Chapter – 230
“ကြာပန်းကိုးခိုင်”
ရှဲ့ဒန်ယူသည်ရွှမ်ပိုင် ရှက်ရွံ့နေသည်ကို ဂရုမစိုက်ဘဲ –
“ဒါပေမယ့်ငါနားမလည်တာ တစ်ခု ရှိသေးတယ်။ နင်ဘာလို့ အဲ့ဒီကောင်လေး မသိအောင်ခိုးကြောင်ခိုးဝှက် လုပ်နေရတာလဲ။ အမှန်ဆို မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်း ရှိသင့်တယ် မဟုတ်လား။ နင့်လိုလူမျိုးကို ဒီဆယ်ကျော်သက် ကောင်လေးက ဘယ်လိုမှ ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူး။ ဒါတောင် အခုလို ခိုးကြောင်ခိုးဝှက် လုပ်နေရတာ ဘာကြောင့်လဲ။ ငါဖြင့်နားကို မလည်တော့ဘူး . . .”
ရှဲ့ဒန်ယူ၏ မျက်ဝန်းများထဲတွင် ရွှမ်ပိုင်အား အထင်သေးနေသည့်အရိပ်အယောင်များဖြင့် ပြည့်နှက်လျက်ရှိသည်။
“ရွှမ်ပိုင် . . . နင့်ရဲ့ လိင်စိတ်အာသီသပြေအောင် ဒီလို ခိုးကြောင်ခိုးဝှက်တော့ မလုပ်သင့်ပါဘူးဟာ”
ရွှမ်ပိုင် ရှင်းပြချင်စိတ် မရှိတော့ချေ။ ရှင်းပြရုံဖြင့် မရနိုင်မှန်းလည်း သိသွားသည်။
အဘယ့်အတွက်ကြောင့်ထိုကဲ့သို့ ပြုမူခဲ့သည်ကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရှင်းပြနိုင်မည် မဟုတ်ပေ။
ယခုအချိန်တွင်ရွှမ်ပိုင်အဖို့ လုပ်စရာ တစ်ခုသာ ရှိပေသည်။ ထိုအရာသည်ရှဲ့ဒန်ယူအား အပြတ်ရှင်းပစ်ရန်ပင်ဖြစ်သည်။
ရွှမ်ပိုင်သည်သူမ၏ နှုတ်ခမ်းအား တင်းတင်းစေ့၍ တိုက်ခိုက်မှုများအား ပို၍ အားစိုက်လိုက်သည်။
“ရွှမ်ပိုင် . . . နင်က တော်တော်ကြီးကို ကြမ်းတမ်းနေပါရောလား။ ဘာလဲ နင်က မြန်မြန်ပွဲသိမ်းပြီး ကောင်လေးနဲ့ မြန်မြန်ပျော်ချင်နေပြီပေါ့။ ဘာလဲ . . . နင့်စိတ်ထဲ မအောင့်နိုင်တော့ဘူးလား။ အဲ့ဒါဆိုလည်း ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောရောပေါ့။ နင်ကိစ္စပြီးတဲ့ အချိန်ထိ ငါစောင့်နေပေးပါ့မယ်။ အင်း . . .ခြောက်နာရီလောက် စောင့်ပေးမယ်ဆို လုံလောက်မလား . . .”
ရှဲ့ဒန်ယူ ခနဲ့တဲ့တဲ့ဖြင့်ပြောလိုက်သည်။
“နင့်ကိစ္စပြီးလို့ နင့်အတွက် လုံလောက်သွားပြီဆိုရင် ငါတို့ဆက်တိုက်ကြတာပေါ့။ ငါက နင့်ဆန္ဒကို လိုက်လျောပေးရုံပါ။ အဲဒီလောက်ထိ လူမှုရေး ခေါင်းပါးတဲ့လူ မဟုတ်ပါဘူး . . .”
