Switch Mode

Chapter – 239

အံ့ဖွယ်လက်ဆောင်

Chapter – 239
“အံ့ဘွယ်​လက်​ဆောင်​”

မြေကြီးအဆင့်၏ နောက်ဆုံးအဆင့်နှင့် ကောင်းကင်အဆင့်သည် နီးကပ်​နေပြီ ဖြစ်သော်လည်း ကွာခြားမှုမှာမူ ကြီးမားလှသည်​။ ကောင်းကင်အဆင့်သို့ ရောက်ရှိသွားပါက ရဲရှောင်အဖို့ သူ၏ ကျင့်ကြံမှု ခရီးစဉ်အစသို့ ရောက်ပြီဟု ဆိုရ​ပေမည်​။
သို့သော် မော်တယ်ကမ္ဘာတွင် ကောင်းကင်အဆင့် သည် လူတိုင်းအတွက် အိပ်မက် တစ်ခုကဲ့သို့ပင်​ဖြစ်သည်​။
​ကောင်းကင်​အဆင့်​သည်​သာမန်​လူများအဖို့ အလွန်​ကြီးကျယ်​ခမ်းနား​သော အဆင့်​တစ်​ခုဖြစ်​သော်​လည်း ရဲရှောင်အတွက်​မူ ကျင့်ကြံမှုခရီးစဉ်၏ အစမျှသာ ရှိသေး​ပေသည်​။ ထိုထက်​မက မြင့်​မား​သော အဆင့်​များ တက်​လှမ်းနိုင်​ရန်​ကြိုးစားရ​ပေဦးမည်​ဖြစ်​သည်​။
အဆင့်တက်တော့မည့်အတွက် ရဲရှောင် အကျေနပ်ကြီး​ကျေနပ်​နေမိသည်​။ ကျင့်ကြံမှုများ ပြုလုပ်နေရင်းဖြင့်​တစ်ခါတစ်ရံတွင်​ပိုင်အာထံသို့ သွား​ရောက်​၍ ကြည့်ရှု​ပေး​နေရ​သည်​။ သူစိမ်းမိန်းက​လေးတစ်​ယောက်​ပင်​ဖြစ်​လင့်​ကစား​နေ့စဉ်​ပြုစုစောင့်ရှောက်​ပေး​နေရသည့်​အတွက်​ရဲရှောင်အဖို့ နေသားကျလာကာ ခက်ခဲမှု မရှိတော့ချေ။ ပိုင်အာ၏ ဖြူစင်သော မျက်ဝန်းများအား မြင်တိုင်း သူ၏ ပခုံးထက်တွင်​အလွန်​လေးလံ​သော ဝန်ထုပ်ဝန်ပိုးကြီးတစ်​ခု​ရောက်​လာသကဲ့သို့ ရဲ​ရှောင်​ခံစား​နေရသည်​။
သံယောဇဉ်နှင့် မေတ္တာတရားများ​ကြောင့် နွေးထွေးရသကဲ့သို့ ရှေ့ရှေးနှင့် ပတ်သက်၍ ရင်ပူနေရပြန်​သည်​။
ကျင့်ကြံမှုများ ပြုလုပ်ရင်းဖြင့်​သူ၏ ချီဓာတ်များ တိုးတက်လာသည်ကို ရဲ​ရှောင်​ခံစားနေရသည်။ သူ့ထံသို့ ပိုင်အာ ရောက်လာသည့် အချိန်မှစ၍ ပို၍ ပင်ပန်းခဲ့သော်လည်း ပင်ပန်းသည်ဟု မခံစားခဲ့ရ​ပေ။ ယခင်ရှောင်ဧကရာဇ်ကဲ့သုိ့ အထီးကျန်ဘဝမျိုးနှင့်စာလျှင် ယခုဘဝသည် သူ့အတွက် နွေးထွေးမှုများဖြင့် ပြည့်နှက်​နေသကဲ့သို့ ခံစားနေရသည်​။
“ဘဝဆိုတာ ဒါလား . . . တာဝန်ယူမှု၊ တာဝန်ခံမှု၊ စောင့်ရှောက်မှုတွေနဲ့ အဓိပ္ပါယ်အပြည့်ပါပဲလား။ ငါ့အတွက် ပိုပြီး အတွေ့အကြုံ​တွေ ပြည့်ဝစေတယ်​။ ဘာပဲ​ပြော​ပြော . . . အနည်းဆုံးတော့ ငါ အထီးမကျန်ရတော့ဘူးပေါ့​လေ . . .”
