Switch Mode

Chapter – 241

အဆင့်တက်အောင်ကူညီစေခြင်း

Chapter – 241
“အဆင့်တက်အောင်ကူညီစေခြင်း (၁)”

မိန်းမတစ်ယောက်၏ ဂရုအစိုက်ဆုံး အရာသည်​ရုပ်​ရည်​အသွင်အပြင်ပင် ဖြစ်သည်။ ကိုယ်ရည်စစ်၍ သွယ်​လျ​သော ခါးအား ပိုင်ဆိုင်ချင်ကြသည်မှာ မိန်းက​လေးတိုင်းလိုလိုပင် ဖြစ်သည်​။ ရဲရှောင်သည် ဝမ်ရမ်ချူးချူး၏ ကိုယ်​ခန္ဓာအချိုးအစားနှင့်​ပက်​သက်​၍ ပုတ်ခတ်စော်ကားလိုက်သဖြင့် ဝမ်ရမ်ချုးချုးတစ်ေ​ယာက်​ဒေါသထွက်သွားခြင်း ဖြစ်သည်​။
ဝမ်ရမ်ချူးချူးလည်း သည်းမခံနိုင်တော့ဘဲ ရဲရှောင်အား အတင်းဝင်ရောက် တိုက်ခိုက်လျက်​ရှိသည်။
တိုက်ခိုက်မှုများသည် လျှပ်စီးကဲ့သို့ လျင်မြန်၍ မုန်တိုင်းကဲ့သို့ ပြင်းထန်လှသည်​။ ဝမ်​ရမ်​ချုးချုးသည်​သူ၏ စွမ်းအားများ အကုန်အစင် ထုတ်သုံး၍ ရဲရှောင် ရှောင်တိမ်းခြင်း မပြုနိုင်အောင်ပင်​တိုက်ခိုက်​နေ​လေသည်။
တိုက်ပွဲအစတွင် ရဲရှောင်သည် အားကုန်​သုံးစရာပင်​မလိုဘဲ အလွယ်တကူ ခုခံတိုက်ခိုက်နိုင်ခဲ့သည်​။ ကောင်းကင်အဆင့်သို့ ခြေတစ်လှမ်း လှမ်းနေပြီးသား လူတစ်ဦး ဖြစ်သည့်အတွက် ယခင်အခေါက်​ထက် များစွာ တိုးတက်လာခဲ့သည်။ ထို့ပြင်​ဝမ်ရမ်ချူးချူး၏ တိုက်ခိုက်မှုများသည် အားပါပြင်းထန်လှသည့်တိုင် အတွေ့အကြုံ နည်းပါး​နေ​သေးသည့်​အတွက်​ရဲရှောင်ဘက်​မှ မျက်​စိမှိတ်​၍ပင်​ခုခံနိုင်ပေလိမ့်မည်။
ရှောင်ဧကရာဇ်သည် မ​ရေတွက်​နိုင်​သော တိုက်​ပွဲ​ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး အတွေ့အကြုံ ကြွယ်ဝသူတစ်ဦး ဖြစ်သောကြောင့် ဝမ်ရမ်ချူးချူး၏ တိုက်ကွက်များအား ကြိုတင်၍ပင် မှန်းဆနိုင်နေသည်​။
ထို့ပြင် ဝမ်ရမ်ချူးချူးသည်​တိမ်မြူခိုးနန်းတော်၏ အဆင့်မြင့် ပညာရှင်တစ်ဦး မဟုတ်ဘဲ သာမန်လူငယ်ဂိုဏ်းသား တစ်ဦးသာ ဖြစ်လေသည်။
လေ့ကျင့်ခြင်းသည် တိုးတက်ခြင်းကို ဖြစ်စေသည် ဆိုသည့် စကားအတိုင်း တိုက်ကွက်ချင်း တူနေလျှင်ပင် အသုံးပြုသောသူ၏ အရည်အချင်းပေါ် မူတည်၍ ပြောင်းလဲသွားနိုင်​သည်​။ ဥပမာအားဖြင့် ပိုင်ရှင်းယွဲ့နှင့် ဝမ်ရမ်ချူးချူးတို့ နှစ်​ဦးတွင်​ရဲ​ရှောင်​အ​နေဖြင့်​ဝမ်ရမ်ချူးချူးအား ကောင်းစွာ ရင်ဆိုင်နိုင်​သော်​လည်း ပိုင်ရှင်းယွဲ့ကဲ့သို့ အတွေ့အကြုံများသောလူတစ်ယောက်ကိုမူ ရဲရှောင် အနိုင်တိုက်နိုင်​ဦးမည်​မဟုတ်​သေး​ပေ။
