Chapter – 242
“အဆင့်တက်အောင်ကူညီစေခြင်း (၂)”
ပိုင်ရှင်းယွဲ့သည် တိုက်ပွဲအား အစပိုင်းတွင်သာ စိတ်ဝင်တစားဖြင့်ကြည့်နေမိသည်။နောက်ပိုင်း မည်ကဲ့သို့ အဆုံးသတ်မည်ကို စိတ်ပါဝင်စားခြင်း မရှိတော့ချေ။ ဝမ်ရမ်ချူးချူးသည် ရဲရှောင်ထက် ကျင့်ကြံမှုပိုင်းတွင် သာလွန်နေသည်။ သို့သော် အတွေ့အကြုံပိုင်းတွင်မူ ရဲရှောင်သည်ဝမ်ရမ်ချုးချူးထက်သာလွန်နေပြန်သည်။ ခန့်မှန်းရခက်သော တိုက်ပွဲတစ်ခုပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရဲရှောင်အစပျိုးလိုက်သည့်တိုက်ပွဲကြောင့်တပည့်ဖြစ်သူ ဝမ်ရမ်ချူးချူးအတွက်လေ့ကျင့်ပေးသကဲ့သို့ပင်ဖြစ်နေလေသည်။
ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင်ဝမ်ရမ်ချုးချုးအား ရှုံးနိမ့်စေချင်နေမိသည်။ အဘယ့်ကြောင့်ဆိုသော်ရှုံးနိမ့်ခြင်းဆိုသည့်မမေ့နိုင်သော သင်ခန်းစာ တစ်ခု ရရှိစေချင်၍ ဖြစ်သည်။ ထိုအခါ တပည့်ဖြစ်သူသည်ရှက်ရွံ့မှုကြောင့် မခံချင်စိတ်ဖြင့် ပို၍ ကြိုးစား လာပေလိမ့်မည်။ အရှုံးသည်ဝမ်ရမ်ချူးချူးအတွက် အနာဂတ်တွင် ပို၍ အစွမ်းထက်စေမည့် တွန်းအားတစ်ခု ဖြစ်လာနိုင်ပေမည် မဟုတ်ပါလော။ ထို့ပြင် ယခုကဲ့သို့ အဆင့်နိမ့် ပညာရှင် ၂ ဦး၏ တိုက်ပွဲတွင် အန္တရာယ်ရှိသော အခြေအနေတစ်ခု ဖြစ်လာမည် ဆိုပါကလည်း ပိုင်ရှင်းယွဲ့အနေဖြင့်ကောင်းစွာ တားဆီးပေးနိုင်စွမ်း ရှိလေသည်။ ရဲရှောင်တို့၏ တိုက်ပွဲသည်သူ့အတွက်မူ ကလေးနှစ်ယောက် ရန်ဖြစ်နေကြသည်နှင့်ပင်တူနေပါသည်။
ပိုင်ရှင်းယွဲ့သည် ရဲရှောင်တို့ နှစ်ဦး အပြန်အလှန်တိုက်ခိုက်နေကြစဉ် တပည့်ဖြစ်သူ၏ အသွင်အပြင်အား သေသေချာချာ ကြည့်လိုက်မိသည်။ ဝမ်ရမ်ချူးချူး၏ မျက်နှာသည် ဒေါသကြောင့် နီရဲနေသည်ကို တွေ့လိုက်ရသည်။ ထို့ပြင်ခါးအား ကြည့်လိုက်မိေသာအခါ လက်ဝါးအရွယ်ခန့်သာ ရှိသည်ကို တွေ့လိုက်ရသဖြင့် ပိုင်ရှင်းယွဲ့တစ်ယောက်ပြုံးမိလိုက်သည်။
