Chapter – 231
“သူသေကိုယ်သေ”
“ဝှစ်. . . ဝှစ်. . . ဝှစ်. . .”
ကြာပန်းများအား ရှဲ့ဒန်ယူသည်လှည့်ပတ်၍ရှောင်တိမ်းလိုက်သည်။ ထိုသို့လှည့်ပတ်ရာတွင်အစပိုင်း၌ အသားမကျသေးသော်လည်း အချိန်အနည်းငယ် ကြာသောအခါ သူမကိုယ်သူမ ကောင်းစွာ ထိန်းချုပ်သွားနိုင်လေသည်။ ကြာပန်းများထံမှ ထွက်ရှိလာသည့်စွမ်းအင်လှိုင်းများ၏ဒဏ်ခံနေရသည့်တိုင် အနည်းငယ် ခံသာသွားပါတော့သည်။
ကြာပန်းများအားရှောင်တိမ်းလှည့်ပတ်နေရင်းဖြင့်ရှဲ့ဒန်ယူ၏ လက်ထဲတွင်ကိုင်ဆောင်ထားသော ဓားသည်တဖြည်းဖြည်း ရှည်ထွက်လာခဲ့သည်။ ထို့နောက်ရှဲ့ဒန်ယူသည်ကျယ်လောင်သော လေသံဖြင့် –
“ကမ္ဘာဖျက်တိုက်ကွက် . . .”
ဓားမှ စူးရှသော အလင်းတန်းများစွာ ရုတ်တရက် ဖြာထွက်လာခဲ့သည်။
ကြာပန်းကိုးခိုင် တိုက်ကွက်သည်ရွှမ်ပိုင်၏ အစွမ်းထက်ဆုံး တိုက်ကွက် ဖြစ်သကဲ့သို့ ကမ္ဘာဖျက် တိုက်ကွက်သည်လည်း ရှဲ့ဒန်ယူ၏ အစွမ်းထက်ဆုံး တိုက်ကွက်ပင် ဖြစ်လေသည်။
သူတို့နှစ်ဦးစလုံး၏ ဂိုဏ်းနှစ်ခု စတင်တည်ထောင်ခဲ့သည့်အချိန်ကတည်းက အဆိုပါတိုက်ကွက် နှစ်ခုအား ထိပ်တိုက် အသုံးမပြုခဲ့ဖူးကြချေ။ သို့သော် ယခုအခါတွင်မူ မော်တယ်ကမ္ဘာကဲ့သို့သော အဆင့်နိမ့်နေရာမျိုးမှာပင်သုံးလိုက်မိကြသည်။ မသုံး၍လည်း မရနိုင်ကြတော့ပေ။ တိုက်ပွဲသည်နောက်ဆုံးအခြေအနေသို့ပင်ရောက်ရှိနေပြီ မဟုတ်ပါလော။
ရှဲ့ဒန်ယူ၏ ကမ္ဘာဖျက်တိုက်ကွက် ဖြစ်ပေါ်လာသည့် အချိန်မှာပင် ရွှမ်ပိုင်၏ ကြာပန်းကိုးခိုင်သည်လည်း ပေါက်ကွဲထွက်သွားလေသည်။
“ဖုန်းး . . .”
ကြာပန်းရနံ့များသည် ကမ္ဘာတစ်ခုလုံးသို့ လွှမ်းခြုံသွားသည့်အလားအရပ်ရှစ်မျက်နှာလုံးတွင်မွှေးရနံ့များဖြင့်ထုံကြိုင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြာပန်းများ၏ ပွင့်ချပ်များသည် ဓားသွားများအလား ဖြစ်သွားကြသည်။
ထိုအချိန်တွင်ကြာပန်းများပေါ်၌ ထိုင်နေကြသည့် ရွှမ်ပိုင်နှင့် ပုံစံတူ မိန်းကလေး ကိုးယောက်သည် မျက်လုံးများ ပွင့်သွားကြသည်။ ထိုမိန်းကလေးများ၏ မျက်လုံးများသည်ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင်အေးစက်လျက်ရှိသည်။
“ရှဲ့ဒန်ယူ . . . ငါငရဲကို သွားရမယ် ဆိုရင်တောင် နင့်ကိုပါ အပါခေါ်သွားမယ် . . .”
