Chapter – 232
“ကယ်တင်ခြင်း (၁)”
ရွှမ်ပိုင်သည် သူ၏ အခြေအနေမှန်အား မသိစေချင်၍ ရှဲ့ဒန်ယူ၏ရှေ့တွင် အားတင်း၍ ရပ်နေခဲ့ခြင်းပင်ဖြစ်သည်။
သို့သော် နောက်ဆုံးတွင်မူ ဟန်ဆောင်မဆောင်နိုင်တော့ဘဲ လဲကျသွားခဲ့ခြင်း ဖြစ်သည်။
ရှဲ့ဒန်ယူ လှည့်ထွက်သွားသည်နှင့် တစ်ပြိုင်နက်ရွှမ်ပိုင်သည်သစ်ပင်မှကြွေကျသွားသည့်ရော်ဝါရွက်လေး တစ်ရွက်ပမာအောက်သို့ ပြုတ်ကျသွားခဲ့သည်။
ထို့ပြင်ပါးစပ်မှလည်း သွေးများ အဆက်မပြတ်အန်လျက်ရှိပြီး ဝတ်ရုံတစ်ခုလုံးသွေးများဖြင့်ပေကျံလျက်ရှိသည်။
ပေသောင်းချီအမြင့်မှ ကျလာသည့်တိုင်သတိအနည်းငယ် ကပ်နေတုန်းဖြစ်၍ ရွှမ်ပိုင်သည် လက်ကျန်စွမ်းအင်များအား စုစည်းလိုက်ပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်ရန်ကြိုးစားလိုက်သည်။ သို့သော်အချည်းနှီးပင်ဖြစ်သည်။
ထိပ်တန်းအဆင့် ပညာရှင်ကြီးတစ်ယောက်ဖြစ်သော ရွှမ်ပိုင်သည်ပင်ယခုအခါ လေထဲတွင် ရပ်တန့်နိုင်ခြင်း မရှိတော့ပေ။
လက်ရှိအနေအထားအတိုင်းအောက်သို့ ဆက်လက်ပြုတ်ကျ သွားမည်ဆိုပါက တစစီ ဖြစ်သွားနိုင်သည်ကိုလည်း သူ့ကိုယ်သူ သိနေမိသည်။ မိမိ၏ ဘဝအားတွေးလိုက်မိသည့်အတွက်ရွှမ်ပိုင်အလွန်အမင်း ဝမ်းနည်းသွားကာ –
[ငါ့ဘဝတစ်လျှောက်လုံး လှလှပပနဲ့ အပျိုစင်သိက္ခာကို စောင့်ထိန်းပြီး နေခဲ့တာ၊ အခုလို အသေဆိုးနဲ့ သေဖို့အတွက်လား။ သေမယ်ဆိုရင်တောင် ကောင်းကောင်းမွန်မွန်ပဲ သေချင်မိတယ် . . .]
နောက်ဆုံးအနေဖြင့်ရလိုရငြား ရွှမ်ပိုင်သည်သူ၏ စွမ်းအင်များအား ထပ်တလဲလဲ ထုတ်လွှတ်ကြည့်နေမိသည်။
စွမ်းအင်အနည်းငယ် ထွက်သွားသည့်အချိန်တွင် လေထဲ၌ ရပ်တန့်သွားစေသော်လည်း ခဏအတွင်းပြန်ပြန်ပြုတ်ကျသွားသည်။
ထိုကဲ့သို့ ပြုတ်ကျနေစဉ်အတွင်း ရပ်တန်နိုင်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားလျက်ရှိသည်။
အောက်သို့ အရှိန်ဖြင့်ပြုတ်ကျနေသည့်အတွက် သူ၏ ဆံပင်များသည် လေထဲတွင် တဖျတ်ဖျတ် လူးလွင့်နေကြသည်။ ရွှမ်ပိုင်သည်နောက်ဆုံးတွင်မူ စိတ်လျှော့လိုက်သည်။ သူ၏ မျက်လုံးများအား တင်း တင်းကျပ်ကျပ်မှိတ်ထားရင်း –
[အရာအားလုံးကို အုပ်စိုးနိုင်ခဲ့ပေမယ့်အခုတော့ ဒီလို အဆင့်နိမ့်နယ်ပယ် တစ်ခုမှာ အသေဆိုးနဲ့ သေရတော့မှာပါလား။ ငါ့နေရာကို ဆက်ခံမယ့်လူကိုတောင် ဘာမှ အကျိုးအကြောင်း မပြောပြနိုင်လိုက်ဘူး . . .]
