Chapter – 234
“အစေခံ (၁)”
သာမန်ဖေးယွမ်ဆေးလုံး ဆိုလျှင်ပင် သာမန်လူများအဖို့ အားအင်များ ပြည့်ဖြိုးလာစေမည် ဖြစ်သည်။ ယခု ရဲရှောင် အသုံးပြုလိုက်သောဆေးလုံးသည်ထူးခြားအစွမ်းထက်သော ဖေးယွမ်ဆေးလုံးပင်ဖြစ်သည်။ ထိုဆေးလုံးအား သောက်လိုက်သည်နှင့် မိန်းကလေး ချက်ချင်း ပြန်ကောင်းလာလိမ့်မည်ဟု ထင်နေမိခဲ့သည်။မည်သို့ပင်ဆိုစေကာမူ ဆေးလုံး၏ အကျိုးအာနိသင်ကြောင့်အနည်းဆုံး အသက်အန္တရာယ်မှ လွတ်ကင်းနိုင်မည် ဖြစ်သည်။
သို့သော် ယခုအခါ ဖေးယွမ်ဆေးလုံး သောက်ပြီးသည့်တိုင် မိန်းကလေးသည် အနည်းငယ်မျှသာ ပြန်လည်ကောင်းမွန်သွားသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ အမြင်စူးရှမှုကြောင့်သာ မဟုတ်လျှင် ထိုကဲ့သို့ အနည်းငယ် ပြောင်းလဲသွားသည်ကိုပင် မြင်နိုင်မည် မဟုတ်ပေ။
မိန်းကလေး၏ အခြေအနေသည်မထူးမခြားနားပင် ဖြစ်လျက်ရှိသည်။အချိန်မရွေး သေသွားနိုင်သည့် ပုံစံမျိုးပေါက်နေလေသည်။
“ဘယ်လို ဖြစ်တာလဲဟ . . . ငါသာ သူ့ခန္ဓာကိုယ်ကို မစစ်ဆေးမိရင် ထိပ်တန်းအဆင့် ပညာရှင် တစ်ယောက်လို့ပဲ ထင်နေမိမှာ။ ထူးဆန်းလိုက်တာ . . . ဒီဖေးယွမ်ဆေးလုံးက သာမန်လူတစ်ယောက်ကိုတောင်ဘာမှ မထူးခြားသွားစေပါလား . . .”
ရဲရှောင် စိတ်ပျက်လက်ပျက်ဖြင့်ရေရွတ်လိုက်မိသည်။
ဖေးယွမ်ဆေးလုံးသည်အလုပ်မဖြစ်သဖြင့် ထိုဆေးလုံးအား ထပ်မံအသုံးပြုပါက ဖြုန်းတီးနေသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့်ရဲရှောင်သည်သူ၏ ရေဟင်းလင်းပြင် အတွင်းမှ သလင်းကျောက်ကဲ့သို့ ကြည့်လင်လှသည့်အပြာရောင်ရေစက် နှစ်စက်အား ထုတ်ကာ နောက်ထပ် ဖေးယွမ်ဆေးလုံးတစ်လုံးနှင့်အတူ ထပ်မံ၍ ကြိုးစားကြည့်လိုက်ပြန်သည်။ ထိုအရာနှစ်ခုသည် ကောင်းစွာ ဓာတ်ပြု၍ မိန်းကလေး၏ ဒဏ်ရာများအား သက်သာစေလိမ့်မည်ဟု ရဲရှောင် တွေးမိပြန်သည်။ နောက်ဆုံးတွင် မိန်းကလေး၏ အသက်ရှူသံများသည် ပုံမှန်ဖြစ်လာခဲ့သည်။
မိန်းကေလးသည် သတိလစ် မေ့မြောနေသည့်တိုင် အသက်တော့ ရှင်နေပါသေးသည်။
အခြေအနေ အနည်းငယ် တိုးတက်လာသဖြင့် ရဲရှောင်လည်း အချိန်ဆွဲမနေတော့ဘဲ သူ၏ လက်တစ်ဖက်ဖြင့်မိန်းကလေး၏ စွမ်းအင်သိုလှောင်ရာအား ဖိထားပြီး ကျန်လက်တစ်ကဖက်ဖြင့် ကျောအား ဖိထားလိုက်သည်။ ထို့နောက်လက်နှစ်ဖက်စလုံးမှ ရှေးဦးခရမ်းရောင် ချီဓာတ်များအား စီးဆင်းစေလိုက်ပြီး တဖြည်းဖြည်းဖြင့် မိန်းကလေး၏ သွေးကြောများထဲသို့ သန့်စင်သည့် ဝိညာဉ်တော်ချီဓာတ်များအား ထည့်သွင်းပေးလိုက်ပါတော့သည်။
အပြင်ဘက်တွင်လည်း မိုးသည်းထန်စွာဖြင့်ရွာချလာခဲ့သည်။
ချီဓာတ်များ သွင်းပေးလိုက်ပြီးနောက်တစ်ခုခု မှားယွင်းနေသည်ကို ရဲရှောင်သတိပြုမိလိုက်သည်။
