Chapter – 227
“ထိပ်တိုက်ရင်ဆိုင်မှု”
မိုးစက်မိုးပေါက်များ သည်းထန်စွာ ရွာသွန်းနေသည့်အချိန်တွင်အလင်းတန်းတစ်ခုသည် မြူခိုးများအကြားမှ လျင်မြန်စွာဖြင့်ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။ လျင်မြန်လွန်းသဖြင့် မည်သူမျှ သတိမပြုမိလိုက်ချေ။
တစ်ချိန်တည်းမှာပင် ထိုအလင်းတန်း၏ အနောက်သို့ အနက်ရောင် အခိုးအငွေ့တစ်ခုသည် အရိပ်ပမာ ထပ်ကြပ်မခွာ၍ လိုက်ပါသွားခဲ့သည်။
အဆိုပါ အရာနှစ်ခု ဖြတ်သန်းသွားသည့်အချိန်တွင်လေထုပင်တုန်ခါသွားပြီး ကောင်းကင်ထက်၌လည်းလင်းခနဲပင်ဖြစ်သွားသည်။
ထိုကဲ့သို့သော အစွမ်းမျိုးအား မော်တယ်ကမ္ဘာတွင် မည်သူမျှ မြင်တွေ့ဖူးကြလိမ့်မည် မဟုတ်ချေ။
အလင်းတန်း နှင့်အနက်ရောင်အခိုးအငွေ့တို့သည်တိမ်စိုင်များအကြား တိုးဝင်သွားကြသည်။ ထိုအရာနှစ်ခုသည်မြေပြင်နှင့်မည်မျှအထိ ကွာဝေးသည်ကို မည်သူကမှ မှန်းဆနိုင်လိမ့်မည် မဟုတ်ချေ။
“ဘုန်း . . .”
ကောင်းကင်ထက်၌ပေါက်ကွဲသံတစ်ခု ထွက်ပေါ်သွားသည်။
အသံသည်မကျယ်လောင်လှသည့်တိုင်ကောင်းကင်တစ်ခွင်လုံးသာမက မော်တယ်ကမ္ဘာတစ်ခုလုံးပင်တုန်ခါသွားလေသည်။
ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကိုပင်သိမ့်သိမ့်တုန်သွားစေသည့်အတွက်မည်မျှထိ စွမ်းအားပြင်းထန်သည်ဆိုသည်ကို သိနိုင်ပေသည်။
ထို့နောက် မိုးကြိုးပစ်သံများသည်ကျယ်လောင်စွာဖြင့်အဆက်မပြတ် ထွက်ပေါ်လာပြန်သည်။ကောင်းကင်ပြင်ကြီးတစ်ခုလုံး ဝမ်းနည်းပက်လက်ဖြင့်ငိုကြွေးနေသည့်အလား မိုးများသည်လည်း သည်းထန်စွာ ရွာသွန်းနေကြသည်။မော်တယ်ကမ္ဘာတစ်ခုလုံးရေလွှမ်းသွားမတတ်ပင်ဖြစ်နေလေသည်။
ပေါက်ကွဲထွက်သွားသည့်အရှိန်ကြောင့်တောင်များပင် တုန်ခါသွားကြပြီး တောင်ပေါ်မှ ကျောက်တုံးကျောက်ခဲများ လွင့်စင်ထွက်သွားကြသည်။
မိုးကြိုးများသည်အဆက်မပြတ် ပစ်ချနေသောကြောင့်ကောင်းကင်ယံတစ်ခွင်လုံးသောသောညံလျက်ရှိ်သည်။
ကောင်းကင်ပြင်တွင်လည်း အရောင်အမျိုးမျိုးဖြင့် လင်းလက်လျက်ရှိသော လျှပ်စီးများ ဖြစ်ပေါ်နေလေသည်။ ထိုမြင်ကွင်းသည်အလွန်လှပသော ပန်းချီကားတစ်ချပ်နှင့်ပင်တူနေပါသေးသည်။
မိုးကြိုးပစ်သံများသည်တဖြည်းဖြည်း စိပ်လာခဲ့သည်။ နောက်ဆုံးတွင်မူ မိုးကြိုးများစွာ တစ်ပြိုင်နက်တည်း ပစ်ချလိုက်ပြန်သည်။ ထို့ပြင်လျှပ်စီးများသည်လည်း ကမ္ဘာမြေတစ်ခုလုံးအား ကွန်ယက်သဖွယ် ဖုံးအုပ်ထားသည်။
လူတိုင်းသည်ဆောက်တည်ရာမရအောင်ပင်တုန်လှုပ်နေကြသည်။
