Chapter – 236
“ဥတစ်ဥနှင့်လူတစ်ယောက်”
[ဒီကောင်မလေးရဲ့ တစ်ကိုယ်လုံး ငါမမြင်ဖူးတဲ့ နေရာမှ မရှိတာ။ ဘာရှက်စရာ ရှိလဲ . . .]
မိန်းကလေး၏ ကျင်ကြီးကျင်ငယ်ကိစ္စဟူသမျှအား လုပ်ဆောင်ပေးနေရင်း ရဲရှောင်၏ စိတ်ထဲတွင်တွေးနေမိသည်။
ရဲရှောင်သည်ကျင့်ကြံမှုများ ပြုလုပ်သည့်အချိန်မှအပ ကျန်သည့်အချိန်များတွင် မိန်းကလေးအား ပြုစုနေရင်းဖြင့်သာ အချိန်များကုန်ဆုံးခဲ့သည်။ တစ်ခါတစ်ရံတွင်သက်ပြင်းချမိရင်း သူ၏ အဖြစ်အားတွေးနေမိသည်။
[သူနဲ့ငါ ဘယ်သူက အစေခံမှန်းတောင်း မသဲကွဲတော့ဘူး။ ငါဒီလောက် နေ့တိုင်း ဂရုတစိုက် ပြုစုပေးနေတာတောင် အခုထိ မနိုးလာသေးဘူး . . .]
. . .
တတိယမြောက်ညတွင်ဖြစ်သည်။
ရဲရှောင် အိပ်ယာဘေးတွင် ထိုင်ရင်း မိန်းကလေး၏ သွေးကြောများအား စစ်ဆေးကြည့်လိုက်မိသည်။ ထိုအချိန်တွင်မိန်းကလေး၏ မျက်ခွံများ လှုပ်လာသည်ကိုတွေ့လိုက်ရသည်။ မျက်လုံးများဖွင့်ရန် ကြိုးစားနေသည့်ပုံပင်။ မျက်ခွံအတွင်းမှ မျက်လုံးများ လှုပ်ရှားနေသော်လည်း မျက်လုံးများမူ မဖွင့်နိုင်သေးပေ။
“မင်းနိုးနေတာလား . . .”
ရဲရှောင် ခါးကိုညွတ်၍ နူးညံ့စွာ မေးလိုက်သည်။
မိန်းကလေး၏ မျက်ခွံများ အနည်းငယ် လှုပ်ခါလာပြီး နောက်ဆုံးတွင် မျက်လုံးပွင့်လာလေသည်။
ရဲရှောင်သည် သူမ၏ မျက်ဝန်းအလှတွင် နစ်မြောသွားသည်။
အလွန်လှပသော မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ဦးပင် ဖြစ်သည်။
ထိုမျက်လုံးများသည်ကြည်လင်၍ သမုဒ္ဒရာကြီးကဲ့သို့ နက်ရှိုင်းသော အသွင်လည်း ဆောင်လျက်ရှိသည်။ ထို့ပြင်လွန်စွာ အသက်ဝင်၍ စွဲဆောင်မှု ရှိလှပြီး သူမ၏ အကြည့်တစ်ချက်ကြောင့်လူတိုင်း မူးမေ့သွားပေလိမ့်မည်။
“မင်းနိုးပြီလား . . .”
