့တွေးမိပြီး စုရှောင်ရှန် ကြက်သီးတဖျင်းဖျင်းထသွား၏။
သူတို့တစ်ကောင်ချင်းစီကတောင် ကောင်းကင်ကိုဖျက်ဆီးနိုင်လောက်အောင် အစွမ်းထက်နေကြတာ ဒီလိုကောင်တွေနဲ့ ပေါင်းစပ်ပြီး ဘာလုပ်ချင်နေကြတာလဲ။
အကြီးအကဲစန်းနှင့် ယခင်တစ်ခေါက်စကားပြောကြည့်ခြင်းမှလည်း သူတော်စင်အစေအပါးတို့၏ ပန်းတိုင်က မိစ္ဆာသားရဲလက်ခံကောင်ဖြစ်လာသည့် မိုမိုနှင့် တူညီတာကိုသိရသည်။
“စွမ်းအားအတွက်နဲ့…”
စုရှောင်ရှန် အကျဉ်းတန်နေသော အမူအရာဖြင့် ကြောင်လေးကို ပွတ်သပ်လိုက်သည်။ ကြောင်ဖြူလေးက ဘာမှမသိဘဲ ပျော်နေ၏။
မျက်နှာဖုံးတပ်လူလို အံ့မခန်းဓားဆန္ဒပိုင်ရှင်နှင့် စန်ကျောက်ဖုတို့လို အစွမ်းထက်တဲ့လူတွေကတောင် စွမ်းအားလိုချင်ကြသေးတယ်လား။
ဒီလို မိစ္ဆာသားရဲတွေနဲ့ ပေါင်းစပ်ပြီး အင်မတန်အစွမ်းထက်လာခဲ့သည့် လက်ခံသူဖြစ်လာတဲ့သူတွေကကော သူတို့ကိုယ်သူတို့ မဖော်ပြရဲပဲ တိတ်တိတ်လေး အင်အားစုတစ်ခုတည်ထောင်ထားတယ်တဲ့။
“ဘာကြောင့်လဲ”
စုရှောင်ရှန် တွေးရင်းတွေးရင် အရိုးစိမ့်မတက်အေးချမ်းမှုကြီးကို ခံစားလာရလေလေဖြစ်သည်။ ထိုအင်အားကြီး အင်အားစုနှစ်ခုစလုံးမှာ တူတာကိုပြောပါဆိုရင် နတ်ဘုရားနန်းတော်၏ လိုက်လံ တိုက်ခိုက်ခြင်းကိုခံရခြင်းဖြစ်သည်။
၎င်းတို့အကြားမှ ကွာခြားချက်ကလေးက အင်အားစု တစ်ခုသည် ပုန်ကန်သည့် လူများက်ို ဖမ်းဆီးသတ်ဖြတ်ခြင်းပြုတဲ့ အဖြူ၀တ်လူများနှင့် ရင်ဆိုင်ရပြီး နောက်အင်အားစုတစ်ခုကတော့ မိစ္ဆာသားရဲများကိုသတ်ဖြတ်ဖို့တည်ရှိသည့် အနီ၀တ်များနှင့်ရင်ဆိုင်ရတာဖြစ်သည်။
“နတ်ဘုရားနန်းတော်”
ဤကုန်းမြေကြီး၏ နံပါတ်တစ် အင်အားစုကြီးအပေါ် စုရှောင်ရှန်၏အမြင်မှာ အကျွင်းမဲ့ တရားမျှတမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ဆောင်ကျဉ်းခြင်းဖြစ်သည်။ ထိုမှလွဲ၍ တခြားအကြောင်းကိုမသိပါချေ။
“တရားမျှတမှု… ဒါက အဖိုးကြီး ပြောပြောနေကြ လမ်းစဉ်အတွက် ယှဉ်ပြိုင်ရတာဖြစ်လိမ့်မယ်”
စုရှောင်ရှန် ၎င်းကို အရင်က မယုံကြည်ခဲ့ပါ။
