Chapter – 228
“မိုးရွာတုန်းရေခံ”
ရဲရှောင်သည် လက်ရှိအချိန်တွင် အဆင့်နိမ့်သေးသော်လည်း ယခင်ဘဝ၌ ပညာရှင်ကြီးတစ်ဦး ဖြစ်ခဲ့သောကြောင့်ရာသီဥတုပြောင်းလဲနေမှုအား သတိပြုမိနေခြင်း ဖြစ်သည်။
ကောင်းကင်ထက်တွင် တိုက်ခိုက်နေသည့် လူနှစ်ယောက်သည် အလွန်အစွမ်းထက်သော ပညာရှင်များပင် ဖြစ်လိမ့်မည်ဟု ရဲရှောင်ခန့်မှန်းလိုက်သည်။
မူလတာအိုအဆင့်၏ အမြင့်ဆုံးအဆင့်များပင် ဖြစ်နိုင်သည်။
ချင်းယန်နယ်ပယ်ထက် ပို၍ အဆင့်မြင့်သည့် နယ်ပယ်သို့ တက်လှမ်းနိုင်တော့မည့် ပညာရှင်များဟု ဆိုရလျှင်လည်း မမှားချေ။
ပညာရှင်နှစ်ဦးကြောင့်ရဲရှောင် အလွန်အမင်း အံ့သြနေမိသည်။ရှောင်ဧကရာဇ်ဘဝတွင်ချင်းယန်နယ်ပယ်၏ ထိပ်တန်းအဆင့် ပညာရှင်တစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း သူ့ထက် များစွာ အစွမ်းထက်သော ပညာရှင်များလည်း သေချာပေါက် ရှိနေပေလိမ့်မည်။ ထိုပညာရှင်များသည် ထင်ထင်ပေါ်ပေါ်မနေဘဲ ပုန်းလျှိုးကွယ်လျှိုး နေကြသည်သာ များသည်။ အကြောင်းအရာ မည်မည်ရရ မရှိဘဲ ယခုကဲ့သို့ တိုက်ခိုက်ကြလိမ့်မည် မဟုတ်ချေ။
ထို့ပြင် ပညာရှင်ကြီးနှစ်ဦး လာရောက်တိုက်ခိုက်နေသောနေရာသည်မော်တယ်ကမ္ဘာတွင်ဖြစ်ပြီး သူတို့နှစ်ဦး၏ တိုက်ပွဲကြောင့်ရာသီဥတုပင်ပြောင်းလဲသွားရသည်။
အဘယ့်အတွက်ကြောင့်မော်တယ်ကမ္ဘာတွင် လာရောက်တိုက်ခိုက်နေကြသည်ကို ရဲရှောင် စဉ်းစား၍ မရအောင်ပင်ဖြစ်နေမိသည်။
မော်တယ်ကမ္ဘာသည် ချင်းယန်နယ်ပယ်ထက် များစွာ အဆင့်နိမ့်သော နယ်ပယ်တစ်ခုပင် ဖြစ်သည်။ ပညာရှင်ကြီးနှစ်ဦးအနေဖြင့်အပြန်အလှန်တိုက်ခိုက်ရင်းဖြင့်မော်တယ်ကမ္ဘာတစ်ခုလုံးအား ဖျက်ဆီးမိသွားမည်ကို စိုးရိမ်သင့်ပေသည်။
ရဲရှောင်အဖို့တွေးလေတွေးလေ နားမလည်နိုင်အောင်ပင်ဖြစ်နေသည်။
သည်းထန်စွာ ရွာသွန်းနေသော မိုးစက်များအကြားလျှပ်စီးများသည်လည်း အချိန်တိုင်း လင်းလက်နေကြသည်။
ရဲရှောင်သည်ပညာရှင်ကြီးနှစ်ဦး၏ တိုက်ပွဲနှင့်ပက်သက်၍ ပဟေဠိဖြစ်နေမိသော်လည်း အနီးကပ်သွား၍ မကြည့်ဝံ့ချေ။
ယခင်ရှောင်ဧကရာဇ်ဘဝတွင်ဆိုပါက ထိုနေရာသို့ ရောက်နေမည်မှာ သေချာပေါက်ပင်ဖြစ်သည်။