ရဲရှောင် ထပ်မံ၍မေးလိုက်သည်။
မိန်းကလေးသည် မျက်လုံးများ ပုတ်ခတ် ပုတ်ခတ် လုပ်လျက်ရှိသည်။ သူမ၏ မျက်ဝန်းများထဲတွင် စိတ်ရှုပ်ထွေးမှုများအား အထင်းသားပေါ်လွင်နေသည်။ ရဲရှောင်အား တအံ့တသြဖြင့် ကြည့်နေရင်းမှ တဖြည်းဖြည်း ကြောက်ရွံ့ထိတ်လန့်သည့်ပုံ ဖြစ်သွားလေသည်။
ထိုကဲ့သို့ ကြောက်ရွံ့နေသည့်ဟန်မှ စိတ်ရှုပ်ထွေးသွားသည့်ပုံ ဖြစ်သွားပြန်သည်။
ထိုမှတဖန် ကြောက်ရွံ့သည့်ဟန် ဖြစ်ပေါ်လာပြန်သည်။
မိန်းကလေးသည်မြင်မြင်သမျှအား မျက်လုံးအဝိုင်းသားဖြင့်အထူးအဆန်းသဖွယ်လိုက်ကြည့်လျက်ရှိသည်။ သို့သော်ဘာဆိုဘာမှ မမှတ်မိပေ။ ကိုယ့်ကိုယ်ကိုပင်မမှတ်မိတော့၍ မည်သူမည်ဝါ ဖြစ်သည်ဆိုသည်ကိုပင်မသိတော့ချေ။ မိန်းကလေးသည်သူ၏ခေါင်းအား လက်ဖြင့်ဖိထားရင်း –
[ငါ . . . ငါ . . . ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ ။ ငါက ဘယ်သူလဲ၊ ငါ့နာမည်ကရော . . . နောက်ပြီး ငါက ဘယ်ကလာတာပါလိမ့် . . .]
အရာအားလုံး မေ့လျော့သွားချေပြီ ဖြစ်သည်။
မိန်းကလေးသည်စကားပြောရန် ကြိုးစားကြည့်လျက်ရှိသည်။ သို့သော် မည်မျှပင်ြကိုးစားစေကာမူ စကားမပြောနိုင် ဖြစ်နေသည်။ လက်ချောင်းများကိုပင် မလှုပ်နိုင် ဖြစ်နေခြင်း ဖြစ်သည်။
ယခုအချိန်တွင်သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာသည်မျက်လုံးဖွင့်ခြင်း ပိတ်ခြင်းပင် ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်အား သူ မပိုင်သကဲ့သို့ ခံစားနေရပြီး မည်သည့် အစိတ်အပိုင်းကိုမျှ လှုပ်ရှား၍ မရချေ။
[ငါဘယ်သူလဲ . . . ငါဒီကို ဘယ်လို ရောက်နေရတာလဲ၊ ဘာလို့ အခုလို ပုံစံမျိုး ဖြစ်နေရတာလဲ . . .]
သူ၏ ခေါင်းထဲတွင်မေးခွန်းပေါင်းများစွာ အစီအရီ ပေါ်လာလေသည်။ သို့သော် အဖြေကိုမူ ရှာမတွေ့ချေ။
မိန်းကေလး၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့သည့် အရိပ်အယောင်များ ပိုမိုယှက်သန်းလာသည်ကို ရဲရှောင် မြင်တွေ့လိုက်ရသည်။ မိန်းကေလးသည် စကားပြောရန် ကြိုးစားနေသည့်တိုင် မပြောနိုင် ဖြစ်နေသည်။ အသံတစ်သံပင် မထွက်နိုင်ချေ။ ရဲရှောင်အား စိတ်ရှုပ်ထွေး၍ ကြောက်ရွံ့ထိတ်လန့်သည့် အကြည့်မျိုးဖြင့်သာ ကြည့်နေလျက် ရှိသည်။ ထို့နောက် ခဏအကြာတွင်သူမ၏ မျက်လုံးများ မှိတ်ကာ ပြန်လည် မေ့မြောသွားပြန်သည်။