သို့ပေမယ့် သူ၏ ခွန်အားတိုးတက်လာခြင်းနှင့်အတူ ကမ္ဘာကြီးအပေါ် ရှူမြင်သည့် အတွေးအမြင်များလည်း ကျယ်လာခဲ့သည်။ ထိုသို့ အမြင်ကျယ်လာသောအခါ ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်မှာ ဆရာတပြည့် ခံယူပွဲညတုန်းက အကြီးအကဲစန်းပြောခဲ့တာ သဘာ၀ရှိလာလေလေဟုခံစားလာရသည်။
အမှန်တရားက ခါးသည်။
ထျန်းစန်းနန်းတော်မှာ စစ်တုရင် ကစားသူတစ်ယောက်နှင့် နယ်ရုပ်တစ်ရုပ်ကလေး၏ အနေအထားကို သူသိခဲ့ရပြီးချေပြီ။
၎င်းက တကယ်ခါးပေမယ့် ကူကယ်ရာမဲ့သည့် အမှန်တရားဖြစ်သည်။
စိတ်ဝိညာဉ်နန်းတော်တွင် သူက သူများသနားမှ အသက်ရှင်ရမည့် နယ်ရုပ်လေးဖြစ်ပြီး စစ်တုရင်ကစားသူကတော့ အကြီးအကဲစန်းဖြစ်ပေသည်။
ဆရာတပြည့်ခံယူပွဲညက သူငြင်းဆန်ချင်ခဲ့ပေမယ့် သတ္တိမရှိချေ။
သို့ဖြင့် ဆရာတပြည့်ဖြစ်လာပြီးနောက်မှာတောင် အဖိုးကြီးချပေးထားသည့် လမ်းကနေ သွေဖယ်ထွက်သွားဖို့ တစ်ခုသာသူလုပ်ရဲသည်။ သို့တောင် အဆုံးမှာ အဖိုးကြီး၏ လက်ထဲက ပြေးမလွတ်နိုင်တာသိရပေသည်။
ဒီလိုနဲ့ အဖိုးကြီးချပေးတဲ့လမ်းကနေ သွေဖယ်သွားပြီး သူလိုချင်သည့်လမ်းစဉ်ပေါ်လျှောက်နေသလိုရှိပြီဆိုပါစို့။ ဘာဆက်ဖြစ်သနည်း…
သူထင်နေသည့် ထိုလမ်းက အကြီးအကဲစန်း နောက်ထပ်ချပေးသော လမ်းထောင်ချီထဲက ထပ်ဖြစ်နေသေးပြန်သည်။
သူဘယ်လိုရုန်းထွက်နိုင်စွမ်းရှိပါတော့မလဲ။
၎င်းက ငရဲမီးတောက်ကောင်းကင်လား၊ ထျန်းရွှမ်တံခါးလား၊ ကျောက်ရှူလား၊ ဒါမှမဟုတ် ကျန်းရှင်းရှုံလား…။ ဘာအဖြစ်ဖြစ် အဖိုးကြီးက လူများနှင့် အခြေအနေများကို ပြီးပြည့်စုံစွာ ထိန်းချုပ်သွားခဲ့သည်။
သူက ဘယ်လောက် ချပေးသောလမ်းကနေ သွေဖယ်နေပါစေ အဖိုးကြီးချပေးသော နောက်လမ်းတစ်ခုအပေါ်သာ ရောက်သွားရသည်သာ။
“ဟူးးး”
စုရှောင်ရှန် အသာအယာ အသက်ရှိုက်ထုတ်လိုက်သည်။ သူကဉာဏ်ပြေးသူလည်းဖြစ်ရာ ၎င်းကို ကွက်ကွက်ကွင်းကွင်းမမြင်နိုင်ဘဲ ဘယ်နေမည်နည်း။ သို့ပေမယ့် သူက ဘာမှ တန်ပြန်မလုပ်နိုင်ပေ။
ကံကောင်းစွာဖြင့် အဖိုးကြီး၏ စိတ်နေစိတ်ထားကလည်း တမူထူးခြားပြီး သူ့ပုံစံဖြင့်သွားပေလို့ပေါ့။ ဒါ့အပြင်ကို စုရှောင်ရှန်ကို အဘယ်ကြောင့် အထင်အမြင်ကြီးကြရသလဲကိုလဲ ဘယ်သူမှ နားမလည်နိုင်ပေ။
စုရှောင်ရှန် ကိုယ်တိုင်တောင် ၎င်းကိုမသိပါ။
အဖိုးကြီးက သူကိုယ်တိုင်ထက် သူ့ကိုပိုနားလည်နေသလိုရှိတာကြောင့် သူနှင့် ရင်ဆိုင်ရတိုင်း စုရှောင်ရှန် ကြောက်မိသည်။