ရှောင်ဧကရာဇ်သည် ပညာရှင်နှစ်ဦးထက် အဆင့်နိမ့်သည့်တိုင် မိမိကိုယ်ကို လုံခြုံစွာ ပုန်းအောင်း၍ တိုက်ခိုက်နေသည့် တိုက်ပွဲကိုမူ ကောင်းစွာ ကြည့်ရှုနိုင်ပေလိမ့်မည်။ ယခုကဲ့သို့ အဆင့်မြင့်ပညာရှင်များ တိုက်ခိုက်နေကြသည့်မြင်ကွင်းသည်အလွန်မြင်ခဲလှပြီး နှစ်ထောင်ချီအတွင်း တစ်ကြိမ်တွေ့ရန်ပင် မလွယ်ကူလှချေ။ ထိုကဲ့သို့သော တိုက်ပွဲများအား ကြည့်ခြင်းအားဖြင့် အတွေ့အကြုံပညာအသစ်များစွာ ရရှိနိုင်မည့်အတွက်ရဲရှောင်အနေဖြင့်လက်လွတ်မခံနိုင်အောင်ဖြစ်နေမိသည်။
သို့သော် ယခုအခါတွင်မူ ရဲရှောင်အဖို့ အလွန် အားနည်းနေသေးသည့်အတွက်ထိုပညာရှင်များ ရှိရာသို့ သွားနိုင်သည့်တိုင် အနားကပ်နိုင်မည် မဟုတ်ချေ။ တိုက်ပွဲမှ စွမ်းအင်အစအန အနည်းငယ်ထိမှန်ရုံဖြင့်ပင်ရဲရှောင်အသက်ပျောက်သွားနိုင်လေသည်။
တိုက်ပွဲဖြစ်နေရာသို့ အနီးကပ်သွား၍ မကြည့်နိုင်သော်လည်း ရဲရှောင်အနေဖြင့်စိတ်မပျက်မိချေ။ အဘယ့်ကြောင့်ဆိုသော်တိုက်ပွဲမှ ဖြစ်ပေါ်လာသော ရေငွေ့များသည် သူ့အဖို့ များစွာ အကျိုးရှိနေသောကြောင့်ဖြစ်သည်။ ရဲရှောင်သည် ရှေးဦးခရမ်းရောင် ချီဓာတ်များအား စီးဆင်းစေလျက် ရေငွေ့များအား စုပ်ယူနေမိသည်။
ကောင်းကင်ထက်တွင် တိုက်ခိုက်နေကြရာမှ ထွက်ပေါ်လာသော စွမ်းအင်ပါဝင်သည့် ရေငွေ့များသည် ရဲရှောင်အတွက် အလွန်အသုံးဝင်လှသည်။
ကျယ်ဝန်းလှသော သူ၏ ဟင်းလင်းပြင်ကြီးသည်ရေငွေ့များအား အလိုလို စုပ်ယူလျက်ရှိသည်။ ထိုကဲ့သို့ စုပ်ယူနေခြင်းသည် ကောင်းသောအချက် ဖြစ်သော်လည်း မှန်ကန်စွာ အသုံးချတတ်ရန်လည်း လိုအပ်သည်။ တိုက်ပွဲရှည်ကြာနေသည့်တိုင်ရေငွေ့များသည်လည်းသိပ်သည်းစွာ ဖြစ်တည်လျက် ရှိသည်။ ရဲရှောင်သည်ရှေးဦးခရမ်းရောင်ချီဓာတ်များကိုသာ တစိုက်မတ်မတ် စီးဆင်းစေလိုက်ပြီး ရေငွေ့များစွာအား စုပ်ယူလိုက်သောအခါ ရေဒြပ်စင်စွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုရေဒြပ်စင်စွမ်းအင်များသည်ရေဟင်းလင်းပြင် ရှိရာသို့ စီးဆင်း သွားကြသည်။
ရဲရှောင်သည် ရေငွေ့များအား အလျင်အမြန်ဖြင့်စုပ်ယူလိုက်သောကြောင့်တခဏအတွင်းမှာပင် ရေဟင်းလင်းပြင်အတွင်း ရေငွေ့များဖြင့် ပြည့်နှက် သွားပါတော့သည်။ မိနစ်အနည်းငယ် ကြာသောအခါ ရေဟင်းလင်းပြင်၏ နံရံများသည် စိုစွတ်လာပြီး တဖြည်းဖြည်းဖြင့် ရေငွေ့အဖြစ်မှ အပြာရောင် သလင်းကျောက်ကဲ့သို့ ကြည်လင်လှသော ရေစက်များအဖြစ် နံရံထက်မှ စီးကျလာလေသည်။ရေစက်များ၏ ပုံစံသည်နံရံတွင် တွဲလဲခိုနေသော အပြာရောင်ကျောက်ကလေးများနှင့်ပင် တူနေပါသေးသည်။
တစ်စက်၊ နှစ်စက်၊ သုံးစက် . . .