ရွှမ်ပိုင် အေးစက်သောလေသံဖြင့် ပြောလိုက်သည်။ ထို့နောက် မီးလျှံများအကြား ခုန်ဆင်း သွားသည့်အလား အလင်းတန်းများစွာ ထွက်ပေါ်နေသည့်ကြာပန်းပွင့်ချပ်များ၏ အလယ်သို့ ပြေးဝင်သွားလိုက်သည်။
“နင့်ဘက်က ဒီလိုတောင်းဆိုမှတော့ ငါလည်း မငြင်းတော့ပါဘူး။ ဒါဆိုလည်း အတူတူ သေကြတာပေါ့ . . .”
ရှဲ့ဒန်ယူသည်ခက်ထန်သော အသံဖြင့်ပြောလိုက်သည်။ ထို့နောက် ဘေးသို့လှည့်ရင်း –
“ဘယ်သူမှ မလာကြနဲ့ . . .”
ရှဲ့ဒန်ယူ၏ အနားတွင်လူ ငါးယောက် ရှိနေလေသည်။ သို့သော်ထိုလူငါးယောက်သည်ရှဲ့ဒန်ယူ၏ စကားအား နားမထောင်ဘဲ တိုက်ပွဲအတွင်း ပြေးဝင်လာကြသည်။ ရွှမ်ပိုင်အား အရပ်မျက်နှာ အသီးသီးမှ ဝိုင်းဝန်း တိုက်ခိုက်ကြတော့မည် ဖြစ်သည်။
လူငါးယောက်ထဲမှ သုံးယောက်သည် ရွှမ်ပိုင် ရှိရာသို့ ပြေးဝင်သွားကြပြီး နှစ်ယောက်မှာမူ ရှဲ့ဒန်ယူထံသို့ ပြေးဝင်သွားကြသည်။
ထိုလူများသည်ရှဲ့ဒန်ယူအား အပြည့်အဝ ကာကွယ်ပေးကြမည့်ပုံပင်။
ရွှမ်ပိုင်သည် ရှဲ့ဒန်ယူနှင့်အတူ အဖော်များ ပါလာသည်ကို သိသော်လည်း တုန်လှုပ်ခြင်း မရှိခဲ့ချေ။ ဓားသွားအလား ကြာပန်းပွင့်ချပ်များသည်ရှဲ့ဒန်ယူတို့ထံသို့ အရှိန်အပြည့်ဖြင့်ပြေးဝင်သွားသည်။
“ဘုန်း . . .”
ချင်းယန်နယ်ပယ်၏ အစွမ်းထက်ဆုံး တိုက်ကွက်နှစ်ခု ဆုံတွေ့ကြလေပြီ။
“အား . . .”
စူးစူးဝါးဝါး အော်ဟစ်လိုက်သည့်အသံများ ထွက်ပေါ်လာခဲ့သည်။ တိုက်ပွဲအလယ်သို့ ပြေးဝင်သွားကြသည့်လူသုံးဦးသည်အမှုန့်ဖြစ်သွားခဲ့သည်။ ဘာမှန်းပင် မသိလိုက်ကြချေ။
လူငါးယောက်အနက်ရှဲ့ဒန်ယူအား အကာအကွယ်ပေးရန် ရှိနေကြသည့် လူနှစ်ယောက်မှာ အစွမ်းအထက်ဆုံး ဖြစ်သည်။ ထိုနှစ်ယောက်သည်ရှဲ့ဒန်ယူအား အကောင်းဆုံး ကာကွယ်ပေးရန် ကြိုးစားကြသော်လည်း တခဏသာ တောင့်ခံနိုင်လိုက်ပြီး နောက်သို့ လွင့်ထွက်သွားခဲ့သည်။
ထိုအချိန်တွင်ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လျက်ရှိသည်။
လွင့်ထွက်သွားသူ နှစ်ဦးအနက်တစ်ဦးသည်ကျယ်လောင်စွာ အော်ဟစ်ရင်း တိုက်ပွဲအတွင်း ပြန်လည်ဝင်ရောက် လာပြန်သည်။
“ဘုန်း . . .”