ရဲရှောင် လက်​ရှိဘဝအား​တွေး​တော သုံးသပ်​နေမိသည်​။
“ကျင့်ကြံမှုတွေချည်းလုပ်ပြီး ငါ အင်အား ကြီးသထက် ကြီးလာမယ်။ ငါသတ်ချင်တဲ့ ဘယ်သူ့ကိုမဆို သတ်နိုင်လောက်တဲ့အထိ အစွမ်းထက်လာမယ်၊ ငါ့ရဲ့ ကျင့်ကြံမှု အဆင့်ကလည်း မြင့်သထက် မြင့်လာရင်တောင်မှ အထီးကျန်နေရင် ဘာများ ပျော်ရွှင်စရာ ရှိတော့မှာလဲ . . .”
“တကယ်​တော့ ကျင့်ကြံမှု နဲ့ ချစ်ခြင်းမေတ္တာဆိုတာ လမ်းကြောင်း တစ်ခုတည်းပဲ။ ငါ့ဘဝမှာ ဒါတွေနဲ့ တွေ့ကြုံရလေလေ ပိုပြီး ပြည့်စုံလေလေပဲ။ ငါသေတဲ့အချိန်မှာတောင် အထီးကျန်ဆန်ဆန် မသေသွားရဖို့က အရေးကြီးတယ် . . .”
ထိုအကြောင်းအရာများ အားလုံးသည် မကြာသေးမီ အချိန်ကမှ ရဲရှောင်နားလည်ခဲ့သော အရာများ ဖြစ်သည်။​သူ၏ အတွေးအခေါ်အသစ်များ ဆိုလျှင်လည်း မမှားချေ။
နောက်ရက်အနည်းငယ်တွင် ရဲရှောင်သည် ပိုင်အာ၏ သွေးကြောများအား စစ်ဆေး ကုသ၍ သွေးအတွင်းရှိ အညစ်အကြေးများအား ဖယ်ထုတ်ပေးလိုက်​သည်​။ ထိုအခါ အံ့သြစရာကောင်းသော အရာတစ်ခုအား ရဲ​ရှောင်​တွေ့လိုက်ရသည်​။ ပိုင်​အာ၏ သွေးကြောများသည် ရှုပ်ထွေးပိတ်ဆို့နေခြင်း မရှိဘဲ ရှင်းလင်းနေကြောင်း တွေ့လိုက်ရခြင်းပင် ဖြစ်သည်။
ချီဓာတ်များ ရှိမနေသော်လည်း သူမ၏ ခန္ဓာကိုယ်သည် ကျင့်ကြံမှုများ ပြုလုပ်ရန် အထူးသင့်တော် ကောင်းမွန်လှကြောင်း ရဲရှောင် တွေ့လိုက်ရသည်​။
အံ့သြစရာ​ကောင်း​သော ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။
ပိုင်​အာအ​နေဖြင့်​မည်သည့် ကျင့်ကြံမှုမျိုးကိုမဆို ကျင့်​ကြံပါက လျင်မြန်စွာ တိုးတက်နိုင်ပေလိမ့်မည်။
ထိုကဲ့သို့​သော ခန္ဓာကိုယ် ပိုင်ရှင်မျိုးအား ရဲရှောင် တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