​ရှောင်​ဧကရာဇ်​နှင့်​တိမ်မြူခိုးနန်းတော်၏ ခေါင်းဆောင် ရွှမ်ပိုင်တို့ဆိုလျှင်​လည်း ထိုနည်းလည်း​ကောင်းပင်​ဖြစ်​ပေလိမ့်​မည်​။ အဆင့်ခြင်း တူနေလျှင်ပင် ရွှမ်ပိုင်သည် ရှောင်ဧကရာဇ်ထက် သာလွန်နေမည်မှာ သေချာ​ပေါက်​ပင်​ဖြစ်​သည်​။ အတွေ့အကြုံနှင့် လေ့ကျင့်မှုတို့အ​ပေါ် မူတည်၍ အခြေအနေများ ကွာခြားသွားရခြင်း ဖြစ်သည်​။
အချိန်တိုအတွင်းမှာပင် ဝမ်ရမ်ချူးချူးသည် အခြေအနေအမှန်အား သဘောပေါက်သွားခဲ့သည်။ ရဲရှောင်အား အနိုင်ရရန် မဖြစ်နိုင်မှန်း ရိပ်စားမိလာခဲ့သည်​။ ထို့ကြောင့် သူ၏ ဗျူဟာအား ပြောင်းလဲလိုက်သည်။ ဝမ်​ရမ်​ချုးချူးသည် လက်များအား ဝေ့ယမ်းလိုက်​ကာ ဝိညာဉ်တော် စွမ်းအားများ ဖြာထွက်စေလိုက်​သည်​။ ထိုဝိညာဉ်​တော်​စွမ်းအားများသည်​ပိုက်ကွန်ကြီးတစ်ခုသဖွယ် ဖြစ်​သွားပြီး ရဲရှောင်အား လွှမ်းခြုံသွားသည်​။
အဆိုပါ ပိုက်ကွန်အား ဝမ်ရမ်ချူးချူးသည် သူမ၏ ချီဓာတ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်​ပြီး ထိုပိုက်​ကွန်​ကြောင့်​ရဲရှောင်အဖို့ လှုပ်ရှားရ ခက်ခဲသွားမည်ဖြစ်သည်။ ချီဓာတ်ခြင်း နှိုင်းယှဉ်ပါက ဝမ်ရမ်ချူးချူးသည် ရဲရှောင်ထက် ပို၍ အစွမ်းထက်နေ​သည်​။
“ကျွန်မက ရှင့်ထက် ကျင့်ကြံမှု ပိုမြင့်တယ်။ အခုတော့ ရှင်ဘာတတ်နိုင်သေးလဲ . . .”
ဝမ်ရမ်ချူးချူး၏ လက်အစုံတွင် စွမ်းအင်များဖြင့် ပြည့်​နှက်​လျက်​ရှိသည်​။ အမြင်​အားဖြင့်​နှေးသည်ဟု ထင်ရသော်လည်း လှုပ်ရှားမှုမှာမူ အလွန်မြန်ဆန်လှသည်။​ပင့်ကူအိမ်နှင့်​တူ​သော ပိုက်ကွန်ကြီးသည် ရဲရှောင်အား အပြည့်​အဝ ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်​သည်​။
ပါးရည်​နပ်ရည်ရှိသူ တစ်​ဦးပီပီ တစ်စုံတစ်​ခု မှားယွင်းနေပြီ ဖြစ်ကြောင်း ရဲ​ရှောင်​ချက်ချင်းပင် သဘောပေါက်လိုက်​သည်​။ ထို့ပြင်​သူ၏ လှုပ်ရှားမှုများမှာလည်း​တဖြည်းဖြည်း နှေးကွေးလာသည်​ကိုလည်း ခံစားလိုက်ရသည်​။ သူ၏ ပတ်​ပတ်​လည်​လည်​အား တစ်စုံတစ်​ခုမှ ထိန်းချုပ်​ထားသကဲ့သို့ ခံစား​နေရသည်။​သို့​သော်​ရဲ​ရှောင်​သည်​ပြာယာခတ်​သွားခြင်း မရှိဘဲ သူ၏ စိတ်​အား တတ်​နိုင်​သမျှ တည်​ငြိမ်​အောင်​ထားလိုက်​သည်​။ ရဲ​ရှောင်​၏ မျက်လုံးများသည်​ယခင်​ကထက်​ပို၍ စူးရှတောက်ပလာပြီး ဝမ်ရမ်ချူးချူး၏ တိုက်ခိုက်မှုများအား တဖြည်းဖြည်းချင်း ချေဖျက်လိုက်​သည်​။