သတိပြန်မလစ်သွားခင်အထိ ရဲရှောင်ဘက်မှ အားတက်သရောဖြင့်စကားများ အဆက်မပြတ်ပြောနေမိသော်လည်း မိန်းကလေးမှာမူ အားနည်းနေသေးသည့်အတွက်ပြန်မပြောနိုင်သေးပေ။ မိန်းကလေး၏ အခြေအနေသည်လက်ချောင်းများ လှုပ်ရမ်းရန်ပင်အားမရှိသေးချေ။ ထို့ကြောင့် ရဲရှောင် သည် မိန်းကလေး ပြန်လည် သက်သာလာစေရန် ကြိုးစားရပြန်သည်။ ထိုကဲ့သို့ ကြိုးစားရသည့်အခါတိုင်း ရဲရှောင်အဖို့ ငရဲတွင်းထဲ ဆင်းရသကဲ့သို့ ခက်ခဲ ပင်ပန်းလှပေသည်။
နောက်ထပ်ရက်အနည်းငယ်ကိုလည်း ထိုအတိုင်းသာ ဖြတ်သန်းခဲ့ကြပြန်သည်။
ရဲရှောင်သည် သွယ်လျဆေး စတင်ပြုလုပ်နေပြီ ဖြစ်သည်။ သူ၏ ဟင်းလင်းပြင်ကြီးအတွင်းမှ အဆိုပါ ဆေးလုံးအား မရရှိနိုင်သဖြင့် သူကိုယ်တိုင် ပြုလုပ်နေရခြင်း ဖြစ်သည်။ ထိုဆေးသည် အဓိကအားဖြင့် ကိုယ်အလေးချိန် လျော့ကျစေမည်ဖြစ်ပြီး ဝမ်ဇန်းဟိုအတွက် အလွန်အသုံးဝင်ပေလိမ့်မည်။
ရဲရှောင်၏ ရေဟင်းလင်းပြင်အတွင်း ရေစက်များစွာ စုဆောင်းရရှိခဲ့ပြီး ထိုရေစက်များသည် အလွန်အသုံးဝင်လှသည်။ ဟင်းလင်းပြင်ကြီး တစ်ခုလုံးအား အသက်ဝင်သွားစေသကဲ့သို့ပင်ဖြစ်သွားခဲ့သည်။ ရဲရှောင်သည် မှင်ရောင်အားဖြည့် ကြာပန်းပင်အား သူ၏ သစ်သားဟင်းလင်းပြင်အတွင်း စိုက်ပျိုးခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ သို့သော် ယခုအခါတွင် ရှင်သန်စ ပြုနေပြီ ဖြစ်သည်။
မရဏကျောက်တုံးမှ ရေခဲချီဓာတ်များသည်လည်းလျော့နည်းသွားပြီး ဟင်းလင်းပြင် တစ်ခုလုံးအား ဒုက္ခပေးခြင်း မရှိတော့ပေ။
ရွှေဟင်းလင်းပြင်တွင်လည်း ပစ္စည်းပေါင်းများစွာ စုဆောင်းထားပြီး ဖြစ်ပြီး ထိုပစ္စည်းများမှ စွမ်းအင်များအား စုပ်ယူလျက်ရှိသည်။ ဝမ်ဇန်းဟိုသည်အဆိုပါ ပစ္စည်းများအား ငွေကုန်ကြေးကျ များစွာခံ၍ ဝယ်ယူပေးထားခြင်း ဖြစ်သည်။
[ဝမ်ဇန်းဟိုလို သူဌေးတစ်ယောက် ငါ့လက်ခုပ်ထဲကရေလို ရှိနေတာ တကယ်ကို အသုံးဝင်တာပဲ . . .]