အကြီးအကဲစန်းကလည်း ဆရာတပြည့်လက်ခံပွဲတုန်းက သူ့မေးခွန်းများကို ရှင်းရှင်းလင်းလင်းဖြေကြားပေးခဲ့သည်။ သူက စိတ်ဝိညာဉ်နန်းတော်ကို လာတယ်ဆိုတာ အရေးမပါတဲ့ ပြဿနာများမှ ရှောင်ကျဉ်ရန်ဖြစ်ပေသည်။
ဤသို့ ခွန်အား၊ ဖြတ်ထိုးဉာဏ်၊ စိတ်နေစိတ်ထားနှင့် လုပ်ထုံးလုပ်နည်းရှိသည့်သူသာ စစ်တုရင် ကစားသမားတစ်ယောက်ဖြစ်လာနိုင်ပေသည်။
“ငါက တခြားသူတွေရဲ့ မျက်လုံးထဲမှာ နယ်ရုပ်သာသာပဲတဲ့”
“ဟက်” စုရှောင်ရှန် သက်ပြင်းချလိုက်သည်။
ကြီးမြတ်တဲ့ အင်အားစုတစ်ခုချင်းစီတိုင်းက အင်မတန်ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။
နတ်ဘုရားနန်းတော်၊ သူတော်စင်အစေအပါး၊ မိစ္ဆာသားရဲ လက်ခံသူများအင်အားစုနှင့် သူမသိသေးသည့် ကုန်းမြေကြီးရှိ ကြောက်မက်ဖွယ်ရာ တည်ရှိမှုများ…။
“ကြည့်ရတာ ငါ့ခွန်အား တဖြည်းဖြည်းတိုးတက်လာတာနဲ့အတူ ဒီလူတွေလည်း ငါမသိလိုက်ခင်မှာ ဒီကကြောင်ဖြူလေးကြောင့် ငါ့အနားမှာ ပေါ်လာကြမယ်ထင်တယ်”
အင်မတန်အန္တရာယ်များသည့် အခြေအနေအတွင်းကို သူတိုး၀င်နေတာ စုရှောင်ရှန်သိပေသည်။
“ဒါပေမယ့် ဒီကြောင်ကိုလက်မခံလိုက်ရင်လည်း ကျောက်ထန်းထန်းနဲ့ ရှင်းကုကုတို့ကို ငါတွန်းလှန်နိုင်မှာလား။ စွမ်းအားကသာ အရာရာကိုဆုံးဖြတ်ပေးတာပဲ…”
ဖောက်ခွဲခြင်းပုံစံကိုရလိုက်၍ စွမ်းအားမဲ့နေသလို ခံစားချက်ကြီး မပျောက်ကွယ်သွားချေ။ ထိုခံစားချက်ကြီးက လောကကြီးကနေ အမြစ်တွယ်ပြီး ကံကြမ္မာဆိုသည့် အရာထဲကို တိုး၀င်ကြီးထွားကာ သမိုင်းဆိုတဲ့ သံသရာကြီးထဲကိုထိုးဖောက်၀င်ရောက်သည်။
၎င်း၏ လက်အောက်ကနေ ဘယ်ခေတ် ဘယ်အခါ ဘယ်လောက ကဖြစ်ဖြစ် ဘယ်သူမှ မလွတ်မြောက်နိုင်ကြချေ။
စုရှောင်ရှန် ခေါင်းကိုငုံ့ပြီးတော့ အိပ်နေရင်းဖြင့်တောင် ပျော်ရွှင်သည့်အမူအရာပြနေသော အလိုရမက်လေးကိုကြည့်လိုက်သည်။ ထိုသတ္တဝါလေးက ဟောက်သံသဲ့သဲ့လေးတောင်ပေးပြီး သက်တောင့်သက်သာရှိလှတဲ့ အိပ်စက်ခြင်းကို ခံစားနေ၏။
“လမ်းစဉ်အတွက် ယှဉ်ပြိုင်ခြင်းတဲ့”
စုရှောင်ရှန် ဆက်လက်၍ မတွေးတောရဲတော့ချေ။
သူဆက်လက်၍ တွေးတောနေရင် ကမ္ဘာကြီးကိုရှူမြင်သည့် သူ၏ အမြင်ကို အကြီးအကဲစန်း၏ အမြင်လာရောက်လွှမ်းမိုးသွားမှာ ကြောက်မိပေသည်။