ယခင်က ရေဟင်းလင်းပြင်ကြီး အတွင်းတွင် ရေစက်ဟူ၍ တစ်ပေါက်သာ ရှိခဲ့သည်။ ထိုရေတစ်စက် ရရှိအောင်ပင် ရဲရှောင် အတော်ကြိုးစားခဲ့ရသည်။ သို့သော် ယခုအခါတွင်မူ နှစ်နာရီလောက်ဖြင့် ရေစက်ပေါင်းများစွာ ရရှိနေပြီ ဖြစ်သည်။ရေစက်များသည်လည်း အဆက်မပြတ် ဖြစ်ပေါ်နေလျက် ရှိသည်။
ရေငွေ့များ ပို၍ စုဆောင်းမိလာသည်နှင့်အမျှ ရှေးဦးခရမ်းရောင် ချီဓာတ်များသည်လည်း ပို၍ အားကောင်း လာပါတော့သည်။
[ရှေးဦးခရမ်းရောင် ချီဓာတ်ကို ပိုအားကောင်းစေလာတာရေငွေ့တွေကြောင့်လား ဒါမှ မဟုတ် ရေဒြပ်စင် စွမ်းအင်တွေကြောင့်များလား။ ဘယ်လိုပဲဖြစ်ဖြစ် ရေငွေ့တွေ တိုးလာတာနဲ့တော့ ဆက်စပ်နေမှာ သေချာတယ် . . .]
ရဲရှောင် စဉ်းစားရင်း ကျေနပ်နေမိသည်။ ထို့ကြောင့် ပို၍အားစိုက်လိုက်ပါတော့သည်။ ယခုကဲ့သို့ အခွင့်အရေးမျိုးမှာ ရခဲလှကြောင်း ရဲရှောင် ကောင်းစွာသိနေလေသည်။
အခွင့်အရေးအား ကောင်းစွာ အသုံးမချနိုင်ပါက အလဟဿ ဖြစ်သွားပေလိမ့်မည်။ လသာတုန်း ဗိုင်းငင်၊ မိုးရွာတုန်းရေခံသင့်ပေသည်။
လွန်ခဲ့သော နှစ်ထောင်ချီအတွင်း ယခုကဲ့သို့ အဆင့် ပညာရှင်ကြီးများ တိုက်ခိုက်ကြခြင်းသည်မရှိသလောက်ဟုပင်ဆိုရပေမည်။ ယခုအကြိမ်သည်ပထမဦးဆုံးအကြိမ်ပင်ဖြစ်နိုင်ပေသည်။ ထို့ကြောင့်ယခုတိုက်ပွဲအား လွဲချော်သွားမည် ဆိုပါက နောက်တစ်ကြိမ် ဖြစ်ပေါ်ရန် နှစ်ပေါင်းထောင်ချီပင်စောင့်ရပေလိမ့်မည်။
အကယ်၍ တိုက်ပွဲသာ ပြီးဆုံးသွားပါကရေငွေ့များအား ဆက်လက်၍မစုပ်ယူနိုင်တော့မည်မဟုတ်ဟု ရဲရှောင်တွေးနေမိသည်။
ထို့ကြောင့်ရဲရှောင်သည်တိုက်ပွဲမပြီးဆုံးခင်ရေငွေ့များအား စုပ်ယူရင်း ကျင့်စဉ်များကိုသာ ထပ်တလဲလဲ အားစိုက်၍ ကျင့်ကြံနေမိသည်။