ကြာပန်းပွင့်ချပ်များ၏ အနီးအနားသို့ရောက်သွားသည့်အချိန်တွင်ထိုလူ၏ ခန္ဓာကိုယ်သည်ဆူးဖြင့်ဘောလုံးတစ်လုံးအားဖောက်လိုက်သည့်အတိုင်းပေါက်ကွဲထွက်သွားလေသည်။ အမှန်တကယ်တမ်းတွင်မူ ထိုလူသည်ရှဲ့ဒန်ယူအတွက်သူ့ကိုယ်သူ စတေး၍ဖောက်ခွဲလိုက်ခြင်းပင်ဖြစ်သည်။ သူ၏ လုပ်ရပ်ကြောင့်ကြာပန်းပွင့်ချပ်များ၏ရန်မှ အနည်းငယ်သက်သာသွားလေသည်။
ကျန်ရှိနေသော တစ်ယောက်မှာလည်း ရှဲ့ဒန်ယူဘက် လှည့်ကြည့်ရင်း ပြုံးပြကာ –
“ကျုပ်တို့ မရှိဘဲ သခင်မ ရှင်သန်နိုင်မှာပါ။ ဒါပေမယ့်သခင်မ မရှိရင်ကျုပ်တို့လည်း အသက်ရှင်နိုင်တော့မှာ မဟုတ် . . .”
ထိုလူ၏ စကားမဆုံးခင်မှာပင်ကြာပန်းပွင့်ချပ်များ၏ စွမ်းအင်လှိုင်များသည်ထပ်မံ၍ရောက်ရှိ လာလေသည်။ ထိုလူသည် ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး
သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ကြိုးစားသည့်တိုင် နောက်ကျ သွားခဲ့ချေပြီ။ မဖောက်ခွဲနိုင်လိုက်ခင်မှာပင် မှန်တစ်ချပ်ကွဲကြေသွားသည့်အလား တစ်ကိုယ်လုံး အက်ကွဲရာများ ပေါ်လာပြီး တစစီ ဖြစ်သွားပါတော့သည်။
“ကျုပ်တို့မရှိလည်း သခင်မ ရှင်သန်နိုင်မှာပါ . . .”
ရှဲ့ဒန်ယူ၏ ရင်ထဲတွင်ထိုစကားများအား ကြားယောင်မိတိုင်း တဆစ်ဆစ်ဖြင့်နာကျင်လျက်ရှိသည်။ ထိုအချိန်တွင်ကြာပန်းပွင့်ချပ်များသည်လည်း သူ့ထံသို့ လျင်မြန်စွာဖြင့်ဝင်ရောက်လာလေသည်။
“ဘုန်း ဘုန်း ဘုန်း . . .”
“ချွမ်း . . .”
ရှဲ့ဒန်ယူ၏ ဓားသည်တစစီ ဖြစ်သွားခဲ့ချေပြီ။
ကြာပန်း ပွင့်ချပ်များမှာမူ ဆက်လက်၍ အရှိန်အဟုန်အပြည့်ဖြင့်လာနေဆဲပင် ဖြစ်သည်။
“ဘုန်း ဘုန်း ဘုန်း . . .”