အပိုင်း (၂၈၅) အစေခံဆိုတဲ့ အဆင့်အတန်း
ကျန်းမျိုးနွယ်စု စံအိမ်၊ မြောက်ဘက်စွန်းရှိ ဒုတိယအိမ်တွင်…။
မနက်ခင်းလေးဖြစ်ကာ လန်းဆန်းလတ်ဆတ်တဲ့ လေညှင်းကလေးများတိုက်ခတ်နေပြီး ငှက်ကလေးများကလည်း တေးသီနေကြသည်။ ပန်းရနံ့လေးတို့ကလည်း ထုံသင်းမွှေးပျံ့နေပေသည်။
ထို ကြီးမားထယ်ဝါသည့် စံအိမ် တော်ကြီးက ကျန်းရှင်းရှုံ၏ပိုင်ဆိုင်မှုဖြစ်သည်။ ထိုတွင် သခင်ဖြစ်သော ကျန်းရှင်းရှုံအပါအ၀င် အစေခံမိန်းမများလည်း ရှိကြ၏။
“သုံးရက်တောင်ရှိပြီ”
စံအိမ်အတွင်း၌ ကျက်သရေ အိန္ဒြေရှိစွာထိုင်နေသည့် အနက်ရောင်၀တ်မိန်းမပျိုကိုကြည့်ပြီး ဟဲယွဲ့ရှင်းပြောလိုက်လေသည်။ ထိုမှ အရှေ့ဘက်အရပ်က ဖြည်းဖြည်းချင်းထွက်လာနေသော နေကိုကြည့်လိုက်၏။
ယနေ့နှင့်ဆို သူတို့ကျန်းမျိုးနွယ်စုကိုရောက်လာကြတာ သုံရက်မျှတောင်ကြာသွားခဲ့ပြီဖြစ်သည်။ သို့တောင် သူတို့ကို နားစရာနေရာတောင်မပေးခဲ့ပါချေ။
သူတို့ကိုယ်၌က နားနေစရာမလိုဘူးဆိုပေမယ့် ထျန်းစန်းစိတ်၀ိညာဥ်နန်းတော် အတွင်းစည်းထိပ်သီး (၃၃) ဦးထဲက နှစ်ယောက်ကို ဤသို့ ဆက်ဆံမှုပြုခြင်းက ကျန်းမျိုးနွယ်စု တကယ် အရဲတင့်ပေသည်။
လန်ရှင်းရှီက အစေခံတစ်ယောက်ဖြစ်တာနှင့် ဤသို့ လုပ်စရာလိုလို့လား။
လန်ရှင်းရှီက ခေါင်းလေးကို အသာမော့ကာ ညှင်သာစွာမေးလိုက်၏။ “နင်မစောင့်နိုင်တော့ဘူးလား”
“ငါမစောင့်ချင်လို့ မဟုတ်တာ နင်သိပါတယ်”
ဟဲယွဲ့ရှင်းက ခေါင်းကိုခါရမ်းကာ ဆက်ပြောလိုက်သည်။ “ဒီသုံးရက်လောက်လေးနဲ့က ငါက ဘာမှ မဖြစ်သွားဘူး။ သုံးရက်မပြောနဲ့ နင့်အတွက်ဆို နှစ်သုံးဆယ်တောင်ငါစောင့်ပေးနိုင်တယ်”
ဟဲယွဲ့ရှင်း လန်ရှင်းရှီကိုကြည့်လိုက်ပေမယ့် သူမ၏ လှပသော မျက်နှာတစ်ဘက်ခြမ်းရကိုသာမြင်ရသည်။ သူသက်ပြင်းချလိုက်မိ၏။
“ငါလုပ်ချင်ရင် နင့်ကိုဒီလိုဆက်ဆံတဲ့ ကျန်းမျိုးနွယ်စုကို တည်ရှိဖို့ ဘာတန်ဖိုးမှ မရှိတော့အောင် လုပ်လိုက်လို့ရတာ သိတယ်မလား”
လန်ရှင်းရှီ၏ နှုတ်ခမ်းထောင့်လေးကွေးတက်သွားပြီး ခေါင်းလေးကိုငုံ့လိုက်သည်။ ဟဲယွဲ့ရှင်းက ထိုမြင်ကွင်းမှာ မျောပါသွား၏။
“သွားမယ်”