သေရတော့မည့်အချိန်တွင်မလုပ်လိုက်ရသည့်ကိစ္စများအားတွေးရင်း ရွှမ်ပိုင်တစ်ယောက်ဝမ်း နည်းနေမိသည်။ ထိုအချိန်တွင်မြေပြင်နှင့် တဖြည်းဖြည်း နီးကပ်လာသည်ကိုလည်း ခံစားလိုက်ရသည်။
သူ၏ဘဝနေဝင်ချိန်သို့ရောက်ရှိပေတော့မည်။
ကမ္ဘာတစ်ခုလုံးအား တုန်လှုပ်စေခဲ့သည့်တိုက်ပွဲသည် အဆုံးသတ်ခဲ့ချေပြီ။ တိုက်ပွဲတွင်ဝင်ပါရန်ကြိုးစားကြသည့်လူများသည်လည်း သေကြေပျက်ဆီးခဲ့ရသည်။
ရဲရှောင်မှလွဲ၍ ပညာရှင်ကြီးနှစ်ဦး တိုက်ပွဲဖြစ်နေသည်ကို မည်သူမျှ မသိကြချေ။ မော်တယ်ကမ္ဘာတစ်ခုလုံး သည်းထန်စွာ ရွာသွန်းသော မိုးကြောင့် ကြောက်ရွံ့ ထိတ်လန့် နေကြသည်။ ယခုကဲ့သို့ မိုးရွာသွန်းမှုသည် နှစ်ပေါင်း သန်းချီအတွင်း တစ်ကြိမ်တစ်ခါမျှ မဖြစ်ခဲ့ဘူးပေ။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်မော်တယ်ကမ္ဘာတစ်ခုလုံး ရေများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ထိုကဲ့သို့သာ ရက်အနည်းငယ် ဆက်လက် ရွာသွန်းနေမည် ဆိုပါက မော်တယ်ကမ္ဘာကြီးလည်း ရေအောက်သို့ နစ်မြုပ်သွားပေလိမ့်မည်။ ယခုတွင်ပင် မော်တယ်ကမ္ဘာ၏ အနိမ့်ပိုင်း နေရာများအား ရေများဖုံးလွှမ်းသွားပြီ ဖြစ်သည်။ ပျက်ဆီးမှုများသည်လည်း နေရာတိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည်။
ကံကောင်းသည့် အချက်မှာ အဆိုပါမိုးများ ရွာသွန်းေအာင် ပြုလုပ်ခဲ့သည့် ပညာရှင်နှစ်ဦး၏ တိုက်ပွဲသည် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲရပ်သွားသည်နှင့် ရွာသွန်းနေသော မိုးသည်လည်း တိခနဲပင်ရပ်တန့်သွားသည်။
မိုးရွာသွန်းမှု ရပ်တန့်သွားသည်နှင့် ရာသီဥတုသည်လည်း ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။
သို့သော် အကြောင်းအရင်းအမှန် မသိကြသည့် လူများသည်ရာသီဥတု ဖောက်လွှဲ ဖောက်ပြန် ဖြစ်နေမှုကိုသာ အံ့သြနေမိကြသည်။
ထိုအကြောင်းရင်းမှန်အား သိသည့် တစ်ဦးတည်းသော လူမှာလည်း အလုပ်များလျက် ရှိသည်။ ထိုလူကား ရဲရှောင်ပင်ဖြစ်သည်။
ရဲရှောင်ရေငွေ့များအား အလျင်အမြန် စုပ်ယူနေသည့်အချိန်တွင်မိုးကြိုးပစ်သံ ရပ်တန့်သွားသည်။ မိုးလည်း မရွာတော့သဖြင့် ကောင်းကင်ထက်ရှိ တိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း ရဲရှောင်ရိပ်စားမိလိုက်သည်။
တိုက်ခိုက်မှု ပြီးသည်နှင့် မိုးအရွာရပ်သွားခြင်းပင် ဖြစ်သည်။
ထို့ကြောင့်ရဲရှောင်အနေဖြင့် ရေငွေ့များ ဆက်လက် စုပ်ယူနိုင်တော့မည် မဟုတ်ချေ။
ယခုကဲ့သို့သော အခွင့်အရေးမျိုးသည် ရှားပါးလွန်းလှသဖြင့် ရဲရှောင် လက်လွတ်မခံချင်ပေ။ ထို့ကြောင့် မိုးရွာနေသည်ကိုပင်ဂရုမပြုနိုင်အားပဲ ရေငွေ့များ အသည်းအသန်စုပ်ယူခဲ့ခြင်းဖြစ်သည်။
အားသွန်ခွန်စိုက်ဖြင့်ကြိုးပမ်းလိုက်သည့်အတွက်သူ၏ ရေဟင်းလင်းပြင်အတွင်းတွင် အပြာရောင် ကျောက်တုံးလေးများနှင့်တူသည့်ရေစက်များသည်အပြည့်ဖြစ်နေချေပြီ။
“တောက် . . .”