မိုးကြိုးများ အဆက်မပြတ် ပစ်ခတ်နေမှုကြောင့်မိုးကြိုးနတ်ဘုရားနှစ်ပါး စစ်ခင်းနေကြသလားဟုပင်တွေးတောနေမိကြသည်။
အကြောင်းအရင်းအမှန်အား မည်သူမျှ မသိကြချေ။ အမှန်တကယ်တွင်မိုးကြိုးနတ်ဘုရား နှစ်ပါး မဟုတ်ဘဲ မိန်းကလေးနှစ်ဦး တိုက်ခိုက်နေကြခြင်းပင် ဖြစ်သည်။ ထိုမိန်းကလေး နှစ်ဦးစလုံးသည် စွမ်းအားကြီးရုံသာမက အလွန်လှပသော ရုပ်ရည်မျိုးလည်း ရှိကြသည်။
သူတို့နှစ်ဦးသည်အစွမ်းကုန် တိုက်ခိုက်နေကြပြီး နှစ်ယောက်ထဲမှ တစ်ယောက်သေသွားမှသာ ရပ်တန့်သွားပေလိမ့်မည်။
လက်ဝါးချင်း ထိတွေ့ရာတွင်လည်းကောင်း၊ ဓားချင်းထိတွေ့ရာတွင်လည်းကောင်းကောင်းကင်ထက်၌ လျှပ်စီးများလက်သွားသကဲ့သို့ပင်ဖြစ်သွားကြသည်။ ယခုအချိန်ထိ သူမတို့သည် အကြိမ်ပေါင်း ၃၀၀၀ ကျော်ခန့်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
နှစ်ဦးစလုံးသည်မည်သည့်ဘက်ကမျှ အရှုံးပေးမည့်ပုံ မပေါ်ချေ။
မိုးများသည်လည်း သည်းထန်စွာ ရွာသွန်းနေတုန်းပင်ဖြစ်သည်။
ကောင်းကင်ထက်ရှိ တိမ်စိုင်များနှင့် မြူခိုးများသည်လည်း ပြန့်ကျဲသွားခြင်း မရှိသေးပေ။
ထို့အတူ မိုးကြိုးများသည်လည်း အဆက်မပြတ်ပင်ပစ်နေတုန်းပင်ဖြစ်သည်။
ကျောက်တုံးများနှင့် မြေပြင်တစ်ခုလုံး ကွဲကြေသွားမှသာ မိုးကြိုးပစ်ခြင်း ရပ်တန့်မည်လောဟု လူတိုင်း တွေးနေမိကြသည်။ ထို့အတူ မော်တယ်ကမ္ဘာကြီးတစ်ခုလုံး ရေများဖြင့် ဖုံးလွှမ်းသွားသည့်အခါမှသာ မိုးအရွာ ရပ်နိုင်မည်လောဟု ထင်နေကြသည်။
တစ်ညတာ ကုန်ဆုံးသွားခဲ့ပြီး နောက်တစ်နေ့ မွန်းတည့်ချိန်သို့ပင်ရောက်ရှိလာလေသည်။ ထိုအချိန်တိုင်အောင် အခြေအနေသည် ပြောင်းလဲလာခြင်း မရှိသေးပေ။
မိန်းမပျိုနှစ်ဦး တိုက်ခိုက်နေကြစဉ် ဖြစ်ပေါ်လာသည့် ရေခိုးရေငွေ့များသည် ရဲရှောင်၏ ဟင်းလင်းပြင်များ အတွင်း ဝင်ရောက်သွားကြသည်။
ထိုအချိန်ထိ ရဲရှောင်သည် သတိလစ်နေတုန်းပင် ဖြစ်သည်။
အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများအား ရဲရှောင်မသိသေးချေ။
ရဲရှောင်၏ ကိုယ်တွင်းရှိ ရှေးဦးခရမ်းရောင် ချီဓာတ်များသည်အလိုလို စီးဆင်းလာကြပြီး သွေးကြောများ ပိတ်ဆို့နေသည်ကို တဖြည်းဖြည်းချင်း ဖွင့်ပေးလျက်ရှိသည်။
ညနေစောင်းချိန်သို့ ရောက်သောအခါ ရှေးဦးခရမ်းရောင် ချီဓာတ်များသည် ရေငွေ့များ၏ အကူအညီဖြင့် ပွက်ပွက်ဆူလာပြီး ရဲရှောင်၏ သွေးကြောများအတွင်း ပေါက်ကွဲထွက်သွားလေသည်။
“ဘုန်း . . .”