ရဲရှောင်သည် သူ၏ ဟင်းလင်းပြင်ကြီးနှင့် ပတ်သက်၍ အကျေနပ်ကြီး ကျေနပ်နေမိသည်။
သူဌေးဖြစ်သူ ဝမ်ဇန်းဟိုသည် အချိန်အတိုအတွင်း ရှားပါးရတနာများ နှင့်ကျောက်တုံးများအား သလင်းကျောက် ၅ ဘီလီယံကျော် အကုန်အကျခံကာ ဝယ်ယူပေးခဲ့သည်။
“ငွေသည် ဒုတိယ ဘုရားသခင်” ဆိုသည့် ဆိုရိုးစကားသည်အလွန်မှန်ကန်လှသည်။
ဝမ်ဇန်းဟိုနှင့် မတွေ့ခင်အချိန်က ရဲရှောင်သည် သူလိုအပ်သည့် ပစ္စည်းများ ရရှိရန်အတွက် များစွာ ကြိုးပမ်းခဲ့ရသည်။ ယခုအခါတွင်မူ သူကိုယ်တိုင် အပင်ပန်းခံစရာမလိုတော့ဘဲ အချိန်တန်သည်နှင့် ပစ္စည်းများ သူ့ရှေ့မှောက်သို့ရောက်ရှိလာခဲ့သည်။
ဝမ်ဇန်းဟိုမှာမူ လင်းပါအို ခန်းမအတွင်း ထိုင်ရင်းဖြင့်ကမ္ဘာအရပ်ရပ်မှ ရှားပါးပစ္စည်းများ ရောက်ရှိလာမည့် အချိန်ကိုသာ စောင့်စားနေရသည်။
ရဲရှောင်သည် ငွေ၏ အရေးပါပုံအား ကောင်းစွာ သဘောပေါက်လိုက်မိသည်။ မော်တယ်ကမ္ဘာကဲ့သို့သော နေရာမျိုးတွင် မည်သူမျှ ငွေကို မငြင်းဆန်နိုင်ချေ။
ယခင်က ဝမ်ဇန်းဟိုမှ ရဲရှောင်အား ပြောဖူးခဲ့သော စကားတစ်ခု ရှိလေသည်။
“ကျုပ်မလိုချင်လို့ပေါ့ဗျာ၊ ကျုပ်သာ တကယ်လိုချင်ရင် တစ်ကမ္ဘာလုံးက မိန်းကလေးတွေကို ၁၀ ဘီလီယံလောက်သုံးပြီး သိမ်းပိုက်လို့ရတယ်။ မိန်းကလေးဆိုတာကလည်း အပျိုတွေချည်းပဲနော်။ အဟေးအဟေး . . . လင်းပါအို ခန်းမနဲ့တောင် မဆန့်မှာ မြင်ယောင်မိသေးတယ် . . .”
ထိုအချိန်က ရဲရှောင်သည်ဝမ်ဇန်းဟိုပြောခဲ့သည့်စကားအား အယုံအကြည်မရှိခဲ့ပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ယုံကြည်လာခဲ့သည်။
ဝမ်ဇန်းဟို မနှစ်မြို့သည့် အချက်မှာ သူ့အား အေးစက်စက် အမူအယာဖြင့် အမြဲကြည့်တတ်သည့်လျုချန်းဂျန်ကိုပင်ဖြစ်သည်။ ထိုကဲ့သို့ အကြည့်ခံရခြင်းအား ဝမ်ဇန်းဟိုတစ်ယောက်အလွန်မုန်းတီးမိလေသည်။
လင်းပါအိုသို့ လျူချန်းဂျန်ရောက်ခါစအချိန်တွင် ထိုကဲ့သို့ အကြည့်မျိုးဖြင့်ကြည့်သဖြင့်ဝမ်ဇန်းဟိုသည် ရက်အနည်းငယ်ကြာသည်အထိ လျူချန်းဂျန်အား ထွက်မတွေ့ဘဲနေနေခဲ့သည်။