အနက်၀တ်မိန်းမပျိုလေးက အရှေ့အရပ်ကိုကြည့်ပြီး ရုတ်တရက် ထရပ်လိုက်သည်။ ယခုမှ နေက အရှေ့အရပ်မှထွက်လာစပြုခြင်းဖြစ်ရာ သူမ ထရပ်လိုက်သည့်အချိန်က အရာအားလုံးကို အလင်းတည့်တည့်ပေးလိုက်သည့် အချိန်ဖြစ်သွားသည်။
“ဘယ်ကိုလဲ” ဟဲယွဲ့ရှင်းမေးသည်။
“ငါတို့သုံးရက်တောင်စောင့်ပြီးတာ ဘယ်သွားမယ်ထင်လဲ။ ဘာမှ မလုပ်ရသေးဘဲ ဒီတ်ိုင်းတော့ပြန်လို့မရဘူးလေ”
“အဖိုးကြီး ကျန်းထိုက်ယင် နင့်ကိုတွေ့ဖို့ သဘောတူလိုက်ပြီလား”
ဟဲယွဲ့ရှင်း အတန်ငယ် အံ့အားသင့်သွား၏။ သူပတ်ပတ်လည်မှာ စိတ်ဝိညာဉ်အာရုံဖြင့်ရော၊ ဓားဆန္ဒဖြင့်ပါ စစ်ကြည့်ပေမယ့် ဘယ်သူမှ မတွေ့ရချေ။
လန်ရှင်းရှီက ဘယ်လိုသတင်းရတာလဲ။
“သခင်နဲ့ အစေခံတစ်ယောက်အကြားက စိတ်ချင်းဆက်သွယ်ပြောမှုတစ်ခုသာသာပါ”
အနက်၀တ်မိန်းမပျိုလေးက သူတွေးနေတာ သိသည့်အလား လေသံလေးကိုလျော့၍ ပြောပြီးနောက် ခြံလေးထဲက ထွက်သွားလိုက်သည်။
ဟဲယွဲ့ရှင်းလည်း ထပြီး သူမနောက်ကိုလိုက်ရန်ပြင်လိုက်ပေမယ့် လန်ရှင်းရှီက ပြောလိုက်လေသည်။ “ဒီမှာစောင့်နေ။ ဘယ်မှမသွားနဲ့”
“ဒီမှာစောင့်ရမယ်ဟုတ်လား”
ဟဲယွဲ့ရှင်း စိတ်အလိုမကျပေ။ သူ့နှလုံးသားထဲက အမုန်းဆုံးအရာက စောင့်ဆိုင်းရခြင်းဖြစ်သည်။
သို့ဖြင့် ဆက်လျှောက်လိုက်ပါသည်။
“စောင့်နေ”
ငြင်းဆန်တာ မလိုချင်သည့်အလား မြဲမြံသော အသံထွက်ပေါ်လာခဲ့သည်။ လန်ရှင်းရှီ၏ ထွက်သွားသော ပုံရိပ်ကိုကြည့်ပြီး ဟဲယဲ့ရှင်း သက်ပြင်းချလိုက်၏။
“စောင့်နေတဲ့…”
သူ့မျက်နှာထက်တွင် ကိုယ့်ကိုယ်ကိုယ်လှောင်ပြောင်ကဲ့ရဲ့နေသလို အမူအရာပေါ်လာပေမယ့် မကြာခင် ပြန်ပျောက်သွားခဲ့၏။ ပြီးနောက် ပြတ်သားသောအမူအရာမျိုးပေါ်လာသည်။
ဟဲယွဲ့ရှင်း ပြန်ထိုင်ချလိုက်ပြီးတော့ စားပွဲကိုလက်ဖြင့်တောက်နေလိုက်သည်။ သူ့မျက်၀န်းများအတွင်း၌ မီးလျှံတို့တောက်ပလာခဲ့ပြီး “စောင့်မယ်”
…
ကျန်းမျိုးနွယ်စု အဓိက ခန်းမကြီးတွင်…။
ခန်းမကြီး၏ အဓိက ထိုင်ခုံဖြစ်သော ရွှေရောင်အကြေးခွံများဖြင့်ပြုလုပ်ထားသောထိုင်ခုံပေါ်တွင် ၀င့်ဝါလွန်းသော အ၀တ်အစားများကို ၀တ်ဆင်ထားသည့် အင်မတန်ကြီးမားလှသော လူကြီးတစ်ယောက်ထိုင်နေသည်။ သူ့မျက်၀န်းများက ကြောက်မက်ဖွယ်ရာကောင်းလှသည်။