ရေစက်တစ်စက် ကျဆင်းသွားခြင်း ဖြစ်သည်။
ရေဟင်းလင်းပြင်၏ အောက်ခြေသည် စိုစွတ်လျက်ရှိနေသောကြောင့်ရေစက်ကျလာသွားသောအခါ အရည်အဖြစ် ပျော်ကျသွားခြင်း မရှိဘဲ ပုံစံမပျက်ဘဲ ရေစက်အလုံးပုံစံဖြင့်သာ လိမ့်ဆင်းသွားလေသည်။
“တောက် . . . တောက် . . . တောက် . . .”
ရဲရှောင်၏ ရေဟင်းလင်းပြင် နံရံမှ ရေစက်များသည် တစ်စက်ပြီးတစ်စက် အောက်ခြေသို့ ကျဆင်း လာကြသည်။ ရေကျသံများသည်သူ့အဖို့ ကောင်းကင်ဘုံမှ နတ်တေးသံသာများထက်ပင် ပို၍ နားဝင်ချိုလျက်ရှိသည်။
ရေစက်များများ ကျလေလေ ရဲရှောင်၏စိတ်ထဲတွင်ပို၍ ပျော်ရွှင်မိလေလေပင် ဖြစ်နေသည်။
ရေစက်တစ်စက်ချင်းစီတိုင်းတွင် သိပ်သည်းလှသည့် အသက်ဓာတ်များ ပါဝင်နေမည်ဟု သူ ယုံကြည်နေမိသည်။
ရေသည်ကမ္ဘာပေါ်ရှိ အရာအားလုံးအား ရှင်သန်စေနိုင်သည့်အသက်ဓာတ်များ ပါဝင်နေသည့်အရာပင်ဖြစ်သည်။
ရေစက်များသည် တစ်စက်နှင့်တစ်စက် ပေါင်းစပ်သွားခြင်းမရှိဘဲ တစ်စက်ချင်းစီအဖြစ်သာ ရှိနေကြသည်။ရေဟင်းလင်းပြင်ထဲတွင်ရေစက်ထောင်ပေါင်းများစွာ ရှိနေသည်။ ထို့ပြင်ရေစက်များ၏ အရောင်မှာလည်း အပြာရောင်လဲ့လဲ့ သမ်းနေလေသည်။
ရေဟင်းလင်းပြင်အတွင်း အပြာရောင် ပုလဲလုံးများ ထည့်ထားသည်နှင့်ပင် တူနေပါသေးသည်။
ရဲရှောင်သည် ထူးခြားလှသည့် ထိုမြင်ကွင်းကြောင့် စိတ်ထဲတွင်အံ့သြနေမိရင်း –
[စကြာဝဠာကြီးက အံ့သြစရာတွေ အပြည့်ပါလား။ ဒီလိုမြင်ကွင်းမျိုး ငါ တစ်ခါမှ မမြင်ဖူးခဲ့ဘူး . . .]
ရဲရှောင် တွေးနေမိစဉ် သူ၏ ခေါင်းအထက်မှ အသံသဲ့သဲ့ တစ်ခုအား ကြားလိုက်ရသည်။ တစ်ယောက်ယောက် ပြုတ်ကျလာသည့်ပုံပင်။
ရဲရှောင်လည်း ချက်ချင်းပင်မော့ကြည့်လိုက်မိသည်။ ထိုအခါ သူရှိရာနေရာသို့ အနက်ရောင်ဝတ်ဆင်ထားသော လူတစ်ယောက်ကျရောက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
[ဒါ . . . မိန်းကလေးတစ်ယောက်ပါလား . . .]
ရဲရှောင်သည် အမြင်စူးရှသူပီပီ ကောင်းစွာ အကဲခတ်နိုင်လိုက်သည်။ အမှန်တကယ်ပင်မိန်းကလေးတစ်ဦး ဖြစ်သည်။
ထိုမိန်းကလေးသည် မြေပြင်သို့ မျက်နှာမူလျက် အနေအထားဖြင့် မျက်လုံးများမှိတ်ကာ ကျဆင်းလာခြင်း ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးတွင်လည်း သွေးများအပြည့် ဖြစ်နေလေသည်။
[တော်တော်ကို ဒဏ်ရာပြင်းထန်ပါလား။ သတိလစ်နေတဲ့ပုံပဲ။ ဒါပေမဲ့ ဒီမိန်းကလေးက ဘယ်လိုလုပ်ပြီး ကောင်းကင်ပေါ်ကနေ ကျလာရတာလဲ။ ဘာတွေများ ဖြစ်လို့ပါလိမ့် . . .]