သူ၏ ချီဓာတ်များ မိန်းကလေး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည့်အခါ သမုဒ္ဒရာအတွင်း ခဲလုံးတစ်လုံး နစ်မြုပ်သွားသကဲ့သို့ စုန်းစုန်းမြှပ်၍ ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။ ရဲရှောင် အလွန်အမင်း အံ့သြထိတ်လန့် သွားလေသည်။
ထို့ကြောင့် မိန်းကလေး၏ သွေးကြောများအား ချက်ချင်းပင် စစ်ဆေးလိုက်ပြန်သည်။ ယခင် အခေါက်စစ်ဆေးခဲ့သည့်အတိုင်း ထူးခြားမှု မရှိချေ။ သူမ၏ ခန္ဓာကိုယ်ထဲတွင် ချီဓာတ်အနည်းမျှပင် ရှိမနေဘဲ အသက်မဲ့နေသည့် သစ်ပင်တစ်ပင်ကဲ့သို့သာ ဖြစ်ေနလေသည်။
[ထူးဆန်းလိုက်တာ . . . ဘယ်လိုဖြစ်တာပါလိမ့်. . .]
ရဲရှောင်စဉ်းစား၍ မရဘဲခေါင်းရှုပ်နေမိသည်။
ရဲရှောင်ဘက်မှ မည်သို့မျှ မလုပ်နိုင်တော့ချေ။ သူ၏ စွမ်းအင်များအား ဆက်လက် ထည့်သွင်းပေးနေမည်ဆိုပါက စွမ်းအင်များသာ အကုန် ကုန်သွားပေလိမ့်မည်။ အကြိမ်တစ်ရာခန့်လုပ်လျှင်ပင် အကျိုးထူးလာမည် မဟုတ်ချေ။
[သူ့အသက်ကို အရင်ကယ်မှဖြစ်မယ်။ ကျန်တာကို နောက်မှ စဉ်းစားမယ် . . .]
မထူးတော့သည့်အဆုံး ရဲရှောင်သည်အဓိကနှင့်သာမည ခွဲခြားလိုက်သည်။
ရဲရှောင်သည် ရှေးဦးခရမ်းရောင် ချီဓာတ်စွမ်းအင်များအား သန့်စင်သော စွမ်းအင်အမျှင် နှစ်ခုအဖြစ် ခွဲခြမ်းလိုက်သည်။ ထို့နောက်ယခင်ပြုလုပ်ခဲ့သည့်အတိုင်း မိန်းကလေး၏ စွမ်းအင်သိုလှောင်ရာသုိ့ တိုက်ရိုက် ထည့်သွင်းခြင်း မပြုတော့ဘဲ သွေးကြောများဆီသို့သာ တိုက်ရိုက် ထည့်သွင်းပစ်လိုက်သည်။
ရဲရှောင်သည်မိန်းကလေး၏ သွေးကြောများအား ပြင်ဆင်ရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။
ထိုကဲ့သို့ လုပ်နေစဉ်အတွင်း ဖေးယွမ်ဆေးလုံးတစ်လုံးနှင့် ရေစက်များကိုလည်း ဆက်လက်၍ တိုက်ကျွေးလိုက်သည်။
သုံးနာရီလောက်ကြာအောင် ထပ်တလဲလဲ လုပ်ဆောင်ရင်း သွေးကြောများအား ပြန်လည်ပြုပြင်ပေးလျက်ရှိသည်။
မိန်းကလေးမှာမူ သတိလစ်နေတုန်းပင် ဖြစ်သည်။ အသက်ရှူသံများသည်လည်း ဖြည်းဖြည်း မှန်မှန် ဖြစ်လာရုံသာ ရှိနေသေးသည်။
ယခင်ကထက်စာလျှင် များစွာ တိုးတက်လာသည်ကို မြင်လိုက်ရသဖြင့် ရဲရှောင်လည်း အားသွန်ခွန်စိုက် ကြိုးစားနေမိသည်။ စိတ်ရောကိုယ်ပါ နှစ်၍ လုပ်ဆောင်နေရသဖြင့်ရဲရှောင်၏ တစ်ကိုယ်လုံး ရေချိုးထားသည့်အတိုင်း ချွေးစက်များဖြင့်စိုရွှဲလျက်ရှိသည်။
“ဘုရားရေ . . . ငါအရင်က ဒီလိုမျိုး ဘယ်သူ့ကိုမှ မပြုစုပေးခဲ့ဖူးဘူး။ အခု ဒီကောင်မလေးက သာမန်မိန်းကလေးဆိုပေမယ့်ဘာလို့ ဒီလောက်ထိ ကုရခက်ခဲ နေရတာလဲ။ ငါမြေကြီးအဆင့် ရောက်ခါစတုန်း ကတောင် ဦးလေးဆောင်ရဲ့ ရွှေလက်ဝါးရိုက်ချက် ဒဏ်ရာကို ကုပေးနိုင်ခဲ့သေးတာပဲ။ အဲဒီတုန်းကဒီလောက်ထိ မပင်ပန်းပါဘူး။ တော်တော် ထူးဆန်းပါလား . . .”