ရှဲ့ဒန်ယူသည်ရွှမ်ပိုင်ဒေါသထွက်စေရန်ထိုစကားများအားရွဲ့စောင်း၍ပြောဆိုနေမိသော်လည်း တကယ်တမ်းတွင်မူ သူမကိုယ်တိုင်သည်လည်း ရှက်ရွံ့နေမိသည်။
ရှဲ့ဒန်ယူ၏ ထိကပါးရိကပါး စကားများကြောင့်ရွှမ်ပိုင်သည်ဒေါသတကြီးဖြင့်ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဒေါသထွက်လွန်းသဖြင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ဆတ်ဆတ်တုန်နေလေသည်။
ရွှမ်ပိုင်၏ မျက်နှာသည်ခက်ထန်မာကြောလျက်ရှိသည်။ ရှဲ့ဒန်ယူအား အမှုန့်ချေပစ်ချင်နေသည့်အကြည့်များဖြင့်ကြည့်လိုက်ရင်း သူ၏ ဓားအားဝေ့ယမ်းလိုက်သည်။ ထိုအခါ ဓားသည်ငွေရောင်အစင်းရှိသော နဂါးတစ်ကောင်အသွင်ပြောင်းသွားကာ ရှဲ့ဒန်ယူထံသို့ တဟုန်ထိုး တိုးဝင်သွားလေသည်။
ရွှမ်ပိုင်သည် ထိုတိုက်ကွက်အား မရပ်မနားပင်ပြုလုပ်လိုက်သည်။ ဓားအား တစ်ချက်ပြီးတစ်ချက် ဝေ့ယမ်းလိုက်တိုင်း နဂါးတစ်ကောင်ပြီးတစ်ကောင် ထွက်လာကာ ရှဲ့ဒန်ယူအား တိုက်ခိုက်နေလေသည်။
ရှက်ရွံ့စိတ်၊ ဒေါသစိတ်များနှင့်အတူ သူမ၏ စွမ်းအင်များ အကုန်အစင်ထုတ်သုံး၍ တိုက်ခိုက်နေခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကြမ်းတမ်းစွာ တိုက်ခိုက်နေသဖြင့် ရှဲ့ဒန်ယူပင် ဇောချွေးပြန်နေမိသည်။ ရွှမ်ပိုင်၏ တိုက်ခိုက်မှုများအား အသည်းအသန် ခုခံနေရသည့်အတွက်ရှဲ့ဒန်ယူဘက်မှ ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မရခဲ့ချေ။ ရှဲ့ဒန်ယူအနေဖြင့်သူ့ထက် အစွမ်းသာလွန်သည့် ပြိုင်ဘက်နှင့် ရင်ဆိုင်နေရသဖြင့်ရှေ့တိုးနိုင်ခြင်းမရှိဘဲ နောက်သို့သာ တဖြည်းဖြည်း ဆုတ်ခွာနေရသည်။
နောက်ဆုံးတွင်မူ ခုခံရန်ပင် မတတ်နိုင်အောင်ဖြစ်လာခဲ့သည်။ တိုက်ခိုက်မှုတွင်အရေးနိမ့်နေသည့်အတွက်ရှဲ့ဒန်ယူသည်စကားအရာတွင်အနိုင်ရစေရန်ကြိုးပမ်းလိုက်သည်။
“ဘာလဲ . . . ငါပြောတာ နင်အရှိုက်ထိသွားတာလား။ အဲဒါနဲ့ပဲ ဒေါသတကြီး တိုက်နေတယ်ပေါ့။ နင်က ဟိုကောင်လေးနဲ့ မပျော်ပါးခင် ငါ့ကို အရင်ရှင်းပစ်ချင်နေတယ်ပေါ့လေ ဟားဟားဟား . . .”
ရွှမ်ပိုင်ဘက်မှ ခွန်းတုံ့ပြန်၍ မပြောတော့ချေ။ မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ရှဲ့ဒန်ယူအား ကြည့်လိုက်ရင်း ဒေါသတကြီးဖြင့်ပင်တိုက်ခိုက်လျက်ရှိသည်။
ရွှမ်ပိုင်၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများသည် အတိုင်းအဆမရှိ ဖြစ်ပေါ်နေပေသည်။ ထို့ပြင်သူ၏ ဓားချက်များသည်လည်း နဂါးများကဲ့သို့ အဆက်မပြတ်တိုးဝင်သွားနေခဲ့သည်။
ရွှမ်ပိုင်သည်သည် တဟုန်ထိုး တိုက်ခိုက်နေရာမှ ရုတ်တရက်ဆိုသလိုပင်သူ၏ နှုတ်မှ ကျယ်လောင်သော အသံဖြင့်-
“ကြာပန်းကိုးခိုင် . . .”