ချန်ရှင်းမြို့၏ ကောင်းကင်ယံထက်တွင် ရေခိုးရေငွေ့များသည်သိပ်သည်းစွာ ဖြစ်ပေါ်နေပြီး မြို့တစ်မြို့လုံးကိုပင်ရေများ ဖုံးလွှမ်းလာခဲ့သည်။ မြို့၏ အနိမ့်ပိုင် နေရာများ၌ ရေကန်ငယ်များပင် ဖြစ်ပေါ်လျက်ရှိသည်။
မြို့လယ်တွင်မူ အနည်းငယ် သက်သာသည်ဟု ဆိုရပေမည်။ မြို့လယ်၌ မြောင်းများ စနစ်တကျ ဖောက်လုပ်ထားသဖြင့် ရေများသည် မြောင်းများမှတဆင့် စီးဆင်းသွားကြသည်။ရေများသည်ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင်အရှိန်အဟုန်ပြင်းစွာဖြင့်စီးဆင်းနေကြခြင်း ဖြစ်သည်။ ထို့ပြင်မြစ်ရေမျက်နှာပြင်သည်လည်း ယခင်ကထက်ပင်ပို၍ မြင့်တက်လာကြသည်။
မိုးသည်သည်းထန်စွာ ရွာသွန်းနေတုန်းပင် ဖြစ်ပြီးတစ်မြို့လုံးအားရေလွှမ်းသွားမတတ်ပင်ဖြစ်နေလေသည်။
ချန်ရှင်းမြို့သူမြို့သားများ၏ စိတ်ထဲတွင်ရေကြီးမှုအား မည်သို့မည်ပုံ ရင်ဆိုင်ရမည်ကိုတွေးတော၍ စိုးရိမ်ပူပန်နေကြသည်။
နေရာတိုင်းတွင် ရေများဖြင့် ပြည့်နေပါတော့သည်။
အရှေ့ပိုင်းနှင့် အနောက်ပိုင်းမှ တိုက်ပွဲများသည်လည်း မိုးရေကြီးမှုကြောင့် ခေတ္တခဏရပ်နား ထားရသည်။
မြောက်ပိုင်းရှိ စစ်သူကြီး ရဲနန်ရှန်သည်လည်း စိတ်ရှုပ်ထွေးလျက် မကျေမနပ်ပင်ဖြစ်နေမိသည်။
ရဲနန်ရှန်တို့သည် မြောက်ပိုင်း ဝံပုလွေတပ်ဖွဲ့များ ဝင်မလာစေရန်အတွက်ထောင်ချောက်များ ဆင်ထားခဲ့သည်။ သို့သော် မိုးရေကြီးမှုကြောင့် လုပ်ထားသမျှ အရာအားလုံးသည်သဲထဲရေသွန် ဖြစ်သွားခဲ့ရသည်။
ထို့အပြင် မိုးရွာသွန်းမှုကြောင့် တိုက်ပွဲများ ရပ်နားထားစဉ်အတွင်း ရန်သူဘက်မှ အနားရသွားပြီး အားအင် ပြန်လည် ပြည့်ဝလာမည်ကို ရဲနန်ရှန် စိုးရိမ်နေမိသည်။ ထိုအခါ ရန်သူများအားရင်ဆိုင်ရ ခက်သွားလိမ့်မည်ဟုတွေးနေမိပါတော့သည်။