တိုက်ခိုက်နေစဉ်အတွင်း ရဲရှောင်သည် သူ၏ စွမ်းအင်သိုလှောင်ရာမှ ဝိညာဉ်တော် စွမ်းအားများအား ဖိနှိပ်ထားလျက် ရှိသည်။ ထိုကဲ့သို့ ဖိနှိပ်သထက် ဖိနှိပ်ထားသည့်​အတွက်​စွမ်းအင်များသည်​နောက်​ဆုံးတွင်​တစ်ခါတည်းဖြင့် ပေါက်ကွဲထွက်သွား​ပေလိမ့်​မည်​။ ထိုအခါ ဝမ်ရမ်ချူးချူး၏ ပိုက်ကွန်ရန်မှလည်း​လွတ်မြောက်​သွားနိုင်​လိမ့်​မည်ဟု ရဲ​ရှောင်​တွေး​နေမိသည်​။
အမှန်​တကယ်​တွင်​မူ ရဲရှောင်သည် ပို၍ကောင်းသော အစီအစဉ် ပြုလုပ်နိုင်ပေသည်။ အကယ်၍ ရေခဲချီဓာတ်များ နှင့်​မီးချီဓာတ်များအား တစ်ချိန်တည်း အသုံးပြုလိုက်မည် ဆိုပါက စွမ်းအင်ကုန်ဆုံးမှုမှာလည်း မသိသာရုံသာမက သက်ရောက်မှုမှာလည်း အလွန်ကို ပြင်းထန်ပေလိမ့်မည်။ ထို့ပြင် သူ၏ မိစ္ဆာအသွားလက်နက်များ အသုံးပြုလိုက်မည် ဆိုပါက သေချာပေါက် ပိုက်ကွန်ရန်​မှ လွတ်မြောက်နိုင်ေ​ပလိမ့်​မည်။ ဝမ်ရမ်ချူးချူးသည်​သူ့ထက် ကျင့်ကြံမှု အရာတွင် သာလွန်နေသည့်တိုင် လွတ်မြောက်နိုင်မည်ဟုသာ ရဲရှောင် ယုံကြည်နေမိသည်​။
သို့သော် ရဲ​ရှောင်​သည်​ထိုအစီအစဉ်​အား မပြုလုပ်​လိုချေ။ သူ၏ စွမ်အင်များကိုသာ ဖိနှိပ်ထားလျက် တစ်ခါတည်း ပေါက်ကွဲထွက်စေမည့် နည်းလမ်း​ကိုသာ ရွေးချယ်လိုက်သည်​။ မည်​သို့ပင်​ဆို​စေကာမူ ပိုက်ကွန်၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားရန်မှာ အဓိကပင် မဟုတ်ပါ​လော။
ဝမ်ရမ်ချူးချူးသည် သူမ၏ အကြံအစည် အလုပ်ဖြစ်သဖြင့် ကျေနပ်သွားမိ​သော​ကြောင့်​စိတ်ထဲတွင် –
[ရှင့်ရဲ့ စွမ်းအင်တွေကို ထုတ်မသုံးဘဲ ဖိနှိပ်ထားလေလေ ရှင်ပိုပြီး အားနည်းလာလေလေ ဖြစ်မှာပဲ။ ခဏနေရင် ရှင်ဘာမှ လုပ်နိုင်မှာတောင် မဟုတ်တော့ဘူး။ ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်က ရှင့်ထက် အများကြီးသာတယ်။ ရှင့်ကို ဘယ်လိုပဲဖြစ်ဖြစ် နိုင်ကို နိုင်မှာပဲ။ အနှေးနဲ့အမြန် ကျွန်မရိုက်တာကို ရှင်ခံရတော့မှာပါ။ အဲဒီအချိန်ကျ ရှင်လည်း ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ဟမ့် . . . အဲဒီ​တော့မှ သင်ခန်းစာ ကောင်းကောင်း ပေးရသေးတာပေါ့ . . .]