သူ့ညာလက်က ပုခုံးမှနေ၍ အရုပ်ကြိုးပြတ် ကျနေခဲ့၏။ သို့ပေမယ့် သူ၏အရှိန်အဝါကတော့ လူသန်ကြီးဆိုတဲ့အတိုင်း ခက်ထန်သန်မာနေစဲဖြစ်လေသည်။ ၎င်းက လက်ရှိခန်းမထဲမှာ ရှိနေတဲ့လူတိုင်းကို မြေပြင်မှာ ၀ပ်တွားနေစေခဲ့သည်။
“မြို့တော်၀န်ရဲ့စံအိမ်တော် ညစာစားပွဲအတွက် ပြင်ဆင်မှုတွေက ဘယ်လိုရှိလဲ”
ကျန်းထိုက်ယင်က ထိုင်ခုံကြီးပေါ်မှာ မျက်လုံးစုံမှိတ်ကာ မှီ၍ ထိုင်နေသည်။ သူ့အပြင်ပန်းကိုကြည့်မယ်ဆိုရင် တော်တော်လေးလေးကန်ကန်နိုင်မည့်သူဖြစ်ဟန်ပေါက်၏။
အိမ်တော်ထိန်းက ကိုယ်ကိုကိုင်း၍ အလျင်အမြန် ရှေ့တက်လာပြီး ပြောလိုက်သည်။ “ပြင်ဆင်မှုတွေအားလုံး သေသေချာချာပြုလုပ်ပြီးပါပြီ။ မြို့တော်၀င်ဖု အထူးတောင်းဆိုထားတဲ့ ကောင်းကင်ဘုံ စက္ကောမကိုလည်း ရရှိပြီးသွားပါပြီ။ ဒါကြောင့် ဒီတစ်ကြိမ်တော့ အကြံအစည်က ကောင်းကောင်းမွန်မွန်အလုပ်ဖြစ်မှာပါ”
“ဒါ့အပြင်ကို ကျန်းမျိုးနွယ်စုက အရင်နှစ်တွေအတွင်းမှာ သာမန်ထက်ပိုပြီး ကြီးထွားသန်မာလာတာကြောင့် ဒီတစ်ကြိမ်လှိုက်ဂူဖြူ၀င်ခွင့်ကို ဂဏာန်းနှစ်လုံး လောက် အရင်ကထက် ပိုရမယ်လို့ ယုံကြည်ပါတယ်”
အိမ်တော်ထိန်းက သူ့ရှေ့က လူသန်ကြီးကို ပျော်ရွှင်သွားစေဖို့ နားရွက်တက်ချိတ်မတတ် ရွှင်ပြပြဆိုလိုက်သည်။ သို့သော် အချည်းနှီးသာ…။
“လှိုဏ်ဂူဖြူ၀င်ခွင့်…”
ကျန်းထိုက်ယင် မျက်လုံးများကိုပွတ်ပြီးနောက် ဖွင့်လိုက်သည်။ ရုတ်တရက်ပိုကြီးထွားလာသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါကြောင့် အိမ်တော်ထိန်း နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရ၏။
“တစ်ခါတစ်ရံမှာ အလွန်အကျွံပြင်ဆင်တာက အကျိုးမရှိဘူးဆိုတာသိလား”
သူက အိမ်တော်ထိန်းကိုပြောနေသလိုဆိုပေမယ့် သူ့အကြည့်များက ဒူးထောက်ထားသော အနက်ဝတ် မိန်းမမျိုလေးထံမှာရောက်နေသည်။ သူ့အသံက ခံစားချက်ကင်းမဲ့လှ၏။
“အသက်ရှင်သင့်တဲ့သူက မရှင်ဘဲ သေသင့်တဲ့သူက ဒီမှာရောက်နေတယ်”
ဘုတ်ကတည်းက အိမ်တော်ထိန်း ဒူးထောက်ကျသွားသည်။
“ဒီအစေခံအိုကြီး သေသင့်ပါတယ်”
ကျန်းထိုက်ယင်က အေးစက်စက်ရယ်မောကာ သူ့ကို ကြည့်လိုက်ပြီးမေးသည်။ “သေသင့်တယ်ဟုတ်လား။ ခင်ဗျားဘာအမှားလုပ်မိလို့လဲ”
“ကျုပ်….”