ရဲရှောင် နိုးလာချေပြီ။
နိုးလာလာခြင်းကောင်းကင်ထက်မှ ကျယ်လောင်သော အသံများအား ကြားလိုက်ရသဖြင့် ရဲရှောင်တစ်ယောက်လန့်သွားမိသည်။
“ဘာဖြစ်တာလဲဟ . . . ဘယ်လိုဖြစ်လို့ မိုးက သည်းသည်းမည်းမည်း ရွာနေတာလဲ။ မိုးကြိုးပစ်သံတွေကရော ဘာလို့ ဒီလောက်ထိ ကျယ်လောင် နေရတာလဲ . . .”
ထို့နောက် ရဲရှောင်သည်ယခင်နေ့ညမှ ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များအား ပြန်လည်မှတ်မိသွားသည်။
“အနက်ရောင်ဝတ် လူတစ်ယောက် ငါ့အခန်းထဲ ရောက်လာခဲ့တယ်။ သူက ငါ့ကို ဝေခွဲမရတဲ့ အကြည့်မျိုးနဲ့ ကြည့်နေခဲ့တာပဲ။ အဲဒီနောက်ပိုင်းတော့ ငါလည်း ဘာမှ မမှတ်မိတော့ဘူး . . .”
ရဲရှောင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ မည်သို့မည်ပုံ သတိလစ်ခဲ့သည်ကို စဉ်းစားမရအောင်ပင်ဖြစ်နေခဲ့သည်။
ထိုအချိန်တွင်အေးစက်နေသော သူ၏ ရင်ဘတ်အား သတိပြုမိသွားသည်။ ရဲရှောင်တစ်ယောက်အလန့်တကြားဖြင့်ငုံ့ကြည့်လိုက်သောအခါ အင်္ကျီကြယ်သီးများသည်တစ်လုံးမကျန်ပြုတ်နေကိုတွေ့လိုက်ရသည်။
“ဒါ . . . ဒါ . . .”
ရဲရှောင်သည်သူ၏ ရင်ဘတ်အား ငုံ့ကြည့်ရင်း အလန့်တကြားပင်ဖြစ်သွားလေသည်။
“ဘယ်လို ဖြစ်တာလဲဟ . . . ဒီလူက ငါ့ကို မေ့အောင်လုပ်ပြီး ငါ့အပေါ်ပိုင်းကို လာချွတ်တာလား . . .”
ရဲရှောင် အိပ်ရာထက်မှ ကမန်းကတမ်း ထလိုက်သည်။ သူ၏ မျက်နှာတစ်ခုလုံးသည်လည်း ဖြူရော်နေပြီး –
“ငါ . . . ငါ မုဒိန်းအကျင့်ခံလိုက်ရတာတော့ မဟုတ်လောက်ပါဘူးနော် . . .”
ထို့နောက် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအား တစ်ခုမကျန်စစ်ဆေးလိုက်သည်။ ထူးခြားမှုတော့ မရှိပေ။ ထို့ပြင်သူ၏ စွမ်းအင်များအား လည်ပတ်စေလိုက်ပြီး ကိုယ်တွင်းရှိ သန့်စင်သော ယန်စွမ်းအင်များအား စစ်ဆေးကြည့်လိုက်ေသာအခါတွင်လည်း အကောင်းပတိအတိုင်းပင်ရှိနေလေသည်။
“ဘာတွေ ဖြစ်ခဲ့တာလဲ . . . သူက တော်တော်ကို အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက်ပဲ။ ငါ့ကို မေ့သွားအောင် ဘာလို့လုပ်တာလဲ။ ကြည့်ရသလောက်တော့ သူဘာမှ မလုပ်လိုက်ရဘဲ ပြန်ထွက်သွားတာ ထင်တယ် . . .”