ဝမ်​ရမ်​ချုးချူးသည် ရဲရှောင်အား သင်ခန်းစာ ပေးရန် အတွက်​ပင်​ကြိုတင် တွေးတောနေမိသည်​။ ထိုကဲ့သို့ ပိုက်ကွန် ပြုလုပ်ခြင်းသည် စွမ်းအင်ကုန်ဆုံးမှု များပြားသည့်တိုင် ဝမ်ရမ်ချုးချုး​သည် ဆက်၍ ပြုလုပ်နေဆဲပင်​ဖြစ်​သည်​။ ရဲရှောင်၏ တိုက်ခိုက်မှုများ နှေးကွေးလာပြီး တဖြည်းဖြည်း အားအင်ကုန်ခမ်းသွားစေရန် ရည်​ရွယ်ချက်ဖြင့်​ပြုလုပ်နေခြင်း ဖြစ်သည်။
ဝမ်​ရမ်​ချုးချုးတစ်​ယောက်​ရဲ​ရှောင်​အားအင်​ကုန်​ဆုံး​တော့မည့်​အ​ချိန်​သို့ အမြန်​ဆုံး​ရောက်​ချင်​နေမိပြီ ဖြစ်​သည်​။
ရဲရှောင်မှာမူ တည်တည်ငြိမ်ငြိမ်ဖြင့်​ပင် ရှိနေသည်။ သူ၏ စွမ်းအင်များ သိပ်သည်းသထက် သိပ်သည်းလာ​စေရန်​ထပ်တလဲလဲ ဖိနှိပ်နေလျက် ရှိသည်​။ ထိုကဲ့သို့ ပြုလုပ်နေရင်းဖြင့် ဝမ်ရမ်ချူးချူး၏ တိုက်ခိုက်မှုများကိုလည်း ရှောင်တိမ်းနေရသည်။ ရဲရှောင်သည် ဝမ်​ရမ်​ချုးချူးအား ပြန်လည် တိုက်ခိုက်နိုင်သေး​သော်လည်း သူ၏ တိုက်ခိုက်မှုများမှာမူ အားမပါတော့​ချေ။ စွမ်းအင်များအား ဖိနှိပ်ထားသဖြင့် အားနည်းနေရခြင်း ဖြစ်သည်။ သို့သော် ရဲရှောင်ဘက်​မှ လက်မလျော့သေးချေ။ ချွေးသီးချွေးပေါက်များ ကျဆင်းနေသည့်တိုင် အရှုံးပေးမည်တော့ မဟုတ်ပေ။ သူ၏ စွမ်းအင်များအား သိပ်သည်းသထက် သိပ်သည်းအောင်သာ ဖိနှိပ်လျက်​ရှိသည်​။
ဝမ်ရမ်ချူးချူးသည်​ချွေးဒီးဒီးကျ​နေ​သော ရဲ​ရှောင်​အား ကြည့်​ရင်း စိတ်မ​ကောင်း ဖြစ်​မိသွားသည်​။ ထို့​ကြောင့်​သူ၏ တိုက်ခိုက်မှုများအား အရှိန်နှေးစေလိုက်ပြီး ရဲရှောင် အနည်းငယ် အနားရစေရန် ပြုလုပ်ပေးလိုက်သည်​။ သို့​သော်​ရဲရှောင်သည် ဝမ်ရမ်ချူးချူးဘက်​မှ ငဲ့ညှာပေးမှုအပေါ် ကျေးဇူးတင်ခြင်း မရှိဘဲ မဲ့ပြုံးပြုံးလျက် –
“မင်းက အရူးပဲ။ ကိုယ်ဝနေတာ မသိရလောက်အောင် တုံးလှချည်လား။ ငါမလိမ်ဘူး။ ငါက မြင်တဲ့အတိုင်း အမှန်တိုင်း ပြောတာကို မင်းက အပြစ်မြင်နေတယ်ပေါ့။ ဒီကမ္ဘာကြီးမှာ အမှန်ကို အမှန်တိုင်း ပြောခွင့်တောင် မရှိတော့ဘူးလား။ ဘယ်မှာလဲ တရားမျှတမှု။ နောက်ပြီး မင်းရဲ့ ခါးက နည်းနည်း တုတ်လာတာလည်း အမှန်ပဲ။ နဂိုကလည်း ခပ်တုတ်တုတ်ပဲဟာ အခုမှဘာတွေ လာအရူးထနေတာလဲ။ နောက်ဆုံး ခါးတုတ်တော့ရော ဘာဖြစ်လဲ။ မင်းဟာမင်း ဂရုတစိုက် မနေဘဲ ဘာလို့ ငါ့ကို အပြစ်လာတင်နေရတာလဲ။ မင်းကို ကြည့်မိတဲ့ ငါပဲ မှားနေတာလား။ ငါ့တောင်လာပြီး တိုက်ခိုက်နေသေးတယ် . . .”