အိမ်တော်ထိန်း၏ မျက်နှာ ဖြူဖျော့နေခဲ့သည်။ သူ့နောက်ကျောတစ်ခုလုံးကလည်း ချွေးစေးများဖြင့်ဆိုရွှဲနေပြီး ဘာပြောရမှန်းမသိဖြစ်နေ၏။
ကျန်းထိုက်ယင်လက်ကိုဝေ့ရမ်းလိုက်သည်။ သူနှင့် ဆယ်စုနှစ်တစ်ခုကျော်ကျော် အတူရှိလာခဲ့သည့် ဤအဖိုးကြီးကို ခက်ခဲအောင်မလုပ်ချင်ပါချေ။ သူ့ခံစားချက်များကို ထိုအချိန်မှာ ထိန်းချုပ်ရခက်နေသောကြောင့်သာဖြစ်သည်။
“တော်ပြီ။ မြို့တော်၀န်အိမ်တော် ညစာစားပွဲမှာ ကျန်းမျိုးနွယ်စုခေါင်းဆောင်နေရာကနေ ခင်ဗျားသွားတက်ရမယ်။ ဘာအမှားမှ မလုပ်မိပါစေနဲ့”
အိမ်တော်ထိန်းက ကြက်အစာကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်ကာ ထလိုက်သည်။
“စိတ်ချပါ”
“အရှင်”
အမျိုးသမီးတစ်ဦး၏ အသံပေါ်ထွက်လာသောကြောင့် ကျန်းထိုက်ယင်လုပ်လက်စများရပ်သွား၏။
အိမ်တော်ထိန်းလည်း ကြမ်းခင်းပေါ်တွင် ဒူးထောက်နေသည့် မိန်းမပျိုလေးကို နက်မှောင်နေသော မျက်နှာဖြင့်လှည့်ကြည့်လိုက်သည်။ သူ့အကြည့်များက တစ်ယောက်ယောက်ကို ဝါမျိုတော့မလိုလိုနှင့် ‘အိမ်တော်သခင်က ဒီမှာ စိတ်မကြည်တာမတွေ့ဘူးလား။ ဒီလိုအခြေအနေမှာ ဘာလို့စကားပြောရဲတာလဲ။ ခဏလေးထပ်စောင့်လို့မရဘူးလား’
လန်ရှင်းရှီစောင့်မနေနိုင်တော့ပါ။ ကျန်းထိုက်ယင်က တစ်ချက်သာရပ်တန့်သွားခဲ့ပြီး ဆက်ထွက်သွားရန်လုပ်နေတာကိုမြင်သောအခါ ထပ်ပြောလိုက်သည်။
“အရှင်”
အိမ်တော်ထိန်း နောက်တွန့်သွား၏။ သူ့မျက်နှာက စက္ကစအဖြူထက်တောင်ပို၍ သွေးဆုတ်ဖြူရော်နေခဲ့သည်။ သွေးသံတရဲရဲဖြစ်တော့မှာကို သူကြိုတင်မြင်နေနိုင်ပေသည်။
ကျန်းထိုက်ယင်နောက်ဆုံးတော့ ရပ်လိုက်ပြီး အနက်၀တ်မိန်းမပျိုလေးကို လှည့်ကြည့်လိုက်သည်။ ဆက်လက်၍ လှောင်ပြောင်သရော်သောလေသံဖြင့် သူက “ ကျန်းရှင်းရှုံသေပြီဆိုတော့ နင့်အစေခံဆိုတဲ့ အဆင့်အတန်းကနေ လွှတ်ပေးဖို့ လာတောင်းဆိုတာလား”
ထိုစကားပြောပြီးပြီးခြင်းပဲ ခန်းမအတွင်းရှိ အစေခံမိန်းမများအားလုံး တုန်ရင်နေသောခန္ဓာကိုယ်များဖြင့် ဒူးထောက်လိုက်ကြ၏။
ကျန်းရှင်းရှုံသေပြီဟူသည့်သတင်းရောက်လာကတည်းက ကျန်းမျိုးနွယ်စုမှာ အသက်ရှင်ဖို့ ဆင်ခြင်နေထိုင်ရတာ ဘယ်လောက်ခက်ခဲလဲ ဘယ်သူသိမှာလဲ။ မျိုးနွယ်စုခေါင်းဆောင်က ဘာမှ မဆိုသော်လည်း “သေခြင်း” နှင့် “ရှင်းရှုံ” ဆိုတဲ့ စကားပါတာနဲ့ အသက်ဆုံးရှုံးကြရမှာကိုသိကြသည်။
ယခုတော့ မျိုးနွယ်စုကနေ (၇) နှစ်ကြာထွက်သွားခဲ့သည့် အစေခံသမလေးက ကျန်းရှင်းရှုံသေပြီးနောက်မှာ အစေခံ အဆင့်အတန်းကိုချွတ်ပေးဖို့ လာတောင်းဆိုနေ၏။