ရဲရှောင်သည်ဝမ်ရမ်ချူးချူးကဲ့သို့ အပြစ်ပြောစရာ မရှိသော မိန်းကလေးတစ်ဦးအား ဝသည်ဟု ဆိုလိုက်ခြင်းသည် တမင်ရန်စနေခြင်းပင်မဟုတ်ပါလော။ မျက်စိကန်းနေသော လူပင် လက်ဖြင့် စမ်းကြည့်ရုံဖြင့် အမှန်တရားအား သိနိုင်ပေလိမ့်မည်။ မော်တယ်ကမ္ဘာတစ်ခုလုံးတွင် ဝမ်ရမ်ချူးချူးထက် ပိန်သွယ်သောခါး မရှိနိုင်ဟု ပိုင်ရှင်းယွဲ့ ယုံကြည်နေမိသည်။
[ဒီဖန်ဇီလင်ကတော့ ဗြောင်လိမ်နေတာပဲ။ ငါ့တပည့်ကိုများ ဝတယ် သွားပြောသေးတယ်။ ဘယ်သူမဆို ဒါမျိုး ဘယ်အပြောခံချင်ပါ့မလဲ။ သူ့ပါးစပ်က အဲ့ဒီလိုစကားပြောလိုက်ရင်ချူးချူးဘက်က အခုလို သူ့ကို ဒေါသတကြီး တိုက်ခိုက်မယ် ဆိုတာ သူ မသိတာလား . . .]
ပိုင်ရှင်းယွဲ့သည်ဖန်ဇီလင်အား မကျေမနပ်ဖြင့်တွေးနေမိသော်လည်း တိုက်ပွဲအား တားဆီးခြင်း မရှိချေ။ ကျေနပ်၍ပင် နေမိနေပါသေးသည်။
ဖန်ဇီလင်ဘက်မှ ဝမ်ရမ်ချုးချူးအား မထိတထိဖြင့်ပြောလိုက်သည့် အကြောင်းရင်းကိုလည်း သူ ရိပ်စားမိခဲ့သည်။
ပိုင်ရှင်းယွဲ့သည်ဖန်ဇီလင်၏ ပါးရည်နပ်ရည် ရှိပုံကိုပင် သဘောကျသွားမိသည်။ အဘယ့်ကြောင့်ဆိုသော်ဖန်ဇီလင်သည် အကြံနှင့် ပြောလိုက်ခြင်း ဖြစ်သည်ကို သူ သိနေသောကြောင့်ပင်ဖြစ်သည်။ ယခုတိုက်ပွဲတွင် ဖန်ဇီလင်သည် ကြိမ်းသေအနိုင်ရမည် မသေချာသည့်တိုင် ဝမ်ရမ်ချူးချူးအား မခံချင်အောင် ပြောဆိုခဲ့သည်။ ဝမ်ရမ်ချူးချူးဘက်မှ သည်းမခံနိုင်၍ တိုက်ခိုက်လာပါက ပြန်လည် ခုခံတိုက်ခိုက်ရင်းဖြင့်ဖန်ဇီလင်သည်သူ့ကိုယ်သူ တိုးတက်အောင် လုပ်ချင်သဖြင့် ပြောလိုက်မှန်း ပိုင်ရှင်းယွဲ့ သဘောပေါက်လိုက်မိသည်။
ရဲရှောင်သည်ရေခဲစွမ်းအားနှင့် မီးစွမ်းအား နှစ်မျိုးစလုံးအား ထိန်းချုပ်နိုင်သည်ကို ပိုင်ရှင်းယွဲ့ သိထားပြီး ဖြစ်သည်။ ထိုစွမ်းအင်နှစ်ခုအား အသုံးပြု၍ ပေါက်ကွဲထွက်စေလိုက်လျှင် အလွန်ပြင်းထန် သွားမည် ဆိုသည်ကိုလည်း သိနေခဲ့သည်။သို့သော် ထိုကဲ့သို့ မလုပ်သည်ကို ကြည့်ခြင်းအားဖြင့် ဖန်ဇီလင်၏ တိုက်ခိုက်ချင်သည့် ရည်ရွယ်ချက်မှာ သိသာနေပြီ ဖြစ်သည်။
ဝမ်ရမ်ချူးချူးသည် ရဲရှောင်အား အလွန်စိတ်ဆိုးလျက် ရှိသည်။ တိုက်ခိုက်နေရာမှ ရုတ်တရက် သူ၏ လက်ခုပ်နှစ်ဖက်အား တီးလိုက်ရင်း –
“ရှင့်ရဲ့ ပါးစပ်က လူတစ်ယောက်ကို ဘယ်လို လေးစားရမှန်း မသိမှတော့ သင်ခန်းစာ ကောင်းကောင်းပေးရသေးတာပေါ့ . . .”