ရဲရှောင် နားမလည်ခြင်းများစွာဖြင့်ရေရွတ်လိုက်သည်။
ချွေးထွက်လွန်လာသဖြင့်ရဲရှောင်သည်သူ၏ နဖူးမှ ချွေးများအား သုတ်လိုက်ရင်း အားပြန်ပြည့်လာစေရန်ခေတ္တခဏနားလိုက်သည်။ ထို့နောက်ဖေးယွမ်ဆေးလုံး အချို့အား စားလိုက်သည်။ ထိုဆေးလုံးများသည် ရဲရှောင်အတွက် အလွန်အသုံးဝင်သောဆေးလုံးများဖြစ်သည်။ နှစ်လုံးတည်းစားရုံဖြင့်အားပြန်လည်ပြည့်သွားခဲ့သည်။ ထို့နောက် မိန်းကလေး၏ အခြေအနေအား တဖန် ပြန်၍ စစ်ဆေးလိုက်သည်။ ယခုအကြိမ်တွင် ဖေးယွမ်ဆေးလုံး ၅ လုံးနှင့် ရေစက် ၁၀ စက်အား ထပ်မံ၍ အသုံးချလိုက်သည်။
ရဲရှောင်ကိုယ်တိုင်ပင် ပြန်လည် အားအင်ပြည့်ဝလာစေရန်အတွက်ဆေးလုံး နှစ်လုံးသာအသုံးပြုခဲ့ရသည်။ သို့သော် မိန်းကလေးမှာမူ ဆေးလုံး အလုံး ၂၀ နှင့် ရေစက်များစွာ သောက်သုံးပြီးသည့်တိုင် ထူးခြားမှု မရှိသေးပေ။ ရဲရှောင်အဖို့ အလွန်ထူးဆန်းလျက်ရှိသည်။
[ဘယ်လိုဖြစ်တာလဲဟ။သူက သာမန်မိန်းကလေးရော ဟုတ်ရဲ့လား . . .]
ရဲရှောင်သည် သူ၏ ရှိသမျှ ပစ္စည်းများဖြင့် ကုသပေးနေသော်လည်း မိန်းကလေးမှာမူ သတိပြန်မလည် လာသေးပေ။ ငြိမ်သက်စွာ လှဲလျောင်းလျက်ပင် ရှိနေသည်။
သို့သော် မျက်ခွံများ လှုပ်ခါလာသည်ကိုမူ ရဲရှောင် မြင်တွေ့လိုက်ရသည်။ မိန်းကလေးသည်မျက်မှောင်ကြုတ်လျက် ရှိပြီး မေ့မြောနေသည့်တိုင် ဒဏ်ရာများကြောင့် နာကျင်နေသည့်ပုံပင်။
ရဲရှောင်အဖို့ ထိုကဲ့သို့သော အခြေအနေအား မြင်တွေ့လိုက်ရရုံဖြင့်ပင် အားတက်သွားခဲ့သည်။ အနည်းဆုံးမူ သေလုမျောပါး လူတစ်ယောက် မဟုတ်တော့ချေ။ ဒဏ်ရာရရှိထားသည့် လူတစ်ဦး အနေဖြင့်သာ ရှိနေတော့သည်။
ရဲရှောင်သည် ချက်ချင်းပင် ကောင်မလေး၏ အရိုးများအား သေချာ စစ်ဆေး၍ ကုသလိုက်သည်။
ထိုကဲ့သို့ စစ်ဆေးကုသနေစဉ် အဝတ်အစားများ ဝတ်ဆင်ထားခြင်းသည်ကုသမှုအတွက်အနှောင့်အယှက်ဖြစ်နေလေသည်။ မိန်းကလေး၏ ခန္ဓာကိုယ်တွင် ကျိုးနေသော အရိုးများသည်ကောင်းနေသော အရိုးများထက်ပင် ပို၍ များလျက်ရှိသည်။ ထိုကျိုးနေသော အရိုးများအား တစ်ခုချင်း ဆက်ပေးရန်မှာ အလွန်ခက်ခဲသော အလုပ်တစ်ခုပင်ဖြစ်သည်။ကုသမှုအောင်မြင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ အဝတ်အစားများ ဝတ်လျက် ကုပေးရမည်ဆိုလျှင် ပို၍ပင် ခက်ခဲပေဦးမည်။