ရဲရှောင်၏ စကားအား ကြားလိုက်ရေ​သာအခါ ဝမ်ရမ်ချူးချူး၏ မျက်နှာတစ်ခုလုံး ရဲရဲနီသွားပြီး အလွန်အမင်းေ​ဒါသထွက်သွားခဲ့သည်​။ ထို့ကြောင့် ပို၍ အားပါ ပြင်းထန်သော တိုက်ကွက်များဖြင့် ရဲရှောင်အား မရပ်​မနားပင်​တိုက်ခိုက်လိုက်​သည်။
ရဲရှောင်သည် လျင်မြန်စွာ ခုခံနေရသည့်တိုင် ပါးစပ်မှလည်း အငြိမ်မနေဘဲ ခနဲ့တဲ့တဲ့ လေသံဖြင့် –
“အင်း . . . လူတိုင်းမှာ အားနည်းချက် ကိုယ်စီ ရှိကြတာပဲ။ အခုမင်းက ရှက်သွားလို့ စိတ်ဆိုးနေတာ မဟုတ်လား။ မင်းမှာ ဒီလို ပုံပျက်ပန်းပျက် အသွင်အပြင်မျိုး ရှိနေတာ မင်းအပြစ် မဟုတ်ပါဘူး။ ဒါပေမယ့်​ဒီလို ခန္ဓာကိုယ်မျိုးနဲ့ လူတွေကြားထဲ နေနေတာ မင်း မရှက်​ဘူးလား။ မင်းကွာ၊ မင်းကို မြင်နေရတဲ့ တခြားလူတွေကိုပါ စိတ်ဆင်းရဲအောင် လုပ်နေတာတော့ မကောင်းပါဘူး။ ကိုယ့်အမှားကိုယ်တောင် မသိဘဲ ငါ့ကို လာတိုက်နေသေးတယ်။​ဟူး . . . နောက်ပြီး တိုက်နေတာကလည်း တကယ့်အတည်ကို တိုက်နေတာပဲ . . .”
“မင်းဟာမင်း ငါ့ကို ဘယ်လောက်ပဲရိုက်ရိုက် ဝတာတော့ ဝနေဦးမှာပဲ၊ ခါးကလည်း တုတ်နေဦး မှာပဲ။ မိန်းကလေးဝမ် . . . အရှိကို အရှိအတိုင်း လက်ခံလိုက်စမ်းပါကွာ။ လိမ်တဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ပြန်​လိမ်တာက အဆိုးဆုံးပဲကွ။ မင်း ခါးတုတ်​နေတာ နတ်ဘုရားတွေတောင်သိတယ်​. . .”
ရဲရှောင်၏ ပါးစပ်မှ​ကရားရေလွှတ်ပင်​ပြောဆိုနေမိသည်​။
ဝမ်ရမ်ချူးချူးတစ်​ယောက်​ဒေါသအလွန်​အမင်း ထွက်​နေ​သော​ကြောင့် အသားများပင် တဆတ်ဆတ် တုန်လျက်​ရှိသည်​။​ဒေါသများ​ကြောင့်​တိုက်ခိုက်မှုများမှာလည်း ပို၍ ပြင်းထန်မြန်ဆန်လာလျက်​ရှိ​နေပါ​တော့သည်​။

Comment

Leave a Reply

Options

not work with dark mode
Reset