ဥပမာအားဖြင့် စုယဲ့ယွဲ့သည် ဖီးနစ်ခန္ဓာကိုယ် မပိုင်ဆိုင်ခင် အချိန်ကပင် ထူးခြားသော မိန်းကလေး တစ်ဦး ဖြစ်ခဲ့သည်​။ သင်ကြားပြသပေးမည့် ဆရာမရှိဘဲ မော်တယ်အဆင့် ၇ သို့ ရောက်ရှိခဲ့သည်။ ထိုကဲ့သို့ ကျင့်ကြံနိုင်မှုသည် အလွန်ရှားပါးလှသည်။ ချင်းယန်နယ်ပယ်မှာပင် ထိုကဲ့သို့​သော ပါရမီရှင်မျိုး အလွန်ရှားသည်​ဟု ဆိုရ​ပေမည်​။ စုယဲ့ယွဲ့ကဲ့သို့ တပည့်မျိုးအား ချင်းယန်နယ်ပယ်ရှိ ထင်ရှားကျော်ကြားသော ဂိုဏ်းများမှ အသည်းအသန် လိုချင်နေကြမည်မှာ သေချာ​ပေါက်​ပင်​ဖြစ်​သည်​။ ယခင်ဘဝ ရဲရှောင်ပင်လျှင်​ယဲ့ယွဲ့​လောက် ကျင့်ကြံမှုအား မကောင်းသည်ကို ဝန်ခံရပေလိမ့်မည်​။
သို့သော် ယခု ရဲရှောင်၏​ရှေ့တွင်​ရှိ​နေ​သော ပိုင်အာမှာမူ စုယဲ့ယွဲ့ထက်ပင် ပင်ကိုယ်ပါရမီ ထူးကဲ ကောင်းမွန်သူ ဖြစ်နေလေသည်​။ ခန္ဓာကိုယ် လိုအပ်ချက်လည်း ပိုမိုပြည့်စုံပြီး ဘုရားပေးသော လက်ဆောင်ဟုပင် ဆိုနိုင်ပေသည်။ သာမန်လူတစ်ဦး တစ်​နှစ်ခန့် ကျင့်ကြံရမည်ဆိုလျှင်​ပိုင်​အာအ​နေဖြင့်​တစ်ရက်တည်းဖြင့် ကျင့်ကြံနိုင်ပေလိမ့်မည်။ ထိုထက်ပင် ပို၍ မြန်နိုင်ဦးမည် ဖြစ်သည်​။
ထို့ကြောင့် ရဲရှောင် အံ့သြနေမိခြင်း ဖြစ်သည်။
ရဲရှောင်အဖို့ အလုပ်တစ်ခု ပိုလာခဲ့သည်။ ပိုင်​အာအား စာဖတ်တတ်စေရန် သင်ကြားပေးခြင်းပင် ဖြစ်၏။ အစပိုင်းတွင် ရဲရှောင်သည် စာလုံး ၁၀ လုံးသာ သင်ကြားပေးခဲ့သည်​။ သို့သော် ပိုင်အာအပေါ် အထင်သေးသွားမိမှန်း သိပ်မကြာခင်အချိန်​တွင်​ရဲရှောင် သိလိုက်ရလေသည်​။
ပိုင်​အာသည် မှတ်ဉာဏ်များ ပျောက်ဆုံးနေသည့်တိုင် အလွန်ထူးခြားသော မှတ်သားနိုင်စွမ်း ရှိသည်​။ တစ်ခေါက် မြင်ရုံဖြင့်ပင် သူ မြင်ခဲ့သည့် အရာအားလုံး မှတ်မိနေခြင်းပင်​ဖြစ်သည်​။
ရဲရှောင်သည် ပို၍ ပျော်ရွှင်ကျေနပ် သွားမိသည်။ တဖြည်းဖြည်း တိုး၍ သင်ပေးသွားရာ ရက်အနည်းငယ် အတွင်းမှာပင် အ​ခြေအ​နေသည်​များစွာ တိုးတက်​လာခဲ့သည်။ တစ်ရက်တည်းဖြင့် စာလုံး ၃၀၀ခန့်​ထိ တိုး၍ သင်နိုင်​ခဲ့သည်​။
ရဲရှောင်အဖို့ တစ်ခါမျှ မမြင်တွေ့ဖူးသော တိုးတက်မှုနှုန်းပင် ဖြစ်သည်။