ရှဲ့ဒန်ယူ၏ ကိုယ်ပေါ်သို့ရွှမ်ပိုင်၏ လက်ဝါးချက်များသည်အဆက်မပြတ် ကျရောက်သွားလေသည်။ ရှဲ့ဒန်ယူ၏ ပါးစပ်မှသွေးများပင်အန်ထွက်သွားကာ ငယ်သံပါအောင်ပင်အော်ဟစ်လိုက်သည်။ ထိုသွေးများသည် လေထဲသို့ ရောက်သောအခါ အငွေ့အဖြစ် လွင့်ပျံသွားသည်။ ထို့ပြင် အရိုးများသည်လည်း ကျိုးကြေ ကုန်ကြသည်။
ထိုအချိန်တွင်ရွှမ်ပိုင်၏ ပုံရိပ် ကိုးခုသည် တစ်စုတည်းစည်းတည်းအဖြစ် ပေါင်းစည်းသွားကြသည်။
ရှဲ့ဒန်ယူ၏ တိုက်ခိုက်မှုများသည်လည်း ရွှမ်ပိုင်အား ကောင်းစွာ ထိမှန်ပေသည်။
ရွှမ်ပိုင်၏ ပါးစပ်မှ သွေးများ အန်ထွက်လာပြီး အရိုးများလည်း ကျိုးကြေကုန်သည်။
သို့သော် ရွှမ်ပိုင်သည် အေးစက်စက် မျက်နှာထားဖြင့်ပင် ရှဲ့ဒန်ယူအား စိုက်ကြည့်နေတုန်းပင် ဖြစ်သည်။
ရှဲ့ဒန်ယူသည်ပို၍ အထိနာနေသော်လည်း သူမ၏ မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်မှု တစ်စုံတစ်ရာ မရှိချေ။ ရွှမ်ပိုင်အား မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့်သာ စိုက်ကြည့်လျက်ရှိသည်။
နှစ်ယောက်ထဲတွင်တစ်ယောက်မဟုတ်တစ်ယောက် သေမှသာ တိုက်ပွဲပြီးဆုံးမည် ဖြစ်သည်။
နှစ်ဦးစလုံးသည်လည်း ခြေကုန်လက်ပမ်း ကျနေကြပြီ ဖြစ်သည်။ အချိန်မရွေး လဲကျသေဆုံး သွားနိုင်ပြီး သေမင်းနှုတ်ခမ်းဝသို့ပင်ရောက်ရှိနေကြချေပြီ။
သို့သော် ထိုကဲ့သို့ အခြေအနေ ရောက်နေသည့်တိုင် နှစ်ဘက်စလုံး အရှုံးမပေးချင်ကြသေးပေ။ သူမတို့၏ ရင်ထဲတွင်အမုန်းမီးတောက်များသည်ပို၍ပင် တောက်လောင်နေကြသည်။
တစ်ယောက်နှင့်တစ်ယောက် အချိန်အတန်ကြာ စိုက်ကြည့်နေကြရင်း ရှဲ့ဒန်ယူသည် သူ၏ လည်ချောင်းထဲမှ အန်ထွက်လာတော့မည့် သွေးများအား အံကြိတ်၍ ပြန်မျိုချလိုက်သည်။ သို့သော် အကုန်အစင် မျိုချရန် မတတ်နိုင်ခဲ့သည့်အတွက်ပါးစပ်မှ သွေးအနည်းငယ်အန်ထွက်ကျလာခဲ့သည်။ ထိုသွေးများကြောင့်သူဝတ်ဆင်ထားသော ဝတ်ရုံဖြူပင်စွန်းထင်းသွားသည်။
ရှဲ့ဒန်ယူသည်ရွှမ်ပိုင်အား စူးစိုက်ကြည့်လိုက်ရင်း –
“ရွှမ်ပိုင် . . . နင်ဘာလို့ လင်းရှောင်ရေခဲတိုက်ကွက်ကို မသုံးတာလဲ . . .”
ရွှမ်ပိုင်သည်ရှဲ့ဒန်ယူ၏မေးခွန်းအား ပြန်မဖြေဘဲအေးစက်စက်မျက်နှာထားဖြင့်သာ ရှိနေလေသည်။ သို့သော်စိတ်ထဲတွင်မူ တစ်ကိုယ်တည်းပြောနေမိသည်။
[ငါသာ သုံးလိုက်ရင် နင်သေတာကြာပြီ။ ငါလည်း ဒဏ်ရာအကြီးအကျယ် ရသွားမှာပဲ။ အဲ့ဒီလျှို့ဝှက်ချက်ကို ငါကနင့်ကို ထုတ်ဖော်ပြောပြနေရမှာလား . . .]