ယခုကဲ့သို့သော အရေးပေါ် အခြေအနေမျိုးတွင်အဝတ်အစားများ ချွတ်ပစ်မှသာ အဆင်ပြေနိုင်မည် ဖြစ်သည်။ ရဲရှောင်အဖို့ အခက်ကြုံနေရသည်မှာ မိန်းကလေး၏ အရိုးကျိုးနေသည့် နေရာအများစုသည် နံရိုး၊ ပခုံး၊ ခါးနှင့် ပေါင်ရိုးများ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ထိုနေရာများသည် မိန်းကလေးတစ်ဦး၏ အဓိက အစိတ်အပိုင်းများပင် ဖြစ်နေသည် မဟုတ်ပါလော။
ရဲရှောင်တခဏမျှ စဉ်းစားပြီးနောက် အံကြိတ်လိုက်ကာ –
“သူ့အသက်ကို ကယ်တင်ဖို့ ငါလုပ်မှဖြစ်မယ်။ ငါ့မှာ တခြားရွေးချယ်စရာလည်း မရှိဘူး။ သူ့အပေါ် တမင် အခွင့်အရေး ယူနေတာလည်း မဟုတ်ဘူး။ နောက်ပြီး သူနိုးလာလို့ သွားစရာ နေရာသာ မရှိရင် ငါ့ဆီမှာပဲ သောင်တင်နေလောက်တယ်။ အဲ့ဒါဆို သူက ငါ့ အစေခံတောင် ဖြစ်ချင် ဖြစ်လာဦးမယ်။ ငါ့ရဲ့ဝေယျာဝစ္စတွေကို လုပ်ပေးမယ့်လူ လိုနေတာနဲ့ အတော်ပဲပေါ့ . . .”
“ဒါဆိုရင် ငါတို့က မိသားစုတွေလို ဖြစ်သွားပြီဆိုတော့ ရှက်နေစရာ မလိုတော့ဘူးပေါ့ . . .”
ထို့နောက် သက်ပြင်းချလိုက်ပြန်ရင်း –
“မင်းက သာမန်မိန်းကလေး တစ်ယောက်ပါ။ ငါလုပ်နေတဲ့ အရာအားလုံးက မင်းအသက်ကို ကယ်တင်ဖို့ပဲ။ ငါမင်းအတွက် ကုန်တဲ့ ကုန်ကျစရိတ်ကို ဈေးတွက်တွက်မယ်ဆိုရင် ၁၀ ဘီလီယံထက်တော့ နည်းမယ် မထင်ဘူး။ ဘုရားရေ . . . ငါနဲ့ မသိမကျွမ်းတဲ့ မိန်းကလေးတစ်ယောက်ကို ဒီလောက်ထိတောင် အကုန်ကျခံပြီး လုပ်နေမိတာပါလား။ တော်တော်ကို ငါ့အတွက် နစ်နာနေတာပဲ။ ဒါတောင် အရိုးကျိုးတာကုဖို့ ကုန်ကျစရိတ်ထည့်မတွက်ရသေးဘူး။ နောက်ပိုင်းမှာ မင်းသာ င့ါကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူး ဆိုရင် ငါတော့ အရှုံးကြီး ရှုံးတော့မှာပဲ . . .”
“ဟုတ်ပြီကွာ . . . ငါ့အစေခံအတွက် ငါလုပ်ပေးရမှာပေါ့ . . .”
ရဲရှောင်တစ်ယောက်အားတင်း၍ မိန်းမလှလေး၏ အဝတ်အစားများအား ချွတ်ရန်ကြိုးပမ်းလိုက်သည်။ သူ၏ လက်များသည်စိတ်လှုပ်ရှားမှုကြောင့်တုန်ယင်လျက်ရှိသည်။ ထို့နောက်မိန်းကလေး၏ ကိုယ်မှ အဝတ်အစားများအားတစ်ခုမကျန်ချွတ်ပစ်လိုက်သည်။ ထိုအခါ မိန်းမလှလေး၏ ရှိုက်ကြီးဖိုငင်အသွယ်သွယ်ပြစ်မျိုးမထင်လှပသည့်ခန္ဓာကိုယ် ကောက်ကြောင်းအလှသည် ရဲရှောင်အရှေ့တွင် ပေါ်လာလေသည်။ အလွန်လှပ၍ ဆွဲမက်ဖွယ်အတိပင် ဖြစ်နေပါတော့သည်။