အေးစက်သော ချီဓာတ်များသည်ဝမ်ရမ်ချုးချုး၏ ကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက်လေထဲတွင် ဝဲကတော့ပုံစံများ ဖြစ်ပေါ်လာပြီး ထိုဝဲကတော့များသည် တဖြည်းဖြည်း များသွားသည်။ ထိုမှတဆင့် ဝဲများ အားလုံးသည် နဂါးတစ်ကောင်အသွင် ပေါင်းစပ်သွားပြီး ရဲရှောင်အား လွှမ်းခြုံသွားလေသည်။
ထိုတိုက်ကွက်သည် လင်းရှောင်ရေခဲတိုက်ကွက်ပင် ဖြစ်သည်။
တိမ်မြူခိုးနန်းတော်၏ ဒဏ္ဍာရီလာ တိုက်ကွက်သည် မော်တယ်ကမ္ဘာကဲ့သို့ အဆင့်နိမ့် ကမ္ဘာတစ်ခုတွင် ပေါ်ပေါက်လာချေပြီ။ မမျှော်လင့်သော အဖြစ်အပျက်တစ်ခုပင်။
ဝမ်ရမ်ချူးချူးသည် အစွမ်းအစ အသင့်အတင့် ရှိသည့်သော်လည်း ယခုတိုက်ကွက်၏ ကနဦးအဆင့်ကိုသာ ပြုလုပ်နိုင်သေးသည်။ သို့သော်တိုက်ကွက်သည် အစွမ်းထက်လှပြီး သူမ၏ စွမ်းအင်များသည်လည်း ယခင်ကထက် ၃ ဆခန့် ပို၍ တိုးလာခဲ့သည်။
ရဲရှောင်သည် စွမ်းအင်များဖြင့် အဖိနှိပ်ခံနေရပြီး စိတ်ထဲ လေးလံကာ ထိတ်လန့်သွားမိသည်။
တိမ်မြူခိုးနန်းတော် နာမည်ကြီးမည်ဆိုလျှင် ကြီးလောက်စရာပင်။
နန်းတော်သုံးခုတွင် နံပါတ် ၁ နန်းတော်ဖြစ်ခဲ့သည်မှာလည်း အံ့သြစရာတော့ မဟုတ်ချေ။
တိမ်မြူခိုးနန်းတော်မှ မိန်းကလေးများအားလုံးသည်သူတုိ့၏ ဂိုဏ်း ပြန်လည် နလန်ထူလာမည်ဟု မျှော်လင့်နေကြသည်မှာလည်း ထိုကျင့်စဉ်ကြောင့်ပင်ဖြစ်သည်။ မှင်ရောင်အားဖြည့် ကြာပန်းပင်များ ရှာဖွေစိုက်ပျိုးနိုင်ရန်သာ မျှော်လင့်လျက် ရှိနေကြသည်။
လင်းရှောင်ရေခဲကျင့်စဉ်အား မစွန့်လွှတ်ချင်သည့် လူများစွာ ရှိနေသည်မှာလည်း မထူးဆန်းပေ။
လင်းရှောင်ရေခဲကျင့်စဉ်သည် ကျင့်ကြံသူ၏ အစွမ်းအား ၃ ဆခန့်ချက်ချင်း တိုးတက်သွားစေနိုင်စွမ်း ရှိသည်။
အလွန်ထူးဆန်းသော တိုက်ကွက်တစ်ခုပင်ဖြစ်ပြီး မယုံနိုင်စရာပင် ကောင်းလှသည်။