ရှဲ့ဒန်ယူသည်ရွှမ်ပိုင်အား နာကျည်းမုန်းတီးသော အကြည့်များဖြင့်ကြည့်လျက်-
“ငါ ရင်ထဲမှာ စွဲနေအောင် မှတ်ထားမယ်။ ဒီအမုန်းတရားတွေ ဘယ်တော့မှ မပျောက်ကွယ် စေရဘူး”
“ငါတို့ အသက်ရှင်နေဦးမယ် ဆိုရင်တောင် ငါတို့တွေ တစ်ယောက်မဟုတ် တစ်ယောက်ရဲ့ လက်ထဲမှာ သေရမှာပဲ . . .”
ထို့နောက် သူမ၏ လက်ကျန်အင်အားဖြင့် အဝေးသို့ ခပ်ဖြည်းဖြည်း ထွက်ခွာ သွားလေသည်။
သူတို့ နှစ်ဦးစလုံးတွင် ဆက်လက်တိုက်ခိုက်စရာ အင်အားဟူ၍ မကျန်တော့ချေ။ခေါင်းမာ၍ နှစ်ယောက်လုံးဆက်လက်တိုက်ခိုက်နေမည်ဆိုပါက အားအင်ကုန်ခမ်းကာ သေသွားနိုင်ပေသည်။ ထို့ကြောင့် ရှဲ့ဒန်ယူ ထွက်ခွာသွားခြင်း ဖြစ်သည်။
ထိုကဲ့သို့ ထွက်ခွာသွားရသော်လည်း သူ၏ ရင်ထဲတွင်မူ အမုန်းမီးတောက်များ တဟုန်းဟုန်း တောက်လောင်လျက် ရှိသည်။
[နင်နဲ့ငါ အသက်ရှင်နေသေးသ၍ နင့်အသက်ကို ငါ့လက်နဲ့ သတ်နိုင်မယ့်ေန့ ရောက်လာမှာပါ။ ငါသေတဲ့အထိ နင့်ကို ရင်ထဲအသည်းထဲက မုန်းနေမိမှာ . . .]
ခပ်လှမ်းလှမ်းသို့ရောက်သောအခါ ရှဲ့ဒန်ယူသည်ရွှမ်ပိုင်အားနောက်ပြန်လှည့်ကြည့်လိုက်သည်။ ထိုအခါ ရွှမ်ပိုင် လိုက်လာခြင်း မရှိသည်ကို တွေ့လိုက်ရသည်။ အရိပ်အယောင်ပင်မမြင်ရတော့ချေ။
ထိုအခါမှသာ ရှဲ့ဒန်ယူလည်း စိတ်ချလက်ချဖြင့်ခပ်မြန်မြန်ပင် သွားလိုက်သည်။
[ရွှမ်ပိုင် . . . နင့်ကိုငါ တစ်သက်မမေ့ဘူး . . .]
သို့သော် ရှဲ့ဒန်ယူ မသိလိုက်သည့် အချက်တစ်ချက် ရှိနေလေသည်။
ရှဲ့ဒန်ယူ ထွက်သွားသည့် အချိန်မှာပင် ရွှမ်ပိုင်သည် မတ်တပ်ရပ်နေရာမှာ အောက်သို့ ပြုတ်ကျ သွားခဲ့ခြင်းဖြစ်သည်။
ကောင်းကင်အပြစ်ဒဏ်ကို ခံစားခဲ့ရသဖြင့် ရွှမ်ပိုင်သည် လင်းရှောင်ရေခဲကျင့်စဉ်အား ထုတ်သုံးနိုင်စွမ်း မရှိခဲ့ချေ။ ထို့ကြောင့်ပင် ကြာပန်းကိုးခိုင် တိုက်ကွက်အား အားကုန်သုံး၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တကယ်တမ်းတွင်မူ ရွှမ်ပိုင်သည် ရှဲ့ဒန်ယူထက်ပင် ပို၍ ဒဏ်ရာရပြီး အခြေအနေ ဆိုးရွားသွားခဲ့ခြင်း ဖြစ်ပါတော့သည်။