ထို့​ကြောင့်​ရက်အနည်းငယ်အတွင်းတွင်​ပိုင်​အာသည် အသုံးများသော စာလုံးမှန်သမျှအား တတ်ကျွမ်း သွားခဲ့ပြီး ဖြစ်သည်​။ ဖြစ်နိုင်သည့် အချက်တစ်ချက်မှာ ပိုင်​အာသည် မှတ်ဉာဏ်ပျောက်ဆုံးနေသည့်တိုင် ယခင်က သင်ကြားခဲ့ဖူးသည်များအား ပြန်လည် အမှတ်ရလာခြင်းပင်​ဖြစ်နိုင်ပေသည်။ သူမ၏ စိတ်ထဲတွင် စွဲမြဲနေပြီးသော အရာများဖြစ်​နေ၍ ပို၍ မြန်ဆန်​နေခြင်းလည်း ဖြစ်​နိုင်​သည်​။
မည်သို့ပင် ဆိုစေကာမူ ပိုင်​အာ​သည် စာကောင်းကောင်း ဖတ်တတ်သွားခဲ့ပြီ ဖြစ်​သည်​။
ရဲရှောင်လည်း စိတ်ကျေနပ်မှု အပြည့်ရရှိနေ​ခဲ့သည်။ နေ့စဉ်သုံး စကားလုံးများအား သင်ကြား ပေးနေရာမှ ကျင့်စဉ်များ၊ သွေးကြောများနှင့် သက်ဆိုင်သည့် စကားလုံးများအား စတင်၍ သင်ကြားပေးခဲ့ပြန်​သည်​။ ပိုင်​အာသည် အံ့သြဖွယ် ကောင်းလောက်အောင်ပင်​မှတ်ဉာဏ် ကောင်းလှသဖြင့် ရဲရှောင်သင်သမျှအား လွယ်​လွယ်​ကူကူဖြင့်​တတ်မြောက်ခဲ့သည်။ ထို့အပြင် အကြောင်းအရာအချို့နှင့် ပတ်သက်၍ သူမ၏ ထင်မြင်ယူဆချက်များကိုပင် ပေးနိုင်​လေသည်​။
ပိုင်​အာသည်​ပြန်လည် သက်သာလာသည့်တိုင် လှုပ်ရှား၍ မရသေးသဖြင့် စကားသာ ပြောဆိုနိုင်​သေးသည်​။ ရဲရှောင်ထံမှ ချီးမွမ်းစကား ကြားရသည့် အခါတိုင်း ကျေနပ်​သော အပြုံးများဖြင့်​ပြုံး​နေ​လေ့ရှိသည်​။
ရဲရှောင်ဘက်​မှလည်း အမှန်​တကယ်​ကျေနပ်​နေမိ​သော​ကြောင့်​ရင်ထဲမှ​နေ၍ လိုလိုလားလားပင် ချီးကျူးစကား ဆိုလေ့ရှိသည်​။
ရဲရှောင်အား ထပ်​မံ၍ အံ့အားသင့်​စေခဲ့သည့် အချက်မှာ ပိုင်​အာသည် လှုပ်ရှား၍ မရနိုင် သေးသော်လည်း ရဲရှောင်ပြောသည့်အတိုင်း ကျင့်ကြံမှုများ စတင်လုပ်ဆောင်ရန် ကြိုးစားခြင်းပင် ဖြစ်သည်။ ကျင့်​ကြံမှု လုပ်​ဆောင်​သည့်​သုံးရက်အတွင်း ကမ္ဘာလောကကြီး အတွင်းရှိ ဝိညာဉ်တော် ချီဓာတ်များအား သူမ စတင် ခံစားမိသွားခဲ့သည်​။
“ကမ္ဘာပေါ်မှာ သက်ရှိတွေ အများကြီး ရှိနေတယ်လို့ ကျွန်မခံစားနေရတယ်။ အဲဒီသက်ရှိတွေက ကျွန်မခန္ဓာကိုယ်ထဲ တိုးဝင်လာသလိုပဲ။ ဒါပေမယ့်​ဘာတွေလဲဆိုတာ ကျွန်မ မသိဘူး ဖြစ်နေတယ်။ ဖမ်းဆုပ်လို့လည်း မရဘူးနော် . . .”