အသံသည် ကျယ်လောင်၍ စူးရှလှပြီး သူမ၏ မျက်ဝန်းများသည်လည်း အရောင်များ တဖျတ်ဖျတ်တောက်ပနေကြသည်။
ရှဲ့ဒန်ယူ အကြီးအကျယ်ပင်ထိတ်လန့်သွားခဲ့သည်။ သူ့ထံသို့ နဂါးသဖွယ်တိုးဝင်လာသည့် ဓားချက်များအား ခုခံနေရင်း နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။
ကြာပန်းကိုးခိုင် ဟူသည်မှာ ချင်းယန်နယ်ပယ်၏ အစွမ်းထက်ဆုံး တိုက်ကွက်များထဲမှ တစ်ခုပင် ဖြစ်သည်။
ရွှမ်ပိုင် ထိုတိုက်ကွက်ကို သုံးလိုက်သည်နှင့် တစ်ယောက်မဟုတ် တစ်ယောက် သေကိုသေရသည်ချည်းသာ ဖြစ်သည်။
ရှဲ့ဒန်ယူပင် ထိုတိုက်ကွက်အား ခုခံနိုင်ခြင်း ရှိမရှိ မသေချာမရေရာပေ။
ရှဲ့ဒန်ယူသည် ရွှမ်ပိုင်အား စကားလုံးများဖြင့်ထပ်တလဲလဲ စော်ကားခဲ့သည်။ ထို့ကြောင့် သည်း မခံနိုင်တော့သည့်အဆုံးတွင်ရွှမ်ပိုင်ဘက်မှ ပွဲသိမ်းရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။ ထိုကြာပန်းကိုးခိုင်တိုက်ကွက်အား အသုံးပြုလျှင်သူမကိုယ်တိုင်နာကျင်ရမယ်မှန်း သိလျက်နှင့်ပင် သုံးလိုက်ခြင်း ဖြစ်သည်။
ရှဲ့ဒန်ယူတစ်ယောက်ထိုတိုက်ကွက်မှ လွတ်မြောက်ရန်ကြိုးစားသည့်တိုင် နောက်ကျသွားချေပြီ။
အဘယ်ကြောင့်ဆိုသော် နဂါး ၁၀ ကောင်ကျော်ခန့်သည်သက်ရှိနဂါးများအလား သူ့အား ရစ်ပတ်လျက်ရှိနေသောကြောင့်ပင်ဖြစ်သည်။ ထိုနဂါးများသည်ရှဲ့ဒန်ယူ ထွက်ပြေး၍ မရစေရန်ပိတ်ဆို့ထားကြသည်။
အဆင့်မြင့် ပညာရှင်တစ်ဦးပီပီ ရှဲ့ဒန်ယူအနေဖြင့်အဆိုပါ နဂါးတစ်ကောင်ချင်းစီအား ကောင်းစွာ ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေသည်။ သို့သော် ထိုကဲ့သို့ ဖျက်ဆီးပစ်လိုက်လျှင်တန်ပြန်သက်ရောက်မှုကိုမူ ခံစားရနိုင်ပေသည်။ တန်ပြန်သက်ရောက်မှုဆိုသည်မှာ နဂါးများအား ဖျက်ဆီးမိသည်နှင့် အချိန်တစ်စက္ကန့်ခန့်ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားရမည် ဖြစ်သည်။ ထိုတစ်စက္ကန့်ဟူသော အချိန်အတွင်း ရွှမ်ပိုင်သည်သူ့အားအေးအေးလူလူဖြင့်ပင်သတ်သွားနိုင်ပေသည်။
ထိပ်တန်းအဆင့် ပညာရှင်ကြီး ၂ ဦး၏ တိုက်ပွဲအဆုံးသတ်သည်နီးသထက် နီးလာခဲ့ချေပြီ။
ရှဲ့ဒန်ယူ လုပ်ရမည့်တစ်ခုတည်းသော အချက်သည်နဂါးအကုန်လုံးအား တစ်ချက်တည်းဖြင့် အပြတ်ရှင်းရန်ပင် ဖြစ်သည်။ ထိုအခါမှသာ သူ့အနေဖြင့်လွတ်မြောက်နိုင်ပေလိမ့်မည်။
သို့သော် ထိုကဲ့သို့ တပြိုင်နက်တည်း ရှင်းပစ်ရန်မှာ မလွယ်ကူသည့်အရာတစ်ခုပင်ဖြစ်သည်။ ရှဲ့ဒန်ယူဘက်မှ အားအကုန်သုံးမှသာ ရနိုင်ပေလိမ့်မည်။
နဂါးများအား အကုန်လုံး တစ်ပြိုင်တည်း ရှင်းပစ်လိုက်လျှင်လည်း အားအကုန်သုံးမှသာ ဖြစ်နိုင်သည့်အတွက်အသက်ဆုံးရှုံးနိုင်ကောင်း ဆုံးရှုံးနိုင်ပေလိမ့်မည်။ သို့မဟုတ်ပါကလည်း ခုခံနေရင်းဖြင့်အချိန်ကြာလာသည်နှင့်အမျှသေဆုံးသွားနိုင်ပေသည်။ ထို့ကြောင့် ရှဲ့ဒန်ယူအနေဖြင့်ရှေ့မတိုးသာ နောက်မဆုတ်သာပင်ဖြစ်လျက်ရှိသည်။
ရွှမ်ပိုင်သည် ကောင်းကင်ထက်တွင် တင်ပျဉ်ခွေ အနေအထားဖြင့် ရှိနေပြီး လက်နှစ်ဖက်အား ကြာပန်းပုံစံမျိုး ပြုလုပ်လိုက်သည်။ ထို့နောက် ကြီးမားလှသော ကြာပန်းကြီးကိုးပွင့်သည်သူ၏ လက်ထဲမှ ထွက်ပေါ်လာပြီး အရှိန်အဟုန်အပြည့်ဖြင့်လေထဲသို့ ပျံသန်းသွားသည်။
“ရွှစ် ရွှစ် ရွှစ် . . .”