အံ့သြစရာကောင်းလှသည့် မြင်ကွင်းအားကြည့်ရင်း ရဲရှောင် သတိလက်လွတ်ဖြစ်မသွားခဲ့ချေ။ သူ၏ရှေ့တွင် မိန်းကလေးတစ်ဦး ကူရာမဲ့ ကယ်ရာမဲ့ဘဝမျိုးဖြင့်သေဆုံးသွားမည့်အဖြစ်မျိုး လက်မခံနိုင်ပေ။ ထို့ကြောင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရင်း ရဲရှောင်သည်သူ၏ လက်များအား ဆန့်ထုတ်လိုက်သည်။မြေပြင်ပေါ်သို့ကျလာသည့် မိန်းကလေးအား အရှိန်လျော့ကျသွားစေရန်အတွက်သူ၏ ချီဓာတ်များသုံး၍ အရှေ့သို့ တွန်းထုတ်လိုက်သည်။ သို့သော် သူ၏ ထင်မြင်ချက်နှင့် လက်တွေ့သည်တစ်ထပ်တည်းတော့ မကျခဲ့ပေ။
မိန်းကလေးသည် အရှိန်ဖြင့်ေမြပြင်ေပ်ါသို့ ကျဆင်းလာခြင်း ဖြစ်သည့်အတွက် ရဲရှောင်မှ အားကုန်အသုံးပြု၍ တွန်းလိုက်သည့်အခါ စွမ်းအင်တန်ပြန် သက်ရောက်မှုကြောင့် သူ၏ လက်များ ကျိုးသွားမတတ်ပင်ခံစားလိုက်ရသည်။ ရဲရှောင်အလွန်အမင်းပင်နာကျင်သွားခြင်း ဖြစ်သည်။
[သတိလစ်ပြီး ပြုတ်ကျလာတာကို ဘာလို့ ဒီလောက်ထိ အရှိန်ပြင်းနေရတာလဲ . . .]
ရဲရှောင်အနေဖြင့်မိမိကိုယ်ကို ကံကောင်းသည်ဟုလည်း ခံစားမိလိုက်သည်။ အကယ်၍ မိန်းကလေးအား တွန်းမထုတ်ဘဲ တိုက်ရိုက်ဖမ်းလိုက်မည် ဆိုပါက ထိုမိန်းကလေးလည်း အသက်ရှင်နိုင်တော့မည် မဟုတ်သကဲ့သို့ သူ၏လက်များသည်လည်း ဒဏ်ရာ
အကြီးအကျယ်ရသွားပေလိမ့်မည်။ ထို့ကြောင့်ယခုကဲ့သို့ အရှေ့သို့ တွန်းထုတ်လိုက်ခြင်းသည် အကောင်းဆုံး နည်းလမ်းပင်ဖြစ်သည်။
ရဲရှောင်သည်ထွေထွေထူးထူး စဉ်းစားမနေနိုင်တော့ဘဲ မိန်းကလေးအား အချိန်မနှောင်းမီ ကယ်တင်ရန် တွေးလိုက်မိသည်။ ထို့ကြောင့် မိန်းကလေးရှိရာသို့ ပြေးသွား၍ ခန္ဓာကိုယ်အား လေထဲတွင် အနည်းငယ် တန့်တန့် သွားစေရန် သူ၏ ချီဓာတ်များဖြင့်ထိန်းထားလိုက်သည်။ မြင့်မားလှသော သစ်ပင်မှ သစ်သီးတစ်လုံးသည်အရှိန်ဖြင့်ကျလာလျှင်မြေပြင်ပေါ်သို့ရောက်သွားသောအခါ ဟက်တက်ကွဲသွားပေလိမ့်မည်။ ထို့အတွက်ကြောင့်ရဲရှောင်သည်မိန်းကလေးအား အရှိန်လျော့သွားစေရန်သူ၏ စွမ်းအားများဖြင့်ထိန်းပေးနေခြင်း ဖြစ်သည်။
ရဲရှောင်သည် မိန်းကလေးအား အစွမ်းကုန်ကြိုးစား၍ ကယ်တင်နေသည့်တိုင်ကျရောက်လာသည့် အရှိန်သည်ပြင်းထန်လွန်းလှသဖြင့် ဒဏ်ရာအပြင်းအထန် ရသွားနိုင်ပေသည်။ သူမ၏ ခန္ဓာကိုယ် မည်သည့်နေရာသို့ ထိမိသည်ဖြစ်စေ နာကျင်နေလိမ့်မည်ဟု ရဲရှောင် တွေးနေမိပါတော့သည်။