၎င်းက သေချင်နေခြင်းမဟုတ်လျှင် ဘာဖြစ်လိမ့်မည်နည်း။ ခန်းမအတွင်းမှလူတိုင်း၏ စိတ်နှလုံးများ ချမ်းစိမ့်တက်သွားကြသည်။
‘သေချင်ရင်လည်း ရိုးရိုးတန်းတန်း ကြိုရှာဆွဲကြိုးချပြီးသေပါဟဲ့။ ဘာလို့ငါတို့ကိုပါ ဆွဲထည့်ချင်နေရတာလဲ’
လူအုပ်ကြီးနှင့်အလားတူ လန်ရှင်းရှီလည်း တုန်ရင်နေခဲ့၏။
သူမ မော့မကြည့်ရဲချေ။
လူတိုင်းကို သူမက တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ရဲတယ်ဆိုပေမယ့် သူမရှေ့က လူကိုရင်ဆိုင်ရာမှာ မကြောက်ရွံ့ဘဲ မနေနိုင်ချေ။
ကျန်းထိုက်ယင်က ကျန်းမျိုးနွယ်စု ခေါင်းဆောင်တစ်ဖြစ်လဲ သိန်းချီ၊ သောင်းချီသော အသက်များကိုနှုတ်ယူခဲ့သည့်သူဖြစ်သည်။
သူ၏ ခွန်အားနှင့် စွမ်းဆောင်ရည်တို့ဖြင့် ကျန်းမျိုးနွယ်စုကို ထျန်းစန်းစီရင်စု အဓိက မျိုးနွယ်စုကြီးလေးခု၏ ထိပ်ပိုင်းကို ဆယ်စုနှစ်အနည်းငယ်တည်းဖြင့်ရောက်အောင်ပို့နိုင်ခဲ့သည်။
၎င်းက ယခုကိစ္စနှင့်မသက်ဆိုင်ပါပေ။
ကိုယ့်အဆင့်အတန်းနဲ့ပတ်သက်ပြီး ယုံကြည်ချက်နည်းပါးသူဖြစ်သည့် လန်ရှင်းရှီက သခင်စကားပြောနေချိန်မှာ မော်၍တောင်မကြည့်ရဲချေ။ သူမက အတွင်းစည်းထိပ်သီး (၃၃) ဦးအတွင်းကို၀င်၍ အရှင်သခင်နယ်ပယ်ဖြစ်လာစေဦးတော့ မပြောင်းလဲသွားခဲ့ပါ။
“ဒါကကျန်းသခင်လေးနဲ့ မဆိုင်ပါဘူး။ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတစ်ခုကြောင့်ပါ…”
“နင့်ရဲ့ ဟုတ်လား” ကျန်းထိုက်ယင်လေသံကိုမြှင့်လိုက်သည်။
လန်ရှင်းရှီကြား၀င်ဖြတ်ခံလိုက်ရပြီး ရှေ့ဆက်မပြောရဲတော့ချေ။ သူမ၏ ကိုယ်ကိုပို၍ ပိပြားအောင်၀ပ်လိုက်သည်။
“ဒီကိစ္စက ဒီက အစေခံရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စသက်သက်ပါ။ ကျန်းသခင်လေး ဂြိုလ်ဆိုးမ၀င်ခဲ့ရင်တောင် ကျွန်မ… ဒီအစေခံက ဒီကိစ္စကို ပြောရဦးမှာပါပဲ”
ထိုစကားလုံးများကို ဖျစ်ညှစ်ပြီးတော့ အားခဲကာ ပြောလိုက်၏။
၎င်းက (၇) နှစ်တာ သူမ အိပ်မက်မက်ခဲ့ရသောအရာဖြစ်သလို (၇) နှစ်တာ အစော်ကားခံခဲ့ရသည့် အရာလည်းဖြစ်သည်။
ဒီနေ့တော့ အားလုံး အဆုံးသတ်ရမည်။
အရှင်သခင်နယ်ပယ်တစ်ယောက်အနေဖြင့် မိသားစုအတွင်းမှာ အရေးပေးခြင်းခံရမည်ဖြစ်သော်လည်း သူမ မမက်မောပေ။
“ဟားဟား”
ကျန်းထိုက်ယင်၏ မိုးခြိမ်သံအလား ရယ်သံကြီးက ခန်းမကြီးတစ်ခုလုံးကို ပျံ့နှံ့သွား၏။
ပြီးနောက် သူ့ဘယ်လက်ကိုမြှောက်၍ လက်ကောက်၀တ်ကို ခါရမ်းလိုက်ပြီးတော့ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
“ဒါဆိုရင် ရှင်းရှုံမသေခင်ကတည်းက နင့်မှာ ဒီအကြံအစည်ရှိခဲ့တယ်ပေါ့”