လေထဲတွင်လည်း ကြာပန်းရနံ့များဖြင့် ထုံသင်းလျက်ရှိသည်။
ထိုကြာပန်းတစ်ပွင့်ချင်းစီ၏ အပေါ်တွင် အနက်ရောင်ဝတ် မိန်းမပျိုတစ်ဦး ထိုင်နေလေသည်။
ထိုမိန်းမပျိုများ အားလုံးသည် မျက်လွှာအသီးသီး ချထားကြပြီး တည်ငြိမ်သည့် ဟန်ပန်အပြည့်ဖြင့်ရှိနေကြသည်။ အပြစ်အနာအဆာမရှိအောင်လည်း ချောမောလှပကြသည်။
အဆိုပါ ကြာပန်းများသည် စက်ဝိုင်းပုံစံ ဝိုင်းပတ်၍ တဖြည်းဖြည်း လည်လာခဲ့သည်။ ဖြည်းဖြည်း လည်နေရာမှ အရှိန်ရလာသောအခါ ကြည့်ရသူအပေါင်းအဖို့ ကမ္ဘာကြီးတစ်ခုလုံး လည်နေသကဲ့သို့ပင်ထင်နိုင်ပေသည်။ လည်နေသည့်အချိန်တွင်မော်တယ်ကမ္ဘာကြီးတစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်သွားပြီး ကြာပန်းများ လေထဲတွင် လည်ပတ်နေသည့် အသံကိုသာ ကြားရတော့သည်။
ရှဲ့ဒန်ယူအနေဖြင့်ထိုကြာပန်းများအား မည်သို့မျှ ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ချေ။
ရွှမ်ပိုင် ကြာပန်းကိုးခိုင် တိုက်ကွက် ပြုလုပ်နေသည့်အချိန်တွင်ရှဲ့ဒန်ယူသည်လည်း သူမ၏ စွမ်းအား အကုန်အစင် အသုံးပြုကာ နဂါးများအား ဖျက်ဆီးပစ်လိုက်သည်။ ရွှမ်ပိုင်၏ စွမ်းအင်များစွာ ပါဝင်သော နဂါးကြီးကိုပင် ဖျက်ဆီးလိုက်နိုင်ခြင်း ဖြစ်သည်။သို့သော် သူ၏ အခြေအနေ မကောင်းတော့မှန်း သိလိုက်သည်။ ရွှမ်ပိုင်၏ တိ်ုက်ခိုက်မှုအား မည်သို့မျှ ရှောင်လွှဲနိုင်တော့မည် မဟုတ်ချေ။
ရှဲ့ဒန်ယူအနေဖြင့်စွမ်းအားအကုန်သုံးလိုက်ရခြင်းကြောင့်လှုပ်ရှားရန်ပင် ခက်ခဲနေသကဲ့သို့ ခံစားနေရသည်။
အချိန်ကြာလာသည်နှင့်အမျှ ကြာပန်းများသည် ပို၍ လျင်မြန်စွာ လည်ပတ်လာကြသည်။ ကြာပန်းပွင့်ဖတ်များသည်လည်း အစွမ်းကုန်ပွင့်အာ၍ လာကြသည်။
လေထုထဲတွင် သိပ်သည်းလှသော ကြာပန်းရနံ့များဖြင့်မွှေးပျံ့လျက်ရှိသည်။
ကြာပန်းများအားကြည့်ရင်း ရှဲ့ဒန်ယူတစ်ယောက်ကျယ်လောင်စွာအော်ဟစ်လိုက်ကာ သူ၏ စွမ်း အင်များအား ပေါက်ကွဲထွက် စေလိုက်သည်။ ထိုအခါသူမ၏ ခန္ဓာကိုယ်သည် ကြာပန်းများ လည်ပတ်နေသည့်ဘက်နှင့် ဆန့်ကျင်ဘက် အရပ်သို့ လည်ပတ်သွားသည်။အလွန်လျင်မြန်သည့်နှုန်းဖြင့် လည်ပတ်သွားခြင်းပင် ဖြစ်ပါတော့သည်။