ဝမ်ဇန်ဟို ပြောသကဲ့သို့ ငွေသည် အရေးပါသည် ဆိုသည့်တိုင် ငွေထက် အင်အားသည် သာလွန်ပေသည်။ အင်အားရှိလျှင်အရာရာ လုပ်ဆောင်နိုင်မည်သာမက ငွေဆိုသည့်အရာသည်လည်း သူ့အလိုလို ကပ်ပါလာမည်ဖြစ်သည်။
သို့သော် ခြုံ၍ ပြောရလျှင် မော်တယ်ကမ္ဘာတွင် ငွေသည်သာ အခရာ ဖြစ်နေလေသည်။
ရဲရှောင်၏ ဟင်းလင်းပြင်အတွင်းရှိ ဥသည် ဝိညာဉ်တော် ချီဓာတ်များ၊ ရေငွေ့များနှင့် သစ်သား ဟင်းလင်ပြင်အတွင်းမှ အသက်ဓာတ်များအား အဆက်မပြတ် စုပ်ယူလျက် ရှိသည်။
သို့သော် ရဲရှောင် ဟင်းလင်းပြင်ကြီးအတွင်း ဝင်ရောက်သွားသည့် အချိန်တွင် ဥသည် စုပ်ယူမှုများ ဆက်၍ မပြုလုပ်တော့ချေ။
တစ်ခါတစ်ရံတွင်ဥသည် သူ့အား စနောက်နေသကဲ့သို့ပင်ရဲရှောင် ခံစားမိနေသည်။ မခံချင်ဖြစ်စေရန်တမင်စနောက်နေသည့်အတိုင်းပင်။
[မင်းကငါ့ကို ဂရုမစိုက်သလို ငါကလည်း မင်းကို ဂရုစိုက်မနေပါဘူး။ မင်းက ဥတစ်လုံးပါ ငါ့ကောင်ရာ။ မင်းကိုယ်မင်း ဘာများ ထင်နေတာလဲ . . .]
ရဲရှောင်သည် လုပ်စရာ ရှိသည်များကိုသာ ဆက်၍ လုပ်နေလိုက်သည်။ တစ်ခါတရံတွင်ဥမှ စွမ်း အင်များအား စုပ်ယူနိုင်ရန်အတွက်ရဲရှောင်သည်ဥ၏ ဘေးနားတွင်နေ၍ ကျင့်ကြံမှုများ ပြုလုပ်လေ့ရှိသည်။
ထိုကဲ့သို့ ဥ၏ဘေးတွင် ကျင့်ကြံမှု ပြုလုပ်ခြင်းသည်သူ့အတွက် ပို၍ အဆင်ပြေ ချောမွေ့စေသည်ဟုလည်း ရဲရှောင် ထင်မြင်နေမိသည်။
ထို့ကြောင့် ဟင်းလင်းပြင်ကြီးအတွင်း ဝင်လာပြီးသည်နှင့် ဥ၏ဘေးတွင် ထိုင်ကာ ကျင့်ကြံမှုများ စလုပ်လိုက်သည်။ စွမ်းအင်များအား ဥတစ်လုံးနှင့် လူတစ်ယောက်မှ ဝေမျှ သုံးစွဲနေသည့်အခြေအနေပင်ဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေမျိုးအား ဥသည် သေချာပေါက် ကြိုက်လိမ့်မည် မဟုတ်ဟု ရဲရှောင် တွေးနေမိသည်။ အဘယ်ကြောင့် ဆိုသော် ရဲရှောင်မှ ဝိညာဉ်တော် ချီဓာတ်များအား စုပ်ယူလိုက်ြခင်းကြောင့် ဥမှ ထိုက်သင့်သလောက် စုပ်ယူနိုင်စွမ်း မရှိတော့သောကြောင့်ပင်ဖြစ်သည်။
တစ်နေ့တွင် ရဲရှောင်သည်ဥ၏ အနားတွင်ကျင့်ကြံမှု လုပ်နေစဉ် ဥမှ ရဲရှောင်အား လွင့်ထွက်သွားအောင် ပြုလုပ်လိုက်လေသည်။
ရဲရှောင်လည်း ဟင်းလင်းပြင် အပြင်ဘက်သို့ လွင့်ထွက် သွားရပါတော့သည်။