ရဲရှောင် ခေါင်းကုတ်ရင်း အဖြေရှာနေမိသည်။
သူ၏ နှစ်ဘဝစာ အတွေ့အကြုံများအတွင်း ယခုကဲ့သို့ တစ်ခါမျှ မကြုံခဲ့ဖူးချေ။
ဖြစ်ပေါ်နေသည့်အခြေအနေများကြောင့်ရဲရှောင်တစ်ယောက်မျက်မှောင်ကြုတ်လိုက်ရင်း –
[ပိုင်ရှင်းယွဲ့များလား . . . မနေ့ညက ငါ့အခန်းထဲ ဝင်လာတဲ့လူကို သေချာမမှတ်မိလိုက်ဘူး။ သူ့ကို တွေ့လိုက်ရတဲ့ အချိန်က စက္ကန့်ဝက်လောက်ပဲ ရှိမယ်ထင်တယ်။ ဒါပေမယ့်သူ့ရဲ့ အငွေ့အသက်က ဝမ်ရမ်ချူးချူးတို့နဲ့ ဆင်နေတယ် . . .]
[ပိုင်ရှင်းယွဲ့ ဆိုရင်ရော သူက ဘာလို့ ထွက်သွားရတာလဲ။ ငါ့သရုပ်အမှန်ကို သိသွားလို့များလား။ ဒါဆို အခုလိုလုပ်ဖို့ ဘာလို့ ကြိုးစားခဲ့ရတာလဲ . . .]
ရဲရှောင် တွေးလေ ခေါင်းရှုပ်လေပင်ဖြစ်လျက်ရှိသည်။
ထိုအချိန်တွင်ကျယ်လောင်သော မိုးကြိုးပစ်သံကြီးတစ်ခုသည်ထွက်ပေါ်လာခဲ့သည်။
ရဲရှောင်သည်အဝတ်အစားများအား ကမန်းကတန်း ပြန်ဝတ်လိုက်ပြီး ပြတင်းပေါက်အနားသို့ တိုးကပ်၍ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်သည်။ ထို့နောက်မိုးကြိုးပစ်သံအားသေချာစွာ နားထောင်လိုက်ပြီး လျှပ်စီးများ လက်နေသည့်ပုံစံကိုလည်းအသေအချာ ကြည့်မိလိုက်သည်။ ခဏအကြာတွင်ရဲရှောင်၏ မျက်လုံးများထဲ၌ အံ့ဩသင့်နေသည့်အရိပ်အယောင်များ ဖုံးလွှမ်းသွားသည်။
အခြားလူများအဖို့ နတ်ဘုရားချင်း စစ်ခင်းနေကြသဖြင့် မိုးကြိုးများ ပစ်နေသည်ဟုသာ တွေးကောင်းတွေး ကြပေလိမ့်မည်။
သို့သော် ရဲရှောင်မှာမူ နတ်ဘုရားများ၏ လက်ချက် မဟုတ်သည်ကို သိနေလေသည်။
ရဲရှောင်သည်ကောင်းကင်ထက်သို့ မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်ရင်း –
[ထိပ်တန်းအဆင့် ပညာရှင်ကြီး နှစ်ယောက် ကောင်းကင်ထက်မှာ တိုက်ခိုက်နေကြတာပဲ ဖြစ်မယ်။ နှစ်ယောက်ထဲကတစ်ယောက် သေတဲ့အထိ တိုက်နေကြပုံပဲ . . .]
တိုက်ပွဲအခြေအနေအရ တစ်ယောက်မဟုတ်တစ်ယောက်သေသွားနိုင်သကဲ့သို့ နှစ်ယောက်စလုံးလည်း သေသွားနိုင်သည်ဟု ရဲရှောင်တွေးနေမိသည်။
ပို၍ အံ့သြစရာ ကောင်းသည့်အချက်မှာ ရဲရှောင်၏ နှစ်ဘဝလုံးတွင် ယခုကဲ့သို့ ပြင်းထန်သည့် တိုက်ပွဲမျိုးအား တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
ထို့ပြင်ယခုတိုက်ခိုက်နေကြသည့် လူနှစ်ဦးစလုံးသည် သူ၏ ယခင်ဘဝ ရှောင်ဧကရာဇ်ထက်ပင်ပို၍ အစွမ်းထက်ကြသည်မှာ သေချာလှပေသည်။
ကောင်းကင်ထက်တွင်တိုက်ခိုက်နေသော လူများသည်မည်သူမည်ဝါ ဖြစ်သည်ကို ရဲရှောင် တွေးနေမိပါတော့သည်။