ပိုင်အာ နားမလည်ဟန်ဖြင့် မေးလိုက်သည်။
“ကျွန်မ ရူးများနေတာလားဟင်၊ ကျွန်မ ခံစားမိနေတာတွေက အမှန်တွေပဲလား . . .”
သူမ၏ အမေးကြောင့် ရဲရှောင်တစ်​ယောက်​ဆွံ့အသွားမိသည်​။
[မင်းက ရူးနေတယ် ဟုတ်လား။ မင်းသာ ရူးနေရင် ချင်းယန်နယ်ပယ်​နဲ့ ဒီကမ္ဘာပေါ်က ပညာရှင်တွေအားလုံး ရှက်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားလောက်တယ်။ မင်းပြောနေတဲ့ သက်ရှိဆိုတာ တကယ့်သက်ရှိ မဟုတ်ဘူးကွ။ ဝိညာဉ်တော်ချီဓာတ်လို့ ခေါ်တယ်။ လှုပ်ရှားနေလို့ မင်းက သက်ရှိထင်နေတာ . . .]
[သာမန်လူ​တွေဆိုရင်​ဒီချီဓာတ်ကို ခံစားသိရှိဖို့က မလွယ်ဘူး။ လူ ၁၀၀ မှာ ၉၉ ယောက်လောက်က မသိကြဘူး . . .]
[အဲ့ဒီလို သိသွားတဲ့ လူတွေကလည်း ပညာရှင်တွေ ဖြစ်ကုန်ကြတာပဲ။ ဒါပေမယ့်​တော်ေ​တ်ာများများက ဒီလို ချီဓာတ်တွေ ရှိနေတာကို သိဖို့ အချိန်အတော်ကြာတယ် . . .]
[မင်းကတော့ သုံးရက်တည်းနဲ့ ချီဓာတ်တွေ ကမ္ဘာပေါ်မှာ ရှိနေတယ် ဆိုတာကို သိသွားပြီပေါ့။ သူ့လို လူမျိုး ဘယ်မှာမှတောင် ရှိနိုင်မယ်လို့ ငါမထင်ဘူး . . .]
ရဲရှောင် တအံ့တဩဖြင့်​စဉ်းစားနေမိသည်​။
[သူ့ရဲ့ ပါရမီက တော်တော်ကို ထူးခြားတာပါလား . . .]
ရဲရှောင်​၏ စိတ်ထဲတွင်လည်း အလွန်ပျော်ရွှင်သွားမိသည်​။ ယခုကဲ့သို့ ဝိညာဉ်တော်ချီဓာတ်များအား ခံစားသိရှိသွားပြီ ဖြစ်​သဖြင့် ရှေ့ဆက်၍လည်း တိုးတက်မှုများ ပို၍ မြန်​ဆန်​လာမည်​ဖြစ်​သည်​။
ပိုင်​အာ၏ ဒဏ်ရာများသည်လည်း တဖြည်းဖြည်း သက်သာလာခဲ့ပြီ ဖြစ်​သည်​။
[ငါအခုမှ စဉ်းစားမိတယ်။ သူ့ရဲ့ ဒဏ်ရာတွေ သက်သာလာတာလည်း တော်တော်ကို မြန်ပါလား။ ငါကောက်တွေ့ခဲ့တဲ့ အမှိုက်လေးက စကြာဝဠာတစ်ခုလုံးမှာ အရှားပါးဆုံး ရတနာတစ်ခု ဖြစ်နေတာပါလား . . .]
ရဲရှောင် တအံ့တဩ​တွေး​နေမိပါ​တော့သည်​။

Comment

Leave a Reply

Options

not work with dark mode
Reset