ယခုတိုက်ကွက်သည်ဝမ်ရမ်ချူးချူး အသုံးပြုလိုက်သည့် လင်းရှောင်ရေခဲတိုက်ကွက်မို့ပင် တော်သေးသည်ဟု ဆိုရပေမည်။ထိုတိုက်ကွက်အား ပိုင်ရှင်းယွဲ့သည်သာ သုံးလိုက်မည်ဆိုပါက မည်မျှအထိ အစွမ်းထက်သွားမည်ကို ရဲရှောင် မခန့်မှန်းရဲတော့ချေ။
တိမ်မြူခိုးနန်းတော်၏ ဒဏ္ဍာရီထဲမှ ခေါင်းဆောင်ဖြစ်သော ရွှမ်ပိုင်သာ အသုံးပြုခဲ့မည်ဆိုပါက ပို၍ပင် မမှန်းဆနိုင်တော့ချေ။
ချင်းယန်နယ်ပယ်၏ နံပါတ် ၁ ပညာရှင်ဖြစ်သည့် ဝုဖသည် တိမ်မြူခိုးနန်းတော်နှင့် နှစ်ပေါင်း အတော်ကြာ ရန်ငြိုးရန်စ ရှိခဲ့ကြသည်။ သူတို့ကြားမှ အမုန်းတရားများသည် မည်သည့်အခါမျှ အဆုံးသတ်ကြမည် မဟုတ်ချေ။ သို့သော် ဝုဖသည် တိမ်မြူခိုးနန်းတော်အား မုန်းတီးနေသည့်တိုင် သူ၏ ဆန္ဒများအား ချိုးနှိမ်ထားခဲ့ရသည်။
ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ရွှမ်ပိုင်၏ လင်းရှောင်ရေခဲတိုက်ကွက်အား ကြောက်ရွံ့၍ပင် ဖြစ်သည်။
ဝမ်ရမ်ချူးချူး၏ အသုံးပြုမှုပင် ယခုလောက် အစွမ်းထက်နေလျှင် ရွှမ်ပိုင်သာ အစွမ်းကုန်သုံး၍ ပြုလုပ်လိုက်မည် ဆိုပါက ဝုဖကိုပင် အနိုင်ရသွားနိုင်လောက်သည်ဟု ရဲရှောင် တွက်ဆမိလိုက်သည်။
အနည်းဆုံးမူ ဝုဖတစ်ယောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။
ထို့ကြောင့်ပင် ဝုဖသည် နှစ်ပေါင်းများစွာ ကြာသည့်တိုင် တိမ်မြူခိုး နန်းတော်အား မည်သည့်အရာမျှ မလုပ်ဝံ့ဘဲ လက်မှိုင်ချနေရခြင်းပင် ဖြစ်သည်။
ထိုတိုက်ကွက်သာ မရှိခဲ့ပါက တိမ်မြူခိုးနန်းတော်အား ဖြိုခွဲပစ်ပြီးသည်မှာ ကြာလောက်ချေပြီ။
ရဲရှောင်သည် သူ့ထံသို့ ဖိအားတစ်ခု သက်ရောက်သကဲ့သို့ ခံစားနေရပြီး သူ၏ အနားသို့ ဝမ်ရမ်ချုးချုး ကပ်လာလေလေ အသက်ရှူရန်ပင် ခက်ခဲလာလေလေ ဖြစ်သည်။ အသက်ကိုပင် အသည်းအသန် ရှူနေရသော ရဲရှောင်အဖို့ ခုခံတိုက်ခိုက်ရန်မှာ မလွယ်ကူတော့ချေ။
ရဲရှောင်အဖို့ ပထမဆုံးအကြိမ် ချွေးပြန်သွားမိခြင်း ဖြစ်သည်။
ထိုတိုက်ကွက်အတွင်း တစ်ဖက်လူ၏ စိတ်အား သက်ရောက်စေသည့် ထူးခြားသော အစွမ်းတစ်ခု ပါဝင်နေလိမ့်မည်ဟု ရဲရှောင် ခံစားမိလိုက်သည်။ ထိုအစွမ်းကိုမူ ရဲရှောင် လေးစားသွားခဲ့မိသည်။ တစ်ဖက်လူ၏ စိတ်အား လွှမ်းမိုးသွားပြီး ကြောက်ရွံ့နေစေခြင်းပင် ဖြစ်သည်။
ထိုအစွမ်း၏သက်ရောက်မှုသည် စိတ်၏ အနက်ရှိုင်းဆုံးနေရာအထိသက်ရောက်သွားခဲ့ပါက အသက်မသေဆုံးသည့်တိုင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ဖြစ်သွားမည်မှာ သေချာပေါက်ပင်ဖြစ်သည်။
ထိုအချက်သည် လင်းရှောင်ရေခဲတိုက်ကွက်၏ အစွမ်းထက်ဆုံး အာနိသင်ပင်ဖြစ်သည်။
ရဲရှောင်သည် အချိန်မဆွဲတော့ဘဲ ချက်ချင်းပင် သူ၏ စွမ်းအင်သိုလှောင်ရာအား ဖွင့်ချလိုက်သည်။ ထိုအခါ ရှေးဦးခရမ်းရောင် ချီဓာတ်များသည် အရှိန်အဟုန်ဖြင့် စီးဆင်းလာကြသည်။ တိုက်ပွဲအစကတည်းကပင်ရဲရှောင်သည် သူ၏ စွမ်းအင်များအားဖိနှိပ်ထားသဖြင့် ယခုကဲ့သို့ ရုတ်တရက်ဖွင့်ချလိုက်သောအခါ ပေါက်ကွဲထွက်သွားခြင်း ဖြစ်သည်။
ကျစ်ကျစ်ပါအောင်ဆုပ်ထားသော ရဲရှောင်၏ လက်သီးနှစ်ဖက်တွင် စွမ်းအားများ အပြည့်စီးဆင်းလျက်ရှိသည်။
“ဘုန်း . . .”
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်သွားခဲ့သည်။ ရဲရှောင်၏ အင်ပြည့်အားပြည့် တိုက်ခိုက်မှုသည် လေဟာနယ်ကိုပင် တုန်လှုပ်သွားစေသည်။ ထို့ပြင်ရဲရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်ခရမ်းရောင် အလင်းများ ထွက်ပေါ်လျက်ရှိသည်။
ဝမ်ရမ်ချူးချူးသည်မကျေမချမ်းဖြစ်နေသော လေသံဖြင့် –
“ဟမ့် . . . ငါ့ကိုတောင် ဝတယ်လို့ ပြောရဲတာ တွေ့မယ် . . .”
ရဲရှောင်၏ စိတ်ထဲတွင် –
“နေက အရှေ့အရပ်က ထွက်တယ်ဆိုတာအမြဲတမ်း အမှန်တရားပဲ။အေး . . . အဲ့ဒီလိုပဲ မင်းကဝတယ်၊ ခါးတုတ်တယ်ဆိုတာကလည်းအမှန်တရားက ပဲ။ ခါးက တုတ်လွန်းတော့ မင်းတင်ပါးတောင် ငါသေချာမမြင်ရဘူး။ ငါက အမှန်ကို အမှန်တိုင်းပြောတာ။ မင်းအခုလို ငါ့ကို တိုက်ခိုက်တာနဲ့ပဲ အမှန်တရားက ပျောက်ကွယ်သွားရောလား . . .”
ရဲရှောင် မခိုးမခန့်ပင်ပြောလိုက်ပါတော့သည်။